book

Index 18

ဝတ္ထုတို ၁၈

ဘဝခြားသံယောဇဉ်ကြိုး

============


 မိုးဦးကာလရောက်ပြီဆိုလျင်လယ်သမားများမှာ

လယ်ယာလုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်ကြပြီဖြစ်ပါတယ်။


   ရန်ပယ်ရွာသားများမှာလည်းမိုးလေမှန်သည်နဲ့

တချို့မှာစတင်ထွန်ယက်နေကြပြီဖြစ်ပါတယ် ။    


   ရွာနဲ့လယ်နီးသောလယ်သမားများမှာ လယ်ထွန်ချိန်

ရွာမှသွားထွန်ပြီး ထွန်ဖြုတ်ချိန်ရွာသို့ပြန်လာကာ အိုးမကွာ၊အိမ်မကွာအိမ်မှလယ်ယာလုပ်ငန်းလုပ်ကိုင်

နိူင်ပေမယ့် ရွာနဲ့လယ်ဝေးသူများမှာတော့ လိုအပ်သော

အသုံးအဆောင်ပစ္စည်း၊ရိက္ခာယူဆောင်ပြီးလယ်အနီးတဲထိုးကာလယ်တဲဝင်ပြီးလယ်ယာလုပ်ငန်းပြီးစီးချိန်ရောက်မှအိမ်ပြန်လာလေ့ရှိ

ကြပါတယ် ။


     ထွန်းသိမ်းမှာလည်းရွာနဲ့လယ်ကအတော်ဝေးသောအရပ်တွင်ရှိသောကြောင့် လယ်တဲဝင်ရန်ဇနီးဖြစ်သူမခင်ထားနဲ့လယ်တဲဝင်ရန်

အတွက် အိမ်မှာစီစဉ်စရာရှိတာစီစဉ်နေကြပါတယ် ။


     အဓိကစီစဉ်ရတာကတော့သားဖြစ်သူရှစ်တန်းကျောင်းသားမောင်မောင်ကိုကျောင်းအပ်ပေးခြင်း၊ကျောင်းနဲ့ပတ်

သက်သောအသုံးအဆောင်များဝယ်ပေးနေရပါတယ် ။


   သူတို့လင်မယားနှစ်ယောက်လယ်တဲဝင်သောအခါ

အိမ်တွင်သားဖြစ်သူနဲ့အတူ ခင်ထားအမေ ဒေါ်ပွင့်စိန်

ကျန်နေရစ်ခဲ့ပါတယ်...။


     ဒေါ်ပွင့်စိန်မှာအသက်ခုနှစ်ဆယ်အရွယ်ရှိပေမယ့်

ကျန်းမာရေးကောင်းသူတစ်ယောက်ဖြစ်ပါတယ်။

   ယခုအချိန်အထိထမင်းဟင်းချက်ပြုတ်နိူင်ဆဲမို့ 

မောင်မောင်စားရေးသောက်ရေးအတွက်စိတ်ပူရန်

မလိုပေ ။

        ယခုနေထိုင်သောအိမ်မှာ ဒေါ်ပွင့်စိန်ပိုင်ဆိုင်သောအိမ်ဖြစ်ပြီးသားသမီးများသဘောတူညီချက်အရ၊ ဒေါ်ပွင့်စိန်ကိုကျွေးမွေးပြုစုသူမှာ အိမ်ကိုအမွေစားအမွေခံရမည်ဟုသဘောတူညီချက်ဖြင့်ခင်ထားကကျွေးမွေးပြုစုစောင့်ရှောက်ထားခြင်း

ဖြစ်ပါတယ် ။  


     မောင်မောင်မှာမိဘများလယ်တဲဝင်သွားသော်လည်း

နှစ်စဉ်ခွဲခွာနေကျမို့အထူးတလည်ဝမ်းနည်းမူမဖြစ်ချေ။


  အရွယ်ငယ်စဉ်က မိဘများနဲ့ခွဲရသောကြောင့်

အသည်းအသန်ငိုကြွေးဖူးသော်လည်းနောက်ပိုင်း အသက်အရွယ်လည်းတဖြည်းဖြည်းကြီးလာပြီမို့နေသားကျလာပါတယ်...။


  ဒီလိုနဲ့ပဲဒေါ်ပွင့်စိန်ချက်ပြုတ်ကျွေးမွေးတာစားသောက်ရင်းမောင်မောင်ကျောင်းတက်တာလဝက်ခန့်ရှိလာပါတယ်။ 


  ဒီရက်ပိုင်းအတွင်းမိုးအတော်သည်းတယ်ပြောရမယ်။

မိုးကသုံးလေးရက်မနားတမ်းနေ့ရောညရော အငြိုးတကြီးဆက်တိုက်ရွာသွန်းနေပါတယ်။


  အိမ် အောက်ထပ်မှာ  ဒေါ်ပွင့်စိန်တယောက်အိပ်ယာထဲမှာစောင်ခြုံပြီးကွေးနေရင်းသူ့ကိုယ်ကတဆတ်ဆတ်တုန်ယင်နေပါတယ် ။


   ဒေါ်စိန်ပွင့်တစ်ယောက်ညနေကတည်းကချမ်းစိမ့်စိမ့်ဖြစ်နေတာမို့အခိုးပွင့်ဆေးသောက်ထားပြီးကွေးနေတာဖြစ်ပါတယ်...။


    မောင်မောင်ကတော့အပေါ်ထပ်သူ့အခန်းထဲမှာ

ကြောင်ကလေးမဲလုံးနဲ့ဆော့နေပါတယ်... ။


    မဲလုံးဆိုတဲ့ကြောင်ကလေးဟာမောင်မောင်အချစ်တော်

ကြောင်လေးဖြစ်တယ်။


   မဲလုံးကဝဖီးထွားကြိုင်းပြီး တစ်ကိုယ်လုံးမဲနက်နေတဲ့

ကြောင်ထီးတစ်ကောင်ဖြစ်ပါတယ် ။


  ကုန်ခဲ့တဲ့တစ်နှစ်ကျော်က ဘယ်ကမှန်းမသိတဲ့ကြောင်ပေါက်လေးတစ်ကောင်အိမ်ကိုရောက်လာတော့ လူကြီးတွေက ကြောင်နက်လေးမို့

နှင်ထုတ်ဖို့လုပ်ကြပေမယ့် ၊မောင်မောင်ကကြောင်ကလေးကိုပွေ့ပြီးလုံးဝ မောင်းထုတ်မခံတာကြောင့် လူကြီးတွေလက်လျော့လိုက်ရတယ်... ။


 မဲလုံးကလည်းကြောင်ပါး၊သူ့ကိုအိမ်မှာတခြားသူတွေမကြည်ဖြူမှန်းသိတော့ ၊မောင်မောင်အနားကလွဲပြီးဘယ်သူ့အနားမှမကပ်ဘူး..။


     ညနက်တော့ မောင်မောင်အိပ်ပျော်သွားချိန်

မဲလုံးဟာမောင်မောင်ဘေး ခွေအိပ်နေပါတယ်... ။

 ခွေအိပ်နေတဲ့မဲလုံးခေါင်းကိုဆတ်ခနဲထောင်လိုက်တယ်။   တစ်ခုခုကြားလိုက်ရဟန်နားစွင့်ရင်းအောက်ထပ်ကို

မဲလုံးဆင်းလာပါတော့တယ်... ။


  အောက်ထပ်မှာတော့  ဒေါ်ပွင့်စိန်တစ်ယောက် ငြီးတွားရင်းအဖျားတက်နေရာကနေ ရုတ်တရက်ငြီးတွားသံရပ်သွားတယ်....။


        ..ဝုန်း...


  မိုးနဲ့အတူပါလာတဲ့လေရဲ့တိုက်ခတ်မူကြောင့်ဒေါ်ပွင့်စိန်ခေါင်းရင်းကစေ့ရုံသာစေ့ထားတဲ့ပြတင်းပေါက်ကဝုန်းဆိုပွင့်သွားတယ်... ။


       အပေါ်ထပ်ကဆင်းလာတဲ့မဲလုံးဟာဒေါ်ပွင့်စိန်

အနီးရောက်လာပါတယ် ။


....ဝေါ...ဝရော...ဂျိမ်း.....ဒလိန်း......


....ညောင်....


မိုးသက်လေပြင်းနဲ့အတူ လျပ်စီးတစ်ချက်မိုးချိမ်းသံကကြောက်ခမန်းလိလိထွက်ပေါ်လာပါတယ်...။


     လျှပ်စီးတစ်ချက်အလက်မှာကြောက်မက်ဖွယ်ရာ

ရုပ်သွင်တစ်ခုပြတင်းပေါက်အပြင်ဖက်မှာရပ်နေတာ

မဲလုံးတွေ့လိုက်ရတာကြောင့် အမွေးများထောင်ထပြီး

အသံကျယ်တစ်ချက်ပြုလိုက်ပါတော့တယ်  ။


      ကြောက်မက်ဖွယ်ရာရုပ်သွင်မကောင်းဆ်ုးဝါးမျက်လုံးနဲ့

ကြောင်မဲလုံးမျက်လုံးချင်းဆုံမိချိန်မှာတော့ မဲလုံးရဲ့မျက်လုံးတွေဟာ အနီရောင်အဖြစ်ပြောင်းလဲ

သွားပါတော့တယ်  ။


   မဲလုံးဟာ ငြိမ်သက်စွာရှိနေတဲ့ဒေါ်ပွင့်စိန်ကိုယ်ပေါ်လွားခနဲခုန်တက်လိုက်ပြီး ရင်ဘတ်ပေါ်ရပ်ကာ မျက်နှာကိုသေ

ချာစိုက်ကြည့်လျက်ရှိနေပါတော့တယ်။


   ဒေါ်ပွင့်စိန်ဟာ လူကြီးရောဂါကြောင့် အသက်ပျောက်နေပြီဖြစ်ပါတယ်..။ 


မျက်လုံးပွင့်ပါးစပ်ဟအနေအထားနဲ့ အသက်ပျောက်နေခြင်းမျိုးပါ...။ 

 အသက်ပျောက်နေတဲ့ဒေါ်ပွင့်စိန်မျက်လုံးတွေဟာမဲလုံးရဲ့အနီရောင်မျက်လုံးတွေနဲ့ဆုံမိတဲ့ခနမှာတော့ ရုတ်တရက်မျက်တောင်တဖျတ်ဖျတ်ခတ်လာပြီး ခနအကြာကိုယ်ခန္ဓာကပါလူပ်ရှားလာတာကြောင့် မဲလုံးမှာဒေါ်ပွင့်စိန်ကိုယ်ပေါ်မှတဖက်သို့ခုန်ဆင်းလိုက်

ပါတော့တယ် ။


...ညောင်....


ရုတ်တရက်ဆိုသလို ဒေါ်ပွင့်စိန်ဟာ ငေါက်ခနဲထထိုင်

လိုက်တာကြောင့် ကြောက်လန့်တကြားအော်ဟစ်ရင်း

အပေါ်ထပ်ကိုတက်ပြေးသွားပြီးမောင်မောင်အိပ်နေရာ

အနီးတိုးကပ်ပြီးခွေအိပ်နေပါတယ်... ။


       ဒေါ်ပွင့်စိန်ဟာ အိပ်ရာပေါ်ကထပြီး မတ်တတ်ထရပ်လိုက်ပါတယ်။ 


အံ့သြစရာကအသက်၆၀နောက်ပိုင်းကုန်းနေတဲ့ခါးက တဖျစ်ဖျစ်မြည်ရင်းဆန့်သွားခြင်းပါပဲ။


  ဒေါ်ပွင့်စိန်ဟာ အိမ်တခါးရှိရာ လူငယ်တစ်ယောက်ရဲ့ခြေလှမ်းမျိုးနဲ့ပေါ့ပါးသွက်လက်

စွာလျောက်သွားရင်း အိမ်တခါးကိုတွန်းဖွင့်လိုက်ပါတယ်....။


   တခါးဖွင့်လိုက်ချိန်မှာလေနဲ့အတူမိုးသီးမိုးပေါက်တွေ

အိမ်ထဲဝင်လာပါတယ် ။


   ဒေါ်ပွင့်စိန်အိမ်အောက်ဆင်းပြီး အိမ်နောက်ဖေးကြက်ခြံဆီသို့ဦးတည်သွားနေပါတယ်...။


    ကြက်ခြံအတွင်းမိုးကြောင့်ကုပ်အိပ်နေကြသော

ကြက်များထဲမှကြက်တစ်ကောင်ကိုဖမ်းဆွဲလိုက်ပါတော့တယ်။ လည်ပင်းမှကိုင်ပြီးဖမ်းဆွဲထားတာကြောင့်

ကြက်ဟာဒေါ်ပွင့်စိန်လက်အတွင်းတောင်ပံတဖျတ်ဖျတ်ခတ်ပြီးရုန်းကန်နေပါတယ်...။


    ဒေါ်ပွင့်စိန်ဟာ နောက်လက်တစ်ဖက်နဲ့ ကြက်ခြေထောက်ကိုကိုင်ပြီး ကြက်ဇက်ကိုလိမ်ချိုး

ကြက်လည်ပင်းကိုကိုက်ကာ၊ကြက်သွေးကို အငမ်းမရ

သောက်နေပါတော့တယ် ။

       သွေးကုန်သွားသောအခါကြက်ကိုပစ်ချလိုက်ပြီး

နောက်ထပ်ကြက်သုံးလေးကောင်ခန့်သွေးစုတိပြီးမှအားရသွားဟန်ဖြင့်အိမ်ပေါ်ပြန်တက်ရင်း ရေစိုဝတ်ဖြင့်

အိမ်ပေါ်လျောက်သွားလျက် အပေါ်ထပ်သို့တက်လာ

ခဲ့ပါတော့တယ် ။

      မောင်မောင်အခန်းတွင်းသို့ဒေါ်ပွင့်စိန်ဝင်လာရင်း

မောင်မောင်ကို စူးစူးစိုက်စိုက်စားမတတ်ဝါးမတတ်

စိုက်ကြည့်နေပါတယ်...။


     ..ညောင်...ခွီး.....


   မောင်မောင်ဘေးတွင်အိပ်နေသော မဲလုံးမှာ ဒေါ်ပွင့်စိန်ကိုမြင်လိုက်သောအခါ မာန်ဖီအော်ဟစ်ပြေးလွားရင်းအခန်းထောင့်သို့ပြေးလွား

သွားပါတယ်... ။


...ဟာ...မဲလုံးကတော့ကွာ အိပ်ကောင်းနေပါတယ်ဆိုမှ...


    အော်သံနဲ့အတူ မောင်မောင်ကိုတွန်းတိုက်ထွက်ပြေးသွားသောမဲလုံးကြောင့်အအိပ်ဆတ်သောမောင်မောင်တစ်ယောက်

လန့်နိူးသွားပြီး ။ 

   အိပ်ယာဘေးခုံမှမီးခြစ်ကိုစမ်းပြီးဖယောင်းတိုင်မီးထွန်းညှိလိုက်ပါတယ်.... ။


  ”..ဟင်...ဘွားဘွား..ဘာဖြစ်တာလဲ...တစ်ကိုယ်

လုံးရေတွေရွဲနေပါလား..... ”


  ဖယောင်းတိုင်မီးရောင်အောက်မှာတစ်ကိုယ်လုံးရေတွေ

ရွဲရွဲစိုလျက်ကြောင်စီစီမျက်လုံးတွေ နဲ့ရပ်နေတဲ့ အဘွား

ဖြစ်သူကိုတွေ့လိုက်ရတာကြောင့်မောင်မောင်မှာစိုးရိမ်

သွားမိတယ်...။


  ..လာ ဘွားဘွားအောက်ကိုသွားရအောင်နော်..လာ..လာ..


မောင်မောင်မှာဆီမီးတိုင်ကိုလက်တဖက်မှကိုင်၍အဖွားဖြစ်သူကိုလက်ကို သူ့လက်တစ်ဖက်ဖြင့်ဆွဲ၍အောက်

ထပ်သို့ခေါ်ဆောင်သွားပါတယ်....။


    ...ရော့..အဝတ်ခြောက်တွေလဲလိုက်နော်ဘွားဘွားနေမကောင်းဖြစ်နေမယ်...


ဒေါ်ပွင့်စိန်မှာ မောင်မောင်ကိုကြောင်တောင်ကြည့်လျက်မောင်မောင်စကားကိုငြင်းဆန်ခြင်းမရှိပဲ အဝတ်လဲနေချိန် မောင်မောင်ကကျောခိုင်းနေပေး၍အဝတ်အစားလဲပြီး

သောအခါ တဘက်တထည်ဖြင့်ခေါင်းပေါ်မှ

ရေများကိုသုတ်ပေးနေပါတော့တယ် ။


     အဘွားဖြစ်သူခေါင်းမှရေများခြောက်အောင်

သုတ်ပြီးသောအခါ အဘွားဖြစ်သူကိုအိပ်ယာတွင်လှဲစေ၍စောင်ခြုံ

ပေးပြီးအဘွားဖြစ်သူမျက်လုံးမှိတ်တော့မှ မောင်မောင်

အပေါ်ထပ်တက်ခဲ့ပါတော့တယ်... ။


     မောင်မောင်ဟာလိမ်မာရေးခြားရှိပြီး၊စာတော်သော

ခလေးတစ်ယောက်ဖြစ်ပါတယ်...။


  သူ့အတွေးအခေါ်အပြုအမူတွေက တခါတလေလူကြီးတစ်ယောက်အလားရှိနေတတ်သူဖြစ်ပါတယ်..။


     နောက်တနေ့မနက်တွင်စွေရွာနေသောမိုးက

အနည်းငယ်စဲသွားပြီဖြစ်ပါတယ်။


     မောင်မောင်မှာ စနေနေ့ကျောင်းပိတ်ရက်မို့

နောက်ကျမှအိပ်ယာထလာပါတယ်။


    အောက်ထပ်ဆင်းလာပြီးမျက်နှာသစ်သွားတိုက်ပြီးချိန်

မီးဖိုခန်းအတွင်းဝင်လာရာအဘွားဖြစ်သူကိုမတွေ့ရတာကြောင့်စိတ်ပူသွားမိပါတယ်။


    အဘွားဖြစ်သူမှာခါတိုင်းဆိုလျင်မနက်အစောကြီး

ကတည်းမီးဖိုချောင်အတွင်းချက်ပြုတ်ပြင်ဆင်နေတတ်

သော်လည်းယခုနေ့တွင်အဘွားဖြစ်သူကိုမတွေ့ရပေ။


   မောင်မောင်အဘွားဖြစ်သူအခန်းသို့သွားကြည့်ရာ

အိပ်ယာပေါ်ခွေလှဲနေတဲ့အဘွားဖြစ်သူကိုတွေ့လိုက်

ရတယ် ။


”...အဘွားနေမကောင်းဘူးလား သားဆေးဆရာသွားခေါ်လိုက်ရမလား...”


”...မခေါ်နဲ့ ရတယ်..သက်သာပါတယ်...”


 အဘွားဖြစ်သူကတဖက်ကိုကျောတစောင်းလှဲပြီးအက်ကွဲ

တဲ့လေသံနဲ့ပြန်ဖြေလာတယ် ။


   ”..သားအဘွားစားဖို့ဆန်ပြုတ်သွားပြုတ်ပေးမယ်နော်

ခနစောင့်...”


   အဘွားဖြစ်သူကမောင်မောင်အပြောကိုနောက်ထပ်ဘာမှမတုန့်ပြန်လာပါဘူး။

မောင်မောင်လည်း အခန်းထဲမှထွက်လာပြီး ဆန်ကွဲများ

ယူပြီးသူ့ကြက်များကိုကြက်စာကျွေးရန်အသံပြုလိုက်ပါတယ် ။


”...ဟင်...ကြက်သုံးလေးကောင်ပျောက်နေပါလား...”


    သူကျွေးသောအစာလာစားသောကြက်များတွင်

ကြက်ကောင်ကြီးသုံးလေးကောင်ပျောက်နေတာကြောင့်အသံပြုအော်ရင်း အိမ်ပတ်လည်လိုက်ရှာနေရာ

  သေဆုံးနေသောကြက်သုံးလေးကောင်ကို ကြက်ခြံ

ဘေးပတ်လည်တွင်တွေ့လိုက်ရတာကြောင့်နှမြောစိတ်

ဝင်သွားတယ် ။

     ဒီကြက်ကလေးတွေကမောင်မောင်မွေးထားတာဖြစ်ပြီး

ကြက်များကြီးလာပါကရောင်းချပြီး သူ့ကျောင်းစာအုပ်

ပုဆိုး၊အင်ကျီလေးများဝယ်ဝတ်လေ့ရှိတာကြောင့်ကြက်

သုံးလေးကောင်သေဆုံးသွားတာက မောင်မောင်စိတ်ကိုဝမ်းနည်းစိတ်ထိခိုက်စေပါတယ် ။


    မောင်မောင်လည်းကြက်အသေများကိုကောက်ကြည့်ရာ  ကိုယ်လုံးနဲ့လည်ပင်းစပ်ကြားတွင်ဒဏ်ရာများတွေ့ရ

တာကြောင့်စဉ်းစားရခက်သွားမိတယ် ။

      ကြက်မွေးများမှာရေစို၍ကပ်နေသောကြောင့်

ညကတည်းကသေဆုံးနေတာဖြစ်မှန်းသိလိုက်တယ် ။


       ကြက်သေများကိုခပ်ဝေးဝေးတွင်စွန့်ပစ်လိုက်ပြီး

အိမ်ပေါ်တက်ကာအဘွားဖြစ်သူအတွက်ဆန်ပြုတ်ပြီး

ကျက်သောအခါပန်းကန်တစ်လုံးတွင်ထည့်၍အဘွား

ဖြစ်သူထံယူသွားလိုက်ပါတယ်...။


   ”...အဘွား...ဆန်ပြုတ်သောက်လိုက်နော်...”


”...ငါမသောက်ချင်သေးဘူး....”


”..ဟုတ် အဘွား သောက်ချင်တဲ့အချိန်သောက်နော်..

ဒါနဲ့အဘွားရေ သားကြက်လေးသုံးလေးကောင်ဘာကောင်ကိုက်သွား

မှန်းမသိဘူး သေနေကြတယ်...အရမ်းနှမြောတာပဲဗျာ

အဲဒီအရွယ်ရောက်ဖို့မွေးရတာမလွယ်ဘူး...သားမှာ

မုန့်ဖိုးတွေ လိုအပ်တာလေးတွေ ကြက်ရောင်းပြီးဝယ်

နေရတာ သားအရမ်း နှမြောတယ် အဘွားရယ်...”


   မောင်မောင်စကားကြောင့်တဖက်သို့စောင်းလှဲနေသော

ဒေါ်ပွင့်စိန်ကိုယ်ဆတ်ခနဲတချက်မျတုန်သွားတာကိုဝမ်း

နည်းစိတ်နဲ့ပြောနေတဲ့မောင်မောင်မရိပ်မိဘူး....။


    မောင်မောင်မှာကျောင်းပိတ်ရက်မို့သူငယ်ချင်းများ

နဲ့ဘောလုံးကန်ချိန်းထားရာ အဘွားဖြစ်သူကိုခွင့်တောင်းပြီးထွက်လာခဲ့တယ်.....။


      မောင်မောင်ပြန်ရောက်ချိန်ဒေါ်ပွင့်စိန်တစ်ယောက်

မီးဖိုခန်းအတွင်းချက်ပြုတ်ရန်ပြင်ဆင်နေပါတယ် ။


အဖွားဖြစ်သူကျန်းမာနေကြောင်းတွေ့ရတာကြောင့်မောင်မောင်ပျော်သွားမိတယ် ။


    ဒေါ်ပွင့်စိန်တစ်ယောက်ထမင်းဟင်းများချက်ပြုတ်သော်လည်းသူကိုယ်တိုင်ကမူ ထမင်းကိုဟုတ်တိပတ်တိမစားပေ ။


     ထိုညလူခြေတိတ်ချိန်တွင် ဒေါ်ပွင့်စိန်တစ်ယောက် အိမ်ထဲမှထွက်၍ ရွာထဲအိမ်တစ်အိမ်ကြက်ခြံမှကြက်များကို သတ်ဖြတ်

သွေးစုတ်၍ အိမ်သို့ပြန်လာကာအိပ်ယာပေါ်တက်အိပ်

နေပါတော့တယ် ။


    တပတ်ဆိုသောအချိန်အတွင်းမောင်မောင်မှာသူ့အဘွား

ဒေါ်ပွင့်စိန်ပြောင်းလဲနေသောအခြေအနေကိုလုံးဝမရိပ်ပေ။


 ဒေါ်ပွင့်စိန်မှာဟင်းချက်စရာများဝယ်ယူရန်မောင်မောင်

ကိုခိုင်းပြီးချက်ပြုတ်ပေးသော်လည်းသူကိုယ်တိုင်က

တို့ကနန်းဆိတ်ကနန်းမျသာစားကာ အိပ်ယာပေါ်တွင်

အချိန်ပြည့်ခွေလှဲနေပါတယ်။


  နေခင်းပိုင်းလူမမာအသွင်ရှိနေပေမယ့်ညရောက်ချိန်

သွက်လက်ဖျတ်လတ်စွာဖြင့်ရွာတွင်းဝင်ပြီးကြက်ငှက်များသွေးသောက်လေ့ရှိပါတယ်။


    မောင်မောင်မွေးထားတဲ့ကြက်တွေကိုတော့ဘာမှ

မလုပ်တော့ပါဘူး။   


    ဒီလိုနဲ့စနေတနင်္ဂနွေကျောင်းပိတ်ရက်ရောက်ရှိလာ

ပြန်ပါတယ်..။

     မောင်မောင်ဟာအပတ်စဉ်သူငယ်ချင်းများနဲ့

ဘောလုံးချိန်းကန်လေ့ရှိပါတယ်။


ယခုတပတ်ကျောင်းပိတ်ရက်

 ရွာဘောလုံးကွင်းမှာသူတို့ရှစ်တန်းကျောင်းသားနဲ့ ကိုးတန်းကျောင်းသားများချိန်းပွဲကအကြိတ်အနယ်

ကန်နေကြပါတယ်..။


 မောင်မောင်တို့ရှစ်တန်းကျောင်းသားတွေကအပတ်စဉ်

ဘောလုံးကန်နေကြဖြစ်တဲ့အပြင်၊တစ်ယောက်နဲ့တစ်ယောက်နားလည်မူရှိတာကြောင့်

သူတို့ထက်လူကောင်ပိုကြီးနေတဲ့ ကိုးတန်းကျောင်းသားတွေကိုပထမပိုင်းမှတင်နှစ်ဂိုးသွင်းလိုက်ကြပါတော့တယ် ။


     ကိုးတန်းကျောင်းသားတွေကတော့သူတို့ထက်

အငယ်တွေဆီမှာရူံးရတာမို့ရူံးမဲမဲပြီးလူချကစားပါတော့တယ်...။


    ခနခနလူချရာကစပြီးစကားများကြရာမှတစ်ဆင့်

ပွဲမပီးခင်မှာပဲဘောလုံးပွဲက ရန်ပွဲအသွင်ပြောင်းလဲ

သွားပါတော့တယ် ။


      လူကြီးတွေရောက်လာပြီးလာဖြန်ဖြေမှရန်ပွဲက

ပြီးသွားပါတော့တယ်... ။


   မောင်မောင်တစ်ယောက်မျက်နှာတစ်ခုလုံးယောင်ကိုင်း

ပြီးအိမ်ပြန်လာခဲ့ပါတယ် ။


သူနဲ့ထိုးကြိတ်သူမှာသူထက်လူကောင်ကြီးဗလကြီးတာမို့မောင်မောင်တစ်ယောက်ဖိထိုးခံလာရခြင်းဖြစ်တယ်။

    

  တစ်ကိုယ်လုံးရွံဗွက်တွေနဲ့မို့ရေမိုးချိုးအိမ်ပေါ်တက်လာချိန်မှာတော့ ခါးကိုလက်ထောက်ပြီး မျက်ထောင့်နီကြီး

တွေနဲ့သူ့ကိုကြည့်နေတဲ့ အဘွားဖြစ်သူဒေါ်ပွင့်စိန်ကို

တွေ့လိုက်ရတယ်.. ။


”..နင်..မျက်နှာက ဒဏ်ရာတွေဘယ်လိုရလာတာလဲ

ဘယ်ကောင်လုပ်လိုက်တာလဲပြောစမ်း...”


”..ဟို...ဟို.. ဘောလုံးကန်ရင်းရလာတာပါ အဘွား.....”


”...နင့်ကို ဒီဒဏ်ရာတွေရအောင်ဘယ်သူလုပ်လိုက်တာလဲ

ငါမေးနေတယ်လေ...”


အဘွားဖြစ်သူရဲ့ မာကြောခက်ထန်ပြီးဒေါသကြီးနေတဲ့အမူအယာကိုကြည့်ပြီးမောင်မောင်တုန်တက်သွားတယ်...။


  သူ့အဘွားဟာအရင်က စကားကိုအေးဆေးပြောတတ်ပြီးဒေါသထွက်ရန်လိုတာသူမတွေ့ဖူးတာကြောင့်လည်းဖြစ်ပါတယ်...။


”....နိူင်လင်း လုပ်လိုက်တာပါအဘွား...ဘောလုံးကန်ရင်း သူတို့က

အရင်စလုပ်တာပါ...”


”...သူတို့အိမ်က ဘယ်အနားမှာလဲ ပြောစမ်း....”


”ရွာလယ်ကဆန်စက်ပိုင်ရှင်သားပါ အဘွား....”


..တောက်...ငါ့မြေးကိုလာထိတဲ့ကောင်တွေငါ့အကြောင်းသိရမယ်....


    အဘွားဖြစ်သူရှေ့မှမောင်မောင်တစ်ယောက်အသာလေးလစ်ထွက်ခဲ့ပေမယ့် ဒေါ်ပွင့်စိန်မကျေမချမ်းရေ

ရွတ်သံတွေမောင်မောင်ကြားနေရပါတယ်.... ။


      ညကပိန်းပိတ်အောင်မှောင်နေပြီး မိုးကတစိမ့်စိမ့်

ရွာသွန်းနေပါတယ်... ။


    ညနက်လာချိန်မှာတော့ ရန်ပယ်ရွာလေးဟာ

ညအမှောင်ထုအောက်အိပ်မောကျနေပါတယ်... ။


     ခါတိုင်းမိုးမရွာချိန်တွေရွာထဲလှည့်ပတ်ဟောင်နေတတ်တဲ့ခွေးတွေဟာ ခုချိန်မှာတော့ မိုးလွတ်ရာအိမ်အောက်

တစ်နေရာမှာကွေးအိပ်လျက်ရှိနေကြပါတော့တယ်... ။

    ညသန်းခေါင်အချိန်နိူင်လင်းတစ်ယောက် လန့်နိူး

လာပါတယ် ။

    ဝမ်းဗိုက်ကတရစ်ရစ်ကိုက်ပြီး အိမ်သာသွားချင်

သောကြောင့်နိူးလာခြင်းဖြစ်ပါတယ်... ။


   ဒါကြောင့်လက်နှိပ်ဓတ်မီးလေးကိုလက်တဖက်ကကိုင်

ခမောက်လေးဆောင်းပြီးနောက်ဖေးအိမ်သာရှိရာမိုးရေထဲခပ်သွက်သွက်ပြေးပြီး ကိစ္စဝိစ္စရှင်းပြီးချိန် အိမ်သာမှထွက်ကာအိမ်ဖက်သို့ပြန်လာဖို့လုပ်နေပါတယ်...။


    ”...ဟင်...အောင်မလေးဗျ......”


    လက်နှိပ်ဓတ်မီးကိုဟိုသည်ထိုးကြည့်မိတဲ့နိူင်လင်း

တစ်ယောက် မိုးရေထဲမှာရပ်နေတဲ့ရေစိုဆံပင်တွေမျက်နှာဖုန်းနေတဲ့

အဘွားကြီးတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်

ရုတ်တရက်ကြောက်လန့်တကြားအော်လိုက်မိပါတယ်။


         ...နိူင်လင်းဆိုတာ နင်လား နောက်တခါ

နင်မောင်မောင့်အသားကိုထိရဲရင်ထိကြည့်

နင့်ကိုအရိုးအသားတခြားစီ လုပ်ပလိုက်မယ် 

    ကြားလားငါပြောတာ.....


    ထိုအဘွားကြီးမှာကြောက်လန့်ပြီးကြက်သေသေနေတဲ့

နိူင်လင်းအနားရောက်လာကာအံ့ကြိတ်ပြီးမာကျောခက်ထန်တဲ့လေသံနဲ့ပြောနေသံကြောင့် နိူင်လင်းတစ်ယောက်အူအသည်းများပြောင်းပြန်လန်

နေသလိုခံစားရလိုက်မိတယ်..... ။


      ...ဟေ့ နိူင်လင်း သားမိုးရေထဲမှာ ဘာရပ်လုပ်

လုပ်နေတာလဲ....


..အေမ...အီး....ဟီး....ဟီး.....


   အဘွားကြီးမှာနိူင်လင်းကိုကြိမ်းဝါးပြီးဘယ်အချိန်က

တည်းကထွက်သွားပြီမှန်းမသိ၊ နိူင်လင်းတစ်ယောက်

ကြောက်လန့်ကာငုတ်တုတ်ကြီးသတိလစ်နေသူလို

တောင့်တောင့်ကြီးလက်နှိပ်ဓတ်မီးကိုင်ပြီးရပ်နေတာကို

တရေးနိူးတပေါ့တပါးအတွက်အောက်ဆင်းလာတဲ့သူ့

အမေတွေ့သွားပြီး ပခုံးကိုင်လူပ်ကာ မေးချိန်ကျမှ

ငိုသံထွက်လာပါတော့တယ်...။


     နိူင်လင်းမှာသူကြုံရသောအဘွားအိုတစ်ယောက်သူ့ကိုပြောသောစကားများကိုမိဘများကိုပြန်ပြောပြသော်လည်း မိဘများမှာနိူင်လင်းစကားကိုယုံ

ကြည်ကြခြင်းမရှိပေ။


  သားဖြစ်သူနိူင်လင်းမှာ သူ့ထက်အငယ်များကိုမကြာခနအနိူင်ကျင့်တတ်သော

ကြောင့် ကြောက်လန့်စိတ်များကိန်းအောင်းပြီး သူ့ကို

သတိလာပေးသည်စိတ်အတွင်းထင်မြင်ခြင်းဟာသာဟု

အလွယ်ယူဆကြပါတယ် ။

    နိူင်လင်းတစ်ယောက်သူကြုံရတဲ့အဖြစ်အပျက်ကြောင့်

လန့်ဖျားဖျားပြီးနောက် မောင်မောင်နဲ့လမ်းတွင်

ဆုံပါက မျက်လုံးခြင်းမဆိုင်ဝံ့ပဲ ဝေးဝေးကရှောင်သွားတတ်ပါတယ်... ။


 ဒေါ်ပွင့်စိန်ဟာမောင်မောင်အပေါ်တစတစသံယောဇဉ်တွယ်လာဟန်ရှိပါတယ်။


မောင်မောင်စားသောက်ရေး၊အိမ်သန့်ရှင်းရေးတွေကိုလစ်ဟာမူမရှိတဲ့အပြင်မောင်မောင်နဲ့ပါစကားစမြည်ပြောဆိုလာပါတယ်...။


  လိမ်မ္မာရေးခြားရှိပြီးသိတတ်တဲ့မောင်မောင်ကြောင့်ဆိုရင်လည်းမမှားလောက်ပါဘူး..။


 မောင်မောင်ဟာဟိုးအချိန်ကတည်းက ဒေါ်ပွင့်စိန်ကိုညစဉ်နှင်းနှိပ်နေကျမို့နင်းနှိပ်ပေးပါတယ်။


 ဒါပေမယ့် ဒေါ်ပွင့်စိန်ကိုနင်းနှိပ်ပြီးချိန်တိုင်းသူ့တစ်ကိုယ်လုံးအားအင်ကုန်ခန်းသွားသူလိုဖြစ်သွားတယ်..။


   ဒီလိုမျိုးဖြစ်တာကဒေါ်ပွင့်စိန်ကိုနင်းနှိပ်ပြီးချိန်တိုင်း

လိုလိုဖြစ်လာတာမျိုးပါ..။

 နောက်ပိုင်းဒေါ်ပွင့်စိန်ဟာမောင်မောင်ကိုနားလည်ရခက်တဲ့အကြည့်မျိုးနဲ့အတန်ကြာကြည့်နေပြီးနင်းနှိပ်ခိုင်းတာမျိုးမပြုလုပ်ခိုင်းတော့ပါဘူး...။


မောင်မောင်အတွက်ကတော့ ဒေါ်ပွင့်စိန်ပြောင်းလဲမူကိုအားလုံးမသိပေမယ့်သိသာတဲ့

အချက်တချို့ကိုတော့ ဂရုပြုမိပါတယ် ။


   အဲတာကဒေါ်ပွင့်စိန်ဟာအရင်ကဘုရားခန်းမှာပုတီးစိတ်တရားထိုင်လုပ်လေ့ရှိပြီး၊ဘုရားကျောင်းကိုလည်းသန့်ပြန့်အောင်ရှင်းလင်းကာ

မနက်ဆွမ်း၊ညရေချမ်းဆီမီးမပြတ်လပ်စေရသူဖြစ်ပါတယ်။


မောင်မောင်ကိုလည်းသူနဲ့အတူဘုရားရှိခိုးဖို့မကြာခန

ခေါ်တတ်ပါတယ်။


 ခုဒေါ်ပွင့်စိန်ကအဲဒီလိုမျိုးလုပ်ဖို့ဝေးလို့၊ဘုရားကျောင်း

ဖက်ခြေဦးတောင်မလှည့်တော့ပါဘူး...။


တခါတလေမောင်မောင်တစ်ယောက်စိတ်လိုလက်ရဘုရားရှိခိုးနေချိန်ဘုရားစာကိုအသံကျယ်ကျယ်ရွတ်မိရင်

အခန်းထဲကနေ နားငြီးလို့အသံအကျယ်ကြီးဘုရားစာ

မရွတ်ဖို့ဒေါသတကြီးလှမ်းအော်တတ်တာမျိုးပါ။


    မောင်မောင်အတွက်နောက်ထပ်ထူးခြားတိုက်ဆိုင်မူကတော့ ဒေါ်ပွင့်စိန်နေကောင်းပြီးနောက်ပိုင်းသူ့ကြောင်ကလေး

မဲလုံးကိုနောက်ထပ်မတွေ့ရတော့တာပဲဖြစ်ပါတယ်...။


 သူ့အဘွားပြောင်းလဲမူကိုမောင်မောင်အနေနဲ့ခနတဖြုတ်သာတွေးပြီး ခလေးပီပီမကြာခင်မေ့လျောသွားပါတော့တယ်....။


   ညနေခင်းကျောင်းလွတ်၍မောင်မောင်ကျောင်းမှ

အိမ်သို့သူငယ်ချင်းများနဲ့ပြန်လာပါတယ်...။


       တခြားသူများမှာအိမ်ကရွာထဲမှာပင်ရှိတာမို့

အသီးသီး ကျန်နေရစ်ခဲ့ကြပါတယ် ။


မောင်မောင်တို့နေတဲ့အိမ်ဟာရွာအနောက်ပိုင်းအရပ်မှာ

တည်ရှိပြီး ရွာနဲ့နည်းနည်းလှမ်းပါတယ်...။


    ...ဝေါင်း..ဝေါင်း....ဝေါင်း....


...ဟင်...


...အား....အမေရေ.....


...ဟဲ့ခွေး...  ..   ဟဲ့ခွေး.....


...ကိန်...ဂိန်...ဂိန်...ဂိန်.....


...ခလေးအတော်နာသွားပုံပဲ ဆေးခန်းအမြန်ပို့ဖို့

လုပ်ကြ...


...အင်း...ဟင်း...ဟင်း.....ဟင်း....


မောင်မောင်တစ်ယောက်အိမ်သို့ပြန်လာရာရွာလမ်းတွင်

ခြံဝင်းတစ်ခုအတွင်းမှကိုက်တတ်၍ကြိုးချည်ထားသော

ခွေးဆိုးကြီးတစ်ကောင်မှာစူးဝါးစွာထိုးဟောင်သံနဲ့အတူ

ရုတ်တရက်ပြေးဝင်လာပြီးမောင်မောင်ကိုခုန်အုပ်လိုက်ပါတယ်...။


ကြောက်လန့်၍ရပ်နေတဲ့မောင်မောင်ဟာ ရုတ်တရက်လဲကျသွားတာကြောင့်ခွေးကြီးဟာ

မောင်မောင်ကိုဖိကိုက်နေပါတော့တယ်....။


  မောင်မောင်တစ်ယောက်နာကျင်စွာအော်ဟစ်သံကြောင့်

ဘေးအိမ်မှလူများရောက်လာပြီးခွေးဆိုးကြီးကိုရိုက်ပုတ်

လိုက်တော့မှ ခွေးဆိုးကြီးပြေးသွားပါတော့တယ်...။


  မောင်မောင်ကတော့ခွေးကိုက်ဒဏ်ရာတွေနဲ့သွေးအိုင်ထဲနာကျင်စွာငြီးသံသဲ့သဲ့သာပြုနိူင်ရှာပါတော့တယ်... ။


     ပတ်တီးအဖွေးသားနဲ့လူတစ်ယောက်ချီပိုးပြီးမောင်မောင်ကိုအိမ်လာပို့ချိန် ဒေါ်ပွင့်စိန်မျက်နှာအထူးတလည်

တင်းမာသွားပါတယ်....။


”..ငါ့မြေးကို ဘယ်သူဘာလုပ်လိုက်တာလဲ...ပြောစမ်း....”


”...ဒီလိုပါအဘွား စောမောင်တို့အိမ်ကခွေးက အဘွားမြေးကို ကိုက်လိုက်လို့ပါ...ကျွန်တော်က

လာလိုက်ပို့တာပါ...”


...ဘာ....


ဒေါ်ပွင့်စိန်အော်သံကြောင့်မောင်မောင်ကိုလိုက်ပို့သူရွာသားပင်တုန်တက်သွားပါတယ်... ။


    ”...သူတို့ခွေးကိုက်လိုက်တာ သူတို့ကဘာလို့လာ

မတောင်းပန်တာလဲ...ဘာသဘောလဲ....”


မျက်ထောင့်ကြီးနီလျက်စားမတတ်ဝါးမတတ်အံ့ကြိတ်

ကြိမ်းဝါးနေသောဒေါ်ပွင့်စိန်ဒေါသကိုမြင်ရသောအခါလိုက်ပို့သူမှာ

ကြာကြာမနေရဲတော့ပဲအမြန်ပြန်ပါတော့တယ်....။


     ပတ်အတီးအဖွေးသားနဲ့အိပ်ယာပေါ်ပက်လက်ကလေး

အနာရှိန်ဆေးရှိန်နဲ့မောင်မောင်ကိုကြည့်ပြီးဒေါ်ပွင့်စိန်

မျက်ဝန်းများကနူံးညံ့ညင်သာစွာရှိနေရာကနေရုတ်ချည်း

တင်းမာခက်ထန်သွားပြန်တယ်.။


  စောမောင်ကရွာမှာမိုက်တိမိုက်ကန်းမို့သူနဲ့ဖက်ပြီး

ဘယ်သူမှမပြောချင်ကြဘူး။ ဒါကိုပဲစောမောင်ကသူ့ကို

ရွာသားတွေကြောက်နေတာလို့အထင်ရောက်နေတတ်သူ။


  ညနေတိုင်းအရက်မူးလာပြီဆိုရင် ဘယ်သူကိုခေါင်း

စဉ်တတ်ထားမှန်းမသိတဲ့ဆဲနည်းနဲ့ ရပ်ကွက်မှာပတ်ဆဲတတ်သူ တစ်ယောက်၊ခုလည်း

သူ့ခွေးက ခလေးတစ်ယောက်ကိုကိုက်လိုက်တာ

သနားရကောင်းမှန်းမသိ၊တောင်းပန်ရမှန်းမသိ။။


    တိရိစ္ဆာန်ပဲဘာသိမှာလဲတဲ့ သူပြောပုံက၊တကယ်က

တိရိစ္ဆာန်လိုပိုင်ရှင်ကပါ အသိစိတ်မျိုးဖြစ်နေတာ  ။

 

    ညဆယ်နာရီခန့်အချိန်တွင်စောမောင်တစ်ယောက်

မူးနေပြီဖြစ်တယ်။

   ရွာအရက်ဆိုင်ကလည်းပိတ်ပြီမို့ အိမ်ပြန်လာရင်းသူ့

လမ်းထိပ်ရောက်ပြီဆိုတာနဲ့ပါးစပ်က အယုတ္တအနတ္တစတင်ဆဲဆိုပါတော့တယ်...။ 


    မီးစက်နိူးပြီးအခကြေးငွေနဲ့ပေးတဲ့လျပ်စစ်မီးကလည်း

ညခြောက်နာရီကစပြီးဆယ်နာရီပိတ်တာမို့ ရွာလမ်းတစ်လျောက်မှောင်မဲလျက်ရှိနေပါတယ်....။


”...စောမောင်ဆိုတာ နင်လား....”


”...ဘယ်သူလဲ သေချင်လို့လား ငါ့ကိုခေါ်တာ....”


..အေး...သေရမှာငါမဟုတ်ဘူး...နင်ဟဲ့...နင်...


.....................


....ဖတ်....


....အား......


...ကဲဟာ...ကဲဟာ.....ဖုန်း...ဖုန်း....


စောမောင်ရှေ့အမှောင်ထဲတွင်ရပ်နေသူတစ်ယောက်ကလေသံခပ်မာမာဖြင့်မေးလိုက်ရာ စောမောင်မှာသူ့ကို

ရန်စသည်ဟုစိတ်အတွင်းတွေးကာဘုကလန့်တောလိုက်ရာအမှောင်အတွင်းမှလူမှာပြောလည်းပြောရှေ့သို့

လည်းတိုးလာသောကြောင့် စောမောင်မှာ သူရှေ့မှလူကို လက်ယမ်းရိုက်လိုက်ရာ ထိုလူကသူ့လက်ကိုဖမ်း၍ကိုက်လိုက်သောကြောင့်

စောမောင်တစ်ယောက်လွတ်ခနဲအော်ရင်းရုန်းကန်

ရာသွားဖြင့်မလွတ်တမ်းကိုက်ထားသောကြောင့်

နာကျင်လွန်း၍သူအားကိုက်ထားခေါင်းကိုတခြား

လက်တစ်ဖက်ဖြင့်ထိုးကြိတ်ရင်းဆဲဆိုနေပါတော့တယ်။


 သို့ရာတွင်

စောမောင်လက်ကိုကိုက်ထားသူမှာစောမောင်ထိုးကြိတ်မူကိုဂရုမစိုက်ဟန်ဖြင့် လက်ဖျံသားကို အားကုန်ကိုက်

ဆွဲလိုက်ရာ စောမောင်လက်ဖျံသား ပဲ့ထွက်သွားတာ

ကြောင့်နာကျင်စွာအော်ဟစ်လိုက်ပါတော့တယ်...။


.....အား......ကျွတ်...ကျွတ်....


...ကိုစောမောင်.. ဘာဖြစ်နေတာလဲ....


....ဘယ်ခွေးသားလဲမသိဘူး ငါ့လက်ကိုကိုက်

ပြီးထွက်ပြေးသွားတယ် သိလို့ကတော့  တောက်....


..ဟင် သွေးတွေနဲ့ အသားပါပဲ့ပါသွားတာပဲ

လာလာ ဆေးထည့်ရအောင်...


စောမောင်မိန်းမဖြစ်သူမှာယောက်ကျားဖြစ်သူအော်သံ

ကြောင့်စိတ်မချစွာလက်နှိပ်ဓတ်မီးဖြင့်လိုက်လာပြီး

မီးထိုးလိုက်ချိန်မှာ စောမောင်ဘေးက မိန်းမရိပ်တစ်

ခုလှစ်ခနဲအမှောင်အတွင်းဝင်ပြေးသွားတာတွေ့လိုက်

ရပါတယ် ။


 စောမောင်မှာဆဲသံပင်မပီပြင်တော့ပဲ နာကျင်မူ

ကြောင့်ငြီးတွားနေပါတော့တယ်... ။


 ဆေးဆရာကိုသွားနိူးပြီးစောမောင်ဒဏ်ရာကိုကုသ

ပါတယ် ။

 ဆရာဝန်ပြန်သွားချိန်စောမောင်တစ်ယောက်အိပ်ဆေးအရှိန်နဲ့အိပ်ပျော်သွားပါတယ်...။


 စောမောင်အိပ်မက်အတွင်းမှာ သရဲမကြီးတစ်ကောင်သူ့နောက်လိုက်နေတာကြောင့်လန့်နိူးကာအသံကုန်အော်ဟစ်နေပါတော့တယ်...။


 နောက်ရက်ဆရာဝန်ခေါ်ပြပေမယ့် စောမောင်ဒဏ်ရာ

သက်သာမလာပဲပိုဆိုးလာပါတယ် အကိုက်ခံရတဲ့ဒဏ်ရာက ပုတ်လာပြီးလောက်တွေ

ထွက်ကျနေကြပါတယ် ။


     ဆရာဝန်ကိုယ်တိုင်တောင်စောမောင်ဒဏ်ရာကိုနားမလည်နိူင်စွာလက်လျော့လိုက်ပါတယ်..။


ဇနီးဖြစ်သူမှာတိုင်းရင်းဆေးဆရာတွေကိုခေါ်ပြကြည့်ပေမယ့်အားလုံးစောမောင်ဒဏ်ရာ

လက်လျော့ကုန်ကြပါတယ်... ။


    ညဆိုရင်အိပ်မက်ဆိုးမက်၊ အစားအသောက်မစားနိူင်စတဲ့အချက်တွေကြောင့်စောမောင်တစ်ယောက်တပိန်ပိန်တလိန်လိန်ဖြစ်လာသလို လက်ကအပုတ်နံ့ကလည်းမခံမရပ်နိူင်အောင်နံ့တာကြောင့်သူ့အနားကိုအိမ်သားတွေမကပ်ချင်ကြတော့ပါဘူး။

     လူဆိုးလူမိုက်ကြီးစောမောင်တစ်ယောက် အပုတ်ရည်တွေထွက်၊လောက်တွေကျ၊ယင်မည်းတဝီဝီ

လက်ဒဏ်ရာနဲ့အိပ်ယာပေါ်တစ်ယောက်တည်းသေမယ့်အချိန်စောင့်နေရသူဘဝရောက်နေပါတယ်။


လူတွေကတော့စောမောင်မိသားစုစိတ်မကောင်းသလိုလုပ်ပြကြပေမယ့် ကွယ်ရာမှာတော့ကြိတ်ဝမ်းသာနေကြပါတယ် ။


  စောမောင်ဒီလိုဖြစ်နေချိန်အတောအတွင်းစောမောင်ရဲ့ခွေးဆိုးကြီးဟာညဖက်အချိန်နာကျင်စွာအော်ဟစ်သံကြားရပြီး။


နောက်တနေ့မနက်ရောက်တော့ အူအသည်းတွေဖောက်စားခံထားရပြီးသေနေပါတယ်။


  လူတွေကတော့ ခွေးကြီးအဖြစ်ကိုကြည့်ပြီးသနားသူရှိသလို၊ သခင်ဆိုးရဲ့ မကောင်းတဲ့သင်ပြမူကြောင့် လူတကာကိုလိုက်ကိုက်နေတဲ့ခွေးကြီးသေတာကောင်းတယ်လို့ပြောနေကြပြန်ပါတယ်... ။


     တစ်နေ့စောမောင်အိမ်ကို အသက်ငါးဆယ်အရွယ်လူတစ်ယောက်ရောက်လာပြီးစောမောင်ကိုသူခနကြည့်ပါရစေခွင့်တောင်းလာပါတယ်..။


     သူကိုယ်သူမိတ်ဆက်တာကတော့သူဟာ

ဒီရွာကျောင်းထိုင်ဆရာတော်ရဲ့တရွာတည်းသား ငယ်သူငယ်ချင်းတွေဖြစ်ကြောင်းသူ့အလုပ်ကဆေးကုတာဖြစ်ကြောင်း ယခုအလည်လာချိန်မှာလူနာသတင်း

ကြားတာကြောင့်ဆရာတော်စကားအရရောက်လာကြောင်းဆိုလာပါတယ် ။


     ကျောင်းထိုင်ဆရာတော်ဟာဒီရွာသားမဟုတ်ပဲ

အညာဖက်ဇာတိဖြစ်ပါတယ်..။

ဆေးဆရာနာမည်က ဦးအောင်ချိမ့်လို့သူနာမည်သူ

ပြောပြလာပါတယ် ။


စောမောင်ဒဏ်ရာကိုကြည့်ပြီး ဦးအောင်ချိမ့် မယုံကြည်နိုင်ဟန်ဖြင့်အဖန်ဖန်အထပ်ထပ်လေ့လာ

စစ်ဆေးရင်း....


 ဒဏ်ရာဘယ်လိုရတာလဲဆိုတာမေးမြန်းလာပါတယ်။

စောမောင်က အိပ်ယာပေါ်အသက်ယဲ့ယဲ့သာရူနေတာ

ကြောင့်စောမောင်မိန်းမက သူ့ယောက်ကျားကို မိန်းမတစ်ယောက်ကိုက်သွားကြောင်းပြန်ပြောပြ

နေပါတယ်...။


ဦးအောင်ချိမ့်မှာ စောမောင်နဲ့မည်သူရန်ငြိုးရန်စရှိသလဲ

ဆိုတာမေးနေပြန်တယ်...။

 စောမောင်မိန်းမစိတ်အတွင်းဒီဆေးဆရာသူနဲ့မဆိုင်တာလျောက်မေးနေတယ်တွေးနေပေမယ့်၊ဆရာတော်မျက်နှာကြောင့်စိတ်ရှည်လက်ရှည်ပြောပြရှာပါတယ်...။


    အဲဒီတော့မှစောမောင်လူချစ်လူခင်များမှန်းဦးအောင်ချိမ့်သိလိုက်ရပါတယ်။


  တစ်ရွာလုံးနီးပါးစောမောင်နဲ့စကားမများဖူးသူမရှိ

သလောက်ဖြစ်နေတာကြောင့်ပါ။


     ဦးအောင်ချိမ့်လည်း လတ်တလော ခုလအတွင်း.

ဖြစ်သွားတဲ့ပြသာနာကိုမေးမြန်းလိုက်ပါတယ်... ။


    ဒီတော့မှ လတ်တလောမကြာခင်က မောင်မောင်ဆိုသောကောင်လေးကိုသူတို့မွေးထားသောခွေးကိုက်သွားကြောင်း ၊ကိုက်သွားသောခွေးမှာလည်းအူအသည်းများမရှိပဲသေဆုံးနေကြောင်းသိလိုက်ရပါတော့တယ်....။


   စောမောင်ကိုခနတဖြုတ်စစ်ဆေးကြည့်ပြီး အားပေးစကားပြောရင်း ဦးအောင်ချိမ့်ပြန်ဆင်းလာပါတယ်။

     စောမောင်ဒဏ်ရာကိုဘယ်ဆေးဆရာမှကုလို့မရတာဘာကြောင့်လဲဆိုတဲ့အဖြေကိုသူသိလိုက်ပြီဖြစ်ပါတယ်...။

    မကောင်းဆိုးဝါးကိုက်တဲ့ဒဏ်ရာကိုသာမာန်ဆရာတွေကုသလို့မရတာဆေးဆရာအပြစ်မဟုတ်မှန်းသူလိုပယောဂဆရာတစ်ယောက်ကသိနေပါတယ် ။

     မောင်မောင်အိမ်ကိုမေးမြန်းပြီးဦးအောင်ချိမ့်ရောက်လာခဲ့ပါတယ်....။


...မောင်မောင်ရေ...မောင်မောင်.....


  ခြံတခါးပွင့်နေတာကြောင့်ခြံအတွင်းဝင်လိုက်ပြီး

အိမ်အောက်ကနေလှမ်းခေါ်လိုက်ချိန် ခြေလက်တွေကို

ပတ်တီးစည်းထားတဲ့ကောင်လေးတစ်ယောက်ထွက်လာတာဦးအောင်ချိမ့်တွေ့လိုက်ရပါတယ်...။


..ဦးကြီးက မင်းအဖေမိတ်ဆွေပါ ဒီရွာရောက်တုန်း

ရောက်ခိုက်မင်းအဖေနဲ့တွေ့ရအောင်လာခဲ့တာပါ....


...အဖေ လယ်တဲဝင်သွားပြီဦးကြီး အိမ်မှာမရှိဘူး....


...အေးကွယ်...ဘယ်တတ်နိူင်ပါ့မလဲ ဒါနဲ့ ဦးကြီးရေတခွက်လောက်သောက်လို့ရမလား.....


...သောက်လို့ရပါတယ် ဦးကြီး ကျွန်တော်ခပ်ပေးပါ့မယ်..


...ရပါတယ် ဦးကြီးဘာသာတက်သောက်လိုက်မယ်

ရေအိုးစင်သာပြပါ...


     ဦးအောင်ချိမ့်မှာသူသိလိုသောအချက်များသိရစေရန်အနည်းငယ်လိမ်ညာပြီးမောင်မောင်ကိုမိတ်ဖွဲ့ရင်းရေသောက်ရန်အိမ်ပေါ်တက်ဖို့လုပ်နေပါတယ်...။


..ဒုန်း...မတက်နဲ့...အိမ်ပေါ်လုံးဝတက်မလာနဲ့...တောက်...မောင်မောင်အဲအကောင်ကိုအိမ်ပေါ်လုံးဝမတက်စေနဲ့အလိမ်အညာကောင်....တောက်...


...အဘွားနေမကောင်းလို့ ဒေါသကြီးနေတာအားနာလိုက်တာဦးကြီးရေ...


..ရပါတယ်ကွယ်  ဦးကြီးစိတ်မဆိုးပါဘူး ဦးကြီးပြန်အုံးမယ်နော်....


ဦးအောင်ချိမ့်အိမ်ပေါ်တက်ရန်အလုပ်တွင်

အိမ်ကိုခြေဖနောင့်ဆောင့်သံအကျယ်ကြီးကြားလိုက်ရပြီးတဆက်တည်းဒေါ်ပွင့်စိန်မှာဒေါသတကြီးဖြင့်ဦးအောင်ချိမ့်ကိုအိမ်ပေါ်မတက်စေရန်ကြိမ်းဝါးနေပါတော့တာကြောင့်မောင်မောင်ကဦးအောင်ချိမ့်ကိုတောင်းပန်နေခြင်းဖြစ်ပါတယ်။


   ဦးအောင်ချိမ့်မှာသူတွေးထင်ထားသောကိစ္စများ

သေချာနေပြီမို့ ရွာဦးကျောင်းသို့ခပ်သုတ်သုတ်သွား

ရင်းကျောင်းထိုင်ဆရာတော်ကို အကျိုးအကြောင်း

တင်လျောက်နေပါတော့တယ်... ။

    ဦးအောင်ချိမ့်စကားကြောင့်ဆရာတော်မှာ

မျက်လုံးပြူးသွားရင်....၊


”...အောင်ချိမ့် နင်ဟာကသေရောသေချာရဲ့လား....”


”သေချာပါတယ် ဘုရား အကိုက်ခံရတဲ့ဒဏ်ရာကိုတပည့်တော်သေချာစစ်ကြည့်တော့ ပရလောကသားတစ်ယောက်ကိုက်တဲ့ဒဏ်ရာ

ဖြစ်နေပါတယ်...”


”...ဒကာအောင်ချိမ့်က ပရလောကသားပူးကပ်နေတယ်လို့ ဒေါ်ပွင့်စိန်ကို

ထင်နေတယ်နော်ဒါဆိုတစ်အိမ်တည်းနေတဲ့ဟိုခလေးကိုကျ ဘာလို့ဒုက္ခမပေးတာလဲ..”


”  ဒါကတော့ဘုရား တချို့နှစ်ချို့ပရလောကသားတွေဟာ လူသားကိုယ်ခန္ဓာအမှီအတွယ်ရချိန်မှာ လူသားလိုပဲနေချင်ကြတယ်၊နောက်ပြီးသူတို့ဟာလည်း သံယောဇဉ်

တွယ်တာတတ်ကြပါတယ်.....”


”...အော်..အဲတာကြောင့် သူ့မြေးမောင်မောင်ကိုကိုက်တဲ့ခွေးနဲ့ ခွေးပိုင်ရှင်ကိုဒုက္ခပေးတာကိုး...”


” မှန်ပါဘုရား ဒီပရလောကသားက ရေရှည်မှာအန္တရယ်ရှိလာနိူင်တာမို့တပည့်တော်ရောက်တုန်းရောက်ခိုက် ခုပြသာနာကို ကူညီပေးခဲ့ပါရစေ...”


 ”...ကောင်းပြီ ဒီကိစ္စကိုဒကာကြီးဆီဘုန်းကြီးအပ်ပါတယ်

လိုအပ်တဲ့အကူအညီပြောပါ.ဒါနဲ့အဲဒီပရလောကသားကိုဘယ်နေ့နှင်ဖို့တွေးထားလဲ...”


”   အချိန်ဆိုင်းနေလို့မဖြစ်တော့ပါဘူးဘုရား

ခုညပဲနှင်ဖို့တွေးထားပါတယ်....”


      ယခုညမှာမိုးလေကင်းစင်လျက်ကြယ်ရောင်မှိတ်တုတ်မှိတ်တုတ်များနဲ့အတူ တခြမ်းပဲ့လရောင်အလင်းကြောင့် မြင်ကွင်းတချို့ကိုဝိုးတဝါးတွေ့မြင်နေရပါတယ်.... ။


 ဦးအောင်ချိမ့်နဲ့ဆရာတော်ထည့်ပေးလိုက်တဲ့အဖော်ကာလလသားနှစ်ယောက်ဟာ မောင်မောင်တို့အိမ်မလှမ်းမကမ်းမှာပုန်းအောင်းပြီး

ညဦးပိုင်းကတည်းကနေရာယူနေကြပါတယ်..။


     ဦးအောင်ချိမ့်က အသံမထွက်ရန်မလူပ်ရှားရန်မှာကြားထားတာကြောင့်လူငယ်နှစ်ယောက်မှာ ဖြုတ်၊ခြင်များအုံလိုက်ကျင်းလိုက်ကိုက်ခဲမူကိုလက်နဲ့ပွတ်ချပြီးကြိတ်မှိတ်သည်းခံနေရပါတယ် ။


     ခနအကြာ အိမ်ခြံဝမှလူရိပ်တစ်ခုခြံပြင်ထွက်လာ

တာကြောင့် ဦးအောင်ချိမ့်ကအသံမထွက်ရန်လေသံဖြင့်သတိပေးစကားဆိုလိုက်ပါတယ် ။


   ဆံပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက်ရွာထဲဝင်သွားပြီးခနအကြာမှာ ခွေးအူသံတွေဟောင်သံတွေဆက်တိုက်ထွက်ပေါ်လာပါတော့တယ် ။


    ” ဟေ့...ငါမှာထားတဲ့အတိုင်းတစ်ခုမှမလွဲ

စေနဲ့နော်...”


”...စိတ်ချဆရာကြီးမလွဲစေရပါဘူး...”


”ကြောက်လန့်စရာကြုံလာရင် ကြောင်မသွားဖို့

အရေးကြီးတယ်... အဲတော့.. ငါစဆိုတာနဲ့လက်မနှေးကြစေနဲ့....”


    ကာလသားနှစ်ယောက်မှာသတ္တိကောင်းသူများဖြစ်

သော်လည်းသူတို့ရင်ဆိုင်ရမည့်သူမှာလူမဟုတ်ပဲပရလောကသားဖြစ်နေသောကြောင့် ရဲဆေးတင်သည့်အနေနဲ့အနည်းငယ်သောက်စားထားကြပါတယ်...။


     မကြာမှီရွာဖက်ဆီမှလူရိပ်တစ်ခုက အိမ်ရှိရာဦးတည်လာနေရာ ဦးအောင်ချိမ့်ကလူငယ်နှစ်ယောက်ကိုတီးတိုး

သတိပေးလိုက်ပါတယ်...။


....ယား...ယား....


...ဘုန်း.....


....အီး...လွတ်စမ်း...လွတ်စမ်းသေချင်လို့လား ငါလွတ်လို့ပြောနေတယ်နော်....


...မကြောက်ကြနဲ့. ဘာမှမကြောက်ကြနဲ့ ကြိုးကိုသာ

မြဲမြဲကိုင်ထားကြ...


   ဦးအောင်ချိမ့်သတိပေးချိန်တွင်လူငယ်နှစ်ယောက်မှာ

ချည်မန်းကြိုးစတစ်ယောက်တစ်ဖက်ကိုင်၍ ဒေါ်ပွင့်စိန်ခါးလည်ကိုဆွဲလိုက်ကြရာ ဒေါ်ပွင့်စိန်တစ်ယောက် ချည်မန်းကြိုးနဲ့ထိမိချိန်မြေကြီးပေါ်လဲကျသွားပါတယ်...။

   ဒေါ်ပွင့်စိန်မှာခြေလက်များလူပ်ရှားရုန်းကန်ရင်းလည်ချောင်းသံကြီးဖြင့် ကြိမ်းဝါးနေသောကြောင့် ဦးအောင်ချိမ့်ကမြေပြင်ပေါ်ကြိုးစကပ်ကာဒေါ်ပွင့်စိန်

ထမရအောင်ကြိုးဖိထားသောလူငယ်နှစ်ယောက်ကိုအော်ဟစ်သတိပေးရင်းရောက်လာပါတယ်...။


”..မကောင်းဆိုးဝါး ဒါနင်ဒီခန္ဓာကိုယ်ကဖယ်စမ်း    

လူတွေနင့်ကြောင့် ဒုက္ခရောက်နေကြပြီ...”


”...ငါလူတွေကို ဒုက္ခမပေးဘူး ငါ့မြေးကိုဒုက္ခပေးတဲ့

သူတွေကိုပဲ ငါလက်တုန့်ပြန်တာ ငါမမှားဘူး...”


”..ဒီခန္ဓာကိုယ်ကနင့်အပိုင်မဟုတ်ဘူး ခလေးကလည်းနင့်မြေးမဟုတ်ဘူး...”


”...ဒီခန္ဓာကိုယ်ပိုင်ရှင်မရှိလို့ ငါဝင်ယူထားတာ

ခလေးကိုလည်းငါချစ်တယ် ငါ့မြေးပဲ......”


”...နင်တို့ပရလောကသားတွေလူသားတွေကြား

နေလို့မရတာနင်မသိဘူးလား... ဒီတော့ နင့်နေရာ

မှန်ပြန်ပို့ရတော့မှာပေါ့...”


   ဦးအောင်ချိမ့်စကားကို ဒေါ်ပွင့်စိန်ကလည်ချောင်းအက်သံခပ်မာမာဖြင့်ပြန်ဖြေနေခြင်းဖြစ်ပါတယ်။

    ဒေါ်ပွင့်စိန်သေဆုံးပြီးသူ့ခန္ဓာကိုယ်ဝင်ယူထားသော

ပရလောကသားမှာမောင်မောင်ကိုချစ်ပုံရပြီးမောင်မောင်အားဒုက္ခပေးသူကိုသာပြန်လက်တုံ့ပြန်မှန်းဦးအောင်ချိမ့်သိလိုက်ရပါတယ်...။


  ဒါပေမယ့် လူသားကြားမှာပရလောကသားထားလို့မရတာမို့သူတာဝန်သူလုပ်ရန် ဦးအောင်ချိမ့် သူ့လက်ထဲမှဓားကိုဓားအိမ်မှဆွဲချွတ်လိုက်ရာ ဒေါ်ပွင့်စိန်မှာဓားကိုကြည့်ပြီး ဂနာမငြိမ်ဖြစ်ကာ

ကြောက်လန့်တကြားဖြစ်သွားပါတော့တော့တယ်။


ဓားမှာရိုးရိုးဓားမဟုတ်ပဲရွာထိပ်နတ်ကွမ်းတွင်နတ်ဆက်ထားသောဓားဖြစ်ပါတယ်...။


ဓားကိုမြင်ချိန်ဒေါ်ပွင့်စိန်တစ်ယောက်အသံတုန်တုန်ယင်ယင်ဖြစ်သွားပါတယ်...။


..ဆရာကြီးရယ် ကျွန်မလူတွေကိုဒုက္ခမပေးပါဘူး

ဒီအတိုင်းနေသွားပါရစေ...


..လူသားတွေကြားပရလောကသားနေလို့မရတာ

နင်လည်းအသိခုနင်ကဒီစည်းကမ်းကိုချိုးဖောက်ထားတယ် နင်တောင်းဆိုတာ ဘယ်လိုမှငါလိုက်လျောမပေးနိူင်ဘူး...


ဒေါ်ပွင့်စိန်တစ်ယောက်အကြိမ်ကြိမ်အဖန်ဖန်ဦးအောင်ချိမ့်ကိုတောင်းပန်နေပေမယ့်ဦးအောင်ချိမ့်ကခေါင်းယမ်းငြင်းဆန်နေပါတယ်....။


”...ဒီလိုဆိုရင် ကျွန်မမြေးကိုနောက်ဆုံးအနေနဲ့

နူတ်ဆက်ခွင့်ပေးပါပြီးရင်ဆရာကြီးသဘောကျကြိုက်ရာလုပ်ပါ ဒါလေးတော့ ခွင့်ပြုပေးပါဆရာကြီးရယ်...”


   ဒေါ်ပွင့်စိန်စကားကြောင့်ဦးအောင်ချိမ့်အနည်းငယ်ငြိမ်သွားပါတော့တယ်။

   ပရလောကသားတွေဟာ သူတို့အမှီအခိုရထားတဲ့

ခန္ဓာကိုယ်ကမထွက်ရဖို့ မူယာမာယာသုံးတာခနခနကြုံ

ဖူးနေကျ ဦးအောင်ချိမ့်သိနေပါတယ်။

   ဒါပေမယ့်ဒေါ်ပွင့်စိန်ပုံစံက စိတ်လျော့ထားဟန်ရှိနေတာမို့လက်ခံရန်ဆုံးဖြတ်လိုက်ပါတယ်...။


...အဲတာဆို သွားတွေ့ ထွက်ပြေးမယ်တော့မကြံနဲ့နော်

နင်ငါ့လက်ကမလွတ်ဘူး  ကြိုးဖြုတ်ပေးလိုက်ကြဟေ့...


  ဦးအောင်ချိမ့်မှာ ဒေါ်ပွင့်စိန်ကိုခြိမ်းခြောက်သတိပေးရင်း ကာလသားနှစ်ယောက်ကိုကြိုးဖြုတ်ခိုင်းလိုက်ပါတော့တယ်။

 ဒေါ်ပွင့်စိန်အိမ်ပေါ်တက်သွားချိန်အိမ်အောက်မှသုံးယောက်က်သားအခြေအနေစောင့်ကြည့်နေကြပါတယ်။

 ပြတင်းပေါက်ကတဆင့်ဝင်နေတဲ့လရောင်အလင်းကမောင်မောင်အိပ်ယာပေါ်ကျနေပါတယ်။


    မောင်မောင်တစ်ယောက် အပူအပင်းကင်းတဲ့မျက်နှာနဲ့အိပ်မောကျလျက်ရှိနေပါတယ်..။

   ဒေါ်ပွင့်စိန်ဟာမောင်မော့အိပ်ယာဘေးဒူးထောက်ထိုင်ပြီးမောင်မောင်ပါးလေးကိုသူ့လက်နဲ့ ခပ်ဖွဖွပွတ်ကာဆံပင်လေးတွေကိုသပ်တင်ပေးနေရင်းမျက်ရည်တွေကျနေပါတယ်...။


..ဟင် အဖွား  ရောက်နေတယ် အိပ်မပျော်ဘူးလား...


...မြေးလေးကိုအဖွါးပြောစရာရှိလို့လာတာပါ...


   မောင်မောင်မှာဆတ်ခနဲလန့်နိူးလာချိန်သူ့အဖွားကို

တွေ့လိုက်ရတာမို့ အံ့သြသွားပါကာမေးလိုက်ရာ

ဒေါ်ပွင့်စိန်တစ်ယောက်မောင်မောင်နိူးသွားပြီမို့သူပြောလိုရာပြောရန်ဆုံးဖြတ်လိုက်ဟန်ဖြင့်စကားစလာပါတယ်။


..အဖွားကဘယ်သွားမလို့ အခုအချိန်ကြီးလာ

ပြောတာလဲ...


..စိတ်ကူးရတုန်းလာပြောတာပါကွယ် အဖွားပြောတာ

သေချာနားထောင်နော်မြေးလေး...


..ဟုတ်.အဖွား...


...ပညာတွေကြိုးစားသင်ပြီးပညာတတ်ကြီးဖြစ်အောင်လုပ်နော် မိဘတွေကိုလည်းတလှည့်ပြန်လုပ်ကျွေးပြီး

ကျေးဇူးဆပ်တဲ့သားလိမ္မာလေးဖြစ်အောင်လုပ်ပါ။

   ဘာသာတရားကိုမမေ့ပါနဲ့ လူဘဝရတုန်းခနမှာ

ကောင်းမူကုသိုလ်တွေလုပ်ပါ ။

ကောင်းမူကုသိုလ်မရှိရင်သေလို့ငရဲမရောက်ခင်စပ်ကြား အသူရကယ်ဘုံသားဘဝနဲ့ နှစ်ပေါင်းများစွာ

ဒုက္ခဆင်းရဲခံပြီး နေရတတ်တယ် ကုသိုလ်ကောင်းမူ

ကိုသာဓုမခေါ်နိူင်တဲ့ဘဝမျိုးပေါ့ အဖွားမှာတာတွေ

မမေ့ပါနဲ့မြေးလေး....


..စိတ်ချပါအဖွားရဲ့ သားပညာတတ်ကြီးဖြစ်လာတဲ့တနေ့အဖွားကိုပါလုပ်ကျွေးမှာပါ အဖွားသာအဲဒီအချိန်ထိအသက်ရှည်ရှည်နေနော်...


..အော်..မြေးလေးရယ်.အိပ်...အိပ်တော့နော်...


မောင်မောင်နားလည်မည်လားနားမလည်မည်လား

မသိသော၊သူပြောလိုရာစကားမျိုးမောင်မောင်ကို

ပြောနေမိပါတယ်။

 မောင်မောင်ပြန်ပြောလာတဲ့စကားကြားရချိန်မျဒေါ်ပွင့်စိန်မျက်ဝန်းမှမျက်ရည်များကတာကျိုးရေအလား

အတားအဆီးမဲ့စွာကျလာပါတယ် ။


မောင်မောင်ကိုအိပ်စက်ရန်ကြိုးစားပြီးအနိူင်နိူင်ပြောရင်းအိမ်အောက်ပြန်ဆင်းလာပါတယ်။


       အိမ်ကိုနောက်ဆုံးနူတ်ဆက်အကြည့်နဲ့ဒေါ်ပွင့်စိန်တဝကြီးကြည့်လိုက်ရင်း ခြံပြင်ထွက်ချိန်သူ့နောက်မှဦးအောင်ချိမ့်တို့ကထပ်ချပ်မကွာလိုက်လာကြပါတယ်...။


အိမ်နဲ့ခပ်ဝေးဝေးရောက်ချိန်မှာတော့.ဒေါ်ပွင့်စိန်ရပ်လိုက်ပါတယ်...။


..ဆရာကြီးတကယ်လို့မောင်မောင်မနက်နိူးလာလို့

သူ့ဖွားကိုမေးရင် ရိုးရိုးသေသွား

တယ်ပြောပေးပါ။ဒီနေ့ညအကြောင်းအရာတွေကို

လျို့ဝှက်ပေးဖို့တောင်းပန်ချင်ပါတယ်..”


”..ကောင်းပါပြီ ဒီနှစ်ယောက်ကိုလည်းမပြောဖို့

ကျုပ်ကတိပေးခိုင်းလိုက်ပါ့မယ်..စိတ်ချပါ.....”


..ကျွန်မကျေနပ်ပါပြီဆရာကြီးလုပ်စရာရှိတာ

လုပ်ပါတော့....


  ...စွတ်...


...အီး....


   ဒေါ်ပွင့်စိန် စကားအဆုံးတွင်ဦးအောင်ချိမ့်တစ်ယောက်ဓားကိုပင့်၍

ဒေါ်ပွင့်စိန်နှလုံးနေရာသို့ထိုးစိုက်လိုက်ပါတယ်..။


ဒေါ်ပွင့်စိန် တစ်ယောက်ငြီးတွားသံတိုးတိုးထွက်ပြီးလဲကျသွားပါ

တော့တယ်..။


  ဒေါ်ပွင့်စိန်လဲကျမပြီးမရှေးမနှောင်းမှာပဲ ဒေါ်ပွင့်စိန်ရုပ်အလောင်းဟာချက်ခြင်းပိန်ချုံးကျပြီး

အပုတ်နံ့များထွက်လာပါတော့တယ်...။


   ဦးအောင်ချိမ့်မှာဆရာတော်ကိုအခေါ်ခိုင်းပြီးအကျိုး

အကြောင်းရှင်းပြကာ အလောင်းကိုညတွင်းချင်း

သင်္ဂြ် ိုလ်ရန်စီစဉ်ကြပါတော့တယ်..။


     သူနဲ့အတူကူညီပေးသောလူငယ်နှစ်ယောက်ကို

ဒေါ်ပွင့်စိန်အကြောင်းမည်သူ့ကိုမှလျောက်မပြောရန်

ဆရာတော့်ရှေ့မှာကတိပြုခိုင်းပါတယ် ။


     မနက်မိုးသောက်အလင်းရောက်ချိန်မှာ ဦးအောင်ချိမ့်မှာတစ်ညလုံးအိပ်ပျက်ပေမယ့်မအိပ်နိူင်သေးပဲ မောင်မောင်တို့အိမ်ရှေ့ရောက်နေပါတယ် ။


    မနက်မိုးလင်းချိန်အဖွားကိုမတွေ့လို့ရှာဖွေနေမယ့်

မောင်မောင်ကိုရှင်းပြမယ့်စကားလုံးကိုရွေးချယ်ကာ

ဇောချွေးပြန်လျက်ဖြင့်ရှိနေပါတော့သတည်း။


======================


ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: