ဖန်မုန်ဟွာသည် ဟန်စံအိမ်၏ အစောင့်ခေါင်းဆောင် ဖြစ်သောကြောင့် မမလေးနှင့်အတူ ကျန်နေသင့်သည်ကို တွေးမိ၍ စိတ်လေးလံနေ၏။
ထိုစဉ်… မိုဝူကျီသည် နှစ်လွှာမီးမြက် နှစ်ပင်ကို ထုတ်လာပြီး ပြောလိုက်သည်
“ကျွန်တော်တို့ မိုးကြိုးမြူတောထဲ ဆက်နေစရာ မလိုတော့ဘူး ထင်တယ်…. ကျွန်တော် ကံကောင်းပြီး နှစ်ပင်တွေ့ခဲ့တယ်….”
“ဒါတကယ်ကို နှစ်လွှာမီးမြက်ပင်ပဲ…..”
ဟန်နင်သည် ရှေ့တိုးလာကာ မိုဝူကျီ ပြန်၍ မတုံ့ပြန်ခင် သူမက သူ့လက်ထဲမှ အပင်ကို ဆွဲယူလိုက်သည်။
မိုဝူကျီ ထိုအမျိုးသမီး၏ စွမ်းအားကြီးမှုကို အံ့သြပြီး နောက်ဆုတ်မိလိုက်သည်။
ထိုသည်က လမ်းကြောင်းဖွင့်သည့် အဆင့် အမှန်ပင် ဖြစ်လေ၏။
“မိုဝူကျီ…. နှစ်လွှာမီးမြက်ကို ရှင် ဘယ်နေရာက ရှာတွေ့တွေ့ အရေးမကြီးဘူး…. ရှင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်…… ရှင့်ကို ဆုလာဘ်အနေနဲ့ တော်ဝင်မြို့တော်ကို ခေါ်သွားပေးမယ်….တခြားတောင်းဆိုစရာတွေရှိရင်လည်း ကျွန်မကို ပြော…..”
ဟန်နင်သည် အလွန်စိတ်လှုပ်ရှားနေသည့်အတွက် စကားများကို မရပ်မနား ပြောလိုက်လေသည်။
“မမလေးကို ကျေးဇူးတင်ပါတယ်….”
မိုဝူကျီသည် ဟန်နင်အား ကျေးဇူးတင်လိုက်၏။ သူ ဟန်စံအိမ်သို့ ရောက်လာသည့် အဓိက ရည်ရွယ်ချက်သည်လည်း တော်ဝင်မြို့တော်သို့ သွားရရန် ဖြစ်၏။ သူသည် ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ချေ။
ဟန်နင်သည် ခေါင်းကို ယမ်းကာ
“ကျွန်မကသာ နှစ်လွှာမီးမြက်ကို ရှာပေးတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ရမှာပါ…. အဖေဆီကနေ ရှင့်က ငွေကြေးအလုံအလောက် ရှိတယ်လို့ ကြားထားတယ်…..တော်ဝင်မြို့တော်သွားမဲ့အစား တခြားတောင်းဆိုစရာရှိရင်လည်း ကျွန်မ အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ လုပ်ပေးပါ့မယ်…..”
မိုဝူကျီသည် ခေါင်းညိတ်လိုက်၏။ အကယ်၍ သူသည် ချီသွေးကြောကို အောင်အောင်မြင်မြင် မဖွင့်နိုင်ခဲ့ပါက သူသည် ဟန်နင်အား တော်ဝင်မြို့တော်တွင် စိတ်ဝိညာဉ် စမ်းသပ်နိုင်သည့် နာမည်ကြီးနေရာများကို ရှာပေးရန် တောင်းဆိုမိမှာ ဖြစ်၏။
သူသည် ထိုမတော်တဆမှုအပြီးတွင် စိတ်ဝိညာဉ်ပိုင်ဆိုင်ကြောင်း သိရှိလိုက်ရသည်။
ဖန်မုန်ဟွာသည် မမလေး ကျေနပ်နိင်ရန် နှစ်လွှာမီးမြက်အား ရှာတွေ့ခဲ့သည့် မိုဝူကျီ၏ ကံကောင်းမှုကို မနာလို၍ အားကျသော်လည်း သူသည် မိုဝူကျီအား ကျေးဇူးတင်နေဆဲ ဖြစ်သည်။ သူကြောင့်သာ မဟုတ်လျှင် သူတို့သည် မိုးကြိုးမြူတောထဲ ဆက်၍ နေနေရမည် ဖြစ်၏။ ထိုသည်က ပိုပြဿနာများလှလေသည်။
နှစ်လွှာမီးမြက်ကျေးဇူးကြောင့် ဟန်နင်၏ စိတ်အခြေအနေသည် ထိထိရောက်ရောက် ပြောင်းလဲသွားလေသည်။ သူမသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ပြီး
“အခုပြန်ကြစို့….. အစက ဒီမှာ တစ်လကျော်လောက် နေဖို့ စီစဉ်ထားတာ…. တစ်ညတည်းနဲ့ ရှာတွေ့မယ်လို့ ဘယ်သူ ထင်မှာလဲ……”
မိုဝူကျီသည် ဟန်နင်က အစောင့်များ အကြောင်းမဟုတ်ဘဲ နှစ်လွှာမီးမြက် အကြောင်းသာ အလေးထားသည်ကို မြင်၍ သက်ပြင်းချလိုက်လေသည်။ ထိုသူများ၏ အသက်များသည် နှစ်လွှာမီးမြက်လောက် အဖိုးတန်ခြင်း မရှိချေ။ အကယ်၍ သူသာ ဤနေရာတွင် သေဆုံးသွားပါက ဟန်နင်သည် စိတ်ထဲ ထားလိမ့်မည် မဟုတ်။
သူသည် တင်းဘူအာကို ကြည့်လိုက်ပြီး တင်းဘူအာသည် သူ့ကို ရှာဖွေရန် တောင်းဆိုချက်ကြောင့်သာ မဟုတ်လျှင် ဟန်နင်သည် သူ့အား လာရှာမည် မဟုတ်ချေ။
“ဝူကျီ မင်းအတွက် ငါဝမ်းသာတယ်ကွာ….”
တင်းဘူအာသည် မိုဝူကျီအား အားကျမှု အပြည့်ဖြင့် ပြောလိုက်သည်။
မိုဝူကျီသည် လက်ကို ခါလိုက်ပြီး ဟန်နင်အား ပြောလိုကသည်
“မမလေး…. မမလေးက လမ်းကြောင်းဖွင့် အဆင့် ငါးလို့ တခြားသူဆီက ကြားဖူးတယ်…..”
ဟန်နင်သည် ပြန်ဖြေလိုက်သည်
“ရှင်က လမ်းကြောင်းဖွင့် အဆင့်ငါးက အလွယ်တကူ ရောက်လာနိုင်တယ် ထင်နေတာလား…… ကျွန်မက အဆင့်တစ်ပဲ ရှိသေးတာ…. လက်ရှိမှာ ကျွန်မအမြန်နှုန်းက ပိုမြန်လာပြီ….. ဒါပေမဲ့ ကျွန်မစွမ်းရည်တွေက တခြားကျင့်ကြံသူတွေထက် ပိုအားနည်းနေသေးတယ်……အဆင့်လေးရောက်ပြီးမှ အင်အားနဲ့ စွမ်းအားက သိသိသာသာ ပြောင်းလဲလာလိမ့်မယ်…..”
မိုဝူကျီသည် ရှက်ရွံနေသည့် တင်းဘူအာဆီ လှမ်းကြည့်လိုက်သည်။
မိုဝူကျီသည် ဟန်နင်က အဆင့်တစ်သာ ဖြစ်သော်လည်း အမြန်နှုန်းကို သိပြီနောက် သူသည် ကျင့်ကြံသူ ဖြစ်လာရန် ပို၍ စိတ်အားထက်သန်လာ၏။ သူသည် လက်သီးဆုပ်လိုက်ပြီး ဟန်နင်အား ပြောလိုက်၏
“ကျွန်တော် တော်ဝင်မြို့တော် သွားတဲ့အခါ တင်းဘူအာကိုပါ ခေါ်လာလို့ ရမလား…..”
“ကောင်းပြီ…. ရှင် ပြောတဲ့အတိုင်း လုပ်ကြတာပေါ့…..”
ဟန်နင်သည် တွေဝေခြင်းမရှိ သဘောတူလိုက်သည်။ ထို့နောက် သူမသည် မြင်းနီပေါ် တက်ပြီး စတင်၍ ရွေ့လျားသွားလေ၏။
“ဝူကျီ ကျေးဇူးအများကြီးတင်တယ်ကွာ……”
တင်းဘူအာသည် မိုဝူကျီ၏ သူ့နှင့် အတူ ခေါ်ဆောင်သွားမည့်အကြောင်း ဟန်နင်အား တောင်းဆိုသည့်အခါတွင် အလွန်အံ့သြသွားလေသည်။ ထိုသည်က ရွေရောင် အခွင့်အရေး တစ်ခု ဖြစ်၏။ သူသည် မိုဝူကျီရှေ့တွင် ဟန်နင်အကြောင်း လေလုံးထွားထားသည့် ကိစ္စကို လုံးဝမေ့ပျောက်သွားလေသည်။
မိုဝူကျီသည် တင်းဘူအာ ပခုံးကို ပုတ်ကာ ပြောလိုက်သည်
“ပြန်ကြစို့….. ခင်ဗျားကိုလည်း အကြွေးတွေ အများကြီးတင်နေတယ်…. ပြီးတော့ ကျေးဇူးပြုပြီး ကျွန်တော့ရှေ့မှာ လေလုံးမထွားပါနဲ့လား…..”
“ဟုတ်ပြီ…”
တင်းဘူအာသည် အူမြူးနေပြီး မိုဝူကျီနောက်မှ လိုက်ပါသွားလေသည်။
မိုဝူကျီသည် ဟန်နင်က နှစ်လွှာမီးမြက် အရမ်း လိုချင်သည့် အကြောင်းကို မသိချေ။သူသည်လည်း သိရန် စိတ်မဝင်စားပေ။ သူသိသည်က သူပြန်ရောက်သည့်အခါ ပို၍ အာရုံစိုက်ခံရတော့မည့် ကိစ္စဖြစ်၏။ သူ့နေစရာ နေရာပင် ခြံဝန်းလေးနှင့် ပြောင်းလဲသွားလေသည်။ သူ့အလုပ်သည် နောက်ဖေးကို စောင့်ရန် ဖြစ်သော်လည်း လုပ်စရာ ထွေထွေထူးထူး မရှိချေ။
နှမြောစရာကောင်းသည်တစ်ခုက သူသည် မည်သို့ ကျင့်ကြံရမည်ဆိုတာ မသိခြင်း ဖြစ်၏။ အကယ်၍ ဤနေရာတွင် ကျင့်ကြံလျှင် ပြည့်စုံလှသည်။
ဟန်စံအိမ်အတွင်း နေထိုင်ရသည်က လုံခြုံလှသည်။ သူသည် သူ့ခြံထဲတွင် ထိုင်နေရင်း မိုဝူကျီသည် အစိမ်းရောင် ပုလင်းနှစ်ပုလင်းကို ကိုင်ဆောင်ထား၏။ အနာဂတ်တွင် သူသည် ချီသွေးကြောများ ဖွင့်လိုလျှင် ပုလင်းထဲမှ ဆေးရည်များ လိုအပ်လေသည်။
“ဒင်းဒေါင်…..”
အဝင်ဝမှ ခေါင်းလောင်းသည် ဟန်ချန်အန်းအသံနှင့် အတူ မြည်လာ၏
“ဝူကျီ…. စကားပြောလို့ ရမလား….”
မိုဝူကျီသည် အမြန်အဆန် ပုလင်းနှစ်ပုလင်းကို သိမ်းဆည်းလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ မိုဝူကျီသည် ဟန်စံအိမ်တော်၏ ပိုင်ရှင် ဟန်ချန်အန်း ကိုယ်တိုင် လာရောက်သည့် အကြောင်းရင်းကို နားမလည်ပေ။
“မြို့စားကြီးဟန်….. တစ်ခုခုများ အလိုရှိရင် ကျွန်တော့်ကို ခေါ်လိုက်ရောပေါ့……ဒီထိ တကူးတက လာစရာ မလိုပါဘူး…..”
မိုဝူကျီသည် တံခါးကို ဖွင့်ရင်း ပြောလိုက်သည်။
ဟန်ချန်အန်းသည် မိုဝူကျီ အိမ်ထဲသို့ ဝင်ရင်း ပြုံးကာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်၏။
မိုဝူကျီသည် ဟန်ချန်အန်းကို အလွန်ကျေးဇူးတင်သောကြောင့် လက်ဖက်ရည်ကြမ်း တစ်ခွက်ကို လုပ်ပေးလိုက်သည်။ ဤမြို့စားကြီးကြောင့်သာ မဟုတ်လျှင် သူသည် ဤနေရာသို့ လာရန် အခွင့်အရေး ရမည် မဟုတ်။ အကယ်၍ သူသာ ဟန်စံအိမ်အတွင်းသို့ ပြောင်းမလာခဲ့လျှင် အရင်တခါ သတ်ရန် ကြိုးစားခဲ့သူက ထပ်၍ မကြိုးစားတော့ဘူးဟု မပြောနိုင်ချေ။
ဟန်ချန်အန်းသည် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်
“ဝူကျီ…. မင်း ဒီကို ပြောင်းလာပြီးနောက်မှာ ဘာလို့ မင်းကို အာရုံမစိုက်တာလဲ ဆိုတာ သိလား…..”
မိုဝူကျီသည် ရိုသေစွာ ပြန်ဖြေလိုက်သည်
“ကျွန်တော်ကို ဟန်စံအိမ်ဆီ ခေါ်လာတာကိုက ကျွန်တော့်အတွက် အကြီးမားဆုံး ဂရုစိုက်မှုပါပဲ….”
ဟန်ချန်အန်းသည် သက်ပြင်းချကာ
“နောက်ဆုံး အကြိမ် ငါ တော်ဝင်ခုံရုံးမှာ မင်းအသက်ကို ကယ်လိုက်တယ်…. မင်းက နင်အာကို ကူညီပြီး ပြန်ပေးဆပ်ပေးတယ်…. ငါလည်း မင်းကို အမှန်တကယ် ကျေးဇူးတင်ပါတယ်….”
မိုဝူကျီသည် ဟန်ချန်အန်းအား နားမလည်စွာ ကြည့်လိုက်သည်။ ဟန်ချန်အန်းသည် သူ့အား အလုပ်ပေးအပ်ခဲ့သည်သာ ဖြစ်၍ ဘယ်အချိန်က သူ့အသက်ကို ကယ်တင်ခဲ့သနည်း……
ဟန်ချန်အန်းသည် မိုဝူကျီစိတ်ကို သိနေသကဲ့သို့ ဆက်၍ ပြောလိုက်သည်
“မင်း တော်ဝင်ခုံရုံးကို ရောက်မလာခင် သခင်က မင်းကို မမြင်တွေ့ချင်ဘူး….. သူက အစောင့်တွေကို မင်းကို သတ်ပစ်ဖို့ အမိန့်ပေးထားတာ…. ငါက မင်းအဖိုး မိုထင်းချန်နဲ့ တော်တော် ရင်းနှီးတာကြောင့် သူ့ကို တားလိုက်တာ…. အဲဒါအပြင် မင်းရဲ့ လှုပ်ရှားမှုတွေက ရည်ရွယ်ချက်ရှိရှိလား ဒါမှမဟုတ် မင်းပြောတဲ့အတိုင်း သာမာန်လူတန်းစာအတွက်လား ဆိုတာ သိချင်သေးတယ်…..”
မိုဝူကျီသည် ဟန်ချန်အန်းဆိုလိုသည့် ‘မင်းရဲ့ လှုပ်ရှားမှု’ ကို သိ၏။ ဟန်ချန်အန်းသည် သူ ဖော်မြူလာ ဝေသည့် ကိစ္စကို ဆိုလိုခြင်း ဖြစ်သည်။ သူသည် အဆောင် ခန်းမအတွင်းသို့ ဝင်စဉ်က ထိုသခင်သည် ထိုမျှ အန္တရာယ်များသော အတွေးများ လက်ကိုင်ထားမည်ဟု မထင်ထားမိခဲ့ချေ။
ဟန်ချန်အန်းသည် မိုဝူကျီ၏ တုံ့ပြန်မှုကို စိတ်ထဲမထားကာ ဆက်လက်၍ ပြောလိုက်သည်
“ငါက သခင်ကို မင်းကိုသတ်ရင် သူ့ဂုဏ်သတင်း ထိခိုက်လိမ့်မယ်လို့ အကြံပေးခဲ့တယ် အထူးသဖြင့် မင်းက သာမာန်လူတန်းစားအတွက် ထောက်ပံ့ပေးတဲ့အခါမှာပေါ့……. မင်းလည်း ကြိုးစားခဲ့တယ်ဆိုတာ မှန်တယ်….. အဲဒါအပြင် မင်းကို အသက်ချမ်းသာပေးဖို့ အတွေးရှိခဲ့တာပဲ…… အဲလိုမှ မဟုတ်ရင် ဟန်စံအိမ်အထိ ခေါ်လာမှာ မဟုတ်ဘူး….”
မိုဝူကျီ၏ နောက်ကျောသည် အကြောက်တရားကြောင့် ချွေးအေးများ ထွက်လာလေသည်။ အကယ်၍ ဟန်ချန်အန်းသာ သူ့အား သနားရန် တောင်းဆိုမပေးခဲ့လျှင် သူသည် သေမိန့်ချမှတ်ခံနေရလောက်ပြီ ဖြစ်၏။ ထိုသည်က ရိုးရှင်းသည့် သေဆုံးမှုမျိုးလား…… သူသည် ထိုစက်ဆုပ်ဖွယ် သခင်၏ ဂုဏ်သတင်း ညိုးနွမ်းသည် ဖြစ်စေ၊ မညိုးနွမ်းသည် ဖြစ်စေ ဂရုမစိုက်ချေ။ သူသည် သူ့အသက်ကိုသာ အလေးထား၏။
“မြို့စားကြီး…. ကျွန်တော့်အသက်ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…..”
မိုဝူကျီသည် ဟန်ချန်အန်းအား မတ်တပ်ရပ် ဂါရဝပြုကာ ဦးညွှတ်လိုက်လေသည်။
ဟန်ချန်အန်းသည် မိုဝူကျီကို မြန်မြန် ဆွဲထူကာ ရယ်မော၍
“ မင်းသာ နင်အာရဲ့ အာရုံစိုက်မှု မရခဲ့ရင် တခြားအစောင့်တွေလိုပဲ ဖြစ်နေမှာ….. ငါကိုယ်တိုင် ဝင်ပါပြီး မင်းကို တော်ဝင်မြို့တော်ဆီ ခေါ်သွားပေးဖို့ နင်အာဆီ တောင်းဆိုလို့ ရမှာ မဟုတ်ဘူး….. ဒါပေမဲ့လဲ မင်းက သူမရဲ့ အာရုံစိုက်မှုကို သာမက သူမရဲ့ ပြဿနာအကြီးကြီးကိုပါ ကုညီဖြေရှင်းပေးခဲ့တယ်…..ဒါတွေက စွမ်းဆောင်ရည်ရှိတဲ့ လူတစ်ယောက်က အမြဲထူးချွန်နေတာကို ပြနေတာပဲ….. မင်းအကြောင်း ငါထင်တာ မှန်ခဲ့တယ်…..”
“မြို့စားကြီး…. ချီးမွန်းလွန်းနေပါပြီ……”
မိုဝူကျီ အသည်းအသန်လိုချင်သည်က ချင်ယွီပြည်နယ်မှ ထွက်သွားရန် ဖြစ်၏။ ထိုစက်ဆုပ်ဖွယ် ပြည်နယ်သခင်က စိတ်ပြောင်းပြီး သူ့အား မသတ်ဘူးဟု မည်သူက သိမည်နည်း။ ထိုသခင်သည် မိုမျိုးနွယ်စု အရိုက်အရာ ဆုံးရှုံးခဲ့ရသည့် အကြောင်းရင်း၌ တစ်ခုအပါအဝင် ဖြစ်၏။
ဟန်ချန်အန်းမျက်နှာသည် ရုတ်ချည်း လေးနက်လာကာ ပြောလိုက်သည်
“ဝူကျီ…. တကယ်တော့ ငါ ဒီကို မင်းအကူအညီ လာတာင်းတာ.…”