မျှော်တော်ယောင်
ပျော်စရာတွေ ကြုံလာလဲ
ဒီလူမှာ အဖော်မစုံပြန်တော့
တော်ရုံတန် ဝမ်းသာမှုတွေ
ဒီရင်မှာပေါ်မလာတော့ဘူး....။
နောင်အနာဂတ်ဆီမှ
အရောင်မှိန်မှိန် မှုံပျပျလေးကို
ယောင်ချာချာတွေဝေရင်း
နောက်ကြောင်းပြန်၍သာ မျှော်....။
ရှေ့ခရီး အမှောင်ထက်စာရင်
ယခင် အလင်းရောင်ဆောင်ခဲ့တဲ့ အတိတ်ကိုပဲ
ပြန်လိုချင်မြဲ....။
ထီးပေါက်ဖို့လဲ ကံစမ်းမနေဘူး....
ငွေရောက်ဖို့လဲ ဆုတောင်းမနေဘူး....
တစ်စုံတစ်ယောက်
ကိုယ့်အနား ပြန်ရောက်ပါစေလို့ပဲ
မေတ္တာပို့သည့် နည်းဖြင့်သာ
စိတ်မှာဖြေနေရ....။
တစ်ကိုယ်တော်
ဖြစ်ပေါ်လာသည့်
ဖော်မဲ့ထီးကျန်
ခရီးမိုက်ကို
ခေါင်းငိုက်စိုက်သာ
ရွေ့ရွေ့လာရင်း
နောက်သို့သာလျှင်
အခါခါမျှော်
ပေါ်လာလေမလား
တစ်ခါတုန်းက ချစ်တဲ့သူ....။
3.10.19 (Sun)