Becoming Empress but She isn't a Girl
အပိုင်း ၁
ရင်ထဲပူလာကာ လည်ချောင်းအထိဆန်တက်လာတဲ့ခံစားမှုကြောင့် သူမထိန်းနိုင်ဘဲအန်ထုတ်လိုက်မိသည်။ မောပန်းစွာအသက်ကိုခပ်ပြင်းပြင်းရှူရင်း လေးလံနေတဲ့မျက်လုံးတွေကိုကြိုးစားကာ မြင်ကွင်းကိုပီသစွာမြင်ရအောင်အားထုတ်လိုက်သည်။ ပထမဆုံးသူ့မျက်လုံးထဲဝင်လာတာကတော့ အနီရောင်သွေးတွေပင်။ သူခုနကပျို့တက်လာတာမို့မျက်လုံးတောင်မဖွင့်နိုင်ဘဲအန်ထုတ်ပစ်ခဲ့တာတွေက နီရဲနေတဲ့သွေးတွေတဲ့... ကျူးယင်လန့်သွားသလိုရင်ထဲလည်းဒိန်းခနဲဖြစ်သွားသည်။ လျှာကိုက်သေတာကအဲ့လောက်ထိ သွေးတွေထွက်တာလား... ဒါကျောင်းရွှမ်ရဲ့အသုံးမကျမှုကြောင့်ပဲ ...
ကျူးယင်ဒေါသထွက်စွာနဲ့မျက်နှာကိုမော့လိုက်တဲ့တခဏမှာ ပါးစပ်အနည်းငယ်ဟသွားခဲ့ရသည်အထိအံ့သြသွားရသည်။
လေတစ်ချက်အဝဲမှာ သစ်ရွက်လေးတစ်ရွက်လွင့်လာပြီး ကျူးယင်ရဲ့အမြင်အာရုံကိုတခဏပိတ်သွားခဲ့ကာမြေပြင်သို့တလွင့်လွင့်ကျသွားသည်။
ကျူးယင်ရဲ့မျက်လုံးထဲမှာတော့ မခန့်မှန်းနိုင်လောက်အောင်မြင့်တဲ့တောင်တန်းကြီးတွေဟာ မြူတွေကြားမှာထီးထီးမားမားရပ်တည်လို့နေသည်။ မြူတွေဆိုင်းနေတာကိုက တောင်တန်းတွေရဲ့အလှကို အသက်ဝင်နေစေသည်။ ထိုတောင်တွေမှတဆင့် သူနှင့်မနီးမဝေးမှာရှိတဲ့သစ်ပင်ကြီးကိုအကြည့်တွေရောက်သွားတဲ့အခါ ကျူးယင်ပိုလို့သာအံ့သြရပြန်သည်။ ကြီးမားလွန်းလှတဲ့သစ်ပင်ကြီးမှာထူးဆန်းတဲ့ပန်းရောင်အရွက်တွေနှင့်ချည်းပြည့်နေလေသည်။ ဒီလိုအပင်ကိုကျူးယင်တစ်ခါမှမမြင်ဖူးခဲ့.. အမှတ်တရဓာတ်ပုံရိုက်ထားသင့်တယ်လို့တွေးမိတော့ ဘောင်းဘီအိတ်ထဲကဖုန်းကိုစမ်းရှာမိသည်။ သူထပ်၍အံ့သြရပြန်ပြီ ။သူဘောင်းဘီမှာဘာအိတ်မှမပါရှိပဲ၊ စင်စစ် သူဝတ်ထားသည်ကိုက ဘောင်းဘီဟုတ်မနေခဲ့။
ဘာ ဘာဖြစ်တာလဲ။
သူကိုယ်သူငုံ့ကြည့်ကာ သေချာစစ်ဆေးကြည့်တော့ စွတ်စွတ်ဖြူနေတဲ့ဝတ်စုံကြီးကိုဝတ်ထားကြောင်းသတိပြုမိသည်။ အကျႌလက်တွေမှာလက်ဖျားလေးတွေဖုံးတော့မတတ်ရှည်နေကာ လက်သုံးချောင်းလောက်ထိုးလို့ရသည်အထိကြီးလေသည်။
ဝတ်စုံကြီးကသူနဲ့ကွက်တိဖြစ်နေပေမယ့်ခြေမျက်စိအထိဖုံးနေကာ ခြေဖျားလောက်ကိုသာမြင်ရသည်။ ဝတ်ရုံစလေးကိုလက်နှစ်ဖက်နဲ့ဆွဲမတော့ခြေသလုံးတွေထိပော်သွားသည်။ လေအဝေ့မှာ ဖြူဖွေးဝင်းမွတ်နေတဲ့ခြေသလုံးသားတွေကအေးခနဲဖြစ်သွား၏။ ပေါင်နားလောက်ထိပေါ်သွားတာနဲ့လက်ကိုအမြန်ပြန်လွှတ်လိုက်သည်။ ဒီအဝတ်ကြီးကသူနှင့်အဆင်မပြေ။
'ဒါဘယ်နေရာကြီးလဲ ငါအိပ်မက်မက်နေတာလား'
သူကားယခုတောင်တစ်တောင်ရဲ့ထိပ်ကိုရောက်နေသည်တဲ့။ လေထဲကနေလတ်ဆတ်တဲ့ရနံ့ကိုရှူရှိုက်ရင်းအနောက်ကိုလှည့်ကြည့်မိမှ တစ်စုံတစ်ယောက်ကိုသတိပြုမိတဲ့အဖြစ်ပါပေ။
သူဝတ်ထားတဲ့အကျႌအရောင်ထက်ပိုဖြူစွတ်နေသည့်ဝတ်စုံမှာငွေရောင်အနားတွေသတ်ထားတဲ့အခါ ဝတ်ဆင်သူအားပိုပြီးထင်းထွက်နေစေသည်။လက်နှစ်ဖက်ကိုဘေးချလို့တည်တည်ငြိမ်ငြိမ်ရပ်ကာနေတဲ့ထိုသူမှာအညိုရောင်ဆံနွယ်အရှည်ကြီးတွေရှိနေသည်။ထိုဆံနွယ်တွေအား ငွေရောင်ကြိုးတစ်ခုဖြင့် စုစည်းကာချည်နှောင်ထားသည့်တိုင် လေအဝှေ့မှာမျက်နှာရှေ့ဝဲ၍လာဆဲ။
အညိုရောင်မျက်ခုံးထူထူဟာခပ်ပြေပြေရှိနေပြီး မျက်ဝန်းတွေမှာရေသေလိုငြိမ်သက်နေလေသည်။ ဖြောင့်တန်းနေတဲ့နှာခေါင်းအောက်မှာစေ့ပိတ်ထားတဲ့မထူမပါးနှုတ်ခမ်းတစ်စုံရှိနေသည်။ အားလုံးခြုံကြည့်လိုက်တော့ထိုသူမှာ အဖိုးထိုက်တဲ့ကျောက်စိမ်းများလိုရောင်ဝါမှာအေးစက်ကာနှစ်လိုဖွယ်ကောင်းလှပေသည်။ ထိုသူ၏နောက်မှာတော့မြူတွေဆိုင်းနေကာစိမ်းလန်းတဲ့တောင်တွေကိုတစ်စွန်းတစ်စမြင်နိုင်သည်။
'ငါအိပ်မက်မက်နေတာသေချာပြီပေါ့ ကောင်းတယ် မက်တုန်းမက်ခိုက်ဒီမှာအေးအေးဆေးဆေးအနားယူလိုက်မယ်။ အိပ်မက်ကနိုးတဲ့အခါ ဟိုဒကောင့်သားကိုအရေခွံနွှာပစ်မယ်။'
်ခပ်ညစ်ညစ်တွေးနေဆဲမှာ ရင်ထဲပူလာကာလည်ချောင်းဆီထပ်မံဆန်တက်လာတဲ့ခံစားမှုကြောင့် ကျူးယင်ထပ်မံအန်ထုတ်လိုက်ရပြန်သည်။
'ရင်ထဲမှာပူပြီးနာနေလိုက်တာ ဒါ အိပ်မက်မှဟုတ်ရဲ့လား'
သူအန်ထုတ်လိုက်တဲ့သွေးတွေကိုကြည့်ပြီးကျူးယင်စိုးရိမ်စိတ်တွေတစ်ဆင့်ပြီးတစ်ဆင့်တက်လာသည်။ သူ့ရင်ထဲမှခံစားနေရတဲ့နာကျင်မှုဟာ ယခုအဖြစ်အပျက်သည်အစစ်ဖြစ်ကြောင်းအတည်ပြုပေးနေသည်။ ကျူးယင်စိတ်ရှုပ်စွာဖြင့်မြေပြင်ပေါ်စိတ်ပျက်လက်ပျက်ဖြင့်ထိုင်ချလိုက်သည်။
'အိပ်မက်မဟုတ်ဘူးဆိုရင် ငါဘယ်ကိုရောက်နေတာလဲ'
ခန့်ညားလွန်းတဲ့ကျောက်စိမ်းလိုလူကိုသူမော့ကြည့်လိုက်တော့ ထိုသူကရှေ့တစ်လှမ်းတိုးကာသူ့အားငုံ့ကြည့်လာသည်။ နေကိုထိုသူကကွယ်ကာရပ်နေတာကြောင့် ထိုသူ့မျက်နှာအမူအယာကိုသေချာမမြင်ရ။ လက်တစ်ဖက်နဲ့မျက်လုံးကိုကာကာကြည့်တော့မှ ဒေါသစွန်းနေတဲ့အရိပ်အယောင်တွေကိုတွေ့ရသည်။ ထိုကျောက်စိမ်းလိုလူက သူအန်ခဲ့တဲ့သွေးတွေကိုကြည့်ကာ အမူအယာက ပိုဆိုးသွားသည်။
သူဘာကြောင့်စိတ်မသက်မသာဖြစ်သွားသလိုခံစားလိုက်ရတာပါလိမ့်။
အေးစက်နေတဲ့အကြည့်တွေဟာ ကျူးယင်ကိုပါချမ်းစိမ့်လာစေသည်။ နဂိုထက်ပိုတင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေကလည်းထိုသူ့စိတ်အခြေအနေမကောင်းမှန်းဖော်ပြနေသလိုပါပေ။
ထိုသူဟာတစ်လှမ်းထက်တိုးကာကိုယ်ကို ငုံ့ကိုင်းလိုက်တာမို့ကျူးယင်နောက်ကိုလန်ကျမလိုဖြစ်သွားရသည်။ အကြင်နာမရှိဘူးလို့ထင်ရတဲ့ထိုသူဟာ ကျူးယင်လဲမကျအောင်တော့ဖြင့်ဖမ်းထိန်းပေးပါသည်။ သို့ပေမယ့်သူ့အမူအရာတွေဟာဒေါသကိုချုပ်တီးထားသည့်ဟန်ပေါက်နေရသည်မှာအဘယ်ကြောင့်နည်း....။ ငြင်သာမှုမရှိစွာသူ့ခါးကိုလက်တစ်ဖက်ဖြင့်ထိန်းထားပေးကာ ကျန်လက်ကတော့ဖြင့်ကျူးယင်လက်ကိုခပ်ကြမ်းကြမ်းဆွဲကိုင်လို့မတ်တပ်ရပ်အောင်စောင့်ဆွဲကာထူပေးသည်။
ပကတိငြိမ်နေတဲ့မျက်ဝန်းတွေဟာ ကျူးယင်ကိုသာမျက်တောင်တစ်ချက်မခတ်ပဲကြည့်နေတာမို့ကျူးယင်ကလည်းအကြည့်မလွှဲရဲပါပေ။ ယောကျၤားသားတွေဟာစကားအချို့ကိုအကြည့်ဖြင့်ဖော်ပြတတ်ကြပေမယ့် ကျူးယင်ကားပေါင်းသင်းဆက်ဆံရေးညံ့လှသူမို့ထိုသူဘာကိုဒေါသထွက်ကာပြောချင်နေမှန်းနားမလည်ပါချေ။
ကျူးယင်ကိုခပ်မတ်မတ်ရပ်စေပြီးသည်နှင့်ထိုကျောက်စိမ်းလိုလူဟာသူ့ကိုချက်ချင်းလွှတ်ပေးပြီးအကြည့်စူးစူးဖြင့်ကြည့်လာပြန်သည်။
သူ့ခါးကဖယ်သွားတဲ့လက်ကအားကြောင့် ကျူးယင်ခါးနည်းနည်းနာချင်ချင်ဖြစ်သွားရသည်။ ဒီသက်ညှာမှုမရှိတဲ့ကျောက်စိမ်းလူကဘယ်သူများလဲ ။
ဘာမှတုန့်ပြန်မှုမရှိဘဲခပ်တည်တည်ပြန်ကြည့်နေတဲ့ကျူးယင်ကိုကြည့်ပြီး ထိုသူမှာ ပို၍ဒေါသထွက်လာဟန်ရှိသည်။ ထိုသူလက်တစ်ဖက်မြှောက်လိုက်တာကိုဖျက်ခနဲမြင်၇သည်နှင့် ပြန်လည်ခုခံရန်အတွက်ဝတ်ရုံအောက်မှလက်တွေကိုခပ်တင်းတင်းဆုပ်ပြီးအသင့်ပြင်ထားလိုက်သည်။
' ယောကျၤားချင်းပဲဟာ သူ့ခန္ဓာကပိန်ပါးပေမယ့်သူနည်းနည်းပါးပါးတော့ပြန်လည်တိုက်ခိုက်နိုင်ပါသေးတယ်။ '
ခပ်ရို့ရို့အနေအထားဖြင့်ကိုယ်လေးကျုံ့ကာအနောက်ဆုတ်သွားတဲ့ကျူးယင်ကိုထိုသူဟာနားမလည်သလိုကြည့်သည်။ ထိုသူ့အားတစ်ချက်မှအကြည့်မလွှဲရဲတဲ့ကျူးယင်ကတော့ ထိုသူ့ရဲ့ပြောင်းလဲသွားတဲ့အခြေအနေကိုနားမလည်နိုင်ဖြစ်နေရသည်။ ထိုသူဟာလက်တစ်ဖက်မြှောက်ပြီးသူ့နှဖူးကိုလက်ညိုးလေးဖြင့်လာတို့တော့ ကျူးယင်ကိုယ်ကိုယ်ပိုကျုံ့လိုက်မိသည်။ တို့ရုံဖြင့်မပြီးထိုလက်ဖြင့်ကျူးယင့်ခေါင်းအားအသာ(အားပါပါ)ဖြင့်ပုတ်သေးသည်။
"နတ်ဝိဇ္ဇာအဆင့်တက်သွားပြီပဲ အဟက်"
သူ့ခေါင်းအားကလေးတစ်ယောက်အားချော့မြူနေသလိုပွတ်သပ်နေတာမျိုးကျူးယင်လက်မခံနိုင်တာမို့ အနောက်ကိုဆုတ်လိုက်သည်။
ချက်ချင်းကြီးအပြောင်းအလဲမြန်တဲ့ ကျောက်စိမ်းလူသားကို သူနားမလည်နိုင်။
'နတ်ဝိဇ္ဇာတဲ့ ဘာတွေပြောနေတာလဲ ။အာ ကြည့်ရတာငါရိုက်ကွင်းတစ်ခုခုကိုများရောက်နေတာများလား ဟုတ်မယ် ။ဒါအိပ်မက်မဟုတ်ဘူးဆိုရင်ငါရိုက်ကွင်းကိုရောက်နေတာပဲဖြစ်မယ် ဒါပေမယ့် ဘာလို့ဒီနေရာကိုမရင်းနှီးရတာလဲ တရုတ်ပြည်မှာဒီနေရာရှိလို့လား'
ကျောက်စိမ်းလူသားဆီမှအကြည့်လွှဲကာ ပတ်ဝန်းကျင်ကိုကျူးယင် တစ်ခါပြန်ဆန်းစစ်နေချိန်မှာအသက်ရှူရကျပ်လာသလိုဖိအားတစ်ခုခံစားလိုက်ရတာမို့ ရင်ဖက်ကိုလက်နှစ်ဖက်ဖြင့်ဖိကာအသက်ပြင်းပြပင်းရှူနေရသည်။ ထိုသူကိုပြန်ကြည့်လိုက်တော့ ကျူးယင်အားသက်တောင့်သက်သာဖြစ်စွာပြန်ကြည့်နေသည်။ သူ့စိတ်ထင် ထိုကျောက်စိမ်းလူရဲ့နှုတ်ခမ်းထောင့်စွန်းကနည်းနည်းကော့တက်နေသလားလို့ ။
"မင်းကကျူးမျိုးနွယ်ဖြစ်တော့ရော ဘာအရေးလဲ။လက်ရှိမင်းကငါ့တပည့်ပဲ ငါ့ကိုမခန့်လေးစားလုပ်ရင်မင်းအဖေကဘာကြီးပဲဖြစ်နေနေ မင်းကိုမကယ်နိုင်စေရဘူး"
ထိုသူဟာတစ်ချက်ပြုံးလိုက်ပြီးတဲ့အခါမှာတော့ ကျူးယင်ခံစားနေရတဲ့ဖိအားတွေကလျော့သွားသွားသည်။ ကျူးယင်ထိုသည်ကိုသတိမထားမိနိုင်သည်မှာ မောပန်းစွာအသက်ကိုရှူနေရသည်မို့ဖြစ်နိုင်သည်။ သူ့ခြေထောက်တွေမှာအားအင်မရှိသလိုခွေယိုင်ကာနုံးချိနေသည်မှာလည်း အစောကသူကြုံခဲ့ရသည့်ဖိအားကြောင့်ဖြစ်သည်။
ကျူးယင်ရဲ့အဖြစ်အပျက်ကိုကြည့်ရင်း ထိုသူဟာကျေနပ်သလိုပြုံးပြန်သည်။ ပင်ပန်းနေသည့်ကြားထဲကမှ ထိုကျောက်စိမ်းလူဟာကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်းအသိအမှတ်ပြုလိုက်မိသေးသည်။
နားမလည်စွာကြည့်နေသေးတဲ့ကျူးယင်ကို ထိုသူဟာမျက်မှောင်တစ်ချက်ကြုံ့ကြည့်သည်။
"မင်းမှတ်ဉာဏ်တွေပျောက်ဆုံးကုန်တာလား "
ထိုသို့မေးရင်း ကျူးယင်ရဲ့နှဖူးကိုတစ်ဖန်တို့ထိလိုက်ပြန်သည်။ ယခုအကြိမ်မှာတော့ထိုနေရာမှအေးခနဲဖြစ်သွားသည်ကိုခံစားလိုက်ရသည်။
"ဟုတ်ပေသားပဲ အေးလေ မင်းကဒီလောက်နှစ်ကြာမှအဆင့်တက်တာဆိုတော့မှတ်ဉာဏ်ပျောက်တာတော့ဖြစ်သင့်ပါတယ်"
ကျူးယင်အခုထိဘာစကားတစ်လုံးမှမပြောရသေး။မပြောတာထက်မပြောနိုင်တာဆိုပိုမှန်မည်။ ထိုသူ့ဆီကမမြင်ရတဲ့အရှိန်အဝါတွေကကျူးယင်ကိုအနည်းငယ်ထိတ်လန့်စေသလို ထိုသူပြောနေတဲ့ထူးဆန်းတဲ့စကားအသုံးအနှုန်းတွေကလည်းကျူးယင်ကိုပိုလန့်စေသည်။ သူအခုရိုက်ကွင်းတစ်ခုကိုရောက်နေတာမဟုတ်နိုင်တော့။
' ဖြစ်နိုင်တာ်က ငါသေပြီးနတ်ပြည်ရောက်လာတာများလား။ ဒါလည်း မဖြစ်နိုင်လောက်ဘူး..ဒါမှမဟုတ်ငာမသေသေးတာလား '
ကျောက်စိမ်းလူကိုကျူးယင်တစ်ချက်မော့ကြည့်ရင်း ဖြစ်နိုင်ချေတွေစဉ်းစားနေရသည်။
သူကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုးစားပြီးတော့မေ့သွားခဲ့ရာကပြန်သတိရလာတော့ဒီမမြင်ဖူးတဲ့နေရာကိုရောက်နေသည်။ အဝတ်အစားတွေ၊ပြောဆိုဟန်တွေက အတော်အထက်တန်းကျကာရှေးဆန်၍လည်းနေသေးသည်။ဒီတော့ဖြစ်နိုင်တာက သူအခြားနေရာတစ်ခုကိုဝိဉာဉ်ကူးပြောင်းသွားခြင်းသာ ။
သေချာစဉ်းစားကြည့် လျှင်ဒီအဖြေတစ်ခုပဲထွက်တာဆိုတော့ မဖြစ်နိုင်တာကြီးပေမယ့်ကျူးယင်လက်ခံလိုက်ရသည်။
' ဟုတ်ပါပြီ ဒါဆိုငာသဘယ်ခေတ်ကိုရောက်လာတာလဲ '
သူ့ရှေ့ကကျောက်စိမ်းလူသားကအတော်ကြည့်ကောင်းပေမယ့် သူ့ကိုထိတွေ့လို့ရတာဆိုတော့လူဆိုတာတော့သေချာပေါက်ပင်။ ပြီးတော့သပ်သပ်ရပ်ရပ်ဝတ်စားထားတာဆိုတော့
' ဒီခေတ်ကာသိုင်းလောကခေတ်များလား '
"ငါ့ကိုဘယ်လိုလာကြည့်နေတာလဲ"
ထိုသူဟာကျူးယင်ကိုတစ်ချက်မာန်မဲရင်း ဘယ်လက်ကိုဝေ့ယမ်းလိုက်ရာထိုင်ခုံနှစ်လုံးပါတဲ့စားပွဲတစ်ခုပေါ်လာသည်။ထိုစားပွဲပေါ်မှာလည်း ရေနွေးကရားလို့ထင်ရတဲ့ကျောက်စိမ်းအိုးတစ်ခုနဲ့ဖန်ခွက်နှစ်ခွက်ရှိနေသေးသည်။ ကျူးယင် အံ့သြစွာနှုတ်ခမ်းလေးဝိုင်းကာပါးစပ်ကလေးဟလျက်ကြည့်နေသည်ကိုတွေ့တော့ ထိုသူပြုံးသွားသည်။
ထိုသူဟာထိုင်ခုံတစ်ခုမှာဝင်ထိုင်ရင်း ကျူးယင်အားလည်းအခြားတစ်ခုံမှာထိုင်ရန်မေးငေါ့ပြသည်။
သိုင်းလောကခေတ်မဟုတ်ဘဲ ကျင့်ကြံခြင်းလောကပဲဖြစ်မယ် လို့သူတွေးနေရင်းထိုသူညွှန်ပြသည့်ခုံမှာဝင်ထိုင်လိုက်သည်။ ကျောက်စိမ်းထိုင်ခုံတွေမို့ထင့် အေးစိမ့်နေ၏။ နွေရာသီမှာဆိုဒီခုံတွေကအသုံးဝင်လောက်သည်ဟုကျူးယင်တွေးမိသေးသည်။ ကျောက်စိမ်းလူကတော့ ကျူးယင်ကိုကြည့်လည်းမကြည့်သလို ဘာမှလည်းမပြောဘဲ အကျႌလက်ကိုအခြားလက်တစ်ဖက်ဖြင့်ဆွဲတင်ကာခွက်နှစ်ခွက်ထဲ ရေနွေးငှဲ့နေသည်။ မွှေးပျံ့တဲ့ရေနွေးရနံ့ကကျူးယင်ကိုဆွဲဆောင်သွားသည်။
'တယ် မွှေးတဲ့လက်ဖက်ခြောက်ပဲ '
သူ့ရှေ့ကိုတစ်ခွက်ချပေးရင်းထိုသူကလည်းတစ်ခွက်ကိုင်ကာတစ်ငုံသောက်သည်။ မွှေးပျံ့လွန်းတဲ့ရနံ့ကကျူးယင်ကိုစိတ်မထိန်းနိုင်ဖြစ်စေပေမယ့် သူကားဒီလူ့အကြောင်းဘာမှမသိတာမို့သောက်ချင်စိတ်ကိုချိုးနှိမ်ထားလိုက်သည်။ သူမသိတဲ့ခေတ်ကိုရောက်နေပြီးသူမသိတဲ့သူနဲ့အတူရှိနေရတဲ့အခါ သူအဘယ်မှာစိတ်ချလက်ချနေနိုင်မည်လဲ။ ကျောက်စိမ်းလူဟာ ကျူးယင်ကိုကြည့်မနေပေမယ့်နှုတ်ခမ်းစွန်းတွေကော့ညွတ်ကာ ရေနွေးခွက်ကိုစားပွဲပေါ်အသာချလိုက်သည်။
ကျူးယင်သေချာကြည့်နေတာကြောင့် ညင်သာတဲ့ထိုသူရဲ့အပြုအမူတွေကိုသတိထားမိနေသည်။
' ရေနွေးခွက်ပြန်ချတာကတောင် ဘာလို့အရှိန်အဝါကြီးသယောင်ဖြစ်နေရတာလဲ။ '
ဒီလူနဲ့ရှိနေစဉ်မှာ ကျူးယင်ဖိအားကိုခံစားနေရသည်။သက်တောင့်သက်သာသိပ်မဖြစ်လှ။
စင်းချထားတဲ့မျက်တောင်မွှေးတွေရုတ်ချည်းလှုပ်ရှားသွားကာ ကျူးယင်ကိုထိုသူကြည့်လာတဲ့တခဏမှာ ကျူးယင်ရင်ထဲအေးခနဲဖြစ်သွားရသည်။
"မင်းကဘာမှမမှတ်မိတော့ဘူးဆိုတော့ ငါပဲအကျဉ်းချုံးပြန်ပြောပြရတာပေါ့"
ထိုသူ ကျူးယင်ကိုအေးစက်စွာကြည့်နေသည်ထဲတွင် အပြစ်တင်လိုဟန်တွေပါလာသည့်အတွက် ကျူးယင်တံတွေးမြိုချလိုက်မိသည်။ သူဘာအပြစ်လုပ်မိလို့လဲ ။ ဝိဉာဉ်ကူးပြောင်းလာတာလား.... ဘာဖြစ်သွားတာလဲ ဆိုတာသူကိုယ်တိုင်တောင်မသေချာသေးတာလေ...။
ကျူးယင်ကဘာမှကိုမပြောပေမယ့် ထိုသူကတော့အေးစက်စွာနဲ့စိုက်ကြည့်နေဆဲ။
"ဟုတ်ကဲ့ ပြောပြပါ"
ထိုသည်က ကျူးယင်နှုတ်ကထွက်တဲ့ပထမဆုံးစကားဖြစ်သည်။ ခပ်တိုးတိုးလေးပေမယ့် ထိုသူကြားမှန်းကျူးယင်သိသည်။ ထိုသူကအံ့သြသလိုမျက်ခုံးပင့်ကာအဓိပ္ပါယ်တစ်မျိုးပါတဲ့အကြည့်နဲ့ကြည့်လာပေမယ့် ကျူးယင်ကဘာမှနားမလည်သေးရှာတဲ့အတွက် ထိုသူကို ပေါ့ပေါ့ပါးပါးလေးပြုံးပြလိုက်ဖြစ်သည်။
ထိုသူ့ရဲ့အံ့သြသွားဟန်ကတခဏချင်းပြန်ပျောက်ကွယ်သွားကာ သူ့အားခပ်ထေ့ထေ့ပြုံး၍ကြည့်လာသည်။
"မင်းနာလည်အောင်လွယ်လွယ်ပြောရရင် ငါကမင်းဆရာနဉ်ပဲ။ဒီတောင်က ငါ့ပိုင်နက်ဖြစ်တယ်။အစကမင်းကလုံးဝယဉ်ကျေးမှုမရှိတဲ့နတ်သူငယ်လေး အင်း ကြည့်ရတာမှတ်ဉာဏ်ပျောက်သွားပြီးတဲ့နောက် ယဉ်ကျေးသွားတယ်ထင်ရတာပဲ"
သူ့အားစောင့်ကြည့်ဦးမယ်ဆိုတဲ့အကြည့်နှင့်
ကြည့်လာတဲ့နဉ်ကြောင့် ကျူးယင်စိတ်တိုလာသော်ငြား သူလုပ်နိုင်တာဘာမှမရှိတာမို့ လက်နှစ်ဖက်ကိုဒူးခေါင်းပေါ်တင်ရင်းခပ်ကျုံ့ကျုံ့လေးပဲ ဆက်ထိုင်နေလိုက်သည်။
နဉ်ဟာ ကျူးယင်ကိုအေးစက်စက်ကြည့်နေရင်းမှ ထိုင်ခုံလက်ရန်းမှာလက်တင်ကာမေးထောက်ပြီး ပျင်းတိပျင်းရွဲဆက်ပြောသည်။
"နတ်ဘုရားလောကမှာ အဆင့်၅ဆင့်ရှိတယ်။ ငါတို့ကမွေးကတည်းက နတ်သူငယ်အဆင့်ရှိတယ်။ အခုမင်းကနတ်ဝိဇ္ဇာအဆင့်ကိုရောက်နေတယ်။ ကျန်တဲ့အဆင့်တွေကမင်းအတွက်အလှမ်းဝေးသေးတယ်။မင်းသိဖို့မလိုသေးဘူး။ ဒီနတ်ဝိဇ္ဇာအဆင့်လေးကိုတောင် နှစ်၄၀၀ကြာမှရောက်တဲ့မင်းက ကျန်တဲ့အဆင့်တွေကိုရောက်ချင်မှတောင်ရောက်နိုင်လိမ့်မယ်။"
စကားနည်းနည်းပြောပြလိုက်ရုံဖြင့် မောသွားသည်ထင့် နဉ်ကရေနွေးသောက်ပြန်သည်။
နဉ်၏လှုပ်ရှားဟန်တွေကိုကြည့်နေတာဆိုပေမယ့် စင်စစ်ကျူးယင်ကအတွေးများနေခြင်းသာ။
နတ်ဘုရားလောကဆိုတာမည်သည်နည်း
သူထင်ထားသည်က ... ယခုတော့နတ်ဘုရားလောကတဲ့လား။သူ ရောက်ရှိနေသည်ကကျင့်ကြံခြင်းလောကတစ်ခုဖြစ်မည်ပေါ့။
နဉ်ပြောပုံအရသူက နတ်ဝိဇ္ဇာ။
နဉ်ဆိုတဲ့သူ့ဆရာဟာ ဆရာကောင်းတစ်ယောက်ဖြစ်ပုံမရပေ။ ဘယ်ဆရာကသူ့တပည့်ကိုယခုလို နှိမ်ကာပြောဆိုမည်နည်း....
'နေဦး ဒါဆို ငါကဝိဉာဉ်ပြောင်းသွားတာလား။
မဟုတ်သေးဘူး ဒါကငါ့ခန္ဓာမဟုတ်ဘဲ ငါကသူများခန္ဓာမှာဝင်ကပ်နေတဲ့ကပ်ပါးဝိဉာဉ်တစ်ကောင်ဖြစ်သွားတာလား။
နဉ်ပြောပြနေတာတွေက ငါမဟုတ်တဲ့ငါ့အကြောင်းပေါ့။'
လောကကြီးကရှုပ်ထွေးသည်။ သိတာတွေများလေ ဒုက္ခများလေဖြစ်သလို အသိဉာဏ်နည်းပြန်လျှင်လည်း ဒုက္ခရောက်တတ်သေးသည်။
ကျူးယင် နဉ်အားမေးချင်တာတွေများနေပေမယ့် ဖြေမယ့်ပုံမရတာမို့ နဂိုအတိုင်းသာဆက်ထိုင်နေလိုက်သည်။
နဉ်က ကျူးယင်ကိုတစ်ချက်ဝေ့ကြီးပြီးပြုံးပြန်သည်။
ထိုသူဘာတွေးနေသလဲတော့မသိပေမယ့် ဒါကကျူးယင်ဂရုစိုက်စရာလဲမလိုတာကြောင့် ပြန်၍သာကြည့်နေလိုက်သည်။
"စိတ်ဝင်စားစရာပဲ။ ကျူးယင် မင်းအတော်ပြောင်းလဲသွားတာပဲ"
ကျူးယင်ရဲ့မျက်လုံးပြူးကာအံ့သြသွားဟန်ကိုတွေ့တော့ နဉ်ကသေချာစိုက်ကြည့်နေသည်။
"မင်းနာမည်တောင်မမှတ်မိဘူးပေါ့ ကျူးယင်"
'ကျူးယင် တဲ့လား...
ငါ့နာမည်ကကျူးယင်ပဲလား...'
"မင်းတို့မျိုးရိုးကကျူးမျိုးနွယ်လေ။ ဒါကြောင့်မျိုးရိုးကကျူး နာမည်က ယင်။ "
သူ့ကိုစိတ်ရှည်ကာပြောပြပေးလာတဲ့နဉ်ကို ကျူးယင်အကဲခတ်နေမိသည်။
ရေနွေးခွက်ကိုတစ်ဖန်ပြန်ချလိုက်ပြီး သူ့ကိုပြုံးစစကြည့်လာသည့်နဉ်မှာ ဘာလို့ရုတ်တရက်ကြီးသဘောကောင်းသည့်ပုံပြောင်းသွားမှန်း ကျူးယင်နားမလည်နိုင်သေး။
နဉ်ကကိုယ်ကိုကိုင်းကာ စားပွဲပေါ်လက်ထောက်ရင်း ကျူးယင်ကိုအနီးကပ်ကြည့်လာသည့်အခါ ကျူးယင်ကလည်းနဉ်အား ပြန်ကြည့်နေမိသည်။
နေရောင်အောက်ကကျူးယင်၏မျက်ဝန်းတွေမှာ စိန်တွေမြုပ်ထားသည့်အလား တောက်ပလျက်ရှိသည်။လေအေးကြောင့် နှာခေါင်းလေးတွေရဲနေကာ အနည်းငယ်ဟနေတဲ့နှုတ်ခမ်းလေးကတုန်ယင်နေလေသည်။ နဉ်ရဲ့မျက်ဝန်းတွေနူးညံ့သွားရသည်မှာ ကျူးယင်၏ချစ်စဖွယ်ကြောင်ပေါက်ဟန်လေးကြောင့်မှန်း ကာယကံရှင်ကတော့သိမည်မဟုတ်။
"မင်းဘာကြောင့်ဒဏ်ရာရထားလဲမသိချင်ဘူးလား"
ဟုတ်သည်။ သူသတိရရချင်းသွေးအန်ထားရသည်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတာကြောင့်သာဖြစ်လိမ့်မည်။
အခုထိတောင် သူ့ရင်ထဲမှာနာကျင်နေရသေးတာ။
"သိချင်ပါတယ်"
အကျႌ တစ်ထပ်ထဲဝတ်ထားရတဲ့ကျူးယင်ဟာ အအေးဒဏ်ကိုအတော်ခံနေရတာမို့ စကားပြောလိုက်တဲ့အခါ အသံကတုန်ယင်လို့နေသည်။ သို့ပေမယ့် အေးနေမှန်းတောင်မသိသလိုဖြင့် ကျူးယင်ကယခင်အတိုင်းငြိမ်ငြိမ်လေးထိုင်နေဆဲပါပေ။
နဉ်ကမျက်ခုံးပင့်ကာသူ့အားပိုစူးစိုက်ကြည့်လာပြီး လျှာသပ်တာမြင်လိုက်ရသည်။
"မင်းကကျူးမျိုးနွယ်ရဲ့အဖိုးတန်သားငယ်လေးပေါ့။ မင်းအသက်နှစ်သုံး ရာပြည့်တော့မယ့်အချိန်မှာတောင် မင်းကနတ်သူငယ်အဆင့်ကနေတက်မလာခဲ့ဘူး။ မင်းအဖေကျူးယန်နတ်ဘုရားက ငါ့ဆီပညာသင်ဖို့မင်းကိုပို့ခဲ့တယ်။ပုံမှန်ဆိုငါကတွေ့ရာတပည့်လက်ခံတာမဟုတ်ဘူး။ဒါပေမယ့်မင်းအဖေကတော့ငါလွန်ဆန်လို့မရတဲ့နတ်ဘုရားဖြစ်နေတဲ့အတွက် မတတ်သာပဲငါလက်ခံခဲ့ရတယ်။ ငါမင်းကိုအခြားသူတွေနဲ့တန်းတူသင်ကြားပေးတာပါပဲ ဒါပေမယ့်ပါရမီမပါတဲ့မင်းကနှစ်၁၀၀ကြာသွားတာတောင်မှတိုးတက်မှုမရှိလာခဲ့ဘူး။ "
ကျူးယင်ကိုကြည့်ကာခေါင်းတယမ်းယမ်းနဲ့စိတ်ပျက်လက်ပျက်ပြောပြနေတဲ့နဉ်ကို ကျူးယင်အချဉ်ပေါက်လာရပြီ။ တပည့်ဖြစ်သူကမည်မျှညံ့ဖျင်းနေပါစေဦး ဆရာတစ်ယောက်ကဒီလိုမပြောသင့်ပေ။
"အ"
မိုက်ကြည့်ကြည့်နေတဲ့ကျူးယင်ကိုခေါင်းခေါက်လိုက်ရတဲ့နဉ်ဟာ သဘောခွေ့သွားပုံရသည်။ နဉ်ရဲ့မျက်နှာဟာ ပိုပြီးကြည်ကြည်သာသာဖြစ်လာသည်။
ခေါင်းနာသွားတဲ့ကျူးယင်ကတော့ နဉ်ကိုစိတ်တိုစွာကြည့်နေရုံကလွဲတတ်နိုင်တာမရှိခဲ့ပါ။
"ငါ့တပည့်တွေထဲမှာ လဲ့အာလို့ခေါ်တဲ့နဂါးမတစ်ကောင်ရှိတယ်။အဲ့ကလေးမရုပ်ကအချောကြီးမဟုတ်ပေမယ့် မင်းကတော့တမ်းတမ်းစွဲဖြစ်နေခဲ့တယ်။ အခုအဲ့မိန်းကလေးကြောင့်ပဲမင်းအတွင်းဒဏ်ရာရပြီးသေမလိုဖြစ်ခဲ့တာ။ "
'အဲ့ဒါငါမှမဟုတ်ဘဲ။ '
ကျူးယင်အနေနဲ့တစ်သက်လုံးတစ်ဦးတည်းပဲ ခပ်အေးအေးနေလာခဲ့တာမို့လားမသိ နဉ်ကယခင်ခန္ဓာပိုင်ရှင်၏မိုက်ရူးရဲဆန်မှုကိုပြောပြလာသည့်အခါ ကျူးယင်နားမလည်နိုင်ဖြစ်ရသည်။
'ထားပါလေ ပြီးခဲ့တာကပြီးခဲ့ပြီပဲ။ '
"လဲ့အာကိုကြိုက်နေတဲ့ မြွေကောင်ကနတ်အခြေတည်အဆင့်ကိုရောက်နေပြီ။အဲ့ဒါကိုမင်းကသွားစိန်ခေါ်မှတော့ ဒီလောက်ထိခံရတာမဆန်းပါဘူး အဟက် မင်းအခုအဆင့်တက်သွားပေမယ့်မှတ်ဉာဏ်ပျောက်သွားတယ် အဲ့ဒါကလည်းအဆင့်တစ်ခုကိုနှစ်၄၀၀ကြာနေခြင်းရဲ့ရလဒ်ပဲ"
အခုထိလေ့လာရသမျှကတော့ နဉ်သည်ကျူးယင်အားအတော်အထင်သေးနေသည်။
ဒါပေမယ့်အရင်ကအသုံးမကျတဲ့ကောင်ဟာ သူမဟုတ်တာမို့ကျူးယင်ကတော့မည်သို့မျှမခံစားရပါပေ။
ကျူးယင်ကိုလေ့လာနေတဲ့နဉ်ဟာလည်း ဘာမှမထူးခြားတဲ့ပုံစံကိုမြင်တော့စိတ်ဝင်စားတဲ့အရိပ်အယောင်တွေ သူ့မျက်လုံးထဲသန်းသွားသည်။
ဒါကိုလည်းကျူးယင်သတိပြုမိပေမယ့် မည်သို့မျှမတုံ့ပြန်ပဲရှိသည်။
"မင်းတော်တော်ပြောင်းလဲသွားတာပဲ ငါ့ရဲ့လေ့ကျင့်ချိန်တွေကိုမင်းကိုရှင်းပြရတာနဲ့အတော်ကုန်သွားရပြီ။ ဒီတော့မင်းငါ့ကိုဘာပြန်လုပ်ပေးမယ်စိတ်ကူးလဲ ကျူးယင်"
ယခုအခါမှာတော့ နဉ်ဟာတက်ကြွနေသည်။
ကျူးယင်ဆီကအဖြေကိုစောင့်မျှော်နေစဉ်မှာ သူ့မျက်လုံးတွေတဖျက်ဖျက်လက်လျက်ရှိသည်။
မျက်တောင်တစ်ချက်သာခတ်ပြီး
ဘာမှမတုန့်ပြန်တဲ့ကျူးယင်ကြောင့် နှုတ်ခမ်းစွန်းတွေသိသိသာသာကော့တက်သွားသည်အထိ နဉ်ပြုံးသည်။
"တကယ်ကိုပြောင်းလဲသွားတာပဲ "
ကျူးယင်ကတော့ဘာမှတ်ချက်မှမပြုဘဲ နဉ်ဘာဆက်ပြောမလဲ ဒါမှမဟုတ် ဘာလုပ်စေမလဲ ဆိုသည်ကိုသာဆက်လက်၍စောင့်ဆိုင်းနေလိုက်သည်။
သူလောလောဆယ်သေချာသိတာဆိုလို့ နဉ်ပဲရှိတာ။
နဉ်ဆိုတဲ့ကြီးကျယ်ပြီးအချိုးမပြေတဲ့သူကြီးဟာ သူ့ဆရာဖြစ်နေလေတာကြောင့် သူ့ကိုဒုက္ခရောက်အောင်တော့မလုပ်လောက်ဖို့မျှော်လင့်ရပါသည်။ သူနားမလည်တဲ့ဒီနေရာသစ်မှာ နဉ်ဟာသူ့ကိုညွှန်ကြားပြသပေးရမယ့်ဆရာဖြစ်နေတာမို့ သူသေချာနားမလည်ခင်ဆက်ကြားမှာထိုသူပြောတာကိုသာ နားထောင်နေလိုက်မည်။ ကိစ္စတွေကိုသေချာနားလည်သွားရင်တော့ဖြင့် နည်းလမ်းရှာပြီးသူ့ဘာသာတစ်သီးတစ်သန့်နေဖို့ကြိုးစားပါဦးမည်။
အေးစိမ့်နေတာကြောင့် ကျူးယင်ကိုယ်ကိုပိုလို့ကျုံ့လိုက်မိသည်။
'ဒီလောကမှာအတော်အေးတာပဲလား '
စင်စစ်နဉ်ဟာကျူးယင်ကိုကုသပေးနေခဲ့တာမို့အတွင်းဝတ်တစ်ခုထဲဝတ်ထားစေခဲ့ခြင်းဖြစ်သည်။
ကျူးယင်ရဲ့အတွေးတွေကိုသိနေသည့်အလား နဉ်ဟာခပ်ညစ်ညစ်ပြုံးသည်။
"ကောင်စုတ်လေး ဘာတွေစဉ်းစားနေတာလဲ။ "
မေးသာမေးလိုက်ပေမယ့်အဖြေကိုမမျှော်လင့်ထားပုံရတဲ့နဉ်ဟာ မတ်တပ်ထရပ်လို့နေပြီ။
"ကျွန်တော် အခုဘာဆက်လုပ်ရမှာလဲ"
ခုနကလိုအသံတွေတုန်မနေတော့သည်မှာ ရုတ်ချည်းနွေးထွေးသွားသောလေထုကြောင့်ဖြစ်လောက်သည်။ယခုအပူချိန်ဟာ ကျူးယင်လက်ခံနိုင်လောက်သည့်အနေအထားမှာရှိသည်။ တဆတ်တည်းမှာ သူသက်တောင့်သက်သာရှိသလိုခံစားလိုက်ရသည်။
ပြန်သတိရလာကတည်းကစကား၃ခွန်းပြည့်အောင်မပြောသောကျူးယင်ရဲ့ ပြန်လည်မေးမြန်းမှုကနဉ်ကိုခဏလောက်ငြိမ်သွားစေသည်။
" မင်းဗိုက်မဆာဘူးလား ညစာသွားစားမယ်"
ကျူးယင် ဘာဆက်ပြောရမှန်းမသိအောင်ဖြစ်သွားရသည်။
နဉ်ဆိုတဲ့လူကြီးဟာ တရုတ်စကားသေချာနားမလည်သည်များလား။
-------