ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
***********************
လင်းရိပ် နှေးကွေးလေးလံတဲ့ခြေလှမ်းတွေနဲ့ ဆိုဖာခုံရိုရာကို လျှောက်လှမ်းလာခဲ့မိတယ်။အဝတ်အစားအချို့နဲ့ သူမ သုံးနေတဲ့ လက်တော့ရယ် ဖုန်းပဲယူပြီး သူမဘယ်ကို ထွက်သွားပါသလဲ။အကြိမ်အရေအတွက် ပေါင်းများစွာဖုန်းတွေ ခေါ်ခဲ့ပေမဲ့ "တပ်ဆင်ထားခြင်း မရှိပါ "ဆိုတဲ့ ဖြေသံတွေပဲ ထပ်တလဲလဲကြားခဲ့ရတယ်။တီးတိုးစကားပြောသံတွေ ကင်းမဲ့သွားပြီး တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အခန်းထဲမှာ လင်းရိပ် အသက်ကင်းမဲ့သူလို ထိုင်နေမိတယ်။လည်းချောင်းတစ်လျှောက်မှာ မီးစနဲ့ အထိုးခံထားရသလို စူးရှနာကျင်နေပေမဲ့ မျက်ရည်ဆိုတဲ့အရာက ကျမလာခဲဘူး။ယောကျာ်းဆိုတာ မျက်ရည် သိပ်ခိုင်တယ်ဆိုတာထက် မျက်ရည်ကျလိုက်လို့ ခံစားရတာတွေ လျော့ပါးသွားမှာကို လင်းရိပ်မလိုလားဘူး။ပြီးတော့ အရိပ်အယောင်လေးတောင် မပြဘဲ ထွက်သွားခဲ့တဲ့သူမကို စိတ်ထဲက အနည်းငယ်နာကျင်နေမိတယ်။
လင်းရိပ် ဆိုဖာခုံထက်မှာ ထိုင်ချလိုက်ပြီး စားပွဲခုံပေါ်က အပြာရောင်အိတ်ကို မဝံ့မရဲနဲ့ယူကြည့်လိုက်မိတယ်။
အိတ်ထဲကို နှိုက်ကြည်လိုက်တဲ့အခါ ပထမဆုံးထွက်လာတာက စာအိတ်လေးတစ်အိတ်။ပြီးတော့ စာချုပ်လေးတစ်စောင် ။လင်းရိပ် စာချုပ်ကို တုန်ယင်နေတဲ့ လက်တွေနဲ့ ကိုင်ယူ ဖတ်ကြည့်လိုက်တဲ့အခါ လင်းရိပ်တွက်ဆထားမိသလို ကွာရှင်းစာချုပ် ဖြစ်နေတာကို တွေ့လိုက်ရတာမို့ လင်းရိပ်ရင်ထဲမှာ လှိုက်ဖို ဆို့နင့်သွားမိတယ်။ပြီးတော့ တဆတ်ဆတ် တုန်ယင်နေသေးတဲ့လက်အစုံနဲ့ပဲ စာအိတ်ကလေးကို ဖောက်ဖတ်လိုက်တယ်။
" သို့
လင်းရိပ်ရေ
.....ဒီစာကို ဖတ်နေရတဲ့အချိန်မှာ အနီရင့်ရန်ကုန်မြို့ကြီးရဲ့ အဝေးတစ်နေရာကို ရောက်ရှိနေလောက်ပါပြီ...ဒီလိုပုံစံနဲ့ နှုတ်ဆက်ခဲ့ရလို့ စိတ်မကောင်းပါဘူး လင်းရိပ်ရယ် ...ဒါပမဲ့လည်း ခဲမှန်ဖူးတဲ့စာသူငယ်မို့ အနေနီးစပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ထင်ယောင်ထင်မှား အချစ်တွေရဲ့ အောက်မှာ တို့နှစ်ယောက် သာယာမိတာမျိုး မဖြစ်ချင်ဘူး ... ပြီးတော့ လင်းရိပ်ရဲ့ချစ်သူနဲ့ အနီရင့်ရဲ့ကြားမှာ ဗျာများနေတဲ့ လင်းရိပ်ကိုလဲ သနားမိတယ်....လင်းရိပ်ကိုလဲပျော်ရွှင်စေချင်လို့လွတ်လပ်ခွင့်တွေပြန်ပေးလိုက်ပါတယ်...လင်းရိပ်ရဲ့ဘဝကို အနှောင်အဖွဲ့ကင်းကင်းနဲ့ ရှင်သန် ပါ.... အချစ်ကို နှလုံးသားနဲ့တင်မဟုတ်ဘဲ အသိဉာဏ်နဲ့ပါ ချစ်ပါ .လင်းရိပ်ကို ယုံကြည်ပါတယ်... အနီရင့်တို့လမ်းခွဲလိုက်ကြပေမဲ့ စီးပွားရေးကစီးပွားရေးပဲမို့ စိတ်သန့်သန့်နဲ့လုပ်ပါ ...အရင်ကပြောထားသလိုပဲ ဆိုင်ရဲ့ အကျိုးအမြတ်ကို ခွဲယူကြမှာမို အဖေ့ကို ဘာမှမပြောပါနဲ့နော် ...အချိန်တန်ရင် အနီရင့်ဘာသာ ရှင်းပြလိုက်ပါ့မယ် .. ပြီးတော့ အနီရင့်ကရန်ကုန်ကိုတော်တော်နဲ့ ပြန်မလာသေးတာမို့ စာအုပ်ဆိုင်နဲ့ တိုက်ခန်းကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးထားပါနော် ....လင်းရိပ် တို့မိသားစုလဲ စာအုပ်ဆိုင်မှာပဲ ဆက်နေချင်နေလို့ရပါတယ်...လင်းရိပ် အတွက် မွေးနေ့လက်ဆောင်ကို လင်းရိပ်ရဲ့ အခန်းထဲမှာ ထားခဲ့တယ်...လက်ဆောင်ကို အသုံးပြုပါလို့ တောင်းဆိုပါရစေ...တကယ်တော့ ဒီလက်ဆောင်ကို ပေးချင်ခဲ့တာကြာပါပြီ...လင်းရိပ် အနေနဲ့ နားလည်မှုလွဲသွားမှာစိုးလို့ အချိန်တစ်ခုထိစောင့်နေခဲ့ရင်း ဒီအချိန်မှပေးလိုက်ရလို့ စိတ်မကောင်းပါဘူး..နောက်တစ်ခါပြန်ဆုံဖြစ်ကြရင် အန်တီ ကျန်းမာပျော်ရွှင်နေတာကို မြင်ချင်ပါတယ်...လင်းရိပ်လဲ ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်...
အနီရင့် "
စာကို သုံးလေးခေါက်မျှ ဖတ်ပြီးသွားတော့ လင်းရိပ် ငူငူငေါင်ငေါင်နဲ့ ဆိုဖာခုံမှာဆက်ထိုင်နေမိတယ် ။ပြီးတော့ စာထဲက စာကြောင်း တစ်ကြောင်းကို စိတ်ထဲက မကျေမနပ်နဲ့အထပ်ထပ်အခါခါ ရွတ်ဆိုနေမိတယ်။" ဪ ... အနေနီးစပ်လိုဖြစ်ပေါ်လာတဲ့အချစ်ကို သာယာမိတာတဲ့လား ...မင်းဘယ်လိုများ တွေးရက်ရတာလဲ အနီရင့်ရယ် ..."
လင်းရိပ် အိပ်ခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ဝင်ဝင်ချင်းမှာပဲ အိပ်ရာပေါ်မှာ တင်ထားတဲ့ အထုတ်တစ်ထုတ်ကိုတွေ့လိုက်ရတယ်။ လင်းရိပ်အထုတ်ကို ကောက်ယူကြည်လိုက်တော့ အထုတ်ပေါ်မှာ "အန်တီ့ကို ခွဲစိတ်ကုသပါ ...ဒီငွေက လင်းရိပ် အသုံးစရိတ်ပေးခဲ့တဲ့ ငွေနဲ့ အနီရင့်ကိုယ်ပိုင် ရှာဖွေခဲ့တဲ့ငွေတွေပါ ..ကျေးဇူးပြုပြီး လက်ခံပေးပါ ..."ဆိုတဲ့ စာကြောင်းလေးတွေကို တွေ့လိုက်ရတယ်။ အထုတ်ထဲမှာတော့ တစ်သောင်းတန် ငွေစက္ကူအထပ်လိုက်ကရှိနေတယ်။ လင်းရိပ် ငွေထုတ်ကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်ထားမိတယ်။ မျက်ရည်တစ်စက်က ပါးပြင်ပေါ်ကို ပေါက်ခနဲ စီးကျလာတယ်။ ဒါပေမဲ့ တင်းကြပ်နေတဲ့ ခံစားချက်တွေက နည်းနည်းလေးမှ လျော့ပါးမသွားခဲ့ပါဘူး။
လင်းရိပ် မိမိအခန်းထဲက ပြန်ထွက်လာခဲ့ပြီး ဧည့်ခန်းဆိုဖာခုံမှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရင် သူမ စာထိုင်ရေးနေကျ စားပွဲခုံလေးကို ငေးကြည့်နေမိရင်း သူမနဲ့ ပထမဆုံး စတွေ့တဲ့အချိန်ကို အမှတ်ရနေမိတယ်။
************************
"မနှင်းသီရိ ...ကျွန်မ ခရီးထွက်သွားပါပြီ...ဒါပေမဲ့ မနှင်းသီရိကြောင့် ထွက်သွားတာမဟုတ်လို့ ယောင်လို့ တောင် စိတ်မကောင်းမဖြစ်လိုက်ပါနဲ့ ...မနှင်းသီရိ ဘယ်လိုမိန်းခလေးလဲဆိုတာကို ကျွန်မ သိပါတယ်... မနှင်းသီရိ ကိုယ်ဝန်ဖျက်ချခဲ့တာလဲ ကျွန်မသိတယ် ...ဒါပေမဲ့ စိတ်မပူပါနဲ့ ... မနှင်းသီရိ အကြောင်းကို လင်းရိပ် ကို လုံးဝမပြောပြခဲ့ပါဘူး...ဘာလို့လဲဆိုတော့ လင်းရိပ်လိုလူမျိုးက လူတစ်ယောက်ကို အဆိုးအကောင်းကြည့်ပြီး ချစ်တတ် မုန်းတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ ကျွန်မသိနေလို့ပဲ ...တကယ်လို့ များ ...လင်းရိပ်က မနှင်းသီရိကို ချစ်နေတယ်ဆိုရင် မနှင်းသီရိ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူ ချစ်နေအုံးမှာပါပဲ.. ... ပြီးတော့ တစ်ခါတစ်ရံမှာ လူသာဆန်ဆန်စာနာတတ်တာနဲ့ အချစ်က ရောထွေး နေတတ်တယ် ....ကျွန်မကတော့ လူသားဆန်မှုရယ် တဏှာရယ်မပါတဲ့ အချစ်စစ်ကိုပဲ လိုချင်တာမို့ အဝေးကို ထွက်သွားခဲ့တာပါ.....ကံကောင်းပါစေ မနှင်းသီရိ ..."
ဖုန်းကနေ ပေးပို့ထားတဲ့ စာကိုဖတ်ရင်း နှင်းသီရိ စိတ်ထဲမှာ ပထမတော့ လှိုက်ခနဲ ပျော်ရွှင်သွားမိတယ်။နောက်တော့ စာကို အကြိမ်ကြိမ် အခါခါ ပြန်ဖတ်မိရင်း စိုရိမ်ကြောင့်ကြစိတ်လေး နည်းနည်း၀င်လာမိတယ်။ချစ်သူလင်းရိပ်က နှင်းသီရိကိုချစ်နေသေးလား ။ အရင်ကရောတကယ်ချစ်ခဲ့တာလား ဆိုတာကို နှင်းသီရိ သေချာမသိပါ။ ဒါပေမဲ့လည်း ကိစ္စတော့ မရှိပါဘူး ။လင်းရိပ်နဲ့ အနီရင့်တို့ လမ်းခွဲလိုက်ကြပြီ ဆိုရင် နှင်းသီရိရဲ့ ကနဦးအကြံအစည် အောင်မြင်တာပဲမဟုတ်လား။
**********************
"ဘယ်လို သား ...သမီးနီက ခရီးထွက်သွားတယ် ဟုတ်လား ...နေပြန်ကောင်းခါစမှာ ဘယ်ကို ခရီးထွက်တာလဲ ... ငါ့သားကရော ဘာလို့ လွတ်လိုက်တာလဲ ...ဒီအချိန် သူ့ကို ဂရုစိုက်ရမယ်ဆိုတာ ...မသိဘူးလား ..."
လင်းရိပ် ခေါင်းငိုက်စိုက်ချပြီး မိခင်ကြီး ပြောသမျှကို နားထောင်နေမိတယ်။
"မမနိက ဘယ်ကို သွားတာလဲ အစ်ကို .."
ညိမဖြစ်သူက လင်းရိပ်ကိုကြည့်ပြီး မေးလာတယ်။ လင်းရိပ်လည်း စိတ်ထဲပေါ်လာတာကို ဖြေလိုက်တယ်။
" သူ့ သူငယ်ချင်းရှိတဲ့ နယ်ဘက်ပါ ...စိတ်ပြေလက်ပျောက်လဲဖြစ် ...စာလဲရေးရအောင် လွတ်လိုက်တာပါ ...ပြီးတော့ အမေ့ကို ခွဲစိတ်ကုသနေတဲ့ အချိန်အတွင်းမှာ သူ့ကိုလဲ ဂရုစိုက်အားမှာ မဟုတ်လို့ ခရီးထွက်ခိုင်းလိုက်တာ ...."
" ရှင် အစ်ကို ... ဘယ်လို အမေ့ကို ခွဲစိတ်ကုသပေးတော့မယ် ဟုတ်လား ... ငွေ ... ငွေက ဘယ်ကရလဲ "
"အမေ့ကို ခွဲစိတ်ကုသမယ် ဟုတ်လား သား .. နင့် ညီမ ပြောသလိုပဲ ငွေက ဘယ်ကရလဲ ... ဟို ... ဟို .. ဆိုင်အတွက် မင်းယောက္ခမ ထုတ်ပေးထားတဲ့ ငွေထဲကများ ယူတာလားဟင် ...မဟုတ်ဘူး မဟုတ်လား သားကြီး "
ငွေအတွက် စိုးရိမ်တကြီး မေးလာကြတဲ့ မိခင်ဖြစ်သူ ညီမဖြစ်သူကို လင်းရိပ်မှာ မနည်းပင်ရှင်းပြပြောပြလိုက်ရတယ် ။
"သားပြောတာ အမှန်တွေပါ အမေရဲ့ ...အမေခွဲစိတ်ဖို့ သားတို့ နှစ်ယောက်စုထားတဲ့ငွေတွေပါ ...ကဲပါ ဒီနေ့ သား ဆရာဝန်ကြီးနဲ့ သွားတွေ့ပြီး ခွဲစိတ်ဖို့ဆွေးနွေးလိုက်မယ်နော် "
**************************
"မြတ်ဘုန်း ဆုံးသွားပြီ ''
"ရှင် .. ဘာ ... ဘာပြောတယ်"
ဒေါ်ဌေးဌေးမူက ယောကျန်းဖြစ်သူကို အလန့်တကြား မေးလိုက်မိတယ်။
"ဟုတ်တယ် ... လေဆိပ်ကို အသွားမှာ ကားတိုက်မှုဖြစ်ခဲ့တာတဲ့ ... သူ့အိမ်က သတင်းရလို့ လိုက်သွားတော့ အသက်မမီတော့ဘူးတဲ့ "
"အမလေး ... ဒုက္ခပါပဲ ...ကျွန်မသမီးလေးတော့ ဒုက္ခပါပဲရှင် ... ဘယ်လိုလုပ်ကြမလဲတော် "
ဒေါ်ဌေးဌေးမူက ပြောရင်းနဲ့ ငိုချလိုက်တယ်။
"ဟေ့ ...မင်းငိုမနေနဲ့ ...ဒီကိစ္စကို သမီး မသိစေနဲ့ အုံး ....သမီး ဆေးရုံကမဆင်းခင် ငါတို့လည်း အိမ်ပြောင်းဖို့ လုပ်နေတယ် ....မင်းသာ ဟန်မပျက်နေ...ဒီတစ်ခါ သမီးတစ်ခုခုဖြစ်လို့ကတော့ မင်းကို ခွင့်မလွှတ်ဘူးနော် ...ဌေးဌေး "
"ဒီလို ဆုံးဖြတ်လို့ ဖြစ်ပါ့မလား ...ဘာပဲဖြစ်ဖြစ် သူ့ယောကျာ်းရဲ့နောက်ဆုံး ခရီးကို သမီးလေးကို ပြောပြသင့်တယ် ထင်တယ် ယောက်ျား "
" တော်တော့ ဌေးဌေး မင်းဘာမှ မရှည်နဲ့ ... သေတဲ့သူက သေပြီး ...ငါ့သမီးကို ထပ်ပြီး စိတ်ဆင်းရဲရအောင် မလုပ်နဲ့ "
***********************
"ဟင် "
လင်းရိပ် သတင်းစာကို ဖတ်နေရင်း အံ့သြမင်သက်မိသွားတယ်။ပြီးတော့ အနီရင့် ဒီသတင်းကို တွေ့ရင် ထိတ်လန့်တုန်လှုပ်နေမလားလို့ပါ စိုးရိမ်သွားမိတယ်။
" ဘာဖြစ်လို့လဲ အစ်ကို ..."
သတင်းစာကိုကိုင်ပြီး မျက်လုံး အပြူးသားနဲ့ အံ့ဩတကြီးဖြစ်နေတဲ့လင်းရိပ်ကို ညီမဖြစ်သူက မေးလိုက်တယ်။
" ဪ ...အင်း ..ဘာမှ မဟုတ်ပါဘူး ...အသိတစ်ယောက်ရဲ့နာရေးသတင်း ပါလာလို့ပါ "
" ဘာများလဲလို့လန့်သွားတာပဲ ...အမေ့ ခွဲစိတ်ဖို့ရက် နီးလာလေ စိတ်တွေ လှုပ်ရှားလေ ဖြစ်နေမိတယ် အစ်ကိုရာ "
" ဘာမှ စိတ်မပူပါနဲ့ ...အမေ့ ပြန်ကောင်းမှာပါ .."
လင်းရိပ် ညီမဖြစ်သူကို အားပေးစကားပြောလိုက်ရင်း မိခင်ကြီးရှိရာအခန်းထဲကို ၀င်လာခဲ့လိုက်တယ်။မိခင်ကြီးကို ခွဲစိတ်နိုင်ဖို့အတွက် ဆေးရုံတက်နေချိန်ကစပြီး လင်းရိပ်မှာ အလုပ်များနေတာမို့ ဆိုင်ကိုလဲ ညီဖြစ်သူနဲ့ တလှည့်စီထိုင်နေခဲရတယ်။
မိခင်ဖြစ်သူရဲ့အခန်းထဲကို ၀င်လိုက်ချိန်မှာ နှင်းသီရိ ရောက်နေတာကို တွေ့လိုက်ရတာမို့ လင်းရိပ်တစ်ချက် တွေခနဲဖြစ်သွားမိတယ်။အနီရင့် အိမ်က ထွက်သွားပြီးကတည်းက နှင်းသီရိနဲ့ မဆက်သွယ်ဖြစ်ခဲ့ပါ။နှင်းသီရိဆီက ဖုန်း ဆက်ပေမဲ့ လင်းရိပ်ဖုန်းမကိုင်ဖြစ်ခဲ့။ဒါပေမဲ့ လင်းရိပ် ဘာလုပ်လုပ်သိနေတတ်တဲ့ နှင်းသီရိက အခုလည်းဆေးရုံကို ရောက်လာပြန်တာကို လင်းရိပ် မအံ့သြမိတော့ပါလေ။
"အမေက သိပ်သတ္တိရှိတာပဲ လင်းရိပ်ရဲ့ ...နှင်းကိုတောင် ပြန်အားပေးနေတယ်လေ "
နှင်းသီရိရဲ့ "အမေ"ဆိုတဲ့ အခေါ်အဝေါ်ကို မိခင်ကြီးက မနှစ်မြို့သလိုပုံစံဖြစ်နေတာကို လင်းရိပ် သတိထာလိုက်မိတယ်။ ဒါပေမဲ့ နှင်းသီရိကတော့ သူ့ထုံးစံအတိုင်း မသိဟန်ဆောင်နေတာလား ။တကယ်ပဲမရိပ်မိတာလားမသိဘဲ အမေချင်းထပ်အောင် ခေါ်ပြီး စကားတွေပြောနေတယ်။
"အမေ ဘာစားချင်လဲ ...နှင်းချက်ခဲ့မယ်လေ ..လင်းရိပ်တို့အတွက်လဲ နှင်းပဲ ချက်ပေးခဲ့ပါ့မယ် ....ဆိုင်က ထမင်းဟင်းတွေက ဆီသန့်တာမဟုတ်ဘူးလေ "
"ရပါတယ်ကွယ် ... ဒုက္ခမရှာပါနဲ့ ...သမီးနဲ့သားတလှည့်စီ အိမ်မှာပြန်ချက်နေကြလို့ အစားအသောက် အဆင်ပြေပါတယ်ကွယ် "
နှင်းသီရိ တစ်ယောက် လင်းရိပ်မိခင်ရဲ့နားမှာ ဟိုလုပ်ဒီလုပ်နဲ့ လုပ်နေရင်း ဧည့်ချိန် ပြည့်သွားတာမို့ ပြန်ဖို့ ပြင်လိုက်တယ်။
"နှင်းပြန်တော့မယ်နော် အမေ "
နှင်းသီရိက လင်းရိပ်မိခင်ကို နှုတ်ဆက်လိုက်တယ်။
" ခဏလေးနှင်း ...ကိုယ်လိုက်ပို့ပေးမယ်လေ ...ဟိုမှာ ညီမလေး သန်းစင်ခန်းဘက်သွားလို့ ခဏလေးစောင့်ပေးနော် "
လင်းရိပ်ရဲ့ စကားကြောင့်နှင်းသီရိရဲ့ မျက်နှာက မဖုံးနိုင်မဖိနိုင်အောင် ဝမ်းသာပျော်ရွှသွားပုံရပေမဲ့ မိခင်ဖြစ်သူက မျက်နှာကွက်ခနဲပျက်သွားကို လင်းရိပ်သတိထားလိုက်မိတယ်။ ဒါပေမဲ့လည်း လင်းရိပ် မသိချင်ယောင်ဆောင်နေလိုက်တယ်။
***************************
ဆေးရုံကနေ နှစ်ယောက်သားထွက်လာပြီးတဲ့နောက်မှာ လင်းရိပ်က လူရှင်းတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ထဲကို ၀င်လာခဲ့ပြီး ဆိုင်ရှေ့ပန်းခြံထောင့်နားက စားပွဲဝိုင်းဆီကို လျှောက်လာခဲ့တယ် ။
"ထိုင်လေ "
လင်းရိပ်က ပြောပြီး စားပွဲဝိုင်းအောက်က ဖင်ထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး အရင်ထိုင်လိုက်တယ်။
သူ့အတွက် ခုံကို ထုတ်ပေးတယ်လို့ ထင်နေမိတဲ့နှင်းသီရိမှာ လင်းရိပ်ရဲ့ အပြုအမူကြောင့် အောင့်သီးအောင့်သက်နဲ့ ခုံတစ်လုံးကိုဆွဲယူထုတ်ပြီး ထိုင်ချလိုက်ရတယ်။
"နှင်း ကြိုက်တာမှာနော်..."
နှင်းသီရိခုံမှာ ၀င်ထိုင်လိုက်တာနဲ့ လင်းရိပ်က ပြောလိုက်ပြိ စားပွဲထိုးလေးကို သူ့အတွက် ကော်ဖီတစ်ခွက်ပဲ မှာလိုက်တယ်။
လင်းရိပ်ရဲ့ အပြုအမူတွေကိုကြည့်ပြီး နှင်းသီရိ ရင်ထဲမှာ စိုးရိမ်စိတ်ကလေးဝင်လာမိတယ်။
" ကဲ နှင်း ....ကိုယ်တို့ ပွင့် ပွင့်လင်းလင်းပဲပြောကြစို့ ....မင်းအခုလို ကိုယ့် အမေ့ကို လာကြည့်ပေးတာကျေးဇူးတင်ပါတယ် ...ဒါပေမဲ့ မင်းနဲ့ ကိုယ်က မိတ်ဆွေတွေပဲမို့ လိုတာထက် မပိုပါနဲ့.... ပြီးတော့ ရှင်းရှင်းပဲပြောမယ် .. မင်းဆီကို ကိုယ်ဘယ်တော့မှပြန်လာမှာ မဟုတ်ဘူး ..မင်းကို ကူညီခဲ့တယ် ဆိုတာလဲ နှမချင်း ကိုယ်ချင်းစာမိလို့ ကူညီလိုက်လျောပေးခဲ့တာပဲရှိတာ...ကိုယ့် အနီရင့်ကိုချစ်မိနေပြီ....ဘယ်တုန်းကတည်းက ချစ်ခဲ့တာလဲ မသိပေမဲ့ သက်ဆုံးတိုင် သူ့ကိုပဲ ချစ်သွားမိတော့မယ်ဆိုတာတော့ သေချာတယ် ...အမေကျန်းမာရေး ကောင်းရင် သူ့ကို လိုက်ရှာမှာ ...တကယ်လို့ မတွေ့ခဲ့ရင်လဲ သူပြန်လာတဲ့အထိ စောင့်နေမှာပါ .."
"ဘယ် ....ဘယ်လို မောင် ... မောင်မှားနေပြီ ...မောင်က အနီရင့်နဲ့ အနေနိုးစပ်ခဲ့လို့ သူ့ကို့ချစ်မိတယ် ထင်နေတာပါ...ကြာရင် သူ့ကို မောင်မေ့သွားမှာပါ မောင် ....နှင်းပြောရဲပါတယ် မောင်ရယ် ..."
နှင်းသီရိက တုန်တုန် ယင်ယင် အထစ်ထစ် အငေါ့ငေါ့ နဲ့ ပြောလိုက်တော့ လင်းရိပ်ကခေါင်းကို ခါယမ်းလိုက်တယ်။
"ရှေ့လျှောက် ကိုယ့်တို့ဆီကို မလာပါနဲ့တော့ ... မိတ်ဆွေတွေပါဆိုပြီး ချစ်သူရည်းစားဟောင်းတွေ အချင်းချင်း မပြီးနိုင်မစီးနိုင် သာယာမှု ရှာနေကြတာတွေကို ကိုယ်ရွံတယ် ... မင်းနဲ့ ပတ်သက်ခဲ့မိတယ်ဆိုတယ်ဆိုတာလဲ ... မင်းဘ၀ပျက်စီးသွားမှာ စိုးလို့ ကူညီ ထိန်းပေးရုံပဲ ဘာစိတ်မှ မရှိဘူး ... ဒါပေမဲ့ အနီရင့်ရဲ့ စာထဲမှာ ချစ်သူဟောင်းနဲ့ သူ့ကြားမှာ ဗျာများနေတဲ့ လင်းရိပ်ကို သနားတယ်ဆိုတဲ့ စာကြောင်းကို ဖတ်မိလိုက်တော့မှ ကိုယ့်ရဲ့ ကိုယ်ချင်းစာနာစိတ်က ကိုယ်ချစ်တဲ့သူတွေကို စိတ်သောကဖြစ်နေစေမိမှန်းကို သာအမြင်မှန်ရခဲ့တာပဲ ...
ဒီက ရှေ့လျှောက်တော့ ကိုယ်တို့ မသိသူတွေလိုပဲ နေကြရအောင် ..."
လင်းရိပ်ရဲ့စကားကြောင့် နှင်းသိရိဆတ်ခနဲ ခေါင်းကို ခါယမ်းလိုက်ပြီး
"ပြောရက်လိုက်တာ မောင်ရယ် ...နှင်းတော့ မလိုက်နာနိုင်ပါဘူး ... နှင်းတို့ မိတ်ဆွေတွေအဖြစ် ခင်မင်နေတာက ဘယ်သူ့ကိုထိခိုက်နေလို့လဲ .."
" ပြန်တော့မယ် ... ပိုက်ဆံ ကိုယ်ရှင်းခဲ့လိုက်မယ် "
လင်းရိပ်က ဘာမှ ထပ်ပြောချင်စိတ် မရှိတာမို့ ပြန်ဖို့ စကားပြောလိုက်တယ်။
"မရဘူး ...ဒီလိုလုပ်လို့မရဘူး ....တကယ်လို့ မောင်သာ နှင်းကို အဆက်အသွယ်မလုပ်ဘူးဆိုရင်...မောင်အရင်က ဘာအလုပ်လုပ်ခဲ့လဲဆိုတာကို မောင့် မိသားစုကို နှင်း ပြောပြလိုက်မှာ "
နှင်းသီရိရဲ့ ခြိမ်းခြောက်စကားကို ကြားတော့ လင်းရိပ် ဒေါသထောင်းခနဲ ထွက်သွားမိသလို စိတ်ထဲမှာ တစ်စုံတစ်ခုကို ဖျတ်ခနဲ တွေးလိုက်မိတယ်။
"မင်း ....မင်း ဒီလိုပုံစံမျိုးနဲ့ ...အနီရင့်ကိုရော ပြောခဲ့တာလား ဟုတ်တယ်မဟုတ်လား ....ရွံစရာကောင်းတဲ့ မိန်းမ..."
လင်းရိပ် နှင်းသီရိ မျက်နှာကို ရွံရှာစက်ဆုပ်တဲ့ အကြည့်န့် ကြည့်လိုက်ပြီး အသံမာမာနဲ့ မေးလိုက်တယ်။
နှင်းသီရိက ဘာမှ ဖြေရှင်းချက် မပေးဘဲ တိတ်ဆိတ်နေပြီးမှ သူပြောချင်တာကို ထပြောလိုက်တယ်။
"သူက မောင့်ကို မချစ်လို့ ထားခဲ့တာလေ ... မောင်က ဘာတွေ အတွေးချော်နေတာလဲ ... မောင်နဲ့ ပတ်သက်ပြီး သူဘာပြောလဲ သိလား ... မောင်တို့မိသားစုက သူ့အတွက် ဝန်ထုပ်၀န်ပိုးတွေတဲ့လေ... "
အဖြစ်မှန်တွေကို ဘာမှမသိဘဲ သူလိုရာကို ဆွဲပြောနေတဲ့ နှင်းသီရိကို လင်းရိပ် ဆက်ပြောချင်စိတ်မရှိတော့တာမို့ ကျသင့်ငွေကို စားပွဲပေါ်မှာ တင်ခဲ့ပြီး ဆိုင်ထဲကထွက်လာခဲ့တယ်။
**********************
"မောင် နေအုံး ...ဒီလို ထားသွားလို့မရဘူးနော် ...နှင်း လက်မခံနိုင်ဘူး"
လင်းရိပ် ဆိုင်အပြင်ကို ရောက်လာတော့ နောက်က ပြေးလိုက်လာတဲ့ နှင်းသီရိရဲ့အသံကိုကြားလိုက်ရတယ်။
"မောင် ....နှင်း ကိုယ့်ကိုယ်ကို သတ်သေလိုက်မှာနော် ...နှင်း တကယ် မလုပ်ဘူး ထင်နေတာလား "
နေ့ခင်းနေ့လယ်မို့ လမ်းပေါ်မှာ လူရှင်း နေပေမဲ့ လမ်းသွားလမ်းလာ အချို့က လင်းရိပ်တို့ကို စိတ်ဝင်တစားနဲ့ မသိမသာရော ၊ သိသိသာသာပါ ရပ်ကြည့်နေကြတယ်။ လင်းရိပ်က ဒါတွေကို ဂရုမစိုက်ဘဲအရှေ့ကိုပဲ ဆက်လျှောက်သွားခဲ့လိုက်တယ်။
နှင်းသီရိကလည်း လိုချင်တာ ဖြစ်ချင်တာကို ဇွတ်တရွတ်လုပ်တတ်သူမို့ လူကြားထဲမှာ မရှက်မကြောက် ပြောပြီး ကားလမ်းမပေါ်ကို ပြေးတက်သွားလိုက်တယ်။
"ရတယ် မောင် ...ဒီလောက်တောင် ဖြစ်လှမှ တော့ နှင်း ဒီလောကကြီးမှာ မနေတော့ဘူး "
" တီ ...တီ...တီ "
" ဟဲ့ ..ဟဲ့ မလုပ်နဲ့ လေ "
" ဟာ "
"ဟယ် "
"အမလေး "
နှင်းသီရိရဲ့ အော်ပြောလိုက်သံအဆုံးတွင် ပတ်ဝန်းကျင်ရှိ လူတွေဆီမှ အထိတ်တလန့် အော်ဟစ်သံများကို လင်းရိပ်ကြားလိုက်ရတယ်။
====================
ဇာတ်သိမ်းပိုင်းဆက်ရန်
ဧကြည်ဖြူ
* ဒီနေရာမှာ စာဖတ်သူတို့သာ လင်းရိပ်ဆိုရင် ဘာလုပ်မှာလဲ *