“စီရင်စုမှူးမတ် ဟန်….ကိုးဘဝပျောက်ကင်းဆေးက ဘာများလဲ…..”
ချင်ယွီပြည်နယ်၏ အရှင်သခင် စစ်ထူချင်သည် ထိုကဲ့သို့ ဆေးမျိုး တစ်ခါမျှ မကြားဖူးချေ။
ဤအကြီးအကဲသည်ကား ချင်ယွီပြည်နယ်၏ နံပါတ်တစ် စီရင်စုခေါင်းဆောင်ဖြစ်သည့် ဟန်ချန်အန်း ဖြစ်၏။ ရှင်းဟန်အင်ပါယာ ဘုရင်မှလွဲ၍ ကျန်သော နိုဘယ်များကို အဆင့်ကိုးဆင့် ခွဲထားသည် - ပြည်နယ် မြို့စားကြီး၊ ပြည်နယ် သခင်၊ ပြည်နယ် မှူးမတ်၊ ပြည်နယ် မြို့စား၊ စီရင်စု နယ်စားကြီး၊ စီရင်စု မှူးမတ်၊ နိင်ငံမှူးမတ် နှင့် စီရင်စု နယ်စားတို့ ဖြစ်၏။
လင်းကျုပြည်နယ်၏ စီရင်စု မြို့စားကြီးသည် ယီဖန်စီရင်စု သခင်အောက်တွင် ရှိပုံရ၏။ သို့သော်တွင် လက်တွေ့၌ လင်းကျူပြည်နယ်အတွင်း စီရင်စုနယ်စားကြီး၏ အဆင့်အတန်းသည် စီရင်စုသခင်ထက် ပို၍ မြင့်မား၏။ ပြည်နယ်သခင်တစ်ယောက်ဖြစ်သည့် စစ်ထူချင်သည်လည်း ရှင်းဟန်အင်ပါယာတွင် ပြည်နယ် မြို့စားကြီးနောက်တွင် ရှိပုံပေါ်သော်ငြား အကယ်၍ သူသာ ရှင်းဟန်အင်ပါယာ၏ ဂျင်လူး ခန်းမထဲ တက်ရောက်ရပါက ပြည်နယ်သခင်တစ်ယောက်၏ အဆင့်အတန်းသည် ပြည်နယ် မြို့စားနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
မြို့စားကြီး၊ မှူးမတ်၊ မြို့စားများနှင့် တစ်ခုတည်းသော ခြားနားချက်သည် ပြည်နယ်နှင့် စီရင်စုသခင်များသည် ပို၍ အခွင့်ထူးရှိလေ၏။ သူတို့၏ ကိုယ်ပိုင် စစ်တပ်နှင့် ပြောဆိုခွင့်ပါ ရရှိလေသည်။ အင်ပါယာ၏ ဂျင်လူးခန်းမ အပြင်တွင် သူတို့ကိုင်ဆွဲထားသည့် အာဏာသည် မြို့စားကြီးနှင့် မှူးမတ်တို့နှင့် ယှဉ်ပြိုင်နိုင်မည့် အရာမဟုတ်ချေ။
ဟန်ချန်အန်းသည် မြန်မြန်ဆန်ဆန် မတ်တပ်ရပ်လိုက်ပြီး ပြန်ဖြေလိုက်၏
“သခင်….. လွန်ခဲ့တဲ့ လအနည်းငယ်က ဒန်းဟန်ဆေးလုပ်ငန်းရဲ့ ဆေးကြော်ငြာအသစ်က ယောင်ကျိုးတစ်လျှောက် ပြန့်နှံ့နေခဲ့ပါတယ်…… သူတို့က ကိုးဘဝပျောက်ကင်းဆေးလို့ အမည်ရတဲ့ ကုသဆေးအသစ်ကို ထုတ်လုပ်ထားပါတယ်…..”
စစ်ထူချင်သည် ခေါင်းညိတ်လိုက်သည်။ သူသည် ဤအရာကို အရင်က ကြားမိသော်လည်း အလေးအနက် မထားခဲ့ချေ။ တချို့ကိစ္စများတွင် ဒန်းဟန်ဆေးလုပ်ငန်းသည် ချင်ယွီပြည်နယ်ကို ထောက်ပံ့ပေးခဲ့သည်။ ဆေးအမည်သည် အနည်းငယ်တင်စီးနေသော်ငြား တရားမဝင်ခြင်းတော့ မဟုတ်ချေ။
ဟန်ချန်အန်းသည် ဆက်၍ ပြောလိုက်သည်
“ကိုးဘဝပျောက်ကင်းဆေးရဲ့ ကြော်ငြာမှာ တစ်စုံတစ်ယောက်က ဒဏ်ရာရပြီး အသက်တမျှင် ကျန်နေရင်တောင် ကုသပျောက်ကင်းနိုင်တယ်ဆိုပြီး အပိုတွေပြောထားတယ်…… အရင်က ဒီခေါင်းစဉ်က အလွန်ခေတ်ထခဲ့သေးတယ်…. ဒီကောလဟာလတွေကို အမှားတွေ ဖြစ်လိမ့်မယ် လို့ ကျွန်တော် ထင်မိခဲ့တာ…… ဒါပေမဲ့လည်း ဗိုလ်ချုပ် ဟူဖေး ပြောပုံအရ ဆေးအာနိသင်က တကယ် အမှန်ဖြစ်ပုံပေါ်တယ်……”
“ဗိုလ်ချုပ် ဟူဖေး….. မင်းရော စီရင်စု နယ်စားကြီး ပြောသွားတာတွေ မှန်တယ်လို့ ထင်လား…..”
စစ်ထူချင်၏ မျက်လုံးများသည် လိုချင်တပ်မက်စိတ်ဖြင့် ပြောင်းလဲလာ၏။
ပြည်နယ်သခင်တစ်ယောက်ဖြစ်၍ သူ့၏ အာရုံခံစားမှုသည် မိုဝူကျီ မယှဉ်နိုင်လောက်သည့် တစ်စုံတစ်ခု ဖြစ်၏။ သူသာ ချက်ချင်း ဤသို့သော ဆေးမျိုးကို ရွေးချယ်နိုင်လျှင် စစ်တပ်အတွက် ကြီးမားသည့် လက်နက်တစ်ခု ဖြစ်လာလိမ့်မည်။ သူသည် အင်ပါယာ ဝင်မစွက်ဖက်ခင်တွင် ဆေးမှ အကျိုးမြတ်များကို ချင်ယွီပြည်နယ် ရရှိစေရန် ပြုလုပ်ရမည်။ ပို၍ အရေးကြီးသည်က သူသည် ဤဆေးထုတ်လုပ်မှုကို ပိတ်သိမ်းပစ်ပြီး ဆေးဖော်စပ်ခဲ့သူကိုလည်း အကျဉ်းချထားရမည်။
“ပြည့်စုံလှတဲ့ အမှန်တရားပါ….. ဤကိစ္စက သံမဏိအဖွဲ့ခွဲကြောင့် အမှန်အတိုင်းသိရှိခဲ့တာပါ…..”
ကျောင်ဟူဖေးသည် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
“အခုချက်ချင်း ဒန်းဟန်ဆေးလုပ်ငန်းမှာ ပါဝင်နေတဲ့ လူအားလုံးကို ထိန်းချုပ်လိုက်ပြီး ကိုးဘဝပျောက်ကင်းဆေး ဖော်စပ်သူကို ငါ့ရှေ့မှောက် ခေါ်လာခဲ့……”
အမှန်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် စစ်ထူချင်သည် တွေဝေခြင်းမရှိ အမိန့်ပေးလိုက်သည်။
“ခဏစောင့်ပါဦး…သခင်…”
အဝလွန်နေသည့် လူကြီးတစ်ယောက်သည် ရုတ်တရက် လျှောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
စစ်ထူချင်၏ လက်သည် ခဏရပ်တန့်သွားပြီး သူ့အမိန့်အား ထမ်းဆောင်ရန် လုပ်နေသည့် အစောင့်များကို တားဆီးလိုက်သည်။ ဒေါသကို ချုပ်ထိန်းရင်း မေးလိုက်သည် “ဂျီအိုက်ချင်း….. ဒီလိုအချိန်မျိုးမှာ ဘာပြောချင်တာလဲ…..”
လူဝကြီးသည် သူ့အိတ်ကပ်မှ စာလုံးများရေးမှတ်ထားသည့် စာရွက်အပိုင်းအစတစ်ခု ထုတ်ယူကာ တုန်လှုပ်နေသည့် လက်ဖြင့် ကမ်းပေးလိုက်၏
“သခင်….. ဒီမနက် အင်ပါယာခုံရုံးဆီ လာစဉ်က တစ်ယောက်ယောက်က ဒီဟာတွေက ကိုးဘဝပျောက်ကင်းဆေး၏ ဆေးနည်းဖြစ်ကြောင်း ပြောပြီး ဝေပေးနေတာ မြင်လိုက်တယ်…. ကိုးဘဝပျောက်ကင်းဆေးကို ဖော်စပ်ခဲ့တဲ့ မိုဝူကျီက သူ့မိဘများကို ရည်မှန်းပြီး လူဆင်းရဲများရဲ့ ဘဝကို ပိုကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပေးနေတယ်လို့ ကြားခဲ့တယ်…..”
“ဘာ…”
စစ်ထူချင်သည် စာရွက်ကို ကမန်းကတန်း ဖွင့်ကြည့်လိုက်၏။ ကြည့်လိုက်သည့်အခါတွင် ထိုအပေါ်တွင် စာကြောင်းရေ အများပြားနှင့် စာလုံးများ ရေးသားထားလေသည်။ ပါဝင်သည်က ကိုးဘဝပျောက်ကင်းဆေးအကြောင်း အသေးစိတ် ရေးသားထားသည့် ဖော်စပ်နည်း ဖြစ်ပြီး ဆေးနောက်ကွယ်မှ အယူအဆများကိုပင် ရှင်းပြထား၏။ သူပင် ဆေးထုတ်လုပ်သည့် အစနေရာကို သိလေသည်။
ဤစာရွက်အပိုင်းလေးတွင် ကိုးဘဝပျောက်ကင်းဆေးသည် အဘယ်ကြောင့် ဘက်တီးရီးယားများကို သတ်နိုင်ခြင်းနှင့် ပိုးဝင်ခြင်းကို တားဆီးနိုင်ခြင်း စသည့်အကြောင်းအရာများကိုပင် ရှင်းပြထား၏။ ဤဆေးတွင် နောက်ထပ် နာမည်တစ်ခုထပ်ရှိသေးသည်။ ထိုသည်မှာ ပင်နီဆလင် ဟူသော အမည်ဖြစ်၏။
“ဘန်း…..”
စစ်ထူချင်သည် စာရွက်ကိုင်ထားသည့် လက်ကို ရိုက်ချလိုက်ပြီး ဒေါသဖြင့် အမိန့်ချမှတ်လိုက်သည်
“အစောင့်တွေ…..အခုချက်ချင်း မိုဝူကျီကို ဖမ်းဆီးပြီး ငါ့ဆီ ခေါ်လာခဲ့စမ်း….. တစ်ချိန်တည်း ဒီဆေးနည်းက ဘယ်လိုပြန့်သွားလဲ… ဘယ်သူ ဖြန့်လိုက်တာလဲ ဆိုတာပါ စုံစမ်းခဲ့……သူတို့ကို သာ ထိန်းချုပ်နိုင်ရင် ဆေးနည်းပိုင်ဆိုင်တဲ့သူ အားလုံးကို ထိန်းထားလိုက်…..”
စစ်ထူချင် ထုတ်ပြောရန် တစ်ခုကျန်ခဲ့သည်က ဆေးနည်းအပေါ် မျက်စိကျနေသူအားလုံးကို သတ်ပစ်ပြီး သတ်၍ မရနိုင်သောသူများအား ကိုးဘဝပျောက်ကင်းဆေး ထုတ်လုပ်ရန် ဆေးအလုပ်ရုံအသစ်တွင် ခိုင်းရန် ဖြစ်၏။
တော်ဝင်ခုံရုံးတွင် လုံးဝတိတ်ဆိတ်သွားပြီး တစ်ယောက်မှ အသံမထွက်ရဲကြချေ။ ဆင်ခြင်နိုင်စွမ်းရှိသူ အားလုံးသည် ပြည်နယ်သခင်၏ နည်းလမ်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း မြင်သာနိုင်၏။
သူတို့သည် မည်သည့်အချိန်က ခုံရုံးအစည်းအဝေးကို စတင်ခဲ့သနည်း….. ကောင်းကင် မှောင်မိုက်ဆဲအချိန် နေမထွက်ခင်ကပင် စတင်ခဲ့ရာ ယခုပင် နေ့လည်စာ စားချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ တစ်မနက်တည်းဖြင့် ကိုးဘဝပျောက်ကင်းဆေးနည်း မိတ္တူအားလုံးကို စုစည်းနိုင်ရန် မဖြစ်နိုင်ချေ။
မျှော်လင့်ထားသည့်အတိုင်း အစောင့်ခေါင်းဆောင်သည် လာရောက် အကြောင်းကြား၏
“သခင်…….ကျွန်တော် တင်ပြစရာ ရှိပါတယ်….. မိုဝူကျီက ပုံနှိပ်တိုက်များကို ဌားရမ်းခဲ့ပြီး ဆေးနည်းများ သောင်းချီ၍ ထုတ်ခဲ့ပါတယ်…..ပြီးတော့ ယောင်ကျိုးမြို့ဂိတ် လေးဖက်လေးတန်တွင် ဖြန့်ဝေရန် လူများပင် ခန့်အပ်ခဲ့ပါတယ်…..အဲဒီအပြင် သူက အခြား လူများလာရောက်လည်ပတ်သည့် နာမည်ကြီးနေရာများတွင် အလကား ဖြန့်ဝေရန်လည်း လူများစွာ ဌားရမ်းခဲ့ပါတယ်….. ကျွန်တော်စိုးရိမ်မိတာက ကုန်သည်များ အပါအဝင် မြို့အတွင်းအပြင်အားလုံး ဒီဆေးနည်းကို ရရှိပြီးသား ဖြစ်နေမှာကိုပါ…..”
စစ်ထူချင်သည် လက်မှ အင်အားများ လျော့ကျသွားလေ၏။ ယောင်ကျိုးမြို့သို့ ရက်စဉ်ရက်တိုင်း ဖြတ်သန်းနေသည့် ကုန်သည်များသည် မည်မျှပင် များပြားလိမ့်မည်နည်း…… သူတို့အားလုံးကို ဖမ်းဆီးနိုင်မည်လား…… သူ လုပ်နိုင်သည် ဆိုလျှင်ပင် အသုံးမဝင်တော့ချေ။
ယောင်ကျိုးတွင် အခြားနိုင်ငံများမှ သူလျိုများ မရှိနိုင်ဘူးလား…… ပြောင်းလဲခြင်း ဖြစ်စေနိုင်သည့် ကိုးဘဝပျောက်ကင်းဆေးကဲ့သို့ ဆေးမျိုးသည် သူတို့၏ သက်ဆိုင်ရာနိုင်ငံကို သေချာပေါက် ပြန်ပို့ဆောင်ပြီးလိမ့်မည်။ ပို၍ အရေးကြီးသည်က မိုဝူကျီသည် လူများပင် ဌားရမ်း၍ ယောင်ကျိုးမြို့အပြင်ကို ဆေးနည်း ဖြန့်ဖြူး၏။ နတ်ဘုရားပင် မိတ္တူများအားလုံးကို ပြန်၍ စုစည်းနိုင်မည် မဟုတ်ချေ။
“သခင်….. ဖြစ်နိုင်တာက မိုဝူကျီက တစ်ခုခု အာရုံခံမိပြီး ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာများ ဖြစ်နေမလား….”
အသားရည် လတ်သည့် အမျိုးသားသည် မတ်တပ်ရပ်ကာ ပြောလိုက်သည်။
စစ်ထူချင်သည် အမျက်ဒေါသထွက်စွာ မျက်မှောင်ကျုံ့လိုက်ပြီး ထိုသည်က မဖြစ်နိုင်ခြင်း မဟုတ်ပေ။ သူသာ တစ်ခုခုကို အာရုံခံမိခဲ့လျှင် အဘယ်ကြောင့် ဆေးနည်း ဖြန့်ဖြူးသည့် အချိန်အထိ စောင့်နေမည်နည်း….
“မဖြစ်နိုင်ဘူး… ဟုတ်တယ်မလား…. မိုဝူကျီသာ ဒီလောက် အာရုံခံမိတယ်ဆိုရင် ဒီလိုအရာမျိုးလုပ်ဖို့ စောင့်ဆိုင်းနေမှာ မဟုတ်ဘူး….. ကိုးဘဝပျောက်ကင်းဆေး ရောင်းချငွေများကို စတင်ရရှိမှသာ အဲလိုလုပ်လိမ့်မယ် …… ကိုးဘဝပျောက်ကင်းဆေး နည်းအကြောင်း ထုတ်ပြောစရာ မရှိလောက်ဘူး…..”
ဟန်ချန်အန်းသည် တခြားသူများ၏ အမြင်ကို သဘောမတူခဲ့ချေ။
ပြည်နယ်သခင် စစ်ထူချင်သည် ငြိမ်သက်သွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်
“ဒန်းဟန်ဆေးလုပ်ငန်း ကို အချိန်တစ်ခုအထိ လွှတ်ထားလိုက်ဦး….. ကိုးဘဝပျောက်ကင်းဆေးကို ဖော်စပ်ခဲ့တဲ့ မိုဝူကျီ နောက်ကြောင်းက ဘာလဲ….. ငါတို့ရဲ့ ချန်လင်းပြည်နယ်မှာရှိတဲ့ ဆေးဖော်စပ်သူ အများစုမှာ အဲလိုနောက်ခံမျိုး ရှိတတ်ကြတယ်မလား…”
အစောင့်ခေါင်းဆောင်သည် အမြန်အဆန်ပြောလိုက်၏
“မိုဝူကျီရဲ့ နာမည်အရင်းက မိုရှင်းဟယ်ပါ…. သူ့ဖခင်က မိုဂေါင်ယွမ်ဖြစ်ပြီး သူ့အဖိုးက မိုထင်းချန်ဖြစ်ပါတယ်…..”
“မိုထင်းချန်လား…. မြောက်ဖက်ပိုင်း ချင်စီရင်စု သခင်လား….”
စစ်ထူချင်သည် နောက်ဆုံးတွင် မှတ်မိသွားလေ၏။ မိုထင်းချန် အမည်သည် သူနှင့် အလွန်ရင်းနှီးကျွမ်းဝင်လှ၏။
အစောင့်ခေါင်းဆောင်သည် ပြန်ဖြေကြားလိုက်သည်
“ဟုတ်ပါတယ်…. လွန်ခဲ့တဲ့ နှစ်၂၀ က မိုထင်းချန်က ယောင်ကျိုးရောက်လာပြီး ပျောက်ကွယ်သွားခဲ့တယ်….. နောက်ပိုင်းမှာ မိုဂေါင်ယွမ်က သူ့ဇနီးနဲ့ သားကို ယောင်ကျိုးသို့ ခေါ်ဆောင်လာခဲ့တယ်…… လွန်ခဲ့တဲ့ နှစ်များစွာက မိုဂေါင်ယွမ်က သေဆုံးသွားခဲ့ပြီး မိုရှင်းဟယ်သာ ကျန်ရှိခဲ့ပါတယ်……မိုရှင်းဟယ်လည်း မြောက်ဖက်ပိုင်း ချင်စီရင်စုသခင်ဖြစ်လာရေးမှာ အစွဲအလမ်းကြီးခဲ့ပြီးတော့ ရူးသွပ်သွားခဲ့ပါတယ်….. လွန်ခဲ့တဲ့ လအနည်းငယ်က မိုရှင်းဟယ်က အနည်းငယ် တိုးတက်လာတဲ့ လက္ခဏာပြခဲ့ပြီး ယောင်ကျိုးအလုပ်အဖွဲ့အစည်းဆီ အလုပ်ရှာရန် သွားရောက်ခဲ့တယ်….. သူ့နာမည်ကို မိုဝူကျီလို့ ပြောင်းလဲလိုက်ပြီး ဒန်းဟန်ဆေးလုပ်ငန်းမှာ ဝင်လိုက်ပြီး သူတို့ရဲ့ ဆေးဖော်စပ်ရေး အကြီးအကဲဖြစ်လာခဲ့တယ်….. ပြီးတော့ ကိုးဘဝပျောက်ကင်းဆေးကို ဖော်စပ်နိုင်ခဲ့တယ်….. ”
အစောင့်ခေါင်းဆောင်သည် ထိုအရာများကို ရင်သပ်ရှုမောဖွယ် ပြောလိုက်၏။ ခုံရုံးအတွင်းရှိ လူများသည် အကြောင်းရင်းကို သိကြသည်။ ယောင်ကျိုးသို့ ရောက်လာပြီးနောက်တွင် မိုဂေါင်ယွမ်ဆီမှ လက်ဆောင်ကဏ္ဍာသည် အဆက်မပြတ်ခဲ့ချေ။ ခုံရုံးမှ လူများတွင် မိုဂေါင်ယွမ်ထံမှ လက်ဆောင်ပဏ္ဍာမရရှိဖူးသော သူသည် အနည်းငယ်သာ ကျန်ရှိလိမ့်မည်။ မိုဂေါင်ယွမ် သားဖြစ်သည့် မိုရှင်းဟယ်သည် ရူးသွပ်သွားခဲ့ကြောင်း အရင်က ကြားဖူးလေ၏။ တစ်ခုတည်းသော သူတို့ မမျှော်လင့်ထားသည်က ပြန်နေကောင်းလာပြီးနောက်တွင် မိုရှင်းဟယ်သည် အုတ်အော်သောင်းနင်း ဖြစ်စေသည့် အရာအား ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
စစ်ထူချင်သည် စကားမပြောပေ။ သူသည် မြောက်ဖက်ပိုင်း ချင်စီရင်စု သခင်မိသားစုနှင့် အတွင်းရေး ရှုပ်ထွေးမှုများ အကြောင်း အရာအားလုံးသိ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မိုမိသားစု အရိုက်အရာ မဆက်ခံနိုင်သည့် ကိစ္စတွင် သူသည် တစ်ဖက်တစ်လမ်းမှ ပါဝင်ပတ်သတ်နေသည်။ မိုထင်းချန်၏ မြေးဖြစ်သူ ရူးသွပ်သွားသည့် ကိစ္စကို ကြားဖူး၏။ အခုချိန်ထိ မိုရှင်းဟယ် အသက်ရှင်နေသည့် ကိစ္စကို မမျှော်လင့်ထားခဲ့ချေ။
ထိုအခိုက်အတန့်တွင် ခုံရုံးအပြင်ဘက်မှ ကြေညာသံတစ်ခု ထိုးဖောက်လာ၏
“မိုဝူကျီ ကို ခေါ်ဆောင်လာပါပြီ…..”
“အထဲ ခေါ်လာဖို့ မလိုဘူး… ဆွဲခေါ်သွားပြီး သတ်ပစ်လိုက်…..”
စစ်ထူချင်သည် အေးစက်စွာ အမိန့်ပေးလိုက်သည်။