Becoming Empress but She isn't a Girl
အပိုင်း ၃
"အင် ဟင်"
နားထဲယားကျိကျိဖြစ်နေသည်မို့ လက်ညိုးလေးထိုးကာသူကလိလိုက်သည်။ ခဏနေတော့လည်း နားထဲယားကျိကျိဖြစ်သွားပြန်တာမို့ လက်ညိုးလေးနဲ့ထပ်ကလိလိုက်ရပြန်သည်။ နောက်ထပ် ထပ်ဖြစ်လာသည့်အချိန်မှာတော့ ကျူးယင်မျက်လုံးတွေကိုဖွင့်လိုက်မိတော့သည်။ ဒီနားကတော့ သူ့ကိုအိပ်ရေးပျက်အောင်လုပ်နေပြန်ပါပြီ။
အနည်းငယ်ရင်းနှီးနေပြီဖြစ်သောမျက်နှာကျက် နှင့် အိပ်ခန်းဖွဲ့စည်းမှုသည် ကျူးယင်ကိုကြိုဆိုသည်။ အိပ်ချင်လျက်နှင့်ထထိုင်ကာ လည်ပင်းကိုအသာကုတ်ရင်းအခန်းတွင်းအကဲခတ်ကြည့်တော့ တိတ်ဆိတ်နေသည်ကိုတွေ့ရသည်။
'အင်း..... ဒီခံစားချက် ... ငါ့ရဲ့တိုက်ခန်းမှာလို ခြောက်ကပ်နေတဲ့မနက်ခင်းက ကြိုဆိုနေပြန်ပြီ'
မည်မျှပင် တစ်ယောက်တည်း အေးအေးဆေးဆေးနေတတ်ပါသည်ဆိုဆို အထီးကျန်စွာနိုးထလာရသည့်အခါ အနည်းနှင့်အများတော့ စိတ်ပျက်ရသည်ပဲ...
ရေတစ်ခွက်သောက်ပြီး အဝတ်လဲပြင်ဆင်ကာ မနေ့ကနဉ်ပေးလိုက်သောကျောက်စိမ်းပြားကိုထုတ်ကြည့်လိုက်သည်။ ကျောက်စိမ်းပြား၏အပေါ်မှာမှ နဂါးတစ်ကောင်လွင့်နေသည့်ဟန်ထွင်းထုထားသည်။ ထိုကျောက်စိမ်းပြားအားတစ်ချက်ပွတ်ကာ "ဆရာ" ဟုသူခေါ်လိုက်ပြီးပြီးချင်း သူ့အရှေ့တည့်တည့်တွင် နဉ်ပေါ်လာခဲ့သည်။
နဉ်ကနှုတ်ခမ်းတွေတွ့န့်ကွေးနေကာ သူ့အနားကပ်လာပြီးခေါင်းကိုသုံးချက်လောက်ပုတ်သည်။
"လာ မနက်စာ သွားစားမယ်"
ကျူးယင်နဉ်အားဦးညွတ်နှုတ်ဆတ်လိုက်ပြီး နဉ်အနောက်ကလိုက်သွားလိုက်သည်။
ကြာပန်းနံ့သင်းနေသော လမ်းကြားလေးတစ်လျှောက်တွင် ပန်းရောင်ကမ္ဘာကြီးအလားထင်ရလောက်အောင် သစ်ပင်ကြီးတွေဖြင့်ဝန်းရံနေသည်။
မြေပေါ်ရှိ ပန်းရောင်သစ်ရွက်တွေပေါ်နင်းလျှောက်ရင်း ဘေးတစ်ဖက်တစ်ချက်ဆီမှ သစ်ပင်တွေအားကြည့်ကာ လှပမှုကိုခံစားနေမိသည်။
အချိန်မှှှာမနက်အစောပိုင်းပင်ရှိသေးကြောင်းကိုလည်း သတိပြုမိလိုက်သည်။
မကျဉ်းလွန်း၊မကျယ်လွန်းသောခြေလှမ်းတွေဖြင့်ဣန္ဒေရြှိရှိ လှမ်းနေသောနဉ်အားတစ်ချက်ကြည့်ရင်း ကျူးယင်မှတ်ချက်ချမိသည်က 'နဉ်သည် အတော်ကြည့်ကောင်းသည်'ဆိုသည်ကိုပင်။
နဉ်၏ဘေးတွင်လျှောက်လျှင် သူသည်သေးငယ်သွားသည်ဟုခံစားရသည်။ နဉ်၏ကိုယ်မှထွက်သော ဖိအားတစ်မျိုးကလည်းကျူးယင်ကိုအနည်းငယ်နေရခက်စေသည်။
နဉ်၏နောက်မှလျှောက်လာသောကျူးယင်၏ရှေ့သို့ ပန်းရောင်သစ်ရွက်လေးတစ်ရွက် လေဖြင့်လွင့်ကာကျလာရာ ကျူးယင်အသာလှမ်းဖမ်းထားလိုက်သည်။
ကောင်းကင်သို့တစ်ချက်မော့ကြည့်မိတော့ အနည်းငယ်များသောသစ်ရွက်တွေသည် လေထဲဝဲလျက်ရှိသည်။ ဤမြင်ကွင်းကားလှလွန်းသဖြင့် ကျူးယင်ခေတ္တရပ်ကာပြုံးကြည့်နေဖြစ်သည်။ မျက်ဝန်းထောင့်မှပုံရိပ်တစ်ခုကြောင့် လှည့်ကြည့်တော့ သူ့အားခပ်တည်တည်ကြည့်နေသည့်နဉ်အားတွေ့ရသည်။ 'ငါ့စိတ်ထင် ခုနက ပြုံးကြည့်နေခဲ့တာလားလို့'
"ဝင်လိုက်လာခဲ့"
ကျူးယင်ရဲ့အကြည့်ကိုလက်ခံရသည်နှင့် နဉ်ကမနေ့ရောက်ခဲ့ဖူးပြီဖြစ်သောအဆောင်သို့ရှေ့မှဝင်သွားသည်။ သူ့အားလည်းနောက်ကလိုက်ခဲ့ဖို့ခေါ်ဖို့ရာလည်းမမေ့ခဲ့။
ယခုမှာတော့ အဆောင်ဝတွင် အစောင့်တွေရှိမနေပါပေ။ ဘေးဘီကိုတစ်ချက်အကဲခတ်ရင်း နဉ်အနောက်ကကျူးယင်ဝင်လိုက်မသွားခင်မှာ ခပ်လှမ်းလှမ်းသစ်ပင်ပေါ်ကငှက်ကိုသတိပြုမိလိုက်ပါသေးသည်။
နဉ်၏အိမ်မွေးတိရိစ္ဆာန်ဖြစ်လောက်သည်မို့ နောင်မှမေးမြန်းကာကိုင်ကြည့်ဖို့ပြောတော့မည် ဟုတွေးထားလိုက်သည်။
မနေ့ကနှင့်မတူသည့် စားဖွယ်တွေပြင်ဆင်ထားသောစားပွဲတွင် နဉ်နင့်မျက်နှာချင်းဆိုင်ဘက်တွင် ကျူးယင်ဝင်ထိုင်လိုက်သည်။
တူတစ်ချောင်းကိုနဉ်ကကမ်းပေးလာသည်မို့ တရိုတသေယူကာ လက်လှမ်းမှီသည်များကိုစတင်မြည်းစမ်း၏။
အသားပေါင်းမှာလည်း နူးအိနေကာ လျှာပေါ်ဝယ် ပျော်ဝင်သွားမည်ကဲ့သို့ပင် အရသာက ကောင်းမွန်လှ၏။ ခေါင်းမဖော်တမ်း စားမိနေစဉ် နဉ်က စွပ်ပြုတ်ရည်ကို ပန်းကန်အတွင်းသို့ ထပ်မံဖြည့်ပေးလာသည်။ လက်ဖက်ရည်ခွက်ကိုလည်း ပြန်လည် ဖြည့်တင်းပေး၏။ ထိုအခြေအနေသည်က လွဲမှားနေသကဲ့သို့ ကျူးယင် ခံစားမိလိုက်သည်။
ဆရာဆိုသည်က တပည့်၏ ဝေယျာဝိစ္စကို လုပ်ရိုးသည်က မရှိပေ။ ယခုအခြေအနေက ဆရာဖြစ်သူမှ တပည့်၏ ကိစ္စတို့အား ပြုလုပ်ပေးနေလေသဖြင့် ကျူးယင် အနေခက်လာမိသည်။
ကျူးယင်အားနာလာရကာ "ဆရာ စားပါ။ ကျွန်တော်က ရပါတယ်"ဟုပြောလိုက်မိသည်။
နဉ်က သူ့အပြောကြောင့် လက်ဖက်ရည်အားဖန်အိုးထဲမှထည့်နေသည်ကိုရပ်လိုက်ကာ သူ့အားမော့ကြည့်လာသည်။
"မင်းသာ ကိုယ့်ဖာသာအဆင်ပြေအောင် စားပါ။"
သည်တစ်ခွန်းပဲပြောကာ ဖန်အိုးအားပြန်ကိုင်ပြန်သည်မို့ ကျူးယင်ထပ်မံမေးမြန်းမိရပြန်သည်။
"ဆရာက မစားဘူးလား"
ကျူးယင်၏အကျင့်တစ်ခုမှာ သူရင်းနှီးချင်လာသည့်သူမျိုး၊ သူကျွမ်းဝမ်သည်ဟုမှတ်ယူသည့်သူမျိုးဆို ထိုသူ၏အကြောင်းအကုန်သိချင်တတ်ခြင်းပင်။ သို့ပေမယ့် အတင်းမေးမြန်းသည်မျိုးတော့မလုပ်တတ် တစ်ဖက်သားစိတ်ပါဝင်စားစွာပြောပြသည်ကို နားထောင်ရခြင်းအားသာ နှစ်သက်တတ်သူဖြစ်သည်။
နဉ်ကဖန်အိုးအားတစ်ဖန်ပြန်ချထားကာ လက်ဖက်ရည်ခွက်ကိုသူ့ရှေ့ချပေးလာသည်။ မျက်ခုံးပင့်ကာ ကြည့်လာသည့်အထဲတွင် ရယ်မြူးနေသည့်အရိပ်အယောင်တစ်ချို့ကိုသူဖမ်းမိလိုက်ပေမယ့် နားတော့မလည်ပါချေ။
"ငါက နတ်ဘုရားတစ်ပါးလေ။ နတ်စွမ်းအားဖြည့်တင်းရုံနဲ့ ငါ့အတွက်ကလုံလောက်ပြီ"
နဉ်ကကြင်နာတတ်ကာ သူ့အားစိတ်ရှည်ပါသော်ငြား စကားတော့သိပ်အရှည်ကြီးပြောတာမျိုးမရှိပေ။
"ဒါဆို ကျွန်တော်လည်း နတ်ဘုရားဖြစ်ရင် စားစရာမလိုတော့ဘူးပေါ့"
သူမေးတော့ နဉ်ကဝေခွဲရခက်သည့်အကြည့်မျိုးကိုပေးသည်။
"သေချာပေါက် မင်းကို ငါက နတ်ဘုရားအဆင့်ရောက်အောင် သင်ကြားပေးမှာ
နဉ်၏စကားက ဖြစ်နိုင်သည် မဖြစ်နိုင်သည် သူမသိ။ သူ့မှာယုံကြည်နိုင်သူဆိုလို့ နဉ်သာရှိ၍ ကျူးယင်ခေါင်းညိတ်လိုက်မိသည်။
ကျူးယင်သည် နဉ်ရှေ့ချထားသောပန်းကန်ထဲ အသားပေါင်းတစ်ခုကိုယူထည့်ပေးလိုက်သည်။
အမှန်ဆို သူမစားခင်ကတည်းကနဉ်အတွက်အရင်ထည့်ပေးသင့်တာ...
နဉ်ကတော့ ယခုမှတူစကိုင်ကာ အသားပေါင်းကိုယူစား၏။
"အရသာက မဆိုးဘူး"
'အမ် ဆရာက စားမကြည့်ဖူးဘူးလား'
ကျူးယင် တီးတိုးရေရွတ်လိုက်ပြီးမှ အသားပေါင်းတစ်ခုကို ကောက်ယူ စားလိုက်သည်။
"စားလို့ကောင်းတယ်"
နဉ်ကပြုံးကာ လက်တစ်ဖက်ဝေ့ယမ်းလိုက်သည့်နောက် ကုန်ခါနီးနေသောပန်းကန်ထဲတွင်အသားပေါင်းတွေပြည့်သွား၏။
ကျူးယင်သဘောကျစွာဖြင့် နဉ်အားလေးစားသောအကြည့်တွေပေးလိုက်သည်။
"စားကောင်းတယ်ဆို များများစား ခဏနေ မင်းလေ့ကျင့်ဖို့ ရှိသေးတယ်"
ကျူးယင် ခေါင်းညိတ်လိုက်ပြီး တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို ယူစားနေတော့ နဉ်ထံမှ အပြုံးပါးပါး တစ်ခုက လွင့်ကျလာသည်။
"ဖြည်းဖြည်းစားပါ"
ထိုစကား၏ အနောက်ဝယ် ကုန်နေသော လက်ဖက်ရည်ခွက်က ပြန်လည်၍ ပြည့်သွားသည်။ ကျူးယင် နဉ်အား ခိုးကြည့်လိုက်တော့ နဉ်က ပြုံးလက်စ အပြုံးတို့ကို ဖောဖောသီသီ ချွေချနေလေ၏။
နဉ်ထံမှ အကြည့်တို့အား ကျော်လွန်လိုက်တော့ ကြာပန်းတွေ ပြည့်နှက်နေသော ကြာကန်အား တွေ့မြင်နိုင်သည်။ လေပြည်တစ်ချက်တိုက်ခတ်လိုက်တိုင်း ကနွဲ့ကလျ မြင်တွေ့နိုင်သော နဉ်၏ ဆံနွယ်မျှင်ပါးပါးတချို့ ယိမ်းပြနေသည်က နွဲ့နှောင်းစွာ ကပြနေသလို၊ လေပြည်နှင့်အတူ ပါလာသော ကြာပန်းရနံ့က ချိုချိုအီအီက မြင်နေရသော မြင်ကွင်းပါ ရောမွေလိုက်တော့ စိတ်ကို ကြည်လင်စေလေသည်။
ကျူးယင်ရဲ့ ဆရာကတော် ဖြစ်လာမယ့် နတ်သမီးဟာ သိပ်ပြီး ကံကောင်းလွန်းနေနိုင်ပါသည်။
------------
မြူနှင်းတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။ ခပ်သောသောတိုက်ခတ်နေတဲ့လေက မြူစိုင်အနည်းငယ်ကိုတောင် လွင့်ဖို့ရာမတတ်နိုင်လေဘူး။ သိပ်သည်းသည့်မြူတွေ၏အောက်မှာတော့ စိမ်းလန်းနေသည့်ရှုခင်းတွေနှင့်တောင်တစ်တောင်ရှိနေသည်။
ထိုတောင်ထိပ်တစ်နေရာတွင်တော့
"စိတ်ကိုတည်ငြိမ်အောင်ထား အတွေးမများစေနဲ့။ ခန္ဓာကိုယ်ကိုသက်တောင့်သက်သာဖြစ်အောင်သာထိုင်"
အုံ့စိုင်းကာလှပသောသစ်ပင်ကြီး၏အောက်တွင် တင်ပလ္လင်ခွေထိုင်နေသည့်ကျူးယင်ကိုနဉ်သည်သင်ပြပေးနေသည်။
လက်နှစ်ဖက်ကို ဒူးခေါင်းပေါ်မှာဖြန့်တင်ထားရင်း မျက်လုံးကိုမှိတ်လိုက်ကာ နဉ်ပြောသည့်အတိုင်းစိတ်ကိုရှင်းထားလိုက်သည်။
သူကား ယခင်ကတည်းကအတွေးသိပ်များတတ်သူမဟုတ်လို့ ဘာမှမတွေးဘဲနေလိုက်သည့်အခါလည်း အဆင်ပြေပြေပင်သူ့စိတ်ထဲကြည်လင်သွားရသည်။
"ဟုတ်ပြီ "
ဟုတ်ပြီဆိုကာ နှဖူးအလယ်အားနဉ်ကတစ်ချက်တို့ထိလိုက်သည်မို့ ပူခနဲဖြစ်သွားရသည်။ ထိုနေရာမှစ၍ ကိုယ်တစ်ခုလုံးဆီသို့ နွေးထွေးသည့်စီးကြောင်းလေးတစ်ခုဖြန့်ကျက်သွားသလိုခံစားလိုက်ရသည်။
"စိတ်နဲ့ ခန္ဓာကိုယ်ထဲကိုဖြန့်ကျက်ကြည့် ............ "
သူ့ကိုယ်သို့မမြင်ရသည့်တစ်စုံတစ်ရာတိုးဝင်နေသလို ခံစားလာရသည်။
အချိန်အတော်ကြာသွားပြီးသည့်နောက်တွင်တော့ ကျူးယင်စိတ်ထဲတွင်ပြာလဲ့နေတဲ့အလုံးလေးသာရှိတော့သည်။ နဉ်မည်သည့်နေရာတွင်ရှိနေသည်တော့မသိ။ သူကားမျက်စိမှိတ်ထားတာကြောင့်မမြင်ရသလို နဉ်၏စကားသံအားမကြားရတော့။ သို့ပေမယ့် သူ့ဆီသို့အကြည့်တွေသက်ရောက်နေသည်ကိုတော့ ခံစားလို့ရနေပာသည်။
တရားထိုင်ခြင်း အင်း နဉ်၏အပြောအရ နတ်စွမ်းအားကျင့်ကြံခြင်းပော့။ နတ်စွမ်းအားကျင့်ကြံခြင်းဆိုသည်မှာ အလွန်လွယ်ကူသည့်အလုပ်ပင်ဖြစ်သည်။ သက်တောင့်သက်သာထိုင်နေရသလို ထိုင်တာကြာလေ အားအင်ပိုမိုပြည့်ဝလာလေဟုခံစားမိလာလေပင်။
စိတ်ကိုရှင်းထားတာကြောင့် သူ့စိတ်အစဉ်ဟာတည်ငြိမ်လို့နေသည်။ နားထဲတွင် အတော်ဝေးလောက်မည့်နေရာမှဆူညံသံအချို့ကိုပင်ကြားနေရသည်မို့ သူအံ့သြရပြန်သည်။ ကြည့်ရတာတော့ သူစိတ်ကိုရှင်း၍ထားနိုင်မည်ဆိုလျှင် အခုလိုအမြဲအကြားအာရုံကောင်းနေလောက်သည်။ ဒီတစ်ခုတော့မဆိုးဘူး ဟုသူတွေးလိုက်မိသည်။
အချိန်မည်မျှကြာသွားလဲသူမသိ သူ့ကိုနဉ်ကအသာလာတို့ချန်မှာတော့ ကောင်းကင်တွင်လမင်းကြီးထင်းလို့နေလေပြီ။
"မိုးတောင်ချုပ်သွားပြီပဲ"
"နေလို့ပိုကောင်းသွားပြီမဟုတ်လား"
ကျူးယင်ခေါင်းအသာငြိမ့်ပြလိုက်သည်။ နဉ်၏အမူအယာဟာ ဆိုဆုံးမတော့မည့်ဟန်ပြောင်းသွားတာမို့ ကျူးယင်လန့်ကာအနောက်သို့တစ်လှမ်းဆုတ်လိုက်မိသည်။ သူစကားနားထောင်ပြီးငြိမ်ငြိမ်လေး ထိုင်နေခဲ့တာမဟုတ်လား... နဉ်ကဘာလို့ဒီလိုကြီးလာကြည့်နေတာလဲ
"အရင်ကတည်းက အခုလိုဈာဉ်ဝင်စားပြီးသေချာလေ့ကျင့်မယ်ဆိုရင် မင်းအခုဆိုနတ်အခြေတည်အဆင့်ကိုအသာလေးရောက်နေလောက်ပြီ"
မတရားစွပ်စွဲခံရတာပါ ထိုအသုံးမကျသည့်ကျူးယင်ဟာ ယခုဆရာ့ရှေ့မှာရှိတဲ့အရမ်းချောမောသည့်ကျူးယင်လေးမဟုတ်ပါဘူး.... ဟုသူအထွန့်တက်ချင်ပေမယ့်လည်းမဖြစ်နိုင်ပေ။ ကျူးယင်စိတ်မလုံစွာခေါင်းလေးငုံ့ကာလက်နှစ်ဖက်ကိုစုထားလိုက်တော့ နဉ်ထံမှသက်ပြင်းချသံကိုကြားလိုက်ရသည်။
"တကယ်ပါပဲ"
နဉ်ဆီကခပ်တိုးတိုးရေရွတ်သံကိုသူမသဲကွဲလိုက်တာမို့ ပြန်မော့ကြည့်တော့ လရောင်အောက်ကနဉ်သည်အေးချမ်းစွာ၊တည်ငြိမ်စွာသာရှိနေသည်။
သူ့ကိုဆက်၍ဆူပူမယ့်ပုံမပေါ်တော့..
"ညစာသွားစားကြမယ် "
ဆူသည်ဟုလည်းမဆိုသာ ညင်သာသည်မျိုးလည်းမဟုတ်တဲ့ လေသံနှင့်အတူနဉ်ကရှေ့မှလျှောက်သွားသည်မို့ ကျူးယင်အနောက်ကအသောလိုက်ရသည်။
မနေ့က နဉ်ကသူ့ကိုထမင်းစားဆောင်ခေါ်သွားတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရောက်သွားခဲ့တာမို့လမ်းကိုသူမသိ။ အခုတော့နဉ်ကလမ်းလျှောက်၍သာ ခေါ်သွားနေသည်မို့ ကျူးယင်ပတ်ဝန်းကျင်ကိုလေ့လာချိန်အတော်ရသွားသည်။
တောင်စွန်းထိပ်မှထမင်းစားမည့်အဆောင်ဆီသို့သွားရာလမ်းသည်အတော်နီးလှသည်။ သူ့အထင်တော့အခြားလမ်းတစ်လမ်းလည်းရှိလောက်မည်ထင်သည်။ ဘာကြောင့်ဆို တစ်လမ်းလုံးတွင်လူတစ်ယောက်မှမတွေ့ရသောကြောင့်ပင်။ လမ်းရဲ့တစ်ဖက်တစ်ချက်ဆီကသစ်ပင်တွေမှာ လရောင်ကြောင့်ပိုပြီးတောက်ပကာအသက်ဝင်လျက်ရှိသည်။
ည၏တိတ်ဆိတ်မှု၊ လ၏အေးမြမှု၊ သူ့စိတ်၏အားအင်ပြည့်ဝနေမှုတို့ကြောင့် ပတ်ဝန်းကျင်ဟာ ပိုလှပနေသယောင် ခံစားနေရသည်။
နတ်စွမ်းအားဖြည့်တင်းခြင်းသည် အတော်အကျိုးရှိပေတာပဲ..
ကျူးယင်မျက်မှန်းတန်းမိနေသည့်ငှက်သည် ရုတ်တရက်ပေါ်လာ၍သူအံ့အားသင့်နေမိရုံရှိသေး လူအသွင်သို့ပါပြောင်းသွားသည်ကြောင့် သူလန့်ကာနဉ်အနားပြေးကပ်လိုက်မိသည်။
နဉ်သည် သူ့လက်တစ်ဖက်ကိုလာကိုင်ထားသည့်ကျူးယင်ကိုကြည့်ရင်းပြုံးသယောင်ဖြစ်သွားသည်။
ပြီးမှငှက်မှပြောင်းသွားသောလူကိုကြည့်ပြီးအေးစက်သည့်အမူအရာနှင့်စကားဆိုသည်။
"ဘာကိစ္စလဲ"
ထိုလူသည် နဉ်အားတရိုတသေဦးညွတ်ကာနှုတ်ဆတ်၏။ထိုသူသည် သူရုပ်သံဇာတ်လမ်းတွေထဲတွင်မြင်ဖူးနေကြ သံချပ်ကာအကျီကဲ့သို့သော အကျီကိုဝတ်ထားသည်။ လရောင်ကလင်းပေမယ့်မီးသီးတွေလောက်ပြတ်သားစွာမြင်ရခြင်းငှာမစွမ်းနိုင် ထို့ကြောင့်ထိုအကျီအရောင်ကိုတော့ဖြင့်မသဲကွဲပါချေ။ ဤသည်က သူနှင့်အနည်းငယ်ဝေးနေသောကြောင့်လည်းဖြစ်မည်ထင့်။
"အိမ်ရှေ့မင်းသားရောက်နေပါတယ် စစ်နတ်ဘုရား"
အိမ်ရှေ့မင်းသား စစ်နတ်ဘုရား... ဒီခေတ်ကာလမှာဒီလိုတွေရှိသေးတာပဲလား....
သူအူကြောင်ကြောင်လေးပဲ နဉ်ကိုကြည့်လိုက်တော့ သူ့ကိုငုံ့ကြည့်နေသည့်နဉ်၏အကြည့်နှင့်တိုးသည်။
သူနားမလည်ဖြစ်နေတာကိုသိပုံပေါ်ပေမယ့် သူ့ကိုရှင်းပြမည့်အစား ယခင်ထမင်းစားနေကြအဆောင်သို့သွားကာညစာစားရန်ပြောလာသည်။
ကျူးယင်အထွန့်မတက်တော့ဘဲ ခေါင်းအသာငြိမ့်ပြလိုက်တော့ နဉ်နှင့်ငှက်လူသားသည် ချက်ချင်းပျောက်ကွယ်သွားသည်။
တစ်ယောက်တည်းသွားတော့ပိုတောင်လွတ်လပ်သေးတာပဲ ဟင်း...
ဇာတ်လမ်းတွဲတွေထဲကလို လွမ်းခန်းရိုက်နေသည့်အတိုင်း...
ပန်းတွေဝေနေသည့်အလယ်မှာ သူတည်းသာရပ်လျက်ရှိသည်။
ယခင်ကကြည်နေသည့်စိတ်မှာ နောက်ချင်လာသည်။
တစ်ယောက်တည်းနေရသည်ကို ပျင်းပါသည်ဆို... တစ်ယောက်တည်းဖြစ်သွားပြန်ပြီ...
အခုချိန်မှာ ရေနွေးနွေးလေးနဲ့ရေချိုးပြီးအနားယူချင်လိုက်တာ...
ကျူးယင်တစ်ယောက်တည်းအေးအေးဆေးဆေးသွားနေစဉ်မှာ နားထဲရေကျသံသဲ့သဲ့ကြားလိုက်ရသည်။
သူသည်ကားရေကိုအလွန်နှစ်ခြိုက်ကာ အားလပ်ချိန်တိုင်းရေသွားကူးလေ့ရှိသူမို့ ရေသံကြားသည်နှင့်ဂဏာမငြိမ်ဖြစ်လာပြီ။
ပတ်ဝန်းကျင်ကိုဝေ့၀ဲကြည့်တော့လူနှင့်တူသည်ဟူ၍မရှိ။ ထို့ကြောင့် ရေသံကြားရာသို့ပြေးထွက်သွားလိုက်သည်။
လရောင်၏အောက်တွင် ပြာလဲ့နေသောရေပြင်သည် လှိုင်းအနည်းငယ်ထကာလှုပ်ရွလျက်ရှိသည်။ ကြယ်ရောင်တွေကရေပြင်သို့ဖြာကျနေသည်မှာ အလင်းစက်တွေကဲ့သို့ပင်။ ရေကန်၏တစ်ဖက်ခြမ်းမှာတော့ သစ်ပင်ကြီးတွေထူထပ်စွာပေါက်နေသည်။ ထိုအပင်များ၏အရွက်များမှာမူကား စိမ်းစို၍နေပေသည်။
သေချာအောင်လို့ ကျူးယင်ပန်ဝန်းကျင်ကိုထပ်မံ၍အကဲခတ်ကြည့်လိုက်သေးသည်။ မည်သူမျှမရှိတာသေချာမှ ကိုယ်ပေါ်ရှိနှစ်ထပ်သောဝတ်စုံတု့ိအားခါးစည်းကြိုးကိုလျှော့ကာဖြည်ချလိုက်သည်။ အောက်ဆုံးအထပ်အပါးသားလေးကိုတော့ချွတ်လျှင်ကောင်းမလား ၊မချွတ်သည်ကကောင်းမလား... ဟုသူဝေခွဲမရဖြစ်နေသည်။
နောက် ဆုံးဖြတ်ကာ အကျီကိုချွတ်လိုက်သည်။ ခပ်ပါးပါးဘောင်းဘီအပျော့သားလေးသာ သူ့ကိုယ်တွင်ရှိတော့သည်။
ထိုဘောင်းဘီရှည်အား ဒူးခေါင်းအပေါ်နားအထိခေါက်တင်လိုက်သည်။
လေအေးတွေကသူ့ကိုလက်ပိုက်လိုက်မိသည်အထိ တုန်ရီစေသည်။
ရေစပ်သို့သွားကာရေထဲသို့ခြေဖျားလေး အရင်ချကြည့်လိုက်သည်။ အေးမြတဲ့ရာသီဥတုကဒီရေတွေကိုတော့ဖြင့်သက်ရောက်ဟန်မတူ.... နွေးကာနေလေသည်။ ကျူးယင်စိတ်ကျေနပ်သွားရကာ ရေထဲသို့ပျော်ရွှင်စွာပြေးဆင်းတော့သည်။
ရေပူစမ်းကဲ့သို့နွေးလှတဲ့ရေဟာ ဒီရာသီနှင့်လိုက်ဖက်လှသည်။ ကြည်လင်နေသည့်ရေထဲတွင် လရောင်နှင့့်အပြိုင်အေးချမ်းကာလှပလွန်းသည့်ကောင်လေးကိုသူမြင်လိုက်ရသည်။
သူသည်ကား တက္ကသိုလ်မှနာမည်ကြီးkingတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ကိုယ်သူလည်းအရမ်းချောကြောင်းသိပေမယ့် ယခုရေထဲမှပုံရိပ်ကိုတော့ဖြင့်ယှဉ်၍မရနိုင်ပေ။
သူ့ကိုယ်သူဆန်းစစ်နေစဉ်မှာ လရောင်ဟာပိုပြီးတောက်ပလာသည်ဟုကျူးယင်ခံစားမိလိုက်သည်။
ထို့ကြောင့် သူ့ကိုယ်သူရှင်းရှင်းလင်းလင်းမြင်နိုင်သွားသည်ပေ။
ဆံပင်တွေဟာ အညိုရောင်အရှည်ကြီးဖြစ်ကာ ကျူးယင်၏ခြေသလုံးလောက်ထိရှိသည်။ လက်နှစ်ဖက်ဖြင့်နားအနောက်သို့ ဆံပင်တွေကိုသိမ်းလိုက်တော့ မျက်နှာအားရှင်းရှင်းလင်းလင်းပိုမြင်ရသွားသည်။ သူ့မျက်လုံးတွေသည်ညို့ရီနိုင်လောက်သည်ဟုကျူးယင်ထင်သည်။ မျက်ခုံး၊မျက်လုံး၊နှာခေါင်း၊ပါးစပ် အားလုံးဟာအပြစ်ဟူ၍မရှာနိုင်လောက်အောင် လှပသည်။ သူ့ကိုယ်သူလှသည်ဟုသုံးရမည်မှာတစ်မျိုးဖြစ်ပေမယ့် သူကတကယ့်ကိုလှပနေသည်ပဲဖြစ်သည်။
သူပြုံးကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်ပါတောက်ပသွားသည်ဟုခံစားလိုက်ရသည်။ သွားကိုစိကာပါးစပ်ကိုဖြီးကြည့်ပြန်တော့ ချစ်စရာကောင်းသွားပြန်၏။
အင်း.... ငါဒီလောက်ကြည့်ကောင်းမှန်းအရင်တုန်းကသတိမထားမိခဲ့တာပဲ....
ရေပြင်ကိုလက်ဖြင့်ပွတ်သပ်လိုက်တော့ပုံရိပ်ဟာေ၀ဝါးလို့သွားသည်။ ကျူးယင် ထိုင်ချလိုက်ရင်း ဆံပင်တွေကိုရှေ့သို့ပို့ကာဆေးကြောလိုက်သည်။ ဆံပင်အရှည်ကြီးတွေကိုသူနှစ်သက်သည်။ အခုတော့သူ့မှာကိုယ်ပိုင်ဆံပင်ရှည်ရှိနေလေပြီ။
ဒီပုံစံကိုသာ ကျောင်းကလူတွေမြင်လို့ကတော့ သူတော့ပြေးပေါက်ပိတ်မည်မှာအမှန်ပင်။
တော်သေးတာပေါ့ ဒီခေတ်ကနတ်ဘုရားတွေပဲရှိတာဆိုတော့ စိတ်ပူစရာမရှိဘူး... လူတိုင်းကအရမ်းခန့်ညားနေကြသည်မို့ ဒီလိုရုပ်ရည်ကဒီမှာဆို သာမန်ပဲဖြစ်လောက်သည်။
ကျူးယင်အတွေးတွေကိုရပ်ကာ ခြေထောက်ကိုဆန့်ထားရင်းသက်တောင့်သက်သာနေလိုက်သည်။ ရေကသူ့လည်ပင်းလောက်အထိမြုပ်ပေမယ့် စိုးရိမ်စရာတော့မရှိပေ။ သူကားရေကူးချန်ပီယံပင်ဖြစ်ခဲ့သည်မဟုတ်လား....
လက်ဝါးနှစ်ဖက်ဖြင့် ရေခပ်ယူကာမျက်နှာကိုအဆက်မပြတ်သစ်နေလိုက်သည်။ ဒီရေကန်ကသာမန်တော့မဟုတ်လောက်.... ရေထဲခဏလေးပဲစိမ်ရသေးသည် သူကားလန်းဆန်းသလိုခံစားနေရလေပြီ။
လက်တွေ၊ကိုယ်အပေါ်ပိုင်းတွေကိုသန့်စင်ပြီးတော့ ကျူးယင်ငိုက်မြည်းသလိုခံစားလာရသည်။ သက်တောင့်သက်သာဖြစ်လွန်းလို့သူအိပ်ချင်လာတာဖြစ်လောက်သည်။
ကမ်းအစပ်နားသို့ကူးသွားရင်း မှီကာခဏလောက်မှေးဖို့ကြံလိုက်သည်။ အဆင်ပြေပြေပဲခဏတွင်းချင်းသူမှေးခနဲဖြစ်သွားသည်။
အိပ်မက်လိုလို၊ တကယ်လိုလိုဖြင့် လွင့်မျောသလိုခံစားမှု၊ နာကျင်သည်ဟုမဆိုသာသော ခပ်စူးစူးနာကျင်မှုတို့ကြောင့် ကျူးယင်နိုးလာရသည်။ မြင်ကွင်းကိုပီသစွာမတွေ့နိုင်သေးခင် သူအိပ်မက်မက်နေသည်ဟုပဲထင်နေသေးသည်။ သိသာလာသောအမြင်အာရုံနှင့်ခံစားမှုတို့ကြောင့် ကျူးယင်ရဲ့အိပ်ချင်နေဆဲမျက်လုံးတွေဟာ သိသိသာသာကိုပြူးလာရသည်။
"ဖယ်စမ်း ခင်များဘယ်သူလဲ"
သူ့ကိုယ်ပေါ်သို့ရောက်နေသော တစ်ပါးသူ၏လက်တွေကိုဖမ်းထိန်းလိုက်တော့ ပုံမှန်ထက်ပူနေသည့်အပူချိန်ကိုခံစားမိလိုက်သည်။
သူထင်နေသလို အိပ်မက်ဖြစ်နေခဲ့သည်မဟုတ်ဘဲ နက်မှောင်နေသည့်ဆံပင်ရှည်တွေဟာ ဗလာကျင်းနေသည့်ခန္ဓာအပေါ်ပိုင်းပေါ် ဖြစ်သလိုကပ်တင်နေသော ဆွဲဆောင်မှုပြင်းသည့်အမျိုးသားတစ်ယောက်သည် သူနှင့်နီးကပ်စွာရှိနေကာ သူ့အားထိတွေ့နေခဲ့သည်တဲ့...
ကျူးယင် အမှန်ပင် အိပ်ချင်ပြေသွားရပြီပေ...
-----
ဆက်ရန်😁