ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
*************************
ဆေးရုံဝင်ပေါက်ရှေ့မှာ ကားရပ်လိုက်တာနဲ့ တစ်ပြိုင်နက် လင်းရိပ်ကားပေါ်က ဒရောသောပါးပြေးဆင်းခဲ့မိတယ်။ လူကစိတ်လွတ်နေသူလို ဖြစ်နေပေမဲ့ ခြေထောက်တွေက အရေးပေါ်ခန်း ရှိရာဆီကို ဦးတည်ပြီးသွားနေမိတယ်။ လင်းရိပ်စိတ်တွေပူပန်နေမိတယ်။ သူမတစ်စုံတစ်ရာဖြစ်သွားခဲ့ရင် လင်းရိပ်ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်လိမ့်မယ်မထင်။တစ်ဘ၀လုံးစာအတွက် မဟုတ်ခဲ့ရင်တောင် အချိန်တစ်နှစ်အတွင်း သူမကို စောင့်ရှောက်ပေးဖို့လင်းရိပ်ဆုံးဖြတ်ထားခဲ့တာ မဟုတ်လား။
"အစ်ကို ... အစ်ကို ...ညီမလေးက ဒီမှာ "
ခေါ် သံခပ်အုပ်အုပ်ကြောင့် လင်းရိပ်လှမ်းကြည့်လိုက်တော့ ခွဲစိတ်ခန်းရှေ့က ထိုင်ခုံတွေနားမှာ ရပ်နေတဲ့ ညီမဖြစ်သူကို တွေ့လိုက်ရတယ်။
" အ ...အလတ်မ ....သူ ...သူဘာဖြစ်တာလဲ..အခြေအနေကရော "
ညီမဖြစ်သူကို လင်းရိပ် အလောတကြီးနဲ့ မေးလိုက်မိတယ်။
" ဘာဖြစ်ကြတာလဲ ဆိုတာ ညီမလေးသေချာတော့ မသိဘူး အစ်ကို ...ညီမလေး ရောက်သွားတော့ ...မမနီရဲ့ အစ်မနဲ့အဒေါ်ကို တွေ့တယ် ...ရန်ဖြစ်နေကြပုံရတယ် ...ကြည့်ရတာ မမနီကို သူတို့ သားအမိက ဝိုင်းရိုက်ကြတာဖြစ်နိုင်တယ် ... ခု အရေးပေါ် ခွဲစိတ်နေတယ် အစ်ကို ... ကလေးအသက်ကို ကယ်နိုင်ဖို့က မသေချာဘူးတဲ့ "
ပြောရင်းနဲ့ အလတ်မလေးရဲ့အသံက တိမ်ဝင်သွားတယ်။
"ဘာ ...ဘာပြောတယ် အလတ်မ ...သူ့အစ်မနဲ့ သူ့အဒေါ်ဟုတ်လား ...ခုသူတို့ ဘယ်မှာလဲ .... ဆေးရုံကို လိုက်လာကြလား .... အစ်ကိုသွား တွေ့မယ် ... ဒီတိုင်း ငြိမ်ခံမနေနိင်ဘူး ... တောက် "
ညီမဖြစ်သူရဲ့ စကားကို ကြားလိုက်ရတော့ လင်းရိပ် တစ်ကိုယ်လုံးက သွေးတွေ ဆူပွက်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။တော်ရုံနဲ့ ဒေါသမထွက်တဲ့လင်းရိပ် ။ခုချိန်မှာ ကေဇင်ကျော်တို့သားအမိကို တွေ့ရင် တစ်ခုခုလုပ်မိမှာအသေချာတယ်။
"သူတို့ အကြောင်းကို တွေးမနေနဲ့ အစ်ကို မမနီအတွက်ပဲ ဆုတောင်း ပေးရအောင်ပါနော် ...ပြီးတော့ မမနီရဲ့ အစ်မလဲ ဆေးရုံတင်လိုက်ရတယ်လေ...မမနီကို ထားခဲ့ပြီး သားအမိနှစ်ယောက် ထွက်ပြေးရင်း .. လှေကားပေါ်က ပြုတ်ကျသွားတယ်လေ.....သူလဲ အခြေအနေစိုးရိမ်ရတယ်ထင်တာပဲ "
ညီမဖြစ်သူရဲ့ နောက်ဆက်တွဲ စကားတွေကို လင်းရိပ်မကြားနို င်ပါတော့ စိတ်က အလွန်အမင်းလှုပ်ရှားနေမိပြီး ခွဲစိတ်ခန်းတံခါး၀ဆီကိုသာကြည့်နေမီတယ်။
**************************
"အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကတော့ ကျော်လွန်သွားပါပြီ ...ကလေးရဲ့ အသက်ကို မကယ်လိုက်နိုင်တဲ့အတွက်တော့ စိတ်မကောင်းပါဘူး ... လူကြီးအတွက်ကတော့ စိတ်ချရပါပြီ... လောလောဆယ်တော့ ပိုးသတ်ခန်းထဲမှာ နေရအုံးမှာပါ "
" ကျေး ...ကျေးဇူးတင်ပါတယ် ဆရာ ''
ကျေးဇူး တင်ပါတယ်ရှင် "
တာဝန်ကျ ဆရာဝန်နဲ့ ဆရာမတွေထွက်သွားတာနဲ့ မေ့ဆေးအရှိန်နဲ့ အိပ်ပျော်နေဆဲဖြစ်တဲ့ အနီရင့်ရဲ့မျက်နာလေးကို လင်းရိပ် သနားကြင်နာစွာ ငေးကြည့်နေမိတယ်။မိဘတွ အနားမှာ မရှိတော့တဲ့အချိန်ကတည်းက ဘယ်သူ့ဆီကမှ နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပေးခြင်းကို မရခဲ့ရှာတဲ့မိန်းခလေး ။ပြီးတော့ ချစ်ဦးသူရဲ့ ပစ်ပစ်ခါခါ ရက်စက်ခြင်းကိုခံခဲ့ရရှာတဲ့မိန်းခလေ။ချစ်သူဆီကရော သွေးရင်းသားရင်းချာဆွေမျိုးတွေကပါ အနိုင်ယူ အနိုင်ကျင့်နေကြမှန်း သိသိနဲ့ အားလုံးကို ဥပေက္ခာပြုပြီး ကိုယ့်စိတ်ကိုယ် အေးချမ်းအောင် နေခဲ့တဲ့ ဒီလိုမိန်းခလေးကို အနိုင်ကျင့်တဲ့ သူမရဲ့ အမျိုးတွေကို လင်းရိပ် တူးတူးခါးခါးမုန်းတီးသွားမိတယ်။
" အစ်ကို ...ညီမလေး ပြန်လိုက်အုံးမယ် .. မိုးလဲချုပ်တော့မှာဆိုတော့ အမေစိတ်ပူနေမှာစိုးတယ် ..."
လင်းရိပ် ခေါင်းကို အသာငြိမ့် ပြလိုက်ပြီး လူနာခုတင်ဘေးက ခုံတန်းလေးမှာ ထိုင်ပြီး အနီရင့်ရဲ့မျက်နှာလေးကို သာ မမှိတ်မသုန် စိုက်ကြည်နေမိတယ်။
**********************
"သူ မလာဘူး နှင်းရယ် ငါ ဖုန်းဆက်ပြီးကတည်းက အဲ့ဒီဆေးရုံနားမှာ တစ်ဖဝါးမှ မခွါဘဲ စောင့်နေခဲ့တာ ပါ ... နင့်ထက် ဟိုမိန်းမက ငွေကြေးပိုရှိတော့ သူပါသွားတာပါ့ဟာ ... သူ့ဆိုင်ကို နင်တွေ့တယ်မဟုတ်လား "
သူငယ်ချင်း ဖြစ်သူရဲ့ စကားကြောင့် နှင်းသိရိ အောက်နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်လိုက်မိတယ်။နှင်းသီရိအတွက် လွတ်တဲ့ ငါးက ကြီးနေတယ်ဆိုတာထက် ရင်ထဲမှာမာနနဲ့ မခံချင်စိတ်က ပိုပြီး ကြီးထွားနေတယ်။ သူမလို လှပတဲ့ မိန်းခလေးအနေနဲ့ အနီရင့် ဆိုတဲ့ သာမန်မိန်းမတစ်ယောက်ကို ရှုံးနိမ့်ရတာကို ရင်ထဲမှာ ဘယ်လိုမှ မကျေနပ်နိုင်ပါ။ပြီးတော့ သူမက အကျရှုံးကြီးကျရှုံးနေချိန်မှာ သူမ စွန့်ပစ်ခဲ့တဲ့ချစ်သူဟောင်းက ကြီးပွားကောင်းစားနေတာကို မြင်ရတော့ နှင်း သိရိရင်ထဲက မကျေနပ်တဲ့အစိုင်အခဲတွေက ထုထည်ပိုကြီးမားလာခဲ့လေပြီ။မရမှန်းသိလေ အချစ်ကိုပဲဖြစ်ဖြစ် လူကိုပဲဖြစ်ဖြစ် နှင်းသီရိရယူပိုင်ဆိုင်ချင်စိတ်တွေ ပိုမိုလာခဲ့တယ် ။ရဲမင်းတက်လိုလူမျိုးထက်စာရင် လင်းရိပ်လို သူမအပေါ်ကို အလိုလိုက်အကြိုက်ဆောင်ချစ်ခင်သည်းခံပေးခဲ့တဲ့သူမျိုးကို လက်လွှတ်ဆုံးရှုံးမခံချင်ပါ။ ပြီးတော့ လင်းရိပ်ရဲ့ အတုအယောင် အိမ်ထောင်ရေးကိုလဲ ကာယကံရှင် ဖြစ်တဲ့ အနီရင့်ဆိုတဲ့ မိန်းမဆီက ကြားသိခဲ့ရပြီးပြီးမို့ နှင်းသီရိ နောက်မဆုတ်ချင်တော့ဘူး။ ကကယ်ဆို ချစ်သူ လင်းရိပ်နဲ့ အနီရင့်တို့ရဲ့ အဖြစ်မှန်ကို သိရဖို့အတွက်တောင် နှင်းသီရိ ဘယ်လောက် ကြိုးစားခဲ့ရလဲ။အနီရင့်ရဲ့ ကိုယ်ဝန်အကြောင်းကို ဖွင့်ပြောပြီး အဖြစ်မှန်တွေကို မပြောပြရင် ချစ်သူလင်းရိပ်ရဲ့မိခင်ကို ပြောပြပစ်မယ်" လို့ခြိမ်းခြောက်ခဲ့ရတာလေ။ ဒီအခြေအနေထိ ရောက်လာခဲ့ပြီးမှတော့ နှင်းသီရိ နောက်မဆုတ်ချင်တော့ဘူး ။
**************************
" ဒေါက် ...ဒေါက် "
တံခါးခေါက်သံကြောင့် လင်းရိပ် အခန်းဝကို လှည့်ကြည့်လိုက်တော့ အနီရင့်ရဲ့ အဘွားနဲ့ ကြီးတော်ဖြစ်သူကို တွေ့လိုက်ရတယ်။တံခါးက လော့မချထားတာမို့ သူတို့က တံခါးကို တွန်းဖွင့်ပြီးအခန်းထဲကို၀င်လာကြတယ်။သူတို့ကို ကြည့်ပြီး လင်းရိပ် ဒေါသထောင်းခနဲ ထွက်သွားမိပေမဲ့ စိတ်ကို ပြန်ထိန်းလိုက်ပြီး ထိုင်ရကနေ အသာထသွားလိုက်တယ်။
" သူ သတိမရသေးပါဘူး ...အဘွားတို့နောက်မှ လာကြပါ "
လင်းရိပ်ပြောလိုက်တော့ အဘွားနဲ့ကြီးတော်ဖြစ်သူက မျက်နှာထားတွေတင်းသွားကြပြီး အသံမာမာနဲ့ ပြောကြတယ်။
"ခဏလေး ကြည့်မှာပါ ...ဘာလဲ ကြည့်လို့မရဘူးလား "
" ကျွန်တော် တောင်းပန်ပါတယ် အဘွား ... ဖြစ်နိုင်ရင် ကျွန်တော့် မိန်းမကို အဘွားတို့အိမ်က ဘယ်သူနဲ့မှ ပေးမတွေ့နိုင်ပါဘူး ... ဒါကြောင့် ပြန်ကြပါလို့ တောင်းပန်ပါတယ်... ကျွန်တော့် မိန်းမကို ကျွန်တော် စောင့်ရှောက်နိုင်လို့ အဘွားတို့ စိတ်ချလက်ချ ပြန်ကြပါနော် "
လင်းရိပ်က အနီရင့်ရဲ့ ဘွားအေ ဖြစ်သူနဲ့ ကြီးတော်ကြီးရှေ့က ပိတ်ကာရပ်ပြီး ပြောလိုက်တယ်။
" ဪ ...အေးပါ ... ငါတို့က ဆိုင်သာဆိုင်ပြီး မပိုင်တော့ မင်းက ပြောရဲတာပေါ့ ... ငါ့မြေးလေး သက်သာ ရဲ့လားလို့ သိချင်လို့လာခဲ့ တာပါ ...တွေ့ခွင့်မရှိဘူးဆိုတော့လဲ ပြန်ကြရုံပေါ့ "
မကျေမနပ် ပြောဆိုနေကြတဲ့ အနီရင့်ရဲ့ဘွားအေ ဖြစ်သူနဲ့ကြီးတော်ဖြစ်သူကို လင်းရိပ် ဘာမှပြန်ပြောချင်စိတ်မရှိတာမို့ ကျောခိုင်းလိုက်ပြီး အနီရင့်ရှိရာလူနာခုတင်ဆီကိုသာ လှမ်းလျှောက်လာခဲ့တယ်။
*************************
" ဘာ ဘာပြောတယ် ...ငါ့...ငါ့မြေးလေး အောက်ပိုင်း မလှုပ်ရှားနိုင်တော့ဘူး ဟုတ်လား "
ဘွားအေးဖြစ်သူက အထိတ်တလန့် မေးလိုက်တယ်။ပြီးတော့ သည်းအူး ပြတ်မတတ် ငိုကြွေးနေတဲ့ ကေဇင်ကျော်ကိုကြည့်ပြီးတစ်မိသားစုလုံးမျက်ရည်စက်လက်ဖြစ်နေကြရတယ်။အထူးသဖြင့် မိခင်ဖြစ်သူ ဒေါ်ဌေးဌေးမူမှာရင်ထုမနာ အဖြစ် ဆုံးပါပင်။အကြောင်းမှာ ကေဇင်ကျော်ရဲ့အဖြစ်အပျက် အစုံစုံမှာ သူမရဲ့ စီမံကွပ်ကဲမှုအောက်မှာပင် အလုံးစုံဖြစ်ပျက်ခဲ့ခြင်းမဟုတ်ပါလား။ လူနာခုတင်ထက်မှာရှိနေတဲ့ ကေဇင်ကျော်ကို ကြည့်ပြီး ဘွားအေးဖြစ်သူနဲ့ ကြီးတော်ဖြစ်သူက နှမြောတသစွာ ရှိုက်ကြီးတငင် ငိုကြွေး ကြတယ်။ဖခင်ဖြစ်သူက မချိတင်ကဲဖြစ်လို့။မောင်ဖြစ်သူကတော့ ခုတင်ထက်က အစ်မဖြစ်သူကို စိတ်မကောင်းခြင်းကြီးစွာနဲ့ငေးကြည့်နေတယ် "
"ဒါနဲ့ ...ဟိုကောင် မြတ်ဘုန်းမလာဘူးလား "
ကြီးတော် အပျိုကြီးက ငိုနေရင်းက ဒေါသသံနဲ့ မေးလိုက်တယ်။ ဒီမေးခွန်းကို ပြန်ဖြေမယ့်သူ ပင်မရှိ။
"ဒါနဲ့ ..ကေသီတို့ကရော မလာကြဘူးလား ...လူအသစိတ်မရှိတဲ့ဟာတွေ "
ဘွားအေ ဖြစ်သူက ဒေါသတကြီး နုံ့ ပြောလိုက်တယ်။
"တော်ပါတော့ အမေ ... ကိုယ်ပိုင် သီးသန့်ခန်းထဲမှာ ဆိုပေမဲ့ ... လူကြားလို့ မကောင်းပါဘူး ...မပြောပါနဲ့တော့ ... မောင်မြတ်ဘုန်းရဲ့မိသားစုတွေ လာရင်လဲ ရှည်ရှည်ဝေးဝေးတွေ မပြောကြပါနဲ့တော့ ရှက်စရာကောင်းလှပါတယ် ....ပြီးတော့ ဌေးဌေးမင်းတို့သားအမိလဲ အနီရင့်ကို သွားထောင်ပန်းဖို့ မမေ့ကြပါနဲ့ "
ကေဇင်ကျော်ရဲ့ ဖခင်ဖြစ်သူက ၀င်ပြောတယ်။
"ဟဲ့ ...တောင်းပန်ရအောင် အသထား ... သူ့ယောကျာ်းက ငါတို့ကို အခန်းထဲ တောင် ပေးမ၀င်ဘူးဟဲ့ ....သိရဲ့လား "
ဘွားအေ ဖြစ်သူက မကျေမနပ်နဲ့ထပြောလိုက်တယ်။
" ဪ ဟုတ်လား ... သူတို့ဘက်က တွေးကြည့်တော့လဲ ဒီလောက်တော့ ရှိမှာပေါ့လေ ....ကဲ အမေရောအားလုံး ပြန်ကြပါတော့ ...ကျွန်တော့နံ့ သူ့အမေပဲ နေခဲ့မယ် "
ဖခင်ဖြစ်သူက အားလုံးကို ပြောလိုက်ရင်း သမီးဖြစ်သူ ကေဇင်ကျော်ရဲ့ ခုတင်ဘေးက လူနာစောင့်ခုံမှာ ဝင်ထိုင်လိုက်တယ်။ပြီးတော့ သမီးဖြစ်သူရဲ့ လက်ကလေးကို ဖျစ်ညှစ်ကိုင်လိုက်ရင်း အားပေး နှစ်သိမ့်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။
*************************
နီးတစ်ဝက်သိတစ်ဝက်စိတ်နဲ့ လန့်နိုးလာချိန်မှာ အနီရင့် ခံစားသိရှိလိုက်တာက တစ်စုံတယောက်က အနီရင့်ရဲ့လက်ကို ဆုပ်ကိုင်ထားတယ်ဆိုတာပဲ။မျက်လုံးတွေ မှိတ်ထားပေမဲ့ ခံစားသိရှိ နေတဲ့ အလင်းရောင်စူးစူး ။တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင် ။အနီရင့် အဖြစ်အပျက်တွေကို ပြန်စုစည်းမိချိန်မှာ စားပွဲစွန်းပေါ်ကို တွန်းချ ခံခဲ့ရတဲ့အဖြစ်ကို အမှတ်ရလိုက်မိတယ်။အသိတရားတွေကို စုစည်းလိုက်မိတာနဲ့ အနီရင့်မျက်လုံးကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်မိတယ်။မျက်လုံးဖွင့်ဖွင့်ခြင်းမှာ အနီးရင့်မြင်လိုက်ရတာက မျက်နှာကြက် ဖြူဖြူရယ် လင်းထိန်နေတဲ့ မီးလုံးတွေကိုတွေ့လိုက်ရတယ်။အနိရင့် မျက်လုံးကို အသာပြန်မှိတ်လိုက်ပြီး ခေါင်းကို ဘေးကို စောင်းလိုက်ပြီး မျက်လုံးကို အသာပြန်ဖွင့် ကြည့်လိုက်တော့ လူနာစောင့် ခုံတန်းပေါ်မှာထိုင်ရင်းမှ ခုတင်ပေါ်မှာ ခေါင်းကို မှေးတင်ပြီး အိပ်ပျော်နေတဲ့လင်းရိပ်ကို တွေ့လိုက်ရတယ်။လူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရပေမဲ့ သူ့ရဲ့လက်တစ်ဖက်က အနီရင့်ရဲ့ လက်ကို လုံးဝမလွှတ်ဘဲ ဆုပ်ကိုင်ထားတယ် ။အနီရင့်လက်ကို မရုန်းဖယ်ရက်။ သူ့ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်စေချင်မိတယ်။ ဒီလူသားလေးဟာ ရောဂါသည် မိခင်ကြီးရယ် ချစ်ရသူရယ် ပြီးတော့ သူ့ဘ၀ကို ပိုပြီးရှုပ်ထွေးစေမိတဲ့ အနီရင့်ရယ်ကြောင့် အလွန်အမင်းကိုပင်ပန်းနေရှာလိမ့်မယ် ထင်ပါတယ်။ချစ်ခင်ရသူတွေရဲ့ ဒုက္ခတွေမှန်သမျှကို ပခုံးပေါ်ထမ်းထားရှာတဲ့လူသားလေး ။ အနီရင့် ဒီလူသားလေးကို သူချစ် ခင်ရသူတွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေချင်မိတာအမှန်ပါပင်။အနီရင့်အတွေးပေါင်းစုံကိုတွေးနေမိပြီး ကလေးငယ်တစ်ယောက်လို အိပ်မောကျနေတဲ့ သူ့မျက်နှာလေးကို ငေးကြည့်နေမိတယ်။ နဖူးပြင်ပေါ်ကို ဆံပင်တွေ ဖရိုဖရဲ ဝဲကျနေပုံက သူ့မျက်နှာလေးကို ပိုပြီး နုငယ်သွားစေသလိုပါပင်။ အနီရင့် သူ့မျက်နှာလေးကို ငေးကြည့်ရင်း ရင်တွေ တထိတ်ထိတ် လှုပ်ရှားခုန်လှုပ်လာတာမို့ မျက်ဝန်း အကြည့်တွေကို လွှဲလိုက်ပြီး လက်တစ်ဖက်က မိမိရဲ့ ဝမ်းဗိုက်ဆီကို အလိုလို စမ်းမိသွားတယ်။
" ဟင် "
ဝမ်းဗိုက်ပေါ်ကို လက်တင်လိုက်မိတာနဲ့ တစ်ပြိုင်နက် အနီရင့်တစ်ကိုယ်လုံး ကျင်စက် နဲ့ အတို့ခံလိုက်ရသလို တဆတ်ဆတ် တုန်ယင်လာမိပြီး ခံစားချက် အသိက လစ်ဟာမှုကို ချက်ချင်း သိရှိလိုက်တယ်။
"အဟင့်...." အနီရင့်စိတ်ကို ထိန်းချုပ်ထားတဲ့ကြားက " အင့် "ခနဲ ရှိုက်သံတစ်ချက် ထွက်သွားမိတယ်။
" နီ ....နီ ...နိုးပြီလားဟင် .... ကိုယ့်ကို မှတ်မိတယ်မဟုတ်လား ...နေသာရဲ့လား ...ဘယ်နေရာက နာနေသေးလဲဟင် "
အနီရင့်ဆီမှ " အင့်" ခနဲ ရှိုက်သံသဲ့သဲ့ ထွက်သွားချိန်မှာ ချက်ချင်း နိုးလာတဲ့လင်းရိပ်။ နိုးလာတာနဲ့ အနီရင့်ကို ပျာပျာသလဲ စိုးရိမပူပန်နေရှာတဲ့ လင်းရိပ်။ လင်းရိပ်ရဲ့စိုးရိမ်တကြီးနဲ့ မေးသံကိုကြားလိုက်ရမှ အနီရင့်ရင်ထဲ တလှိုက်လှိုက်နဲ့ ဝမ်းနည်းမှုက ပိုလာပြီး မျက်ရည်ပေါက်ကြီးတွေ ပါးပြင်ပေါ်ကို တလိမ့်လိမ်းစီးကျလာတယ်။
ဝမ်းပန်းတနည်း ငိုကြွေးနေတဲ့ အနီရင့်ကိုယ်လုံးလေးကို လင်းရိပ်ခပ်ဖွဖွ ထွေးဖက်လိုက်ရင်း တောင်းပန်စကားတွေ တတွတ်တွတ်ဆိုလိုက်မိတယ်။
"တောင်းပန်းပါတယ်... ကျွန်တော် တောင်းပန်ပါတယ် နီရယ် ... ကျွန်တော် ဒီထက်ပိုပြီး ဂရုစိုက်ပေးခဲ့ရမှာကို ... မင်းမှာ ဘာပြဿနာတွေဖြစ် နေလဲ ဆိုတာတောင် မသိခဲ့မိတာကို တကယ် တောင်းပန်ပါတယ်ကွာ..."
တိတ်ဆိတ်နေတဲ့ ညဉ်ယံမှာ အနီရင့်ရဲ့ ခပ်တိုးတိုး ငိုရှိုက်သံက ဆေးရုံကြီးရဲ့ ပိုးသတ်ခန်းထဲမှာ ပျံ့လွှင့်နေတယ်။
************************
တအင့်အင့် ငိုရှိုက်သံကြောင့် လန့်နိုးလာတဲ့ ဒေါ်ဌေးဌေးမူ။ အိပ်ချင်မူးတူးနဲ့ ငိုသံကြားရဆီကို ကြည့်လိုက်မိတော့ လူနာခုတင်ထက်က စောင်ခြုံထားတဲ သမီးဖြစ်သူ ကေဇင်ကျော်ရဲ့ ခန္ဓာကိုယ်လေး တသိမ့်သိမ့်လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်။ ဒေါ်ဌေးဌေးမူ တစ်ယောက် သမီးဖြစ်သူကို ဘယ်သို့ ဘယ်ပုံ နှစ်သိမ့်ရမှန်းမသိတော့ပါလေ။ အကြင်နာတရားကင်းမဲ့လှတဲ့ သမက်ဖြစ်သူကလဲ ဆေးရုံကို တစ်ခေါက် တစ်ကျင်းမှပင် ရောက်မလာခဲ့။ ဘာပဲဖြစ်ဖြစ် သမီးဖြစ် သူကေဇင်ကျော်က သူ့ယောကျာ်းမြတ်ဘုန်းကို မျှော်လင့်နေတယ်ဆိုတာကို ဒေါ်ဌေးဌေးမူသိတာပေါ့။ဒါပေမဲ့လဲ ဒေါ်ဌေးဌေးမူ ဘယ်လိုမှ မတတ်နိုင်ပါ။ မြတ်ဘုန်က မနေ့က မနက်ထဲက အစအန သတင်းလေးမှမရအောင် ပျောက်ကွယ်သွားခဲ့လေပြီ။မိန်းမဖြစ်သူ ကေဇင်ကျော်ရဲ့ သတင်းကို မြတ်ဘုန်းသိချင်လဲ သိပေလိမ့်မယ်။သို့ပေမဲ့ မြတ်ဘုန်း တစ်ယောက် ဆေးရုံသို့ ရောက်မလာခဲ့ပါ။ဒေါ်ကေသီတို့ မိသားစုလဲ ၀တ္တရားအရသာ ဆေးရုံကို တစ်ခေါက်ရောက်လာခဲ့တယ်။ ရောက်လာတော့လဲ ဆေးရုံဝင်းထဲ ဟိုကြည့်ဒီကြည့်နဲ့ မီးယပ်သားဖွားဆောင်ဘက်ကို ဒေါ်ကေသီသွားချောင်းတာကို ဒေါ်ဌေးဌေးမူ သိတာပေါ့။ဆေးရုံမှာ ဖြစ်နေတာမို့ အစစအရာရာကို ဒေါ်ဌေးဌေးမူ သည်းခံနေခဲ့တာ။ သမီးဖြစ်သူဆေးရုံကဆင်းရင် တော့ ဒီပြဿနာကို အရင်ဖြေရှင်းဖို့ ဒေါ်ဌေးဌေးမူ ဆုံးဖြတ်ထားပြီးသားပင်။
*************************
"သား...မင်းဒီတိုင်း ထွက်သွားလိုက်တော့ ... အမေကတော့ ငါ့သားကို ဒီကို ပြန်မလာစေချင်တော့ဘူး...အနီရင့်ဆီက အမေတို့ရဲ့ မြေးလေးလဲ ပျက်စီးဆုံးရှုံးသွားပြီ... ပြီးတော့ သားကို အောက်ပိုင်းသေသွားတဲ့သူနဲ့လဲ မပေါင်းစေချင်တော့ဘူး..."
"ကေသီ ....မင်း ...မင်းကွာ ...သားသမီးချင်းမစာနာလိုက်တာ ...ခုချိန်မှာ ကေဇင်ကျော်က မင်းရဲ့ ချွေးမ .. မင်းရဲ့သား တရားဝင် ယူထားတဲ့ဇနီးမယားဆိုတာသိရဲ့လား ...ပေးစမ်း အဲ့ဒီဖုန်း ... အဲ့ဒီကောင်နဲ့ငါစကားပြောမယ်"
ဒေါ်ကေသီမှာ သားဖြစ်သူနဲ့ဖုန်းခိုးပြောနေတုန်း ယောကျာ်းဖြစ်သူ ရောက်လာပြီး ဒေါသတကြီး ပြောလိုက်တာမို့ လန့်ဖျပ်ပြီးလက်ထဲကဖုန်းကို ထိုးပေးလိုက်မိတယ်။
"ဟေ့ကောင် မြတ်ဘုန်း ....မင်းယောကျာ်းမဟုတ်ဘူးလား ...မင်း ပြဿနာကို မင်းလာရှင်း ....ပြဿနာတစ်ခုဖြစ်လာရင် ထွက်ပြေးတာ ယောကျာ်း အလုပ်မဟုတ်ဘူးကွ...မင်းမှာ နှမသားချင်းစာနာစိတ်မရှိဘူးလား ... မင်း မနက်ဖြန် ချက်ချင်း ပြန်လာခဲ့ ... ငါနှစ်ခွန်းမပြောဘူးနော် "
ဒေါ်ကေသီက ယောက်ျားဖြစ်သူ ပြန်ပေးတဲ့ ဖုန်းကို ကတုန်ကယင်နဲ့ လှမ်းယူလိုက်ရင်း လည်ချောင်းဝကို တစ်ဆို့ တိုးထွက်လာတဲ့ ဒေါသတွေကို ကြိတ်မှိတ် မျိုသိပ်လိုက်ရတယ်။
***************************
တစ်ဖက်မှာလည်း မြတ်ဘုန်းမှာ ပြည်ပအထိ ထွက်ခါဖို့ အစီအစဉ်တွေချပြီးပြီမို့ မိဘအိမ်ကို ဖြစ်စေ၊ ကေဇင်ကျော်တို့ အိမ်သို့ ဖြစ်စေ ပြန်ရန်ရည်ရွယ်ချက်မရှိပါ။ဖြစ်နိုင်ရင် အနီရင့်ကို ခဏလောက်တွေ့သွားချင်ပေမဲ့ ကေဇင်ကျော်နဲ့ တစ်ဆေးရုံတည်းမှာဆိုတော့ မြတ်ဘုန်းလက်လျှော့လိုက်ရတယ်။ကလေး ဆုံးရှုံးသွားရတဲ့အတွက် မြတ်ဘုန်း ရင်ထဲမှာ နှမြောတသသလိုဖြစ်မိပေမဲ့ သူ့အတွက် ချစ်ရသူအနီရင့်က ပိုအရေးကြီးတာမို့ အနီရင့်အသက်အန္တရာယ်ကင်းတာကိုပဲ မြတ်ဘုန်း ဝမ်းသာပျော်ရွှင်နေမိတယ်။ကေဇင်ကျော်အောက်ပိုင်း မလုပ်ရှားနိုင်တော့တဲ့ သတင်းကိုလဲ ကြားပေမဲ့ မြတ်ဘုန်းစိတ်မကောင်းဖြစ်မိရုံမှအပ ဘာခံစားချက်မရှိပါ ။ အတူနေခဲ့ရတဲ့ လပိုင်းအတွင်း သံယောစဉ်တွယ်ဖို့နေနေသာသာ သားအမိနှစ်ယောက်ပေါင်းပြီး မြတ်ဘုန်းဆီက ရသမျှ ချူယူခဲ့တာတွေအတွက် အရင်ကထားခဲ့တဲ့ သံယောစဉ်လေးပင် ကုန်ခမ်းသွားခဲ့ရတဲ့ အဖြစ် ။ ပိုဆိုးတာက ပြဿနာတွေ ဒီလောက် ဖြစ်နေတဲ့ကြားက အနီရင့်ကို ထိခိုက်အောင်လုပ်ခဲ့တာကို မြတ်ဘုန်းလုံးဝခွင့်မလွှတ်နိုင်ပါ။ မြတ်ဘုန်း တွေးနေတာက ဒီနိုင်ငံမှ အမြန်ဆုံးထွက်သွားရဖို့ပင်။ မြတ်ဘုန်းရဲ့အိမ်ထောင်ရေးကိစ္စမှာ ဖခင်ကြီး ဝင်ပါလာမှာကို မြတ်ဘုန်း အကြောက်ဆုံးပါပင် ။ မြတ်ဘုန်းရဲ့ဖခင်ကြီးက သားသမီးတွေရဲ့ ကိစ္စတွေမှာ ဝင်ပြော ဝင်ပါလေ့ရှိသူမဟုတ်ဘူး ။ဒါကြောင့်မို့ အနေအေးစကားနည်းပေမဲ့ တစ်ခွန်းဆို ဆိုသလောက်ထိထိရောက်ရောက် ပြောတတ်ဆိုတတ်တဲ့ ဖခင်ကြီးနဲ့ထိပ်ထိုက်ရင်ဆိုင်ရမှာကို မြတ်ဘုန်း အကြောက်ဆုံးပင်။
*********************
" သမီးရေ ... နင့်အစ်မ သက်သာတယ်သာ ပြောတယ် ... နင့် အစ်ကိုလဲ အမေတို့ဆီကို မလာပါလား ... နင့်အစ်မသက်သာရဲ့လားကွယ် ... ကိုယ်ဝန် ရောအဆင်ပြေရဲ့လား
မိခင်ဖြစ်သူရဲ့ စကားကြောင့် အလတ်မမှာ ဘာဖြေလို့ ဖြေရမှန်းမသိ ဖြစ်သွားမိတယ်။"မမနီ နေမကောင်းဘူး' လို့ပဲ မိခင်ကို ပြောပြထားရတာ ။ မမနီ သူ့အမျိုးတွေနဲ့ရန်ဖြစ်တဲ့ အကြောင်း၊ ကလေးမရှိတော့တဲ့ အကြောင်းတွေကို မပြောရဲပါ။ ခုမှ သက်သာလာစ မိခင်ကို စိတ်သော မခံစားစေလိုပါ။ ဒီကြားထဲမိခင်ကြီးက "အမေ မသေခင်လေး မြေးလေးတစ်ယောက်လောက်ကို ချီသွားခွင့်ရချင်တယ် သမီး "ရဲ့ ဆိုတဲ့ စကားတွေကို ပြန်ကြားယောင်နေမိပြီး မိခင်ကြီးကို အဖြစ်မှန်တွေ အလတ်မ လေးပြောမထွက်ဘူး။
************************
" နှင်း...နှင်းရေ...ငါသိခဲ့ရပြီ သူငယ်ချင်း ... ငါအကုန်သိခဲ့ရပြီ သိလား "
"ဘာ ...ဘာလဲ .. ဘာအကြောင်းတွေလဲ ... မောင် ငါ့ဆီကို ဘာလို့ မလာတာလဲ "
အသံနဲ့အတူဝင်လာတဲ့ သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး နှင်းသီရိ အလောတကြီးမေးလိုက်မိတယ် ။ဆေးရုံတက်နေရတယ်လို့ မောင့်ကို ညာခေါ်ခဲ့ပေမဲ့ မောင်က ဆေးရုံကို လုံး၀ ရောက်မလာခဲ့ပါတဲ့။ဖုန်းဆက်တော့လည်းမကိုင်နဲ့ စိမ်းကား ရက်စက်လွန်းတဲ့ မောင်ကို နှင်းသီရိ နာကြည်းမုန်းတီးလာမိသလိုပါပင်။
"ဘာ ...တ ...တကယ်လား ....ဒါဆို ကိုယ်ဝန်မရှိတော့ဘူးပေါ့ "
" အေးပေါ့ဟဲ့...ငါ့အသိ တစ်ယောက်ကို ငွေနည်းနည်းပေးပြီး သူတို့ တက်နေတဲ့ဆေးရုံအထိ သွားစုံစမ်းခိုင်းလိုက်တာလေ"
သူငယ်ချင်းဖြစ်သူဆီက ကြားလိုက်ရတဲ့ စကားကြောင့် နှင်းသီရိကျေနပ်ပျော်ရွှင်သွားမိတယ်။ဒီသတင်းသာ အမှန်ဆိုရင် နှင်းသီရိအတွက် အခွင့်အရေးတွေ ထပ်မံရောက်ရှိလာတာမဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် နှင်းသီရိ ဆီမှာ ရဲမင်းထက်ပေးထားတဲ့ ငွေတွေ ကျန်သေးတာမို့ ဒီပွဲမှာ အနိုင်ရဖို့ နင်းသီရီဘက်က အစွမ်းကုန် ကြိုးစားသွားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။
====================
အပိုင်း ( ၂၃ ) ဆက်ရန်
ဧကြည်ဖြူ