book

Index 20

အပိုင်း (၂၀)

ဧကြည်ဖြူ


" ရင်ဘတ်ပေါ်ကနှင်းဆီ "


**************************


      ခုတင်ပေါ်မှာ ခွေခွေလေးလှဲနေတဲ့ နှင်းသီရိကို ကြည့်ပြီး လင်းရိပ် အတော်လေးတော့ စိတ်မကောင်းဖြစ်သွားမိတယ်။နွမ်းလျနေတဲ့ မျက်နှာနဲ့ လင်းရိပ်ကို မော့ကြည့်နေတဲ့ နှင်းသီရိမျက်ဝန်းတွေက လင်းရိပ်ကို စကားလုံးပေါင်းများစွာ ပြောနေသလိုပင်ထင်ရတယ်။ လင်းရိပ် နှင်းသီရိရဲ့လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်ဖျစ်ညှစ်လိုက်တယ်။ လင်းရိပ် နှင်းသီရိကို ပြောချင် နေတဲ့ စကားလုံးတွေက လည်ချောင်းဝမှာ တစ်ဆို့နေတယ်။လေးနှစ်နီးပါးချစ်ခဲ့ရတဲ့ သံယောစဉ်ကြိုးက လပိုင်းအတွင်းမှာ ပျောက်ဆုံး ပျက်စီး သွားတာမျိုးမဟုတ်ပေမဲ့ လင်းရိပ်မှာ နှင်းသီရီကို ထပ်မံ ပေးဆပ်ဖို့ ချစ်ခြင်းမေတ္တာတွေ ကျန်သေးရဲ့လား ဆိုတာ လင်းရိပ် ကိုယ်တိုင်လည်းသေချာမသိတော့။နှင်းသီရီရဲ့ အခုလို အခြေအနေကို သနားမိတယ်ဆိုခြင်းထက် ပို၍ လင်းရိပ်မှာပြောစရာမရှိတာ သေချာတယ်။


" နှင်း ဒီလိုလုပ်နေလို့ ကိုယ်ပြန်လာမှာမဟုတ်ဘူး နှင်း ... ကိုယ်က အိမ်ထောင်သည် ဖြစ်နေပါပြီ ...နောက်ဆို နှင်းဘာပဲဖြစ်ဖြစ် လာကြည့်မှာ မဟုတ်တော့ဘူး ..."


" ပြောရက်လိုက်တာ မောင်ရယ် ...မောင် အရမ်းပြောင်းလဲသွားတယ်နော် ...နှင်း အပေါ် ဘာလို့ ဒီလောက် ရက်စက်ရတာလဲဟင် "


      နှင်းသီရိက လင်းရိပ်ရဲ့လက်ကို ဖက်တွယ်ပြီးပြောလိုက်တယ်။


" ဒါနဲ့ ...ဒီအိမ်က ဘယ်သူ့အိမ်လဲ ...မိဘတွေနဲ့ ဘာလို့မနေတာလဲ "


" သူငယ်ချင်းနဲ့ စပ်တူ ငှါးထားတာပါ ... အလုပ်သစ်နဲ့လည်းနီးလို့ "


" အစစအရာရာ အဆင်ပြေအောင် နေပါ ..ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်စတင်နိုင်အောင် ကြိုးစား ...အားပေးစကားက လွှပြီး ဘာမှလုပ်မပေးနိုင်တာကို ခွင့်လွှတ်ပါ ... ကိုယ်ပြန်တော့မယ် ... နောက်ထပ်လာမှာ မဟုတ်တော့ဘူး "


         ပြောပြီးတာနဲ့ လင်းရိပ် ပြန်ရန် ပြင်လိုက်တယ်။


" မောင် ....မပြန်ပါနဲ့အုံး မောင်ရယ် ...နှင်း ..နှင်းကို မထားခဲ့ပါနဲ့နော် ...နှင်းတောင်းပန်ပါတယ် ..."


      လင်းရိပ် ပြန်ရန်ထလိုက်တော့ နှင်းသီရိက အိပ်ရာပေါ်က လူးလဲထလိုက်ပြီး လင်းရိပ်ကို ခပ်တင်းတင်းဖက်တွယ်လိုက်တယ်။ 


       နှင်းသီရိရဲ့ အပြုအမူကြောင့် လင်းရိပ်မှာ ခန္ဓာကိုယ်တစ်ခုလုံး မတ်တောင့်သွားရပြီး ခဏတာ ကြောင် အပြီးရပ်နေမိတယ်။ပြီးတော့မှ သူ့ကို ဖက်တွယ်ထားတဲ့ နှင်းသိရိရဲ့လက်တွေကို ဖယ်ရှားလိုက်ပြီး အခန်းပြင်ကိုထွက်ခဲ့လိုက်တယ်။


"မောင်  နှင်းကိုမထားခဲ့ပါနဲ့နော် "


     နှင်းသီရိ လင်းရိပ်ကို လှမ်းခေါ်လိုက်ပြီး ရှိုက်ကြီးတငင်ငိုချလိုက်တယ်။ လင်းရိပ်ကတော့ အနောက်ကို နည်းနည်းလေးမျှ ငဲ့မကြည့်ဘဲ့ အိမ်အပြင်ကို ထွက်သွားခဲ့တယ်။


" နှင်း ...နှင်း သတိထားလေ ...ကိုယ့်ကျန်းမာရေးကို ဂရုစိုက်လေ ... ကလေး ဖျက်ချတယ်ဆိုတာ ကလေးမွေးထားသလို ဂရုစိုက်ရမယ်လို့ ပြောထားတယ်လေ ... နှင်း ဘာမှ စိတ်မပူနဲ့ ...ကိုလင်းရိပ်နှင်းဆီကို ပြန်လာမှာပါ ... ခုန ကိုလင်းရိပ်ကို နှင်းဖက်နေတာကို ဗွီဒီယို ခိုးရိုက်ထားလိုက်တယ်...အဲ့ဒီဗွီဒီယိုကို အနီရင့်ဆိုတဲ့ မိန်းမဆီကို ဘိုက်ဘာကနေ ပို့လိုက်မယ်...ဗွီဒီယိုကို ကြည့်ပြီးရင် အဲ့ဒီမိန်းမ ကိုလင်းရိပ်ကို လက်ခံတော့မှာ မဟုတ်ဘူး သေချာတယ် "

      နှင်းသီရိ ဘာမှပြန်မပြောမိပါ။နှင်းသီရိ စိတ်ထဲမှာ သိလိုက်တာက လင်းရိပ်ဆီမှာ သူမအတွက် အရင်ကလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ အငွေ့အသက်တွေမရှိတော့ဘူးဆိုတာပါပဲ။


*************************


  " ကတောင် "


      ဘိုက်ဘာကနေ စာရောက်သံထွက်လာတာမို့ အနီရင့် ဖုန်းကို ကြည့်လိုက်မိတယ်။ပို့လာသူက နာမည်မှတ်မထားတဲ့ ဖုန်းနံပတ် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ပို့လိုက်တာက ဗွီဒီယိုတစ်ခု။ဗွီဒီယိုကိုကြည့်ပြီး အနီရင့် ဆွံ့အသွားမိတယ်။ဗွီဒီယိုက စက္ကန့်ပိုင်းလေးဆိုပေမဲ့ ဗွီဒီယိုထဲက လူနှစ်ယောက်က လင်းရိပ်နဲ့နှင်းသီရိမှန်း အနီရင့် ချက်ချင်းသိလိုက်တယ်။ လင်းရိပ်ကို နောက်ကျော ပဲမြင်ရပေမဲ့ အနီရင့်ချက်ချင်းကို မှတ်မိလိုက်ပါတယ်။ 


   ဗွီဒီယိုကိုကြည့်ပြီး အနီရင့်ကကိုယ့်ရဲ့မိုက်မဲမှုတွေအတွက် နောင်တ အကြီးအကျယ် ရလိုက်မိတယ်။အနီရင့်ကြောင့် လင်းရိပ်အခက်တွေ့နေမှာကို တွေ့လိုက်မိတော့ စိတ်ထဲမှာမကောင်း။အနီရင့်ရဲ့ကံဆိုးမှုက လင်းရိပ် အပေါ်ကိုပါ ကျရောက်စေခဲ့တာကို တွေးမိပြီး အနီရင့်ရင်ထဲမှာ တဆစ်ဆစ်နာကျင်လာမိတယ်။


"ဒေါက် ...ဒေါက် "


" ဒုန်း ...ဒုန်း "


    အနီရင့် ဗွီဒီယိုကိုကြည့်ပြီး စဉ်းစားတွေးတောနေချိန်မှာ အခန်းတံခါး၀က တံခါးခေါက်သံနဲ့ တံခါးကို ခပ်ပြင်းပြင်းထုသံကို ကြားလိုက်ရတာမို့ အနီရင့်ရဲ့ ရင်ခုန်သံတွေ တထိတ်ထိတ်အခုန်မြန်လာတယ်။အနီရင့် အံကိုတင်း တင်းကြိတ်လိုက်မိပြီး တံခါးနားကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာခဲ့လိုက်တယ်။ပြီးတော့ တံခါးကို ဖွင့်လိုက်တယ်။ တံခါးကိုဖွင့်နေတဲ့ အနီရင့်ရဲ့လက်တွေက အနည်းငယ် တုန်ယင်ချင်နေပေမဲ့ အံကို ဖိကြိတ်ပြီးကိုက်ထားလိုက်မိတယ်။သစ်သား တံခါးဖွင့်လိုက်ချိန်မှာ အနီရင့်မြင်လိုက်ရတာက သံပန်းတံခါးရှေ့မှာ မျက်နှာတင်းတင်းတွေနဲ့ ရပ်နေကြတဲ့ ဒေါ်ဌေးဌေးမူနဲ့ ကေဇင်ကျော်တို့ပင်။အနီရင့် ဟန်မပျက်အောင်ထိန်းရင်း တံခါးကို ဖွင့်ပေးလိုက်တယ်။ပြီးတော့ ဖိတ်ခေါ်မှု မပြုဘဲ ရှေ့ကနေလျှောက်ခဲ့လိုက်တယ်


     ဧည်ခန်းထဲကို ရောက်တဲ့ အခါ အနီရင့်က ဆိုဖာခုံမှာဝင်ထိုင်လိုက်တယ်။


"ထိုင်ချင်ရင်လဲ ထိုင်လို့ရတယ် ...မထိုင်ချင်ရင်လဲ သဘောပါ ...အန်တီဌေး တို့သားအမိက အမြဲစိတ်ထင်တိုင်း လုပ်ခဲ့တာပါပဲ မဟုတ်လား "


" အနီရင့် နင်စကား အပိုတွေ မပြောနဲ့ "


    ကေဇင်ကျော်က အသံခပ်မာမာနဲ့ ပြန်ပြောသလို ဒေါ်ဌေးဌေးမူကလည်း အိတ်ထဲက ပိုက်ဆံ အထပ်ကို ယူပြီး ဆိုဖာတွေအလယ်က စားပွဲခုံပေါ်ကို တင်လိုက်ပြီး အနီရင့်ကို တင်းတင်းမာမာနဲ့ ကြည့်လိုက်တယ်။ယ်နိုင်မို့ ဒီတစ်ခါလည်း နိုင်မယ်လို့ ဒေါ်ဌေးဌေး မူက အပိုင်တွက်ထားလိုက်တယ်။


"ဒီမှာ ငွေဆယ်သိန်း ...ဆေးရုံကို နင်ဘာသာသွားမလား ...ငါတို့ခေါ်သွားရမလား "


      ဒေါ်ဌေးဌေးမူရဲ့ စကားကြောင့် အနီရင့် ဒေါသထောင်းခနဲ ထွက်သွားမိပေမဲ့ စိတ်ကို နိုင်အောင် ထိန်းချုပ်လိုက်ပြီး လေသံခပ်အေးအေးနဲ့ပြန်ပြောလိုက်တယ်။


"ပိုက်ဆံတွေပေါနေရင်လဲ ...အနီရင့်အဖေဆီက ယူထားတဲ့ ငွေတွေကို ပြန်ဆပ်လိုက်ပါလား အန်းတီဌေး ...."


"ဘာ ....နင် ...နင် မိုက်ရိုင်းလှချည်လား...လူကြီးတွေရဲ့ ကိစ္စက နင်နဲ့ ဘာဆိုင်လို့လဲ ..."


      ဒေါ်ဌေးဌေးမူက ဒေါသတကြီးနဲ့ ထအော်လိုက်တယ်။ 

    အနီရင့်က ဒေါ်ဌေးဌေးမူတို့ သားအမိကို ကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။


"အနီရင့် အဖေရဲ့ကိစ္စက အနီရင့်နဲ့ မဆိုင်ဘူးလား ...ဒါဆို အနီရင့် ကိစ္စက ရော အန်တီဌေးတို့ နဲ့ ဘာဆိုင်လဲ "


     အနီရင့်က ခပ်ရွဲ့ရွဲ့ပြန်မေးလိုက်တယ်။


" ဟဲ့ ...နင့်ကိစ္စက မဆိုင်ဘဲနေမလား ...ကိုဘုန်းက ငါ့ယောက်ျားဖြစ်နေပြီဟဲ့ "


      ကေဇင်ကျော်က ဒေါနဲ့မောနဲ့ ဝင်ပြောလိုက်တယ်။


" နေပါအုံး ... ကိုမြတ်ဘုန်းက မကေဇင်ယောကျာ်းဖြစ်တာနဲ့ပဲ အနီရင့်ဗိုက်ထဲက ကလေးကို ဘာလို့ဖျက်ချခိုင်းနေရတာလဲ ပြောကြပါအုံး "


     အနီရင့် အံကလေးကြိတ်ပြီး ပြန်မေးလိုက်တယ်။


"ဘာလဲ နင်က အစ်မယောကျာ်းနဲ့ ရတဲ့ ကလေးကို အရှက်မရှိမွေးဖို့စိတ်ကူးနေတာလား ... ကလေးမွေးလိုက်ရင် မြတ်ဆုန်းကနင့််ဆီကို ပြန်လာမယ်လို့ထင်နေလို့လား ...."


    ဒေါ်ဌေးဌေးမူရဲ့ အပြောကို နားထောင်ပြီးအနီရင့် စိတ်အတော်လေးတိုသွားမိတယ်။


"ဘာသက်သေနဲ့ မြတ်ဘုန်း ကလေးလို့ ပြောတာလဲ..ပြောကြစမ်းပါအုံး ...ကျွန်မကလေး ကျွန်မဘာသာ မွေးတာ ဘာဖြစ်လဲ...အန်တီဌေးတို့ဘက်က အဲ့လောက် ဖြစ်နေတော့ ဒီကိုယ်ဝန်ကို မဖြစ်မနေ မွေးဖို့ဆုံးဖြတ်လိုက်ပြီ ..."


" ဘာ ..နင်အရှက်မရှိဘူးလား အနီရင့် ..."


" အနီရင့် နင်ရူးနေတာလားဟင် ...ကိုယ်ဝန်ကိစ္စအဖြစ်မှန်ကို ရော နင့်ယောကျာ်း သိရဲ့လား ... နင့်ယောက္ခမမိသားစု ရောသိလား ... အသိုင်းအဝိုင်းတစ်ခုလုံးမှာ အရှက်မကွဲချင်ရင် နင့်ကိုယ်ဝန်ကို ဖျက်ချလိုက် "


     ဒေါ်ဌေးဌေးမူနဲ့ ကေဇင်ကျော်က ပြိုင်တူလိုလို အနီရင့်ကို ပြောဆိုလိုက်ကြတယ်။

      အနီရင့် ကေဇင်ကျော်နဲ့ ဒေါ်ဌေးဌေးမူတို့စကားတွေကြောင့် လှောင်ပြုံးတစ်ချက်ပြုံးပြလိုက်ပြီး ခပ်အေးအေးပဲ ပြန်ပြောလိုက်တယ်။


" အရှက်ခွဲမယ် ဟုတ်လား မကေဇင် ... ဘယ်လိုပြောပြီး ခွဲမှာလဲ...ကျွန်မ မကေဇင်က ကျွန်မညီမရဲ့ ချစ်သူနဲ့ဖောက်ပြန်ခဲ့ပြီး ညီမရဲ့ ချစ်သူကို ရအောင်ယူခဲ့ပါတယ် ... ကျွန်မတို့ ယူပြီးမှ ကျွန်မရဲ့ ညီမမှာ ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရလို့ ကိုယ်ဝန်ကိုဖျက်ချခိုင်းနေပါတယ်လို့ လူတကာကိုလျှောက်ပြောမှာလား "


" ဟင် ...နင် ...နင့်ပါးစပ်ကို ပိတ်တော့ အနီရင့် .."


       အနီရင့်ရဲ့ စကားက အရှိုက်ကို ထိသွားတာမို့ကေဇင်ကျော်က အနီရင့်ကို ထအော်လိုက်တယ်။


"ပါးစပ်ပိတ်ရမှာက အနီရင့် မဟုတ်ဘူး ... မကေဇင်တို့ပိတ်ရမှာ ...ယောကျာ်းမမြင်ဖူးတဲ့အတိုင်းပဲ ယောကျာ်းနဲ့ ပတ်သက်လာရင် အခြားသူကို ဒုက္ခပေးဖို့ပဲတွေးနေရလား ...ရှင်းရှင်းပဲပြောလိုက်မယ် ဒီကလေးက ကျွန်မရဲ့ ကလေး ကျွန်မရအောင် မွေးမှာ ... ဒါကို ဆက်ပြီး နှောက်ယှက်နေမယ်ဆိုရင် သည်းခံမှာ မဟုတ်ဘူးနော် ... အန်တီဌေးတို့သားအမိတွေ ပြောသမျှကိုလဲ အကုန်အသံဖမ်းထားတယ် ...."


" ဘာ ..နင် ..ကဲဟာ "


     အနီရင့်ရဲ့ စကားအဆုံးမှာ ကေဇင်ကျော်က ထိုင်ရာကနေ ဒေါသတကြီး ထလာပြီး အနီရင့်ကို ပြေးရိုက်လိုက်တယ်။ အနီရင့်က ဖျတ်ခနဲ ရှောင်တိမ်းလိုက်ပြီး ကေဇင်ကျော်ရဲ့ ခန္ဓာကိုယ်ကိုဆောင့် တွန်းပစ်လိုက်တယ်။ 


"ဟဲ့ ကောင်မ ...နင် .. ငါ့သမီးကိုဘယ်လိုလုပ်လိုက်တာလဲ"


     သမီးဖြစ်သူကို ထိတော့ ဒေါ်ဌေးဌေးမူက ဒေါသတကြီးနဲ့ ပြောပြီး သမီးဖြစ်သူကို ပွေ့ထူလိုက်တယ်။


" ရှင်တို့ အခုချက်ချင်း ကျွန်မအိမ်ကနေ ပြန်ကြတော့နော်  မပြန်ရင် ရဲခေါ်လိုက်မယ် "


      အနီရင့်က သားအမိနှစ်ယောက်လုံးကို အိမ်ထဲကနေမောင်းထုတ်လိုက်တယ်။


" အေးပါ ... နင် ငါတို့အကြောင်းကိုသိမယ် အနီရင့် ... နင့်ကို အရှက်ခွဲပြမယ်ကြည့်နေ ...လာ သမီး သွားမယ် "


"တောက် "


    ဒေါ်ဌေးဌေးမူက တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်ပြီး သမီးဖြစ်သူရဲ့ လက်ကိုဆွဲကိုင်ပြီး ဒေါ်သတကြီး နဲ့ တိုက်ခန်းအပြင်ကို ထွက်ခဲ့ကြတယ်။


     ဒေါ်ဌေးဌေးမူနဲ့ ကေဇင်ကျော်တို့ ပြန်သွားပြီးတဲ့နောက်မှာ အနီရင့် ဆိုဖာခုံပေါ်မှာ အရုပ် ကြိုးပြတ် ထိုင်ချလိုက်မိတယ်။ဒီနေ့ တွေ့ကြုံခဲ့ရတာတွေကြောင့် အနီရင့်တစ်ကိုယ်လုံး အားအင်တွေကုန်ခမ်းပြီး မလှုပ်ရှားနိုင်အောင် ဖြစ်နေမိတယ်။ဘယ်လို ဝဋ်ကြွေးတွေကြောင့်များ အနီရင့် ဒီလောက် ဒုက္ခတွေများနေရတာလဲလို့ တွေးကြည့်မိလိုက်ပြန်တယ်။ အားလုံးကို အရှုံးပေးထားလိုက်ရင် အဆင်ပြေသွားမှာပဲလို့ အနီရင့်က ရိုးရိုးလေးပဲ တွေးခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ဒီလိုမဟုတ်ခဲ့ဘူးလေ။နိုင်လို့ရမှန်းသိရင် ပိုပြီး အနိုင်ယူချင်ကြတဲ့သူတွေကို့ အရှုံးမပေးဖို့ အနီရင့် ဆုံးဖြတ်လိုက်တယ်။


************************

     အနီရင့်က ဝရံတာကို ထွက်တဲ့ အပေါက် ဘေးနားက စာရေးစားပွဲခုံမှာ လက်တော့ တစ်လုံးနဲ့ အလုပ်များနေသလို လင်းရိပ်လည်း ဧည့်ခန်းဆိုဖာခုံမှာထိုင်ရင်း လက်တော့ကိုရှေ့ချပြီး စာရင်း လုပ်နေသလိုလိုနဲ့ အနီရင့်ကို အကဲခတ်နေမိတယ်။ဒီနေ့မှ လင်းရိပ် ကိုယ်တိုင်ကပဲ စိတ်မလုံဖြစ်နေလို့လားမသိဘူး အနီရင့်တစ်ယောက် အရမ်း တိတ်ဆိတ်နေတယ်လို့ ခံစားနေရတယ်။ ထမင်းစားဖို့ပြောတော့လဲ "စားပြီးပြီး " ဆိုတာကြောင့် လင်းရိပ်တစ်ယောက်တည်း ငေါင်တိ ငေါင်တောင်နဲ့ ထမင်းစားလိုက်ရတယ်။ထမင်းစားပြီးတော့လည်း လင်းရိပ်ထိုင်နေတာ မြင်ရဲ့နဲ့ အနီရင့်က စကားပင်လှမ်းပြောဖော်မရ။ခါတိုင်းဆို ဆိုင်အကြောင်း ၊ ဟိုအကြောင်း ဒီအကြောင်း သိချင်တာကို တတွတ်တွတ်မေးနေတတ်တာ ။ခုလိုတိတ်ဆိတ်နေတော့ လင်းရိပ် မနေတတ်မထိုင်တတ်ဖြစ်နေမိတယ် ။လင်းရိပ်ဘက်ကစပြီး အကြောင်း မရှိအကြောင်းရှာပြီး စကားပြောချင်ပေမဲ့ ခေါင်းမဖော်တမ်းစာရေးနေတဲ့ သူမကို ကြည့်ပြီး လင်းရိပ်မဝံ့မရဲနဲ့ ခုလိုပဲ တစ်ချက်တစ်ချက် ခိုးကြည့်နေမိတယ်။ လင်းရိပ် ကိုယ့်ကိုယ်ကို ဘာဖြစ်နေမှန်းမသိပါတော့ ။ လပိုင်းအတွင်းမှာ သူ့မအပေါ်ထားမိတဲ့ လင်းရိပ်ရဲ့ သံယောစဉ်က အရမ်းကို ခိုင်မာနေလေပြီလားမသိ။ နှစ်ယောက်အတူရှိနေရဲ့နဲ့ သူမရဲ့အသံတွေ တိတ်ဆိတ်နေရင် လင်းရိပ် မနေတတ်တော့။ ဒါတင်မက လူက တစ်နေကုန်ဆိုင်မှာနေနေရပေမဲ့ အိမ်မှာ ကျန်နေခဲ့တဲ့သူမအတွက်ကို စိတ်က တစ်နေကုန်နီးပါး ပူပန်နေမိပြန်တယ်။ထမင်းမှ စားရဲ့လား ။ကော်ဖီတွေသောက်နေလား ။ မတည့်တာတွေဝယ်စားနေမလား ။ရေချိုးရင်းများ ချော်လဲ နေမလား စသဖြင့် နေ့တိုင်းလိုလို ပူပန်နေခဲ့မိတယ် ။အိမ်ကိုပြန်ရောက်ပြီး သူမမျက်နှာကို တွေ့လိုက်ရမှပင် လင်းရိပ်မှာ အသက်၀၀ရှူနိုင်တော့တယ်။


"လင်းရိပ် ... မနက်ဖြန် အလုပ်များလား ... အိမ်ကို စောစောပြန်လာလို့ရလား "


" ဗျာ...ဗျာ ...အနီရင့် ဘာပြောလိုက်တာလဲဟင် "


      လင်းရိပ်မှာ အနီရင့်ကို ငေးကြည့်ပြီး အတွေးတွေ များနေရာမှ အနီရင့်က ရုတ်တော့ စကားလှည့်ပြောလိုက်တော့ လင်းရိပ်အလန့်တကြားနဲ့ ပြန်မေးလိုက်မိတယ်။


    လင်းရိပ်ရဲ့ ပုံစံကို ကြည့်ပြီး အနီရင့် သက်ပြင်းကို မသိမသာချလိုက်မိတယ်။ပြီးတော့ စာရေး နေရာက ထလာခဲ့လိုက်ပြီး လင်းရိပ်နဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်ပြီး ထပ်ပြောလိုက်တယ်။


" မနက်ဖြန် အလုပ်များလား ... အိမ်ကို စောစော ပြန်လာလို့ရလား "


" ရပါတယ် ... ဘာဖြစ်လို့လဲဟင်  ... နေလို့မကောင်းလို့လား "


     လင်းရိပ်က စိုးရိမ်တကြီးမေးလိုက်ရင် အနီရင့် မျက်နှာကို သေချာကြည့်လိုက်မိတယ်။ အနီရင့်ရဲ့ မျက်နှာက အရင်နေ့တွေကထက် ပိုပြီးတည်ငြိမ်နေတယ်လို့ လင်းရိပ်တွေးထင်လိုက်မိတယ်။


"နေကောင်းတယ်မဟုတ်လား ...ဒီနေ့ အဆင်ပြေရဲ့လား "


    လင်းရိပ်ပြောရင်းနဲ့ ကိုယ်တိုင် မသိလိုက်ခင်မှာပဲ အနီရင့်ဘေးကခုံနေရာကိုပြောင်းထိုင်လိုက်မိတယ်။ပြီးတော့ ထုံးစံအတိုင်း လက်ကအနီရင့်ရဲ့နဖူးပြင်လေးကို ခပ်ဖွဖွ စမ်းလိုက်မိတော့ အနီရင့်ရဲ့ ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားတာကို လင်းရိပ်သတိထားလိုက်မိတယ်။


"အလုပ်များလဲ ပြန်လာလို့ရပါတယ်... ဘယ်အချိန် ပြန်လာခဲ့ရမလဲ ပြောလေ"


" ဒီနေ့တွေလို နောက်မကျရင် ရပါတယ်..."


"အင်းပါ ... ပြန်လာရင် ဘာဝယ်လာခဲ့ရမလဲ "


     လင်းရိပ်က အနီရင့်စကားကြောင့် အနီရင့်ရဲ့မျက်နှာကို ခပ်ပြုံးပြုံးစိုက်ကြည့်ပြီး မေးလိုက်တယ်။


" ဘာမှ မ၀ယ်ပါနဲ့ ....ဒါနဲ့ ဆိုင်က အဆင်ပြေလား ...ဖွင့်စကထက် ရောင်းအားတက်ရဲ့လား "


     အနီရင့်က လင်းရိပ်ရဲ့ စူစူးရှရှ အကြည့်တွေကို ရှောင်တိမ်းပြီး ခပ်တိုး တိုးမေးလိုက်တယ်။


" အရင်ထက်စာရင် အဆင်ပိုပြေလာပါတယ် ..အရင်လုပ်ခဲ့တဲ့ အလုပ်လိုပဲ တစ်ခါတစ်ခါ ဆိုက်တွေထဲလဲ မာကတ်တင်းဆင်းတယ်...ဆိုင်မှာက ပလပ်ပေါက်သေးသေးလေးကစပြီး မီးဆိုင်းတွေ အထိရှိတော့ အရောင်းသွက်တာပေါ့... ပြီးတော့ မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံလဲ  တစ်နေရာတည်းမှာ မှာပဲ အဆင်ပြေပြေနဲ့ ဝယ်လို့ရတော့ ဆိုင်က ထင်ထားတာထက် အရောင်းပိုသွက်တယ်လေ... မင်း 

အဖေက စိတ်ကူးအရမ်းကောင်းတယ်နော် .. ကိုယ်လဲ တစ်နေ့ကျရင် အန်ကယ်လို့အောင်မြင်အောင်ကြိုးစားပြီး မင်းကို လုံးချင်းတိုက်နဲ့ ထားနိုင်အောင်ကြိုးစားပါ့မယ် "


   လင်းရိပ်က စိတ်ထဲရှိတာကို ပြောလိုက်ပြီးမှ ရင်တွေ ဒိန်းခနဲခုန်လှုပ်သွားပြီး မျက်နှာပူပူနဲ့ ခေါင်းကိုငုံ့ထားလိုက်မိတယ်။


     လင်းရိပ်ရဲ့ ပြောင်းလဲသွားတဲ့ အသုံးအနှုန်းနဲ့ ရင်းနှီးနွေးထွေးလှတဲ့ စကားတွေကြောင့် အနီရင့်ရဲ့ရင်ထဲမှာ တဆတ်ဆတ်ခုန်လှုပ်သွားသလို လူက အယောင်ယောင်အမှားမှား တီဗီရီမုကို လှမ်းယူပြီး ဖွင့်လိုက်မိတယ်။ပြီးတော့ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငြိမ်သက်စွာထိုင်နေမိကြတယ်။


**************************

     မြတ်ဘုန်း လာမဲ့သာလာခဲ့ရတာ စိတ်က တထင့်ထင့်နဲ့ ပါပင်။ မနက်က အလုပ်လာနေတုန်း အနီရင့်ဆီက ဖုန်းဝင်လာခဲ့တယ်။ဖုန်းကိုင်လိုက်တာနဲ့ " ကိုဘုန်း အခုချက်ချင်း အနီရင့်အိမ်ကို ခဏလောက်လာခဲ့ပါ ..." ဆိုတဲ့ စကားပဲပြောပြီး ဖုန်းကို ချသွားခဲ့တာ။ဖုန်းချပြီးတာနဲ့ တစ်ပြိုင်နက် မြတ်ဘုန်းလည်း အနီရင့်အိမ်ကို ထွက်လာခဲ့လိုက်တယ်။


      အရင်က အမြဲလိုလိုတက်ခဲ့ဖူးတဲ့ လှေကားထစ်တွေ ဖြစ်ပေမဲ့ ဒီတစ်ခါမှာတော့ မြတ်ဘုန်းရဲ့ ခြေထောက်တွေ တဆတ်ဆတ်တုန်နေမိတယ်။ အခန်းရှေ့ကို အရောက်မှာတုန်ယင်နေတဲ့ လက်အစုံနဲ့ တံခါးကို ခေါက်လိုက်မိတယ်။


"ဒေါက် ..ဒေါက် "


     တံခါးပွင့်ပွင့်ချင်းမှာ မြင်လိုက်ရတဲ့ ချစ်ခဲ့ရသူရဲ့ မျက်နှာလေးကို မြတ်ဘုန်း နာကျင်စွာ ကြည့်လိုက်မိတယ်။


     အနီရင့်က တံခါးဖွင့်ပေးလိုက်ပြီး မြတ်ဘုန်း အထဲကိုရောက်တာနဲ့ တံခါးကို ပြန်ပိတ်လိုက်တယ်။ပြီးတော့ မြတ်ဘုန်းကို အသံမာမာနဲ့ ခေါ်လိုက်တယ် ။


" ကိုဘုန်း "


" ဖြန်း "


     အနီရင့်ရဲ့ ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိတဲ့ မြတ်ဘုန်းမှာ အနီရင့်က သူ့ပါးပြင်ကို ခပ်ပြင်းပြင်းရိုက်ချလိုက်တာမို့ ထိတ်လန့် အံ့သြပြီး အနီရင့်ကို ကြောင် အအနဲ့ ငေးကြည့်နေမိတယ်။


"ကိုဘုန်းကို ဘာလို့ ရိုက်တာလဲ သိရဲ့လား ....ကို ဘုန်း အနီရင့်ကို လက်မထပ်ချင်လဲရတယ်....အနီရင့်လဲ ကိုဘုန်းကို လက်ထပ်ချင်စိတ်မှ မရှိတော့တာ ...ဒါပေမဲ့ လောကကြီးထဲကို ရောက်တောင် ရောက်မလာသေးတဲ့ ကလေးကို သတ်ခိုင်းဖို့အထိတွေးရက်ရလား ...ဒီကလေးက အနီရင့်ရဲ့ ကလေးပါ ...ကိုဘုန်းနဲ့ ဘာမှမပတ်သက်ဘူးဆိုတာ မြဲမြဲမှတ်ထားပါ ...ကိုဘုန်းဆီက ဘာမှ မမျှော်လင့်ထားတာမို့ နောက်ထပ် အနီရင့်ရဲ့ကိုယ်ဝန်ကို ဖျက်ချခိုင်းဖို့ စိတ်တောင် မကူးမိပါစေနဲ့ ...ရှေ့လျှောက် အနီရင့် လုံးဝ သည်းခံမှာ မဟုတ်တော့ဘူး "


" ဘာ...ဘာတွေ ပြောနေတာလဲ နီ ....ကိုဘုန်း ဘာမှ နားမလည်နိုင်ဘူး ... ကိုယ်ဝန်ကို ဘယ်သူက ဖျက်ချ ခိုင်းနေတာလဲ "


      အနီရင့်ရဲ့စကားတွေကြောင့် မြတ်ဘုန်းက အထိတ်ထိတ်အလန့်လန့် မေးလိုက်မိတယ်။


"ဒီမှာ နားထောင်ကြည့်လေ ..."


     အနီရင့်က မြတ်ဘုန်းရဲ့ ရှေ့မှာ ဖုန်းကို ဖွင့်ပြီး ချပေးလိုက်တယ်။


**************************


     မြတ်ဘုန်းဒေါသထွက်ထွက်နဲ့ ကားကို တရကြမ်းမောင်းခဲ့တာမို့ အချိန်ခဏအတွင်းမှာ အိမ်ရှေ့ကို ရောက်လာခဲ့တယ်။ မြတ်ဘုန်း ကားကို လမ်းမပေါ်မှာပဲရပ်ခဲ့ပြီး အိမ်ထဲကို ၀င်လာခဲ့တယ်။


**********************


  "ဘယ်လိုလုပ်ကြမလဲ အမေ ... ဟိုကောင်မဆီကို ဒီနေ့ထပ်သွားအုံးမှာလား ... သူက ကိုယ်ဝန်ကို မဖျက်ချဘဲ မွေးရင် ဘယ်လိုလုပ်မလဲ အမေ .. ပြီးတော့ ကိုဘုန်းသာ သမီးဆီမှာ ကိုယ်ဝန်မရှိတာသိရင် ဟို ကောင်မ ဆီကို ပြန်သွားမယ် ထင်တယ် ...သမီးတို့ ဘယ်လိုလုပ်ကြမလဲ ဟင် "


" ဘယ်လိုလုပ်ရမှာလဲ ...မွေးလို့ မရအောင် တားရမှာပေါ့ .. ဒါနဲ့ ညည်း အခြေအနေကရော ဆေးခန်း စုံအောင် ပြနေတာကို ကိုယ်ဝန်က မရနိုင်သေးဘူးလား "


     မြတ်ဘုန်းအိပ်ခန်း တံခါးဝကို အရောက်မှာ အခန်းထဲက စကားသံတွေကြောင့် ဒေါသက အထွတ်အထိပ်ကို ရောက်ရှိသွားပြီး တံခါးကို ဝုန်းခနဲ ဆောင့်ဖွင့်ပစ်လိုက်တယ်။


=======================


အပိုင်း (၂၁ ) ဆက်ရန်


ဧကြည်ဖြူ


rate now: