ဧကြည်ဖြူ
" ရင်ဘတ်ပေါ်ကနှင်းဆီ "
************************
" ဒေါက် ...ဒေါက် .."
"ဒေါက်...ဒေါက် ..."
တံခါးခေါက်သံတွေက အနီရင့်ရဲ့နားထဲမှာ မိုးခြိမ်းသံတွေလို့ ကျယ်လောင်လှတယ်။အနီရင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာသလို ခြေဖျားလက်ဖျား တွေလည်း အေးစက်လာတယ်။ခုချိန်မှာ တံခါးဖွင့်ပေးဖို့ရာ မဝံ့မရဲ ဖြစ်နေပေမဲ့ မဖွင့်ပေးမချင်းတံခါးကိုခေါက်နေမဲ့ပုံရတာမို့ အနီရင့် ကတုန်ကယင်နဲ့ တံခါးကို ထဖွင့်လိုက်ရတယ်။
" ဟင် "
တံခါးဝမှာ ရပ်နေတဲ့သူတွေကိုကြည့်ပြီး အနီရင့် အံ့သြထိတ်လန့်သွားမိတယ်။မှတ်မှတ်ရရ အနီရင့်တိုက်ခန်းကို အိမ်တက်လုပ်ချိန်မှာ တစ်ကြိမ်တစ်ခါပဲရောက်ဖူးကြတဲ့သူတွေ မဟုတ်လား။
" အန်တီဌေး ... မကေဇင် ...."
အနီရင့် တံခါးဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ဒေါ်ဌေးဌေးမူနဲ့ ကေဇင်ကျော်က တိုက်ခန်းထဲကို ဝင်လာပြီး ဟိုဒီကို ဝေ့ဝဲကြည့်လိုက်တယ်။
" နင်ယောကျာ်း အလုပ်သွားပြီလား "
" ဟုတ်ကဲ့ ...ဘာကိစ္စရှိလို့လဲ အန်တီဌေး "
အနီရင့် အိမ်ကို သက်သက်အလည်လာမဲ့သူတွေ မဟုတ်နိုင်တာမို့ အနီရင့် ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တယ်။
" အေး...လိုရင်းပဲပြောမယ်...နင့်မှာ မောင်မြတ်ဘုန်းနဲ့ ရတဲ့ ကိုယ်ဝန်ရှိနေတယ်ဆို...အဲ့ဒီလို စိတ်ရှုပ်စရာတွေကို မလိုချင်ဘူး ...အဲ့ဒါကြောင့် ကိုယ်ဝန်ကိုဖျက်ချလိုက်ပါ ... ကုန်ကျ စရိတ် အားလုံး ငါတို့ကုန်ကျခံပေးမယ် "
"ရှင် "
ဒေါ်ဌေးဌေးမူဆီက ကြားလိုက်ရတဲ့စကားကြောင့် ပထမတော့ အနီရင့် ထိတ်လန့် တုန်လှုပ်မိသွားတယ်။နောက်တော့ တစ်မုဟုတ်ချင်းဒေါသတွေထွက်လာမိတယ်။ ဒါပေမဲ့ အနီရင့် စိတ်ကို ထိန်းပြီး ပြောလိုက်တယ်။
" အန်တီဌေး ပြောတာ နားမလည်ဘူး ...အန်တီ ဌေး ဘာတွေပြောနေတာလဲ "
အနီရင့် မေးလိုက်တော့ ဒေါ်ဌေးဌေးမူက မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။ကေဇင်ကျော်ကတော့ မိခင်ဖြစ်သူရဲ့ဘေးမှာ မျက်နှာထားတင်းတင်းနဲ့ထိုင်နေတယ်။
" ဒီမှာ အနီရင့် ...ငါတို့ အတိအကျ သိလို့ လာခဲ့တာ ... နင်သာ လူလိုသိရင် ဒီကလေးကို မမွေးသင့်ဘူးဆိုတာ သိရဲ့လား ... ငါ့သမီး နေရာက စဉ်းစားကြည့်အုံး "
ဒေါ်ဌေးဌေးမူက ဒေါသသံနဲ့ ပြောတယ်။
"မိဘဆိုတဲ့ အရှိန်အဝါကို ပြလိုက်တာ "လို့ အနီရင့်စိတ်ထဲက ပြောလိုက်မိတယ်။သူ့သားသမီးတော့ စိတ်ဆင်းရဲဒုက္ခအရောက်မခံနိုင်ဘူး။သူများသားသမီးတော့ ဘာဖြစ်ဖြစ် ဆိုတဲ့ မိဘဝါဒီအစွဲကြီးလှတဲ့ ဒေါ်ဌေးဌေးမူကို အနီရင့် အံ့ဩတကြီးနဲ့ကြည့်နေမိတယ်။ဖြစ်နိုင်ရင် သားအမိနှစ်ယောက်လုံးကို တိုက်ခန်းထဲက ချက်ချင်း နှင်ထုတ်လိုက်ချင်ပေမဲ့ အနီရင့် စိတ်ကို အတတ်နိုင်ဆုံးထိန်းထားလိုက်တယ်။
" ဒီလိုမဟုတ်တဲ့ စကားတွေ ပြောမယ်ဆိုရင် ပြန် ကြပါတော့ရှင် ...အနီရင့်ရဲ့အိမ်ထောင်ရေး ပြိုကွဲအောင် ဒုက္ခလာမပေးကြပါနဲ့ ...ပြန်ကြပါတော့နော် "
" ပြန်မှာပါ ...ငါတို့ကလဲ လာချင်လွန်းလို့ လာတယ် မထင်နဲ့ ...သတင်းက အတိအကျသိပြီးသား ...အဲ့ဒီတော့ တစ်ပတ်အတွင်း ပြဿနာကိုဖြေရှင်းလိုက်ပါ ...အဲ့ဒီလိုမှ မလုပ်ဘူးဆိုရင် တို့တွေက ငြိမ်ခံနေမှာ မဟုတ်ဘူး ...ဒီကိစ္စကို နင့်အဖေကိုရော ...နင်လုပ်နေတဲ့ အလုပ်မှာရော ... နင့်ယောကျာ်းအမျိုးတွေဆီကိုပါ ဒီသတင်းကို လိုက်ပြောရမှာပဲ ...အဲ့ဒီတော့ စဉ်းစားပေါ့ "
" ဘယ် ..ဘယ်လို ... ဘာပြောတယ် ...အန်တီဌေး ...အန်တီဌေးတို့ လွန်လှချည်လား ...သွား ...ခုချက်ချင်းသွားကြပါတော့ .. အနီရင့်အိမ်ကို နောက်ထပ် ဘယ်တော့မှမလာကြပါနဲ့ "
*************************
နှင်းသီရိ အခန်းတံခါးဝမှာ ငြိမ်သက်စွာရပ်ပြီး အထဲက အသံတွေကို နားထောင်နေမိတယ်။နားထောင်နေရင်းမှ ကြားလိုက်ရတဲ့ စကားသံတွေကြောင့် နှင်းသီရိ ရင်ထဲမှာ တလှိုက်လှိုက်ခုန်ပြီး ပျော်ရွှင်လာမိတယ်။ပြီးတော့ တိုက်ခန်းထဲက လူတွေ ပြန်ထွက်မလာခင်မှာ အောက်ကို အလျင်အမြန်ပင်ပြန်ဆင်းလာခဲ့လိုက်တယ်။
***********************
"ဒေါက် ...ဒေါက် "
ထွက်ပေါ်လာတဲ့ တံခါးသံကြောင့် အနီရင့်မှာ ထိတ်လန့် ချောက်ချားသွားပြီး ဆိုဖာပေါ်ကို ထိုင်ရက် လဲကျသွားမိတယ်။
" ဒေါက် ...ဒေါက် ''
တံခါးခေါက်သံက တပ်မံ ထွက်ပေါ်လာတယ်။ အနီရင့် တံခါးကို တစ္ဆေသရဲတစ်ကောင်လို ကြည့်နေမိတယ်။
"ဒေါက် ..ဒေါက် "
" မမ ...မမနီ ...အိပ်နေတာလား "
တံခါးခေါက်သံနဲ့အတူ လင်းရိပ်ရဲ့ ညီမ အသံကို ကြားလိုက်ရမှ အနီရင့် ထိတ်လန့်စိတ်တွေ ပြေလျော့သွားပြီး တံခါးပေါက်ကို ယိုင်တိုင်တိုင်နဲ့ ထလာခဲ့မိတယ်။
" မမ ... နေမကောင်းလို့လား "
လင်းရိပ်ရဲ့ညီမက မေးရင်းနဲ့ အနီရင့်ကို ပြုံးစစနဲ့ ကြည့်နေတယ်။ပြီးတော့ သူမရဲ့ အကြည့်တွေက အနီရင့်ရဲ့ ဝမ်းဗိုက်လေးဆီကို ရောက်နေတာတွေ့လိုက်ရတာမို့ အနီရင့် ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားမိတယ်။စိတ်ထဲကလည်း မလုံမလဲစိတ်နဲ့ အပြစ် လုပ်ထားသူတစ်ယောက်လို ခံစားနေရတယ်။
" အမေတော့ အရမ်းပျော်နေတယ် မမရဲ့ .... အစ်ကို ပြောတာကို ကြားကြားချင်း မမဆီကို ပြေးလာချင်တာ ...အမေ့ကို ဆေးရုံရက်ချိန်း သွားပြရနေရသေးလို့ ချက်ချင်းမလာဖြစ်တာ "
သူမကပြောရင်း ပါလာတဲ့ ချိုင့်ကို ထမင်းစားခန်းဘက်ကို ယူသွားပြီး ပန်းကန်တွေ ထဲလှယ်ထည့်နေတယ်။ အနီရင့်ကတော့ အာစေးမိထားသူတစ်ယောက်လို ဘာမှ ပြန်မပြောနိုင်ဘဲ ထမင်းစားခန်းဝမှာ ငူငူ ချည်းရပ်နေမိတယ်။
"ဟင်းကို အစပ်မပါအောင် ချက်ခဲ့တယ် မမ ...ငါးလဲကြော်လာတယ်...နောက် စားချင်တာရှိရင်လဲ ဖုန်းဆက်နော် မမ ... တစ်နေ့တစ်ခေါက်တော့ ညီမလေးလာမှာပါ ... "
စကားသံတွေကို နားထောင်ပြီး အနီရင့် ငိုချင်လာမိတယ်။ရိုးသားဖြူစင်တဲ့သူတွေကို လိမ်ညာနေမိတယ်ဆိုတဲ့ အသိက အနီရင့်ကို ပူလောင်နေစေတယ်။အနီရင့်မှာ ပြောစရာစကားတွေ ပျောက်ဆုံးနေခဲ့တယ်။
" ဆိုင်ဘက်ကို လမ်းလျှောက်လိုက်အုံး မလား မမ ... နောက်နေ့ အဝတ်တွေ လျှော်မထားနဲ့ နော် ..ညီမလေးလာမှ လျှော်ပေးမယ် "
" ရ ...ရပါတယ် ညီမရယ် ... အဝတ်ကလဲ မများပါဘူး ...ပြီးတော့ စက်နဲ့ လျှော်တာမို့ အပန်းမကြီးပါဘူး...မမ မနက်ဖြန်မှ အမေ့ဆီကို လာခဲ့မယ်နော် ..."
လင်းရိပ်ရဲ့ ညီမဖြစ်သူ ပြန်သွားမှ အနီရင့် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆိုဖာပေါ်ကို အရုပ်ကြိုးပြတ်လဲချလိုက်မိတယ်။ခပ်စောစောက ဒေါ်ဌေးဌေးမူတို့ရှေ့မှာ နေရတာထက် ပိုပြီး လင်းရိပ်ရဲ့ ညီမရှေ့မှာ အနေရခက် အသက်ရှူရကြပ်သလို ခံစားနေခဲ့ရတယ်။ မလုံမလဲ စိတ်တွေက ကိုယ့်လိပ်ပြာကိုယ် ပြန်ချောက်လန့်နေသလို ခံစားနေရတယ်။
***************************
လင်းရိပ် အနီရင့် မျက်နှာကို မသိမသာ အကဲခတ်နေမိတယ် ။ခုတလောမှာ အနီရင့် မျက်နှာ သိပ်မကောင်းတာကို လင်းရိပ် သိတယ်။ ဒါပေမဲ့ ဘယ်လိုမေးရမလဲ ။ ဘယ်လိုဖျောင်းဖျ နှစ်သိမ့်ပေးရမလဲ လင်းရိပ်သေချာမသိပါ။ ပြီးတော့ ဒီနေ့အဖို့မှာ အနီရင့်ရဲ့မျက်နှာက အရင်နေ့တွေထက် ပိုပြီး ညှိုးရော်နေတာကို လင်းရိပ် သတိထားလိုက်မိတယ်။ကိုယ်ဝန်ကိစ္စကိုအိမ်ကိုပြောပြလိုက်တာကို မကြိုက်လို့များလားလို့ လင်းရိပ်တွေးလိုက်မိပြန်တယ်။ ဒါလဲ မဖြစ်နိုင်လောက်ဘူးလို့တော့ ထင်နေမိတယ်။
" နေမကောင်းဘူးလား .."
လင်းရိပ် မေးရင်းနဲ့ အနီရင့်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ပြီးတော့ အနီရင့်ရဲ့ မျက်နှာလေးကို စေ့စေ့ကြည့်ပြီး ထပ်မေးလိုက်တယ်။
" ခုတလော ဘာဖြစ်နေတာလဲ ... မင်းကိုကြည့်ရတာ လန်းလန်းဆန်းဆန်း မရှိသလိုဘဲ ...ဘာတွေ အလိုမကျ ဖြစ်နေတာလဲ ...ဘာလဲ ကော်ဖီဆိုင်မဖွင့်ရလို့ စိတ်တို့နေတာလား ဟုတ်တယ် မဟုတ်လား .."
လင်းရိပ်က အနီရင့်ရဲ့မျက်နှာကို အနီးကပ်စိုက်ကြည့်ပြီး စနောက်လိုက်တော့ အနီရင့် ရင်တွေ လှိုက်ခနဲ ခုန်သွားမိတယ်။ပြီးတော့ အလိုလို ပြုံးမိသွားတယ်။
"ပေါက်ကရတွေ တော်တော်ပြော "
အနီရင့်ရဲ့ မျက်နှာမှာ အပြုံးကို တွေ့လိုက်ရတော့မှ လင်းရိပ် စိတ်ထဲမှာပါ ပျော်ရွှင်လာမိတယ်။
" ဘာပဲဖြစ်ဖြစ် ..အကြောင်း တစ်ခုခု ရှိရင် ကျွန်တော်ကို ဖွင့်ပြောနော် ..."
လင်းရိပ်ကပြောရင်းနဲ့ အနီရင့်ရဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်။အနီရင့်ကို လင်းရိပ် စသိတုန်းကတည်းက အနီရင့် ပျော်ပျော်ရွှင်ရွှင် မျက်နှာပေးနဲ့သာလိကာမလေးလို နေတတ်တဲ့သူမဟုတ်မှန်းသိတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေတုန်းက သိချင်တာကို သိရမှ ကျေနပ်တတ်တဲ့သူ။ ကြည်ကြည်လင်လင် မျက်နှာလေး သူတစ်ပါးကို ကူညီတတ်တဲ့သူမျိုးပေါ့။ ခုလို မှိုင်တွေ ငေးမောနေတာမျိုးကို တွေရခဲတယ်။ဖြစ်နိုင်ရင် အနီရင့်ကို အရင်လို တက်ကြွပြီး သတ္တိတွေ ပြည်ဝနေတဲ့သူ့အဖြစ်ပဲ မြင်တွေ့ချင်မိတယ်။
" ဆေးရုံ ရက်ချိန်းသွားရင် ကျွန်တော်လိုက်ပို့မယ်နော် ...တစ်ယောက် တည်း မသွားနဲ့ "
လင်းရိပ်ဆီက စကားကို ကြားရတော့ အနီရင့် ငိုချင်စိတ်တွေ တားဆီးမရအောင်ဖြစ်လာမိတယ်။ လင်းရိပ်လို သွေးမတော်သားမစပ်သူက အနီရင့်နဲ့ ကလေးအတွက်စိုးရိမ်(ပူပန်ပေးနေပေမဲ့ ကာယကံရှင်ကလေးအဖေနဲ့ သွေးသားရင်းချာတွေကတော့ ကလေးကို သတ်ပစ်ဖို့ အကြောင်းတွေကိုပဲ တွင်တွင် ပြောနေကြတယ်လေ။
" ဟင် ... ဘာ ...ဘာဖြစ်လို့လဲ ...မင်း ဘာဖြစ်လို့လဲ "
စကားပြောနေရင်း ကနေ ရုတ်တရက် မျက်ရည်တွေ ရစ်ဝဲလာတဲ့ အနီရင့်ကို ကြည်ပြီး လင်းရိပ်စိုးရိမ်တကြီးနဲ့ မေးလိုက်မိတယ်။ မေးလိုက်မှအနီရင့်က ရှိုက်ကြီးတငင် ငိုချလိုက်တာမို့ လင်းရိပ် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ဖြစ်သွားမိတယ်။ထိုင်ရမလို ထရမလိုနဲ့ ယောင်အအ ဖြစ်နေမိပြီးမှ အနီရင့်ရဲ့ ပခုံးလေးနှစ်ဘက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ပြီး ကိုယ်တိုင် မသိလိုက်ခင်မှာဘဲ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်မိတယ်။
အနီရင့် စိတ်လွတ်လက်လွတ်ငိုနေမိပြီးမှ သတိဝင်လာမိပြီး လင်းရိပ်ရဲ့ရင်ခွင်ထဲကနေ ကမန်းကတန်း ရုန်းထွက်လိုက်မိတယ်။
"သွား ...သွားအိပ်တော့မယ် "
အနီရင့် အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်ပြီး အိပ်ခန်းထဲကို ၀င်လာခဲ့လိုက်တယ်။'
ပြောပြီးတာနဲ့ ထွက်သွားတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ် ထိုင်ခုံမှာ ငူငူငိုင်ငိုင်နဲ့ ကျန်နေခဲ့မိတယ်။
*************************
"ငွေနည်းနည်းလောက်ပေးပါ ကိုဘုန်း...ကေဇင် အသုံးလိုလို့ပါ "
အဝတ်လဲဖို့ပြင်နေတဲ့ မြတ်ဘုန်းမှာ ကေဇင်ကျော်ရဲ့ စကားကြောင့် ဆတ်ခနဲ နောက်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်မိတယ်။
"ဟိုနေ့က ပေးထား ပိုက်ဆံ ကရော "
မြတ်ဘုန်းရဲ့ အမေးကြောင့် ကေဇင်ကျော်စိတ်ထဲ ထောင်းခနဲ ဒေါသ ဖြစ်သွားမိတယ်။
" အရေးတကြီး သုံးစရာလေးရှိလို့ပါ ... "
ကေဇင်ကျော် ဆောင့် ဆောင့် အောင့်အောင့်နဲ့ပြန်ဖြေလိုက်တယ်။
"မင်းက ငါ့ကို ငွေထုတ်တဲ့စက်လို့ ထင်နေတာပဲ ..."
မြတ်ဘုန်း ငွေတစ်ထပ်ကို ကေဇင်ကျော် ရှေ့ကို ချပေးလိုက်ပြီး စိတ်တိုတိုနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်း ကေဇင်ကျော်ဆီက မကျေမနပ်ပြောဆိုသံ ထွက်မလာဘဲ ငွေထုပ်ကိုကောက်ယူပြီး ခြေသံပြင်းပြင်းနဲ့ ပြန်ထွက်သွားတာမို့ မြတ်ဘုန်း အံ့သြသွားမိတယ်။ခုရက်ပိုင်းမှာ ကေဇင်ကျော်တို့သားအမိဆီက ဆူပူပြော်ဆိုသံတွေ မကြားရတာက ထူးတော့ ထူးဆန်းနေတယ်လို့ မြတ်ဘုန်း တွေးလိုက်မိတယ်။ သားအမိနှစ်ယောက်ပေါင်းပြီး ဘာတွေများ ကောက်ကျစ်ဖို့ကြံနေကြမလဲလို့ ဆိုတာ မပြောနိုင်ဘူး။ကေဇင်ကျော်နဲ့ လက်ထပ်ပြီးကတည်းက ပြောင်းလဲသွားတဲ့ ဒေါ်ဌေးဌေးမူ။အရင်ကဆို "သား" ဆိုတဲ့ အခေါ်အဝေါ်ကို ပါးစပ်ဖျားကမချတဲ့ ဒေါ်ဌေးဌေးမူ တစ်ယောက် နောက်ပိုင်းမှာ မြတ်ဘုန်းကို မြင်ရင် မျက်စောင်းတခဲခဲနဲ့ ဖြစ်နေတတ်တာကို မြတ်ဘုန်း သိတယ်။ပြီးတော့ ငွေတောင်းလို့ ရရင် တစ်မျိုး ၊ မရရင် တစ်မျိုး ခုနှစ်ခေါ် ချိုးရှစ်ခေါက်ချိုးမျက်နှာမျိုး အမြဲလိုလို သုန်မှုန် နေတတ်ပြန်တယ်။အနီရင့်ပေါ်ကို အနိုင်ယူမိခဲ့သမျှ မြတ်ဘုန်း ဝဋ်တွေလည်နေခဲ့ပြီထင်ပါရဲ့ ။
*************************
" ဘယ်လို ဖြေရမလဲ ...ပေါ့ပါးခြင်းနဲ့ ဘ၀ ... ဘယ်ကို သွားမလဲ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ ညနေများ "
ဖုန်းခေါ်သံကြောင့် ဖုန်းကို ကြည့်လိုက်တော့ မသိတဲ့ ဖုန်းစိမ်းတစ်လုံးကို အနီရင့် တွေ့လိုက်ရတယ်။တစ်ခါတစ်ရံ စာဖတ်ပရိသတ် တွေဆီက ဖုန်းလာတတ်တာမို့ အနီရင့် ဖုန်းကို ကောက်ကိုင်လိုက်တယ်။
" ဟယ်လို ... အမိန့်ရှိပါ ရှင် "
"ဟယ်လို ... အနီရင့်ဆိုတာများလား "
" ဟုတ်ပါတယ်ရှင် "
" ကျွန်မ နှင်းသီရိရဲ့သူငယ်ချင်းပါရှင် ..နှင်း..နှင်းသီရိလေ အိပ်ဆေးတွေ သောက်လိုက်လို့ ဆေးရုံတင်လိုက်ရတယ် "
"ရှင် " ကြားလိုက်ရတဲ့ စကားကြောင့် အနီရင့် ထိတ်လန့်တုန်လှုပ်သွားမိတယ်။
" အသက်အန္တရာယ်တော့ မရှိတော့ပါဘူး ...အဒါသူက အစ်မကို တွေ့ချင်လို့တဲ့ ...ကျွန်မ လိပ်စာပို့ပေးလိုက်မယ်နော် ... ကျေးဇူးပြုပြီး လိပ်စာအတိုင်း လာခဲ့ပေးပါနော် "
တစ်ဖက်က ပြောချင်ရာပြောပြီး ဖုန်းချသွားတယ်။ အနီရင့် ထိုင်ခုံပေါ်မှာ အသက်မဲ့သူလို ငူငူငိုင်ငိုင်နဲ့ ထိုင်နေမိတယ်။
" တွီ "
ဖုန်းထဲကို မက်ဆေ့ ၀င်သံကြားလိုက်ရတာမို့ အနီရင့် ဖုန်းမက်ဆေ့ကို ကြည့်လိုက်တော့ ဆေးရုံမဟုတ်တဲ့ လိပ်စာတစ်ခုကို တွေ့လိုက်ရတယ်။
***************************
လိပ်စာထဲကအတိုင်း ကားကို ရပ်ခိုင်းပြီး အနီရင့် ကားပေါ်ကနေ ဆင်းလိုက်တယ်။ခြံနဲ့ဝန်းနဲ့ သပ်သပ်ရပ်ရပ် အိမ်တစ်လုံးကို တွေ့လိုက်ရတယ်။ ဆေးရုံဆေးခန်းမဟုတ်တာတော့ သေချာလှတယ်။အနီရင့် ဖုန်းဆက်လိုက်တော့ အိမ်ထဲကနေ မိန်းမချောလေးတစ်ယောက် ထွက်လာတယ်။နှင်းသီရိတော့ မဟုတ်ဘူး။နှင်းသီရိရဲ့ သူငယ်ချင်းဆိုသူဖြစ်မယ်ထင်ပါရဲ့။
" အစ်မ ၀င်လေ ...နှင်း အထဲမှာရှိတယ် "
မိန်းမချောလေးက တံခါးဖွင့်ပေးပြီး အိမ်ထဲကို ခေါ်တယ်။ အနီရင့် မဝံ့မရဲ့နဲ့ နောက်ကနေလိုက်ဝင်လာခဲ့မိတယ်။
" နှင်း ဒီအခန်းထဲမှာ ရှိတက် အစ်မ ...၀င်သွားလိုက်ပါနော် "
မိန်းခလေးပြတဲ့ အခန်းတံခါးကို အနီရင့် အသာတွန်းဖွင့် ကြည့်လိုက်မိတယ်။
"ဟင် "
အမြဲတမ်း လှပကျော့ရှင်းနေတဲ့ သူမရဲ့ပုံစံက တစ်ပတ်အတွင်းမှာ ပိန်ကျသွားပြီး လူကလည်း အင်အားကုန်ခမ်း နေတဲ့ပုံနဲ့ အိပ်ရာပေါ်မှာ ခွေခွေလေးလဲ နေရှာတယ်။
" အချိန်မီ သိလိုက်လို့ပေါ့ အစ်မရယ်....ဆေးရုံသွားတာ အချိန်မီသွားလို့ ကံကောင်းသွားတာ .. သူ့မိသားစုတွေကိုတောင် အကြောင်း မကြားဘူး စိတ်ပူနေကြမှာစိုးလို့ ..အဲ့ဒါ နှင်းက အစ်မကို တွေ့ချင်တယ်ပြောလို့ လှမ်းခေါ်လိုက်တာ ...နှင်းရေဒီမှာ နင်တွေ့ချင်တဲ့ အစ်မရောက်နေပြီလေ ...."
မိန်းမချောလေးရဲ့ စကားအဆုံးမှာ နှင်းသီရိ မျက်လုံးလေးဖွင့်ကြည့်လာတာကို တွေ့လိုက်ရတယ်။
" အစ်မ ...အစ်မလာတယ်နော် ..နှင်းက အစ်မ မလာဘူးထင်နေတာ "
အနီရင့်ကို မြင်တော့ နှင်းသီရိက လေသံပျော့လေးနဲ့ နှုတ်ဆက်လာပြီး မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ လှမ်းကြည့်တယ်။ပြီးတော့ ပါးပြင်ပေါ်ကို မျက်ရ.ည်တွေ တလိမ်လိမ့် စီးကျလာတယ်။နှင်းသီရိကိုကြည့်ပြီး အနီရင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ခုတင်ဘေးမှာ ယောင်နနနဲ့ရပ်နေမိတယ်။
"နှင်း သေသွားချင်တယ် ...တကယ်ကို သေပစ်လိုက်ချင်တာပါ "
" နှင်း ...နှင်းရေ ... ခြံရှေ့မှာ ကိုလင်းရိပ်ရောက်နေတယ် "
အနီရင့်နဲ့နှင်းသီရိ စကားမပြောရသေးခင်မှာပင် နှင်းသီရိရဲ့သူငယ်ချင်းမလေး အခန်းထဲကိုဝင်လာပြီး ပြောလိုက်တဲ့ စကားကြောင့် နှင်းသီရိရဲ့ မျက်နှာလေးက ဝင်းခနဲ ဖြစ်သွားသလို အနီရင့်ရဲ့ခန္ဓာကိုယ်လေးမှာ ယိမ်းယိုင်သွားတာမို့ အခန်းနံရံကို ကမန်းကတန်းကို လှမ်းကိုင်လိုက်ရတယ်။
"အနီရင့် ပြန် ...ပြန်တော့မယ် ...နောက်ကထွက်ပေါက်ရှိလား ဟင် "
အနီရင့် တုန်တုန်လှုပ်လှုပ် နဲ့ မေးလိုက်တော့ နှင်းသီရိ သူငယ်ချင်းမလေးက အနီရင့်ရဲ့လက်ကို လှမ်းဆွဲပြီး
" လာ...လာ ... ကျွန်မအခန်းထဲမှာ ခဏဝင်နေလိုက်နော် ..."
*************************
နှင်းသီရိ အခန်းနဲ့ ဘေးချင်းကပ်အခန်းထဲမှာ အနီရင့် ငြိမ်စွာရပ်နေမိတယ်။အိမ်ရှေ့တံခါးဖွင့်သံ၊ အထဲကို ဝင်လာတဲ့ ခြေသံတွေကိုကြားနေရတယ်။ အနီရင့် အသက်ပင်ပြင်းပြင်းမရှူရဲ။ တံခါးပေါက်ကို အသာဟပြီး အပြင်ကို ချောင်းကြည့်လိုက်မိတော့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာနဲ့ ဝင်လာတဲ့ လင်းရိပ်ကိုတွေ့လိုက်ရတယ်။ လင်းရိပ်ကို ကြည့်ပြီး အနီရင့်ရင်ထဲမှာ ဆို့နင့်ကြေကွဲလာမိတယ်။နှလုံးသားကို လက်အစုံနဲ့ ဖျစ်ညှစ်ခံထားရသလုံ နာကျင်နေမိတယ်။ နှင်းသီရိအခန်းထဲကို လင်းရိပ် ဝင်ရောက် သွားပြီးချိန်မှာတော့ အနီရင့် အခန်းထဲက ပြန်ထွက်ပြီး အိမ်အပြင်ကို အမြန်ဆုံးပြေးထွက်လာခဲ့မိတယ်။
**********************
ကတ္တရာလမ်းမထက်မှာ ကားလေးက တရိပ်ရိပ်ပြေးနေတယ်။ ကားရဲ့နောက်ခန်းထဲမှာ အနီရင့် မလှုပ်မယှက် ထိုင်းနေမိတယ်။အနီရင့်ရဲ့ ပါးပြင်ထက်မှာ မျက်ရည်တွေက တားဆီးလို့ မရအောင် တလိမ့်လိမ့်စီးဆင်းကျနေတယ်။
" တွီ "
ဖုန်းကနေ မက်ဆေ့ ၀င်သံကို ကြားလိုက်ရတယ်။ မက်ဆေ့ကို လုံးဝ ဖွင့်မကြည့်ဘူးလို့ စိတ်တင်းထားပေမဲ့ သိချင်စိတ်က ထားလို့မရတာပို့ အနီးရင့် ဖွင့်ကြည့်လိုက်မိတယ်။ မျက်ရည်တွေကြားကနေ အနီရင့် မြင်လိုက်ရတဲ့စာကြောင်းလေးက
"တောင်းပန်ပါတယ် အစ်မ...ကိုလင်းရိပ်က သူငှားပေးထားတဲ့အိမ်ဆိုတော့ အချိန်မရွေး ဝင်ထွက်နေတာပေါ့ ..."
စာကို ဖတ်ပြီး အနီရင့်မိုက်ခနဲ လဲကျသွားမိတယ်။
===================
အပိုင်း ( ၂၀ ) ဆက်ရန်
ဧကြည်ဖြူ