book

Index 13

Part - 12

နွမ်စိုင်း တို့ မန္တလေးရောက်သည့်အချိန်က ည နှစ်နာရီပင် ထိုးနေချေပြီ။


"လင်းဆက် ခေါင်းဆောင်တို့အိမ်ပဲမောင်းကွာ"


"အေးအေး"


"မိုင်ငယ် မိုင်ငယ် ခဏထဦး မန္တလေးရောက်နေပြီ အိပ်လည်းအိပ်နိုင်တယ်ဟေ့ တောင်ကြီးထွက်တည်းကအိပ်လာတာ အခုထိမနိုးသေးဘူး"


နွမ်စိုင်း ပထမဆုံး မိုင်ခမ်းကိုနှိုးလိုက်သည်။


"ဟင် ဝှားး ဝါး ရောက်ပြီလား ဆင်းရတော့မှာလား"


"ဟာ အိပ်ချင်မူးတူး‌နဲ့ဘာတွေပြောနေတာလဲ ခေါင်းဆောင်တို့အိမ်ရောက်မှပြန်အိပ် အခုခဏထဦး"


"ဟုတ် ဟုတ် ဟင် ဒါနဲ့ဘယ်နနှာရီထိုးပြီလဲ ပီအိုက်"


"2နာရီ မိုင်ငယ်"


အော် သူ့လင်တော်မောင်ကားမောင်းနေတာကို လှမ်းမေးသေးသည်။နွမ်စိုင်းတစ်ယောက်လုံးပါသေးတာသတိရသေးရဲ့လားမသိဘူး ဟိုကောင်ကလည်း နာရီလေးဖြေတာကို သကြားလုံးပုရွက်ဆိတ်တက်နေတဲ့အသံနဲ့ တကယ်ပါပဲ။


"ဟာ အဲ့တာဆို ကိုကြီးတို့ဆီမသွားပါနဲ့ တည်းခိုခန်းဖြစ်ဖြစ် Hotel တစ်ခုခုဖြစ်ဖြစ် ဝင်လိုက်မယ်လေ"


"ဘာလုပ်မှာလဲဟ မိုင်ခမ်းရ ဒီလိုသင်္ကြန်တွင်းကြီး ဘယ် Hotel ကအခန်းကျန်မှာလဲ မန္တလေးသင်္ကြန်ကအဲ့လောက်စည်တာကို ခေါင်းဆောင်ကငါတို့အစ်ကိုပါဟ ဘာအားနာစရာရှိလို့လဲ"


"ပီစိုင်း ကအဲ့တာကြောင့်လူပျိုကြီးဖြစ်နေတာ အခုလို အချိန်ဆိုတာ လင်မယားအိပ်ချိန်လေ သူတို့လင်လင်နှစ်ယောက်ချစ်ကြည်နူးပြီးအိပ်ရင်အိပ်နေမှာပေါ့ သွားမနှောက်ယှက်ပါနဲ့ ဟွန့် ပီစိုင်းနဲ့မန္တလေးလိုက်ချင်လွန်းလို့သာနော် မဟုတ်ရင် ဒီချိန် မိုင်ငယ်လည်း ပီအိုက်ရင်ခွင်ထဲမှာအိပ်နေမှာ"


"မိုင်ငယ် "    "နန်းမိုင်ခမ်း!!!"


အသံနှစ်ခုကတစ်ပြိုင်တည်းထွက်လာသည်။

လင်းဆက်ဆီက မိုင်ငယ် ဆိုတဲ့အသံကတော့ မပြောဖို့ အနည်းငယ်ဟန့်လိုက်သည့်သဘောနှင့် တိုးတိုးသာသာနူးနူးညံ့ညံ့လေးပင် နွမ်စိုင်း ဆီကနေတော့ နန်းမိုင်ခမ်းဆိုသည့် အားကြီးနဲ့အော်ချလိုက်သံက မိုင်ခမ်းလိပ်ပြာလေးတောင်လွင့်သွားသလိုပင်။


"ဖြည်းဖြည်းအော်ပါ ပီစိုင်းရဲ့ အဲ့တာမို့ လူပျိုကြီးဖြစ်နေတာ နည်းနည်းမှ အရိပ်အကဲမသိဘူး ပီစိုင်းကိုဘယ်လိုလူမျိုးကများသည်းခံနိုင်မလဲမသိပါဘူးနော် သနားလိုက်တာ ပီစိုင်းရဲ့ဖူးစာရှင်ကို"

"တော် တန် တိတ် ငါ့ကားပေါ်ကကန်ချချင်နေပြီနော် "

"ကန်ချပေါ့ မန္တလေးပဲ ရောက်နေပြီကို ကိုကြီးကိုလာကြိုခိုင်းလိုက်မှာပေါ့  ဟားး ဟားး"

"အေး လုပ်ထား လုပ်ထား မိုင်ငယ်"

"ဟဲ ဟဲ"

"ရောက်ပြီ မိုင်ငယ်ကော နွမ်စိုင်းကောတော်တော့"

"တီ တီ တီ"

"ဟာ ကြားမလားကွ ကားဟွန်းသံကို ဖုန်းသာဆက်လိုက် အိမ်ရှေ့ရောက်နေပြီ တံခါးလာဖွင့်လို့"

"ပီစိုင်းနော် မိုင်ငယ့်ယောက်ျားကိုအနိုင်မကျင့်နဲ့"

"ဟ ငါဘယ်မှာအနိုင်ကျင့်နေလို့လည်း"

လင်းဆက်လည်း အဲ့ဒီမတည့်အတူနေမောင်နှမနှစ်ယောက်ကို ပြောလည်းရမည်မဟုတ်တာသိနေပြီမို့ ကားပေါ်ကဆင်းပြီး ကိုယ့်ဘာသာ ခေါင်းဆောင်ဆီကိုဖုန်းလှမ်းဆက်လိုက်သည်။ကားပေါ်ကမောင်နှမ‌ကတော့ ရန်ဖြစ်လို့ကောင်းတုန်းပင်။

အိပ်ချင်မူးတူးပုံစံနဲ့တောင် ကြည့်ကောင်းနေတဲ့ခေါင်းဆောင်က လင်းဆက်တို့ကို ခြံတံခါးလာဆင်းဖွင့်ပေးသည်။

"လင်းဆက် ဘယ်လိုဖြစ်လို့ညကြီးအချိန်မတော်ရောက်လာကြတာလဲ ဖုန်းလည်းကြိုမဆက်ဘူး"

"နွမ်စိုင်း ဆက်ပြီးပြီထင်နေတာ ကျွန်တော်က "

"လာလာ အိမ်ထဲကားအရင်သွင်းလိုက် ပြီးမှဆက်ပြော"

"ဟုတ် ခေါင်းဆောင်"

လင်းဆက်ကားပေါ်သို့တစ်ခါပြန်တက်ကာ ကားကိုအိမ်ထဲအရင်သွင်းရသည့် မိုင်ငယ်နဲ့နွမ်စိုင်းကတော့ ရန်ဖြစ်လို့ကောင်းတုန်းပင်။

အိမ်ထဲရောက်တော့လည်း အထုတ်တွေကို လင်းဆက်နှင့် ခေါင်းဆောင်ကသယ်ရသည် သူတို့နှစ်ယောက်က ဘာတွေအခဲမကြေသည်မသိ ဘုဆက်ဆက်နဲ့အိမ်ထဲဝင်သွားကြသည်။

"မိုင်ခမ်းကော ပါလာတာလား အိပ်ခန်းကမစီစဉ်ထားရဘူး ရုတ်တရက်ဆိုတော့ "

ခေါင်းဆောင်၏အမျိုးသားဖြစ်သူ ခွန်းစေကိုး ကပါအိပ်ယာမှနိုးလာပုံပင် အိမ်ရှေ့ဧည့်ခန်းထဲမှာငုတ်တုတ်လေးထိုင်ရင်း နွမ်စိုင်းတို့ကို အားနာသည့်ပုံစံမျိုးပြောလာသည်။

"ရတယ် ရတယ် ငါတို့အဆင်ပြေသလိုအိပ်လိုက်မယ် ခွန်း"

"ဒါနဲ့ မိုင်ခမ်းနင်ကဘာလိုက်လုပ်တာလဲ "

"မန္တလေး သင်္ကြန်မလည်ဖူးလို့လေ ငါ့အစ်ကိုကမန္တလေးသားနဲ့သာရတယ် ငါတို့ကျ မန္တလေးကို သေချာတောင်မလည်ဖူးဘူးလေ အဲ့တာမို့ လိုက်လာတာ ဘာဖြစ်လဲ"

"ဪ လည်ရအောင် နင်တို့ကကောအားလို့လား ဟိုတစ်ခါလာတည်းက လိုက်ပို့ပါမယ်ဆိုတာကို အလုပ်များလို့ဆိုပြီးအတင်းပြန်သွားတာဘယ်သူလဲ"

"အဲ့တုန်းကပဲအလုပ်များတာလေ အခုအလုပ်မများတော့လို့လာတာပေါ့ နင်မပို့ပေးချင်လည်းနေပေါ့ ငါ့အစ်ကိုကိုပို့ခိုင်းမယ်"

"ငါ့ယောက်ျားကိုဘာလို့ နင်တို့နဲ့ထည့်ရမှာလဲ မထည့်ဘူး"

"ဟဲ့ အဲ့တာ ငါ့အစ်ကိုပဲလေ"

"‌ကဲ တော်ကြတော့ မိုင်ငယ်လည်းတော်တော့ မောင့်အမျိုးသားလေးလည်းတော်တော့"

စောနက နွမ်စိုင်းနဲ့မိုင်ငယ်ရဲ့ရန်ပွဲကနေ ခွန်းနဲ့မိုင်ငယ်ရဲ့ရန်ပွဲအဖြစ်အသွင်ပြောင်းသွားပြီး ခေါင်းဆောင်ဝင်ဟန့်လိုက်မှသာ ငြိမ်သွားသည် ဒါတောင် မျက်စောင်းတခဲခဲနှင့် ခေါင်းဆောင်ကလည်း ညီမဖြစ်သူကျ လေသံမာကြီးနဲ့ သူ့ဟာလေးကျ မောင့်အမျိုးသားလေးဆိုပြီး နူးညံ့နေတာပဲ အော့အော့ နွမ်စိုင်းလည်း ဝဋ်ကြွေးပင်။

"မနက်ဖြန် တစ်ရက်ပဲသင်္ကြန်ကလည်ဖို့ကျန်တော့တာ အခုတောင် နှစ်နာရီခွဲနေပြီ အိပ်ချိန်က ဘယ်လောက်မှမရှိတော့ဘူး မနက်လည်မှာဆို အိပ်ကြတော့"

ခေါင်းဆောင်ကပြောတော့ အသံတိတ်လေးနှင့်ငြိမ်နေကြသည်။

"အခန်း နှစ်ခန်းအပိုရှိတယ်ဆိုတော့ အဆင်ပြေမှာပါ ခဏလေးနော် ကျွန်တော် စောင်တွေသွားထုတ်ပေးမယ်"

"နေ နေ စေကိုး အိပ်ချင်နေတယ်မလား သွားအိပ်လေ မောင် လုပ်ပေးလိုက်မယ် မောင့်စေကိုးလေးကအိပ်ရေးဝအောင်သွားအိပ်နော်"

"ရပါတယ် မောင်ရဲ့ မောင်တစ်ယောက်တည်းလုပ်တာထက် စေကိုးကောတူတူလုပ်လိုက်တော့မြန်တာပေါ့ "

"မောင်က စေကိုးပင်ပန်းမှာဆိုးလို့ပါ"

"ပီအိုက် မိုင်ငယ်ပင်ပန်းနေပြီ အရမ်းအိပ်ချင်နေပြီ"

"မိုင်ငယ် ကားအကြာကြီးစီးလိုက်လို့ဖြစ်မယ် ပီအိုက်ဆေးတွေထည့်လာပေးတယ် ဆေးသောက်လိုက်မလားဟင်"

"ဟုတ် ပီအိုက် "

နွမ်စိုင်းရှေ့မှာ အကဲပိုပြီးသည်းသည်းလှုပ်ပြနေတဲ့အတွဲနှစ်တွဲကို တော်တော်အမြင်ကပ်နေပြီး ပြေးရိုက်ချင်စိတ်တွေ တဖွားဖွားထွက်ပေါ်လာသည်။

"ခေါင်းဆောင်ရယ် စောင်လေးနဲ့အိပ်ယာခင်းလေးတွေထုတ်ပေးရတာပင်ပန်းလို့လားဟင် မိုင်ငယ် နင်လည်း တစ်လမ်းလုံးအိပ်ပြီလိုက်လာတာလေ ဘယ်နားပင်ပန်းတာလဲ ငါနဲ့လင်းဆက်ပဲ တစ်လှည့်ဆီမောင်းလာရတာလေ ဟွန့် ပိုကိုပိုတယ်"

"အဲ့တာကြောင့် လူပျိုကြီးဖြစ်နေတာ" ×2

ခွန်း နဲ့ မိုင်ငယ် ဆီမှ တစ်ပြိုင်တည်းစကားတစ်ခွန်းကိုတူတူထွက်လာကြသည်။

နွမ်စိုင်း နှစ်ယောက်လုံးကို လက်သီးထောင်ပြတော့ သူတို့ရဲ့ပိုင်ရာဆိုင်ရာတွေရင်ခွင်ထဲအသီးသီးဝင်သွားကြသည်။

"အေး ငါမှားတာ ပြောမိတဲ့ငါမှားတာ"

နွမ်စိုင်း ကိုယ့်ကိုယ်သာအပြစ်တင်ရင်း ကိုယ်အိပ်ရမဲ့အခန်းလေးထဲသို့အထုတ်လေးဆွဲပြီး စိတ်ဓာတ်ကျသောခြေလှမ်းများဖြင့်သာလှမ်းဝင်ခဲ့သည်။

-----------------------------------

မဟာသင်္ကြန်အတက်နေ့.....

မနေ့ညက ပင်ပန်းလွန်းလှပါသည်ဆိုတဲ့ မိုင်ငယ်တစ်ယောက် အခုကျ သင်္ကြန်လည်ဖို့ကို အရမ်းတက်ကြွနေလိုက်တာများ ဘယ်ချိန်တည်းကထပြီးပြင်ဆင်ထားသည်မသိ မနက်7 နာရီ နွမ်စိုင်းတို့ မနက်စာစားချိန်မှာ သူကသွားဖို့ကိုအဆင်သင့်ဖြစ်နေချေပြီ။

ခွန်း ကပဲ သင်္ကြန်လည်ဖို့ အစစအရာရာအကုန်စီစဉ်ပေးထားသည်။နွမ်စိုင်း ကိုယ့်အလုပ်ကိစ္စနဲ့ကိုယ်လာတာဆိုပေမဲ့ အခုကျအကုန်လုံးကသင်္ကြန်လည်မည်ဆိုခါ နွမ်စိုင်းတစ်ယောက်တည်းနေခဲ့မယ်ဆို အားနာစရာကောင်းလွန်းသည်မို့ လိုက်သွားဖို့သာဆုံးဖြတ်လိုက်ရသည်။သို့သော် အတွဲနှစ်တွဲကြားနေရမည့် ကိုယ့်ဘဝကိုယ်လည်း သနားမိပါသည်။

မနက်စာ စားပြီးတော့ နွမ်စိုင်း လုပ်စရာရှိတဲ့ကိစ္စတွေအရင်လုပ်ရဦးမည်မို့ခြံထဲဆင်းနှင့်ပြီး မန္တလေးကအဖွဲ့ခွဲ တစ်ခုကို ဦးစွာပထမဖုန်းဆက်ပြီး ခိုင်းစရာရှိတာတွေခိုင်းရသည်။

"အေး ငါအခု Message ပို့ထားတဲ့လူအကြောင်းကို ရသလောက်စုံစမ်းပေး ငါသတင်းရထားတာတော့ အဲ့ဒီလူ မန္တလေးမှာရှိနေတယ်တဲ့ ငါလည်းမန္တလေးရောက်နေပြီ "

"ဟုတ် ပီစိုင်း"

"တစ်ခုခုဆို ငါ့ကိုချက်ချင်းအကြောင်းကြား အခု အဲ့လူရဲ့တည်နေရာကို စုံစမ်းလို့ရရင်သူ့နောက်ကိုခြေရာခံလိုက်ထား"

"ဟုတ်ကဲ့ "

"အာ ပြီးတော့ သူတို့ဘာလုပ်လုပ်မနှောက်ယှက်နဲ့လွှတ်ထားလိုက် သင်္ကြန်ပြီးမှ ငါဆက်ပြီးဖြေရှင်းမယ် နားလည်လား ငါပြောချင်တာ"

"ဟုတ် ကျွန်တော်တို့စောင့်ကြည့်ထားလိုက်ပါမယ်"

"အေး အေး ငါဒီနေ့ ခေါင်းဆောင်ငယ်တို့နဲ့သင်္ကြန်လည်ဖြစ်မှာမို့ ဖုန်းမဆက်နဲ့ စာပဲပို့ထားလိုက် ဒီနေ့တော့"

"ဟုတ်ကဲ့ဗျ "

နွမ်စိုင်း ဖုန်းပြောပြီးသည်အထိ အိမ်ထဲကဟိုအတွဲနှစ်တွဲကထွက်မလာသေးပေ။

နွမ်စိုင်း သင်္ကြန်လည်ရတာကို စိတ်အဆင်းရဲဆုံးနှစ်ကိုပြပါဆိုလျှင် ဒီနှစ်ကိုသာ ရက်စွဲအကြီးကြီးရေးပြီးလက်ညိုးထိုးပြချင်မိသည်။အတွဲတွေ ကောင်းကျိုးကိုမပေးဘူး သူတို့နှစ်တွဲကြားမှာ တစ်ယောက်တည်း အဖော်မဲ့အထီးကျန်နေရသည့် နွမ်စိုင်းဘဝပင်။
ရေလေးစိုတာကနည်းနည်း သူတို့ကများများချမ်းပစ်နေပြီး သူတို့ဟာတွေရဲ့ ရင်ခွင်ထဲကနေ ဂုဏ်ဆာနေတဲ့အကြည့်တွေနဲ့ နွမ်စိုင်းကိုကြည့်နေကြတာ ဘယ်လိုမှကို မခံစားနိုင်တော့ပါ။

မန္တလေးသင်္ကြန်ဟာတော်တော်ကိုစည်ကားပြီး ပျော်စရာကောင်းတာတော့နွမ်စိုင်းဝန်ခံပါသည်။ယိမ်းအကလေးတွေနှင့်ယိမ်းသမလေးတွေကလည်း လှပလွန်းပါသည်။ရေစိုစိုပျိုမေတွေကော ဖက်ရှင်အစုံနဲ့လန်းနေကြသည့်သူတွေကော ကာလာစုံမြင်ကွင်းတခုဖြစ်နေပေမဲ့ အမြင်မရိုင်းပဲ တစ်မျိူးလေးကြည့်ကောင်းနေပြန်သည်။

ဒီနေ့ကိုမြန်မြန်ကုန်ဆုံးဖို့ ဆုတောင်းမိတဲ့သူဟာလည်း နွမ်စိုင်းတစ်ယောက်သာရှိလိမ့်မည်။သို့သော်လည်း အချိန်ဟာသူ့အချိန်နဲ့သူပုံမှန်အတိုင်းသွားနေသည်မို့ နွမ်စိုင်းလည်းဝဋ်ကြွေးရှိသမျှ လည်ဆင်းခံနေရတော့သည်။

ညဘက်အိမ်ပြန်ချိန်ရောက်တော့လည်း တစ်နေကုန်ပင်ပန်းလာသမျှလှုပ်တောင်မလှုပ်နိုင်တော့ ဒါကို မိုင်ငယ်နဲ့ခွန်းက ညဘက်လည်ဦးမည်ဟုဆိုကာ သူတို့ရဲ့ဆိုင်ရာပိုင်ရာတွေကလည်း မနေနိုင်မထိုင်နိုင်လိုက်ပို့ကြသည် နွမ်စိုင်းကတော့ တကယ်ကိုပင်ပန်းနေပြီမို့ အိမ်စောင့်ပြီးသာနေခဲ့မည်ဟုဆိုကာ တစ်ယောက်တည်းသာနေခဲ့လိုက်သည်။

------------------------------

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မို့ စက္ကန့် အဖွဲ့ထဲကအိမ်မပြန်တဲ့သူတွေကို တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်ခိုင်းထားသည်။မနေ့ကသင်္ကြန်အတက်နေ့ကိုကလေးတွေဆီကိုသွားမို့လုပ်ထားပြီးမှ လူကနည်းနည်းနေလို့မကောင်းတာမို့မသွားလိုက်ရ။မနေ့ညက နေမကောင်းတာကြောင့်ပဲလားတော့မသိပေမဲ့ ဆုံးသွားပြီးဖြစ်တဲ့အဖွားကိုအိပ်မက်တွေမက်နေသည်မို့ မနက်အစောဘုန်းကြီးကျောင်းသို့ဆွမ်းချိုင့်သွားပို့ရန် စဉ်းစားထားလိုက်သည်။

စက္ကန့်တို့လမ်းနဲ့အနီးဆုံးဖြစ်တဲ့ ဘုန်းကြီးကျောင်းကိုသာရွေးချယ်လိုက်သည်။ဟိုကျောင်းမှဒီကျောင်းမှဆိုတဲ့အစွဲမျိုးစက္ကန့်မှာမရှိ လှူတာကိုစိတ်သန့်သန့်နဲ့အေးချမ်းတဲ့နေရာမှာလှူရရင်တော်ပြီ ဒါစက္ကန့်အတွေးတွေပင်။ဘုန်းကြီးကျောင်းဝင်းကတော်တော်ကျယ်သည်။စက္ကန့်ကားကို ကျောင်းထဲကထနောင်းပင်အောက်မှာရပ်ထားခဲ့ပြီး တ‌စ်ယောက်တည်းလာခဲ့တာမို့ စက္ကန့် ဆွမ်းချိုင့်လေးရယ် လှူဖွယ်ပစ္စည်းတွေရယ်ကို သယ်ကာ ဘုန်ကြီးကျောင်းဆောင်ပေါ်သို့တက်လာခဲ့သည်။

စက္ကန့် နဲ့ ကျောင်းထိုင်ကိုယ်တော်အပါးသို့သွားကာ ဆွမ်းချိုင့်နဲ့လှူဖွယ်ပစ္စည်းတေကိုဘေးချပြီး ဆရာတော်ကို ဦးသုံးကြိမ်အရင်ချလိုက်သည်။

"ဘာတွေလဲကွယ် ဒကာလေး"

"ဆွမ်းချိုင့်လာပို့တာပါ အရှင်ဘုရား"

"ခဏစောင့်ကွယ် ချိုင့်လှယ်‌ခိုင်းပေးမယ်"

"တင်ပါ့ ဘုရား"

"အောက်မှာ ဘယ်သူရှိလဲဟေ့ ခဏလာပါဦး ဒီမှာဆွမ်းချိုင့်လေးလာယူပေးပါဦး"

"တင်ပါ့ဘုရား လာပါပြီ"

ကျောင်းဆောင်အောက်ထပ်မှလူတစ်ယောက်ကတည်ငြိမ်သောခြေလှမ်းများဖြင့်လျှောက်လာကာ စက္ကန့်နံဘေး၌ချထားသော ဆွမ်းချိုင့်ဆီကိုလက်လှမ်းလာသည်။

"ဪ ကပ္ပိယတွေကဘယ်ရောက်တုန်းကွယ် ဒကာလေးကအစစအရာရာလိုက်လုပ်နေရတယ် တရားစခန်းဝင်တဲ့သူကိုပြန်ပြီးကျောင်းဝေယျာဝေစ္စတွေကူခိုင်းနေရတယ်လို့ကွယ်"

ကျောင်းထိုင်ဆရာတော်၏အားနာသလိုအပြောမျိုးကြောင့် စက္ကန့်မျက်လွှာချထားရာမှ နည်းနည်းလေးမသိမသာပင့်ကြည့်လိုက်ပေမဲ့ ထိုသူကမတ်တပ်ရပ်နေသည်မို့ မျက်နှာကိုမမြင်ရ နီညိုရောင်ပုဆိုးကွက်စိပ်လေးနှင့် ခြေသည်းကြည်ကြည်လေးတွေနှင့်ကြည့်ကောင်းနေသော ခြေဖမိုးတစ်စုံကိုသာမြင်ရသည်။

"ရပါတယ် အရှင်ဘုရား တပည့်တော်လည်းကုသိုလ်ပိုရ‌တာပေါ့ အရှင်ဘုရား"

"ဟင် "

စက္ကန့် ဣန္ဒြေတောင်မဆည်နိုင် အသံပိုင်ရှင်ကြောင့် ခေါင်းကိုဆက်ခနဲမော့ကြည့်လိုက်မိသည့်အခိုက် မေးရိုးပြုတ်သွားသလားအောက်မေ့ရအောင် ပါးစပ်ဟောင်းလောင်းလေးအလိုလိုဖြစ်သွားပြီး မျက်ဝန်းတို့ကပြူးကျယ်စွာမော့ကြည့်မိသည်။

"အရှင်ဘုရား တပည့်တော် ချိုင့်သွားလှယ်လိုက်ပါဦးမယ် ဘုရား"

"အေးကွယ် သွားသွား ဒကာလေး"

စက္ကန့်အကြည့်တို့ကထွက်ခွာသွားသူ၏နောက်ကျောပြင်ဆီသို့ကပ်ပါသွားရသည်။

"ဒကာလေး ငါးပါးသီလအရင်ခံယူလိုက်မလား ချိုင့်သွားလှယ်တုန်းကို"

"ဗျာ ဗျာ...အယ် တင် တင်ပါ့ဘုရား"

စက္ကန့်စိတ်တို့က ဂယောင်ခြောက်ခြားဖြစ်သွားသလိုပင်။စက္ကန့်မှာ စကားလုံးတွေကအစထစ်ငေါ့ကုန်ရသည်။

စက္ကန့်ငါးပါးသီလခံယူရုံသာမက ဆရာတော်ဘုရားဟောကြားသောတရားရေအေးအချို့ကိုပါခံယူပြီးချိန်ထိ ချိုင့်သွားလှယ်သည့်သူကပေါ်မလာသေးပေ။

"အရှင်ဘုရား ဒီမှာပါ"

"အေးအေး ဒကာလေးကျေးဇူးကွယ် ချထားခဲ့လိုက်"

"တင်ပါ့ သွားခွင့်ပြုပါဦး အရှင်ဘုရား"

"အေးကွယ်"

စက္ကန့်အတွေးမဆုံးခင်ပင် ရောက်လာပြီး စက္ကန့်ကိုရှိတယ်လို့ပင်သဘောမထားပဲ သူလုပ်စရာရှိတာတွေလုပ်ကာထွက်သွားသောသူကြောင့် အခုလေးတင်မှနာကြားထားသော တရားဓမ္မတွေကဘယ်ဆီလွှင့်ကုန်မှန်းမသိတော့။

"ဒကာလေး အသိလား စောနတည်းက ဒကာလေး သျှန်ဇေရဲဇော်ကိုလိုက်ကြည့်နေတာ"

"ဟုတ် အယ် မဟုတ် သိပါတယ် မဟုတ်ပါဘူး မသိပါဘူး ဘုရား"

"ရော် ဘယ်လိုတွေဖြစ်တုန်းကွယ် စကားတွေကလည်းအမြီးအမောက်မတည့်"

"အရင်ကသိခဲ့ဖူးတာပါဘုရား "

"ဪ ဒကာလေးသျှန်ဇေရဲဇော်က တည်ငြိမ်လွန်းတယ်ကွဲ့ ခန္ဓီပါရမီပြည့်နေသလားလို့ကိုထင်ရတဲ့အထိပါပဲကွယ်"

"ဗျာ အယ် တင်ပါ့"

စက္ကန့်စကားတွေကအမှားအယွင်းတွေချည်းဖြစ်နေရသည်။

"အဲ့ဒီ ဒကာလေး တရားစခန်းဝင်တဲ့နေ့ကတည်းက ဒီကတခြားသောတရားစခန်းဝင်သူတွေအတွက်ပါလိုလေသေးမရှိအကုန်လုပ်ပေးထားတာကွဲ့ ပြီးတော့ လူတိုင်းနဲ့လည်းပေါင်းသင်းဆက်ဆံရေးအတော်ပြေပြစ်တယ်"

"တင်ပါ့ ဘုရား"

စက္ကန့် ဆရာတော်ပြောနေလို့သာငြိမ်ငြိမ်လေးထိုင်နေရတာ ဟိုကောင် သျှန် တရားစခန်းဝင်တယ်ဆိုတာ သူ့မှာခုထိမယုံနိုင်သေးပေ အဲ့ကောင်ကိုအခုလောက်ထိ ဘုရားတရားလိုက်စားမှန်းမသိခဲ့ လက်နက်တွေရောင်း ဘိန်းဖြူတွေရောင်းပြီး ရေနံတွေပြည်ပပို့နေတဲ့ကောင်က တရားစခန်းဝင်နေသည်တဲ့ နည်းနည်းတော့ရီစရာအကောင်းသား သို့သော်လည်းစက္ကန့်မှာ ဆရာတော်က သျှန်ရဲ့ကောင်းကြောင်းတွေကိုဂုဏ်ယူပြီးချီးမွမ်းနေတဲ့စကားသံတွေကြောင့်မရီရဲပေ။

"ဒကာလေးသျှန်ဇေရဲဇော်က မျက်နှာမြင်လိုက်ရကတည်းကအေးချမ်းမှုကိုဖော်ဆောင်တဲ့ရုပ်သွင်လေးလည်းရှိတယ်ကွဲ့ သူ့ကြည့်လိုက်ရင်ဘေးလူပါအလိုလိုအေးချမ်းသွားကော စိတ်ချမ်းသာရတယ်"

"အဟွတ် အိ..တင်ပါ့ဘုရား"

ဆရာတော်ဘုရားရဲ့စကားကြောင့် စက္ကန့်ရီမိတော့မလိုဖြစ်တာကိုအမြန်ထိန်းထားလိုက်ရသည်။

"ဒကာလေးလည်းဒီနေ့ဒီမှာပဲ တနေကုန်ဥပုသ်သီလယူမှာလားကွဲ့"

"မဟုတ်ဘူး ဘုရား တပည့်တော်အလုပ်ကိစ္စလေးရှိလို့ပြန်မှာပါ ဘုရား"

"အေးအေး အဲ့ဒါဆိုလည်း သွားစရာရှိတာသွားလေ ဒကာလေး"

"တင်ပါ့ဘုရား ခွင့်ပြုပါဦး ဘုရား"

စက္ကန့်ပြောလည်းပြော တစ်ခါတည်း ဆရာတော်ကို ဦးသုံးကြိမ်ချကန်တော့ကာ ကျောင်းဆောင်အောက်သို့ဆင်းလာခဲ့သည်။
စက္ကန့်ဘုန်းကြီးကျောင်းဝန်းထဲရောက်တော့ သစ်ရွက်အမှိုက်တွေကိုတံမြက်စည်းလှဲနေသော သျှန့်ကိုလှမ်းတွေ့ရသည်။ဒီလိုကြည့်တော့လည်း သျှန်ကအေးချမ်းလိုက်တာ စက္ကန့်တစ်ယောက်တည်းပူလောင်နေရသလိုပင်။သျှန်က စက္ကန့်ကိုကျောပေးထားသည်မို့ စက္ကန့်ခြေသံလုံလုံဖြင့် သျှန့်နောက်နားသို့ တိုးကပ်သွားမိသည်။

"အမလေးဗျ"

 "အမေ့" 

"‌ဒုတ်"

စက္ကန့် သျှန့်အနားရောက်ခါမှ ရုတ်တရက်ကြီးနောက်လှည့်လာသော သျှန့်ကြောင့် လန့်သွားခါ အမလေးဗျ ထအော်မိသလို သျှန်ကလည်း စက္ကန့်ကိုမြင်တော့ အမေ့ဆိုပြီးထအော်ကာ သတိကြီးသူပီပီ လက်ထဲက‌ကိုင်ထားသောတံမြက်စည်းကြီးဖြင့် စက္ကန့်နဖူးကိုရိုက်ချလာလေသည်။

"အာ ဆောရီး ညို နာသွားလား"

"ဒီ....ဒီကောင် နာတာပေါ့ဟ"

"ဥုံဖွ ဥုံဖွ ဆောရီးပါညိုရယ် ရုတ်တရက်ဆိုတော့ကိုယ်လန့်သွားလို့"

သျှန်ကပြောလည်းပြော စက္ကန့်နဖူးကိုဥုံဖွဆိုကာ သာသာလေးလာဖိပေးနေသည်။စက္ကန့်လည်းငြိမ်ခံနေရာမှ အရင်အချိန်တွေကလိုမျိုး သျှန့်ကိုစကားတွေပြန်ပြောနေမိသည်ဆိုတာသတိရသွားသည်။သျှန့်မျက်ဝန်းတွေကိုတည့်တည့်စိုက်ကြည့်မိချိန် နှစ်ယောက်သား နောက်ကိုနည်းနည်းစီဆုတ်မိကြသည်။

သျှန်လည်းရုတ်တရက်ဆိုတော့ 'ညို' လို့ခေါ်မိသွားတဲ့အပြင် ကိုယ့်ကြောင့်ခိုက်မိသွားတဲ့နဖူးလေးကိုမနာအောင်လုပ်ပေးနေမိသေးသည်။သျှန့်မျက်ဝန်းတွေကို 'ညို' ပြန်စိုက်ကြည့်လာမှသာ အရင်လိုမဟုတ်ဘူးဆိုတာသတိရသွားပြီး နောက်ပြန်ဆုတ်လိုက်မိသည်။လက်ထဲတွင်ကိုင်ထားသော တံမြက်စည်းကလည်းဘယ်ချိန်တည်းကလွှတ်ချထားမိသည်မသိ ညို့ခြေရင်းနားမှာလဲကျနေသည်။သျှန် တံမြက်စည်းကိုကုန်းကောက်ရင်း...

"တောင်းပန်ပါတယ် တကယ်မတော်တဆဖြစ်သွားတာပါ"

ဘုရားရိပ်တရားရိပ်မှာခိုလှုံနေသည့်သူမို့ပေလားတော့မသိ စကားသံကအစတည်ငြိမ်လွန်းနေသည် နားဝင်ပီယံရှိလှစွာအေးချမ်းမှုတစ်မျိုးကိုဆောင်ကျဉ်းနေသလိုပင် စက္ကန့်စိတ်ဆိုးနိုင်ဖို့ဘယ်လိုအင်အားမျိုးနဲ့ဆိုးရမလဲ သူ့ဘက်ကစတင်တောင်းပန်လာခဲ့သလိုအသံမပေးပဲတိုးကပ်သွားမိခဲ့တဲ့ စက္ကန့်ကသာအပြစ်ရှိသူမဟုတ်ပေလား။

"ရပါတယ် ဘာမှမဖြစ်ပါဘူး"

"ကျေးဇူးတင်ပါတယ်"

သျှန်နဲ့ညို့ကြားက အခြေအနေကနည်းနည်းတော့ထူးဆန်းနေသည်။အရင်လိုပြန်ဖြစ်သွားတာလားဆိုတော့လည်းမဟုတ်ပေ ပြိုင်ဆိုင်ပြီးရန်စောင်နေတတ်ကြသည့်ပုံစံမျိုးလည်းမဟုတ် ဒီတိုင်းမတော်တဆပြန်တွေ့ကြသည့်သိကျွမ်းဖူးသည့်သူတွေလိုနည်းနည်းအေးစက်စက်အခြေအနေမျိုးပင်။

"သွားတော့မယ်"

"ခဏ ခဏလေး 'ညို' မဟုတ်ပါဘူး မိုးစက္ကန့်ညို"

"ဘာလဲ"

"မင်းတကယ်ပဲဒီလိုမျိုးပဲနေတော့မှာလား"

"ဘာလဲ ငါကဒီလိုမနေလို့ မင်းလိုအကုသိုလ်တွေတနင့်တပိုးလုပ်ပြီးမှ တရားစခန်းဝင်ရမှာလား"

"မဟုတ်ပါဘူး ကိုယ်ပြောချင်တာအဲ့သဘောမဟုတ်ဘူး"

"အဲ့တာဆိုဘာသဘောလဲ"

"မင်း အခုချိန်ထိမသိသေးဘူးပဲ နေပါစေအဲ့တာဆိုထားလိုက်ပါတော့ ဂရုစိုက်ပြီးပြန်ပါ"

"မင်းမပြောလည်း ငါ့ကိုယ်ငါ ဂရုစိုက်နိုင်တယ် "

"သိပါတယ် ကိုယ်စိတ်ပူလို့ပါ"

"တော်ပါတော့ မင်းရဲ့စိတ်ထဲကမပါတဲ့စကားတွေကို"

"ကိုယ့်ကိုမယုံကြည်ဘူးမလား မုန်းလိုက်ပါ ဒါပေမဲ့ ကိုယ့်ကိုမုန်းနေရတာ ပင်ပန်းတယ်မလား"

သျှန့်စကားတွေက စက္ကန့်ရဲ့ဒဏ်ရာဟောင်းကိုလာဆွနေသလိုပင် သို့သော် သျှန်ပြောနေတာလည်းအမှန်တရားတွေပင် စက္ကန့်တကယ်ကိုပင်ပန်းနေပါပြီ သျှန့်ကိုမုန်းရတာ မသိသလိုနေရတာတွေကတကယ်ပင်ပန်းလွန်းပါသည်။

"မင်းဘယ်လိုထင်လဲ"

သျှန့်ကိုကျောပေးရပ်နေရာမှ သျှန်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်။

"မှားခဲ့တယ်ဆိုတာသိပါတယ် မင်းခွင့်မလွှတ်နိုင်စရာဖြစ်မှန်းလည်းသိပါတယ်"

"အေး အဲ့တာဆိုဆက်မပြောနဲ့တော့ သွားလို့ရပြီမလား မင်းကဘုရားတရားတွေလုပ်ပြီး ငြိမ်းချမ်းအောင်နေနေချိန်မှာငါကတော့ ငရဲအိုးဂျိုးကပ်မဲ့အလုပ်တွေလုပ်နေတယ်ဆိုပြီး လှောင်ချင်နေသေးတာလား အဲ့တာဆိုလည်းပြော ငါရပ်‌နားထောင်ပေးမယ်"

"ကိုယ်တောင်းပန်ပါတယ် ကိုယ့်စိတ်ရင်းနဲ့ပြောတဲ့စကားပါ ဘယ်သူမှမရှိတော့ရင်တောင် မင်းဘက်မှာကိုယ်အမြဲရှိနေမယ်ဆိုတာတော့မှတ်ထားပေးပါ"

"မျှော်လင့်ချက်တွေမပေးပါနဲ့တော့ မင်းဘာသာတရားထိုင်ပြီးသာနေခဲ့လိုက်တော့ ငါသွားပြီ"

ထနောင်းရိပ်လေးမှာအေးချမ်းမယ်ထင်လို့ ရပ်နေခဲ့မိပေမဲ့ ညို့ပေါ်မှာတင်နေတဲ့အပြစ်ကြွေးတွေအကြောင်းပြန်တွေးမိတော့ လူကအလိုလိုပူလောင်လာရသည်။'ညို' ကတော့ သူကားရပ်ထားသည့်နေရာသို့ခြေလှမ်းကျဲကြီးများဖြင့်လျှောက်သွားကာ ကားပေါ်သို့တက်သွား‌လေသည်။ ဘုန်းကြီးကျောင်းဝင်းထဲမှ ညို့ကားလေးထွက်ခွာပျောက်ကွယ်သွားသည့်အချိန်ထိ ငေးကြည့်ရင်း သျှန်ကတော့နေရာမှမရွေ့မိသေးပေ။

--------------------------------

နွမ်စိုင်း သင်္ကြန်ပြီးသွားပေမဲ့ တောင်ကြီးသို့မပြန်ဖြစ်သေး မန္တလေးမှာသောင်တင်နေရသည်။အကြောင်းအရင်းကတော့ ရှင်းသည် နွမ်စိုင်းကိုကွက်ကျော်ရိုက်သွားတဲ့ကောင်တွေကို ပညာပေးဖို့ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

နွမ်စိုင်းကိုအနေအေးတယ်ဆိုပြီး မလိမ့်တစ်ပတ်လုပ်သွားကြတဲ့ကောင်တွေ နွမ်စိုင်းအကြောင်းကိုသေချာမှမသိပဲ နွမ်စိုင်းကသွားစလို့မကောင်းတဲ့သတ္တဝါတွေထဲမှာ ထိပ်ဆုံးကပါသည့်လူတစ်မျိုးပင်ဖြစ်သည်။

နွမ်စိုင်း ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း သတင်းစုံစမ်းခိုင်းထားသည့်ကောင်လေးကိုစောင့်နေခြင်းဖြစ်သည်။

"ပီစိုင်း"

"အေး ထိုင်လေ ဘာထူးလဲ"

"သူတို့အရောင်းအဝယ်ကမနက်ဖြန်တဲ့ ပီစိုင်း ပြီးတော့သတင်းထွက်နေသလို ကျောက်စိမ်းရောင်းမှာမဟုတ်ဘူး နီလာတဲ့ သူတို့အဖွဲ့ကကောင်တွေပြောနေတာမတော်တဆကြားလားတာ သူတို့ကသတင်းအတုလွှင့်ထားတာဗျ"

"ဟွန့် ဒီကောင်တွေဘယ်ဆိုးလို့လဲ သူတို့ဘယ်နေရာမှာဆုံမှာလဲသိလား"

"ဟုတ် Hotel တစ်ခုမှာချိန်းထားတာ ပီစိုင်း ကျွန်တော်နေရာသိတယ်"

"ဟုတ်ပြီ အဲ့တာဆို ဒီကောင်တွေကိုဆက်ပြီးစောင့်ကြည့်ထား"

"ဘာမှမလုပ်ဘူးလား ပီစိုင်း မနက်ဖြန်ဆိုရင်ပဲအရောင်းအဝယ်ဖြစ်တော့မှာလေ"

"အေးဆေးပေါ့ ဒီကောင်တွေဘယ်လောက်ပျံနိုင်မှာလဲ မြင့်မြင့်ပျံစမ်းပါစေ အမြင့်ဆုံးရောက်မှ ပြုတ်ကျတဲ့အရသာကဘာလဲဆိုတာပေးပြီးမြည်းစမ်းခိုင်းမယ်လေ"

"ဟုတ် နားလည်ပါပြီ ပီစိုင်း"

‌သတင်းလာပို့တဲ့ကောင်လေးပြန်သွားတာနဲ့ နွမ်စိုင်းလည်း ပိုက်ဆံရှင်းကာ ကော်ဖီဆိုင်မှထပြန်ခဲ့သည်။သို့သော် နွမ်စိုင်းမသိလိုက်သည်က သူ့ကိုတစ်စုံတစ်ယောက်ကစောင့်ကြည့်ပြီး သူပြောသမျှတွေအကုန်ကြားသွားသည်ဆိုတာကိုပေါ့။

"ကောင်လေးကစိတ်ဝင်စားဖို့ကောင်းသားပဲ အဟက်"

(P/N:: ဘယ်သူလိုထင်လဲဝေ့ 
K/N:: မသိပါဘူးဝေ့ )

---------------------------------

နွမ်စိုင်း မနက်ကိုးနာရီလောက်တွင်ပြင်ဆင်စရာရှိတာတွေပြင်ပြီး အဖွဲ့သားတချို့ကိုလာကြိုခိုင်းထားသည်မို့ ခေါင်းဆောင်အိမ်တွင်သာ ထိုင်စောင့်နေလိုက်သည်။

"နွမ်စိုင်း မဟုတ်တာတွေလျှောက်မလုပ်နဲ့နော်"

"ခေါင်းဆောင်ကလည်း ကျွန်တော့်ကိုဆိုမယုံဘူး မဟုတ်တာတွေမလုပ်ပါဘူး ဟုတ်တာတွေပဲလုပ်မှာ"

"အေး ငါမယုံတာလည်း မင်းရဲ့ဟုတ်တာတွေပဲ သတိထားပြီးလုပ်နော် တစ်ခုခုဆိုပြော ငါလည်းမင်းအစ်ကိုတစ်ယောက်ပဲကြားလားနွမ်စိုင်း"

"ဟုတ် ပီအိုက်"

ခေါင်းဆောင်ကနွမ်စိုင်းကိုဘယ်လောက်ချစ်လဲဆိုတာနွမ်စိုင်းသိပါသည်။ထို့ကြောင့် နွမ်စိုင်းကိုချစ်တဲ့သူတွေ နွမ်စိုင်းချစ်ရတဲ့သူတွေနာကျင်မှာကို နွမ်စိုင်းပိုကြောက်ပါသည်။

"တီ..တီ.."

အိမ်ရှေ့မှကားဟွန်းသံကြောင့်

"သွားပြီ ပီအိုက်ရေ ဟိုကောင်တွေလာကြိုပြီ"

"အေး အေး ဂရုစိုက် အကူအညီလိုရင်ဖုန်းလှမ်းဆက်"

"အောခ "

နွမ်စိုင်းတို့ Hotel ကိုရောက်သည့်အချိန်တွင် ဆယ်နာရီထိုးနေချေပြီ နွမ်စိုင်းတို့သီးသန့်ယူထားသည့်အခန်းထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။နွမ်စိုင်းတို့ဘေးအခန်းတွင် တဖက်အဖွဲ့ကကောင်တွေ အရောင်းအဝယ်လုပ်ကြမှာဖြစ်သည်။

အေးအေးဆေးဆေးထိုင်နေတဲ့ နွမ်စိုင်းကိုကြည့်ပြီး အဖွဲ့သားတွေကလှုပ်လှုပ်ရွရွဖြစ်နေကြသည်။

"ပီစိုင်း တစ်ခုခုလုပ်ဦးလေဗျာ ဟိုကအရောင်းအဝယ်ဖြစ်တော့မယ်ဗျ"

"မင်းတို့ကောင်တွေ ငြိမ်ငြိမ်ထိုင်စမ်းပါ မင်းတို့ကဆရာလား ငါကဆရာလား"

"ပီစိုင်းကဆရာပါ"

"အေး ခဏလေးစောင့်ကြည့်လိုက်"

"ဟုတ်"

တစ်ဖက်အခန်းထဲတွင်...

"ကဲ ကျုပ်တို့အရောင်းအဝယ်လုပ်ထားတဲ့ ပစ္စည်းလေးကြည့်လိုက်ရအောင် ကျုပ်ခင်ဗျားကို ငွေချေပြီးပြီနော် ဦးနန္ဒ"

"ဟုတ်ပါတယ်ဗျာ ငွေချေပြီးပါပြီ ပစ္စည်းကို သင်္ကြန်ပြီးမှလာယူမယ်ဆိုလို့ ကျုပ်သေချာသိမ်းထားပြီး အခုကိုယ်တိုင်လာပို့တာပဲလေဗျာ"

"ဟုတ်ပါပြီ ကျုပ်အလုပ်ရှိသေးတယ်ဗျ ပစ္စည်းယူပြီးသွားရမှာ မြန်မြန်လုပ်ဗျာ"

"ဒီမှာပါ"

ဦးနန္ဒ သူသေချာသိမ်းထားခဲ့သော ပစ္စည်းကို တစ်ဖက်ကဝယ်လူရှေ့သို့ထုတ်ပြလိုက်သည်။

"ခင်ဗျားလာနောက်နေတာလား ကိုယ့်ပစ္စည်းလည်းကိုယ်ကြည့်ဦးဗျ"

"ဟင်"

ဝယ်သူ၏စကားကြောင့် ဦးနန္ဒ သူသေချာသိမ်းထားခဲ့သော ကတ္တီပါဗူးလေးထဲကပစ္စည်းကိုကြည့်လိုက်မိတော့ သူတယုတယသိမ်းဆည်းထားခဲ့သော နီလာကျောက်လေးမဟုတ်တော့ ကလေးတွေဆော့သည့် ဖန်ဂေါ်လီလုံးဖြစ်နေသည်။ဦးနန္ဒအမြင်အာရုံတွေဝေဝါးသွားရုံမက ခေါင်းထဲတွင်အချက်ပေးသံတွေကဆူညံနေချေပြီ။

"ဦးနန္ဒဘာသဘောလဲ ခင်ဗျားဟာက"

"ခဏ ခဏလေးပါဗျာ တစ်ခုခုမှားနေတယ်ထင်တယ်ဗျ ကျုပ်လူတွေကိုပစ္စည်းပြန်စစ်ခိုင်းလိုက်ပါ့မယ် ခဏလေးပါဗျာ"

"ကျုပ်အချိန်တွေအဲ့လောက်ပေါမနေဘူးဗျ အခုပစ္စည်းကအဆင်မပြေဘူးဆိုရင်လည်း ပြန်ရှာမနေနဲ့တော့ ကျုပ်ငွေပြန်အမ်းဗျာ"

"အဲ့ အဲ့တာက အဲ့တာကလေ"

"ခင်ဗျား လူလည်လုပ်ဖို့မကြံနဲ့နော် ဒီလောကမှ ကျုပ်ဘာကောင်လဲသိတယ်မလား ဦးနန္ဒ"

"သိ သိပါတယ် ခဏလေးပါဗျာ ပစ္စည်းကအိမ်ကိုပြန်ကြည့်ဖို့ ဖုန်းဆက်ထားခိုင်းပါပြီဗျာ "

"ပြီးရော မြန်မြန်လုပ်"

ဆယ်မိနစ်လောက်ကြာတဲ့အချိန်မှာ ဦးနန္ဒဖုန်းဆက်ခိုင်းထားသောကောင်လေးကအခန်းထဲပြန်ဝင်လာသည်။

"Boss အိမ်မှာဘာမှမရှိဘူးတဲ့ ပြီးတော့ ပြီးတော့ Boss မနေ့ကလက်မှတ်ထိုးလိုက်တဲ့ ရှယ်ယာဝယ်တဲ့စာချုပ်တချို့ပါပျောက်နေတယ်တဲ့ "

"ဟင်"

ဦးနန္ဒအကွက်ကျကျလုပ်ကြံခံလိုက်ရချေပြီ ဘယ်သူလုပ်တာလဲဆိုတာစဉ်းစားလို့မရ သေချာတာတခုကတော့ ဦးနန္ဒရဲ့ပိုင်ဆိုင်မှုတွေအပြင် ဂုဏ်သိက္ခာပါ ဘာမှမကျန်တော့ဘူးဆိုတာပင်

"ကဲ ဘယ်လိုလုပ်ချင်လဲ ဦးနန္ဒ ငွေပြန်အမ်းမလား ပစ္စည်းပေးမလား"

"ခင်ဗျားလည်းကြားသားပဲဗျာ ကျုပ်အခက်အခဲကို ခဏလောက်စောင့်ပေးလို့ရမလားဗျာ"

"Oh!! အဲ့တာခင်ဗျားအပိုင်းလေ ကျုပ်ကပစ္စည်းလိုချင်လို့ဝယ်တယ် ငွေလည်းချေပြီးသားလေ အခုဘာမှပြန်မပေးနိုင်တာကခင်ဗျားအပြစ်မဟုတ်ဘူးလား "

"ဒါပေမဲ့.."

"ဒါပေမဲ့တွေဘာတွေလုပ်မနေနဲ့ ကျုပ်လိုချင်တာမရနိုင်ရင်တော့ ကျုပ်အပြစ်မဆိုနဲ့နော်"

ဦးနန္ဒအခြေအနေတွေမဟန်မှန်းရိပ်မိလိုက်ပြီမို့ ဒီဝယ်လက်ဘယ်လောက်တိကျပြီးအသည်းမာလဲ သွေးအေးလဲဆိုတာပါ ဦးနန္ဒသိနေသည် ထို့ကြောင့် Hotel အခန်းတံခါးဆီသို့အလျင်အမြန်ပြေးကာ ထွက်ပြေးဖို့ကြိုးစားလိုက်သည်။သို့သော် သူ့ထက်ပိုလျင်သော ဝယ်သူရဲ့တပည့်တွေက တံခါးဝမှာအကုန်ပိတ်ရပ်ထားသည်။

"ခင်ဗျားကပြေးချင်တာလား ဦးနန္ဒအဲ့လောက်မလွယ်ဘူးလေ"

ဝယ်သူ၏ စကားသံအဆုံးတွင် Hotel အခန်းငယ်လေးထဲ၌အသေးစားတိုက်ပွဲလေး‌ဖြစ်နေချေပြီ။

ဦးနန္ဒအားလုံးအောင်မြင်ပြီး ပြီးဆုံးပြီဟုတွေးထားခဲ့တာ ဒီညနေ ဘန်ကောက်ကိုသွားဖို့အားလုံးစီစဉ်ထားခဲ့ပြီ အခုတော့ ဦးနန္ဒရဲ့မျှော်လင့်ချက်တွေရည်ရွယ်ချက်‌တွေရိုက်ချိုးခံလိုက်ရသည့်အပြင် အခုတော့ ကိုယ့်အသက်လေးကိုပင်ဖက်နဲ့ထုပ်ပြီးဘယ်အပေါက်ကပြေးရမှန်းမသိတော့ပေ။

"ဝုန်း ဒိုင်း ခလွမ်း..."

Hotel ခန်းတွေကအသံလုံသည်မို့ ဟိုဘက်ခန်းရဲ့နံရံနားကပ်ပြီး နားထောင်နေသည့် နွမ်စိုင်း၏တပည့်များ အသံကိုတိုးသဲ့သဲ့သာကြားရသည်။

"ပီစိုင်း ဟိုဘက်မှာ ချကုန်ပြီထင်တယ် အသံတွေကြားတယ်"

"အေး ဟုတ်မှာပေါ့ ငါလုပ်ချင်တာလည်းလုပ်ပြီးသွားပြီး ပြန်ကြမယ် နောက်ပိုင်းကို သူတို့ဘာသာဆက်ရှင်းလိမ့်မယ်"

ပြောပြောဆိုဆို ထိုင်နေရာမှထကာ ပြန်ဖို့ပြင်နေသော နွမ်စိုင်းကြောင့် အဖွဲ့သားတွေကလည်းအကုန်ပြန်ဖို့ဦးဆောင်ထွက်ကြရသည်။သူတို့နားမလည်သည်က ပီစိုင်းက လုပ်ချင်တာလုပ်ပြီးပြီလည်းပြောသေးတယ် ပီစိုင်းဘာလုပ်လိုက်သည်ကိုသူတို့အခုထိ မသိသေးပေ ပီစိုင်းဒီတိုင်းပဲထိုင်နေခဲ့တာလေ သူတို့အရင်ရက်တွေကလည်းဘာမှမလုပ်နဲ့လို့တောင်ပီစိုင်းကိုယ်တိုင်ပြောထားခဲ့သေးတာကို သူတို့လည်းဉာဏ်မမှီတဲ့ကိစ္စတွေမို့ မစဉ်းစားတော့ပဲ ပီစိုင်းနောက်ကနေသာလိုက်ပြန်လာခဲ့ကြတော့သည်။

တကယ်တော့ ဒီလိုတွေဖြစ်အောင် နွမ်စိုင်းနည်းနည်းလေးအကွက်ရွေ့လိုက်တာပင်။ဦးနန္ဒရဲ့ နီလာ ဟာHotel ရောက်တဲ့အထိပါလာပါသေးတယ် နွမ်စိုင်းနည်းနည်းလေးမျက်လှည့်ပြလိုက်ခြင်းကြောင့်သာ သူ့နီလာဟာ ဖန်ဂေါ်လီလုံးဖြစ်သွားခြင်းပင် အဲ့လူကြီး အဖွဲ့ထဲကို နွမ်စိုင်းလူတစ်ယောက်လွှတ်ကာ Hotelအခန်းထဲအဝင်တွင် ကုတ်အင်္ကျီထဲထည့်ထားသောကတ္တီပါဗူးထဲမှ နီလာကို နည်းနည်းလေးချိန်းပေးလိုက်ခြင်းပင်။

ဦးနန္ဒဟိုဘက်က ‌ငွေချေထားတဲ့ပိုက်ဆံတွေကိုပိုက်ပြီး ဘန်ကောက်ကိုသွားမဲ့အစီအစဉ်အကြောင်း နွမ်စိုင်းသတင်းရထားသည်မို့ လူတစ်ယောက်လွှတ်ကာ ရှယ်ယာတွေနဲ့အမြတ်အစွန်းတွေကိုမက်လုံးပေးပြီး သူ့ပိုက်ဆံတွေကို နွမ်စိုင်းဆီရောက်အောင်လုပ်ထားခဲ့လိုက်သည်။မနက်ခင်း ဦးနန္ဒတို့ အိမ်ကထွက်ချိန်တွင် သူ့အိမ်ထဲခိုးဝင်ကာစာချုပ်တွေကိုပြန်လည်ခိုးယူလာခဲ့သည်။ရိုက်ချက်ကသိပ်မပြင်းဘူးဟုထင်ရသော်လည်း တကယ်တော့ ဦးနန္ဒပိုင်ဆိုင်သမျှအားလုံးကို နွမ်စိုင်းလက်ထဲရောက်အောင်လုပ်ခဲ့ခြင်းဖြစ်သည်။နွမ်စိုင်းဘာမှမပင်ပန်းပါပဲ ချွေးတောင်မထွက်လိုက်ရ သူ့ကိုကွက်ကျော်ရိုက်သွားတဲ့ ဦးနန္ဒကိုပြန်လည်ပညာပေးခဲ့ခြင်းဖြစ်သည်။

နွမ်စိုင်းကိုနိုင်ဖို့ဆိုတာလွယ်မယ်ထင်နေကြတဲ့သူတွေကို သွေးထွက်သံယိုအပြစ်ပေးနေမယ်အစား သေတာထက်ပိုဆိုးသည့်ဆုံးရှုံးမှုမျိုးတွေ ဘဝသေသွားအောင်လုပ်ပစ်လိုက်တဲ့နည်းလမ်းမျိုးတွေနဲ့သာအပြစ်ပြန်ပေးချင်သည်။သေသွားရင်တစ်ခါပဲခံစားရပြီးငြိမ်းချမ်းသွားမှာပေါ့ နွမ်စိုင်းကတော့ ရှင်လျက်နဲ့သေစေချင်သည် သူတို့နဲ့ထိုက်တန်တယ်လို့လည်းထင်ပါသည်။ 

စဝ်နွမ်စိုင်း က သွားစလို့မကောင်းတဲ့လူ ဆိုတာ သူတို့မေ့နေကြသလား ။ 

နွမ်စိုင်း လေလေးချွန်ရင်း သီချင်းလေးညည်းရင်း Hotel မှထွက်ခွာလာခဲ့သည်။နွမ်စိုင်း ဒီတစ်ခေါက်တော့ အလုပ်ကိစ္စတွေကိုခဏပစ်ချထားခဲ့ကာ မန္တလေးမှာနည်းနည်းကြာကြာလေးအနားယူဖြစ်ဦးမည်ထင်ပါသည်။

Nov 24, 2021

Thanks For Reading 💛💛

#Paing Koe 🌸🍉

-----------------------------------------------------


rate now: