book

Index 24

အပိုင်း (၂၄ )

ဧကြည်ဖြူ


" ရင်ဘတ်ပေါ်က နှင်းဆီ "


***********************


       ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်တိတ်ဆိတ်နေတဲ့ အခန်းကို ကြည့်ပြီး နှလုံးခုန်သံတွေ ရပ်တန့်သွားမတတ် လင်းရိပ်ဆွံ့အ ထိတ်လန့်နေမိတယ်။အရင်နေ့တွေက  လင်းရိပ် ပြန်လာချိန်တိုင်း ဆိုဖာခုံမှာဖြစ်စေ၊ စာရေးစာပွဲခုံမှာ ဖြစ်စေ ရှိနေတတ်တဲ့ အနီရင့်။လင်းရိပ် နေရာမှာပဲရပ်တန့်နေမိတယ်။မီးခလုတ် ရှိရာကို သွားဖို့ရာ ခြေထောက်တွေကခဲဆွဲထားသလို လေးလံနေမိတယ်။မီးဖွင့်လိုက်တဲ့အခါ ပစ္စည်းတွေ မရှိတော့ဘဲဟာလာ ဟင်းလင်း ဖြစ်နေတဲ့ အခန်းကို မြင်ရလေမလား ။ ဒါမှမဟုတ် လင်းရိပ်ပစ္စည်းတွေကို အသင့် ထုတ်ပိုးထားတာမြင်ရလေမလားလို့ စိုးတထိတ်ထိတ်နဲ့ တွေးပြီး ပူပန်နေမိတယ်။ ဒါပေမဲ့လည်း ဒီလိုချည်းပဲ ရပ်နေဖို့ရာမဖြစ်နိုင်တာမို့ မီးခလုတ် ရှိရာကို မှန်းဆပြီး ခပ်ဖြည်းဖြည်းချင်းသွားလိုက်တယ်။

      လင်းရိပ် မီးခလုတ်ရှိရာကို ရောက်လာတဲ့အခါ မီးခလုတ်ကို စမ်းပြီး လက်နဲ့ အသာဖွင့်လိုက်တယ်။ 


" မွေးနေ့ကို ဂုဏ်ပြုပါတယ် လင်းရိပ် "


 " ဟာ "


      မီးလင်းလာတာနဲ့ တစ်ပြိုင်နက် မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ကြားလိုက်ရတဲ့အသံကြောင့် လင်းရိပ် အသက်ရှူမှားမတတ်အံ့ဩသွားရပြီး အေးစက် ငြိမ်သက်နေတဲ့ နှလုံးသားက ဝုန်းဒိုင်းကြဲအောင်းဆူညံလှုပ်ရှားသွားမိတယ်။ပြီးတော့ သူတစ်ခါမှ မမြင်ဖူးတဲ့ပုံစံနဲ့ ရှိနေတဲ့ အနီရင့်ကို ငေးကြည့်နေမိတယ်။မြန်မာဆန်ဆန်ပန်းခရမ်းရောင်ဝမ်းဆက်လေးကို လှပချပ်ရပ်စွာဝတ်ထားတဲ့သူမ။ အမြဲလိုလို ဖြစ်သလို စည်းထားတတ်တဲ့ဆံပင်ရှည်ရှည်ကောက်ကောက်တွေကို လှပသေသပ်စွာ ထုံးဖွဲ့ထားပြီး နဖူးပြင်ထက်မှာ ဆံနွယ်ပါးပါးလေး ချထားပုံက သူမရဲ့ မျက်နှာလေးနဲ့လိုက်ဖက်လှတယ်။ကိတ်မုန့်ဗန်းကိုကိုင်ထားတဲ့လက်နှစ်ဖက်ကကန်းစွန်းပွင့်လက်အင်္ကျီစလေးတွေ တဖျပ်ဖျပ် လှုပ်ရှားနေပုံက လင်းရိပ်ကို မင်သက်နေစေမိတယ်။


"ဘာကြည့်နေတာလဲ လင်းရိပ် ... လာလေ ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်ထွန်းရအောင် "


       အနီရင့်ရဲ့ လှမ်းခေါ်သံကို ကြားလိုက်ရမှ လင်းရိပ်သတိဝင်လာမိပြီး အနီရင့်ဆီကို လျှောက်သွားလိုက်မိတယ်။ဒီလို လမ်းလျှောက်နေတဲ့အချိန်မှာ လင်းရိပ်ရဲ့ ခြေထောက်တွေဟာ ကြမ်းပြင်နဲ့ မထိသလိုခံစားနေရတယ်။အရာရာကို လင်းရိပ်နားမလည်နိုင်သေးပါ။သို့ပေမဲ့ သေချာတာက  အနီရင့်ကို တွေ့လိုက်ရတဲ့ အချိန်မှာ လင်းရိပ် ရင်ထဲမှာ အတိုင်း မသိ ဝမ်းသာပျော်ရွှင်သွားမိတယ်ဆိုတာပါပဲ။


"ဒီနေ့ လင်းရိပ်ရဲ့ မွေးနေ့လေ ... လင်းရိပ်ကို ကျေးဇူးတင်တဲ့အနေနဲ့ အမှတ်တရ လုပ်ပေးတာ ...မွေးနေ့ရှင်က ကိုယ့်မွေးနေ့ကိုတောင် မမှတ်မိတော့ ရှက်လိုက်တာ "


      ရှက်ဝဲဝဲ မျက်နှာလေးနဲ့ ပြောလာတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ်ကြည်ကြည်နူးနူးပြုံးလိုက်မိတယ်။အမှန်တကယ် ပြောရရင် လင်းရိပ် အတွက် မွေးနေ့ဆိုတာဘာမှန်းပင်မသိ။အမြဲမိသားစုအတွက် ရုန်းကန် နေခဲ့ရတာမို့ မွေးနေ့ကို တစ်ခါမှ အမှတ်ပင်မရခဲ့။ချစ်သူရည်းစားရပြန်တော့လည်း ချစ်သူနှင်းသီရိရဲ့ မွေးနေ့ကို အမှတ်ရရရှိခဲ့ပြီး လက်ဆောင်ပစ္စည်းလေးတွေပေးခဲ့ပေမဲ့ ကိုယ့်မွေးနေ့ကို အမှတ်မထားမိခဲ့ဘူး။ ဒါက လင်းရိပ် အတွက် ပထမဆုံး မွေးနေ့အမှတ်တရပါ ပင်။အသက် နှစ်ဆယ့်ခွန်ပြည့်မှ ပထမဆုံးမွေးနေ့ကိတ်ခွဲရမှာ ရှက်တော့ရှက်မိသလိုပင်။


"လာပါဆို ... ဘာတွေတွေးနေတာလဲ .. ဒီမှာ ဖယောင်းတိုင်တွေ ထွန်းလိုက်နော် "


       အနီရင့် ကမ်းပေးတဲ့ မီးခြစ်ကို ယူပြီး လင်းရိပ် ဖယောင်းတိုင်တွေကို မီးထွန်းညှိနေချိန်မှာ အနီရင့်က လင်းရိပ်နားက ထသွားပြီး မိခလုတ်တွေကို သွားပိတ်လိုက်တယ်။ပြီးတော့ လင်းရိပ် အနားကို ပြန်လျောက်လာပြီး လင်းရိပ်ဘေးနားမှာထိုင်လိုက်တယ်။ အခန်းထဲမှာ တော့ ကိတ်မုန့်ပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်တွေရဲ့ မီးအလင်းရောင်လေးက ခပ်မှိန်မှန်လင်းနေတယ်။


"happy birthday to You ..... မွေးနေ့မှစပြီး ထာဝရပျော်ရွှင်ပါစေနော် လင်းရိပ် ..."


       ဖယောင်းတိုင်မီးရောင်လဲ့လဲ့အောက်မှာ ဆုတောင်းစကား ပြောပေးနေတဲ့ အနီရင့်ရဲ့မျက်နှာလေးကို လင်းရိပ် အမှတ်တမဲ့ငေးကြည့်လိုက်မိတယ်။ မီးရောင်လဲ့လဲ့နဲ့အပြိုင် စူးစူးတောက်တောက် မျက်ဝန်းလေးတွေ။ပန်းရောင်ဖျော့ဖျော့ဆိုးထားတဲ့ နှုတ်ခမ်းဖူးဖူးလေးကို လင်းရိပ် သတိလက်လွတ် ငေးကြည့်နေမိတုန်းမှာ


"ဆုတောင်းပြီးရင် မီးတွေ မှုတ်လိုက်လေ လင်းရိပ်ရဲ့ "


     အနီရင့်ရဲ့ အသံချိုချိုလေးကို ကြားမှ လင်းရိပ် လည်းရှက်ကိုးရှက်ကန်းနဲ့ ဖယောင်းတိုင်မီးတွေကို မှုတ်လိုက်တယ်။မီးမှောင်သွားတာနဲ့တပြိုင်နက် စာကြည့် မီးအိမ်လေးက ဖျတ်ခနဲ လင်းလာပြီးတဲ့နောက်မှာ အနီရင့်ရဲ့လက်ကလေးတွေက လင်းရိပ်ရဲ့လက်တစ်ဖက်ကို ဆွဲကိုင်ယူလိုက်ပြီး တစ်စုံတစ်ခုကို လင်းရိပ် လက်မှာ ဝတ်ပေးလာတယ်။ အနီရင့်ရဲ့ အပြုအမူကြောင့် လင်းရိပ် ရင်ခုန်သံတွေ မြန်လာတယ်။အနီရင့်က ခေါင်းလေးငုံ့ပြီး လင်းရိပ်ကိုနာရီ ဝတ်ပေးနေတယ်။နှစ်ယောက်သားနီးနီးကပ်ကပ်အနေ အထားကြောင့် လင်းရိပ်မနေတတ် မထိုင်တတ်သလို ဖြစ်လာမိတယ်။ခေါင်းငုံ့နေတဲ့ အနီရင့်ရဲ့နဖူးပြင်လေးကို ခပ်ဖွဖွနမ်းရှိုက်ပစ်ချင်စိတ်တွေ ဖြစ်ပေါ်လာမိတယ်။


"လင်းရိပ်နဲ့ အရမ်းလိုက်တာပဲ "


    အနီရင့်ရဲ့ အသံကိုကြားလိုက်ရမှ လင်းရိပ် အသိစိတ် ပြန်ဝင်လာမိတယ်။အနီရင့်က မီးခလုတ်ကို သွားပြန်ဖွင့်တယ် ။ပြီးတော့ လင်းရိပ်ရှိရာကို ပြန်လျှောက်လာတယ်။


" ကိတ်မုန့်ခွဲတော့လေ လင်းရိပ်ရဲ့ .....ဗိုက်ဆာလှပြီ ...မခွဲဘူးပေါ့လေ ဟုတ်လား ... ကဲ...ကဲ မခွဲချင်အုံး "


     ပြောပြောဆိုဆိုနဲ့ အနီရင့်က ကိတ်မုန့်ထဲကို လက်ညှိုးနဲ့ အသာထိုးလိုက်ပြီး ကိတ်မုန့်စတွေနဲ့ လင်းရိပ်မျက်နှာကို လှမ်းတို့လိုက်တယ်။ လင်းရိပ် ရှောင်ချိန်ပင် မရလိုက်။ပြီးတော့ ကိတ်မုန့်စတွေ ပေသွားတဲ့ လင်းရိပ်မျက်နှာကိုကြည့်ပြီး အနီရင့်က အားပါတရ ရယ်မောနေတယ်။ရယ်မောနေတဲ့ အနီရင့်မျက်နှာလေးကို ကြည့်ပြီး သူမ အမြဲ ဒီလို အပူအပင်ကင်းကင်းနဲ့ရယ်မောပျော်ရွှင်နေတာကို လင်းရိပ်မြင်ချင်နေမိတယ်။


" မွေးနေ့ကိတ်ပြင်ပေးတာရော ...မွေးနေ့လက်ဆောင်ပေးတာအတွက်ပါ ကျေးဇူးတင်ပါတယ်ကွာ .... "


" ရပါတယ် လင်းရိပ်ရယ် .. အနီရင့် လုပ်ပေးနိုင်တာတွေက လင်းရိပ်နဲ့ယှဉ်ရင် ဘာမှ ပြောပလောက်စရာမရှိပါဘူး ... ပြီးတော့ တကယ့်မွေးနေ့လက်ဆောင်က မပေးရသေးဘူး လင်းရိပ်ရဲ့ ...."


" ဟင် ... ဘာကျန်သေးလို့လဲ "


       လင်းရိပ်မေးလိုက်တော့ အနီရင့်က မဖြေဘဲခပ်ပြုံးပြုံးလုပ်နေတယ်။


"ဘာကျန်သေးတာလဲဆိုတော့ နောက်တစ်ရက် နှစ်ရက်နေရင် သိရမယ် ...ခုတော့ မသီချင်နဲ့အုံးနော် "


       ပြုံးစစနဲ့ ပြောနေတဲ့ အနီရင့် ပုံစံလေးကို ကြည့်ပြီး လင်းရိပ်မချင့်မရဲဖြစ်သွားမိတယ်။


"ကဲ ...ထမင်းစားကြစို့ လင်းရိပ် ... အနီရင့်ကိုယ်တိုင် သေချာချက်ထားတယ်..."


       အမှန်တကယ်ဆိုရင် နှစ် လင်းရိပ် ဗိုက်မဆာတော့ပါဘူး။အနီရင့် မျက်နာကို တွေ့လိုက်ရပြီးကတည်းက လင်းရိပ် ဗိုက်ထဲ အလိုလိုပြည့်သွားခဲ့တယ်လေ။ဒီကြားထဲ ကိတ်မုန့် နည်းနည်း စားလိုက်တာမို့ ဘာမှကို စားချင်စိတ်မရှိတော့။ဒါပေမဲ့လည်း အနီရင့်က သေချာချက်ပြုတ်ထားတာဆိုတော့ အနီရင့် ကျေနပ်အောင် လင်းရိပ် ထမင်းစားခန့်ဘက်ကို လျှောက်လာခဲ့လိုက်တယ်။


"လင်းရိပ် ခုံမှာပဲထိုင်နေနော် ... ဒီနေ့တော့ အနီရင့်ပဲ ထမင်းပွဲပြင်ပေးပါရစေနော် "


      လင်းရိပ် အနီရင့်သဘောကျ ထမင်းစားပွဲခုံမှာ ထိုင်နေလိုက်တယ်။ အနီရင့်ကို ကြည့်ရတာ မှိုင်တွေ ငေးမောနေတဲ့ပုံ၊ စိတ်ပျက်အားငယ်နေတဲ့ပုံ မတွေ့ရတာမို့ လင်းရိပ်စိတ်ထဲက ဝမ်းသာနေမိသလို ဖုန်းထဲကပုံကို မြင်ယောင်ပြီးစိုးရိမ်ပူပန်နေမိပြန်တယ်။ 


"စားရအောင် လင်းရိပ် ... ဟင်းတွေအကုန်ထည့်စားနော် ...."


**************************


      နှင်းသီရိ  ဖုန်းကို လက်ထဲကိုင်ထားရင်းလက်သီကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။ ဒါပေမဲ့လည်း ဒေါသစိတ်ကို မျိုသိပ်ပြီး ဖုန်းကို ထပ်ခေါ်လိုက်တယ်။ဒီတစ်ခါ တစ်ဖက်က ဖုန်းကိုင်လိုက်တာမို့နှင်းသိရိ ကျေနပ်သွားမိတယ်။


"ဟယ်လို ....နှင်း...ကိုယ်မအားဘူး ...မင်း ဘာကိစ္စရှိလို့လဲ "


" မောင်ရယ် ...ကိစ္စရှိမှ ဆက်ရမှာလား ...နှင်းကို သူငယ်ချင်းအဖြစ် တောင် သဘောမထားနိုင်တော့ဘူးလားဟင် ... နှင်း အကူအညီလေးတစ်ခုလောက်တောင်းမို့ပါ ...အခု နှင်းဗိုက် အရမ်းဆာနေလို့ပါ မောင်ရယ်.... စားစရာလဲဘာမှ မရှိဘူး ... သူငယ်ချင်းကလဲ ဒီည အိုဒီဆင်းရမယ်တဲ့လေ ...အဲ့ ..အဲ့ဒါ မောင် အလုပ်ပြန်ရင် နှင်းအတွက် စားစရာတစ်ခုခုဝယ်လာခဲ့ပေးလို့ရမလားဟင် ...တောင်းပန်ပါတယ်နော် "


     ဖုန်းချပြီးတာနဲ့ နှင်းသီရီမီးဖိုခန်းထဲကို ပြေးဝင်ခဲ့လိုက်တယ်။ ဝင်သာဝင်လာရတယ် တကယ်လည်း ဘာစားစရာမှမရှိတာမို့ အထူးအထွေ ဖွက်သိမ်းစရာလည်းမရှိပါ။ အခန်းထဲမှာ ရှုပ်ပွနေတာကို ရှင်းသင့်သလောက်ရှင်းပြီး ခပ်နွမ်းနွမ်း ဝတ်စုံတစ်စုံကို ထုတ်ထားလိုက်တယ်။


"မိုးမိုး ... နင်လဲ လုပ်စရာရှိတာလုပ်ပြီး အခန်းထဲဝင်နေနော်...မောင်ရောက်လာတာနဲ့ တစ်ပုံမှ အလွတ် မပေးဘဲ ဓါတ်ပုံရိုက်နော် "


" အင်း ...အင်းပါ နှင်းရယ် ...စိတ်ချပါ ...ငါသေချာ ရိုက်ပေးပါ့မယ် "


*********************


 "တီ ....တီ ...တီ "


      ခြံ၀ဆီမှ ကားဟွန်းသံကြောင့် နှင်းသီရိအိမ်ထဲက လှမ်းကြည့်လိုက်တော့ တက္ကစီကားပေါ်က ဆင်းလာတဲ့ ချစ်သူ လင်းရိပ်ကို တွေ့လိုက်ရတာမို့ အားမရှိတဲ့ပုံနဲ့ လမ်းကို ခပ်ဖြည်းဖြည်းလျှောက်ပြီး ခြံရှေ့ကို ထွက်လာခဲ့လိုက်တယ်။ ဝတ်ထားတဲ့အဝတ်အစားက ခပ်နွမ်းနွမ်းနဲ့မလန်းမဆန်းပုံ ပေါက်အောင် ပြင်ထားတဲ့နှင်းသီရိရဲ့ပုံကို ကြည့်ပြီး လင်းရိပ်ရဲ့မျက်နှာကွက်ခနဲ ပျက်သွားတာကို နှင်းသီရိမြင်လိုက်ရတော့ မသိမသာလေးကြိတ်ပြုံးလိုက်မိတယ်။


"ကျေး ..ကျေးဇူးပါနော် ... အိမ်မှာ တစ်ယောက်တည်း ရှိနေတာမို့  မှာလဲမစားရဲလို့သာ မောင့်ကို အကူအညီလှမ်းတောင်းလိုက်ရတာ ...တကယ် အားနားပါတယ် ..."


    နှင်းသီရိက ပါးစပ်က ပြောရင်း လက်က လင်းရိပ်လက်ထဲက အထုတ်တွေကို လှမ်းယူလိုက်တယ်။ပြီးတော့ ခြံတံခါးကို ပြန်ပိတ်မယ့် ဟန်ပြင်လိုက်တယ်။နှင်းသီရိ ပါးစပ်ကနေ လင်းရိပ်ကိုအိမ်ထဲဝင်ဖို့ တစ်ခွန်းမှ မခေါ်ဘဲ ပြန်လှည့်ထွက်လာခဲ့လိုက်တယ်။ တစ်လှမ်း ။နှစ်လှမ်း။သုံးလေးလှမ်း လှမ်းပြီးချိန်မှာ နှင်းသီရိ မြေပြင်ပေါ်ကို ခွေခနဲ လှဲချပစ်လိုက်တယ်။


"နှင်း ...နှင်းသီရိ "


     အသံနဲ့အတူ ပြေးလာတဲ့ ချစ်သူ လင်းရိပဲရဲ့ ခြေသံကို ကြားလိုက်ရတော့ နင်းသီရ လက်တဖက်ကို မြေပြင်ပေါ်က ခဲ့သေးလေးတွေနဲ့ ဖိပြီး ပွတ်တိုက်ပစ်လိုက်တယ်။ဆစ်ခနဲ နာကျင်သွားတာ့ နှင်းသီရိ ပြုံးလိုက်မိတယ်။ပြီးတော့ အားယူပြီး ထတဲ့ဟန် ပြင်နေလိုက်တယ်။


"နှင်း ...မင်းဘာဖြစ်တာလဲ ...နေမကောင်းသေးဘူးလားဟင် ...ဆေးရုံကို ထယ်သွားမပြဘူးလား ...လက်မှာ သွေးထွက်သွားပြီပဲ လာ...လာ"


    အနားကို ရောက်လာပြီး ပွေ့ထူလိုက်တဲ့ လင်းရိပ်ကို နှင်းသီရိက ခေါင်းကို အသာခါပြလိုက်ပြီး လေသံမျှနဲ့ ပြန်ဖြေလိုက်တယ်။


"ဆေးခန်းတော့ သွားပြဖြစ်ပါတယ် မောင်ရယ် ... လူက အားမရှိတာရော သွေးအားနည်းနေတာကြောင့်ပါ ဖြစ်နေတာပါ "


"အိမ်ကို မပြန်ဘူးလား ... မိဘတွေနဲ့နေရင် ပိုအဆင်ပြေမယ် မဟုတ်လား "


    လင်းရိပ်က နှင်းသီရိရဲ့ ခန္ဓာကိုယ်လေးကို အိမ်ထဲကို တွဲခေါ်လာရင်းနဲ့ ပြောလိုက်တယ်။


"အဖေ့ကို ကြောက်တယ် ....တော်ကြာ နှင်း အိပ်ဆေးတွေ သောက်တဲ့အကြောင်းကို အဖေတို့သာ သိသွားရင် ဘယ်လိုလုပ်မလဲ ...အဲ့ဒါကြောင့် အိမ်မပြန်ရဲသေးဘူး "


"ဒီမှာ ခဏထိုင်အုံး ... လက်ကို ဆေးထည့်ရမယ် ...ပြီးရင် ကိုယ် စားစရာတွေ ပြင်ပေးခဲ့မယ် ...ဒါနဲ့ မင်းသူငယ်ချင်းက ဘယ်အချိန်ပြန်လာမှာလဲ ..."


    လင်းရိပ်က နှင်းသီရိကို ဧည့်ခန်းက ထိုင်ခုံပေါ်မှာ အသာထိုင်ခိုင်းလိုလ်ပြီး သူဝယ်လာတဲ့ စားစရာ အထုတ်တွေကို ယူပြီး မီးဖိုခန်းဘက်ကို လျှောက်လာခဲ့တယ်။


**************************


      ပန်းကန်ထဲက ထမင်းပေါင်းတွေကို ဇွန်းနဲ့ ခပ်ဖြည်းဖြည်း ခပ်စားနေတဲ့နှင်းသီရိကို ကြည့်ပြီး လင်းရိပ် စိတ်ထဲမကောင်းဖြစ်နေမိတယ်။ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်ခဲ့ရသူမို့ အဆင်ပြေပြေ ပဲရှိစေချင်မိတာက လင်းရိပ်ရဲ့စိတ်ရင်းအမှန်ပါ။


"အဟွတ် ....အဟွတ် "


" ဖြည်းဖြည်း စားလေး ... ဒီမှာ ရေသောက်လိုက်အုံး "


     ထမင်းစားနေရင်း နှင်းသီရိ ချောင်းဆိုးပြလိုက်တော့ ပျာပျာသလဲ ရေထယူပေးတဲ့ လင်းရိပ်ကိုကြည့်ပြီး နှင်းသီရိစိတ်ထဲမှာ ကြည်နူးသွားမိတယ်။


     နှင်းသီရိ စားလို့ ပြီးသွားတော့ လင်းရိပ်က ပန်းကန်တွေကို ပြန်သိမ်းလိုက်ပြီး နှင်းသီရိ နားကို ပြန်လျှောက်လာတယ်။


"ဆေးရော ရှိလား ...ဆေးသောက်ပြီး အိပ်တော့လေ ...ကိုယ်လဲပြန်တော့မယ် "


     လင်းရိပ်ပြန်တော့မယ်ဆိုတော့ နှင်းသီရိစိတ်ထဲမကျေနပ်။ လင်းရိပ်ကို မပြန်စေချင်မိ။ဒါကြောင့်ပင် ခေါင်းထဲက ထိုးသလိုလို ဟန်လုပ်လိုက်တယ်။


"အား ...ကျွတ် ...ကျွတ် .."


" ဘာ ...ဘာဖြစ်လို့လဲ "


     နှင်းသီရိကိုကြည့်ပြီး လင်းရိပ်က အလန့်ကြားနဲ့မေးလိုက်မိတယ်။


"ဟို ... ဟို ....ဘာမှ မဖြစ်ပါဘူး မောင် ...ခေါင်းထဲက ထိုးလာလို့ပါ...မောင်ပြန်ချင်ရင် ပြန်တော့လေ "


      နှင်းသီရိက ဘာမှမဖြစ်တဲ့ပုံစံနဲ့ လင်းရိပ်ကို ပြန်ဖို့ လှည့်ပြောသလိုလိုနဲ့ လင်းရိပ်ဘက်ကို လှည့်ကြည့်ပြီး နှုတ်ကလည်း ညည်းညည်းညူညူလုပ်ရင်း ခပ်နွဲ့နွဲ့မှီချလိုက်တယ်။


" ကျွတ် ...ကျွတ် ...ခေါင်းထဲက ထိုးလိုက်တာမောင်ရယ်...."


    နှင်းသီရိရဲ့ ပုံစံကြောင့် လင်းရိပ်လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး သူ့ကိုမှီတွယ်လာတဲ့ နှင်းသီရိကိုယ်လုံးလေးကို လက်နဲ့ အသာထိန်း ဖက်လိုက်ရတယ်။ ဒီလိုပုံစံနဲ့အတော်ကြာ ငြိမ်သက်နေကြပြီးတဲ့နောက်မှာ လင်းရိပက ခပ်တိုးတိုးပြောလိုက်တယ်။


"ဆေးသောက်ပြီး အခန်းထဲမှာ သွားနားလိုက်ပါလား ...ကိုယ်ပြန်တော့မယ် အတော်လေး နောက်ကျနေပြီ "


    ပြောပြီး လင်းရိပ်က နှင်းသီရိကို တွဲထူပြီး အခန်းထဲကို လိုက်ပို့လိုက်တယ်။

     အခန်းထဲရောက်တော့ နှင်းသီရိကို ခုတင်ပေါ် တွဲတင်ပေးလိုက်ပြီး လင်းရိပ်ပြန်ဖို့ ပြင်လိုက်တယ်။


      နှင်းသီရိက ပြန်ဖို့ပြင်နေတဲ့ လင်းရိပ်လက်ကို လှမ်းဆွဲလိုက်ပြီး


"ကျေး ....ကျေးဇူးပါ မောင် ...နှင်းဆီကို လာပေးလို့ ကျေးဇူးပါနော် ... ရှေ့လျှောက် မောင့်ကို သူငယ်ချင်းတစ်ယောက်လို သဘောထားနိုင်အောင် နှင်းကြိုးစားမှာပါ ...မောင်လဲ နှင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ခင်မင်ပေးပါနော် "


**********************

     အနီရင့် နံရံပေါ်က နာရီကို လှမ်းကြည်လိုက်တော့ ည ( ၉ ) နာရီပင် ထိုးတော့မယ်။ လင်းရိပ် ပြန်မရောက်လာသေးဘူး။။အနီရင့် တိုင်ကပ်နာရီကို လှမ်းကြည့်လိုက် ဖုန်းထဲက ပုံတွေကို ကြည့်လိုက်နဲ့ စိတ်တွေရှုပ်ထွေးနေမိတယ်။ ပို့လိုက်တဲ့ ပုံတွေကလည်း မနည်းမနော ။လင်းရိပ် နှင်းသီရိရဲ့အိမ်ခြံဝကို ရောက်တဲ့ ပုံကနေ ထမင်းပြင်ဆင်ကျွေးတဲ့ပုံနဲ့ နှင်းသီရိနဲ့ အတူတွဲပြီး အိပ်ခန်းထဲဝင်သွားတဲ့ ပုံတွေအထိပင်။အနီရင့် ပုံတွေကို အထပ်ထပ်အခါခါ ကြည့်နေမိတယ်။ ပုံတွေကို ကြည့်ရင်း ရင်ထဲမှာ တဆစ်ဆစ်နာကျင်လာမိတယ်။ဒီလိုခံစားချက် ။ ဒီလိုခံစားရတာတွေကို အနီရင့်မုန်းလှပြီ။ ဒီအချိန်မှာ  အနီရင့် တစ်ယောက်ယောက်ကို အော်ကြီးဟစ်ကျယ်နဲ့ရန်တွေ့လိုက်တာပဲဖြစ်ဖြစ် ။တစ်စုံတစ်ခုကို အားပါးတရ ပေါက်ခွဲဖျက်ဆီးလိုက်တာပဲဖြစ်ဖြစ် လုပ်ချင်နေမိတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အနီရင့် ဆိုဖာခုံထက်မှာ ငြိမ်ငြိမ်းလေးပဲ ထိုင်နေမိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အနီရင့်မှာ ဒေါသ ထွက်ခွင့်ရှိလား ၊ မရှိဘူးလားဆိုတာကိုလည်း အနီရင့်သေချာမသိဘူး။ ဘာလုပ်ရမလဲ ။ရှေ့ဆက်ဘာလုပ်သင့်လဲ ဆိုတာကိုလဲ အနီရင့်သေချာမဝေခွဲနိုင်သေးဘူး။


********************


"ကျွီ "

           အနီရင့် ထိုင်နေတုန်းမှာပဲ အိမ်ရှေ့သံပန်းတံခါးကို ဆွဲဖွင့်သံကြားလိုက်ရတယ်။သစ်သားတံခါးကိုလည်း မပိတ်ထားတာမို့ အနီရင့်တိုင်ခုံမှာပဲ ဆက်ထိုင်နေလိုက်တယ်။ နာရီကို မသိမသာ လှမ်းကြည်လိုက်တော့ ညကိုးနာရီတိတိ။

    လင်းရိပ် တိုက်ခန်းထဲကို ၀င်လာပြီးတဲ့နောက် အနီရင့်ရှေ့မှာ မဝံ့မရဲ၀င် ထိုင်လိုက်တယ်။စိတ်က အပြစ်ကျူးလွန်ထားသလို ခံစားနေရတာမို့ လင်းရိပ် စိတ်ထဲ နေရတာ အဆင်မပြေဖြစ်နေမိတယ် ။ သူ့အနေနဲ့ နှင်းသီရိဆီကို သွားခဲ့မိတာကို အနီရင့်ကို ပြောသင့် မပြောသင့် စဉ်းစားနေမိတယ်။


"ထမင်းစားပြီးပြီးလား နီ.. ကိုယ် ..."


" ကိုဘုန်းက နိုင်ငံခြားကို ထွက်သွားတော့မယ်တဲ့  လင်းရိပ် .."


     လင်းရိပ် စကားစလိုက်တာနဲ့ ရုတ်တရက် ထပြောလိုက်တဲ့ အနီရင့်ကြောင့် လင်းရိပ်စကားကို ရပ်တန့်လိုက်ရတယ်။


" စိတ်ရှုပ်တယ် လင်းရိပ်ရယ် ...အနီရင့် သွားအိပ်တော့မယ်နော် ...လင်းရိပ် တမင်း မစားရသေးရင် စားလိုက်လေ ... ထမင်းပွဲ ပြင်ပေးထားတယ် "


      ပြောပြီး ထထွက်သွားတဲ့ အနီရင့်ကို လင်းရိပ် မတားလိုက်မိဘူး။တိတ်ဆိတ်သွားတဲ့ ဧည့်ခန်းထဲမှာ လင်းရိပ်တစ်ယောက်တည်း ထိုင်နေမိရင်း အရင်နေ့က ကျင်းပခဲ့တဲ့ မွေးနေ့ပွဲလေးကိုပဲ ပြန်မြင်ယောင်နေမိတယ်။


*******************


" မြတ်ဘုန်းက နိုင်ငံခြားကိုထွက်သွားမယ်ဆိုတဲ့ သတင်းပဲကြားရတယ်... ဘယ်မှာနေလဲဆိုတာကို သူတို့လဲ မသိကြဘူးတဲ့ ... ဒီမှာ သမီး သုံးဖို့အတွက်တဲ့ ...မကေသီတို့ ပို့ပေးလိုက်တာ ... သမီးက လက်ခံရင် ...သူတို့ လာတွေ့ပါမယ်တဲ့ .."


    ဒေါ်ဌေးဌေး မူက ပြောရင်း ငွေထုတ်ကို သမီးဖြစ်သူ ကေဇင်ကျော်ရဲ့ လက်ထဲကိုထည့်ပေးလိုက်တယ်။


      ငွေထုတ် လက်ထဲ ရောက်လာတော့ ကေဇင်ကျော်က မိခင်ဖြစ်သူကို စူးစူးဝါးဝါးကြည့်လိုက်ပြီး လက်ထဲက ငွေထုတ်ကို နံရံဘက်ကို ပစ်ပေါက် ထုတ်လိုက်ရင်း မိခင်ဖြစ်သူကို မကျေမနပ်ပြောဆိုလိုက်တယ်။


"အမေက သားသမီးထက် ငွေကို ပိုမက်တာလား ...အမေ့အတွက် ငွေကလွဲရင် ဘာမှ အရေးမပါဘူးလား ပြော ... သမီး သေပေးရမလား ပြော ..."


     ကေဇင်ကျော်ရဲ့ အပြုအမူကြောင့် ဒေါ်ဌေးဌေးမူက ပါးပြင်ပေါ်ကို မျက်ရည်တွေ တစ်ပေါက်ပေါက်စီးကျလာတယ်။ သမီးဖြစ်သူကိုတော့ ဒေါ်ဌေးဌေးမူ ဘာမှပြန်မပြောမိ။ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲနေတဲ့ ငွေစက္ကူတွေကို တစ်ရွက် ချင်းလိုက်ကောက်နေမိတယ်။တစ်ပေါက်ပေါက် စီးကျနေတဲ့ မျက်ရည်စက်တွေက ငွေစက္ကူတွေကို စွန်းပေသွားတယ်။ သမီးဖြစ်သူကို သနားလွန်း၍ ဒေါ်ဌေးဌေးမူ ဘာမှ ပြောချင်ဆိုချင်စိတ်လည်းမရှိတော့။ သမီးဖြစ်သူက မြတ်ဘုန်းအပေါ် ထားတဲ့ သံယောစဉ်ကို ဒေါ်ဌေးဌေး မူ အသိဆုံး မဟုတ်လား။နောက်ဆုံးတော့ မြတ်ဘုန်းလိုလူနဲ့ သမီးဖြစ်သူကို ရအောင် ကြံဆောင်ပေးခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ ဒေါ်ဌေးဌေးမူ မုန်းတီးနေမိတော့တယ်။


"သမီး သူ့ကို တွေ့ချင်ရင် အမေ ရအောင် ရှာပေးပါ့မယ်ကွယ် ... အခုတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ သမီးရယ် "


     ဒေါ်ဌေးဌေးမူက ပြောနေပေမဲ့ ကေဇင်ကျော်က စောင်ကို ခေါင်းမြီးခြုံပြီး ငြိမ်သက်တိတ်ဆိတ်နေတယ်။


************************


      ရှေ့တည့်တည့်မှာ ဒူးတောက်ထိုင်ချလိုက်တဲ့ ဒေါ်ဌေးဌေးမူကို ကြည့်ပြီး အနီရင့် စိတ်ထဲရှုပ်ထွေးသွားမိတယ်။


" အနီရင့်က ဘယ်လိုသိမှာလဲ အန်တီဌေး ..."


" သမီး မသိတာ အန်တီ သိပါတယ်ကွယ် ...ဒါပေမဲ့ သူ့အပေါင်းအသင်းနဲ့ သူသွားတတ်တဲ့ နေရာတွေကို သမီးသိတယ် မဟုတ်လား ...အန်တီ ဌေးကို ပြောပြပါနော် ...ကြာရင် ...သမီးလေး ကေဇင်က လုံးပါးပါးတော့မဲ့အခြေအနေမို့ပါ "


      ရှိုက်ကြီးတငင် ငိုနေတဲ့ ဒေါ်ဌေးဌေးမူကို ကြည့်ပြီး အနီရင့်သက်ပြင်းမောကို ချလိုက်မိတယ်။ ကိုလ့်အပူထက် သူ့အပူကပိုကြီးလေသလား။ သူ့အပူထက် ကိုယ့်အပူက ပိုကြီးလေသလား ပင်မသိတော့။အနီရင့် သိသမျှ လိပ်စာနဲ့ ဖုန်းနံပတ်တွေကို စာရွက်ပေါ်မှာ ကူးရေးပေးလိုက်မိတယ်။ ဒီထက်လဲ အနီရင့်ဘက်က ဘာမှ မကူနိုင်ပါလေတော့။


*********************


        လင်းရိပ် လှေကား ထစ်တွေအတိုင်း တက်လာခဲ့ရင်း ရင်က တလှပ်လှပ်ခုန်နေမိတယ်။ မွေးနေ့ပွဲ လုပ်ပြီးသွားကတည်းက သူနဲ့ အနီရင့် ကောင်းစွာစကားမပြောဖြစ်ခဲ့ကြဘူး။အနီရင့်ကို ကြည့်လိုက်ရင် တစ်ခုခုကို စဉ်းစားနေပုံရတာမို့ လင်းရိပ်လဲ စကားသိပ်မပြောရဲ ။ မပြောဖြစ်။ဒီနေ့မှာတော့ လင်းရိပ် မနက်က အလုပ်လာခါနီးမှာ  အနီရင့်က "ညနေကျရင် မွေးနေ့လက်ဆောင်ပေးမယ်" ဆိုတဲ့ စကားကြောင့် လင်းရိပ် တစ်နေကုန် စိတ်တွေ လှုပ်ရှားနေခဲ့မိတယ်။


     တိုက်ခန်းရှေ့ကို ရောက်တော့ လင်းရိပ် သော့ဖွင့်ပြီး တိုက်ခန်းထဲကို ၀င်လိုက်ချိန်မှာ မီးတွေ အကုန်ထွန်းထားတာမို့ အခန်းတစ်ခုလုံးလင်းထိန်နေတယ်။ ဒါပေမဲ့ အနီရင့်ရဲ့အရိပ်အယောင်ကိုမတွေ့ရဘူး။ လင်းရိပ် ကျောပိုးအိတ်ကို စားပွဲပေါ်တင်လိုက်တဲ့အချိန်မှာ အပြာရောင် အိမ်ရှည်ရှည်တစ် အိတ်ချထားတာ တွေ့လိုက်ရတယ် ။လင်းရိပ် ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားမိတယ်။အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ ပစ္စည်းတွေက နေရာမပျက်ပင် ရှိနေတယ်။ ဒါပေမဲ့ အိမ်က လိုတာထက်ပိုပြီး တိတ်ဆိတ်နေတာမို့ လင်းရိပ် ရင်တထိတ်ထိတ်နဲ့ အနီရင့်ရဲ့အခန်းတံကို ခေါက်လိုက်ပြီး အနီရင့်ကို ခေါ်ကြည့်လိုက်တယ်။


" ဒေါက် ...ဒေါက် "


" နီ ...နီ ...မင်းအိပ်နေတာလား "


     အထဲက တုံ့ပြန်သံမကြားရတာမို့ လင်းရိပ်က တံခါးကို အသာဖွင့်ကြည့်လိုက်တော့ တံခါးက အလွယ်တကူ ဖွင့်သွားတယ်။ 


"နီ ...မင်း နေမကောင်းဘူးလား ..."


       တံခါးပွင့်သွားတာနဲ့ လင်းရိပ် အခန်းထဲကိုဝင်လိုက်ပြီး အလောတကြီး မေးလိုက်ချိန်မှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ အခန်းကို တွေ့လိုက်ရတာမို့ လင်းရိပ် ကြက်သေသေသွားမိတယ်။ အိပ်ရာခင်းတွေကအစသိမ်းဆည်းထားတဲ့ အခန်းကို ကြည့်ပြီး လင်းရိပ်ရင်ထဲမှာ နင့်ခနဲ ဆို့တက်လာတယ်။ သေချာအောင် လင်ရိပ် တုန်တုန်ယင်ယင်နဲ့ ဗီဒိုတံခါးတွေကို သွားဖွင့်ကြည့်လိုက်မိတယ်။


"ဟင် "


       အဝတ်ဟောင်း တစ်ချို့ပဲ ကျန်ခဲ့တဲ့ဗီဒိုရှေ့မှာ လင်းရိပ် ဒူးထောက် ထိုင်ချလိုက်မိတယ်။


=====================


အပိုင်း (၂၅ ) ဆက်ရန်


ဧကြည်ဖြူ


rate now: