book

Index 16

အခန်း (၁၆) : စိတ်ဝိညာဉ် ဖွင့်ခြင်း

  • Author : Kilulayuu
  • Genres : Adventure, Science, Action, Xianxia
  • Original Author : Goose Five - 鹅是老五


    ကိုးဘဝပျောက်ကင်းဆေး ပုလင်း ငါးသောင်း။ လုကျိုးကျွင်း၏ တွက်ချက်မှုအရ အားလုံးရောင်းရန် ခြောက်လပင် ယူသော်လည်း ထိုအရာသည်ပင် ကြီးမားသည့် အောင်မြင်မှုရနေပြီ ဖြစ်၏။ အဆုံးသတ်မှာ လက်တွေ့တွင် ဈေးနှုန်းကို မြင့်ပြီးသည့်အပြင် တစ်ရက်ချင်း ဝယ်ယူနိုင်မည့် ပမာဏကို ကန့်သတ်ပြီးသည့်နောက်တွင် ငါးရက်မြောက်နေ့၌ ထိုမျှ ဆေးအများပြားကို ရောင်းထွက်ခဲ့ခြင်းဖြစ်သည်။ သူတို့ နေ့စဉ် ဝယ်ယူနိုင်သည့် ဆေးပမာဏကို ကန့်သတ်ပြီးသည့်နောက်တွင် ကိုးဘဝပျောက်ကင်းဆေးသည် ဆယ်နှစ်ရက်မြောက်နေ့တွင် အကုန်ရောင်းချပြီးသား ဖြစ်သွားလေသည်။

    ကိုးဘဝပျောက်ကင်းဆေး အရည်အသွေးမြင့်ဗားရှင်း ရောင်းချမှုအပါအဝင် ဒန်းဟန်ဆေးလုပ်ငန်းသည် အမြတ်ငွေသီးသန့် ရွှေပြား ၂၅၀ ၀၀၀ ဝင်နေပြီ ဖြစ်သည်။ ကိုးဘဝပျောက်ကင်းဆေး ထုတ်လုပ်သည့် ကုန်ကျငွေသည် သုညနီးပါးရှိသည်ဟု ပြော၍ ရသည်။ ထို့ကြောင့် ရောင်းချမှုအားလုံးသည် အမြတ်ငွေများသာ ဖြစ်၏။

    ဆိုင်အပြင်ဘက်တွင် လူအများအပြား ဆေးဝယ်ယူချင်ကြသည်ကို မြင်သော်လည်း ရောင်းချရန် ဆေးလက်ကျန် မရှိတော့ချေ။ လုကျိုးကျွင်းသည် စိုးရိမ်လာခဲ့သည်။

    “လုလု....ဒါတွေ ထိန်းထားလိုက်ဦး.... ငါ ညီလေးမိုနဲ့ ကိုယ်တိုင်တွေ့ဖို့ လိုအပ်နေပြီ....”

    ထိုအခိုက်အတန့်တွက် လုကျိုးကျွင်းသည် မိုဝူကျီက သူ့ဖခင်ကို ကျော်လွန်၍ မိုထင်းချန်ဆီမှ ဆေးဖော်စပ်သည့် အရည်အချင်းများ အမွေရရှိခြင်းဖြစ်မည်ဟု အပြည့်အဝယုံကြည်သွားလေသည်။ ထိုသို့မဟုတ်လျှင် သူသည် ကိုးဘဝပျောက်ကင်းဆေးကို မည်သို့ ဖော်စပ်နိုင်မည်နည်း.....

    သူသည် လွန်ခဲ့သည့် ဆယ်ရက်က မိုဝူကျီကို ရှာရန် အခြားသော အကြောင်းပြချက်ရှိခဲ့သည်။ ဤအကြိမ်တွင် သူသည် မိုဝူကျီအား ကိုးဘဝပျောက်ကင်းဆေး တတိယအသုတ် ထုတ်ဖော်ရန် အရှိန်မြင့်စေလိုခြင်း ဖြစ်၏။ ဒုတိယအသုတ်သည် လက်ရှိ ကစော်ပေါက်သည့်အခြေအနေထဲ ရှိနေပြီး အဆင့်သင့်နီးပါး ဖြစ်နေလေပြီ။     သို့သော်လည်း မိုဝူကျီသည် တတိယအသုတ်ကို ထုတ်လုပ်ရန် ရည်ရွယ်ချက်ရှိဟန် မပေါ်ပေ။ တစ်နေ့လုံး စမ်းသပ်ခန်းအတွင်းအောင်းနေပြီး ဆေးအသစ်ဖော်စပ်ချင်သည်သာ ပြောနေလေ၏။

    အကယ်စင်စစ်အားဖြင့် လုကျိုးကျွင်း အစီအစဉ်အရ ဒန်းဟန်ဆေးလုပ်ငန်းသည် ကိုးဘဝပျောက်ကင်းဆေးနှင့် အဆင်ပြေနေ၍ အခြားသော ဆေးအသစ်များကို ထုတ်လုပ်ရန် မလိုအပ်ချေ။ သို့သော် မိုဝူကျီက တာဝန်ယူထားခြင်း ဖြစ်သည့်အတွက် သူဆေးအသစ်ဖော်စပ်လိုလျှင် ဖော်စပ်မည်သာဖြစ်သည်။

    “သူဌေးလု....ဆရာမိုက သူ့မထွက်မလာမချင်း တစ်ယောက်မှ လာမရှာဖို့ ပြောထားတယ်.....အစားလာပို့တဲ့သူ အပါအဝင်..... သူတို့တွေကို ပြတင်းပေါက်မှာပဲ ချခိုင်းတာ..... အကယ်၍ အစားသာ မစားခဲ့ဘူးဆိုရင် အသစ်နဲ့ ပြန်လှယ်ပေးရတာ....”

    လုလုသည် အလောတကြီး ပြောလိုက်သည်။

    သူမသည် သူဌေးလုက ဆရာမိုအခန်းထဲ ဇွတ်ဝင်သွားပြီး နှစ်ယောက်ကြား အငြင်းအခုံဖြစ်မည်ကို စိုးရိမ်လှသည်။ ဆရာမိုသည် သူမ မြင်ဖူးသမျှတွင် အတော်ဆုံးဆေးဖော်စပ်သူ ဖြစ်၏။ စိတ်အနှောင့်အယှက်ပေး၍ ရသော ဆရာမျိုး မဟုတ်ချေ။

    “ကောင်းပြီ.....”

    လုကျိုးကျွင်းသည် ကိုယ့်ခေါင်းကိုသာ ပြန်ပုတ်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ချန်လင်းဆေးဆိုင်မှ လူတချို့သည် သူနှင့် ကိုးဘဝပျောက်ကင်းဆေးအကြောင်း လာရောက်ဆွေးနွေးသည်တွင် သူသည် မိုဝူကျီခေါင်းပေါ်သို့ အကုန်ပုံချလိုက်၏။ သူသည် မိုဝူကျီသည် ဆေးအသစ်ကို စမ်းသပ်နေဆဲဖြစ်ကြောင်း ထိုကိစ္စသည် မိုဝူကျီထွက်လာသည်ကို စောင့်ရန်လိုအပ်ကြောင်း ပြောခဲ့သည်။ မိုဝူကျီ၏ ပင်ကိုယ်စရိုက်သည် သူသည် ဆေးများကို စမ်းသပ်နေစဉ် တစ်ယောက်ယောက် နှောင့်ယှက်ပါက ဒေါသအမျက်ခြောင်းခြောင်းထွက်မည့် လူစားမျိုးဖြစ်၏။

    ကမ္ဘာကြီးက သူ့ကို မျက်နှာသာ ထပ်၍ ပေးကြောင်း မည်သူသိမည်နည်း။ မည်သူကို သူရန်စမိပါစေ.... သူ့၏ ပိုက်ဆံရှာစက်ဖြစ်သည့် မိုဝူကျီကိုတော့ ရန်မစဝံ့ပေ။

    မိုဝူကျီသည် ဖရိုဖရဲ သွင်ပြင်ဖြင့် စားပွဲပေါ်မှ အစိမ်းရောင် ဖန်ပုလင်း ဆယ်ပုလင်းကိုကြည့်ပြီး ကျေနပ်အားရသွား၏။ ထိုသည်က နေ့ညမပြတ် အလုပ်ကြိုးစားမှု၏ ရလဒ်ပင် ဖြစ်၏။ ဆယ်ပုလင်းထဲမှ တစ်ပုလင်းကို သောက်ပြီးသည်နှင့် သူသည် ဝိညာဉ်ကြောရှိ၊မရှိကို သွားစစ်ဆေးမှာ ဖြစ်၏။ အကယ်၍ ရှိခဲ့လျှင် သူသည် ရွှေပြားများဝင်ဖို့ ဆက်လက်လုပ်ဆောင်ရင်း စိတ်ဝိညာဉ်ကို ဖွင့်ရန် ပြင်ဆင်လိမ့်မည်။

    လန်ယုနှင့် လုကျိုးကျွင်းတို့ စကားများအရ ဝိညာဉ်လမ်းကြောင်းရှိမှသာလျှင် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး ဝိညာဉ်လမ်းကြောင်း ပိုင်ဆိုင်သည့် ဝိညာဉ်ကြောပိုင်ရှင်အတွက်သာ ဖြစ်နိုင်လေသည်။ မိုဝူကျီတွင် ဝိညာဉ်ကြောမရှိသည့် အကြောင်းသည် သူ့ဝိညာဉ်လမ်းကြောင်း ပိတ်နေ၍ သို့မဟုတ် ဝိညာဉ်လမ်းကြောင်း လုံးဝမပိုင်ဆိုင်၍သာ ဖြစ်ရမည်။

    မိုဝူကျီအတွက် ဝိညာဉ်လမ်းကြောင်းများသည် ချီသွေးကြောများနှင့် တူညီ၏။ သူဖော်စပ်ထားသည့် ချီသွေးကြောဖွင့်သည့်ဆေးသည် ချီသွေးကြောများကိုရှင်းရှင်းလင်းလင်း ခံစားလာစေပြီး ပိတ်ဆို့မှုများကို ပယ်ဖျက်ပေး၍ ဝိညာဉ်စွမ်းအားကို စုပ်ယူခြင်းနှင့် သိမ်းဆည်းခြင်းများ ခွင့်ပြုနိုင်လေ၏။ သူသာ ဝိညာဉ်စွမ်းအား စုပ်ယူ၍ ရလျှင် သူ့တွင် ဝိညာဉ်ကြောရှိသည်ဟု ဆိုလိုခြင်းများလား.....

    “ဟားဟား.....ဒီဆေးကို သွေးကြောဖွင့် ဆေးလို့ ခေါ်ရမယ်....”

     မိုဝူကျီသည် ရယ်ချင်စိတ်ကို ထပ်၍ မထိန်းချုပ်နိုင်တော့ပေ။ ဤသည်က သူနောက်ကျော ဓားထိုးခံရပြီးနောက်တွင် ပထမဆုံးအကြိမ် ထိုမျှ ပျော်ရွှင်ဖူးခြင်း ဖြစ်၏။

    မိုဝူကျ ရယ်သံကို ကြားသောအခါ စိုးရိမ်ပူပင်နေသည့် လုကျိုးကျွင်းသည် လုလု၏သတိပေးမှုကို ဂရုမစိုက်တော့ဘဲ အပေါ်သို့ အပြေးအလွှား တက်သွားခဲ့သည်။

    “ဟားဟား.... အစ်ကိုလု..... ဒီရက်အတွင်း ခင်ဗျားလက်တွေ ကြွက်တက်တဲ့အထိ ပိုက်ဆံရေနေတယ်မလား......”

     မိုဝုကျီသည် အိတ်ကို လက်မှာကိုင်ထားရင်း တံခါးကိုဖွင့်ကာ လုကျိုးကျွင်းဆီ ပြုံး၍ လျှောက်လာခဲ့သည်။

    လုကျိုးကျွင်းသည် ပုံမှန်အားဖြင့် အလွန်ပျော်ရွှင်နေသည်။ မိုဝူကျီသည် သွေးကြောဖွင့်ဆေးကို ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် စိတ်တထင့်ထင့် ဖြစ်နေလေသည်။ ထိုအရာကို ဘာလဲဆိုတာ သူ မပြောတတ်ပေ။

    ထားလိုက်ပါ..... ငါရဲ့ ဝိညာဉ်လမ်းကြောင်း ဖွင့်ပြီးမှ ဆက်စဉ်းစားတာပေါ့.....

    စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် လုကျိုးကျွင်းသည် ပြောလိုက်သည်

    “ညီလေးမို... ငါတို့ အောင်မြင်သွားပြီ..... ကိုးဘဝပျောက်ကင်းဆေးက ပန်ကိတ်လို အရောင်းသွက်နေတယ်....တကယ့်ကို ပန်ကိတ်လိုမျိုးပဲ.....”

    မိုဝူကျီသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းရင်း ပြောလိုက်သည်

    “ကျွန်တော် သိပါတယ်..... ဒါက ဖြစ်ကို ဖြစ်ရမယ့်ကိစ္စလေ...... အို....ဟုတ်သား....ကျွန်တော်ရဲ့ ရွှေပြားရှယ်ယာတွေကို ရွှေချက်လက်မှတ်အဖြစ် ပြောင်းပေးပါဦး...”

    “ဒါပေါ့.... ဒါပေါ့...... အဲဒါအပြင်..... ငါတို့ဆိုင်က....”

    လုကျိုးကျွင်း စကားဆုံးသည်အထိ မစောင့်ဘဲ မိုဝူကျီသည် သူ့အား လက်ကာ ပြလိုက်ရင်း

    “ကျွန်တော် သိတယ်.... ပိုကြီးမားတဲ့ သတင်းတွေအတွက် ကျွန်တော် ရေမိုးချိုးပြီး တစ်ရက်လောက် နားပြီးရင် ပြောကြတာပေါ့”

    ထိုစကားကို ပြောပြီးသည့်နောက်တွင် မိုဝူကျီသည် လုကျိုးကျွင်းနှင့် ဆက်၍ မပြောတော့ချေ။ သူ့ကို ကျော်တက်သွားပြီး ဒန်းဟန်ဆေးလုပ်ငန်း၌ နေထိုင်ရာအခန်းဆီ ဦးတည်သွားခဲ့သည်။

    သွေးကြောဖွင့်ဆေးသည် ထုတ်လုပ်ပြီးပြီဖြစ်၍ မိုဝူကျီသည် ရေမိုးချိုးကာ အဝတ်အသစ်လဲရန် ဦးစားပေးသတ်မှတ်လိုက်ပြီးနောက် အိပ်စက်သွားခဲ့သည်။ နိုးလာပြီးနောက်တွင် သူသည် အခြားဘာမျှ မလုပ်ခင် သွေးကြောဖွင့်ဆေးကို သောက်သုံးခဲ့သည်။

    ပိုက်ဆံရှာခြင်းက အချိန်မရွေး လုပ်၍ ရသည်။ သို့သော် ဝိညာဉ်ကြောရရှိရေး နှင့် လေ့ကျင့်ရန် ဝိညာဉ်စွမ်းအား စုပ်ယူနိုင်ခြင်း ကိစ္စသည် တစ်ခဏလေးမျှ နှောင့်နှေး၍ မရချေ။

    လုကျိုးကျွင်းသည် သူ့ဘေးမှ ကျော်ဖြတ်သွားသည့် မိုဝူကျီနောက်ကျောအား စိတ်ဆိုးခြင်း အလျင်းမရှိ ကြည့်နေလေသည်။ ဒန်းဟန်ဆေးလုပ်ငန်းတွင် ပိုင်ရှင်အစစ်သည် သူ လုကျိုးကျွင်းမဟုတ်ဘဲ မိုဝူကျီသာ ဖြစ်၏။ ခဏကြာပြီးသည့်နောက်တွင် လုကျိုးကျွင်းသည် ခေါင်းငိုက်စိုက်နှင့် ထွက်ခွာသွားလေသည်။ သူသည် မိုဝူကျီနှင့် ဆိုင်ခွဲအချို့ ဖွင့်ရေးနှင့် ကိုးဘဝပျောက်ကင်းဆေး တတိယအသုတ်ထုတ်လုပ်ရေး ကိစ္စများကို မဆွေးနွေးခဲ့ရချေ။

    နိုးလာပြီးနောက် ဆေးကြောပြီးသည့်အခါ မိုဝူကျီသည် လန်းဆန်းသွား၍ အစိမ်းရောင် တစ်ပုလင်းကို ထုတ်ယူလိုက်သည်။

    သူသည် အရင်တုန်းက သွေးကြောဖွင့်ဆေးကို သောက်ဖူး၍ သူ့ခန္ဓာတစ်ကိုယ်လုံး ပူလောင်လာမည့် ခံစားချက်ကို သိလေသည်။ ထို့နောက်တွင် သိုင်းပညာမလေ့လာဖူးသည့် သူပင် ချီသွေးကြောများ ခန္ဓာကိုယ်ထဲ ပွင့်လာကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားရမည်ဖြစ်သည်။ ချီသွေးကြောများ ပွင့်သည့် ခံစားချက်သည် မခံရပ်နိုင်လောက်အောင် ဖြစ်ပေမဲ့လည်း သူ့နှလုံးသားတွင် ပြောမပြတတ်သည့် ချမ်းမြေ့စေသော ခံစားချက်တစ်ခု အောင်းနေလေသည်။

    သူ့အရင်ဘဝတွင် သူဆေးသောက်ပြီးနောက်တွင် ချီသွေးကြော တစ်ခုပင် အပြည့်အဝမပွင့်သေးခင် အသတ်ခံလိုက်ရသည်မှာ အလွန်သနားစရာ ကောင်းလှသည်။

    ရှုပ်ထွေးနေသည့် ခံစားချက်များကို ချုပ်ထိန်းလိုက်ပြီး မိုဝူကျီသည် အစိမ်းရောင်ပုလင်းကို ယူကာ ဖွင့်၍ အသက်ဝအောင် ရှုလိုက်သည်။ ထို့နောက် ခေါင်းကို စောင်းကာ အကုန်လုံးကို တစ်ငုံတည်းဖြင့် မော့သောက်လိုက်သည်။

    အရင်ဘဝနှင့် တူညီစွာပင် အနည်းငယ်ခါးသက်သည့် ဆေးအရသာသည် လည်ချောင်းတစ်လျှောက် စီးဆင်းသွားပြီး သူ့ခန္ဓာကိုယ်တစ်လျှောက်လုံး မီးကြောဖြတ်သန်းသွားသလို ခံစားလိုက်ရ၏။ ဤမီးကြော ဖြတ်သန်းသွားသည့် တစ်လျှောက်တွင် အတားအဆီးများ ကျိုးပျက်သွားလေသည်။ မိုဝူကျီသည် ဝိညာဉ်ကြောတစ်ခုဖွင့်ပြီးသည့် ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိနေပြီး ဆေးမှ မီးကြောနှင့်အတူ သူ့ခန္ဓာမှာရှိနေသည့် ဝိညာဉ်လမ်းကြောင်းများ တဖြေးဖြေးချင်း ကျယ်ပြန့်လာလေသည်။

    သူ့ခန္ဓာတွင် ခံစားရသည်မှာ တည်ငြိမ်အေးဆေးမှုနှင့် စိတ်လှုပ်ရှားမှု ရောပြွန်းနေပြီး မီးတောက်သည်လည်း ပို၍ တောက်လောင်နေရင်း သူ့ခန္ဓာမှ အညစ်အကြေးများသည်လည်း ပို၍ လောင်ကျွမ်းနေလေသည်။

    မိုဝူကျီသည် လက်သီးဆုပ်လိုက်ပြီး အကယ်၍စာ ချီသွေးကြောတွေက ဝိညာဉ်လမ်းကြောင်းတွေ ဖြစ်လျှင် ဆေးတစ်ပုလင်းသည် သူ့၏ ဝိညာဉ်လမ်းကြောင်းတစ်ခုကို ဖွင့်ပေးနိုင်၏။ ထို့ကြောင့် သူသည် ဆေးအကူဖြင့် အမြင့်ဆုံးအဆင့် ဝိညာဉ်ကြောရှိသည့် ကျင့်ကြံသူဖြစ်လာရန် မလွယ်ကူပေဘူးလား..... ဝိညာဉ်လမ်းကြောင်း ၉၉ ခုရှိလျှင်ပင် ဘာအရေးလဲ...... သူသည် လွယ်လင့်တကူ ရရှိနိုင်၏။



rate now: