ဧကြည်ဖြူ
"ရင်ဘတ်ပေါ်ကနှင်းဆီ "
**************************
" မင်းတို့သားအမိက သိပ်ကို လည်နေကြတယ်ပေါ့ ဟုတ်လား ကေဇင်ကျော် "
ကေဇင်ကျော်နဲ့ ဒေါ်ဌေးဌေးမူတို့မှာ ဝုန်းခနဲ ပွင့်လာတဲ့ တံခါးနဲ့အတူ ဒေါသတကြီး ပြောလိုက်တဲ့ မြတ်ဘုန်းကို တွေ့လိုက်ရတာမို့ အလန့်လန့်အဖျပ်ဖျပ် ဖြစ်သွားကြတယ်။
" ကို ...ကိုဘုန်း ...ဘယ်တုန်းက ရောက်နေတာလဲ "
ကေဇင်ကျော်က မြတ်ဘုန်းကို အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်တယ်။
"ငါ ဘယ်အချိန်ကရောက်တာလဲက အရေးမကြီးဘူး ...မင်းတို့ သားအမိ ငါ့အပေါ် ဘာတွေ လိမ်ညာထားသေးလဲ အကုန်ပြော ..."
"ဒီမှာ မောင်မြတ်ဘုန်း မင်းစကားပြောတာ ရိုင်းလှချည်းလား ... သူများသားပျိုသမီးပျိုကို လွန်လွန်ကျူးကျူး ဖြစ်ထားရင် တာဝန်ယူရမှာပဲကွ သိရဲ့လား ...ငါတို့ဘက်က ဘာမှမလွန်ဘူးဟေ့ "
ဒေါ်ဌေးဌေးမူက မြတ်ဘုန်းကို ဒေါသတကြီးနဲ့ ပြန်ပြောလိုက်တယ်။
"ဟုတ်တယ် ကျွန်တော့်ရဲ့ အမှားတွေ အတွက် ကျွန်တော်တာဝန်ယူပြီးပြီလေ ... တောင်းသမျှ ငွေလဲ ထုတ်ပေးနေတာကို မကျေနပ်နိုင်ကြဘူးလား ...သူ့ဘ၀နဲ့ သူဖြစ်နေတဲ့သူကို ဘာလို့ သွားနှောက်ယှက်နေကြတာလဲ "
" ဪ ... ဘာများလဲလို့ ...ရှင့်ဟာမကို ထိလို့ နာနေတာကို ... ဟိုက အကုန်သံတော်ဦးတင်လိုက်ပြီးပေါ့ ဟုတ်လား
" မင်းက မယားငယ်မကို ထိလို့ ငါတို့ သားအမိကို ရန် လာလုပ်တာပေါ့လေ ဟုတ်လား "
"ဒုန်း "
ကေဇင်ကျော်နဲ့ ဒေါ်ဌေးဌေးမူတို့ရဲ့ စကားကြောင့် မြတ်ဘုန်းရဲ့ဒေါသတွေ အထွတ်အထိပ်ကိုရောက်သွားပြီး တံခါးကို ခြေထောက်နဲ့ ဆောင့်ကန် ပစ်လိုက်ရင်း ပြန်အော်လိုက်တယ်။
" လူကြီးပီပီ စကားကို ဆင်ခြင်ပြောစမ်းပါဗျ ....သမီးကို ဗန်းပြပြီး မြူဆွယ်ခဲ့တာ ဘယ်သူလဲ ... တစ်မိသားစုလုံးပေါင်းပြီး အိမ်ထဲမှာ နှစ်ယောက်တည်း ကျန်အောင် အကွက်ဆင်ခဲ့တာ ဘယ်သူတွေလဲ ... ဒါတွေကို သိသိနဲ့ ကျွန်တော် တဏှာရူးခဲ့တဲ့ အပြစ်ဒဏ်လို့ တွေးပြီး သည်းခံပြီးနေခဲ့တာ ... ဒါပေမဲ့ ခင်ဗျားတို့သားအမိက လွန်နေပြီ ...လူကိုရလဲ မကျေနပ် ... ငွေကိုရလဲ မတင်းတိမ်နိုင်ကြဘူးလား "
" ဟဲ့ ...ဟဲ့ ...ဘာတွေ ဖြစ်နေကြတာတုန်း ....မောင်မြတ်ဘုန်း မင်းပြောတာတွေ ရိုင်းလှချည်လား "
အပေါ်ထပ်ကဆူညံဝုန်းဒိုင်းကြဲနေတဲ့ အသံတွေကြောင့် ဘွားအေဖြစ်သူက အပေါ်ထပ်ကိုတက်လာပြီး အသံနက်ကြီးနဲ့အော်လိုက်တယ်။
"ကဲ ..ဘာတွေ ဖြစ်နေကြတာလဲ ပြောကြစမ်း ...မောင်မြတ်ဘုန်း မင်းအရင်ပြော "
အဘွားကြီးက မြတ်ဘုန်းကို အရင်ပြောလိုက်တယ်။
" ကျွန်တော် ဘာမှ မရှင်းပြချင်တော့ဘူး အဘွား ... ကျွန်တော် ကွာရှင်းချင်တယ် ...ကေဇင်ကျော်နဲ့ မပေါင်းနိုင်တော့ဘူး ... ဒီအိမ်ကနေ ဒီနေ့ပဲ ထွက်သွားတော့မယ် "
" ဘာ ..ဘာပြောတယ် မောင်မြတ်ဘုန်း "
"ကိုဘုန်း .. ရှင် ...ရှင် ...ဒါ ဘာအချိုးချိုးတာလဲဟင် ..ဘာလဲ ရှင် ဟာမဆီကို ပြန်သွားမယ်ပေါ့ လေ ဟုတ်လား "
" မင်းပါးစပ်ကို ပိတ်ထားစမ်း ကေဇင်ကျော် ...မင်းစိတ်နဲ့နှိုင်းမနေနဲ့ ...မင်းကိုစိတ်ကုန်လွန်းလို့ ရွံလွန်းလို့ မင်းနဲ့ အတူမနေနိုင်တော့ဘူး ...မင်းလိုချင်တာက ငါရှာတဲ့ငွေ မဟုတ်လား .. မင်းကို လျှော်ကြေးပေးမှာပါ "
" မင်း ...မင်း လွန်လှချည်လား မြတ်ဘုန်းရဲ့ ...ငါ့သမီးက မင်း စွန့်ပစ်ချင်တိုင်း စွန့်ပစ်ရအောင် ...အနီရင့်လို အပေါစားမိန်းမ မဟုတ်ဘူး သိရဲ့လား .. မင်းစိတ်ထင်တိုင်းလုပ်ကြည့်လိုက်ပါ ...မင်းကို ငါကိုယ်တိုင် ထောင်ချပစ်မယ် "
"ဒုန်း "
"ဝုန်း "
"ကြိုက်သလိုလုပ်ကြပါ ...ဒီထက်ပိုပြီး စိတ်ဆင်းရဲရမဲ့ ဘ၀လဲ ရှိမှာမဟုတ်တော့ပါဘူး "
မြတ်ဘုန်းက ဒဒေါ်ဌေးဌေးမူကို ဂရုမစိုက်သလို ပြန်ပြောလိုက်ပြီး ဗီဒိုဘေးက ခုံကိုကန်ထုတ်လိုက်တယ်။ပြီးတော့ ဗီဒိုထဲက သူလိုချင်တာတွေကိုယူပြီး လက်ဆွဲအိတ်ထဲကို သိမ်းကျုံးထည့်လိုက်တယ်။
"ဟဲ့ ...ဟဲ့ ပြောနေရင်း ဘာတွေဖြစ်နေကြတာလဲ ငါ့ကိုလဲ ပြောကြပါအုံး "
ဘွားအေ ဖြစ်သူက ထအော်တယ် ။ဘယ်သူကမှာ အဘွားကြီးကို ပြန်မဖြေကြဘူး။
" သား ... မြတ်ဘုန်း ဘာဖြစ်တာလဲ ...အမေတို့ဘက်ကပါ အသံတွေ ကြားရတယ် ..."
အသံနဲ့အတူဝင်လာသူက မြတ်ဘုန်း၏ မိခင် ဒေါ်ကေသီပင်။
"ဘာဖြစ်ရမှာလဲ ကေသီရဲ့ ...နင့်သားက ခွေးဇာတ်ခင်းဖို့လုပ်နေတာလေ "
ဒေါ်ဌေးဌေးမူက ဒေါ်ကေသီကို ပြောလိုက်တယ်။
" ကျွန်မသားက ဘာလုပ်လို့လဲ ...ဘာတွေဖြစ်နေတာလဲ သား ...အမေ့ကို ပြောအုံး "
" လာပါ အမေ ... နောက်တော့ သားရှင်းပြပါ့မယ် ...ခုတော့ သားတို့ သွားကြရအောင် "
မြတ်ဘုန်းက မိခင်ဖြစ်သူရဲ့ လက်ကို ဆွဲပြီး အပြင်ကို ခေါ်ထုတ်ခဲ့တယ်။
" သွား ...မင်းလိုကောင်ကို ငါ့သမီးနဲ့ ပေးစားမိတာ ငါ့အမှားပဲ ...မိကေဇင် ညည်းဘာမှ ငိုနေစရာ မလိုဘူး ...အဲ့ဒီကောင်ကို ငါကိုယ်တိုင် ထောင်ထဲ ထည့်ပြမယ် ကြည့်နေ "
တိုက်ထဲတွင် ဒေါ်ဌေးဌေးမူရဲ့ အသံက ကျယ်လောင်စွာထွက်ပေါ်နေတယ်။
***********************
" ဒါ..ဒါဆို ... အနီရင့်ဆီမှာ ...အ...အမေတို့ရဲ့မြေး.. မြေးလေး ရှိနေတာပေါ့ ဟုတ်လား "
ဒေါ်ကေသီက သားဖြစ်သူမြတ်ဘုန်းကို အထိတ်တလန့်နဲ့ မေးလိုက်တယ်။
မြတ်ဘုန်းက ခေါင်းကို လေးတွဲစွာငြိမ့်ပြလိုက်ပြီး မိခင်ကို ပြန်ပြောလိုက်တယ်။
"ဒါပေမဲ့ ...သားတို့ သွားပြီး ပတ်သက်ခွင့် မရှိဘူး အမေ ... နီက သားဆီကို လာပြောတုန်းက လက်ထပ်ဖို့ကို သားကိုယ်တိုင်ငြင်းဆန်ခဲ့တာလေ ... ခုတော့ ကေဇင်ကျော်တို့သားအမိရဲ့ လုပ်ရပ်တွေကြောင့် အခြေအနေတွေ ပိုဆိုးသွားပြီ အမေ "
"ဒုက္ခပါပဲ သားရယ် ...သူတို့ သားအမိ ဒီလောက်ဆိုးလိမ့်မယ်လို့ အမေ မထင်ခဲ့မိဘူး ...အဲ့ဒါကြောင့်လည်း အနီရင့်လေးခမျာ ...ကျောင်းပြီးတာနဲ့ အိမ်ပြောင်း သွားတာကို ...အမေက သူတို့ သားအမိ ပြောသမျှကို ယုံပြီး အနီရင့်လေးကို အထင်တွေလွဲခဲ့ မိတာပါသားရယ်...အခု ငါ့သား ဘာလုပ်မယ် စဉ်းစားထားလဲ ''
"သား ခဏ ရှောင်နေမယ် အမေ ..ဆိုင်ကို အငယ်ကောင်ကို ကြည့်ခိုင်းထားပါ .... ရှေ့နေ့နဲ့ တိုင်ပင်ပြီး ကွာရှင်းဖို့ လုပ်မယ် အမေ ...သား သူနဲ့ လုံးဝမပေါင်းနိုင်တော့ဘူး ...သူတို့သားအမိတောင်းသမျှငွေတွေကို ပေးရလွန်းလို့ ဆိုင်ရင်းထဲကတောင် ပါချင်နေပြီ ...အမေတို့စိတ်ဆင်းရဲမှာစိုးလို့ မပြောပြတာ "
ဒေါ်ကေသီမှာ သားဖြစ်သူကို ကြည့်ပြီး မိမိရဲ့အပြစ်တွေ မကင်းသလိုခံစားလိုက်ရတယ်။ခြံချင်းကပ်နေကြပေမဲ့ စပ်စပ်စုစု မလုပ်တတ်တဲ့ အကျင့်ကြောင့် ဒေါ်ဌေးဌေးမူတို့ရဲ့ အကျင့်စရိုက် အစစ်အမှန်ကို မသိခဲ့ရိုးအမှန်။အနီရင့်လေးကို စသိတုန်းက ချစ်စရာကောင်းတဲ့ ကောင်မလေးလို့ တွေးခဲ့မိရုံမှအပ ဒေါ်ကေသီ ဘယ်လိုမှ စိတ်ထဲမတွေးမိခဲ့ဘူး။ဒါပေမဲ့ အိမ်ကို လာပြီး အနီရင့် ကရိုင်းကြောင်း ၊ ကောင်လေးတွေနဲ့ တရုံးရုံးနေတတ်တဲ့အကြောင်းတွေ၊အိမ်အလုပ်တွေဝိုင်းကူရမှန်းမသိဘဲ အပျင်းကြီးတဲ့ အကြောင်းတွေကို ဒေါ်ဌေးဌေးမူက တစ်နေ့တစ်မျိုး မရိုးအောင် လာလာပြောနေတော့ ဒေါ်ကေသီ ယုံကြည်ခဲ့မိတာပေါ့။ နဂိုကမှ ဒေါ်ကေသီတို့ မိသားစုက ခပ်အေးအေးနေတတ်ကြတာမို့ သားဖြစ်သူက အနီရင့်နဲ့ လက်ထပ်မှာကို ဒေါ်ကေသီစိုးရိမ်ခဲ့မိတယ်။ဒါကြောင့်ပင် သားရဲ့အိမ်ထောင်ရေးကို ဒေါ်ကေသီဝင့်ပါ မိသလို ဖြစ်ခဲ့တာပေါ့။ခုချိန်မှာတော့ ကေဇင်ကျော်တို့ သားအမိရဲ့ ဇာတိရုပ်ကို သေချာသိခဲ့ပြီမို့ ဒေါ်ကေ သီ ကိုယ်တိုင်ကပင် ပျော်ရွှင်မှုကင်းမဲ့နေတဲ့ သားရဲ့ အိမ်ထောင်ရေးကို ရှေ့မဆက်စေချင်တော့ပါလေ။
"သွားမယ်ဆိုလဲ ခုပဲ သွားတော့ သား ...သားမှာ ငွေမရှိရင် အမေ့ဆီက ယူသွား ... လိုအပ်တာတွေ အကုန်ယူသွား .."
*************************
"ကေဇင် သမီး နေအုံးလေ ...စီတ်ကို ထိန်းအုံး ... သမီးတစ်ယောက်တည်း သွားလို့ မဖြစ်ဘူး ...အမေပါ လိုက်ခဲ့မယ် "
ဒေါ်ဌေးဌေးမူက အော်ဟစ် တားမြစ်ရင်း သမီးဖြစ်သူ သွားရာနောက်ကို အပြေးတပိုင်းနဲ့လိုက်ခဲ့တယ်။
ကေဇင်ကျော်ကတော့ မိခင်ဖြစ်သူရဲ့ အော်ဟစ်ခေါ်သံကို နားမထောင် ဒေါသတကြီးနဲ့ တိုက်ထဲက ပြေးထွက်လာခဲ့တယ်။ ပြေးထွက်လာခဲ့တဲ့ ကေဇင်ကျော်ရဲ့ ဦးတည်ရာ နေရာက ......။
**************************
"ဒုန်း ....ဒုန်း "
"အနီရင့် ...နင် ...ခုချက်ချင်း ...တံခါးဖွင့်ပေးစမ်း ...လင်ခိုးမရဲ့ "
တိုက်ခန်း တံခါးကို တဒုန်းဒုန်းထုနေတဲ့အသံနဲ့ အော်ဟစ်ပြောဆိုနေတဲ့ အသံတွေကြောင့် အနီရင့် တံခါးထဖွင့်ပေးလိုက်တယ်။တံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် အနီရင့် မြင်လိုက်ရတာက သရဲသဘတ်စီးထားသလို ကြောက်စရာသွင်ပြင်နဲ့ ကေဇင်ကျော်ကိုတွေ့လိုက်ရတယ်။
"နင်က ငါ့ယောကျာ်းကို တိုင်လိုက်တာပေါ့လေ ဟုတ်လား ...ဘာလဲ ငါတို့ ကွဲသွားရင် ငါ့ယောကျာ်းကို ရမယ်ထင်လို့လား ...လင်ခိုးမရဲ့ "
" မကေဇင် .. ရှင် ရူးနေပြီလားဟင် ... ပတ်ဝန်းကျင်ကို မရှက်ဘူးလား ... ဘာမဟုတ်တာတွေ လာပြောနေတာလဲ "
အနီရင့်က ကေဇင်ကျော်ကို ကြည့်ပြီး ပြောဆို တားမြစ်လိုက်တယ်။
" မပြောဘူး ... ဘာလို့ပြောရမှာလဲ ... နင်က ငါ့ယောကျာ်းကို လိုချင်နေတာလေ ငါက ဘာလို့ ရှက်ရမှာလဲဟဲ့ ...နင်က မကောင်းတဲ့ဟာမ ...ငါတို့အိမ်ကို နင်ရောက်လာကတည်းက အကုသိုလ်များတာဟဲ့ သိရဲ့လား .."
စိတ်လွတ်နေသလို ဖြစ်နေတဲ့ကေဇင်ကျော်ကို ကြည့်ပြီး အနီရင့် အံ့ဩ ထိတ်လန့်သွားမိတယ်။
"သမီး ကေဇင် မောနေမယ် ...တော်တော့ ...သမီး မပြောနဲ့ အမေပြောပါ့မယ် "
" အို အမေဖယ်စမ်းပါ...ဒီကောင်မကို အမေ မနိုင်ပါဘူး "
ဒေါ်ဌေးဌေးမူက အော်ဟစ်သောင်းကျန်းနေတဲ့ ကေဇင်ကျော်ကို တားမြစ်လိုက်ပေမဲ့ ကေဇင်ကျော်က မိခင်ဖြစ်သူကို တွန်းဖယ်လိုက်ပြီး အနီရင့်ကိုပါ ပြေးပြီး ဆောင့်တွန်းပစ်လိုက်တယ်။
"အား "
အနီရင့်မှာ ကေဇင်ကျော်ရဲ့ မူမမှန်တဲ့ပုံစံကို ကြည့်ပြီး ရှောင်တိမ်းဖို့ သတိရလိုက်ပေမဲ့ နောက်ကျသွားခဲ့လေပြီ။အနီရင့်ရဲ့ ခန္ဓာကိုယ်က ဆိုဖာတွေအလယ်က စားပွဲခုံပေါ်ကို ပစ်လဲကျသွားတယ်။ဝမ်းဗိုက်နဲ့ခါးစပ်ဆီက ဆိုးဆိုးဝါးဝါးနာကျင်မှုကို အနီရင့် သိရှိလိုက်ပြီးနောက်မှာ လောကကြီး တစ်ခုလုံး မှောင်အတိကျသွားတယ်။
" ဟင် ...သမီး ကေဇင် ...တော် ...တော်တော့ ... ဟိုမှာ ... သွေး ..သွေးတွေ ထွက်နေပြီ ...သူ ... သူသေသွားပြီလား မသိဘူး ...လာ ... လာ ...အမေတို့ ပြန်ရအောင် "
ဒေါ်ဌေးဌေးမူက လဲကျသတိလစ်နေတဲ့အနီရင့်ကို ကြည့်ပြီး သမီးဖြစ်သူရဲ့လက်ကို ဆွဲပြီး ပြန်ဖို့ ပြင်လိုက်တယ်။
" ဟင် ... ဘာ ... ဘာတွေ ဖြစ်နေကြတာလဲ ...မမ ...မမနီ ...မမဘာဖြစ်တာလဲ "
ဒေါ်ဌေးဌေးမူနဲ့ ကေ၀င်ကျော်တို့ တိုက်ခန်းထဲက ထွက်ပြေးရန် ပြင်နေတုန်းမှာပင် လင်းရိပ်ရဲ့ ညီမဖြစ်သူက ထမင်းချိုင့်လေးနဲ့ ၀င်လာပြီး တိုက်ခန်းထဲက မြင်ကွင်းကိုကြည့်ပြီး အနီရင့်ကို ထိတ်လန့်တကြားအော်ဟစ်ခေါ်ပြီး ပြေးပွေ့လိုက်တယ်။ပြီးတော့ လူနာနဲ့ ပတ်သက်ရင် အတွေ့အကြုံရှိသူပီပီ အရေးပေါ်လူနာတင်ကားကို ဖုန်းဆက်ခေါ်လိုက်တယ်။
************************
" သမီး ...ကေဇင် ...ဖြည်းဖြည်းဆင်း ...ဖြည်းဖြည်းဆင်းလေ... ခြေချော်ကျမယ် သတိထားအုံး "
ဒေါ်ဌေးဌေးမူမှာ ကမူးရှူးထိုးနဲ့ ပြေးဆင်းသွားတဲ့ သမီးဖြစ်သူကို အော်ဟစ်သတိပေးရင် လှေကားထစ်တွေအတိုင်း အပြေးအလွှားဆင်းလိုက်ခဲ့တယ် ။
"ဒုန်း ....ဒုန်း "
" အား ..."
"အမလေး ... သေပါပြီတော့ ...သမီးလေး ကေဇင် ..."
ဒေါ်ဌေးဌေးမူအော်ဟစ်သတိပေးနေတဲ့ကြားကနေ လှေကားထစ်တွေ အတိုင်း ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားတဲ့ သမီးဖြစ် သူကေဇင်ကျော်ရဲ့အဖြစ်ကိုကြည့်ပြီး ဒေါ်ဌေးဌေးမူငယ်သံပါအောင် အော်ဟစ်လိုက်မိတယ် ။
*************************
၀ယ်သူတွေကြား အလုပ်များနေတုန်း ဖုန်းက ထမြည်လာတာမို့ လင်းရိပ်ဖုန်းကို ကမန်းကတန်းကိုင်လိုက်ရတယ်။
"ဟယ်လို ...အမိန့်ရှိပါ "
"ဟယ်လို ကိုလင်းရိပ်လား ...နှင်း ...နှင်း အသည်းအသစ်ဖြစ်လို့ ဆေးရုံ တင်လိုက်ရတယ် ကိုလင်းရိပ် ...( .....) ဆေးရုံကို အမြန်ဆုံးလိုက်လာခဲ့ပေးပါနော်...နှင်း အခြေအနေကစိုးရိမ်ရတယ် ကိုလင်းရိပ် "
" ဗျာ "
လင်းရိပ်ဖုန်းကိုကိုင်ပြီး အသက်ကင်းမဲ့သူလိုဖြစ်သွားမိတယ်။တထိတ်ထိတ် ခုန်နေတဲ့ ရင်အစုံက စည်းချက် မမှန်ချင်တော့ ။မသွားတော့ဘူးလို့ ဆုံးဖြတ်ထားပေးမဲ့ စိုးရိမ်ပူပန်စိတ်က တစ်ကိုယ်လုံးကို လွှမ်းခြုံလာတယ်။ဆက်ပြီး ရပ်တည်နေနိုင်စွမ်း မရှိတော့တာမို့ လင်းရိပ် ဆေးရုံသွားဖို့ ပြင်လိုက်တယ်။
လင်းရိပ် ဆေးရုံသွားဖို့ ကားငှားတုန်းမှာ ဖုန်းသံမြည်လာတာမို့ လင်းရိပ် တုန်တုန်ယင်ယင်နဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။
"ဟယ်လို "
"အစ်... အစ်ကိုရေ ...မမ ..မမနီ ...အရေးပေါ်ခန်းထဲမှာ ....( .....) ဆေးရုံကို အစ်ကို အမြန်လိုက်လာခဲ့နော် ..မမနီဆေးရုံရောက်နေတာကို အမေမသိဘူးနော် အစ်ကို ...."
"ဘာ ...ဘယ်လို "
ညီမဖြစ်သူက ပြောပြီးတာနဲ့ ဖုန်းကို ချသွားဝယ်။ လင်းရိပ်မှာ ဖုခုံးကို ကိုင်လျက်နဲ့ ကြက်သေသေနေမိတယ်။
" ဘယ်သွားမှာလဲ ညီလေး ...."
တက္ကစီ ကားဆရာရဲ့ အမေးကြောင့် လင်းရိပ် ပြန်သတိဝင်လာမိတယ်။နေရာမတူသောဆေးရုံ နှစ်ခု။ဘယ်ဆေးရုံကို သွားရမလဲ လင်းရိပ်တွေဝေနေမိတုန်း နှုတ်က ဆေးရုံတစ်ခုရဲ့ နာမည်ကို အလိုအလျောက်ပြောမိသွားတယ်။
" ( .....) ဆေးရုံကို သွားမယ် "
=====================
အပိုင်း (၂၂ ) ဆက်ရန်
ဧကြည်ဖြူ