book

Index 13

(အပိုင်း ၁၃)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

Author ✍️ ကြွယ်

ဖြုတ်လိုက်သည့် ထိုဆံထိုးအား သူကြည့်လိုက်ရင်း….
ဤဆံထိုးတစ်ခုသာ သူအသုံးပြု၍ ထုံးဖွဲ့သည်။
ထိုဆံထိုးတွင် သူ့အတွက် တစ်သက်မေ့မရစရာ ဖခင်နှင့်ပက်သက်သည့် အဖြစ်ပျက်ကြီး တစ်ခု ရှိနေခဲ့ခြင်းပင်…
ထို့ကြောင့် ထိုဆံထိုးအား စားပွဲပေါ်တွင် လှမ်းတင်လိုက်ပြီး…
ရှောင်လုဘက်သို့ လှည့်ကြည့်လိုက်သည်။..
“ အစာဝင်အောင် ဆန်ပြုတ်သောက်ရမယ်ဆို…ဘယ်မှာလဲ”

“အွန်း ဟုတ်တယ်…အဟွန်း လူကြီးမင်း ဆံနွယ်ရှည်တွေ ဖုံးနေတော့ ဆန်ပြုတ် ပန်းကန်တောင် မမြင်တော့ဘူး ထင်တယ် ဒီမှာ ဒီဆန်ပြုတ်ကိုသောက်ပြီး..
ရော့…ဒီက သောက်ရမယ့် ဆေးရည်”

စားပွဲပေါ်တင်ထားသည့် ဆန်ပြုတ်ပန်းကန်အား မုန်းဘုရင်ထံ ကမ်းပေးခါ သောက်ရမည့် ဆေးရည် ခွက်ကိုပါ တစ်ပါတည်း ကုတင်ပေါ်တွင် ချပေးလိုက်သည်။…
“ဆန်ပြုတ်က အရမ်းမပူတော့ပဲ နွေးနွေးလေးမို့ သောက်လို့ကောင်းပါတယ် လူကြီးမင်း များများလေးဝင်အောင် သောက်လိုက်နော်…”

ရှည်လျားသည့် ဆံနွယ်တို့အား အနောက်သို့ လှန်သိမ်းရင်း…
ဆန်ပြုတ် ပန်းကန်ရှိ ဇွန်းအား ကောက်ကိုင်ခါ ငုံ့သောက်လိုက်သည်။

“အယ်…လူကြီးမင်း ဆံထုံးကို ဖြည်လိုက်တာ အတော်မှားတာပဲ…
ကြည့် အခုတော့ ဆံပင်တွေ ခဏခဏ လျောကျလို့ လူကြီးမင်း ဆန်ပြုတ်သောက်ရတာ မလွတ်လပ်တော့ဘူး
လာ ရှောင်လု ဆံထုံး ပြန်ထုံးပေးမယ်…”

ဆံထိုးအား ယူခါ ဆံထုံးပြန်ထုံးပေးဖို့ ပြင်လိုက်သည့် သူမလက်အား ဖမ်းဆွဲလိုက်ပြီး ဟန့်တားလိုက်သည်။..’
“မလိုဘူး … မကြာခင် ကိုယ်ပြန် အိပ်မှာမလို့ မထုံးချင်ဘူး..”

“လွယ်ပါတယ် အဲ့ကျ ပြန် ဖြည်လိုက်ပေါ့…အခုတော့ ဆန်ပြုတ်သောက်ရတာ ခက်မှာစိုးလို့ ပြန်ထုံးပေးမယ်နော် လူကြီးမင်း..”

“ရတယ် မထုံးနဲ့ ဆန်ပြုတ်သောက်ရတာ အနေခက်လဲ ကိုယ် အဆင်ပြေတယ် ပြန်မထုံးပေးနဲ့…”

ထိုသို့ပြောခါ သူမကြိုပေးထားသည့် ဆန်ပြုတ်အား ငုံ့သောက်လိုက်ရင်း.. ခဏခဏ လျောကျနေသည့် ဆံနွယ်ရှည်တို့အား အနောက်သို့ သပ်သိမ်းနေသူ မုန်းဘုရင်အား ..
သူမ နားမလည်နိုင်သလို မျက်နှာထားဖြင့် စိတ်မချမ်းသာစွာ ကြည့်နေမိသည်။..
ဒီလောက် သောက်ရတာ အဆင်မပြေပဲ အလုပ်တွေ ရှုပ်နေတာကိုတောင် ခဏလေး ဖြစ်ဖြစ်တောင် ဆံထုံးပြန် မထုံးချင်ဘူးတဲ့
ရှင်ဟာလေ ဘယ်လို သွေးအေးတဲ့ လူမှန်းကို ကျွန်မ မသိတော့ဘူး
ရှင့်ကိုတော့ ကျွန်မတကယ် နားမလည်နိုင်တော့ဘူး တကယ် တကယ် နားမလည်နိုင်ဘူး

လျောကျနေသည့် ဆံနွယ်ရှည်တို့ကြောင့် ဆန်ပြုတ်သောက်ရတာ မဖြောင့်တမ်း ဖြစ်နေသည့် မုန်းဘုရင်အား ကြည့်ခါ စိတ်မချမ်းသာသည့် အဆုံး သူ၏ ဆံနွယ်ရှည်တို့အား အနောက်မှ သပ်သိမ်း ပေးထားရန် ဆုံးဖြတ်လိုက်သည်။…
“ကဲပါ … လူကြီးမင်း ဆံထုံး ပြန်မထုံးချင်ဘူးဆိုလည်း ကျွန်မအနောက်ကနေ လူကြီးမင်း ဆံပင်ကို လျောမကျအောင် သိမ်းကိုင်ထားပေးပါ့မယ်…”

ဖြောင့်စင်းနေသည့် ဆံနွယ်ရှည်တို့အား လျောမကျစေရန် အနောက်မှ သေချာလေး သပ်သိမ်းပေးခါ ကိုင်ထားပေးသည့် သူမအား ဆန်ပြုတ်လေး ငုံ့သောက်နေရင်းမှ ကျေးဇူးတင်စကား ဆိုလိုက်သည်။…
“အခုလို ကူညီပေးလို့ ကျေးဇူးပါပဲ …”

“လူကြီးမင်းကို ကျွန်မပြောပြီးပြီလေ ဒီလို ဘာမဟုတ်တဲ့ အသေးမွှား ကိစ္စလေးအတွက် ကျေးဇူးတင်စရာ မလိုပါဘူးလို့….”

ဆူဆူအောင့်အောင့် ချစ်စနိုးလေသံလေးဖြင့် ပြောလာသည့် ရှောင်လုစကားကြောင့် လေးကိုင်း သဏ္ဌာန် နှုတ်ခမ်းပါးက အလိုလို တစ်ဖက်စောင်း ကွေးခါ ပြုံးသွားသည်။…

“ဒါနဲ့….လူကြီးမင်း အိပ်ပျော်နေတုန်းကနဲ့ စောနက ဖခမည်းတော် ..ခမည်းတော်ဆိုပြီး ပြောတယ်နော်…
အဲ့ဒါက ..ဟင်…ဟို..ဟို..
မ..မဟုတ်မှ လွဲရော လူကြီးမင်းက ဒီတိုင်းပြည်ရဲ့ မင်းသားတစ်ပါးလား..”

သူ၏ ဘဝအမှန်အား အရိပ်ငွေ့မျှ သတိထားမိမလို ဖြစ်သွား သည့် ရှောင်လုကြောင့် ရင်ထဲပူထူခါ ဆန်ပြုတ်ပန်းကန်အား ဇွန်းဖြင့် သေချာ ခပ်သောက် မနေတော့ပဲ ပန်းကန်အား စောင်းခါ အမြန် မော့သောက်ချလိုက်သည်။…
ပြီးနောက် သူမ သောက်ရန် ချပေးထားသည့် ဆေးရည်အား ခါးသက်ခက်ခဲဆွဲ တစ်ချိုက်ထဲ မော့သောက်ချလိုက်ပြီး ပန်းကန်နှစ်ခုအား ထပ်ခါ စားပွဲပေါ်သို့ လှမ်းတင်လိုက်သည်။…
မျက်လုံးပြူးလေးဖြင့် ကြည့်နေသည့် သူမအား ခြေဆုံး ခေါင်းဆုံး သူ ပြန်လှည့်ကြည့်ခါ သေချာ စိုက်ကြည့်နေခြင်းကြောင့် မျက်နှာလေးများ ပူထူ ရှက်သွေးဖြာခါ ရဲတတ်လာသည်။…
“လူ..လူကြီးမင်း…ရှောင်လုကို ဘာလို့များ အဲ့လောက် စိုက်ကြည့်နေတာလဲ…
ရှောင်လု နေရခက်လိုက်တာ…”
လက်မောင်းလေးအား ဖိပွတ်ရင်း မေးမိသည်။…

မေးနေသည်အား ပြန်မဖြေပဲ စိုက်ကြည့်နေသည့် သူ့၏ ပြင်းရှစွာ ဆွဲဆောင်မှု ရှိလှသည့် အကြည့် စူးစူးတို့ကြောင့် သူမ ရင်တွေ ဝုန်းဒိုင်းကျဲ ခုန်ခါ ရင်တုန်မိသည်။…
လူကို ရဲတင်းစွာ ပေါက်ထွက်မတတ် စိုက်ကြည့်နေသည့် သူ၏ အကြည့်စူးစူး တို့အား မခံနိုင်သည့် အဆုံး
ကုတင်ပေါ်မှ ထဆင်းရန် သူမ ပြင်လိုက်သည်။…

“အို…အမေ့!”

ကုတင်ပေါ်မှ ထဆင်းမည့် သူမ လက်ကောက်ဝတ်အား အနောက်မှ တင်းကြပ်စွာ စောင့်ဆွဲခြင်း ခံလိုက်ရပြီး…လုံးထွေး အိစက်နေသည့် သူမခန္ဓာကိုယ်လေးမှာ သူ့အပေါ်သို့ အတားစီးမရှိ ပြိုကျသွားသည်။….

ပြိုကျလာသည့် သူမ ခန္ဓာကိုယ်အား ညှင်သာစွာ ထွေးပွေ့လိုက်ရင်း ဖြောင့်စင်းနေသည့် နှာတံတို့က ကျော့ရှင်းသည့် သူမ လည်တိုင် တစ်ဝိုက်အား ဇွတ် တိုးဝေ့ခါ နမ်းရှုံ့နေသည်။…
“ဟင့်အင်း.. လွှတ်ပါ လူကြီးမင်းရဲ့…ဒီလို မလုပ်ပါနဲ့ …ဟင့်..”

ထွေးဖက်ထားသည့် လက်တို့အား ဇွတ်ဖြည်ချခါ လူးလွန့်ရုန်းခါနေသည့် သူမကိုယ်လေး အား သိမ့်ကနဲ့ ထက်၍ ညစ်ဖက်လိုက်ခါ…
နားတွင်အုပ်နေသည့် နားသယ်စ ဆံနွယ်ရှည်တို့အား နှုတ်ခမ်းလေးဖြင့် နားအနောက်သို့ ဖိသပ်သိမ်းပို့ရင်း နမ်းလိုက်သည်။…
ထို့နောက် အသက်ရှူသံ ခပ်ပြင်းပြင်းဖြင့် သူမ နား အနီးတွင် ဖိကပ်ပြောလိုက်သည်က….
“ကိုယ် မင်းကို လွမ်းတယ် ရှောင်လု …
အရမ်းချိုပြီး နှင်းဆီလို နီထွေးတဲ့ မင်း နှုတ်ခမ်းလေးရယ် ၊ မွှေးပျံ့တဲ့ မင်း ကိုယ်သင်းရနံ့လေးရယ် ၊ မင်း အငွေ့သက်လေးတွေ ရယ် ၊…အဟွန်း…ကိုယ် ပြောရင် ကုန်မှာတောင် မဟုတ်ဘူး နောက်ဆုံး သေချာတာ တစ်ခုက ကိုယ်မင်းကို အရမ်း သဘောကျနေမိတယ် ..
လိုရင်းကို ပြောရရင်..မင်းကို ထိတွေ့ ခဲ့ရတဲ့ အထိအတွေ့တွေကို ကိုယ် ဆာလောင်တယ်
လွမ်းစွတ်တယ် …”

“ဟင့်အင်း…လူကြီးမင်း ကျွန်မ အဲ့ဒါတွေ မသိဘူး …လွှတ်ပေးပါ …
အဟင့်…ကျွန်မကို ဒီလိုနည်းနဲ့ အနိုင်မကျင့်ပါနဲ့ လူကြီးမင်းရဲ့ လွှတ်ပါ…”

တလှုပ်လှုပ်ဖြင့် လွှတ်ပေးဖို့ သာ ပူဆာနေသည့် သူမ နှုတ်ခမ်းလေး…
ကြည့်နေရင်းမှ သူအသဲတယားယား ဖြစ်လာသည်…

“အွန့်..”

နီထွေးစိုဖက်ခါ ဖူးကြွလုံးထွေးနေသည့် သူမနှုတ်ခမ်းသား ဖောင်းဖောင်းလေးအား ညိုပြေပြေ မထူးမပါး သူ၏နှုတ်ခမ်းဖြင့် ဖိကပ်ခါ ဆွဲယူ နမ်းရှိုက်ခြင်း ခံလိုက်ရ၏။…

ထုံးစံအတိုင်း အသာတကြည် အနမ်းမခံပဲ ရုန်းခါလူးလွန့်နေသည့် သူမ ခန္ဓာကိုယ်လေးအား ဆွေ့ကနဲ့ ပွေ့ချီခါ ကုတင်ပေါ် လှဲချလိုက်ရင်း…
နှုတ်ခမ်းသား ဖောင်းဖောင်းလေးအား မွှတ်သိပ်သည့် အနမ်းရိုင်းတို့ ဖြင့် အဆက်မပျက် အနမ်းခြွေနေ၏။…

တဖြေးဖြေး ရုန်းခါတုံ့ပြန်မှု မရှိတော့ဘဲ ငြိမ်ကျသွားသည့် ရှောင်လုနှုတ်ခမ်းလေးအား မုန်းဘုရင် ဆက်မနမ်းတော့ပဲ လွှတ်ပေးလိုက်သည်။..

သူမ၏ နံဘေးတွင် ဝင်လှဲချလိုက်ပြီး….
ခေါင်းလေးအောက် လက်တိုးလျှိုခါ ခု အိပ်လိုက်ရင်း နှုတ်ခမ်းလေးကွေး၍ ပြုံးလိုက်သည်…

နံဘေးတွင် ရင်ဘက်ကလေး နိမ့်လိုက်မြင့်လိုက်ဖြင့် မျက်ရည်များ စီးကျခါ အသက်ရှူမဝ ဖြစ်နေသည့် ရှောင်လုအား လှည့်ကြည့်လိုက်သည်။…
“အဟင်း…မင်းအခုထိ ကိုယ့်ကို မရင်းနှီးသေးဘူးလား…
မင်းပြောတော့ ကိုယ့်ရဲ့ အပိုင်အဖြစ် နေမယ်ဆို …
အခုကြ ကိုယ်ဘာမှ မလုပ်ရသေးပဲ နမ်းယုံလေးတောင် မင်းက ငိုနေတယ်
မငိုပါနဲ့ … ကိုယ်သဘောကျရတဲ့ မင်း ငိုတာကို ကိုယ်မကြည့်ရပ်ဘူး…မငိုနဲ့တော့ ကိုယ်မင်းကို ဘာမှ မလုပ်တော့ဘူး…”
ရှိုက်သံမထွက်အောင် နှုတ်ခမ်းလေး ဖိကိုက်ထားသည့် ရှောင်လု
မျက်ဝန်းဘေးတွင် စီးကျနေသည့် မျက်ရည်တို့အား လက်မလေးဖြင့် ဖိသုတ်ဖယ်ရှားပေးခါ မုန်းဘုရင် ပြောလိုက်ခြင်းပင်..

အသက်ရှုသံ ပြင်းပြင်းဖြင့် အနားသို့ တိုးကပ်လာခါ သူမလက်ကလေးအား ထိကိုင်လိုက်ပြီး….
“ဒါပေမယ့် ကိုယ့်ကို ဘာမှ လုပ်ပိုင်ခွင့်မပြုရင်တောင် ဖက်အိပ်ခွင့်တော့ ပြုတယ်မလား…
အိမ်လေးက ကျယ်ပေမယ့် အိပ်စရာနေရာကတော့ ဒီနေရာပဲရှိတယ်မလား
ဒီညမင်း ကိုယ့်ဘေးမှာ အတူအိပ်ပေးနော်…ကိုယ်မင်းကို ဘာမှမလုပ်ပါဘူး စိတ်ချ..”

ပြောပြောဆိုဆိုဖြင့် အောက်နားလျော ကျနေသည့် သူမခန္ဓာကိုယ်လေးအား ခါးမှ သိမ်းပွေ့ခါ အပေါ်သို့ ပင့်တင်လိုက်ပြီး…
သူမလေးအား ကျောပေးလျက်နေစေခါ အနောက်မှ သိုင်းဖက်လိုက်သည်။..

လူကို အရိုင်းနယ်မြေထဲ ခေါ်မသွားရင် ပြီးရော ဆိုသည့် စိတ်ဖြင့် သူမလည်း သူ့စကားအတိုင်း နေရန် ဆုံးဖြတ်လိုက်သည်။….
ပါးပြင်နုလေးအား ခွင့်မတောင်း ပဲ ငုံ့နမ်းလိုက်သည်။
ရုတ်တရက် အနမ်းခံလိုက်ရခြင်း ကြောင့် သူမ တွန့်ကနဲ လန့်သွားသည်။…
ထို့နောက် ပြေကျခါ ရှူပ်ထွေးနေသည့် သူမ ဆံနွယ်ရှည်တို့အား ညှင်သာစွာ တစ်ဖက်သို့ သိမ်းပို့ရင်း
ပေါ်လာသည့် ဂုတ်သားဖွေးနုနုလေးအား နှုတ်ခမ်းလေးဖြင့် တယုတယ ဖိနမ်းလိုက်ပြန်သည်။…
ပြီးနောက် သူမခါးလေးအား အနောက်မှ တင်းနေအောင် သိုင်းဖက်ခါ လည်တိုင်လေးပေါ် မေးဖျားလေးတင်၍ မျက်လုံးလေးမှိတ်လိုက်ပြီး…
“မင်း ကိုယ့်ကို ပြောခဲ့တဲ့အတိုင်း ကိုယ့်အပိုင်အဖြစ် ရှင်သန်နိုင်အောင်…
ကြိုးစားပါ …
မင်းဟာ ကိုယ့် အပိုင်ဖြစ်တာမို့ အချိန်မရွေး ကိုယ့်စိတ်ကြိုက် ရယူသိမ်းပိုက် ပိုင်ခွင့်ရှိတယ် …
ဒါကြောင့် မင်းပြောခဲ့တဲ့ စကားအတိုင်း တည်အောင် ကြိုးစားပါ …”

တိုးတိုးဖွဖွလေးပြောခါ လည်ပင်းနား ထောက်ထားသည့် မေးဖျားလေးမှာ အားလျော့ကျ သွားသည်။..
သူမလှည့်ကြည့်တော့ သူ မျက်လုံးလေးမှိတ်ခါ အိမ်မောကျသွား ပုံရသည်။…
သူမလည်း သူ့စကားကြောင့် အတွေးလွန်နေရင်းမှ ….
တဖြေးဖြေး မျက်လုံးများ ညောင်းခါ မျက်တောင်လေး ပုတ်ခက်ပုတ်ခက်ဖြင့် မျက်ခွံများလေးခါ မှိတ်ကျ အိပ်ပျော်သွားတော့ သည်။…

~~~~~~~~~

တရွှန် ရွှန် ဓားသံ၊လှံသံ နှင့် လူအော်သံတို့က တစ်ချက်တစ်ချက် နားထဲတွင် တိုးလိုက် ကျယ်လိုက်ဖြင့် ဆူးနစ်ဝင်ခါ….
ကျယ်လောင်လာသည့် ဆူညံသံတို့ ကြောင့် မှိတ်ထားသည့် မျက်ခွံများ လှုပ်လှုပ်ရှားရှားဖြစ်လာခါ နိုးထလာခဲ့သည်။..
ဖုန်တထောင်းထောင်း ထခါ အကြိတ်အနယ် တိုက်ခိုက်နေကြသည့် စစ်တလင်းပြင် အလယ်ဗဟို တည့်တည့် သို့ သူရောက်ရှိ နေခြင်းပင်…
“ဒါ..ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ
ငါက ဘယ်လိုလုပ်ပြီး
ဒီစစ်မြေပြင်ထဲ ရောက်နေရတာလဲ.. “

“စစ်ပွဲ ပြီးဆုံးပြီ အားလုံး ရပ်လိုက်ကြ..!!!”

နောက်ကျောဘက်မှ ကျယ်လောင် စူးရှသည့် အမိန့်ပေးသံကြောင့် …
ဓား/လှံအစုံဖြင့် တိုက်ခိုက်နေမှုများ ရပ်စဲသွားခါ စစ်သည်အားလုံး၏ အကြည့်တို့က အသံပိုင်ရှင် အမိန့်ပေးသူစီသို့…..

အသံကြားရာသို့ သူလည်း လှည့်ကြည့်လိုက်ရာ…
သူ၏ ခမည်းတော် …
ဖခင်မင်းကြီး၏ လက်နှစ်ဖက်အား စစ်သည်တစ်ဦးမှ နောက်ပြန်ဆွဲချုပ်ထားခါ လည်ပင်းတွင် ဓားသွားထောက်ခါ အမိန့်ပေးလိုက်သည့် လူတစ်ဦး…
ထိုသူမှာ ဟွာထန်တိုင်းပြည်၏ ဘုရင်ပင်…
“ဟင်!..ဖခမည်းတော်ဖုရား…
ဘာတွေလဲ..ဒါ..ဒါဆို..ငါ ..ငါက ဖခမည်းတော် နဲ့ ဟွာထန်တိုင်းပြည်တို့ တိုက်ခဲ့တဲ့ စစ်မြေပြင်ထဲ ရောက်နေတာပေါ့…
မဖြစ်နိုင်ဘူး ဒီစစ်ပွဲ ပြီးသွားခဲ့တာ ၄နှစ်ရှိပြီ ဟုတ်တယ် ဒါအိပ်မက်ပဲ …အိပ်မက်ပဲ..”

“နားထောင်ကြ…!
ဟွမ်ကုံတိုင်းပြည်ရဲ့ ရှင်ဘုရင်ဟာ ငါကိုယ်တော် လက်ထဲမှာ ရှိနေပြီဖြစ်တယ်…
ဒါကြောင့် …ဤစစ်မြေပြင်မှာ ရှိတဲ့ ဟွမ်ကုံ တိုင်းပြည်အတွက် အမှုထမ်းဆောင်နေတဲ့ စစ်သူကြီးနဲ့စစ်သည်တော်မှန်သမျှ လက်နက်ချခါ ငါကိုယ်တော်မြတ်အား အညံ့ခံစေ….”

ဟွမ်ကုံတိုင်းပြည်တွင် စစ်မှုထမ်းဆောင်နေသည့် စစ်သူကြီးနှင့် စစ်သည်တော်တို့မှာ မိမိတို့ ၏ မြင့်မြတ်လှစွာသော ရှင်ဘုရင်မှာ ရန်သူဘုရင်၏ လက်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် အားလျော့ လက်နက်ချခါ မြေပြင်တွင် ဒူးထောက် အညံ့ခံရန် ပြင်လိုက်ကြသည်။..’
ထိုစဉ်…
💢အညံ့မခံနဲ့ … ဆက်တိုက်ကြ…”

ကျယ်လောင် စူးဟိန်းစွာ ထွက်ပေါ်လာသည့် မိမိတို့၏ အရှင်သခင်ဘုရင်မင်းမြတ်၏ အမိန့်သံကြောင့် လက်နက်ချ အညံ့ခံမည့်အရေးအား တုံ့ဆိုင်းသွားခဲ့သည်။…

“အားလုံးဆက်တိုက်ကြ လုံးဝ အညံ့မခံကြနဲ့….
ငါကိုယ်တော်ရဲ့ အသက်သေချင် သေသွားပါစေ…
ငါတို့ အမိတိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်လာတဲ့ ဒီဟွာထန်ကကောင်တွေကို တစ်ယောက်မကျန် အကုန်အမြစ်ဖျတ် ချေမှုန်းပစ်ကြ…
ဟွမ်ကုံတိုင်းပြည်ရဲ့ အနာဂတ်နဲ့
တိုင်းသူပြည်သားတွေရဲ့ အသက်ရှင်သန်မှုအတွက် မင်းတို့အားလုံး အညံ့မခံပဲ ဆက်ပြီး အနိုင်တိုက်ကြကုန်လော…”

လည်ပင်းအား ဓားဖြင့် ထောက်ခါ လက်နက်ချ အညံ့ခံခိုင်းသည့် ဟွာထန်မင်း၏ အမိန့်တော်အား ဆန့်ကျင့်၍ ဟွမ်ကုံမင်းမှ မိမိဘက်တော်သား စစ်သည်တို့အား အမိန့်ထက်ပေးလိုက်သည်။…

အညံ့မခံပဲ ဆက်တိုက်ရန် အမိန့်ပေးလိုက်သည့် ဟွမ်ကုံမင်းကြောင့် …
သွေးသံရဲရဲ ချွေးရွှဲရွှဲများကြားမှ စစ်သူကြီးနှင့် စစ်သည်တော်အားလုံးမှာ မျက်ရည်များ ဝဲတတ်ခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိကြရင်း…
ဟွမ်ကုံတိုင်းပြည်၏ စစ်သူကြီးမှ ဘုရင့်အမိန့်တော်အတိုင်း နာခံခါ ဆက်လက်တိုက်ခိုက်ရန် ဆော်အောလိုက်တော့သည်။..


အားလုံး အညံ့မခံကြနဲ့ …
တိုင်းပြည်အတွက် အသက်ပေးပြီး..
ငါတို့အားလုံး ဆက်လက် တိုက်ပွဲဝင်ကြမယ်…
နိုင်အောင် တိုက်ကြမယ်…
ရားးးး…..💢

” ” “ရားးး……💢💢” “ ”

ဟွမ်ကုံစစ်သည်တော်တို့မှာ အညံ့မခံပဲ အလုံးရင်းဖြင့် ပြန်လည် ဝင်ရောက် ခုခံတိုက်ခိုက်နေခြင်းကြောင့်..
ဟွာထန်မင်းမှာ မိမိ ထင်ထားသည့် အတိုင်း ဖြစ်မလာ၍ အမျက်ထွက်ခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်သည်။…
မိမိရှေ့တည့်တည့်တွင် ရှိနေသည့် ဟွမ်ကုံမင်း၏ လည်ပင်းအား ထက်မြတ်လှသည့် ဓားသွားဖြင့် သေချာ ထက်ချိန်ခါ ခနဲ့တဲ့တဲ့ ရယ်မောချ လိုက်သည်။…
"ဟား…ဟား..ဟား…ဟွမ်ကုံမင်းကြီး ခင်ဗျား အတော် ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပါ့လား..
ဒီလောက် သိသိသာသာ...စစ်ပွဲကြီး ရှုံးနေတာတောင် ကိုယ့်လက်အောက် ငယ်သားတွေရဲ့ အသက်ကိုမှ ညှာတာ ထောက်ထားမှု မရှိပဲ …
အညံ့မခံပဲ ဆက်တိုက်တယ်ပေါ့ လေ…
ကြီးမား များပြားလှတဲ့ ကျုပ်စစ်တပ်ကြီးကို ခင်ဗျား နိုင်မယ်ထင်နေတာလား…
အဟွန်း..ဟား ဟား ဟား..
ခင်ဗျားက သိပ်ကို ရယ်ရတယ်…
ဒါဆိုလဲ ကောင်းပြီ..ကျုပ် ခင်ဗျားကို ၂ခုထဲက ၁ခုရွေးချယ်ခိုင်းမယ်…
ခင်ဗျား..အညံ့ခံမလား၊ခင်ဗျားရဲ့ ဟွမ်ကုံတိုင်းပြည်ကို ကာကွယ်ရင်းပဲ အသက်ပေးမလား…
ခင်ဗျား ၁ခု ရွေး…"

"ငါ့အသက်သေချင်သေပါစေ မင်းလက်ထဲ မှာ လုံးဝ အညံ့မခံနိုင်ဘူး...."

"အဟွန်း…ဒါဆို ဟွမ်ကုံမင်း ခင်ဗျားရဲ့ ရွေးချယ်မှုက သေလမ်းကိုပေါ့..
ကောင်းပြီလေ…ဒါဆိုလည်း ခင်ဗျားရဲ့ ရွေးချယ်မှု ဆန္ဒအတိုင်း ကျုပ်က ပို့ဆောင်ပေးရမှာပေါ့ ….”

“ဟင်!..ခမည်းတော်… ဖခမည်းတော် ဖုရား…မဖြစ်ဘူး ..မလုပ်နဲ့….မလုပ်နဲ့…..”

ဖခင်မင်းကြီး၏ ဦးခေါင်းအား ဓားဖြင့် ခုတ်ဖျတ်ရန် ရွယ်လိုက်ခြင်းကြောင့်…
အသက်ကုန် သူအော်ဟစ်တားစီးရင်း..
ပြေးသွားပေမယ့် ခြေလှမ်းတို့က ထိုနေရာသို့ တော်တော်ဖြင့် မရောက်နိုင်ချေ။…

“ရွှန်….ဒုတ်…ဒုတ် ဒုတ်…”

ဦးခေါင်းမရှိသည့် ခန္ဓာကိုယ်မှ သွေးအလိပ်လိပ်ပန်းထွက်ခါ သူ၏ ခြေရင်းစီသို့ လိမ့်လာသည်က ဖခင်မင်းကြီး၏ ဦးခေါင်းပင်….

“အားးး…မဟုတ်ဘူး ..မဟုတ်ဘူး…
ဒီလိုမဖြစ်ရဘူး…ဖခမည်းတော်ဖုရား
ဖခမည်းတော် ဒီလို မဖြစ်ရဘူး…”
တုန်ရင်သော အသံဖြင့် နုတ်မှ တဖွဖွရေရွတ်ရင်း …
သွေးပျက်စရာ ဖခင်မင်းကြီး၏ မြင်ကွင်းအား ရင်နာနာဖြင့် မျက်ရည်များ စီးကျခါ ကြည့်နေရသည်။..

သွေးပျက်ဖွယ်ရာ မြင်ကွင်းတို့အား သူ လုံးဝ မကြောက်ပေ…
သို့သော် ဖခင်ဖြစ်သူအား ဤကဲ့သို့ ရက်စက်စွာ သွေးပျက်ဖွယ် မြင်ကွင်းဖြင့် မြင်တွေ့ရခြင်းကြောင့်
သွေးပျက်မတတ် ကြောက်ရွံ့ခါ သူရူးချင်မိသည်။
ဘယ်ဘက်ရင်အုံ တစ်ခုလုံး ဓားဖြင့် အခါခါအမွှန်းခံရသည့်နယ် နာကြင်နေပြီး တစ်ကိုယ်လုံး အေးစက်ခါ သွေးမရှိသလို ဖြူဆုတ်သွားရသည်။…
ကြောက်စိတ်တို့ထက် ဖခင်မင်းကြီးအား ယခုလို ရက်ရက်စက်စက် သတ် ခဲ့သည့် ထိုဘုရင်၏ ဦးခေါင်းကိုသာ အစား ပြန်လိုချင်စိတ်က ပိုများသည်။…

ရဲရဲတောက် သွေးအိုင်ထဲရှိ ဖခင်၏ ဦးခေါင်းပျက်အား ကြည့်နေရင်း…
ပြူးကျယ်နေသည့် သူ၏ မျက်လုံးထဲမှ သွေးမျက်ရည်များ ကျဆင်းလာသည်။…

တစ်စက်စက်ဖြင့် စီးကျလာသည့် သွေးတို့ကြောင့် သူ့ကိုယ်သူမယုံ ကြည်နိုင်စွာ ထိန့်လန့်တုန်လှုပ် နေရင်း…
ခြေရင်း သွေးအိုင်ထဲရှိ ဖခင်၏ မျက်လုံးမှာ ရုတ်တရက် ဖျက်ကနဲ ပွင့်ကျလာသည်။..
ဖခင်မင်းကြီး၏ မျက်လုံးတို့မှာ ရဲရဲစို သွေးရောင်လွှမ်းနေပြီး…
ဖြူဖက်ခြောက်ကပ်နေသည့် နှုတ်ဖျားမှ ခြောက်ကပ်ကပ် အသံနက်ကြီးဖြင့်…
“သားတော်ဖိန့် ခမည်းတော်အတွက် သွေးကြွေးပြန် ယူပေးရမယ်….”

🌸🌸🌸🌸 အပိုင်း(၁၄) ဆက်ရန်>>>
#စာဖက်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: