နှစ်နာရီကြာပြီးသည့်နောက် မိုဝူကျီ၏ စိတ်အားထက်သန်မှုသည် တစ်စတစ်စ ကွယ်လွင့်ပျောက်ပျယ် သွားလေသည်။ ဆေးသည် သူ့ချီသွေးကြောတစ်ကြောကို ချဲ့ပေးသော်ငြား နှစ်နာရီကြာပြီးသည့်နောက်တွင် ကျယ်ပြန့်ခြင်းသည် ရပ်စဲသွား၏။ လောင်ကျွမ်းနေသော ခံစားချက်သည်လည်း ဆေးကန့်သတ်ချက် ရရှိသွားသကဲ့သို့ ပျောက်ကွယ်သွားသည်။
မည်သို့ ဖြစ်နိုင်မည်နည်း...... မိုဝူကျီသည် ခေါင်းအေးအေးထား စဉ်းစားလိုက်ပြီး သူ့လမ်းကြောင်းများ ချဲ့သည့် အချိန်က နာကျင်မှုများကိုပင် မေ့ပျောက်သွား၏။
ဤသည်က အမှိုက်သရိုက်များနှင့် ပြည့်နေသည့် ရေမြောင်းနှင့် တူလေသည်။ ရေစီးဆင်းလာသည့်အခါ အမှိုက်များသည် ရေဖြင့် မျှောပါသွားရမည် ဖြစ်သည်။ သို့သော် မြောင်းတွင် အမှိုက်များ ရှင်းလင်းမည့်ဆဲဆဲတွင် စီးဆင်းတော့မည့် ရေလက်ကျန်မရှိတော့ချေ။ မျှောပါသွားသည့် အမှိုက်များသည် အပေါက်တွင် တစ်စို့နေပြီး ဆည်သကဲ့သို့ ဖြစ်ပေါ်နေပြီး ပိတ်ဆို့ခြင်းကို ပို၍ ဆိုးရွားစေသည်။
သူ့အရင်ဘဝတွင် မိုဝူကျီသည် ဆေးသောက်ပြီး နှစ်နာရီမပြည့်ခင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့တွင် ဖြေဆေးသည် လမ်းကြောင်းကို ဖွင့်နိုင်ခြင်း၊ မဖွင့်နိုင်ခြင်းနှင့် ထိုချီသွေးကြောများသည် တစ်နေရာတွင် ပိတ်ဆို့ခံရခြင်းများအကြောင်း သဲလွန်စမရှိပေ။
မဟုတ်သေးဘူး..... ပမာဏ မလုံလောက်ခြင်းသာ ဖြစ်ရမည်။
မိုဝူကျီသည် အံ့ကိုကြိတ်၍ နောက်ဖြေဆေးတစ်ပုလင်းကို ဖွင့်ကာ သောက်လိုက်သည်။
ပထမအကြိမ် ဆေးသောက်လိုက်သည့်အချိန်တွင် မီးကြောတစ်ခုကို မျိုချလိုက်သလိုဖြစ်ခဲ့ပြီး ဒုတိယအကြိမ်တွင် မီးလုံးကို မျိုချလိုက်သလို ဖြစ်၏။ မိုဝူကျီသည် သူ့ခန္ဓာတစ်ခုလုံး ဤမီးလုံးက ဝါးမျိုသွားပြီး ပြာအဖြစ်ပြောင်းသွားတော့မည်ဟု ခံစားနေရသည်။
နာကျင်မှုသည် ပြင်းထန်လွန်းသည့်အတွက် အကြောသေသွားသကဲ့သို့ မြေပြင်ပေါ်လဲကျလာသည်။ အဆုံးတွင် သူ့တစ်ကိုယ်လုံးသည် အကြောဆွဲခြင်းခံစားနေရပြီး အသက်ရှူဖို့ပင် ခက်ခဲလာခဲ့သည်။ နောက်ထပ် နှစ်နာရီကြာပြီးနောက် ကြွက်သားများ နာကျင်မှုသည် တဖြေးဖြေးချင်း ကွယ်ပျောက်သွားလေသည်။
မိုဝူကျီသည် ကတုန်ကယင်ဖြစ်နေသော်ငြား ခုံတန်း၏ အကူအညီဖြင့် မတ်တပ်ရပ်နိုင်ခဲ့သည်။ သူ့နှလုံးသားသည် ရေခဲတမျှ အေးစက်နေလေသည်။ သူသည် ဒုတိယပုလင်းသောက်ပြီးသည့်နောက်တွင် သူ့အား ပိုဆိုးရွားစေပြီး ပိတ်ဆို့မှုသည် ပထမအကြိမ်ကဲ့သို့ တူညီသည့်နေရာမှာပင် ကျန်ရှိနေကြောင်း ရှင်းလင်းစွာ သိရှိလိုက်သည်။
သူသာ တတိယပုလင်းသောက်လျှင် အသက်ပျောက်သွားမှာ သေချာလှသည်။
အတိုချုန်းအားဖြင့် သူ့၏ ချီသွေးကြော ကျယ်ပြန့်ခြင်းဆေး ဖော်စပ်မှုသည် ကျရှုံးမှုတစ်ခု ဖြစ်၏။
အကယ်၍ ထိုမိန်းမသည် ဆေးက မအောင်မြင်မှုတစ်ခုဖြစ်ကြောင်း သိရှိသွားခဲ့လျှင် သူမအပြုအမူများကို နောင်တရနေမည်လား.... ဖြစ်နိုင်သည်က သူမသည် သူ့အား ဖြေဆေးအောင်အောင်မြင်မြင် မဖော်စပ်နိုင်ခင် သတ်လိုက်ခြင်းကို နောင်တရခြင်း ဖြစ်လိမ့်မည်။
မိုဝူကျီသည် မှန်ထဲ သူ့၏ ဖြူဖပ်ဖြူရော် မျက်နှာကို မြင်တွေ့နိုင်သည့် စားပွဲဆီ ဖြေးဖြေးချင်း ရွေ့သွားလိုက်သည်။ သူသည် နောက်ထပ် အခွင့်အရေးမရှိတော့ကြောင်း သိရှိ၏။ ပျော်ရွှင်မှုမှ စိတ်ပျက်အားငယ်မှုဆီ ကူးပြောင်းသွားဖို့ရန် လေးနာရီသာ လိုအပ်ခဲ့သည်။ လေးနာရီ ကုန်ဆုံးသွားပြီး သူသည် ချီသွေးကြောများကို မဖွင့်နိုင်၍ ကျင့်ကြံနိုင်ခြင်း မရှိသေးချေ။
ကမ္ဘာမြေပေါ်မှာသာဆိုလျှင် သူ့တွင် ဖြေဆေးကို ထပ်ပြင်ဆင်ရန် အချိန်ပိုများရှိသော်လည်း ဤနေရာတွင် မရှိချေ။ စမ်းသပ်ခန်း အနှုတ်စုပ်ကုတ်တွင် ဖြေဆေးကို ဖော်စပ်နိုင်သည်ဆိုပါက အံ့ဖွယ်ဖြစ်လိမ့်မည်။ ယခင်က သူသည် အခြားအရာများထက် သူ့အတွေ့ကြုံကို မူတည်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။
သူသည် သက်ပြင်းချလိုက်ပြီး စိတ်ပျက်စွာဖြင့် သူနဂိုအခြေအနေဆီ ဖြေးညှင်းစွာ ရောက်သွားခဲ့သည်
“ဘယ်လိုပဲ ဖြစ်လာလာ.... ဖြစ်လာမှာပဲ....” သူသည် ရေခရားကို ယူကာ သူ့ကိုယ်တိုင် ခွက်တစ်ခွက် ဌဲ့လိုက်သည်။
“မဟုတ်သေးဘူး.....”
မိုဝူကျီသည် ပြောရင်း နှုတ်ခမ်းနား ကပ်နေသည့် ခွက်ကို ချလိုက်သည်။ သူ့မျက်နှာသည် ပို၍ ဖြူဖျော့လာလေသည်။
အပင်များပေါ်တွင် နှစ်များစွာ စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက်တွင် မိုဝူကျီသည် အပင်များ၏ အနံ့များဖြင့် ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ သူဌဲ့ချလိုက်သည့် ရေတွင် မြှားဆိပ်အနံ့အနည်းငယ် ပါဝင်နေသည်။
ဤအရာသည် သေချာပေါက် အလွန်အဆိပ်ပြင်းသည့် မြှားဆိပ်အပင် မှ ထုတ်ထားခြင်း ဖြစ်ရမည်။
မိုဝူကျီသည် တစ်စုံတစ်ယောက်က သူ့ကို သတ်ချင်မှန်း သိသည့်အရာ အလွန်တရာ တုန်လှုပ်သွားခဲ့သည်။ သူသည် ဆက်၍ စိတ်မပျက်တော့ပေ။
ထိုအခိုက်အတန့်တွင် မိုဝူကျီသည် မည်သို့ဖြစ်ပျက်ကြောင်း နားလည်သွား၏။ သူသည် တော်ဝင်သွေးဖြစ်သော်လည်း လူအများက အာရုံမစိုက်ကြသည်မှာ သူသည် အမြဲရူးသွပ်နေ၍ ဖြစ်သည်။ သို့သော် သူသည် ယခု ပြန်ကောင်းမွန်သွားသည့်အပြင် ဒန်းဟန်ဆေးလုပ်ငန်း၏ ထူးထူးကဲကဲ အောင်မြင်မှုကြောင့် ချမ်းသာတော့မည် အချက်ပါ ထည့်တွက်လျှင် လူအများက စတင်၍ ဂရုပြုမိလာကြသည်။ မည်သူကမှ ရူးသွပ်နေသည့် နိုဘယ်တစ်ယောက်ကို အာရုံမရှိချေ။ သို့သော် လူအများစုသည် စွမ်းဆောင်နိုင်စွမ်းရှိသည့် မြောက်ဖက်ပိုင်း ချင်စီရင်စု၏ မျိုးဆက်ကို တော့ ကြောက်ရွံ့လိမ့်မည် သို့မဟုတ် အနည်းဆုံးတော့ ဘုရင်ထီးနန်းလုယူရန် ကြိုးစားဖူးသည့် လူများတော့ ကြောက်ရွှံကြလိမ့်မည်။
မိုဝူကျီသည် စားပွဲပေါ်တွင် ခွက်ကို ညင်သာစွာ ပြန်ချထားလိုက်ရင်း မိမိဘာသာ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ရှင်းဟန်အင်ပါယာတစ်ခုလုံးသည် အလွန်ကြီးမားလှ၍ သူသည် ဝိညာဉ်ကို မနိုးထနိုင်လျှင်ပင် နည်းလမ်းမရှိခြင်းဟု မဆိုလိုပေ။ အခွင့်အရေး အနည်းငယ်ရှိသရွေ့ သူ့အနေဖြင် လက်မလျော့နိုင်ပေ။
ပြန်လည်တွေးတောပြီးနောက်တွင် ပုလင်းခွံများကို သိမ်းဆည်းလိုက်ပြီး မိုဝူကျီသည် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ ကျယ်ပြန့်ခြင်းသာ အောင်မြင်ခဲ့လျှင် သူသည် ရွှေချောင်းများယူကာ စိတ်ဝိညာဉ်ဖွင့်မျှော်စင်သို့ သွားကောင်းသွားလိမ့်မည်။ ထိုသည်က ပို၍ ဆိုးရွားသည့် ကိစ္စများကို ဖြစ်စေနိုင်၏။
ယခင်က သူသည် ဝိညာဉ်လမ်းကြောင်း ဖွင့်နိုင်ခြင်း အပေါ်တွင် လုံးဝအာရုံရောက်နေသည့်အတွက် ဖြစ်လာနိုင်မည့် အန္တရာယ်များကို လျှစ်လျူရှုထားသလို ဖြစ်ခဲ့သည်။
သူ့၏ ကံဆိုးမှုများသည် ကံကောင်းခြင်းအသွင် ဟန်ဆောင်၍ ရောက်ရှိလာဟန် ဖြစ်၏။
သေဘေးသည် သူ့အပေါ်ကျရောက်တော့မည်ကို မြင်တွေ့ပြီး မိုဝူကျိသည် ဒန်းဟန်ဆေးလုပ်ငန်းတွင် ဆက်နေ၍ မဖြစ်နိုင်ကြောင်း သိရှိလိုက်သည်။ သူ့ကဲ့သို့ သာမာန်လူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ထမင်းစားရေသောက်သလို လွယ်ကူပေလိမ့်မည်။
သို့သော် သူသည် မည်သည့်နေရာကို သွားနိုင်မည်နည်း.....
“ဆရာမို...... ချန်လင်းဆေးလုပ်ငန်းရဲ့ အလုပ်သမားတွေ ရောက်နေကြတယ်...... သူဌေးလုက ဧည့်ခံထားတယ်..... သူတို့က ဆရာမိုကိုပါ ဝင်နွဲစေချင်နေတယ်......” လုလုသည် ယှဉ်ကျေးစွာ ပြောလိုက်ပြီး မိုဝူကျီ၏ အတွေးရထားတန်းကြီးကို ဖြတ်တောက်လိုက်၏။
“ကောင်းပြီ.... အခုချက်ချင်းလာခဲ့မယ်.....”
မိုဝူကျီသည် တံခါးကို ဖွင့်ရင်း ပြောလိုက်သည်
“အို..ဟုတ်သား..... စောစောက မတော်တဆ အိုးကိုတိုက်မိသွားတယ်..... ကျေးဇူးပြုပြီး သုတ်ပြီး ရှင်းထားပေးပါဦး.....”
လုလုသည် မိုဝူကျီ ဒန်းဟန်မှာ နေစဉ်တစ်လျှောက်လုံး အလုပ်အကျွေးပြုလာသူ ဖြစ်၏။ မိုဝူကျီသည် သူ့ကို အဆိပ်ခတ်သူကား လုလုမဟုတ်ကြောင်း ယုံကြည်လေသည်။ အကြောင်းရင်းမှာ ဤနေရာသည် လူများ လွယ်လင့်တကူ ဝင်နိုင်ထွက်နိုင်၍ ဖြစ်သည်။ လုပ်ကြံသူသည် တခြားသူကို အကူညီတောင်း၍ လုပ်ဆောင်ခိုင်းရန် မမိုက်မဲလောက်ချေ။
“ဟုတ်ကဲ့ ဆရာမို....”
လုလု၏ မိုဝူကျီ အပေါ် လေးစားမှုသည် သူမနှလုံးသား အောက်ခြေမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သူမသည် မိုဝူကျီက ဒန်းဟန်ဆေးလုပ်ငန်းအတွက် ခြားနားသည့် ဘဝကို ဆောင်ယူပေးလာကြောင်း သိရှိ၏။
“ဟားဟား..... ညီလေးမို..... မိတ်ဆက်ပေးရဦးမယ်..... ဒါက ချန်လင်းဆေးလုပ်ငန်းရဲ့ ပိုင်ရှင် မေးရှုပဲ...”
မိုဝူကျီ အစည်းအဝေးခန်းထဲ ဝင်လာသည်နှင့် လုကျိုးကျွင်းသည် မိန်းမပျိုတစ်ယောက်ကို ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်သည်။ သူ့အား ညီလေးမိုဟု ခေါ်ဆိုရင်း လုကျိုးကျွင်းသည် မိုဝူကျီနှင့်သူ့ကြားရှိ ရင်းနှီးသည့် ဆက်ဆံရေးကို မေးရှုအား အရိပ်အမြွက် ပြနေလေသည်။
“ဟေး.....ညီလေးမို.... မင်း နေမကောင်းဘူးလား.....”
လုကျိုးကျွင်းသည် သူမိတ်ဆက်ပေးမှုကို ပြန်နှောင့်ယှက်လိုက်၏။ သူ့အတွက် ချန်လင်းဆေးလုပ်ငန်းပိုင်ရှင် ဤနေရာတွင် ရှိနေသည်ဆိုလျှင်ပင် မိုဝူကျီသည် သူ့အတွက် အရေးပါဆုံးဖြစ်၏။ မိုဝူကျီ၏ မျက်နှာသည် အလွန်ဖြူဖျော့နေပြီး လမ်းလျှောက်သည်မှာလည်း အလွန်အားနည်းသည့်ပုံ ပေါ်နေလေသည်။
မိုဝူကျီသည် လက်ကို ခါယမ်းလိုက်ရင်း ပြောလိုက်သည်
“မဟုတ်ပါဘူး..... ဒီရက်အတွင်းမှာ နည်းနည်း ပင်ပန်းသွားလို့ပါ......”
စကားဆုံးသည်နှင့် သူသည် မိန်းမပျိုလေးကို ကြည့်ကာ ပြောလိုက်သည်
“သူဌေးမေး... ခင်ဗျားကို တွေ့ခွင့်ရတာ ဂုဏ်ယူပါတယ်.....”
မေးရှုမျက်လုံးသည် မိုဝူကျီတစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီး ပြောလိုက်သည်
“ဆရာမို..... ရှင့်လို နာမည်ကြီးတစ်ယောက်နဲ့ တွေ့ခွင့်ရတာလည်း အရမ်း ကျေနပ်မိပါတယ်.....”
မိုဝူကျီသည် မေးရှု၏ ရည်ရွယ်ချက်ကို သိပေမဲ့ ရယ်မောရင်း ပြောလိုက်သည်
“ကျွန်တော်က နာမည်ကြီးလိုက် မကြီးလိုက်ပါပဲဗျာ.... တစ်ခါတစ်လေ အခုထိ ဘုရင်လို့ တွေးမိနေဆဲပဲ.......”
ကိစ္စများသည် အလုပ်မဖြစ်လျှင် သူသည် အရူးအဖြစ် ဆက်လက်၍ ဟန်ဆောင်ဖို့ရန်သာ ကျန်တော့၏။
မေးရှုသည် နေရခက်စွာ ရယ်မောလိုက်ပြီး
“ဆရာမိုက ဟာသတွေ ပြောတတ်တာပဲ..... ရှင့်ကို တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ.....”
သူမသည် ကြင်နာတတ်ပုံရသည့် လူလတ်အမျိုးသားကို ညွှန်ပြရင်း ပြောလိုက်၏
“ဒါက ချန်လင်းဆေးလုပ်ငန်းရဲ့ အကြီးအကဲ ဝူဟယ်ထိုက်.....”
နောက်ထပ် လူကြီး တစ်ယောက်သည် အသက် ၆၀ နီးပါးရှိနေပြီး မေးရှု၏ မိတ်ဆက်ပေးမှုကိုပင် မစောင့်ဘဲ ကိုယ့်ဘာသာ မတ်တပ်ရပ်ကာ ကိုယ်တိုင် မိတ်ဆက်လိုက်သည်
“ကျွန်တော်က ရောင်းချမှုအပိုင်းတာဝန်ယူထားတဲ့ လျိုးဝမ်ရှုန်းပါ..... ဆရာမိုနဲ့ တွေ့ခွင့်ရတာ အရမ်းဝမ်းသာမိပါတယ်......”
မိုဝူကျီသည် ချန်လင်းဆေးလုပ်ငန်းက ဒန်းဟန်ဆေးလုပ်ငန်းသို့ လာရောက်သည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိ၏။ သူသည် ပြုံး၍ ပြောလိုက်သည်
“ထိုင်ပြီး ဆွေးနွေးကြတာပေါ့....”