ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
***************************
အော်ဟစ်ပြောဆိုသံတွေကြား လင်းရိပ် နောက်ဘက်ကို စောင်းငဲ့ကြည့်လိုက်ရာ ကားလမ်းမပေါကို ပြေးဆင်းသွားတဲ့ နှင်းသီရိကိုတွေ့လိုက်ရတယ်။လင်းရိပ် နှင်းသီရိကို တစ်ချက်မျှ စူးစိုက်ကြည်လိုက်ပြီး ခြေလှမ်းများကို ဆေးရုံဝင်းဘက်ကိုသာ ဦးတည်ပြီးလျှောက်လှမ်းခဲ့လိုက်တယ်။ လင်းရိပ်ဆီမှာ နောင်တမရှိ။နောက်ဆံတင်းခြင်း အလျဉ်မရှိပါ။တကယ်တော့ စာနာတတ်ခြင်းနဲ့ နုံအခြင်းက အဓိပ္ပါယ် လုံးဝ ကွဲပြားခြားနားတဲ့အပြုအမူတွေပဲ မဟုတ်လား။တစ်ခါတစ်ရံမှာ လျစ်လျူရှုသင့်တာတွေကို လျစ်လျူရှူခြင်းဖြင့် ကိုယ့်ဘေးနားက မိတ်ဆွေ အစစ်အမှန်တွေကို မဆုံးရှုံးရတော့ဘူးဆိုတာကို လင်းရိပ်နားလည်ခဲ့ပြီလေ။ ဒီထက်ပိုပြီး ကိုယ့်ရဲ့ စာနာတတ်တဲ့စိတ်ကို အခြားသူးတစ်ယောက်က နင်းချေ အသုံးချနေတာတွေကို လင်းရိပ် လက်မခံနိုင်တော့ပါဘူး။
" ကျွီ ......"
"တောက်...သေချင်နေရင်လဲ အခြားနေရာမှာ လွတ်လွတ်လပ်လပ်သွားသေ ....ငါတို့ ကားသမားတွေကိုတော့ ထောင်ထဲ မထည့်နဲ့ ...... မ .."
အချိန်မိကားဘရိတ်အုပ်လိုက်နိုင်တာကြောင့် ကားဘီးနဲ့ ကတ္တရာလမ်း ပွတ်တိုက်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ကားဆရာရဲ့ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံက ထွက်ပေါ်လာတယ်။
နှင်းသီရိလည်း လန့်ဖျပ်ပြီး ပလက်ဖောင်းပေါ်ကို ထိုင်ရက်လဲကျသွားခဲ့တယ်။နှင်းသီရိရဲ့နားထဲမှာ ကားဆရာရဲ့ အော်ဟစ်ဆဲဆိုသံကိုလဲ မကြားမိပါ။ကျောခိုင်းသွားမြဲသွားနေတဲ့ လင်းရိပ်ရဲ့ နောက်ကျောပြင်ကိုသာ ငေးကြည့်နေမိတယ်။
"ဟို တစ်ယောက် အယ်သွားတာလဲ .... ဟိုမှာသွားကူလေ... အကြင်နာတရားကင်းလှချည်လား "
"ဟုတ်ပ ဘယ်လိုယောကျာ်းမျိုးလဲ "
"ရုပ်နဲ စိတ်ဓါတ်ကတခြားစီးပဲ "
ပတ်ဝန်းကျင်ရဲ့ဖြစ်တင်ပြောဆိုသံတွေကို ကျောခိုင်းပြီးလင်းရိပ် လျှောက်မြဲတိုင်း ဆက်လျှောက်ခဲ့တယ်။ပတ်ဝန်းကျင်ဆိုတာ အပေါ်ယံအမြင်နဲ့ပဲ ဝေဖန်သုံးသပ်တတ်ကြတာမို့ လူဆိုတာ တစ်ခါတလေမှာ ပတ်ဝန်းကျင်ကို မေ့ထားပြီး ကိုယ့်လမ်းကိုယ် ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားလျှောက်လှမ်းသွားရမှာပဲ မဟုတ်လား။
*************************
အဝတ်အစားတွေကို သိမ်းပြီတဲ့အခါမှာတော့ အခန်းလေးက ရှင်းလင်းခြောက်ကပ်သွားတယ်။ လင်းရိပ် အိတ်ကို ကောက်ဆွဲလိုက်ပြီး တိုက်ခန်းလေးအနှံ့ကို လှည့်ပတ်ကြည့်ရှူလိုက်မိတယ်။တိတ်ဆိတ် ခြောက်ကပ်နေတဲ့ တိုက်ခန်းထဲမှာ သူမရဲ့ပုံရိပ်တွေ။ သူမရဲ့ စကားပြောသံတွကို နေရာအနှဲ့မှာ မြင်နေကြားနေရတယ်လို့ လင်းရိပ်ထင်နေမိတယ်။သူစာရင်းဇယားတွနဲ့အလုပ်များနေမိတဲ့အခါ ရုပ်ရှင်ကြည့်ပြီး တစ်ယောက်တည်း ရယ်လိုက်ငိုလိုက် ရှိနေတတ်တဲ့သူမရဲ့ပုံရိပ်လေးတွေကို မြင်ယောင်လာမိတယ်။ကိုယ်တိုင် မသိလိုက်ပါဘဲ ကျွံဝင်ခဲ့မိတဲ့ နှလုံးသားက သူမပြောသလို အနေနီးစပ်လို့ ဖြစ်ပေါ်လာခဲ့တဲ့ ချစ်ခြင်းမေတ္တာမဟုတ်ဘူးဆိုတာ ထင်ရှားသထက်ထင်ရှားလာခဲ့တယ်။ပြီးတော့ သေချာတာက အတူရှိနေခဲ့စဉ်က သတိမထားခဲ့မိပေမဲ့ သူမ မရှိတော့တဲ့ အခါမှ ဘ၀ကို သူမ မပါဘဲ တစ်ယောက်တည်းဖြတ်သန်းနိုင်ဖို့ သတ္တိအင်အားတွေ လင်းရိပ်မှာမရှိတော့ဘူးဆိုတာပါပဲ။
************************
"မမ ပြန်လာမှာ မဟုတ်လားဟင် ..."
မျက်နှာငယ်လေးနဲ့ မေးနေတဲ့ ကောင်မလေးကို အနီရင့်က အသာအယာပြုံးပြလိုက်ပြီး
"ပြန်လာမှာပေါ့ ပန်းလေးရဲ့ ..ကိစ္စရှိလို့ ခဏပြန်တာပါ ...သုံးလေးရက်နေရင် မမပြန်လာခဲ့မှာပါကွယ် "
အနီရင့်က ပန်းလေးကို ချော့မော့ပြန်လွှတ်လိုက်ပြီး အဝေးပြေးကားပေါ်ကိုတက်ခဲ့လိုက်တယ်။တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ပန်းလေးဆိုတဲ့ အသက်နှစ်ဆယ်အရွယ် ကလေးမနဲ့အနီရင့်တို့ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ အနီရင့် ရန်ကုန်က ထွက်လာခဲ့ပြီး ပန်းလေးတို့ ခြံထဲက အိမ်သေးလေးမှာ ငှားနေဖြစ်ခဲ့တယ်။အနီရင့် ဒီမြို့လေးကို ရောက်လာခဲ့တာကလည်း ပန်းလေးရဲ့ အကူအညီနဲ့ပဲ ရောက်လာခဲ့တာလို့ ပြောရမလား ။အနီရင့်နဲ့ပန်းလေး လူမှုကွန်ရက်ကနေ စတင်သိခဲ့ကြတာ။ ပန်းလေးက အနီရင့်ရဲ့အမာခံ စာဖတ်ပရိတ်သက်တစ်ယောက်ပဲ ဆိုပါတော့။အခုလည်း အနီရင့်ရဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ထားတဲ့ ရုပ်ရှင်ကား အထူးပြပွဲရှိလို့ အနီရင့်ရန်ကုန်ကို ခဏပြန်မှာကို ပန်းလေးက အနီရင့် မြန်မလာတော့မှာကြောက်ပြီး ကားမထွက်ခင်အထိ တတွတ်တွတ်မှာနေတာလေ။
**************************
ရန်ကုန်မြေကို ခြေချမိတာနဲ့ တစ်ပြိုင်နက် အနီရင့်ရဲ့ နှလုံးသားက တဖျပ်ဖျပ် လှုပ်ရှားခုန်လှုပ်လာပြန်တယ်။လူကသာ ရန်ကုန်မြို့လယ်ရဲ့ ဟော်တယ်မှာ တည်းနေရပေမဲ့ စိတ်ကတော့ သူနဲ့သူရှိရာ အရပ်ကို အခေါက်ခေါက်အခါခါ သွားရောက်နေမိတယ်။သူအဆင်ပြေလား ။ သူရော အနီရင့် ဆိုတဲ့ သူမကို သတိတရ ရှိသေးရဲ့လားလို့လည်းစိတ်က သိချင်စိတ်တွေ ပြင်းပြနေမိတယ်။ဖခင်ကြီးဆီက သိရသလောက်တော့ ဆိုင်က တင်ထားတာထက်ပိုပြီး အဆင်ပြေသတဲ့လေ။ပြီးတော့ သူ့မိခင်ရဲ့ ကျန်းမာရေးကလည်း လူကောင်းပကတိနီးပါးကို ကောင်းမွန်နေပြီးတဲ့ ။ဒါက ဖခင်ဆီက တစ်ဆင့် သိရတဲ့ သူ့အကြောင်း အကုန်ပါပဲ။ သူ့အချစ်ရေးကိုတော့ ဖခင်ကမသိတာမို့ အနီရင့်လည်းသိခွင့်မရခဲ့။သူ့မှာချစ်သူရည်စားတွေများရနေလေပြီလား ။ ဒါမှမဟုတ် သူ့ချစ်သူနှင်းသီရိနဲ့များ ပြန်တွဲနေလား ။ သူ့အကြောင်းတွေကို အနီရင့် သိလည်းသိချင် သိလည်းမသိ ဝံ့ပါ။
************************
ဆိုင်မှာလူပါးသွားတာနဲ့ လင်းရိပ် ဖေ့ဘုတ်ကို ဖွင့်ကြည့်လိုက်တယ်။ဟိုအရင်က လင်းရိပ် အနေနဲ့ လူမှုကွန်ရက်ကို သိပ် သုံးလေ့မရှိပေမဲ့ အနီရင့်ထွက်သွားပြီး နောက်ပိုင်းမှာ ပုံမှန် အချိန်မှန်သုံးဖြစ်လာတယ် ။ သုံးဖြစ်တယ်ဆိုတာကလည်း အနုပညာသတင်းတွေကိုလိုက်ကြည့်တာပါ။ အထူးသဖြင့် စာပေသတင်းတွေပေါ့။တစ်နှစ်အတွင်းမှာ အနီရင့်ရဲ့စာအုပ် သုံးအုပ်ထွက်လာခဲ့ပေမဲ့ လက်မှတ်ထိုးပွဲလည်းမလုပ်၊ စာအုပ်တိုက်ကိုလှမ်းမေးတော့လည်း လိပ်စာမပြောနဲ့ ဖုန်းနံပတ်လေးတောင် တောင်းလို့မရခဲ့ဘူး။ သူမရဲ့ အကောင့်ထဲကို သတိရတိုင်း ဝင်ကြည့်ပေမဲ့ မီးလုံးဝမစိမ်းတာကြာခဲ့ပြီလေ။လင်းရိပ် အနုပညာသတင်းတွေကိုလိုက်ဖတ်နေရင်း မျက်စိရှေ့မှာ ပေါ်လာတဲ့သတင်းကို ဖတ်ကြည်လိုက်ရင်း နာမည်တစ်ခုကို အတွေ့မှာ နှလုံးသားက ပေါက်ကွဲလုမတက် ခုန်လှုပ်လာတယ်။သတင်းက "ရုပ်ရှင် အထူးပြပွဲသတင်း "ဒီသတင်းမှာ ဒါရိုက်တာ၊မင်းသား ၊ မင်းသမီးနဲ့ သရုပ်ဆောင်တွေရဲ့နာမည်တွေကို ကျော်ပြီး လင်းရိပ် မြင်လိုက်ရတာက စာရေးဆရာရဲ့နာမည်ပဲ။နာမည်ကို သုံးလေးခေါက်ထက်မက ဖတ်မိပြီးတဲ့အခါ လင်းရိပ် ထိုင်နေရာက ဆတ်ခနဲ ထထိုင်လိုက်မိတယ်။ပြီးတော့ လက်သီးဆုပ်ပြီး လေပေါ်ကို လက်နှစ်ဖက်လုံး ဆန့်တန်းပြီး ဟေးခနဲ တစ်ချက် အော်လိုက်မိတယ်။ဝမ်းသားလွန်းလို့ ဘာလုပ်လို့လုပ်ရမှန်းပင်မသိတော့ ။ဆိုင်ထဲမှာ ဟိုဒီလျှောက်ရင်း ပျာယာခတ်နေမိတယ်။
" အစ်ကို ဘာဖြစ်လို့လဲ "
ဆိုင်ဝန်ထမ်းလေးတွေက လင်းရိပ် ဂနာမငြိမ်ဖြစ်နေတာကို ကြည့်ပြီး လှမ်းမေးကြတယ်။
ဆိုင်ဝန်ထမ်းလေးတွေကို ခေါင်း အသာယမ်းပြလိုက်ပေမဲ့ လင်းရိပ်မှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ မတည်မငြိမ်ဖြစ်နေတာကအမှန်ပါဝင်။ ပွဲက မနက်ဖြန်မှမို့ အချိန်တွေကို လင်းရိပ်စိတ်မရှည်ချင်။ လင်းရိပ် ဟိုလျှောက်ဒီလျှောက်လျှောက်နေရင်းက မှန်ရှေ့ကိုရောက်သွားပြီး မှန်ထဲက ကိုယ့်ပုံရိပ်ကို ပြန်ကြည့်မိတယ်။တစ်နှစ်အတွင်းမှာ အသားတွေပိုဖြူလာတာကလွဲလို့ လင်းရိပ်ပုံစံက ဘာမှ ပြောင်းလဲမသွားဘူး။ လင်းရိပ် မှန်ကို ကြည့်နေရင်းကနေ ဝန်ထမ်းကောင်လေးတွေနားကို ပြန်လျှောက်သွားပြီး မေးလိုက်တယ်။
"ညီတို့ ဆံပင်ညှပ်ဆိုင်ကောင်းတာလေးများ မသိကြဘူးလား "
လင်းရိပ် မေးလိုက်တော့ ၀န်ထမ်း ကောင်လေးတွေက အံ့သြသလို ကြည့်ကြတယ်။ဟုတ်တယ်လေ တစ်နှစ်အတွင်းမှာ ဆံပင်ညှပ်ဖို့တောင် သတိမရဘဲ အလုပ်မှ အလုပ်ပဲ ဖြစ်နေတဲ့ သူတို့ဆိုင်ရှင်က လည်ကုပ်ရောက်နေတဲ့ ဆံပင်တွေကိုတောင် ရိုးရိုး ခေါင်းစည်းသားရေကွင်းနဲ့ ပဲစုစည်းထားတတ်တာလေ။တစ်နှစ်ကျောမှာ ဆံပင်ညှပ်ဆိုင်ကို မေးတော့ အံ့ဩသွားကြတာပေါ့။
"ဆံပင်ညှပ်မလို့လား အစ်ကို.... အခုပုံစံနဲ့လဲ အရမ်းမိုက်နေတာကို "
"ဟုတ်တယ် အစ်ကိုရ ...ဒီဆံပင်ရှည်နဲ့လဲ အစ်ကိုက ကြည့်ကောင်းနေတာပဲ ...ညှပ်မယ်ဆိုလဲ အစ်ကို ပုံစံနဲဆို ဘာပဲဖြစ်ဖြစ်လိုက်မှာသေချာတယ် "
" အေးပါကွာ မင်းတို့ ပြောတာနဲ့ ခြေထောက်နဲ့ မြေကြီး တောင် မထိချင်တော့ဘူး ...ကဲပါကွာ မင်းတို့ကို ဒီညနေ တစ်ဝိုင်းပြုစုမယ် ဟုတ်ပြီးလား ...ဒါပေမဲ့ ပွဲကိုတော့ ကိုယ်မလိုက်ဘူးနော် "
ဆိုင်ဝန်ထမ်းလေးများက အူးမြူးနေပုံရတဲ့ လင်းရိပ်ကို ကြည့်ပြီး သူတို့ပါ လိုက်ပြီး ပျော်ရွှင်လာကြတဲ့အထိ လင်းရိပ်မှာ ဟန်မဆောင်နိုင်အောင်ပင် ဝမ်းသာပျော်ရွှင်နေမိတယ်။
**************************
မျှော်လင့်မထားခဲ့ပေမဲ့လည်း ဆိုင်ကနေ သူမရဲ့တိုက်ခန်းလေးကို လင်းရိပ် အပြေးရောက်လာခဲ့မိတယ်။ ဒါပေမဲ့လည်း တိုက်ခန်းလေးမှာ သော့ခတ်လျက်သားပင်။ လင်းရိပ် တိုက်ခန်းထဲဝင်ပြီး ဆိုဖာခုံမှာ ထိုင်ကာ သူမထိုင်နေကျ စားရေး စာပွဲခုံလေးကို အတန်ကြာ ငေးကြည်နေမိပြန်တယ်။ ဒီပုံအတိုင်းဆိုရင် လင်းရိပ်အတွက် မနက်ဖြန်ကိုသာ မျှော်ရ ပေလိမ့်မယ်။ ဒီညအဖို့မှာတော့ ဒီတိုက်ခန်းလေးထဲမှာ သူမကို စောင့်မျှော်ရင်း အချိန်ကုန်ဆုံးရန် လင်းရိပ် ဆုံးဖြတ်ထားပြီးသားပင်။
*************************
ရောင်စုံနှင်းဆီပန်းစည်းလေးကိုကိုင်ပြီး လင်းရိပ်ရဲ့ရင်ခုန်သံတွေ အဆမတန်မြန်ဆန်နေမိတယ်။ရုပ်ရှင် အထူးပြပွဲမို့ ဖိတ်ကြားထားပုံရတဲ့ အထူးဧည့်သည်တွေနဲ့ ရုပ်ရှင်ချစ်ပရိသက်တွေရောပါ လူတွေကတော်လေး စည်ကားနေတယ်။ မင်းသားနဲ့ မင်းသမီးကလည်း နာမည်ရကာစ မင်းသားမင်းသမီးတွေမို့ ငယ်ရွယ်တဲ့ ကောင်လေးတွေကောင်မလေးတွေ တော်တော်များများကိုလည်း တွေ့ရတယ်။ ဒီလူငယ်လေးတွေကြားမှာ လင်းရိပ်မှာ ထင်ထင်ရှားရှားကြီးကိုဖြစ်လို့နေတယ်။
"ဟိုဆံပင်စည်းထားတဲ့တစ်ယောက်က ချောလိုက်တာ... မင်းသားသစ်များလား "
"အေးနော် .. ပုံစံကမိုက်ချက်ပဲ ....ပန်းစည်းကြီးနဲ့ ဆိုတော့ မင်းသားသစ်မဟုတ်ရင်တော့ မင်းသမီးဆီလာတာပဲဖြစ်မယ် "
သူ့ကိုကြည့်ပြီး ကွက်ကြည့်ကွက်ကြည့်နဲ့ ပြောနေကြသူတွေကို လင်းရိပ် ဂရုမစိုက်နိုင်အားဘဲ ဝင်ပေါက် ဆီကိုသာ မျက်တောင်မခတ်ဘဲစိုက်ကြည့်နေမိတယ်။ပွဲချိန်နီးလာတာနဲ့ အမျှ ဧည့်ပရိတ်သတ်တွေကလည်း တဖွဲဖွဲ ရောက်လာနေကြတာမို့ လင်းရိပ်ရဲ့ရင်တစ်ခုလုံးမှာ မီးရထားကြီး တစ်စင်းတက်ပြီး ခုတ်မောင်းနေသလို ခံစားနေရတယ်။သူမ လာမှလာပါ့မလားဆိုတဲ့ အတွေးက ခေါင်းထဲကို မကြာခဏ ဝင်ရောက်လာပေမဲ့ စိတ်ထဲမှာ သူမကို ဒီနေ့ တွေ့ခွင့်ရလိမ့်မယ်လို့ လင်းရိပ် ယုံကြည်နေမိပြန်တယ်။
"မင်းသမီး ရောက်လာပြီ "
တစ်ယောက်ယောက်ရဲ့ ပြောလိုက်သံနဲ့အတူ လူတွေက ဝုန်းခနဲ ဝင်းပေါက်လျှောက်လှမ်းနားကို စုပြုံရောက်သွားတယ်။ ဒီအခါလင်းရိပ်မှာ လူကြားထဲညှပ်ပါသွားပြီး မင်းသမီးရှေ့ကို အလိုလို ရောက်သွားရတယ်။ ဒီအချိန်မှာ မင်းသမီးကိုကျော်ပြီး လင်းရိပ် မြင်လိုက်ရတာက မပြောင်းလဲတဲ့ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ အလှကြီးလှနေတဲ့သူမ ။သခွါးရောင်ရှပ်လက်ရှည်နဲ့ စတိုင်ပန်ဘောင်းဘီ အနက်ကိုတွဲဝတ်ထားပြီး ခါးလယ်ကျော်ကျော်လောက်ရှိနေပြီဖြစ်တဲ့ လှိုင်းတွန့် ဆံပင်ရှည်ကြီးတွေကို ဖြန့်ချထားတဲ့ပုံက အားလုံးထဲမှာ ထင်းပြီး သူမက အလှဆုံးမင်းသမီးလေးလို့ လင်းရိပ်ထင်လိုက်မိတယ်။
"ဒီမှာ ...ပန်းစည်းက တို့ကို ပေးဖို့ မဟုတ်လား ပေးလေ"
လင်းရိပ်မှာ အနီရင့်ကို သတိလက်လွတ် ငေးကြည့်နေမိရင်း ကိုယ့်ရှေ့မှာ ဘာတွေဖြစ်နေလဲဆိုတာတောင် မမြင်နိုင်တော့အဖြစ်ပါ။တကယ်တော့ လင်းရိပ်မှာ လူတွေ တိုးလိုက်တာကြောင့် မင်းသမီးနဲ့ အနီးကပ်ဆုံးမျက်နှာချင်းဆိုင် အနေအထားနဲ့ရပ်နေမိပြီး ပန်းစည်းကြီးလည်း ကိုင်ထားတာဆိုတော့ မင်းသမီးက သူ့ကို ပန်းစည်းပေးတယ်ထင်ပြီး လက်ကမ်းနေတာ ။လင်းရိပ်မှာ ဒါကို မသိမမြင်နိုင်ဘဲ အနီရင့်ဆီကိုပဲစိတ်က ရောက်နေလေတော့ ရှေ့တည့်တည့် ကမင်းသမီးရဲ့အသံကိုကြားမှ သတိပြန်ဝင်လာမိတယ်။
မင်းသမီးကလည်း သူ့ရှေ့တည့်တည့်မှာ ပန်းစည်းကြီးကိုင်ပြီး ရပ်ငေးနေတဲ့ ကိုလူချောလင်းရိပ်ကိုကြည့်ပြီး ပန်းစည်းကိုယူရန် လက်ကမ်းပေးလိုက်တယ်။
လင်းရိပ်မှာလည်း သတိ၀င်လာပြီး ပန်းစည်းလည်းမပေးချင် ။ မပေးရင်လည်း မင်းသမီး ရှက်သွားမှာကို တွေးပူပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေမိတယ်။
အနီရင့်မှာ ရုပ်ရှင်အဖွဲ့ထဲက ရင်းနှီးနေတဲ့ အရန်သရုပ်ဆောင်တစ်ယောက်နဲ့ အတူတူ လျှောက်လမ်းအတိုင်းဝင်လာခဲ့ရင်း လူအုပ်ကြားထဲမှာ ရောင်စုံနှင်းဆီပန်းစည်းကို ကိုင်ပြီး ရပ်နေတဲ့လင်းရိပ်ကို မြင်လိုက်ရချိန်မှာ ရင်ခုန်သံတွေ မြန်မြန်ဆန်ဆန်လှုပ်ရှားလာသလို ခြေဖျားလက်ဖျား တွေပါ အေးစက်လာတယ်။အနီရင့်တွေ့သလို လင်းရိပ်ကလဲ တွေ့ပုံရတယ်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ငေးကြည့် နေမိကြပြီး တစ်ယောက်ရဲ့အတွင်း စိတ်ကိုပါ တစ်ယောက်ကသိမြင်လိုက်သလို ခံစားလိုက်ကြရတယ်။ ဒီလို တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေမိကြတုန်းမှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ မင်းသမီးနဲ့လင်းရိပ်ရဲ့အခြေအနေကို အနီရင့် လှမ်းမြင်လိုက်ရတယ်။ လင်းရိပ်က သူ့လက်ထဲက နှင်းဆီပန်းစည်းကို ကိုင်ပြီး အနီရင့်ကို လှမ်းကြည့်လိုက် မင်းသမီးကို အားနာပြောမထွက်ဟန်နဲ့ ကြည့်လိုက်ဖြစ်နေတာကို အနီရင့်တွေ့လိုက်ရတော့ အခြေအနေကို သဘောပေါက်သလို ရှိသွားတယ်။ပြီးတော့ အနီရင့် စိတ်ထဲမှာ အူကို မိသ လိုဖြစ်သွားပြီး ရုတ်တရက် လင်းရိပ်ကို လှမ်းကြည့်လိုက်ပြီး အံလေးကြိတ်ပြီး လက်သီးကိုဆုပ်ပြလိုက်မိတယ် ။လူအများကြားထဲမှာမို့ အနီရင့်ရဲ့ အပြုအမူကို လင်းရိပ်ကလွဲပြီး ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။
လင်းရိပ်မှာ အနီရင့်က သူ့ကို လှမ်းကြည့်နေရင်းက အံကြိတ်ပြီး လက်သီးလေးဆုပ်ပြတာကို မြင်လိုက်ရတော့ မင်းသမီးကို ခေါင်းလေးငုံ့ ခါးလေးညွှတ်ပြီး " ဆောရီး " လို့ တစ်ခွန်းပဲပြောပြီး လူတွေကြား တွန်းတိုက်ပြီး အနီရင့်ဆီကို အပြေးအလွှားလျှောက်သွားလိုက်မိတယ်။
လင်းရိပ်နဲ့ အနီရင့်တို့ နှစ်ယောက်သား မျက်နာချင်းဆိုင်မိတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် မမှိတ်မသုန် စိုက်ကြည့်နေမိကြတယ်။
"နေကောင်းလား "
လင်းရိပ်ကစတင်ပြီး ခပ်တိုးတိုးမေးလိုက်တယ်။
"အင်း ... ပန်းစည်းက ဘယ်သူ့အတွက်လဲ "
အနီရင့်က ခေါင်းလေးငုံ့ပြီး တစ်ခွန်းပဲ ပြန်မေးလိုက်တယ်။
"မင်းအတွက်ပေါ့ ..."
လင်းရိပ်က ပန်းစည်းကို အနီရင့်လက်ထဲကို ထည့်ပေးလိုက်ပြီး တိုးတိုးလေးပြန်ဖြေလိုက်တယ်။
"တော်သေးတာပေါ့ ... ပန်းစည်းလေး အန္တရာယ်ကင်းကင်းနဲ့ရောက်လာလို့ "
အနီရင့်က လင်းရိပ်ကို မျက်စောင်းလေးထိုးပြီးပြန်ပြောလိုက်တယ်။
************************
"ဘယ်သွားမှာလဲ ဟင် "
ရုပ်ရှင်ပွဲကအပြန်မှာ လင်းရိပ်က အနီရင့်လက်ကို မလွှတ်တမ်းဆွဲထားပြီး အငှားကားတစ်စီးပေါ်တက်လိုက်တာမို့ အနီရင့်က လင်းရိပ်ကို မေးလိုက်တယ်။
"အိမ်ကို ပြန်မယ်လေ ...လောလောဆယ် ...အမေတို့ ဆိ အရင်သွားရအောင်လေ ...နီကို မြင်ရင် တအားပျော်သွားကြမှာ "
ပြောပြီး လင်းရိပ်က အနီရင့်လက်ဖျားလေးကို ဆုပ်ကိုင်ထားလိုက်ပြီး မျက်နှာလေးကို မလွတ်တမ်း စိုက်ကြည့်နေမိတယ်။
"ပစ္စည်းတွေ ဟော်တယ်မှာလေ ..."
" ဒါဆို ...အဲ့ဒါတွေ ဝင်ယူသွားကြမယ်လေ "
"ဆံပင်ရှည်ကြီး ထားတာလား ..."
အနီရင့်က သူ့ကို စိုက်ကြည့်နေတဲ့ လင်းရိပ်မျက်နှာလေးကို ပြန်ပြီး ငေးကြည့်နေမိရင်းက မေးလိုက်တယ်။
"မင်းပြန်လာမှ ညှပ်မယ်လို့ ဆုံးဖြတ်ထားတာ "
ပြောပြီး လင်းရိပ်က အနီရင့် ပခုံးလေးကို ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲကို ညင်ညင်သာသာ ဆွဲယူလိုက်တယ်။ ပြန်ဆုံစည်းရတဲ့ အချိန်မှာ လင်းရိပ်နဲ့ အနီရင့်တို့နှစ်ယောက်လုံး မာနတွေ သံသယတွေကို ခဝါချပြီး အချစ်စစ်ကို လက်ခံယုံကြည်လိုက်ကြပါပြီ။
************************
" လင်းသန့် ... မင်း ဘာတွေ လုပ်နေတာလဲ "
လင်းရိပ်က မြေပြပေါ်မှာ ကုန်းကုန်းကွကွနဲ့ ဟိုကြည့် ဒီကြည့်လုပ်နေတဲ့ သုံးနှစ်ကျော်အရွယ်သားဖြစ်သူ လင်းသန့် ကို မေးလိုက်တယ်။
"မမ ပိုက်ချံ ပျောက်သွားတယ်ဆိုလို့ သားက ရှာပေးနေတာ ... ဖေဖေလဲ ကူရှာပေးနော် "
လင်းသန့်လေးက ခပ်လှမ်းလှမ်းမှာ ငိုမဲ့မဲ့ မျက်နှာလေးနဲ့ငုတ်တုတ်ထိုင်နေတဲ့ ဆယ်နှစ်အရွယ် ကလေးမလေးကို လက်ညှိုးထိုး ပြပြီး ပြောတယ်။ လင်းရိပ်လည်း သားငယ်ရဲ့ စကားကြောင့် မြေပြင်ပေါ်ဟို ဒီလိုက်ကြည်နေမိပြီးမှ အိမ်ဘက်ကို မသိမသာ လှမ်းကြည်လိုက်တော့အိမ်ဝမှာ အံလေးကြိတ်ပြီး လက်သီးဆုပ်ပြနေတဲ့ ချစ်ဇနီးလေးကို တွေ့လိုက်ရတာမို့ သားငယ်ကို အမြန် ပွေ့ချီလိုက်ပြီး
"ဟေ့ကောင်ရေ ...ဟိုမှာ မင်းအမေ ကြည့်နေတယ်ဟ ...လာ... လာ အဖေတို့ သွားကြစို့... အိမ်ထဲမှာပဲ ဘွားဘွားရယ်..တီတီတို့နဲ့ဆော့ရအောင်နော် သားလေး "
လင်းရိပ်နဲ့ လင်းသန့်တို့ နှစ်ယောက်သား လက်တွဲကာခြံထဲကို ဝင်လာခဲ့ကြပြီး အနီရင့်နားကိုရောက်တော့ သားအဖနှစ်ယောက်လုံး ရယ်ကျဲကျဲ မျက်နှာလေးတွေနဲ့ အနီရင့်ကို ပြေးဖက်လိုက်ကြတယ်။
အနီရင့်က သားအဖနှစ်ယောက်လုံးကို အလေးကြိတ်ကာလက်သီးဆုပ်ပြလိုက်ပြီး ဆူလိုက်တယ်။
" ဟွန်း ...သားအဖနှစ်ယောက်လုံး သတိထားနေနော် "
The end
====================
ဧကြည်ဖြူ
အစမှ အဆုံးထိတိုင် စိတ်ရှည်လက်ရှည်နဲ့ သည်းခံဖတ်ရှုပေးခဲ့ကြတဲ့ စာချစ်သူများကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ စာမူ အရေးအသာလိုအပ်ချက်များ၊ အမှားအယွင်းများအတွက်လည်း တောင်းပန်ပါတယ်ရှင်။ နောင်လည်း အသစ်အသစ်တွေကို ကြိုးစားရေးသွားပါအုံးမယ်။
*"ရင်ဘတ်ပေါ်က နှင်းဆီ " စာမူသည် ကျွန်မ ဧကြည်ဖြူ၏ ကိုယ်တိုင်ရေးသားထားသော စာမူ ဖြစ်ပါသည်။စာရေးသူ၏အမည်ကို ပြောင်းလဲသုံးစွဲခွင့်မပြုပါ *