book

Index 21

ဝတ္ထုတို ၂၁

ကျွန်ပ်နဲ့ထူးဆန်းသောခေါင်းပြတ်စုန်း

=========================


      ရိုးမတောကဆောင်းကာလမို့နေမထွက်မှီအချိန်၊

မြူများဆိုင်း၍ အေးစိမ့်နေသည် ။


   ကျွန်ပ်ဖိုးတေနဲ့ မုဆိုးလက်သင်တပည့်လေး

သာဝတို့မှာ ရိုးမတောအတွင်းအမဲပစ်ရန် ရောက်

ရှိနေကြသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်၏။


   လိုအပ်သော စားနပ်ရိက္ခာတစ်ချို့ယူလာပြီး

တစ်ပတ်၊ဆယ်ရက် တောတွင်းနေမည်စိတ်ကူးဖြင့်

တောနက်ရာသို့ရောက်နေကြခြင်းဖြစ်သည် ။


   ခုလိုမနက်စောစောအချိန်တွင်ပစ်ခတ်ရရှိသော

အသားခြောက်ကိုမီးဖိုမှမီးခဲဖြင့်ဖုတ်ကာ၊

 ကောက်ညှင်းပေါင်း 

ပူပူဖြင့်နှစ်ယောက်သားစားသောက်ရင်းရှိနေကြ၏ ။


   ကျွန်ပ်တို့နှစ်ယောက်စခန်းချနေသောနေရာမှာ

  ကျောက်တောင်ကြီးအောက်ခြေမှ ဂူငယ်တစ်ခု

ကိုရှင်းလင်း၍ စခန်းချနေကြခြင်းဖြစ်သည် ။


   စခန်းမှခွာ၍ အမဲပစ်ထွက်ချိန်တွင် သစ်ချောင်း

များဖြင့်ပြုလုပ်ထား

သောတခါးတစ်ခုဖြင့် ဂူဝကို ပိတ်ကာထားခဲ့သော

ကြောင့်ပစ်ခတ်ရရှိထားသော အသားခြောက်များ

အတွက် စိတ်ပူစရာမလိုပေ ။


အကယ်၍ ဂူဝကိုသာ မပိတ်ခဲ့ပါက အသားစား

တောတိရိစ္ဆာန်များရန်ကရှိနေ၏ ။


  .....ကျီ....ကျီ....ကျီ...ကျီ.......


  ဆင်အော်သံများကျွန်ပ်တို့နဲ့ ခပ်လှမ်းလှမ်းအရပ်

ဆီမှကြားလိုက်ရသောကြောင့် နှစ်ယောက်သား

ငြိမ်သက်စွာနားစွင့်ရင်းငြိမ်သက်နေကြသည် ။


  ”..သစ်လုပ်ကွက်က ဆင်တွေလား.. တောဆင်တွေလားမသိဘူး...”


”..သစ်လုပ်ကွက်က ဆင်တွေတော့ မဟုတ်လောက်ဘူး တောဆင်ဖြစ်ဖို့များတယ် သာဝရ...”


 ” ကျွန်တော်တို့အမဲပစ်ထွက်တာနဲ့ ကြုံနေမှာ

ကြောက်လို့ပါ ကိုကြီးဖိုးတေရာ...”


  ”..အဲဒီလောက်ထိလည်း တွေးကြောက်စရာ

မလိုပါဘူးကွာ ဒီနားမှာဆင်စားကျက် ဝါးတော

မရှိပါဘူး ..ဖြတ်သွားကြတာနေမှာပါ....”


  ”..ဒါနဲ့ ကိုကြီးဖိုးတေ..ဆင်တွေမှာ သင်းချိုင်း

ရှိတယ်ဆို ကျွန်တော် ပြောသံကြားဖူးလို့..

ဆင်သင်းချိုင်းအကြောင်းအပြည့်အစုံပြောပြပါလား

သိထားချင်လို့....”


 ဆင်နဲ့ပတ်သက်၍စကားစပ်မိရာမှသာဝကဆင်

သင်းချိုင်းအကြောင်း ကျွန်ပ်ကိုပြောပြရန်တောင်း

ဆိုလာသောကြောင့် ကျွန်ပ်မှာလည်းကိုယ်တိုင်

မတွေ့ဖူးသော်လည်း ရှေးမုဆိုးကြီးများပြောသော

ဆင်သင်းချိုင်းအကြောင်း သာဝကိုပြောပြရတော့

သည် ။


”..ဆင်သင်းချိုင်းနဲ့ပတ်သက်ပြီးတစ်ခြားသူတွေကို

မဆိုထားနဲ့ မုဆိုးတွေကြားမှာတောင် အဖွဲ့နှစ်ဖွဲ့

ကွဲသွားတယ်ကွ ။ 

 ဆင်သင်းချိုင်းတကယ်ရှိတာကိုယုံတဲ့ မုဆိုး။


ဆင်သင်းချိုင်းဟာဒဏ္ဏာရီယုံတမ်းစကား ပုံပြင်ပါ

ဆိုပြီး မယုံတဲ့မုဆိုး ။


  မင်းက ယုံတဲ့မုဆိုးတွေပြောတဲ့စကားနားထောင်မလား၊ 

 ဒါမှမဟုတ် မယုံတဲ့ မုဆိုးတွေပြောစကားနားထောင်

မလား ၊ငါဘယ်အကြောင်းအရာပြောပြရမလဲ...”


  ” ကျွန်တော် နှစ်ခုလုံးနားထောင်ချင်တယ် ကိုကြီး

ဖိုးတေ ၊ နှစ်ခုလုံးနားထောင်ပြီးမှာ ဘယ်စကားအမှန်

ဆိုတာ ချင့်ချိန်သုံးသပ်တွေးလို့ရမှာပေါ့... ”


  ကျွန်ပ်မှာ သာဝစကားကြောင့်ပြုံးလိုက်မိ၏ ။

သူပြောသလို နှစ်ခုလုံးနားထောင်ပြီးမှ ရှိသည်၊မရှိသည်ကို ကိုယ်အားသန်ရာဖက်လက်ခံယုံကြည်နိူင်သည်

စကားကသဘာဝကျနေသောကြောင့်ပင်။


  ” အဲတာဆိုရင် ဆင်သင်းချိုင်းရှိတယ်ဆိုတာယုံတဲ့

မုဆိုးကြီးတွေပြောစကားက ၊


သတို့ပြောတာက တောဆင်တွေဟာအိုလာတဲ့

 သူတို့သေတော့မယ်ဆိုတာ ကြိုသိတတ်ကြတယ်တဲ့ 


သူတို့ရောက်နေရာ အရပ်နဲ့ ဆင်သင်းချိုင်းဝေးနေတယ်ဆိုရင်သင်ချိုင်းရှိရာ ရောက်အောင်လာပြီး 

ဆင်သင်းချိုင်းမှာပဲ သေလေ့ရှိတယ်ပြောကြတယ် 


လူတွေပစ်သတ်လို့သေတာ၊ တိရိစ္ဆာန်ချင်းတိုက်ခိုက်

လို့သေတာ၊ သဘာဝဘေးအန္တရယ်ကြုံလို့သေရတဲ့

ဆင်တွေကတော့မပါဘူးပေါ့လေ ။”


”..အဲဒီ ဆင်သင်ချိုင်းမှာဆင်စွယ်တွေ တောင်လိုပုံ

နေမှာပေါ့နော် ၊ တကယ်သာဆင်သင်းချိုင်းရှိရင်ပေါ့..

တွေ့တဲ့လူကတော့ ထောပြီပဲ...”


”...စကားမဆုံးသေးဘူးကွ အဲဒီဆင်သင်းချိုင်းမှာ

ရှေးအစဉ်အဆက် ဆင်တွေသေလာတော့ အရိုးတွေ၊

အစွယ်တွေက တောင်လိုပုံထပ်နေတာတော့မှန်တယ်။


ဒါပေမယ့်.. ဆင်သင်းချိုင်းဟာ လျို့ဝှက်တဲ့နေရာမျိုး

မှာရှိပြီး ဆင်သင်းချိုင်းကိုစောင့်တဲ့ အစောင့်ဆင်တွေ

ရှိတယ်တဲ့ ၊ သူတို့သင်းချိုင်းနား ဘယ်သူမှအကပ်

မခံဘူးတဲ့..ယုံတဲ့သူတွေအပြောတဲ့ဆင်သင်းချိုင်း

အကြောင်းပဲ သာဝရေ...”


”..မယုံတဲ့ လူတွေပြောစကားလေးလည်း ပြောပြပါ

အုံး ယုံတာမယုံတာထက်နားထောင်လို့ကောင်းတယ်

ကိုကြီးဖိုးတေ...”


”..မယုံတဲ့သူတွေကတော့ကွာ ဆင်သင်းချိုင်းဆိုတာ

မရှိဘူး ပါးစပ်ရာဇဝင်တဲ့ ။


   ဘာလို့လဲဆိုတော့ ဆင်သင်းချိုင်းဆိုတာ ဒီနေ့ဒီ

အချိန်အထိ ဘယ်သူမှ မတွေ့ကြလို့ပဲတဲ့.. ။


   တိရိစ္ဆာန်ဖြစ်တဲ့ဆင်တွေက ဘယ်နေရာမှသေရမယ်ဆိုပြီးနေရာတစ်ခု သတ်သတ်မှတ်မှတ်ထားတယ်ဆိုတာ မဖြစ်နိူင်တဲ့ ကိစ္စလို့ပြောလာကြတယ် ။


   တချို့ဆိုရင် ဆင်ကိုသေအောင်မပစ်ပဲ ဒဏ်ရာနဲ့

ဆင်နောက်ကိုလိုက်ပြီး သင်ချိုင်းရှိနေလားလို့စမ်းတဲ့

လူတွေတောင်ရှိတယ် ၊ ဒါပေမယ့် လူတွေသူ့နောက်ကနောက်ယောင်ခံလိုက်နေတာသိလို့လား 

  ဒဏ်ရာကြောင့်ပဲ ဆင်သင်းချိုင်းကိုမရောက်နိူင်ပဲ

သေတာလားမဆိုနိူင်ဘူး။


သူတို့စမ်းသပ်ပစ်ခတ်ပြီးနောက်ယောင်ခံလိုက်တဲ့

ဆင်တွေက တောတောင်တွေထဲ ကြုံရာနေရာသေ

သွားတာပဲ တွေ့ကြတယ် ။


 နောက်ဆုံးခြုံပြောရရင်ဟိုးရှေးနှစ်ကာလအတန်ကြာ

ကဆင်သင်းချိုင်းဟာရှိနေမယ်ဆိုရင် ဧရာမနေရာ

အကျယ်အဝန်းဖြစ်နေမယ် ၊ လူတွေတစ်ယောက်

မဟုတ်တစ်ယောက်တွေ့ကိုတွေ့ရမယ် ၊ခုချိန်ထိ

ဘယ်သူမှ ဆင်သင်းချိုင်းအစအနကိုမတွေ့တာမို့ 

  မရှိဘူးလို့ပြောကြတာပါပဲ...ဒါမယုံတဲ့သူတွေက

ဆင်သင်းချိုင်းမရှိဘူးပြောစကားပါပဲ.... ”


  ”...ဘက်ညီတယ်ပြောရမယ် ကိုကြီးရေ 

ယုံတဲ့လူအတွက်လည်း ဆင်သင်းချိုင်းရှိတာယုံ

နိူင်သလို မယုံတဲ့လူအတွက်ကလည်း 

မယုံဖို့အကျိုးအကြောင်းညီနေတယ်...

 ကိုကြီးဖိုးတေ ကရော ယုံတဲ့ဖက်လား ၊

 မယုံတဲ့ဖက်ကလား....”


”...နေထွက်လာပြီ အမဲပစ်ထွက်ရအောင်၊ သာဝ..”


”..မေးတာလည်းမဖြေဘူးဗျာ...”


”..ငါ့လာမေးနေတယ် မင်းကျရော...”


” ကျွန်တော်ကတော့ ယုံတယ် မတော်တဆသွား

လာရင်းဆင်သင်းချိုင်းတွေ့ရင် ရွာက ကျွန်တော်ချစ်

တဲ့အေးမူန်ကိုတောင်းမယ်ဗျာ၊ ငွေမက်တဲ့သူ့အဖေ၊

ဦးဖိုးလှကြီးမျက်နှာကို ငွေထုတ်နဲ့ပေါက်မှာ...”


” ဦးဖိုးလှကို ငွေထုတ်နဲ့မပေါက်ခင် မင်းကိုငါဖနောင့်

နဲ့ထပေါက်မိတော့မယ် ခုထိမပြင်ဆင်ရသေးဘူး..”


ကျွန်ပ်မှာ ဆင်သင်းချိုင်းကိုစိတ်ကူးယဉ်ပြီး ပြောဆိုနေသောသာဝကိုမာန်မဲလိုက်မှသာဝလည်း ကမန်းကတန်းဖြင့်အဝတ်အစားများလဲလှယ်ပြီး ဂူအပြင်သို့ထွက်လာကြကာ ဂူဝကိုသစ်လုံးတခါးဖြင့်ပိတ်လိုက်

ကြရင်းအမဲပစ်ထွက်လာခဲ့ကြတော့သည်။


 ခါတိုင်းဆိုလျှင် စကားများလွန်းတိတ်တိတ်နေရန်

မကြာခနမာန်မဲရသော သာဝတစ်ယောက် ယနေ့တွင်

ကျွန်ပ်နောက်မှငြိမ်ငြိမ်လေးလိုက်လာနေသည်။


  ဆင်သင်းချိုင်းအကြောင်းတွေးရင်းစိတ်ကူးယဉ်နေသည်လားမဆိုနိူင်ပေ။

   လူငယ်သဘာဝ စိတ်ကူးယဉ်သည်ကိုအပြစ်မဆို

သာ၊ ကျွန်ပ်သည်ပင်လျှင်ဆင်သင်းချိုင်းရှိသည်ဟု

ယုံကြည်သော မုဆိုးဖြစ်နေသောကြောင့်ဖြစ်၏ ။


   တောင်ရိုးလေးတစ်ခုပေါ်အတက်တွင် ဆင်ခြေရာများ ၊ဆင်များတောတိုးသွားသောကြောင့် ကျိုးပြတ်

နေသောသစ်ကိုင်းများ၊ပိပြားနေသော သစ်ပင်ငယ်များ

ကိုတွေ့လိုက်ရသောကြောင့် ကျွန်ပ်ခြေလှမ်းရပ်လိုက်.သည်။


 ဆင်သွားသောလမ်းတစ်လျှောက်သားကောင်ငယ်များ လန့်ဖျတ်ပြေးကုန်ကြမည်ဖြစ်သောကြောင့်

သားကောင်မရနိူင်သောကြောင့်ဖြစ်သည် ။


  ကျွန်ပ်မှာ ဘေးပတ်ချာလည်သို့ကြည့်ရင်း ခြုံတစ်ခု

ကိုကြည့်ရင်း အနားသို့သွားကာသေချာစူးစိုက်ကြည့်

နေစဉ် သာဝက ဘာမှနားမလည်ဟန်ဖြင့် ကျွန်ပ်ကို

ကြည့်နေသည် ။

  လေသံတိုးတိုးဖြင့်ကျွန်ပ်နားသို့ကပ်၍


  ”..ခြုံပုတ်ထဲ ဘာသားကောင်တွေရှိနေလို့လဲ 

ကိုကြီး...”


 ”..ဘာသားကောင်မှ မရှိပါဘူးကွာ မင်းကိုဗဟုသုတ

အဖြစ်ပြစရာအပင်ရှိနေလို့ မင်းဆင်ပုန်းငှက်ပျောပင်

မြင်ဖူးလား.... ”


  ”..တောငှက်ပျောပင်ပဲ မြင်ဖူးတာပေါ့ တောလာ

တိုင်းတွေ့နေရာတာပဲဟာ.. ”


   ” အာ.. ဒီကောင် ဆင်ပုန်းငှက်ပျောကိုပြောနေတာ

ဒီမှာကြည့် တွေ့လား ဆင်အုပ်ကြီးဖြတ်သွားတာတောင် သူတို့အကြိုက်ဆုံး အစားအစာဖြစ်တဲ့ ငှက်ပျောပင်

ကြီးတွေ့မသွားတာ....”


  ”...ဟာ.. နည်းတဲ့ ငှက်ပျောပင်ကြီးလား..ကိုကြီး

ပြလို့သာ တွေ့ရတာ ကို့ဟာကိုယ်ဆိုရင် ဆင်တွေမပြောနဲ့ ကျွန်တော်လည်းတွေ့မှာ မဟုတ်ဘူး....”


  သာဝမှာကျွန်ပ်ပြသော ဆင်ပုန်းငှက်ပျောပင်ကို

ကြည့်ပြီးအံ့သြသင့်နေပါသည် ။


  ဆင်ပုန်းငှက်ပျောပင်မှာတစ်ပင်တည်းပေါက်တတ်

သောအပင်မျိုးဖြစ်သည်။ 


   ပင်စည်အလုံးမှာ အုန်းပင်နီးပါးခန့်ရှိပြီး အဖျားသို့ 

ရှူးသွား၏ ။

    ရွက်လက် လေးငါးခြောက်လက်ခန့်မှာ အပေါ်သို့

စုထောင်တက်နေသည် ။


    ဆင်ပုန်းငှက်ပျောဟုခေါ်ရခြင်းမှာ ထိုငှက်ပျောပင်မှာ ခြုံနွယ်များကြားတွင်ပေါက်ရောက်ပြီး ခြုံနွယ်များ

နဲ့ရောနှောနေသောကြောင့် ဆင်များအလွယ်တကူ

မတွေ့နိူင်သောကြောင့်ဖြစ်သည် ။


     အခင်းလိုက်၊အစုလိုက်ပေါက်လေ့မရှိ တစ်ပင်တည်းပေါက်ကာ အလွန်ရှား၏ ။ 


   ဆင်များမှာ ဆင်ပုန်းငှက်ပျောပင်ကို အလွန်ကြိုက်

နှစ်သက်သော်လည်း ရှာမတွေ့နိူင်သောကြောင့် 

  မစားရေပေ ။


 တစ်ခါတရံဆင်သွားလမ်းတည့်တည့်တိုးမှသာစား

ရတတ်သည်။


  ငှက်ပျောအူမှာချက်စားလျှင်အလွန်ကောင်း

သောကြောင့် ကျွန်ပ်မှာ နေရာကိုမှတ်သားထားလိုက်

၏။


  ကျွန်ပ်တို့မှာ ဆင်သွားထားသောလမ်းနဲ့ဆန့်ကျင်ဖက်တောတွင်း တရွေ့ရွေ့လျောက်လာကြသည် ။


  ယခုအချိန်အထိသားကောင် အရိပ်အယောင်မျှ

မမြင်ရသောကြောင့် ကျွန်ပ်မှာ ရှေ့သို့ဆက်

လျှောက်နေစဉ်... ။


  တောတိုးပြေးလွှားသံများကြားလိုက်ရသောကြောင့် သာဝကိုအချက်ပြလိုက်ပြီး နီးစပ်ရာသစ်ပင်ကြီးတစ်

ပင်နောက်သို့နှစ်ယောက်သား ဝင်ပုန်းလိုက်ကြတော့သည် ။


    ကျွန်ပ်တို့နှစ်ယောက်မှာပုန်းအောင်းနေရာမှ

အသံကြားရာရှေ့သို့ ကြည့်ရူနေကြစဉ် မိန်းခလေး

တစ်ယောက်ကြောက်လန့်တကြားပြေးလွှားလာသည်

ကိုပထမမြင်တွေ့ရပြီး ။


သူမနောက်မှ ဓား၊လှံများကိုင်ထားသောယောက်ကျားသား သုံးယောက်ပြေးလိုက်လာသည်ကိုတွေ့မြင်ရသည်။


      မိန်းခလေးမှာ ယောက်ကျားခြေလှမ်းပြေးအား

ကိုမယှဉ်နိူင်သောကြောင့် လူသုံးယောက်မှ

 မိန်းခလေးကိုမှီလာသောအခါ ဝိုင်းပတ်၍

လက်နက်များဖြင့် ချိန်ရွယ်ထားလိုက်ကြသည် ။


   ဘာမှလက်နက်မပါသော မိန်းကလေးတစ်ယောက်

ကိုယောက်ကျားရင့်မာကြီးသုံးယောက်က လက်နက်

များကိုင်၍ အန္တရယ်ပေးမည့်ဟန်မြင်ကွင်းက 

 လုံးဝကြည့်မြင်၍မကောင်းသော မြင်ကွင်းမျိုးဖြစ်၏ ။


    လူသုံးယောက်ကြားတွင် မိန်းကလေးမှာ ကြောက်

လန့်တကြားဟန်ဖြင့်ရှိနေသည် ။


     ဓားကိုင်ထားသူတစ်ယောက်က မိန်းကလေးကို

ခုတ်ရန်ဓားကိုမြှောက်လိုက်သောအခါ ကျွန်ပ်လည်း

မနေသာတော့ပဲ သေနတ်ကိုမိုးပေါ်ထောင်၍တစ်ချက်

ပစ်ဖောက်လိုက်တော့သည်။


....ဒိုင်း....


”...မင်းတို့နောက်ထပ်မိန်းကလေးကို အန္တရာယ်ထပ်

ပြုဖို့ကြိုးစားရင် ခုတစ်ခါပစ်မယ့်သေနတ်ကျည်က 

 မိုးပေါ်ပစ်မှာမဟုတ်ပဲ မင်းတို့ကိုယ်ထဲရောက်ကုန်

လိမ့်မယ်... ”


   ကျွန်ပ်က သေနတ်ဖြင့်ထိုးချိန်၍ မိန်းကလေးနဲ့

အန္တရယ်ပြုမည့်သူများထံ သွားနေရာသာဝမှာလည်း

 ဓားမြှောင်ကို လက်တွင်အသင့်ကိုင်၍လိုက်ပါလာ

သည် ။


  ရုတ်တရက်ထွက်ပေါ်လာသောသေနတ်သံကြောင့်

အားလုံးအံ့သြသင့်နေဟန်ဖြင့် ကျွန်ပ်ရှိရာကြည့်နေကြ

သော မိန်းကလေးနဲ့ လူသုံးယောက်မှာ မိန်းကလေး

မှာကယ်တင်ရှင်ရုတ်တရက်ပေါ်လာသောကြောင့်

 အသက်ဘေးလွတ်မြှောက်၍ဝမ်းသာနေဟန်ရှိသော်

လည်းလူသုံးယောက်မှာ သူတို့အလုပ်ကိုဝင်နှောင့်ယှက်သူရှိသောကြောင့် မခံချိမသာဟန်မျက်နှာအမူအယာများဖြင့်ရှိနေကြသည်။


   ”...ခင်ဗျားတို့ ဘာမှမသိဘူးနော် သူကလူမဟုတ်ဘူး မကောင်းဆိုးဝါးမပဲ သူကိုအချိန်မှီသတ်ရမယ်

မသတ်နိူင်ရင် အားလုံးသေရလိမ့်မယ် ။..”


  ” မိန်းကလေးတစ်ယောက်ကို ကျွန်ပ်ရှေ့မှာ

သတ်မယ့် ကိစ္စကိုလက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး

လိုအပ်ရင် ခင်ဗျားတို့ကိုပစ်ရလိမ့်မယ်...”


    မိန်းကလေးဝိုင်းထားသူသုံးယောက်ထဲမှ

တစ်ယောက်က မိန်းကလေးကိုမကောင်းဆိုးဝါး

ဟူ၍ပြောလာသောကြောင့် ကျွန်ပ်ကစကားသံမာမာ

ဖြင့်ပြောလိုက်ရာ လူသုံးယောက်မှာတစ်ယောက်ကို

တစ်ယောက်မျက်ရိပ်ပြ၍ မိန်းကလေးအနီးမှထွက်

ခွာသွားကြတော့၏ ။


   ” ကျေးဇူးတင်ပါတယ်ရှင်... အစ်ကိုကြီးတို့သာ

မကယ်ရင်ဒီလူတွေလက်ချက်နဲ့ ကျွန်မ သေရမှာ...”


 ”...ဒါနဲ့ မင်းကတောကြီးမျက်မည်းထဲဘာလို့

ရောက်နေတာလဲ.. မင်းကိုလိုက်သတ်တဲ့လူတွေက

ရောဘာလို့ လိုက်သတ်နေကြတာလဲ....”


   မိန်းကလေးမှာ မျက်ရည်အဝဲသားမျက်လုံးလေးများ

ဖြင့် ခုထိကြောက်လန့်စိတ်မပြေသေးဟန်ကိုယ်ခန္ဓာ

လေးကတဆတ်ဆတ်တုန်ယင်နေရှာသည်။


    ကျွန်ပ်တို့ကိုကျေးဇူးတင်စကားဆိုလာသော

ကြောင့် ကျွန်ပ်က တောကြီးမျက်မည်းအတွင်း

မိန်းကလေးရောက်နေခြင်းကို မေးမြန်းလိုက်၏ ။


  ” ကျွန်မအကြောင်းပြောပြရင် အရှည်ကြီးပါပဲ..

ကျွန်မနာမည် မထွေးလေးလို့ခေါ်ပါတယ်၊

ကျွန်မနေတာက ပဲခူးရိုးမထဲက တောင်ပေါ်ရွာ

လေးတစ်ရွာကပါ ။...”


  ” ကျွန်ပ်နာမည် ဖိုးတေ၊ သူက သာဝ  

ကျွန်ပ်တို့က အမဲပစ်မုဆိုးတွေ၊ မိန်းကလေးနေရပ်ကို

ကျွန်ပ်လိုက်ပို့ပေးပါရစေ.... ”


  ” ဟုတ်ကဲ့.. ကျေးဇူး..ကျေးဇူးပါရှင်.၊...”


 မထွေးလေးဆိုသောမိန်းကလေးကို ကျွန်ပ်အသေ

အချာသတိထားကြည့်မိမှ တောရိုင်း

ပန်းတပွင့်လိုအရိုင်းဆန်ဆန်လှပသူတစ်ယောက်ဖြစ်

မှန်းသတိပြုမိသည် ။


   မြို့သူများလို ဖြူဖြူနွဲ့နွဲ့ပုံစံမျိုးမဟုတ်ပဲ၊ အသား

ညိုစိမ့်စိမ့် ခန္ဓာကိုယ်အဆစ်အပေါက်ဖွံ့ထွားသော

မထွေးလေးမှာ မျက်နှာအကျကလည်းလှပသူ

ဖြစ်သောကြောင့် သူမကိုတောရိုင်းပန်းတပွင့်အဖြစ်

ကျွန်ပ်တင်စားမိခြင်းပင်ဖြစ်သည် ။


    သတ္တိလည်းအထူးကောင်းပုံရပြီး၊ မကြာသေးခင်ကသေဘေးကြုံထားရသော်လည်း ကြောက်လန့်

စိတ်ဖြင့် မျက်ရည်ဝဲကာ ကိုယ်လေးကတုန်ရီနေ

ပေမယ့် ငိုတော့မငိုပေ ။


တခြားသောမိန်းခလေးများသာ မထွေးလေးကြုံရ

သလိုအသက်ဘေးကြုံရပါက လန့်ဖျတ်ပြီးသွေးပျက်

နေကြမည်မှာ မြေကြီးလက်ခတ်မလွဲချေ။


  ကျွန်ပ်လည်း မထွေးလေးကို ခနတဖြုတ်နားစေပြီး။

ရေဘူးကိုကမ်းပေး၍ ရေသောက်စေ၏။


  မထွေးလေးမှာရေငတ်လာဟန်ရေဘူးအတွင်းမှ

ရေများအငမ်းမရမော့သောက်နေရှာသည်။


   သာဝမှာ မိန်းခလေးများနဲ့ကြုံလျှင်စကားမပြောဝံ့

သူဖြစ်ပြီး။ 

ကြိတ်ပြီးခိုးငေးကာ၊ငမ်းကြောထတတ်သူဖြစ်၏ ။


  ယခုလည်းမထွေးလေးကို မကြာခနခိုးကြည့်

နေကြောင့် ကျွန်ပ်တွေ့နေရပြီး သာဝကိုကြည့်ပြီး

ပြုံးမိရာ သာဝမှာ ကျွန်ပ်သူ့ကိုကြည့်ပြီးပြုံးလိုက်တာ

ကြောင့်ရှက်ကိုးရှက်ကန်းဖြစ်သွားတော့သည် ။


   ခနတဖြုတ်အနားယူပြီးသောအခါ ကျွန်ပ်မှာ

မထွေးလေးကိုလမ်းပြစေ၍ သူမတို့ရွာသို့ထွက်ခွာ

လာခဲ့ကြတော့၏ ။


   သွားလာရင်း မထွေးလေးပြောပြချက်များအရ

မထွေးလေးမှာ ဖခင်မရှိတော့ပဲ မိခင်ကြီးနဲ့အတူ

နေပြီး အသီးအနှံများစိုက်ပျိုးရောင်းချ၍သားအမိ

နှစ်ယောက်တည်းနေကြောင်း။ 


     မထွေးလေးတို့သားအမိမှာ ရွာအတွင်း

နေထိုင်ခြင်းမဟုတ်ပဲ ရွာနဲ့ခပ်လှမ်းလှမ်းတွင်နေ

ထိုင်ရကြောင်း။.


မထွေးလေးတို့ရွာအပြင်တွင်နေထိုင်ရခြင်းမှာ 

မိခင်ဖြစ်သူကို ရွာသားများက မကောင်းဆိုးဝါး၊စုန်းမ

အဖြစ်ပြောဆိုသတ်မှတ်၍ မထွေးလေးမမွေးခင်အချိန်ကတည်းကပင်ရွာပြင်နှင်ထုတ်ထားကြောင်း

ပြောပြ၏ ။


 ကုန်လွန်ခဲ့သောတပတ်ခန့်က မထွေးလေးယခုလို

သေပြေးရှင်ပြေး ပြေးရသောပြသာနာ၏အစဖြစ်လာ

သည် ။


 ညနေစောင်းအချိန်တွင် မထွေးလေးတောင်ယာလုပ်

ငန်းခွင်မှအိမ်သို့ပြန်လာ၏ ။


အနည်းငယ်မှောင်စပြုနေပြီဖြစ်သောကြောင့်ခြေလှမ်း

ခပ်သွက်သွက်ဖြင့်လျှောက်လာနေစဉ် ။


    သူမရှေ့လမ်းပေါ်မှယိုင်ထိုး၊ယိုင်ထိုးလျှောက်လာ

သောရွာသားတစ်ယောက်ကိုတွေ့လိုက်ရသည် ။


”မထွေးလေး.. ဘယ်ကပြန်လာတာလဲ... ”


” ..ဖယ်စမ်းဟာ..ငါ့ဘာသာငါ.. ဘယ်ကပြန်လာ..

ပြန်လာ.. နင့်အပူတပြားမှမပါဘူး....”   


 ရွာထဲမှ အရက်သမား ဖိုးအောင်က မထွေးလေး

ရှေ့ရောက်သောအခါ သွားလမ်းကိုပိတ်ရပ်ပြီး

 မေးမြန်းလာခြင်းပင်။


 အရက်နံ့နဲ့ချွေးနံ့များရောထွေး၍ စူးစူးဝါးဝါးအနံ့

ဆိုးကြောင့်မထွေးလေးမှာနှာခေါင်းရူံလိုက်ရင်း

သူမရှေ့မှဖိုးအောင်ကိုမနှစ်မြို့စွာစကားဆိုရင်း

ဘေးမှရှောင်သွားရန်လုပ်သော်လည်း ၊ဖိုးအောင်က

မထွေးလေးသွားလမ်းရှေ့ပိတ်ရပ်လိုက်သည် ။


    ” ...ဖိုးအောင်.. ဖယ်စမ်းဟာ.. ငါ့ကိုမနှောင့်

ယှက်နဲ့... မူးရင်အေးဆေးနေနော်....”


” ..နင်က ငါ့ဆိုရင် ပစ်ပစ်ခါခါစကားပြောတာ

မတူမတန်သလိုပဲ...မဖယ်ဘူးဟာ...မဖယ်နိူင်

ဘူး.. နင်ငါ့ကိုချစ်တယ်ပြောမှဖယ်မယ်....”


 ” ..ဟင်..ဘာလုပ်တာလဲ.. ဖိုးအောင်နင်ငါ့လက်ကို

လွှတ်နော်... လွှတ်..အခုလွှတ်....”


 ”..မလွှတ်ဘူးဟာ..မလွှတ်ဘူး... နင်ကိုငါချစ်တယ်

နင်လည်း ငါ့ကိုပြန်ချစ်ရမယ်... ”


 ဖိုးအောင်က မထွေးလေးလက်ကိုရုတ်တရက်တင်း

ကြပ်စွာဆုတ်ကိုင်လိုက်သောကြောင့်

ဒေါသတဖြင့်အော်ဟစ်ရင်း၊မထွေးလေးမှာ

ရှိသမျှအားနဲ့ရုန်းကန်နေသော်လည်း ယောက်ကျားအားနဲ့မိန်းမအားမို့ မလွတ်နိူင်ပေ။


   နေရာကလူပြတ်သော တောလမ်းဖြစ်သလို အချိန်ကလည်း ညနေဝင်စအချိန်ဖြစ်သောကြောင့် 

ဖိုးအောင်နဲ့ နှစ်ယောက်တည်းရှိနေသော 

အဖြစ်ကြောင့်မထွေးလေး

ကြောက်လန့်စိတ်များလည်းဝင်လာမိသည် ။


  ..ဟေ့..အကောင်...ငါ့သမီးလက်ကို အခုလွှတ်လိုက်စမ်း...


......ဒုတ်....


.....အား.....


...ဟင်..အမေ....


 ရုတ်တရက်မာကျောခက်ထန်သောအသံတခုကြား

လိုက်ရသောကြောင့် မထွေးလေးဝမ်းသာသွားသည်။


 အသံက မိခင်ဖြစ်သူ ဒေါ်မိုးသူအသံဖြစ်နေသော

ကြောင့်ဝမ်းသာသွားရခြင်းပင် ။


 ဒေါသတကြီးပြောဆိုရင်းလက်အတွင်းကိုင်လာသော

တောင်ဝှေးဖြင့် သမီးဖြစ်သူလက်ကိုကိုင်ထားသော

ဖိုးအောင်လက်ကို ရိုက်ချလိုက်ရာ ကိုင်ထားသော

လက်ပြုတ်သွား၏ ။


 ဖိုးအောင်မှာလက်နာသွားသောကြောင့် အသံခပ်

အုပ်အုပ်ပြုကာ နာသွားသော လက်နေရာကို တခြား

လက်တဖက်ဖြင့်အုပ်ကိုင်ရင်း ဒေါ်မိုးသူကိုကြောက်

လန့်စွာကြည့်လိုက်မိသည် ။


 ဒေါ်မိုးသူမျက်နှာမှာဒေါသကြောင့်တင်းမာခက်ထန်

စွာရှိနေပါသည် ။


...ကာလနာ.. ငါ့သမီးကိုစော်ကားမော်ကား

နှောင့်ယှက်တယ် သေနာကောင်..

မြွေကိုက်သေမယ့် အသုဘကောင်.. မြွေဆိုးကိုက်ပြီး

အမြန်သေပါစေတော်...


..ဟာ..ခင်ဗျားကြီး ကျုပ်ကိုမကျိန်နဲ့နော်..စုန်းမကြီး

ခင်ဗျားကြီးဗျာ...


..ကျိန်တယ် ကျိန်တယ်ဟာ မြွေဆိုးကိုက်ပြီးသေမယ့်

အကောင်ရဲ့ နင်ကငါ့ကိုဘာလုပ်ချင်တာလဲ လာလေ

လာစမ်းပါ...


..ခင်ဗျားကြီးဗျာ..တောက်...


ဖိုးအောင်ကဒေါ်မိုးသူ  သူ့ကို ကျိန်ဆိုနေသောအခါ

ကြောက်လန့်စိတ်နဲ့အတူ၊ဒေါသဖြစ်သွားတော့သည် ။


 ဒေါ်မိုးသူကျိန်ဆိုသောစကားများအမှန်ဖြစ်လေ့ရှိ

သည်ဟုရွာတွင်နာမည်ဆိုးတွင်နေသောကြောင့်

ကြောက်လန့်ဒေါသဖြစ်ကာပြောဆိုနေသော်လည်း

ရှေ့သို့တိုးမလာရဲပဲ မကျေမချမ်းကြိမ်းဝါးပြောဆိုပြီး

ပြန်လှည့်သွားတော့သည် ။


   မထွေးလေးမှာ ယခုထိဒေါသမပြေသေးသော

မိခင်ကိုဖျောင်းဖျ၍ အိမ်သို့ပြန်လာခဲ့ကြတော့၏ ။


  နောက်တနေ့တွင် ထူးဆန်းသော သတင်းတခုကို

မထွေးလေးကြားလိုက်ရသည် ။


 ရွာထဲမှ တဦးတည်းသော သူငယ်ချင်း အေးမိ

တယောက်မထွေးလေးထံရောက်လာပြီးပြောပြခြင်း

ပင်ဖြစ်သည် ။


  ”...မထွေးလေး.. ဖိုးအောင် မနေ့ညက မြွေကိုက်

လို့သေသွားပြီ၊ အဲဒါ နင့်တို့သားအမိကို ဖိုးအောင်

အကိုတွေကသတ်မယ်လို့ ကြိမ်းဝါးနေကြတယ်။..”


”..ဟင်.. ဖိုးအောင် မြွေကိုက်သေတာနဲ့ ငါတို့သား

အမိကို ဖိုးအောင်အစ်ကိုတွေက သတ်မယ်လို့ဘာလို့ကြိမ်းဝါးနေရတာလဲ...”


”..ဖိုးအောင်မသေခင် အရက်ဆိုင်မှာ သူ့ကိုနင့်အမေက မြွေကိုက်သေပါစေလို့ ကျိန်စာတိုက်ခဲ့တယ်ဆို

တာဒေါသတကြီးပြောနေသေးတယ်တဲ့..။


အဲဒါ ခုဖိုးအောင်မြွေကိုက်သေတော့ နင့်အမေကျိန်

လို့သူ့ညီသေရတာဆိုပြီး သူ့အစ်ကိုတွေကဒေါသဖြစ်

နေကြတာ...”


 ” ဒါကတော့.. တိုက်ဆိုင်မူပါဟာ ၊ ဖိုးအောင်ငါ့ကို

နှောင့်ယှက်နေချိန်အမေရောက်လာပြီး ၊ဒေါသဖြစ်

ပြီးပြောလိုက်တဲ့စကားက တိုက်တိုက်ဆိုင်ဆိုင်ဖြစ်

သွားတာပါ။...”


 ” ...သတိတော့ထားဟာ.. ဖိုးအောင်အစ်ကိုတွေက

ရွာလူမိုက်တွေ ၊ နင်တို့ကိုအန္တရယ်ပြုလာနိူင်တာမို့

ငါနင့်အတွက်စိုးရိမ်ပြီး လာပြောတာပဲ... ”


အေးမိတယောက် မထွေးလေးကိုဖိုးအောင်သေဆုံး

ကြောင်းလာပြော၏ ။ နောက်ဆက်တွဲအနေနဲ့ရွာ

လူမိုက်များဖြစ်ကြသော ဖိုးအောင်အကိုများကမထွေး

လေးတို့သားအမိကို အန္တရယ်ပြုလာမည့်အရေးအတွက်စိုးရိမ်စကားပြောပြီးပြန်သွားသည် ။


 မထွေးလေးမှာ ရွာမှလူများပြောဆိုကြသလိုသူမမိခင်ကို မကောင်းသောစကားများပြောသမျှဖြစ်တတ်

သောကျိန်စာတိုက်တတ်သောစုန်းမကြီးဟုဘယ်သော

အခါမှမထင်ခဲ့ဖူးပေ။


 ယခုကိစ္စရပ်မှာလည်းတိုက်ဆိုင်မူတခုသာဖြစ်မည်

ဟုတွေးထားသည် ။


ဖိုးအောင်သေပြီးတပတ်ခန့်ကြာပြီးနောက်။


မနက်ပိုင်းအချိန်..။


 မထွေးလေးတယောက် တောင်ယာသို့ထွက်လာခဲ့သည်။ ဖိုးအောင်ကိစ္စဖြစ်ပြီးနောက်ပိုင်း ဒေါ်မိုးသူက

သမီးကိုစိတ်မချ၍ အဖော်လိုက်တတ်၏ ။


 ယခုနေ့တွင် ခေါင်းမူး၍ဆိုကာ အိမ်တွင်ကျန်နေရစ်

ခဲ့သည် ။ 


  မထွေးလေးတို့တောင်ယာတွင် ယာငရုတ်များစိုက်

ပျိုးထားရာ အသီးများရင့်၍ တချို့က မှည့်စပြုနေပြိမို့

နေ့တိုင်းခူးဆွတ်နေရသည်မို့ စိတ်မချ၍

မိခင်ဖြစ်သူတားသည့်ကြားမှတောင်ယာသို့ထွက်လာခဲ့၏ ။ 


တောင်ယာသို့ရောက်ချိန် ငရုတ်ခင်းဝင်၍ ငရုတ်သီးများခူးဆွတ်နေသော မထွေးလေးမှာ နှစ်နာရီခန့်မျ

ငရုတ်သီးကိုခါးကုန်းခူးနေရာ ညောင်းလာသောကြောင့် ခါးဆန့်၍ အညောင်းဖြေနေမိသည် ။


...ဝှီး...


...ဟင်....


 လေထုကိုထိုးခွင်းလာသံနဲ့အတူ မြှားတစင်းက သူမဘေးမှကပ်ထွက်သွားသောကြောင့် မထွေးလေးရင်ထဲ

ထိတ်ခနဲ ခုန်သွား၏ ။


....မြှားမထိဘူး...မြှားနဲ့ပစ်မနေနဲ့တော့ ဒီကောင်မကို

ဓားနဲ့နူတ်နူတ်စင်းသတ်ကြမယ်....


  တောင်ပေါ်မှမြှားတံလာရာလှမ်းကြည့်လိုက်ရာ

ဖိုးအောင်အစ်ကို လူမိုက်နှစ်ယောက်နဲ့သူတို့ညီအစ်ကို

တပည့်ဖြစ်သူကိုတွေ့လိုက်ရသလို ပစ်ပြီးစ ဒူးလေးကို

ကိုင်ထားသော ဖိုးအောင်အစ်ကိုအားတစ်ခြားတယောက်မှထပ်မပစ်ရန်ပြောပြီး အနီးကပ်သတ်ရန်မထွေး

လေးထံလာနေကြသည်ကိုမြင်ရသောမထွေးလေး

တစ်ယောက်၊အသက်ဘေးမို့လွှတ်ရာပြေးခဲ့တော့သည်။


    မထွေးလေးမှာတောင်ပေါ်မှတခြားတဖက်

တောင်အောက်သို့ဆင်းပြေးခြင်းဖြစ်ပြီး ၊ဖိုးအောင်

အကိုများမှာတောင်ပေါ်တက်လာရသောကြောင့်

အဆင်းကပိုမြန်ရာ ပြေးချိန်ပိုရလိုက်၏ ။


 သို့ရာတွင် ယောက်ကျားမိန်းမ ခြေလှမ်းချင်းကွာ

သောကြောင့်မကြာခင်မှီနိူင်တာကြောင့်တောနက်

ထဲသို့အသက်လု၍ဝင်ပြေးခဲ့ခြင်းဖြစ်သည် ။


     ကြောက်လန့်တကြားအသက်လုရင်းတောထဲ

ဝင်ပြေးရတာမို့ တောနက်ထဲမျက်စိလည်လမ်းမှား

သွားပါတော့သည်။


  ခြေဦးတည့်ရာပြေးနေသော မထွေးလေးနောက်သို့

အမဲလိုက်နေကျမို့တောကျွမ်းသော ဖိုးအောင်အကို

တို့သုံးယောက်က ခြေရာကောက်၍လိုက်ပါလာ

ကြရာနောက်ဆုံး မထွေးလေးကိုမှီ၍သတ်ခါနီးအချိန်

ကျွန်ပ်တို့နဲ့ဆုံရခြင်းဖြစ်သည် ။


     ကျွန်ပ်တို့ရောက်နေသောနေရာမှာ ရခိုင်၊ပဲခူး

ရိုးမအစပ်ဖြစ်ပြီး မထွေးလေးတို့က ပဲခူးရိုးမဖက်

အခြမ်းတွင်ဖြစ်သည် ။


   ” ဒါနဲ့ ရွာပြန်ရင်ကော ဖြစ်ပါ့မလား 

ဟိုကောင်တွေက အသက်ကိုနောက်တကြိမ် အန္တ

ရာယ်ပြုလာနိူင်တယ်...... ”


   ” ရွာရောက်ရင်တော့ ရွာလူကြီးဆီမှာဖြစ်ကြောင်း

ကုန်စင်သွားပြောပြရမယ် ၊ရွာလူကြီးက သမာသမတ်

ရှိပါတယ်။ ဒီကောင်တွေခုလောက်ဆို ရွာကတောင်

ရှောင်ပြေးနေလောက်ပြီထင်တယ်.... ”


   ” ရွာကဒီကောင်တွေရှောင်နေတာ ပိုပြီးအန္တရယ်

များတယ် ၊ ပုန်းပြီးအသက်အန္တရယ်ပြုလာနိူင်တယ်။..”


 ” ဘယ်တတ်နိူင်ပါ့မလဲ အစ်ကိုရယ်.. ၊အန္တရယ်ကို

ကြည့်ရှောင်ရတော့မှာပေါ့... ”


     မထွေးလေး သုံးနာရီခန့်မျပြေးလာသော 

တောဖက်သို့လျှောက်လာကြရင်း မထွေးလေးတယောက်သူမရွာသို့သွားလမ်းကို မှတ်မိလာဟန်တူသည်။ 


 အစပထမ စမ်းတဝါးဝါးသွားလာနေရာမှ 

  နောက်ပိုင်းတွင် နေရာဦးတည်ချက်မှန်မှန်လမ်းကို

ရွေးချယ်၍ တောအတွင်းသွားလာနေ၏ ။


   နောက်ဆုံးမထွေးလေးမှာ သူမတို့ရွာအနီးရောက်

လာပြီဖြစ်ကြောင်းပြောရင်းခြေလှမ်းခပ်သွက်သွက်

သွားနေပါသည် ။


  ကျွန်ပ်မှာရခိုင်ရိုးမအတွင်းသာလှည့်လှည်၍အမဲပစ်

သူဖြစ်သောကြောင့် ပဲခူးရိုးမတောကိုကျွမ်းကျင်မူ

မရှိပေ။ 


 တောနက်သောအရပ်တွင်တောင်ပေါ်နေချင်းလူမျိုး

ရွာငယ်လေးများရှိတတ်ကြသည် ။


  မထွေးလေးမှာတောအုပ်အတွင်းမှ ခြေတံရှည်

အိမ်တလုံးဆီသို့ ကျွန်ပ်တို့နှစ်ယောက်ကိုဦးဆောင်

ခေါ်သွား၏ ။


   ....အမေ....အမေ.....


.”..ဟင်..သမီး....ဘယ်တွေလျှောက်သွားနေတာ


လဲကွယ် တမနက်လုံးပျောက်နေတာ၊ အမေစိတ်ပူ


နေတာ ၊ ဒါနဲ့ မျက်နှာစိမ်းလူဧည့်သည်တွေကဘယ်သူတွေလဲ ....”


 ”..သမီးအကြောင်းစုံရှင်းပြမယ် အမေ.. ၊

 လာ.. အစ်ကိုတို့အိမ်ပေါ်တက်ကြမယ်....”


မထွေးလေးခေါ်သံကြောင့် အိမ်တခါးဝမှ အသက်ခုနှစ်ဆယ်အရွယ်အမျိုးသမီးကြီးတယောက်ထွက်လာ

သည် ။


 အသားကမဲနက်နက် ခါးကကုန်းကုန်း၊တခေါင်းလုံးဆံပင်များကဖွေးဖွေး

ဖြူလျှက်၊ အရိုးပေါ်အရေတင်ပိန်ချုံးနေသော အဖွား

ကြီးက  မထွေးလေးကသားအမိဆိုသည်ကို မထွေးလေးသာမပြောလျှင်ယုံနိူင်မည်မထင်ပေ ။


 မထွေးလေးတို့သားအမိကိုမြင်သူတိုင်းစုန်းမကြီးနဲ့

နတ်သမီးလေးဟု တင်စားမိကြမည်ဟု ကျွန်ပ်တွေး

နေမိသည်။


  အဘွားကြီးကသမီးဖြစ်သူကိုစိုးရိမ်တကြီးမေးရင်း၊

ကျွန်ပ်တို့ကိုမြင်သောအခါ ခွက်ဝင်နေသော မျက်တွင်းများထဲမှ မျက်လုံးများက အရောင်တောက်သွား၏ ။


  မထွေးလေးမှာ မိခင်ဖြစ်သူအမေးကိုပြန်ဖြေရင်း

ကျွန်ပ်တို့ကိုအိမ်ပေါ်တက်ရန်ဖိတ်ခေါ်နေသည် ။


   အိမ်ပေါ်ရောက်သောအခါ သင်းဖျုးဖျာတချပ်ကို

ခင်းပေး၍ ကျွန်ပ်တို့နှစ်ယောက်ကိုထိုင်ခိုင်း၍ အဖန်

ရည်အိုးနဲ့ရေနွေးခွက်များလာချပေးသည် ။


    မထွေးလေးနဲ့ မိခင်ဖြစ်သူမှာအိမ်အတွင်းဝင်သွား

ကြ၏ ။

   မထွေးလေး၏ ငိုသံစွက်သော စကားသံများနဲ့အတူ၊

မိခင်ဖြစ်သူ၏ဒေါသတကြီး ကြိမ်းဝါးဆဲဆိုသံများကို

အိမ်အတွင်းမှတချက်၊တချက်ကြားနေရသည် ။


   အချိန်အနည်းငယ်မျှကြာပြီးမှသားအမိနှစ်ယောက်

ကျွန်ပ်တို့ရှိရာသို့အိမ်ထဲမှထွက်လာကြ၏ ။


   ”.... ဒီကမောင်ရင်နှစ်ယောက်က အရီးသမီး

အသက်ကိုကယ်ပေးတာ ကျေးဇူးတင်ပါတယ်ကွယ်။


နိူ့မို့ဟိုလူ့ငနွားတွေလက်ချက်နဲ့ အရီးသမီးလေး

 သေရမှာ သတ္တိမရှိတဲ့ကောင်တွေ၊ မိန်းခလေးတယောက်ကို အုပ်စုလိုက်ဝိုင်းပြီးသတ်ဖို့လုပ်ကြတယ်တဲ့

အရှက်မရှိကြဘူး....”


” ကျွန်ပ်တို့လည်း မျက်စိရှေ့မှာ မတရားမူမြင်ရင်

ရပ်ကြည့်မနေတတ်တဲ့စိတ်ကြောင့် ဝင်ပါလိုက်

ရတာပါ။


 အထူးတလည်ကျေးဇူးတင်စရာမလိုပါဘူး ခင်ဗျ။

ဒါနဲ့.. မထွေးလေးကိုအသက် အန္တရယ်ပြုဖို့ကြံစည်

တဲ့လူတွေကိုသာ တိုင်တန်းဖို့လုပ်ပါ ၊...”


”...တိုင်ရမှာပေါ့ကွယ် ၊ လူတယောက်အသက်ကို

ရန်ပြုလာရင်တူညီတဲ့တုန့်ပြန်မူတော့၊ ပြန်ပေးဆပ်

ရမှာပေါ့.... ။


 မောင်ရင်တို့ ခနနေကြအုံးနော် ကျုပ်ရွာထဲသွားပြီး

ရွာလူကြီးကို ခုကိစ္စသွားတိုင်လိုက်မယ်.... ။


 အော်..ဒါနဲ့ ကျုပ်နာမည် ဒေါ်မင်းဇာလို့ခေါ်တယ်ကွဲ့

ဒီက မောင်ရင်တွေ နာမည်က ဘယ်လိုခေါ်သလဲ...”


  ” ကျွန်ပ်နာမည်က ဖိုးတေလို့ခေါ်ပါတယ် ၊ ဒါက

ကျွန်ပ်တပည့် သာဝပါ.... ”


 ” ..အေးကွယ်.. အိမ်မှာနေရစ်ခဲ့ကြအုံးကွဲ့ ။ ကျုပ်

ရွာထဲသွားလိုက်အုံးမယ် ၊ 

  သမီးရေဧည့်သည်တွေစားဖို့ထမင်းဟင်းချက်လိုက်ပါ၊ ဆာနေကြရောပေါ့... ”


  မထွေးလေးမိခင်ဒေါ်မင်းဇာမှာ အိမ်ပေါ်မှဆင်း၍

သမီးဖြစ်သူကိစ္စရွာလူကြီးကိုတိုင်တန်းရန်ထွက်ခွာ

သွားသည် ။ 


မထွေးလေးမိခင်မှာ သမီးဖြစ်သူအသက်ကိုလုပ်ကြံ

ရန်ကြံစည်သူများကို ဒေါသလည်းအတော် ထွက်နေ

ဟန်တူသည် ။


ကျွန်ပ်နဲ့စကားပြောနေချိန်မှာပင် အံ့ကြိတ်၍ စကား

သံမာမာပြောဆိုလျှက်ရှိနေ၏ ။


  ” အစ်ကိုတို့စားဖို့ အထွေး တခုခုချက်လိုက်မယ်

ခနစောင့်ကြနော်... ”


 ” နေ..နေ.. ငါ့ညီမ အကိုတို့အခုပဲ ပြန်မလို့တွေး

ထားတာ၊ ငါ့ညီမလည်းဘေးကင်းပြီဆိုတော့ ပြန်ပါ

တော့မယ်... ”


  ” ..မဟုတ်တာ အထွေး အသက်သခင်ကျေးဇူးရှင်

တွေကို ထမင်းတနပ်မှမကျွေးလိုက်ရရင်စိတ်ကောင်း

နိူင်မယ်မထင်ဘူး၊ နောက်နောင် ပြန်တွေ့ဖို့ကလည်း

 မလွယ်တာမို့ ထမင်းစားသောက်တညအိပ်ပြီးမှ

ပြန်ဖို့ ပြောချင်ပါတယ်.... ”


  ” ဟုတ်ပါတယ် ကိုကြီးဖိုးတေရာ အချိန်ကလည်းညနေတောင်စောင်းနေပြီ စားသောက်၊တညအိပ်ပြီး

မနက်မိုးလင်းမှထပြန်ကြတာပေါ့.... ”


”..ကောင်းပြီလေ ဒါဆိုလည်း နက်ဖြန်မနက်စော

စောမှပြန်တာပေါ့....”


  မထွေးလေးကစားသောက်၍တညအိပ်ရန်ပြော

ခြင်းကို သာဝကပါ ဝိုင်းကူပြောလာခြင်းကြောင့်

 သဘောတူလိုက်ရသည် ။


 မထွေးလေးမှာ ကျွန်ပ်သူမစကားကိုသဘောတူ

လိုက်ခြင်းကြောင့် ဝမ်းသာသွားဟန်ပြုံးလိုက်၍

နောက်ဖေးသို့ချက်ပြုတ်ရန်ဝင်သွားသည် ။


 သာဝမှာမထွေးလေးကို မျက်တောင်မခတ်ငေးနေသ

လိုနောက်ဖေးဖက်ဝင်သွားသည်အထိ လိုက်ကြည့်

လျှက်ရှိနေပါသည် ။


”..အဟမ်း..အဟမ်း...တော်ရုံပဲကောင်းပါတယ်

သာဝရယ်.. ”


 ”...ဟာ..ကိုကြီးဖိုးတေ.. ကျွန်တော်ကိုဘာပြောတာလဲ ..”


 ” မင်းကလေ ကောင်မလေးဖက်ကနေပြီးဒီမှာ

တညအိပ်နေဖို့ဝိုင်းပြောတယ်။ ရှေ့တမျိုး၊ကွယ်ရာ

တမျိုးခိုးခိုးပြီးတော့လည်းငမ်းတယ် ၊ အခုလည်း

နောက်ဖေးဝင်သွားတာတောင်လိုက်သွားမလို

ဖြစ်နေတဲ့ မင်းပုံစံအမြင်ကတ်လို့ပြောတာကွ...”


”..ဟာဗျာ ကြားသွားမှဖြင့် တိုးတိုးပြောပါ...၊

ကျွန်တော်လည်းလူပျိုလူလွတ် ၊မထွေးလေးကလည်း

အပျိုဆိုတော့ လူပျိုသဘာဝငမ်းမိတာပါဗျာ...”


 ”..အမယ် ငါကလည်းမင်းသာစွမ်းရင်တခါတည်း

တောင်းရမ်းပေးမှာပါ ။ 

 ခုဟာက ကြည့်နေတာ မျက်လုံးကြီးကျွတ်ထွက်

တော့မယ် စကားလေးဘာလေးကျမပြောရဲဘူး..”


”..ဟီဟီ..ဒါကတော့ ကျွန်တော်စကားပြောမယ်ကြံလိုက်တိုင်း ရင်ထဲကတုန်ကယင်နဲ့ ဘာပြောလို့ပြောရမယ်မသိဘူးဖြစ်သွားလို့ ကိုကြီးရ...”


    ”  မင်းကတုန်ကယင်ကနောက်မှဖြစ် 

ငါခြေဆန့် လက်ဆန့်ဟိုနား ဒီနားလျှောက်မလို့

လိုက်ခဲ့အုံးမလား ကျန်နေရစ်မလား.....”


    ” ..မလိုက်တော့ပါဘူး ကိုကြီးရာ မထွေးလေး

ချက်ပြုတ်နေတာ ပင်ပန်းရှာနေရော့မယ် 

 ထင်းခွဲ၊ရေသယ်လေးတော့ကူပေး

ရင်းကျန်နေရစ်ခဲ့တော့မယ်....”


 ...ဟားဟား..သာဝကတော့လေ

 တကယ့်အကောင်....


   ကျွန်ပ်မှာ သာဝ အဖြစ်ကိုသဘောကျစွာ အသံထွက်ရယ်မောလိုက်ရင်း အိမ်အောက်သို့ဆင်းလာခဲ့ပါ

တော့သည် ။


  အိမ်ဘေးသစ်တောအုပ်အတွင်းရွာသို့သွားဟန်

တူသောလူသွားလမ်းလေးရှိနေ၏ ။ 


  ကျွန်ပ်မှာ လူသွားလမ်းလေးအတိုင်းလျှောက်လာ

ရင်းပတ်ဝန်းကျင်ကို ဟိုဒီလိုက်ကြည့်နေမိသည် ။


    ရွာမှာ မထွေးလေးတို့အိမ်နဲ့အတော်ဝေးဟန်   

၅မိနစ်ခန့်လျှောက်သော်လည်း ရွာကိုမတွေ့ရသေးပေ။


   ကျွန်ပ်လည်း လူသွားလမ်းအတိုင်းသွားနေရင်း

နှာခေါင်းမှညှီစို့စို့ အနံ့တခုလေအသင့်တွင်ရလိုက်

၏ ။


   သက်ရှိအကောင်တကောင်ကောင်ပုတ်ရာမှရသော

အနံ့မျိုးပင်ဖြစ်သည် ။


     ကျွန်ပ်မှာဘာရယ်မဟုတ် အပုတ်နံ့ထွက်လာရာ

တောအုပ်အတွင်းသို့လျှောက်လာခဲ့မိတော့၏ ။


    တဖြည်းဖြည်းဖြင့် အပုတ်နံ့က စူးရှစွာပြင်းလာ

သလို ကျွန်ပ်လည်းအပုတ်နံ့ထွက်ရာနေရာနဲ့နီးလာ

ခဲ့သည် ။


  အပုတ်နံ့ထွက်လာသောနေရာမှာ တောင်ခြေတနေရာမှထွက်လာခြင်းဖြစ်သည် ။


   လောက်ကောင်ကျစပြုနေပြီဖြစ်သော ဆတ်ဖားကြီး

တကောင်မှာ ယင်မဲရိုင်းကြီးများ တဝေါဝေါဖြင့်ရှိနေ

ပါသည် ။


    မုဆိုးသဘာဝဆတ်ကြီးမည်သည့်အကြောင်း

အရာကြောင့်သေဆုံးရသည်ကိုစိတ်ဝင်စားသွားမိသည်။


   မုဆိုးပစ်ခတ်ရာမသေပဲခြေဦးတည့်ရာပြေး၍

သေခြင်းလား။ 


  ခြေနဲ့သုတ်ကိုင်းများတွင်ရုန်းထွက်လွတ်မြောက်ရာ

မှလွတ်မြောက်၍ လာသေနေခြင်းလား ။


ဒါမှမဟုတ် မြွေဆိုးမြွေဟောက်များ 

လက်ချက်ကြောင့်သေဆုံးခြင်းလားဟု

တွေးမိသေးသည် ။


 ကျားကဲ့သို့အသားစားသတ္တဝါများဆိုပါက အသားများ

ကျန်နေမည်မဟုတ်ပေ။


 ဆတ်ကြီးမှာတကိုယ်လုံးဖောင်းပွ၍ အပုတ်နံ့ထွက်စ

ပြုနေရာ ကျွန်ပ်မှာ  ဒဏ်ရာရှိသောနေရာကိုကြည့်မိရာ

လည်ပင်းတွင်လောက်ကျနေသော 

အပေါက်နှစ်ပေါက်ကိုတွေ့လိုက်ရသည် ။


  ဆတ်ကြီးသေဆုံးသောပုံမှာ တခြားသောဒဏ်ရာ

ဒဏ်ချက်မတွေ့ရပဲ လည်ပင်းအပေါက်နှစ်ခုသာတွေ့

ရသောကြောင့် ထိုဒဏ်ရာကြောင့်သေဆုံးပုံရသည်။


မည်သည့်အကောင်ကိုက်၍သွေးစုတ်သွားသည်ဟု

သိချင်သော်လည်းဒဏ်ရာက လောက်များကျနေသည့်

အတွက် မှန်းဆရခက်ခဲနေပါ၏ ။


 ဆတ်ကဲ့သို့အကောင်မျိုးကိုဖမ်းယူသွေးစုတ်နိူင်မည့်

အကောင်မျိုးကို မစဉ်းစားတတ်အောင်ပင်ရှိနေပါသည် ။


     ကျွန်ပ်ဆတ်သေကြီးကိုကြည့်၍အတွေးများ

နေရင်းဘေးဘီသို့မျက်လုံးဝေ့ကြည့်မိရာ တောင်နံရံ

တွင်လူတယောက်ဝင်သောသော ဂူပေါက်ကျယ်

တပေါက်ကိုတွေ့လိုက်ရပြီး အတွင်းသို့ လူတယောက်

ဝင်သွားသလိုရိပ်ခနဲတွေ့လိုက်ရသောကြောင့် ကျွန်ပ်

လည်းဆတ်သေအနားမှခွာ၍ထိုဂူနေရာသို့လျှောက်လာခဲ့ပါတော့၏ ။


      ဂူအတွင်း အလင်းရောင်ကောင်းစွာမရပဲ

မဲမှောင်လျှက်ရှိနေသည် ။


      ကျွန်ပ်မှာ ဂူဝတွင်ရပ်၍အတွင်းသို့ဝင်သင့်

မဝင်သင့်ချိန်ဆလျှက်ရှိနေပါသည် ။


    ....မောင်ဖိုးတေ....


  ...ဟာ...


   ကျွန်ပ်မှာ ဂူအတွင်းစိတ်ဝင်တစားရှိနေချိန်

နောက်နားဆီမှကျွန်ပ်အမည်ခေါ်သံတခုကြားလိုက်

ရသောကြောင့် ရုတ်တရက်မို့

လူကဆတ်ခနဲတုန်သွားပြီး နောက်သို့ချာခနဲလှည့်

လိုက်ရာ ကျွန်ပ်နောက်နားတွင်ဘယ်အချိန်ကရောက်

နေမှန်းမသိသော ဒေါ်မင်းဇာကို တွေ့လိုက်ရသည် ။


” ဘာတွေစိတ်ဝင်တစားကြည့်နေတာလဲ မောင်ဖိုးတေ...”


 ” ဘာမှမဟုတ်ပါဘူး အဒေါ် ပျင်းလို့ဟိုဒီလျှောက်

ကြည့်ရင်း ဒီအနားရောက်လာတော့ အထဲကို

လူတယောက်ဝင်သွားတာတွေ့လိုက်လို့.....”


  ”...အမြင်မှားတာနေမှာပါကွယ် ဒီဂူက လူတွေ

မဝင်ကြဘူး၊ သရဲခြောက်တယ်လို့ နာမည်ကြီးတယ်..

အထဲမဝင်တာကောင်းပါတယ်ကွယ် သရဲရှိတာမရှိ

တာထက်၊မြွေပါး၊ကင်းပါးအန္တရယ်ကိုကြောက်ရတယ်

ကွယ့်... ”


  ” ဟုတ်ကဲ့.. အဒေါ်.. ဒါနဲ့ သူကြီးကိုသွားတိုင်တာ

အခြေအနေထူးလား... ”


   ” ဒီကောင်သုံးကောင်ရွာကိုမကပ်တာ သုံးရက်

လောက်ရှိပြီကြားခဲ့တယ် ။

သူကြီးကိုတော့ သေချာပြောပြီးတိုင်ခဲ့တယ် ၊


  ထားလိုက်ပါကွယ် ညနေစောင်းနေပြီ ရေမိုးချိုးပြီး

ညစာစားရအောင်....”


  ကျွန်ပ်နဲ့ဒေါ်မင်းဇာပြန်လာသောအခါ အိမ်ဘေးတွင်

ခါးတောင်းမြှောက်အောင်ကျိုက်လျှက် ဓားမတိုတချောင်းနဲ့ ထင်းချောင်းများခွဲစိတ်နေသော သာဝနဲ့အတူ၊ 

ခွဲပြီးသားထင်းများကို အိမ်အောက်တနေရာတွင်

စုပုံနေသော မထွေးလေးကိုတွေ့လိုက်ရသည် ။


 ” ..ငါ့ကောင်ကြီးသာဝ အလုပ်တွေကြိုးစား

လှချည်လား... ”


 ” တော်ဖို့ပြောတာပြောလို့မရဘူး အစ်ကိုရယ်

 ဆက်ခွဲနေတာ အားနာစရာ...”


  ” ရတယ် မထွေးလေး အိမ်မှာက ယောက်ကျားသားမရှိတော့ ထင်းခွဲရတာ အခက်အခဲရှိမှာပေါ့၊ 

 ဒီကောင်သာဝက ကူညီတတ်တယ် ခွဲပေးလိမ့်၊

 တစ်လစာ၊တမိုးစာလောက်သာ ခွဲခိုင်း.....”


   ကျွန်ပ်မှာ သာဝကိုတမင်တကာချောက်တွန်းစကား

စနောက်ဆိုရင်း အိမ်နောက်ဖေးတောစပ်တွင်ရှိသော

စမ်းချောင်းတွင် အဝတ်အစားအလဲ၊အလှယ်မပါသောကြောင့် ဂျပန်ရေချိုးနည်း ချိုးလိုက်သည်။


 ကျွန်ပ်ရေချိုးအဝတ်အစားလှယ်ပြီးသောအချိန်မှ

သာဝရောက်လာပြီး ရေကမန်းကတန်းချိုးနေတော့၏ ။


 ညစာ  ထမင်းဝိုင်းတွင်ဟင်းအမယ်များစုံလင်လှသည် ။


 ဧည့်သည်ရောက်၍အိမ်တွင်မွေးထားသော

 ကြက်ဖကြီးတကောင်ကို မထွေးလေးက 

သာဝကိုသတ်ဖြတ်ခုတ်ထစ်ခိုင်းထားသော ကြက်သားချက်၊ပဒတ်ပွင့်ကိုကဒတ်ညွန့်ထည့်၍ ချက်ထားသောဟင်းချို၊ငရုတ်သီးထောင်း တို့စရာ 

အသီးအရွက်များဖြင့် ကျွန်ပ်တို့နှစ်ယောက်မှာ

 ဗိုက်ခွေးနမ်းအောင်စားသောက်နေကြပါသည်။


မထွေးလေးမှာ ဟင်း၊ထမင်းလိုအပ်သည်များကိုခူး

ထည့်ပေးရင်းဖြင့်ရှိနေ၏ ။


မထွေးလေးကအားမနာတမ်းစားသောက်ရန်ပြောရင်း

သာဝကိုကြက်သားဟင်းထည့်ပေးရာ အသည်းဖတ်

ဖြစ်နေသောကြောင့် သာဝမျက်နှာမှာ ရှက်ရွံ့ကျေနပ်

နေဟန်ရှိနေသည်ကို ကျွန်ပ်မြင်တွေ့ရသောကြောင့်

သာဝရှက်သွားမည်စိုး၍တဖက်လှည့်၍ကျွန်ပ်ပြုံးမိ

တော့သည်။


 စားသောက်ပြီးသောအခါရေနွေးကြမ်းတအိုးကို

နှမ်းဖြင့်ဆုတ်ထားသောကြံသကာခဲလေးများဖြင့်

အချိုတည်းရန်စီမံပေးသည် ။


  ကျွန်ပ်တို့နှစ်ယောက်ရေနွေးကြမ်းသောက်လိုက်

ကြံသကာခဲလေး ကိုက်စားလိုက်ရှိနေချိန်တွင်

မထွေးလေးတို့သားအမိနှစ်ယောက်ထမင်းစား

နေကြသည် ။


 အနည်းငယ်မှောင်လာပြီဖြစ်သောကြောင့် လက်ဆွဲ

မီးအိမ်တလုံးကို ကျွန်ပ်တို့အနား ထွန်းညှိပေးထား၏။


  စားသောက်နေရင်း မထွေးလေးတို့သားအမိ 

တခုခုကိုတိုင်ပင်နေဟန်စကားသံများကြားနေရသည်။


 ထမင်းစားခန်းနဲ့ အနည်းငယ်လှမ်းသောကြောင့်

ဘာပြောနေကြသည်ကိုကားသေချာစွာမကြားရပေ။


” စားကောင်းလိုက်တာ ကိုကြီးဖိုးတေရာ 

မထွေးလေး ဟင်းချက်လက်ရာ အတော်ကောင်း

တယ်နော်... ”


” မထွေးလေးလက်ရာကိုတသက်လုံးစားရဖို့

မထွေးလေးကို ယူလိုက်ပါလား သာဝရာ...”


 ” ဟာဗျာ...ကိုကြီးကလည်း ကြားသွားမှဖြင့် 

အားနာစရာ...”


 ” ဘာလဲ မင်းကမလိုချင်ဘူးလား... ”


”...အခုမှတယောက်နဲ့တယောက် သိရုံပဲရှိသေး

တယ် လူပျိုစကားပြောလို့ ကောင်းပါ့မလား...”


   ” နောက်ကျတာဆိုလို့ သေတာပဲကောင်းတယ်

သာဝ၊ ကြိုက်ရင်ဖွင့်ပြောလိုက်တော့... ”


    ကျွန်ပ်မှာသာဝ မပြောရဲမှန်းသိ၍သာဝကို

တမင်တကာဖွင့်ပြောခိုင်းနေချိန် မထွေးလေးတို့သား

အမိထမင်းစားပြီး၍ရောက်လာသောကြောင့်စကားစ

ပြတ်သွားကြသည် ။


  မထွေးလေးမှ 

ကျွန်ပ်တို့နှစ်ယောက်အိပ်စက်ရန်ခေါင်းအုံးနဲ့စောင်များ

ယူလာပြီးအိမ်ရှေ့ခန်းမှာအိပ်ယာပြင်ပေး၏ ။


ကျွန်ပ်လည်းဆီမီးအိမ်ကိုငြိမ်းလိုက်ပြီး

   ကျွန်ပ်တို့နှစ်ယောက်မှာအိပ်ယာပေါ်ခြေဆန့်လက်ဆန့်လဲရင်းရှိနေကြသည် ။


နာရီဝက် ၊တနာရီခန့်အကြာ

တနေကုန်ပင်ပန်းသောအရှိန်ညစာကို ဗိုက်ပြည့်အောင်စားထားသောအရှိန်ဖြင့်သာဝမှာခေါင်းချပြီးမကြာမှီ

တခေါခေါဟောက်လျှက်ရှိနေသလိုကျွန်ပ်မှာလည်း

မျက်လုံးများမှေးစင်း၍ အိပ်ပျော်လုလုရှိနေချိန် 

 အိမ်ကသိမ့်ခနဲတချက်လူပ်သွားရာ တောတောင်အတွင်းသတိနဲ့အိပ်စက်တတ်သောအကျင့်အရလူက

ဆတ်ခနဲ လန့်နိူးသွား၏ ။


  တအိမ်လုံးမှာ မီးမှောင်ကျ၍ တိတ်ဆိတ်ငြိမ်သက်

လျှက်ရှိနေရာ ကျွန်ပ်မှာ အိပ်ယာပေါ်တွင်လှဲရင်း 

နားကိုအစွမ်းကုန်စွင့်ထားရာ ခြေသံဖွဖွကျွန်ပ်တို့အိပ်

နေရာဖက်လာသံကြားနေရသည် ။


” အိပ်နေကြပြီ...”


” တကယ်အိပ်တာ သေချာလား ...”


 ..အင်း...


  လေသံမျှဖြင့်ပြောနေသောစကားကို ကျွန်ပ်ကြား

နေရ၏ ။

 မထွေးလေးတို့သားအမိပြောနေသောစကားမှန်း

သိရပြီး ၊ကျွန်ပ်တို့အိပ်မအိပ်သေချာစေရန် မထွေးလေးက လာကြည့်ပြီး သူမ မိခင်ကိုပြန်ပြောနေပုံပင်။


   ကျွန်ပ်မှာ ညနက်သန်းခေါင်လူအိပ်ချိန် မထွေးလေးတို့သားအမိ မည်ကဲ့သို့ လျို့ဝှက်ချက်ကြောင့်

ကျွန်ပ်တို့မရိပ်မစေရန်ရှိနေကြသည်ကိုစိတ်ဝင်စား

သွားမိသည်။ 


  ထို့ကြောင့်အသက်ကိုမျှင်းမျှင်းရူ၍ ဆက်၍အိပ်ချင်

ယောင်ဆောင်နေမိတော့သည် ။


   ဖွနင်းသောခြေသံနှစ်ခုမှာ အိမ်နောက်ဖေးလှေကား

မှတဆင့်အောက်သို့ဆင်းသွားကြကြောင်းသိလိုက်ရ

၏ ။ 

   ကျွန်ပ်မှာ အိပ်ယာမှဆတ်ခနဲထထိုင်၍ သာဝကို

နိူးသင့်မနိူးသင့်စဉ်းစားနေမိသည် ။

 

  မည်သည့်အကြောင်းအရာမှန်းမသေချာမရေရာ

သောကိစ္စတွင်သာဝကိုနိူးပါက သာဝအိပ်ရေးပျက်

သွားနိူင်သည့်မို့သာဝကိုမနိူးပဲထားခဲ့ရန်တွေး၍

လိုရမယ်ရသေနတ်ကိုယူ၍ အိမ်ရှေ့တခါးမှအောက်

သို့ဆင်းလိုက်သည် ။


  အပြင်ဖက်တွင် မြူနှင်းများကိုထိုးဖောက်၍လရောင်

ပါးပါးကကျဆင်းနေ၏ ။


  ကျွန်ပ်မှာပတ်ဝန်းကျင်အားမျက်လုံးဝေ့ကြည့်ရာ 

ကျွန်ပ်ညနေစောင်းကသွားခဲ့သောတောအုပ်

 လူသွားလမ်းအတိုင်းဝင်သွားကြသည်ကိုတွေ့လိုက်

ရသည်။


   ကျွန်ပ်မှာ လျို့ဝှက်ချက်တခုခုရှိပုံရသော သားအမိနှစ်ယောက်နောက်သို့နောက်ယောင်ခံ၍လိုက်ခဲ့ပါတော့

၏ ။


    ကျွန်ပ်မှာ ညနေစောင်းကတည်းကပတ်ဝန်းကျင်အခြေအနေကို လေ့လာမှတ်ပြီးဖြစ်သောကြောင့်

ခြေသံလုံလုံဖြင့်လိုက်ပါလာနိူင်သည် ။


 မထွေးလေးတို့သားအမိမှာ ကျွန်ပ်ဆတ်ဖားသေကြီး

တွေ့ရသောနေရာမှဂူပေါက်အတွင်း ဝင်သွားကြသည်

ကိုတွေ့လိုက်ရသည် ။


  ညနက်သန်းခေါင်အချိန်တွင် သားအမိနှစ်ယောက်

တည်းလိူဏ်ဂူအတွင်းဝင်သည်ကအလွန်ထူးဆန်းနေ

သည် ။


 အိမ်နဲ့သိပ်မဝေးသောလိူဏ်ဂူအတွင်းသို့ နေ့လည်နေ့ခင်းမြင်သာထင်သာအချိန်မျိုးတွင်မဝင်ပဲ လူခြေတိတ်သော ယခုလိုညအချိန်မျိုးတွင်ဝင်သွားသည်က

လူသိမခံဝံ့သော အကြောင်းတခုခုရှိရမည်ဟုကျွန်ပ်

တွေးနေမိသည် ။


 ကျွန်ပ်မှာ သိချင်စိတ်ကိုမမြိုသိပ်နိူင်သောကြောင့်

လိူဏ်ဂူအနီးသို့တိုးကပ်၍ အတွင်းသို့ချောင်းကြည့်

မြောင်းကြည့်ရူလိုက်ရာတွင်၊ ဂူအတွင်းစိမ်းဖန့်ဖန့်

အလင်းရောင်များလင်းနေသည်ကိုတွေ့ရသည် ။


     ရာထောင်မကသောပိုးစုန်းကြူးများမှာ ဂူအတွင်း

ဟိုမှဒီသို့ပျံသန်းလျှက်ရှိနေကြပြီး ပိုးစုန်းကြူးများအလင်းရောင်အောက်တွင် မထွေးလေးတို့သားအမိရပ်နေကြသည်ကိုတွေ့လိုက်ရသည် ။


    မထွေးလေးမိခင်ကြီးဒေါ်မြဇာမှာ မန္တာန်ရွတ်ဖတ်နေရာ မထွေးလေးကနောက်မှလိုက်ဆိုလျှက်ရှိနေပါသည်။


  သူတို့နှစ်ယောက်လုံးမှာ လူသူကင်းဝေးသော

ပတ်ဝန်းကျင်အခြေအနေတွင် သူတို့ကိုစောင့်ကြည့်

မည့်သူမရှိဟုစိတ်ချယုံကြည်နေကြဟန်ဖြင့်ရှိ၏ ။


 အတန်ကြာမျ မန္တာန်ရွတ်ဖတ်ပြီးသောအခါ 

   မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်ပ်မှာ 

အံ့သြ၍ အသံထွက်မိမတတ်ပင်ဖြစ်သွားရပါတော့

သည်။


  ကြောက်စရာ၊လန့်စရာမြင်ကွင်းမျိုး ထိတ်လန့်မယုံ

ကြည်နိူင်စရာ မြင်ကွင်းမျိုး ကျွန်ပ်တသက်တွင်

မရေတွက်နိူင်အောင်ကြုံဖူးခဲ့ တွေ့ဖူးခဲ့ရဖူးသော်လည်း

ယခုမြင်တွေ့လိုက်ရသော မြင်ကွင်းလောက် ကြောက်

လန့်အံ့သြ၍မယုံကြည်နိူင်စရာကောင်းသည့်မြင်ကွင်း

မျိုးတခါမှမမြင်ဖူးပေ ။


  မထွေးလေးတို့သားအမိမှာ မန္တာန်ရွတ်ဖတ်ခြင်းကို

ရပ်လိုက်ပြီး မေးစေ့အောက်ကိုလက်နှစ်ဖက်ဖြင့်ပင့်ကိုင်လိုက်သည် ။


  ကြောက်လန့်အံ့သြစရာအဖြစ်အပျက်မှာကား ဦးခေါင်းမှ လည်ပင်းမှပြုတ်ထွက်သွားပြီး သီးသန့်ဖြစ်သွား

ခြင်းပင်ဖြစ်သည် ။


   ဦးခေါင်းနှစ်လုံးလက်တွင်ကိုင်လျှက်ထားသော်လည်း ခေါင်းနှစ်လုံးမှာ မျက်လုံးစိမ်းဖန့်ဖန့်များဖြင့် 

အသက်ရှိနေသေးသလို ကိုယ်ခန္ဓာမှာလည်းယိုင်

လဲသွားခြင်းမရှိပေ ။


  ကျွန်ပ်မှာအံ့သြထိတ်လန့်ခြင်းကြောင့်မြင်နေရသော

မြင်ကွင်းကိုကြည့်ရင်းမယုံကြည်နိူင်စွာရှိနေပါ၏ ။


 ပြီးမှတစုံတခုသောအကြောင်းအရာကိုသတိရသွား

သောကြောင့် ဂူအဝင်ဝနံဘေး ခြုံပုတ်ကြီးအတွင်း

သို့ဝင်ပုန်းနေလိုက်ပါတော့သည် ။ 


   ခေါင်းပြတ်ကြီးနှစ်လုံးမှာ လက်အတွင်းမှလေပေါ်သို့ပျံဝဲ၍ ဂူဝသို့ထွက်လာကြသည် ။


  ကျွန်ပ်ဘေးမှ ဦးခေါင်းပြတ်နှစ်လုံးလေပေါ်ပျံဝဲသွား

ကြရာ တလုံးမှာ ဒေါ်မြဇာဦးခေါင်းဖြစ်၍ နောက်

တစ်လုံးမှာ မထွေးလေးဦးခေါင်းဖြစ်နေပါသည် ။


   မျက်လုံးများမှာစိမ်းဖန့်ဖန့်အရောင်များထွက်၍ 

မျက်နှာမှာ သွေးဆုတ်ဖြူလျှော်နေသော ခေါင်းပြတ်

နှလုံးကိုအနီးကပ်တွေ့လိုက်ရသောကြောင့် ကျွန်ပ်မှာ

ရင်တဒိန်းဒိန်းခုန်၍ ကျွန်ပ်ရင်ခုန်သံကိုခေါင်းပြတ်များ

ကြားသွားမည်ကိုပင်စိုးရိမ်နေမိပါသည် ။


   သို့ရာတွင် ခေါင်းပြတ်နှလုံးက ကျွန်ပ်ပုန်းအောင်း

နေသည်ကို သိဟန်မတူပဲ ဂူဝမှထွက်၍လေပေါ်ဝဲပျံ

၍သစ်တောအုပ်များဖက်ပျံသန်းသွားသောအခါမှ

သက်ပြင်းမောကြီးများချလိုက်မိတော့၏ ။


   ကျွန်ပ်တကိုယ်လုံးဇောချွေးများဖြင့် ပြည့်နှက်နေ၏။ 

  ကျွန်ပ်မှာ ပုန်းကွယ်နေရာမှထွက်၍ ဂူအတွင်းမဝံ့မရဲ

ခြေလှမ်းဖြင့်ဝင်သွားမိပါတော့သည် ။


     ဂူအတွင်း မှောင်မဲနေသောကြောင့်ပါလာသော

မီးခြစ်ကို ခြစ်ကြည့်လိုက်ရာ လန့်ဖျတ်၍ လက်မှမီး

ခြစ်ပင် ပြုတ်ကျမလိုဖြစ်သွားရ၏ ။


   မထွေးလေးတို့သားအမိ၏ ခေါင်းပြတ်နေသော

ကိုယ်လုံးကြီးနှခုမှာ ကျွန်ပ်စမြင်သောနေရာမှာပင်

မလူပ်မယှက်တောင့်တောင့်ကြီးရပ်လျှက်ရှိနေကြ

ခြင်းကြောင့်ပင်ဖြစ်သည် ။


    ခေါင်းပြတ်နေသည်ဆိုသော်လည်းခေါင်းပြတ်နေရာလည်ပင်းမှသွေးများထွက်နေခြင်းမဟုတ်ပဲနှစ်ကာ

လကြာရှည်စွာပြတ်နေသောဒဏ်ရာကဲ့သို့တုံးတိတိ

ရှိနေပါ၏ ။


   ကျွန်ပ်မှာ ငယ်စဉ်ကလူကြီးသူမများပြောပြဖူး

သော ခေါင်းပြတ်စုန်းအကြောင်းများကြားဖူးသည် ။


  မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော စုန်းပညာ

ရပ်ဖြစ်ပြီး ညရောက်ချိန်တွင် ခန္ဓာကိုယ်မှခေါင်းက

ဖယ်ခွာသွားပြီး ကြက်များ၊ဝက်များကိုဖမ်းယူစားသောက်တတ်ကြသည်ဟုဆို၏ ။


   အကယ်၍ ခေါင်းက ခန္ဓာကိုယ်မှဖယ်ခွာနေချိန်

မျိုးတွင် ခန္ဓာကိုယ်ကဖယ်ခွာသွားနေချိန်မျိုးတွင် 

 ခန္ဓာကိုယ်အား ဖျက်စီးလိုက်ခြင်း၊ နေရာရွေ့ဖွက်ထား

လိုက်ခြင်းတို့ပြုလုပ်ပါက ခေါင်းပြတ်မှာ ခန္ဓာကိုယ်သို့

အချိန်မှီမဝင်ရောက်နိူင်သောကြောင့်သေသွားတတ်သည်။


   ကျွန်ပ်၏အဖိုးလူပျိုကာလသားအရွယ်တွင်

ရွာအတွင်းညအချိန် ဝက်များ အူဖောက်စားသောက်၍

တောကောင်များလာရောက်စားသောက်သည်ထင်မှတ်၍ချောင်းမြောင်းကြရာ ခေါင်းပြတ်ကြီးတစ်လုံးမှာ

ဝက်ကိုသတ်၍ အူများကိုဖောက်၍စားသောက်နေ

သည်ကိုတွေ့လိုက်ကြရ၏ ။


   လူကြီးသူမများက ခေါင်းပြတ်စုန်းဖြစ်ကြောင်း

ပြောပြ၍ဇီးကိုင်းကို ဝါးလုံးထိပ်တွင်ချည်နှောင်၍

ဖမ်း၍ရကြောင့်ပြောသောကြောင့် ကျွန်ပ်အဖိုးနဲ့ 

ရွာမှကာလသားများမှာ ဇီးသီးပင်များ အကိုင်းများ

ခုတ်၍ ဝါးလုံးထိပ်တွင်ကြိုးဖြင့်ချည်နှောင်၍ 

ခေါင်းပြတ်စုန်းထွက်လာသောအခါ

 ဝါးလုံးများကိုင်၍ခေါင်း

ပြတ်ကိုလိုက်ဖမ်းကြရာ ဇီးပင်ကိုင်းတွင်ပါသောဆူး

ပင်များငြိ၍ခေါင်းပြတ်ကြီးကိုဖမ်းမိသောကြောင့်

 လူကြီးများလက်သို့အပ်ကြသည် ။


   ရွာလူကြီးများက ခေါင်းပြတ်ကိုမသတ်လိုကြောင်း၊

အကယ်၍ သစ်ပင်တမျိုးမှရသောအဆီကိုခေါင်းပြတ်

လည်ပင်းဆက်မည့်နေရာကိုသုတ်လိမ်းလိုက်ပါက

ကိုယ်လုံးနဲ့ခေါင်းတွဲဆက်၍မရကြောင်းပြောပြ၍

ခေါင်းပြတ်စုန်းမကိုကတိတောင်း၏ ။..


 နောက်နောင် ရွာမှကြက်ဝက်များကိုမသတ်ဖြတ်မစားသောက်ရန်ကတိတောင်း၍ပြန်လွှတ်လိုက်ကြသည်ဟုပြောပြဖူးပါသည် ။


 တချို့နယ်မှကာလသားများမှာဆိုလျှင်ဖမ်းမိသော

ခေါင်းပြတ်များကို ခြေဖြင့်နင်းရသော ဆန်ဖွတ်မောင်း

ဆုံများအတွင်းထည့်ထောင်းပြီးမှပြန်လွှတ်ပေး၍မနက်

မိုးလင်းသောအခါ ရွာတွင်းလှည့်ကြည့်ကြသည် ။


   မျက်နှာတွင်ဒဏ်ရာအနာတရရှိသောမိန်းမများ

ကိုရှာဖွေကြခြင်းပင် ။

 

 မျက်နှာတွင်ဒဏ်ရာအနာတရရှိနေသော မိန်းမမှာ

ညကသူတို့မောင်းဆုံတွင်ထည့်ထောင်း၍လွတ်လိုက်

သောစုန်းမဖြစ်သောကြောင့်ဖြစ်၏ ။


ခေါင်းပြတ်စုန်းနဲ့ပတ်သက်၍ ကျွန်ပ်အဖိုးပြောပြသော

အကြောင်းအရာများကို မထွေးလေးတို့သားအမိ

ခေါင်းကိုဖြုတ်နေချိန်တွင် ကျွန်ပ်ပြန်၍အမှတ်ရမိ

ခြင်းပင်ဖြစ်ပါတော့သည် ။


  မထွေးလေးတို့သားအမိမှာ ခေါင်းပြတ်စုန်းသား

အမိပင်ဖြစ်မှန်းယခုမှကျွန်ပ်သိလိုက်ရပါတော့သည်။


   သူတို့ခန္ဓာကိုယ်များကိုတခြားလူများမဖျက်စီးနိူင်

စေရန်လုံခြုံသောနေရာတွင်ဝှက်၍ ခေါင်းပြတ်များက

မည်သည့်နေရာသို့ထွက်ခွာသွားကြသည်ဟုမဆိုနိူင်ချေ။


     ကျွန်ပ်မှာ ဂူအတွင်းမှထွက်လိုက်ပြီး အိမ်သို့ပြန်

လာရာလမ်းတွင် အတွေးများစွာဖြင့်ရှိနေပါတော့သည်။


  .....အား....သေပါပြီ....


.....အား......အောင်မလေး......


....အား.....


   နာကျင်စွာအော်ဟစ်လိုက်သောအသံများမှာ အိမ်အနီးတောအုပ်အတွင်းမှထွက်ပေါ်လာသံကြားလိုက်

ရသောကြောင့် ကျွန်ပ်မှာ သာဝအတွက်စိုးရိမ်စိတ်

ဝင်သွားသောကြောင့် အိမ်ဖက်ရှိရာသို့ပြေးလာခဲ့

တော့သည် ။


..သာဝ..သာဝ..ဟေး..သာဝ...


..ကိုကြီးဖိုးတေ အော်သံတွေကြားလို့ နိူးလာတာ

ကိုကြီးကိုမတွေ့လို့ စိုးရိမ်နေတာ...


..လာ..လာ..အိမ်အောက်အမြန်ဆင်းခဲ့ ....


  ကျွန်ပ်မှာ အိမ်အနီးရောက်သောအခါ သာဝအား

လှမ်းခေါ်လိုက်ရာ အော်သံကြောင့် အိပ်ယာမှနိူးနေဟန်တူသော သာဝအသံကိုကြားလိုက်ရသောအခါမှ 

ပူပန်စိတ်အနည်းငယ်ပြေလျှော့သွားရသည် ။


    ကျွန်ပ်မှာအော်သံကြားရာတောအုပ်အတွင်းသို့

အလောတကြီးထွက်သွားရာ သာဝမှာ ကျွန်ပ်နောက်မှ

လိုက်ပါလာခဲ့တော့သည် ။


    ..ဟာ...ဝု...အု..အု...ဖလူး.....


  သစ်တောအတွင်းအော်သံကြားသောနေရာအနီး

ကျွန်ပ်တို့နှစ်ယောက်ရောက်သွားသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သာဝမှာ အသံထွက်

အော်မည့်ဟန်ပြုလိုက်သောကြောင့်ပါးစပ်ကိုအချိန်မှီ

လက်ဖြင့်ပိတ်လိုက်ပါတော့သည် ။


      သစ်တောအတွင်းလူသုံးယောက်မှာသွေးသံတရဲ

ရဲဖြင့်လဲကျလျှက်ရှိနေပါသည် ။


    သွေးသံတရဲရဲလဲကျနေသော လူနှစ်ယောက်ဗိုက်ပေါ်တွင် ခေါင်းပြတ်နှလုံးက ဗိုက်အတွင်းအူများကို

ဖောက်၍ သွေးသံတရဲရဲဖြင့်စားသောက်လျှက်ရှိနေသောမြင်ကွင်းကိုတွေ့လိုက်ရသောကြောင့်သာဝမှာ

အလန့်တကြားအော်မည်ပြုရာ ကျွန်ပ်က သာဝပါး

စပ်ကိုလက်ဖြင့်ပိတ်၍ သစ်ပင်ကြီးတပင်အကွယ်

နောက်သို့ အလျှင်အမြန်ဆွဲသွင်းလိုက်ခြင်းဖြစ်၏ ။


      ဦးခေါင်းပြတ်နှစ်လုံးမှာ မထွေးလေးတို့သား

အမိဖြစ်ကြောင်း ကျွန်ပ်သိနေပြီးဖြစ်သည် ။


   သာဝပါးစပ်အတွင်းမှကျွန်ပ်လက်ကိုဖြေလျှော့လိုက်ပြီး နူတ်ခမ်းပေါ်လက်တင်၍အသံမထွက်စေရန်

သတိပေးလိုက်သည် ။


   သာဝမှာ အံ့သြထိတ်လန့်ဟန်ဖြင့်ရှိနေသည်။

ဗိုက်ဖောက်၍ အူများစားသောက်နေသော ခေါင်းပြတ်

နှလုံးအား မထွေးလေးတို့သားအမိဟု ယောင်၍ပင်

ထင်လိမ့်မည် မဟုတ်ပေ။


   ခေါင်းပြတ်နှလုံးမှာ ဗိုက်ကိုဖောက်၍ အူများကိုစား

သောက်ပြီးသောအခါလေပေါ်ပျံဝဲ၍ အိမ်ဖက်သို့ 

ပျံဝဲသွားကြသည် ။


   ခေါင်းပြတ်နှလုံးထွက်သွားသောအခါမှ ကျွန်ပ်တို့နှစ်ယောက်မှာပုန်းကွယ်ရာမှထွက်လိုက်ကြသည် ။


   ”..ဟို..ခေါင်းပြတ်သရဲတွေက..ဒီလူတွေကို 

သတ်သွားတာပဲ ကိုကြီးဖိုးတေ ၊ကြောက်စရာကောင်း

လိုက်တာဗျာ အူကိုဖောက်ပြီးစားသွားသေးတယ်...”


 ဗိုက်ပွင့်သေဆုံးနေသော အလောင်းသုံးလောင်းကို

ကြည့်၍ သာဝမှအထိတ်တလန့်ပြောနေစဉ် ကျွန်ပ်မှာ

အလောင်းများအနီးတိုးကပ်၍သေချာကြည့်လိုက်ရာ

လည်ပင်းများတွင်ကိုက်ခဲထားသော သွားရာများကို

လည်းတွေ့ရ၏ ။


  ထိုသူများရုပ်ကို လရောင်အောက်တွင်သေချာကြည့်

မိရာ ကျွန်ပ်စိတ်အတွင်း ထိတ်ခနဲဖြစ်သွားရတော့သည်။


   လဲကျသေဆုံးနေသူသုံးယောက်မှာ မထွေးလေးကို

သတ်ရန်ကြံစည်သော လူသုံးယောက်ဖြစ်နေသော

ကြောင့်ပင်ဖြစ်သည် ။


  ကျွန်ပ်မှာ ဦးခေါင်းအတွင်းယခုဇာတ်လမ်းကို

ဆက်စပ်၍တခုခြင်းတွေးနေရင်းတရေးရေးအကောင်အထည်ပေါ်လာသည် ။


  မထွေးလေးကိုသတ်ရန်ကြံစည်သော ဖိုးအောင်

အကိုသုံးယောက်မှာ ကျွန်ပ်တို့ကြားဝင်ဖျက်မူကြောင့်

မအောင်မြင်လိုက်ရာ ရွာမှရှောင်တိမ်းနေကြပြီး 

မထွေးလေးတို့သားအမိကိုသတ်ရန် အိမ်ဘေးတော

အုပ်အတွင်းချောင်းမြောင်းနေကြခြင်းဖြစ်ဟန်တူ၏။


  မထွေးလေးတို့သားအမိမှာ သူတို့အားသတ်ရန်

ကြိုးစားသူများကို ခေါင်းပြတ်စုန်းဘဝဖြင့်သတ်၍

အူဖောက်စားလိုက်ကြခြင်းဖြစ်သည်။


  အကယ်၍ ယခုအလောင်းကိုရွာသားများတွေ့ပါက

လည်းတောကောင်တကောင်ကောင်လက်ချက်ကြောင့်သေဆုံးခြင်းဖြစ်မည်ဟုကောက်ချက်ချကြမည်မှာ

မြေကြီးလက်ခတ်မလွဲပေ ။


  ကျွန်ပ်စိတ်အတွင်းလူသုံးယောက်သေဆုံးခြင်းအတွက်ဝမ်းနည်းစိတ်မဖြစ်မိကြောင်းဝန်ခံလိုပါသည်။


 ယောက်ကျားရင့်မာကြီးသုံးယောက်က မိန်းခလေး

တစ်ယောက်ကို ဝိုင်းဝန်းသတ်ဖြတ်ရန်ကြံစည်သည်ဆိုကတည်းက စိတ်သဘောထားသေးသိမ်သော

သူများ ယောက်ကျားမဆန်၊သူရဲဘောကြောင်သူများ

ဟုသတ်မှတ်ထားသောကြောင့်ပင်ဖြစ်၏ ။


  ” ကိုကြီးဖိုးတေ ဘာတွေကြည့်နေတာလဲ 

ပြန်ကြရအောင်လေဗျာ လူသေအလောင်းတွေက

ဗိုက်ပွင့်နေတာ သွေးပျက်စရာကြီး ။


 ဟိုခေါင်းပြတ်သရဲတွေပြန်လှည့်လာမှ ကျွန်တော်တို့

လည်းအူဖောက်စားခံနေရအုံးမယ်

 ပြန်ကြရအောင်ဗျာ......”


” အေးပါကွာ...ပြန်ကြတာပေါ့...ဒါပေမယ့်

ခေါင်းပြတ်သရဲတွေ့တာကို ဟိုသားအမိတွေကို

မပြောနဲ့နော်.. သာဝ...”


”..ဟာ.. ဘာလို့လဲ ကိုကြီးဖိုးတေရ...ခေါင်းပြတ်

သရဲကဒီလူတွေ အူဖောက်သွားတာပဲဟာ...”


” ခေါင်းပြတ်သရဲတွေ့တယ်လို့ပြောရင် သူတို့ကြောက်

ကြမှာပေါ့ကွ မိန်းမသားပဲနှစ်ယောက်တည်းနေကြတာလေ ယောင်လို့တောင်မပြောနဲ့နော်....”


 ” အင်း..မထွေးလေးက ခေါင်းပြတ်သရဲသူ့အိမ်နား

မှာရှိနေတာသိရင်ကြောက်နေမှာ။

 မပြောဘူးစိတ်ချ ကိုကြီးဖိုးတေ....”


  ကျွန်ပ်မှာလူသေအလောင်းသုံးလောင်းကိုကြည့်၍

အတွေးဝင်နေချိန်တွင် သာဝက ဘေးဘီဝဲယာကိုမလုံ

မလဲကြည့်ရင်းကျောချမ်းနေဟန်ပြောလာခြင်းဖြစ်၏။


ကျွန်ပ်က မထွေးလေးတို့သားအမိအကြောင်း

သိနေပြီဖြစ်သောကြောင့် အကြောင်းမသိသော 

သာဝ စိတ်ထင်ရာစွတ်ပြောနေမည်စိုး၍ စကားကြိုကာထားလိုက်ခြင်းဖြစ်သည် ။


   ကျွန်ပ်တို့ပြန်လာကြသောအခါ အိမ်တွင်မီးများ

လင်းလျှက်ရှိနေပြီး ကျွန်ပ်တို့နှစ်ယောက်ကိုစောင့်ဆိုင်းနေသောမထွေးလေးသားအမိကိုတွေ့ရသည် ။


ဒေါ်မြဇာမှာကျွန်ပ်တို့အိမ်ပေါ်တက်လာချိန်တွင်

စကားလှမ်းပြောလာ၏ ။


 ” ..ဘယ်တွေသွားနေကြာတာလဲ မောင်ဖိုးတေ..

အော်သံတွေကြားလို့ အရီးတို့သားအမိနိူးလာကြတာ

မောင်ဖိုးတေတို့ကိုလည်းမတွေ့တော့ စိုးရိမ်နေမိတာ..”


 ” ကျွန်ပ်တို့လည်းအော်သံကြားလို့သွားကြည့်ကြတာ

လူသုံးယောက် အူဖောက်စားခံထားရတာတွေ့လိုက်

ရတာပါပဲ.. ”


”..ဟင်..ဘုရား..ဘုရား..ဘယ်သူတွေများလဲ

ဗိုက်ဖောက်ခံထားရတယ်ဆိုတော့ကြောက်စရာပဲ၊

ဘယ်သူတွေများ ဒီအချိန်ကြီး တောထဲမှာအသတ်

ခံရတာလဲ.... ”


 ” ဟုတ်ပါရဲ့ အိမ်နားမှာဆိုတော့ အိပ်ရမှာတောင်

ခပ်လန့်လန့်ပါပဲ... ”


 မထွေးလေးတို့သားအမိမှာ ကြောက်လန့်သော

ဟန်ပန်အမူအယာမျိုးရှိနေကြ၏။


 သူတို့သားအမိနှစ်ယောက်အကြောင်းသိထားသော

ကျွန်ပ်မှာ အမူယာပိုနေသောသားမိနှစ်ယောက်

အကြောင်းကို သိထားပြီးဖြစ်သောကြောင့် ပြုံးလိုက်မိပါသည်။


      ခုမှအိပ်ယာမှထာလာကြောင်းပြောနေသော်လည်း မျက်နှာနဲ့ဆံပင်များတွင်ရေစက်ရေပေါက်တချို့ကို

ကျွန်ပ် တွေ့နေရသည် ။


 ကမန်းကတန်းသန့်ရှင်းရေးလုပ်လာသောကြောင့်

သွေးစသွေးနတချို့က ရှိနေသေးသည်ကိုသတိထား

ကြည့်မိသောကျွန်ပ်မြင်တွေ့လိုက်ရ၏ ။


”...ကျွန်ပ်တို့အော်သံကြားလို့ရောက်သွားတော့ 

ဗိုက်ပွင့်သေနေတာပါပဲ ၊တောကောင်တကောင်ကောင်လက်ချက်ထင်ပါတယ် ။


 ဒါနဲ့ အရီးတို့မိသားစုအတွက် ဒီလူသုံးယောက်သေ

သွားတာ တမျိုးကောင်းတယ်ပြောရမယ်ဗျ။


   သေသွားတဲ့လူသုံးယောက်က မထွေးလေးအသက်ကိုရန်ရှာဖို့ကြိုးစားကြတဲ့ လူတွေမို့ပဲလေ... ၊

သူတို့သေသွားတော့ အရီးတို့မထွေးလေးတို့အသက်ဘေးအတွက် တရန်အေးတာပေါ့..။.. ”


  ကျွန်ပ်စကားကြောင့် မထွေးလေးတို့သားအမိမှာ

တမင်တကာလုပ်ယူဖန်တီးထားသောအံ့သြသော

မျက်နှာဖြင့်ရှိနေကြသည် ။


  ..ဟင်.. ဟုတ်လား ဒီလိုဆိုတော့လည်း၊ တမျိုး

ကောင်းတာပေါ့ သေချင်းဆိုးတွေ သူများမကောင်းကြံ

ကိုယ့်ဘေးဒဏ်ထိပြီပေါ့...


”...ဝဋ်...ကနေ့မကူးဘူးပြောရမယ် နေ့လည်က 

ကျွန်မအသက်ကိုရန်ပြုသူတွေက ခုတော့ကိုယ့်

စားစရိတ်နဲ့ကိုယ့်သေလမ်းရောက်သွားပြီပေါ့ရှင်...”


   ကျွန်ပ်တို့မှာမအိပ်ကြတော့ပဲစကားစမြည်ပြောရင်း

မိုးလင်းသွားကြတော့သည် ။


  မနက်မိုးလင်းချိန်ရောက်သောအခါ၊ကျွန်ပ်နဲ့မထွေး

လေးမိခင်တို့ဘာဆက်လုပ်ကြမည်တိုင်ပင်ကြရင်း။


မထွေးလေးနဲ့သာဝအားရွာမှလူကြီးများကိုအခေါ်လွှတ်လိုက်ကြ၏ ။


ရွာလူကြီးနဲ့ ရွာသားတချို့ရောက်လာသောအခါ

 အလောင်းများရှိသောနေရာသို့သွားကြည့်ကြသောအခါ။


 ဗိုက်ပွင့်၍ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော

 အလောင်းများကိုခွေးအများကပါဝိုင်းဆွဲထားကြရာ 

ရုပ်ပျက်ဆင်းပျက်ဖြင့် အရိုးကျနေပြီဖြစ်သည် ။


  ကျွန်ပ်မှာညက ကြုံရသောအကြောင်းအရာများထဲမှ

 ခေါင်းပြတ်တွေ့သည်ကိုထိမ်ချန်၍ ညဖက်အော်သံ

ကြား၍သွားကြည့်ရာဗိုက်ပွင့်သေနေသော လူသုံးယောက်ကိုတွေ့ကြောင်းရွာလူကြီးကိုပြောပြလိုက်သည် ။


  ရွာလူကြီးနဲ့လိုက်ပါလာသောရွာသားများမှာ 

 ဖိုးအောင်အကိုသုံးယောက်မှာ မထွေးလေးတို့သား

အမိကို ဒုက္ခပေးရန်တောအတွင်းရှိနေချိန်တွင်တောကောင်တကောင်ကောင်လက်ချက်မိသွားသည်ဟုသာ

ကောက်ချက်ချကြသည် ။


အလောင်းကိစ္စများရွာသူကြီးကိုပြောပြ၍ကိစ္စ၊ဝိစ္စ

ပြီးသောအခါ

   ကျွန်ပ်တို့ဆရာတပည့်မှာပြန်ရန်ပြင်ဆင်ကြတော့

သည် ။


  မထွေးလေးတို့သားအမိမှာ ကျွန်ပ်တို့အားကျေး

ဇူးတင်စကား အထပ်ထပ်အခါခါဆိုရင်း နောက်နောင်

ကြုံကြိုက်ပါက ဝင်လည်ရန်ဖိတ်ခေါ်နေသည် ။


  သာဝမှာ ခွဲခွာရမည်မို့စိတ်မကောင်းသောမျက်နှာ

ဖြင့်မထွေးလေးအား သူနောက်တခေါက်လာမည်ဖြစ်

ကြောင်း အမြဲသတိရနေမည်ဖြစ်ကြောင်း မပြီးနိူင်မစီး

နိူင်မှာတမ်းချွေလျှက်ရှိနေပါသည် ။


   ကျွန်ပ်တို့ပြန်ချိန်တွင်မထွေးလေးမှာလက်ပြ၍

ကျန်နေရစ်ခဲ့ပါတော့၏ ။


   ”..ကိုကြီး ဖိုးတေ နောက်များ အမဲပစ်ရင် 

မထွေးလေးတို့ဖက်ကိုလာပြီး ဝင်လည်ကြ

ရအောင်ဗျာ...”


  ” ..ဝေးတယ်ကွ နေရာက ဒီနေရာနောက်

တခေါက်လာဖို့မလွယ်ဘူး... ”


 ” ကျွန်တော်က အမဲပစ်ဖို့စိတ်မပါတော့ဘူးဗျာ..၊

ကျွန်တော်စိတ်၊ကျွန်တော်နှလုံးသားက မထွေးလေး

ဆီကျန်နေရစ်ခဲ့ပါပြီ...”


  ” အပိုတွေသိပ်မပြောနဲ့ သာဝရာ ငြိမ်နား

ထောင်နေတာအကောင်းမထင်နဲ့ သွား..

ခပ်သွက်သွက်လျှောက်..

ဖင်ကိုဆောင့်ကန်မိတော့မယ်.... ”


   သာဝက နောက်သို့တမျော်မျော်ကြည့်၍မခွဲနိူင်မခွာ

ရက်ပြောနေသောကြောင့် ကျွန်ပ်က အမြင်ကတ်စွာ

ပြောလိုက်ခြင်းပင်။


  အကယ်၍ ကျွန်ပ်မြင်ခဲ့ရသော မထွေးလေးတို့သားအမိခေါင်းပြတ်စုန်းမများဖြစ်ကြောင်းကိုသာဝကို

ပြောပြလိုက်ပါက၊သာဝမှာကျွန်ပ်စကားကိုယုံကြည်

မည်လား။မယုံကြည်နိူင်ဖြစ်မည်လား မဆိုနိူင်ပေ။


  ကျွန်ပ်ကိုယ်တိုင်ပင်လျှင် မြင်တွေ့ခဲ့ရသော 

ခေါင်းပြတ်စုန်းအကြောင်းကို မျက်မြင်မို့သာယုံကြည်

လက်ခံခြင်းပင်။

  တခြားတယောက်ကသာပြောပြလျှင် ယုံကြည်လက်

ခံနိူင်မည်မဟုတ်သည်မှာ အသေအချာပင်ဖြစ်ပါတော့သည် ။


============================


 ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: