book

Index 23

အပိုင်း ( ၂၃ )

ဧကြည်ဖြူ


"ရင်ဘတ်ပေါ်က နှင်းဆီ "


*************************


" ဟင် ....အဲ့ဒါဆို သူ့အခြေအနေကရော "


       လင်းရိပ်ဆီက ကေဇင်ကျော်ရဲ့ အကြောင်းကို ကြားလိုက်ရတဲ့အခါ အနီရင့်ထိတ်လန့် တုန်လှုပ်စွာပြန်မေးလိုက်မိတယ်။


"ဆေးရုံကတော့ ဆင်းခွင့်မရသေးဘူး ... အချိန်ပေးပြီး ကုသရမယ်ထင်တယ်...အရိုးအကြောဆောင်မှာ ရှိတယ် .... နီသွားကြည့်ချင်ရင် ကိုယ်လိုက်ပို့ပေးပါ့မယ် "


   လင်းရိပ်က ပြန်ဖြေလိုက်တော့ အနီရင့်က ခေါင်းကို ခါယမ်းလိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်တယ်။


"မကြည့်တော့ပါဘူး လင်းရိပ်ရယ်....သူဒီလိုဖြစ်သွားတာကို စိတ်မကောင်းဖြစ်မိပေမဲ့ ...အနီရင့်က သူတော်စင် မဟုတ်တော့ သူတို့ အကြောင်းကို တွေးလိုက်ရင် ဒေါသတွေထွက်လာမိတယ်...ဖြစ်နိုင်ရင် အဲ့ဒီအိမ်က ဘယ်သူနဲ့မှမတွေ့ချင်သေးဘူး ...အဖေ့ဆီကို အကြောင်းမကြားခဲ့တာကိုလဲ ကျေးဇူးတင်ပါတယ် လင်းရိပ်ရယ်.... မဟုတ်ရင် ... ပြဿနာတွေ အရှည် အရှည် ဖြစ်ကုန်မယ် "


      အနီရင့်က ကျေးဇူးတင်စကားပြောလိုက်ရင်းကနေ လင်းရိပ်ကို အသာငေးကြည့်နေမိတယ်။အနီရင့် ဆေးရုံတက်နေရတဲ့ရက်ပိုင်းလေးအတွင်းမှာ လင်းရိပ်မျက်နှာလေး ချောင်ကျသွားတာကို တွေ့ရတယ်။ သူ့ခမျာ ဆိုင်ကို ပြေးကြည့်လိုက် ဆေးရုံကို ပြေးလာလိုက်နဲ့ဗျာများနေခဲ့ရရှာတယ်လေ။ဒီနေ့တော့ အနီရင့်ဆေးရုံဆင်းခွင့်ရပြီမို့ ဒီလူသားလေး ကောင်းကောင်း အနားယူခွင့်ရတန်ကောင်းပါရဲ့လို့ အနီရင့်တွေးလိုက်မိတယ်။အနီရင့်ကတော့ ဆုံးရှုံးသွားခဲ့ရတဲ့ ရင်သွေးလေးအတွက် အချိန်တစ်ခုအထိတော့ ခံစားနေရအုံးမှာပေါ့လေ။ ဒါပေမဲ့လည်း အဆိုးထဲက အကောင်ကတော့ ကိုဘုန်းတို့မိသားစုနဲ့ ရော ကေဇင်ကျော်တို့မိသားစုတွေနဲ့ပါ ပတ်သက်စရာမရှိတော့တဲ့အတွက် စိတ်ထဲအေးသွားခဲ့ရတာတော့ အမုန်ပင်။


"ထားလိုက်လေ နီ ..အဲ့ဒါတွေ ကိုယ်သယ်ပါ့မယ် ...နီကဒီအတိုင်း သွားပါ"


     အနီရင့်က အဝတ်အိတ်ကို လှမ်းဆွဲလိုက်တော့ လင်းရိပ်က အဝတ်အိတ်ကို ပြန်လုယူရင်း တားမြစ်လိုက်တယ်။ လင်းရိပ်ဆီက အခေါ် အဝေါ်တွေပြောင်းနေတာကို အနီရင့် သတိထားလိုက်မိတော့ ရင်ထဲမှာ ဖျတ်ခနဲ လှုပ်ရှားသွားမိသေးတယ်။


"လာ ..ဖြည်းဖြည်း လျှောက်နော် ...သတိထားအုံး "


     အထုတ်တွေ ခြင်းတွေ မနိုင်မနင်းဆွဲထားတဲ့ ကြားကနေ စိုးရိမ်တကြီးနဲ့ ပြောနေတဲ့ လင်းရိပ်ကြောင့် အနီရင့်ရဲ့ ရင်ထဲမှာ ကြည်နူးလှိုက်ဖိုနေမိတယ်။


*************************

"ဒုန်း "


"ဂွမ်း "


       ခုတင်ထက်ကနေ မှီရာ ပစ္စည်းတွေကို ဆွဲယူပြီး ပစ်ပေါက်ဖျက်ဆီးနေတဲ့သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်ဌေးဌေးမူ ဝမ်းနည်းပက်လက်ခံစား နေရသလို အနည်းငယ်တော့ စိတ်ပျက်ဒေါသထွက်ချင်လာမိတယ်။သူနာပြုတွေနဲ့ဆိုရင် စိတ်မချလို့ မိမိကိုယ်တိုင် အပင်ပန်းဆင်းရဲခံပြီး ပြုစုလုပ်ကိုင်ပေးနေတဲ့ ကြားကနေ သမီးဖြစ်သူက ပိုပြီး ရိုင်းစိုင်း ကြမ်းတမ်းလာတာကို ဒေါ်ဌေးဌေးမူ မနည်းသည်းခံ အောင့်အည်းနေခဲ့ရတာ။ မိမိ ဒီလောက် အတန်တန်တားတဲ့ကြားထဲကနေ ဒီလောက်အထိ ဖြစ်သွားရတဲ့အတွက် ယူကျုံးမရဖြစ်မိတယ်။ပြီးတော့ မိမိတို့သားအမိနှစ်ယောက်မှာသာ အပူသောကတွေ အပြည့်နဲ့ စားမ၀င်အိပ်မပျော် ဖြစ်နေရပေမဲ့ ဆေးရုံကို အရိပ်အယောင်လေးတောင် လာမပြတဲ့ သမက်ဖြစ်သူ မြတ်ဘုန်းအကြောင်းကို တွေးလိုက်မိတိုင်း ဒေါ်ဌေးဌေးမူ ဒေါသစိတ်တွေ ဖြစ်လာမိတယ်။ မြတ်ဘုန်းကို သက်ဆိုင်ရာနဲ့ တိုင်ချက်ဖွင့်ပြီး ဖမ်းဖို့ဆီးဖို့ကျတော့လည်း မိမိမှာ အချိန်မအားလပ်တာမို့ ထိထိရောက်ရောက်မလုပ်နိုင်သေးဘူးဖြစ်နေတာ။


" ထမင်းစားမှပေါ့ သမီးရယ် .. သမီးဒီလိုသာ ထမင်းမစားဟင်းမစားနဲ့ ရှိသမျှ ပစ္စည်းတွေကို ဖျက်ဆီးနေတော့ အမေစိတ်ဆင်းရဲလာပြီကွယ်...အမေ ဘာလုပ်ပေးရမလဲ ...ဖြစ်နိုင်ရင် သမီးကိုယ်စား အမေပဲ ဖြစ်လိုက်ချင်တာပါကွယ် ..... "


     ဒေါ်ဌေးဌေးမူက သမီးဖြစ်သူ ပစ်ချခွဲလိုက်တဲ့ ထမင်းပန်းကန် ဟင်းပန်းကန် အကွဲတွေကို သိမ်းဆည်း ရှင်းလင်းရင်းကနေ ပြောလိုက်တယ်။

    ကေဇင်ကျော်က ဘာမှပြန်မပြောဘဲ စောင်ကိုခေါင်းအထိ ဆွဲခြုံလိုက်ပြီး စောင်းခြုံထဲမှာတအီအီ ငိုနေပြန်တယ်။


     ကေဇင်ကျော်ရဲ့ အပြုအမူကြောင့် ဒေါ်ဌေးဌေးမူ ဘာမှ ဆက်မပြောတော့ဘဲ စိတ်ဆင်းရဲကြီးစွာနဲ့ပဲ ပန်းကန်ကွဲနဲ့ အမှိုက်  ဖြစ်သွားတဲ့ ထမင်းဟင်း အစအနတွေကို ရှင်းလင်း သိမ်းဆည်းလိုက်တယ်။


***********************


     မိခင်ဖြစ်သူရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ ရစ်ဝဲလာတာကို ကြည့်ပြီး လင်းရိပ် နှစ်သိမ့်နိုင်ဖို့အရေး အမြန် တွေးတော့စဉ်းစားလိုက်ရတယ်။


"စိတ်မကောင်းမဖြစ်ပါနဲ့အမေရယ် ...သားကတော့ သူဘာမှ မဖြစ်တာကိုပဲ ကျေနပ်လှပါပြီ ... ကလေးကအချိန်မရွေးထပ်ယူလို့ ရပါတယ်..."


     လင်းရိပ်ပြောလိုက်တော့ မိခင်ကြီးက လင်းရိပ်ကို စိတ်မကောင်း ဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်ရင်း ပြောတယ်။


"သားလေးလဲ ပင်ပန်းလှပါပြီကွယ် ...ခုရက်ပိုင်း ဆိုင်ကိုလဲ သေချာပြန်လုပ်ရမှာဆိုတော့ အမေ့ဆီကို နေ့တိုင်း မလာပါနဲ့ကွယ် ...အကြောင်းရှိရင် ....အမေတို့ ဖုန်းဆက်ပါ့မယ်"


"ဟုတ်တယ် အစ်ကို ...အစ်ကိုက အလုပ်ကလဲ ရှိသေးတယ်မဟုတ်လား ...ပြီးတော့ မမနီကို သေချာဂရုစိုက်ပေးလိုက်ပါ ...အမေ့အတွက် မပူပါနဲ့ ညီမလေးရော အငယ်ကောင် ပါရှိပါတယ်....စားဖို့အတွက်လဲ ညီမလေး ဟင်းချက် ပို့ပေးပါ့မယ် "


     အလတ်မရဲ့ စကားကြောင့် လင်းရိပ်အားရှိသွားမိတာတော့အမှန်ပါ။


" ကျေးဇူးတင်ပါတယ်ကွာ .. အစ်ကို့ ညီနဲ့ညီမကို ပဲအားကိုးရမှာပါပဲ...အစ်ကို ဆေးရုံမှာ ရှိနေတဲ့ အတောအတွင်း ဆိုင်ကို ကြည့်ပေးထားတာ ကျေးဇူးပါ ညီလေးရာ "


" အစ်ကိုကလဲဗျာ ... ညီကိုမောင်နှမတွေကြား ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး...အစ်ကို့ဆိုင်ကို ကူရတာ ဘာပင်ပန်းလို့လဲ ...ဒီနေ့တော့ ကျွန်တော့်အလုပ်ကိုသွားပြန်ဆင်းတော့မယ်နော် အစ်ကို "


     လင်းရိပ် ညီမဖြစ်သူနဲ့ညီငယ်လေးကို ကြည်နူး ကျေးဇူးတင်စွာ ကြည့်လိုက်မိတယ်။


*************************


"ကေသီ ...မင်းလုပ်ပုံတွေ ...မဟုတ်သေးဘူးနော်...ငါနေရတာ မျက်နာပူလှပြီး ..အမေရီကလဲ မင်းသားကြီးကို ပြန်ခေါ်ပေးဖို့ ငါ့ကို လာတောင်းပန်နေတယ်...ကိုမျိုးအောင်ကတော့ ငါ့မျက်နှာကိုတောင် မကြည့်ပါဘူး ...အေးဒါပေမဲ့ မဌေးမူကတော့ တရားစွဲဖို့ လုပ်မယ်တဲ့ "


    ဒေါ်ကေသီက စိတ်ညစ်စိတ်ရှုပ်ထွေးတဲ့ ပုံစံနဲ့ ပြောနေတဲ့ ခင်ပွန်းဖြစ်သူကို တစ်ချက်မော့ကြည့်လိုက်ပြီး လေသံအေးအေးနဲ့ပြန်ပြောလိုက်တယ်။


"ကျွန်မကရော ဒီလိုတွေ ဖြစ်စေချင်မလားရှင် ...ရှင့်သားက မပေါင်းချင်တော့ပါဘူးဆို  ကျွန်မက ဘာတတ်နိုင်မှာလဲ ...သူတို့လဲ ကလေးမဟုတ်ကြတော့ဘူးလေ .... သူတို့စိတ်နဲ့သူတို့ကိုယ်လေတော် ...."


" အေး ...အေးပါကွာ ...ငါပြောတာက ..သားကြီးနေတဲ့ နေရာကို မင်းသိရင် ငါ့ကို ပြောပြဖို့ပါ ...ငါ သားနဲ့ စကားကြည့်ချင်တယ် ....သူ့ ဘာဖြစ်ချင်တာလဲ သိချင်တယ်...ပြီးရင် နှစ်ဦးနှစ်ဘက် ရန်မီးမပွားဘဲ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းချင်တာ ..."


"အင်းပါရှင် ... ဒီတစ်ခါ သားဖုန်းဆက်ရင် ကျွန်မ ချော့ပြော ကြည့်ပါ့မယ် "


**************************


"ဖြစ်ပါ့မလား နှင်းရယ် ကောင်းကောင်းကျန်းမာသေးတာလဲ မဟုတ်ဘဲနဲ့ သွားလို့ ဖြစ်ပါ့မလား ....."


   နှင်းသီရိရဲ့ သူချင်းဖြစ်သူ မိုးမိုးသန်းက ဝတ်စား ပြင်ဆင်နေတဲ့ နှင်းသိရိကို မဝံ့မရဲနဲ့ ပြောလိုက်တယ်။မိုးမိုးသန်းမှာ နှင်းသီရိလုပ်နေတာတွေကို မသင့်တော်မှန်း သိနေပေမဲ့ အခုချိန်မှာအလုပ်မရှိသေးတဲ့သူမကို နေစရာရော စားစရာ ပါပေးထားတဲ့ နှင်းသီရိကို မပြောရဲ။ မပြောဝံ့။ မတားဆီး ရဲဖြစ်နေခြင်းပင် ။တကယ်ဆို ခုလိုချိန်မှာ နှင်းသီရိ ရော တစ်ဖက်က အနီရင့်ပါ ကောင်းကောင်း အနားယူရမယ့်အချိန် ဖြစ်တာကို မိုးမိုးသန်း သိတယ် ။ဒါပေမဲ့လည်း မိုးမိုးသန်း ဘ၀က သူ့ဆန်စားနေမှတော့ ရဲရမယ့် ဘ၀အခြေအနေပင်မဟုတ်ပါလား။


***********************


        မိုးမိုးသန်းက နှင်းသီရိရဲ့နောက်ကနေ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါခဲ့တယ်။မိုးမိုးသန်းတို့ အငှားကား တက္ကစီပေါ်က ဆင်းလာကြပြီတဲ့နောက် နှင်းသီရိက အနီရင့်ရဲ့ တိုက်ခန်းရှိရာဘက်ကို လျှောက်သွားတယ်။ ဒီအခြေအနေမှာ မိုးမိုးသန်းက တိုက်အောက်ကနေပြီးတော့ လူဝင်လူထွက်နဲ့ အနီရင့်ဆီကို လာမဲ့ လူတွေကို စောင့်ကြည့်ပေးရမှာ။ဒါက မပင်ပန်းပါ။ သို့ပေမဲ့ တိုက်ပေါ်မှာ နှင်းသီရိနဲ့ အနီရင့်တို့ မတော်တဆ တစ်စုံတစ်ခုများဖြစ်ခဲ့ရင်ရော ။မိုးမိုးသန်းဆက်မတွေးရဲပါတော့ ။နှစ်ယောက်လုံး ဘေးကင်းကြစေရန်သာ စိတ်ထဲကနေ တဖွဖွဆု တောင်းနေမိတယ်။


*************************


    နှင်းသီရိ လှေကားထစ်တွေကို နင်းတက်လာရင်းကနေ မိမိရှေ့ကအရင် လှေကားအတိုင်း ဖြည်း ရေးစွာတက်သွားတဲ့သူရဲ့ ကျောပြင်ကို မသိမသာ ဓါတ်ပုံတွေရိုက်ထားလိုက်တယ်။


***********************

"ဒေါက် ...ဒေါက် ...ဒေါက် "


"ဒေါက် ...ဒေါက် ...နီ  တံခါး ခဏဖွင့်ပါအုံး...ကိုယ်ခဏလေးစကားပြောချင်လို့ပါ "


     အပြင်က တံခါးသံနဲ့ ခေါ်သံကြောင့် အနီရင့် ခုတင်ထက်ကနေ အသာထလိုက်တယ်။ ဒီပြဿနာတွေဟာ ပြတ်ပြတ်သားသားမရှင်းသ၍ မပြီးနိုင်တာမို့ အနီရင့် အိပ်ရာထက်က အသာထလိုက်တယ်။


      တံခါးဖွင့်ပေးလိုက်တော့ ပိန်လှီဖျော့တော့ပြီးညောင်နာနာပုံစံနဲ့ မြတ်ဘုန်းကိုတွေ့လိုက်ရတယ်။


"လာလေ ...ထိုင် "


     အနီရင့်ပြောလိုက်တော့ မြတ်ဘုန်းက ခုံမှာ ခပ်ကုပ်ကုပ် ဝင်ထိုင်လိုက်တယ်။


"နေသာရဲ့လား ...ကိုယ်ကို အရမ်းမုန်းနေလားဟင် "


     မြတ်ဘုန်းက ခုံမှာဝင်ထိုင်ပြီးတာနဲ့ အလာတကြီးမေးလိုက်တယ်။


" သက်သာပါတယ်ကိုဘုန်း...လင်းရိပ်က ဂရုစိုက်တယ်လေ ...ကိုဘုန်းကိုလဲ မမုန်းပါဘူး ...ကိုဘုန်းနဲ့ ပတ်သက်ပြီး ကျွန်မဆီမှာ ချစ်တာရော မုန်းတာရော ဘာခံစားချက်မှမရှိပါဘူး ...ရှေ့လျှောက်လဲ ပတ်သက်စရာအကြောင်း လုံးဝ မရှိပါဘူး.... အဲ့ဒါကို ပြောချင်လို့ ကိုဘုန်းကို တံခါးဖွင့်ပေးလိုက်တာပါ ...တကယ်တော့ ကိုဘုန်းသာ အသိစိတ် ရှိမယ်ဆိုရင် ခုချိန်မှာ ဘာကို လုပ်သင့်တယ်ဆိုတာ အခြားသူက ပြောစရာမလိုဘူး မဟုတ်လား "


     အနီရင့် ပြောလိုက်တော့ မြတ်ဘုန်း ငိုင်ကျသွားတယ်။ပြီးတော့ အနီရင့်ကိုတောင်းပန်တိုးလျှိုးတဲ့ မျက်နာနဲ့ ကြည့်လိုက်ပြီး 


"ကိုယသိပါတယ် နီ ...ဒါပေမဲ့ ကိုယ့်ဘဝကို အန်တီဌေးတို့ သားအမိဆီမှာ ထပ်ပြီး အချုပ်အနှောင် မခံချင်တော့ဘူး ...ကိုယ် ကေဇင်ကျော်ကို လုံးဝမချစ်ဘူး ...နောက်လဲဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး "


     အနီရင့် မြတ်ဘုန်းကို ငေးကြည့်နေမိတယ်။လွန်ခဲ့တဲ့ ဆယ်နှစ်မတိုင်ခင်က ခင်မင် နှစ်လိုဖွယ်ကောင်းလှတဲ့ လူသားတစ်ယောက်ဟာ ခုချိန်မှာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီဆိုတာကို အနီရင့် သိခဲ့တာကြာခဲ့ပြီလေ။


"သိပါတယ် ...ကိုဘုန်း မကေဇင်ကို မချစ်ဘူးဆိုတာကို သိပါတယ် ...ပြီးတော့ ကျွန်မကိုရော ဘယ်မိန်းခလေးကိုမှလဲ ကိုဘုန်း တကယ်မချစ်ဘူးဆိုတာကိုလဲ သိတယ်...တကယ်တော့ ကိုဘုန်းက ကိုယ့်ကိုယ်ကိုပဲချစ်တဲ့လူမျိုးလေ ...တစ်ယောက်ယောက်ကို ကိုယ့်ဘက်ကပေးဆပ်ရတော့မယ်ဆိုရင် ကိုဘုန်း အမြဲထွက်ပြေးခဲ့တာပဲလေ... ရှေ့လျှောက်လဲ ကိုဘုန်း ဒီလိုပဲ လုပ်နေအုံးမှာပါပဲ ... သေချာတာကတော့ ကိုဘုန်းကြောင့် မိန်းခလေးတွေ ဘ၀တွေပျက်စိတ်ဆင်းရဲ သောကဖြစ်ရသလိုပဲ ကိုဘုန်း ဘ၀လဲ ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ဘူး သိရဲ့လား ...အခုချိန်က အချိန်မီသေးတာမို့ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ကြိုးစားပါ ...ကဲ ...ကိုဘုန်းပြန်ပါတော့...နောက်နောင် ဘယ်တော့မှ လာမပတ်သက်ပါနဲ့တော့ရှင် ...."


     အနီရင့်ရဲ့ စကားအဆုံးမှာ မြတ်ဘုန်း ခေါင်းကြီး ငိုက်စိုက်ချလို့။ပြီးတော့ အနီရင့်ကို ပြန်မော့ကြည့်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်တယ်။


"မင်းပြောတာမှန်ပါတယ် ... ဒါပေမဲ့ ကိုယ်သူ့ဆီကိုတော့ ပြန်မသွားနိုင်တော့ဘူး ..ဒီနိုင်ငံရဲ့ အဝေးဆုံးကို ထွက်သွားတော့မယ် အဲ့ဒါ နီ့ကို လာနှုတ်ဆက်တာပါ ...ကိုယ်သွားတော့မယ်နော် "


 **************************


      မြတ်ဘုန်းပြန်ထွက်သွားလို့ အနီရင့် တံခါးပိတ်နေတုန်းမှာပဲ အခန်းရှေ့ကို ရုတ်တရက်ရောက်လာတဲ့ နှင်းသီရိကို ကြည့်ပြီး အနီရင့်ရတွေ ဒိန်းခနဲ ဆောင့်ခုန်သွားမိတယ်။သော့ခတ်လုဆဲဆဲလက်တွေက ရပ်တန့်သွားရတယ်။ အနီရင့် မျက်နှာမပျက်အောင် ထိန်းလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်တယ်။ အနီရင့် ကြုံဖူးခဲ့သူတွေထဲမှာ ဒီမိန်းခလေးက ကြောက်ဖို့အကောင်းဆုံးလို့ ထင်လိုက်မိတယ်။ဘာလို့လဲဆိုတော့ သူမဆီမှာ အစစ်အမှန်ဆိုလို့ဘာကို မှ မတွေ့ရဘူးလေ။အပြုံးတွေရော၊ စကားလုံးတွေရော ၊ သူမရဲ့ အပြုအမူမှန်သမျှက ဘယ်အရာမှ အစစ်အမှန်မဟုတ်ဘူးဆိုတာကို အနီရင့်သိနေတယ်။ ဒီလို မိန်းခလေးရဲ့လက်ထဲကို လင်းရိပ်ကို ပြန်ထည့်ပေးလိုက်ဖို့ ဆိုတာ စဉ်းထောင် မစဉ်းစားချင်တဲ့ကိစ္စမျိုးလို့ပဲပြောရမလား။


" ထိုင်ပါ ...မနှင်းသီရိ ...ရေအေးအေးလေးပဲ သောက်မလား ... နှစ်ယောက်လုံး နေပြန်ကောင်းစဆိုတော့ ရေပဲသင့်တော်မယ် ထင်တယ် ..."


    ပြောပြီးတာနဲ့ ရေခဲသေတ္တာထဲက ဖန်ရေတကောင်းနဲ့ ဖန်ရေခွက်ကို စားပွဲခုံပေါ်ကို အနီရင့်တင်လိုက်တယ်။ပြီးတော့ နှင်းသီရိရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။


" သက်သာသွားပြီလာ မနှင်းသီရိ "


     အနီရင့် လေသံခပ်အေးအေးနဲ့ ပဲ မေးလိုက်တယ်။ တုန်လှုပ်နေစရာ အကြောင်းတွေလဲ မရှိတော့ဘူး မဟုတ်လား ။


" သက်သာပါတယ် ...ဒါနဲ့ ... အစ်မရော အဆင်ပြေလား ... ကလေးမရှိတော့ဘူးလို့ ကြားတယ်  နှင်း တကယ်စိတ်မကောင်းပါဘူး "


    နှင်းသီရိက ဝမ်းနည်းသံလေးနဲ့ ပြောလိုက်တယ်။


" အဆင်ပြေပါတယ်ရှင် ... တစ်ချို့အရာတွေက ကိုယ်နဲ့မဆုံထိုက်ရင် ဒီလိုပဲ ဝေးကွာသွားရတာပဲလေ ...ဒီပေါ်မှာလိုက်ပြီး ခံစားနေရလောက်အောင် ကျွန်မ အတ္တမကြီးပါဘူးရှင် ...ဒါနဲ့ ...မနှင်းသီရိ လာတဲ့ ကိစ္စလေးကို ပြောပါအုံး "


     အနီရင့်ရဲ့ တုံ့ပြန် စကားကြောင့် နှင်းသီရိက ပျက်သွားတဲ့မျက်နာကို ထိန်းပြီး ပြန်ဖြေလိုက်တယ် ။


"ဟုတ်ကဲ့ ...နှင်း လိုရင်းပဲပြောပါမယ်ရှင် ..နှင်းဘက်က ပြောမှားဆိုမှားရှိခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ်နော် "


" ဟုတ်ကဲ့ ...ရပါတယ် ပြောပါ "


     အနီရင့်က ခပ်အေးအေးပြန်ပြောလိုက်တယ်။


"ဒီလိုပါ နှင်းနဲ့ မောင့် အကြောင်းကို အစ်မလဲ သိပြီးသားပဲလေ ... မောင်က သနားတတ်တဲ့အကျင့်ရှိတော့ အစ်မကို သနားခဲ့ တာပါ ...အခု အစ်မမှာ ကိုယ်ဝန်လဲ မရှိတော့ဘူးဆိုတော့ မောင့်ကို လက်လွှတ်ပေးပါတော့နော် ... အစ်မရဲ့ ဆိုင်ကိုလဲ စာရင်းအတိအကျနဲ့ပြန်အပ်ခိုင်းပါ့မယ် .. ပြီးတော့ မောင့် ရဲ့မိသားစုကိုလဲ အခု နှင်းအတွက် ငှါးပေးထားတဲ့ အိမ်ကို ပြောင်းဖို့စီစဉ်ထားကြပါတယ် ...အဲ့ဒါ မောင်က ပြောမထွက်ဘူးဖြစ်နေလို့ နှင်းလာပြောရတာပါ "


   နှင်းသီရိက စကားကို တစ်လုံးချင်းပြောပြီး အနီရင့်မျက်နှာကို ကြည့်လိုက်တယ်။


         အနိုင့်က ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ပြီးတော့ နှင်းသီရိရဲ့မျက်နှာကိုစိုက်ကြည့်ပြီး ပြောလိုက်တယ်။


"တကယ်လို့ ...ကျွန်မဘက်က လက်မလွှတ်ဘူးဆိုရင်ရော  " 


    အနီရင့်ရဲ့ မေးခွန်းကြောင့် နှင်းသီရိ သိသိသာသာ မျက်နှာပျက်သွားတယ်။ပြီးတော့ နှုတ်ခမ်းကိုကိုက်တယ်" မျက်လုံးစူးစူးတွေနဲ့ အနီရင့်ကို ကြည့်တယ်။လက်သီးကို မသိမသာ ဆုပ်လိုက်တယ်။


" တောင်းပန်လို့ မရရင်တော့   ဒီကိစ္စတွေကို မောင့် မိသားစုကို ပြောပြမှာပါ ... အနီရင့်က အခြားသူနဲ့ ရတဲ့ ကိုယ်ဝန်ကို မောင့်ကို တာဝန်ယူခိုင်းခဲ့တာတွေ.... ပြီးတော့ မောင့်က မိသားစုအတွက် ငွေရဖို့ ဟန်ဆောင် လက်ထပ်ခဲ့တာတွေကို ပြောပြလိုက်မှာပါ "


      နှင်းသီရိက ခပ်တင်းတင်းပြန်ပြောတယ်။


"အဲ့ဒီလို ပြောတာကို လင်းရိပ်က လက်ခံမှာတဲ့လား "


     အနီရင့် ထပ်မေးလိုက်တော့ နှင်းသီရိဘက်က တိတ်ဆိတ်သွားတယ်။ နှင်းသီရိရဲ့စိတ်ထဲမှာ လင်းရိပ်ရဲ့ မိသားစုနဲ့ ခြိမ်းခြောက်လိုက်ရင် အနီရင့်အလွယ်တကူလက်ခံလိုက်မယ်လို့ထင်နေခဲ့တယ် ။


"ကဲပါ ... ဒီမှာ မနှင်းသီရိ ...ကျွန်မ ရှင်းရှင်းပဲပြောမယ် ...ရှင်နဲ့ လင်းရိပ် အကြောင်းကို ကျွန်မ စိတ်မ၀င်စားဘူး ...လင်းရိပ်က မနှင်းသီရိကို အိမ်ပဲ ငှားပေးပေး ... မနှင်းသီရိ တို့နှစ်ယောက် အတူတူပဲနေနေ ကျွန်မ ဂရုမစိုက်ဘူး ... ပြီးတော့ ကျွန်မ ဆေးရုံက ဆင်းလာတာ သုံးရက်တောင်မပြည့်သေးဘူး ချက်ချင်းကြီး အိမ်ထောင်ကွဲတာဖြစ်ဖြစ် ... ကျွန်မယောက်ျားကို အိမ်ပေါ်က ဆင်းခိုင်းတာရော မလုပ်နိုင်သေးဘူးရှင့်...ကျွန်မရဲ့ သိက္ခာနဲ့ ကျန်းမာရေးထက် ဘယ်သူ့ကိုမှ ပိုပြီး ဂရုမစိုက်နိုင်ပါဘူး ... မနှင်းသီရိ အနေနဲ့ အခုလက်ရှိ ကျွန်မရဲ့ တရားဝင်လင်ယောကျာ်းဖြစ်တဲ့ လင်းရိပ်ကို လိုချင်သပဆိုရင် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါရှင် ...ဒါမှ စိတ်မရှည်လို့ ကျွန်မအကြောင်းတွေကို ပတ်ဝန်းကျင်မှာ အရှက်ခွဲ ချင်သပဆိုရင်လဲခွဲပါ ... အခြားလူတစ်ယောက်ရဲ့ စိတ်ဓါတ်ရေးရာကို  တားဆီးနိုင်စွမ်း ကျွန်မမှာ မရှိပါဘူး ... ဒီထက်ပိုပြီးလဲ ကျွန်မမှာပြောစရာမရှိတော့ပါဘူး ...မနှင်းသီရိ ပြောချင်တာရှိရင် ပြောပြီး ပြန်ပါတော့နော် ... ကျွန်မနားချင်နေပြီ ...မနှင်းသီရိလဲ နားသင့်တယ် ....မနှင်းသီရိကို ကြည့်ရတာ စိတ်တွေ အရမ်းပူလောင်နေပုံရလို့ပါ "


     အနီရင့်ရဲ့ စကားအဆုံးမှာ နှင်းသီရိ အံကိုတင်းတင်းကြိတ်လိုက်မိတယ်။အနီရင့် ဆက်ဆံပုံက သူမထင်ထားသလို ဖြစ်မလာတာမို့ ရင်ထဲ အောင့်သီးအောင့်သက်ဖြစ်နေမိတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အနီရင့်ပြောပုံအရ လင်းရိပ်နဲ့ လမ်းခွဲမယ့် သဘောရှိတာမို့ နှင်းသီရိ ကျေနပ်မိတယ်။


**************************


"တွီ.... တွီ....တွီ "


      ဖုန်းဘိုက်ဘာကနေ စာရောက်သံကြောင့် လင်းရိပ်ဖုန်းကို ကောက်ကြည့်လိုက်တယ် ။ဆိုင်က အမှာစာတွေ အမြဲရောက်တတ်တာမို့ လင်းရိပ်မှာ ဖုန်းထဲ မက်ဆေ့ ၀င်သံကြားတာနဲ့ ဖုန်းကို ချက်ချင်းယူကြည့်ရတယ်။အမှာစာကို စာရင်းသွင်းပြီး ပစ္စည်းတွေ တစ်ရက် နှစ်ရက်အတွင်း အမြန်ဆုံးပို့ဖို့ ပြင်ဆင်ရတယ်။

     လင်းရိပ် ဖုန်းကို ဖွင့့်ကြည့်လိုက်တဲ့အခါ မြင့် လိုက်ရတဲ့ ပုံတွေကြောင့် လူက ဒေါသထွက်သလိုလို ဝမ်းနည်းသလိုလို ခံစားလိုက်ရတယ်။ပုံတွေက မြတ်ဘုန်းနဲ့ အနီရင့်ရဲ့ပုံတွေ။ မြတ်ဘုန်း လှေကားကနေ တက်သွားတဲ့ပုံ၊ တိုက်ခန်းထဲဝင်သွားတဲ့ပုံတွေ။ ပို့လာတဲ့ ဖုန်းနံပတ်ကို လင်းရိပ် မသိပါ။ မြတ်ဘုန်း ကိုယ်တိုင်ပဲ ပို့လေသလား မတွေးတတ်။ဆွေးမျိုးသားချင်းတွေကိုပင် တွေ့ဖို့ ငြင်းဆန်ခဲ့တဲ့ အနီရင့်က မြတ်ဘုန်းကို ဘာလို့ တွေ့တာလဲ ။တွေးရင်းမှ လင်းရိပ်ရဲ့ ရင်ထဲ ပူလောင်လာမိသလို စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်ရတာ စိတ်မဖြောင့်နိုင်တော့ဘူး။ဖြစ်နိုင်ရင် အိမ်ကို ချက်ချင်းပြန်ပြေးသွားပြီး အနီရင့်ကို မေးလိုက်ချင်မိတယ်။


"အစ်ကို .. စာရင်းတွေမှားနေတယ်..."


     အလုပ်သမားကောင်လေးက အနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်မှ လင်းရိပ် ပစ္စုပ္ပန်ကို ပြန်သတိရမိသွားတယ်။လက်ထဲကိုင်ထားတဲ့ ဘောင်ချာကို ပြန်ကြည့်လိုက်မိတော့ စာရင်းတွေက အလွဲလွဲအချော်ချော်ဖြစ်လို့။ လင်းရိပ် စိတ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းလိုက်တယ်။ သို့ပေမဲ့လည်း စိတ်က ဖုန်းထဲက ပုံတွေကိုပဲ မြင်ယောင်နေမိတယ်။


*************************


     လင်းရိပ် နှေးကွေးလေးလံတဲ့ ခြေလှမ်းတွေနဲ့ လှေကားထစ်တွေကို နင်းတက်လာခဲ့မိတယ်။ဒီနေ့အဖို့မှာ လင်းရိပ်အနေနဲ့ အခန်းကို အမြန်ပြန်ရောက်ချင်နေသလို ပြန်လည်းမပြန်ဝံ့ဖြစ်နေမိတယ်။အိမ်ကို ရောက်တဲ့အခါ အနီးရင့်ကလမ်းခွဲစကားများ ပြောလေမလားလို့ တွေးနေမိတယ်။တကယ်ဆို လင်းရိပ်တို့ နှစ်ဦးသဘောတူထားချက်က  ကလေးမရှိတော့ရင် ပျက်ပျယ်ခဲ့ပြီလေ။ကိုယ့်လမ်းကိုယ်လျှောက်ကြရုံပင်။ဒီအခြေအနေကို လင်းရိပ် ဘာကြောင့် ကြောက်ရွံ့နေမိတာလဲ ကိုယ်တိုင် မဆန်းဆစ်ချင် မဆန်းဆစ်ရဲပါ။တကယ်တော့ လင်းရိပ်က မကောင်းတဲ့ ကောင်/ မဟုတ်လား။အနီရင့်လို မိန်းခလေးနဲ့ မထိုက်တန်တဲ့သူလေ။


*********************


     လင်းရိပ် တိုက်ခန်းရှေ့ကို ရောက်တဲ့အခါ တိုက်ခန်း၀ဟာ အရင်နေ့တွေလို မီးမဖွင့်ထားဘဲ မှောင်မိုက်နေတယ်။ လင်းရိပ် သံပန်းတံခါးသော့ကို ဖွင့်လိုက်တယ်။ပြီးတော့ အတွင်း သစ်သားတံခါးကို လက်နဲ့ အသာတွန်းကြည့်လိုက်တော့ တံခါးက ခပ်ဟဟ ပွင့်သွားတယ်။ လင်းရိပ် သစ်သားတံခါးကို ဖွင့်လိုက်တဲ့အခါ တိုက်ခန်းထဲမှာ ချောက်ချားစရာကောင်းလောက်အောင် မှောင်မည်း တိတ်ဆိတ်နေတယ်။


====================


အပိုင်း (၂၄ ) ဆက်ရန်


ဧကြည်ဖြူ


rate now: