book

Index 12

Part - 11

မဟာသင်္ကြန်အကျနေ့......


မန္တလေးမြို့ကြီးတမြို့လုံး စည်ကားသိုက်မြိုက်စွာ ပျော်ရွှင်ဖွယ်ရေသဘင်ပွဲတော်ကို ပျော်ပျော်ပါးပါးဆင်နွှဲနေကြသည်။

မပျော်ပါးနိုင်သည့်သူက စက္ကန့်တယောက်တည်းသာရှိမည်ထင်သည်။တအိမ်လုံးကလည်းတိတ်ဆိတ်လျက်.....

အိမ်မှအလုပ်သမားတွေကိုလည်း သင်္ကြန်နားရက်ပေးကာအိမ်သို့ပြန်ခွင့်ပြုထားသည်မို့ အိမ်မှာ စက္ကန့်တယောက်တည်းသာရှိသည်။

အဖွဲ့ထဲကကောင်တွေကိုလည်း မနေ့ကအလုပ်ကိစ္စပြီးတည်းက သင်္ကြန်တွင်းဘာမှအရောင်းအဝယ်မလုပ်တော့ဘူးဟုတွေးကာ အကုန်လုံးကို ခွင့်ပေးလိုက်သည်။တချို့အိမ်မပြန်တဲ့သူတွေရှိပေမဲ့ သူတို့အတွက် အိမ်ခြံဝန်းလေးနှင့် အိပ်ဆောင်သဘောမျိုးတွေ စက္ကန့်ကသီးသန့်စီစဉ်ပေးထားသည်မို့ သူတို့အတွက်ပေးထားတဲ့ခြံက စက္ကန့်အိမ်နှင့်ဘေးချင်းကပ်ဆိုတော့ သူတို့ခြံထဲမှာ သူတို့အနားယူနေကြပုံပင် ဒီဘက်ကစက္ကန့်ရဲ့အိမ်ကြီးထဲမှာတော့ စက္ကန့်တယောက်တည်းသာ.....


🎶 မြူးကြွတဲ့တေးသံ ပျံ့လွင့်‌လို့နေ...ကူးပြောင်းစတန်ခူးလေမှာ...🎶


စက္ကန့်၏စာဖတ်ခန်းထဲတွင် Bluetooth box မှတစ်ဆင့်ဖွင့်ထားသော ရေဒီယိုမှာလာနေသည့် သင်္ကြန်မိုးသီချင်းသံကပျံ့လွင့်နေသည်။

မနေ့က ယူလာသော ‌ကျောက်စိမ်းအရိုင်းတုံးတွေကို စစ်ဆေးနေရင်းမှ စက္ကန့်နှုတ်ဖျားကနေပါ သီချင်းသံကိုတိုးတိုးလေးလိုက်ညည်းဆိုနေမိသည်။


"အဟက်"


စက္ကန့်စစ်ဆေးနေရင်းမှ မနေ့ကပုံရိပ်တချို့က ခေါင်းထဲအစီအရီပြန်ပေါ်လာတော့ မရည်ရွယ်ပါပဲ နှုတ်ခမ်းပါးတို့ကအလိုလိုပြုံးမိပြန်သည်။မနေ့ကလိုမျိုး စက္ကန့်မပျော်ခဲ့ရသည်မှာ ဆယ်စုနှစ်တခုနီးပါးပင်ကြာခဲ့ပြီဖြစ်သောကြောင့် မနေ့ကရခဲ့တဲ့ပျော်ရွှင်စရာအခိုက်အတန့်လေးက တကယ်ကို အဖိုးတန်လွန်းလှပါသည်။ကလေးငယ်လေးတွေကတကယ်ကိုဖြူစင်လွန်းသလို ဟို "ချေ" ဆိုတဲ့ချာတိတ်လေးကလည်း တကယ်ကိုချစ်ဖို့ကောင်းလွန်းသည်။


စက္ကန့် ထိုကလေးပိစိကွေးလေးတွေဆီကိုအခွင့်ရရင်နောက်တကြိမ်လောက်သွားချင်သေးသည်။ဒီနေ့ကတော့ တစ်ယောက်တည်း လုပ်စရာအလုပ်တွေပုံနေသည်မို့ စာဖတ်ခန်းထဲတွင်သာ သင်္ကြန်သီချင်းလေးဖွင့်ပြီးသာ တနေကုန်တော့ရမည်။

----


မဟာသင်္ကြန်အကြတ်နေ့.......


🎶ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာရောက်ခဲ့ပြီ...ဘယ်အရပ်သူဇာတိမှန်းလည်းမသိတော့ အခက်တွေ့ပြီ..🎶

မနက် 7 နာရီသာရှိသေးသည် သီချင်းသံအကျယ်ကြီးကြောင့် စက္ကန့်အိပ်ယာမှမထချင်ထချင်နှင့် မျက်လုံးကိုအတင်းပြူးပြဲဖွင့်ကာ အိပ်ခန်းပြတင်းပေါက်ဆီမှ သီချင်းသံလာရာကိုရှာကြည့်ရန် ပြတင်းတံခါးကိုဖွင့်ရင်း စေတနာမေတ္တာဗရပွနှင့် မေတ္တာတွေအတုံးလိုက်အတစ်လိုက်ပို့နေမိသည်။

"အားးးးး"

စက္ကန့် စိတ်တိုတိုနှင့် ကိုယ့်ဆံပင်တွေသာကိုယ့်ဘာသာထိုးဖွရင်းအော်ဟစ်လိုက်မိသည်။သီချင်းသံ‌ရဲ့ တရားခံက ဟိုဘက်ခြံထဲကစက္ကန့်ရဲ့အဖွဲ့သားတွေပင် အိပ်မပြန်ကြတဲ့ကောင်တွေခြံထဲမှာ Sound box တွေချ ရေပေပါတွေချပြီး မကြီးမငယ်တွေနဲ့ စောစောစီးစီးရေဆော့နေကြခြင်းဖြစ်သည်။စက္ကန့်အိပ်နေတာနှောက်ယှက်လို့ဆိုပြီး အကုန်လုံးကိုလိမ့်ကန်ပစ်ချင်နေပေမဲ့ သူတို့မျက်နှာထက်ကအပြုံးတွေ စိတ်ချမ်းသာနေကြတာတွေကိုကြည့်ပြီး ဆူမဲ့သူကမဆူရက်တော့ပေ သူတို့လည်းတနှစ်ပတ်လုံး စက္ကန့်အနားမှာအလုပ်တွေများနေကြတာ အခုလိုပျော်ချိန်မှမရှိခဲ့ပဲ ဒီတခါတော့ခွင့်လွှတ်လိုက်တော့ပါမည်လေ။

အစက သီချင်းသံကြောင့် လန့်နိုးသွားလို့ စိတ်မကြည်ပေမဲ့ အခုသူတို့တွေပျော်ပျော်ရွှင်ရွှင် လွတ်လပ်စွာ ရေကစားနေကြတာမြင်တော့ စက္ကန့်ဆီသို့ပါ အလိုလိုအပျော်တွေကူးစက်လာရသည်။ဒီနေ့စက္ကန့်အလုပ်တွေဘာမှမရှိ ‌တနေ့လုံးအားနေသည်မို့ ဘာလုပ်ရမလဲစဉ်းစားမိတော့ ခေါင်းထဲသို့ပေါ်လာတဲ့ ဟိုကလေးပိစိကွေးလေးတွေ.......

<--"နောက်ရက်လည်းထပ်လာခဲ့နော် အစ်ကိုကြီး"
 "မျှော်နေမှာနော် အစ်ကိုကြီး"-->

သူတို့သေချာမှာလိုက်တဲ့စကားသံတေပြန်သတိရမိတော့ စိတ်ကအလိုလို ထိုကလေးငယ်လေးတွေဆီကိုရောက်မိပြန်သည်။
ထို့ကြောင့် စက္ကန့် ရေမိုးချိုးအဝတ်လဲကာ ကလေးတွေရှိရာဆီသို့ သွားဖို့ဆုံးဖြတ်ချက်ချလိုက်သည်။

အဝတ်လဲချိန်ကျမှ စက္ကန့်တစ်ယောက်မှန်ရှေ့မှာအလုပ်ရှုပ်နေရတော့သည်။စက္ကန့်ဝတ်နေကြတွေက စတိုင်လ်ပန် တွေ ရှပ်င်္ကျီလက်ရှည်တွေ ဒါတွေဝတ်သွားလို့ကတော့ အဆင်မပြေပေ ကလေးတွေနဲ့သွားဆော့မဲ့ဟာကို ဒါကြီးတွေသာဝတ်သွားရင် သေချာတယ် စက္ကန့်ကို အဲ့မဏ္ဍပ်က ကလေးတွေရဲ့ အဖေလို့ထင်မှာ ကျိန်းသေမလွှဲပေ။
အဲ့တော့ အဲ့က ကလေးတွေက ဆယ်ကျော်သက်လေးတွေ ငါးနှစ်ခြောက်နှစ်ကလေးလေးတွေမို့ စက္ကန့်လည်း နည်းနည်းလူငယ်ဆန်မည်ထင်ရသည့် အဝတ်ကို ဗီရိုတခုလုံးမွှေနှောက်ကာရှာရတော့သည်။

ဟော ...တွေ့ပါပြီ ဗီရိုရဲ့ချောင်ထဲမှာကပ်သပ်နေတဲ့ ဘယ်ခုနှစ်ဘယ်ကာလက ဝယ်ထားမိမှန်းမသိသော ရှော့ပန်အနက်ရောင်လေး...ဘောင်းဘီအတွက်အဆင်ပြေသွားပြီဆိုတော့ အင်္ကျီအတွက်ထပ်မွှေနှောက်ရပြန်သေးသည် ဗီရိုတစ်ခုလုံးရှိသမျှအဝတ်တွေအကုန် လှန်လှောရင်း တီရှပ်အဖြူလက်တိုလေးတစ်ထည် ထွက်လာသည်။

နောက်ဆုံးတော့ စက္ကန့်ရဲ့အဝတ်လဲခြင်းအစီအစဉ်ပြီးဆုံးသွားလေသည်။မှန်ရှေ့‌တွင် ဟိုလှည့်ဒီလှည့်နဲ့ စိတ်တိုင်းကျစစ်ဆေးပြီးသွားတော့ ကိုယ့်ကိုယ်သေချာပြန်ကြည့်မိသည် စက္ကန့်ကအခုတကယ့်ကိုလူငယ်လေးတယောက်လိုပင် အရင်ကဆို ဂျယ်လ်နဲ့လှန်ဖြီးထားနေကျဆံပင်လေးတွေကိုလည်း ဒီအတိုင်းလွတ်လပ်စွာနဖူးပြင်ထက်တွင်ကျဆင်းထားစေလိုက်သည် ။မိုးကာသားပုံစံမျိုး ဂျာကင်တစ်ထည်ကောက်ဝတ်လာလိုက်သည်။ဒီလောက်ဆို အတော်ပြည့်စုံသွားပါပြီ ။

စက္ကန့် ကားကိုကိုယ်တိုင်မောင်းကာ ကလေးတေရှိရာ ရပ်ကွက် မဏ္ဍပ်လေးဆီသို့ ထွက်ခွာလာခဲ့သည်။ကလေးတေဆီကို လက်ဗလာနဲ့မသွားချင်တာမို့ လမ်းမှာတွေ့သော မီနီမားကတ်တခုမှ သရေစာမုန့်လေးတွေဝင်ဝယ်ခဲ့လိုက်သည်။

စက္ကန့်ရောက်တော့ သူတို့က မဏ္ဍပ်ကရေစည်တွေမှာရေဖြည့်တုန်းရှိသေးသည် မနက် 8 နာရီဆိုတာသိပ်မစောတော့ပါဘူးလေ စက္ကန့်ကားကို လွတ်လောက်မည့်နေရာတခုရှာ၍ရပ်ခဲ့ပြီး ဝယ်လာတဲ့ မုန့်ထုတ်တွေဆွဲကာ ကလေးတွေနှင့်ဟိုချာတိတ်လေးရှိသည့် မဏ္ဍပ်ငယ်လေးဆီသို့ ခြေလှမ်းတွေကို ဦးတည်လိုက်သည်။

"ဟေ့ ကလေးတွေ "

"ဟာ အစ်ကိုကြီး  တကယ် လာတယ်နော်"

"ဟေးးး ကိုကြီးချေကို အမြန်သွားခေါ်ကြ ဟျောင့်တွေ အစ်ကိုကြီး ရောက်လာပြီလို့ "

ကလေးတွေက သူတို့အချင်းချင်း လဲအော်ပြော၊ ခြံထဲဝင်ပြီး ဟိုချာတိတ်ကိုလဲ ပြေးခေါ်ကြသည် ။ စက္ကန့်အနားသို့ အုန်းမုတ်ခွက်ကေနဲ့ ကလေးပိစိ တစ်ကောင်က ရောက်လာပြီး စက္ကန့်လက်ကိုဆွဲကာ မဏ္ဍပ်ရှိရာသို့ခေါ်သွားသည်။

"မနေ့က ဘာလို့မလာတာလဲ အစ်ကိုကြီး သားတို့က မျှော်နေတာကို "
ဘာရယ်မဟုတ် သူတို့ပြောလိုက်တဲ့စကားလေးတခွန်းက စက္ကန့်ရင်ထဲ အနွေးစီးကြောင်းလေးတစ်ခုဖြတ်စီးဆင်းသွားရသည် ။
ရင်ထဲကလာတဲ့စစ်မှန်တဲ့အပြုံးတစ်ခုနဲ့ ကလေးတွေကို ပြန်ဖြေမိသည်။

"မင်းတို့အစ်ကိုကြီး မနေ့က အလုပ်တွေများနေလို့ပါကွာ အာ့မို့ မလာနိုင်တာ ဒီနေ့ မင်းတို့ဆီ အစောကြီး လာပေးတယ်ဆိုတော့ မနေ့က ကိစ္စကို ချေပေးလိုက်နော် "

"အွန်းပါ သားတို့က စိတ်မဆိုးပါဘူး အစ်ကိုကြီးမလာတော့ စိတ်မကောင်းဖြစ်ရုံပါ "

အားး ဒီကလေးတွေ ဘာကြောင့်စကားအရမ်းတက်ရတာလဲ ချစိဖို့ကောင်းလိုက်တာ 

"ဟေးး ဦးလေးကြီး ဘာလို့မနေ့က မလာတာတုန်း ချေ တို့က မျှော်နေတာကို "

"ငါ မပြီးသေးတဲ့အလုပ်လေး လက်စသတ်နေလို့ပါကွာ အခုရောက်လာပြီပဲ "

ချေ သေချာကြည့်လိုက်တော့မှ ဦးလေးကြီးက အရင်နေ့ကလာတဲ့ပုံနှင့်မတူပေ အရင်နေ့ကဆို လုပ်ငန်းရှင်ကြီးလိုလိုဘာလိုလို အရမ်းရင့်ကျက်တည်ငြိမ်တဲ့ပုံစံမျိုးနဲ့ ဒီနေ့ကျ လူငယ်ဆန်ဆန်ဖက်ရှင်လေးနှင့် ဆံပင်ပုံစံကအစ ပုံကျပြီး‌ကြည့်ကောင်းနေလိုက်တာ ဒီဦးလေးကြီး သတ်သတ်မဲ့ပဲတွေများလာတာပဲ အခုလိုကျလည်း ငယ်ငယ်နုနုလေးကျနေတာပဲ အဲ့ဒီဦးလေးကြီး ချေ့ ထက် အသက်အများကြီး ကြီးမှာသေချာပေမဲ့ အခုလိုကျ တကယ်ကို နော်မူးမောရှီးဆောနေလိုက်တာ မနာလိုစရာကောင်းလွန်းလှသည် ဟွန်း ဟွန်း ဘယ်ရမလဲ ချေ ကဒီမဏ္ဍပ်ရဲ့ပင်တိုင်စံလေ ချေ့ ထက်ဘယ်သူမှပိုချောနေလို့မရဘူး အဲ့တော့ ဒီနေ့ပဲတွေများပြီး ချောနေတဲ့ ဦးလေးကြီးကို ချေ နည်းနည်းပညာပေးမှရတော့မည်။

"အွန်းအွန်း ဒါဆို စလိုက်ကြစို့ "

'ချေ' ဆိုတဲ့ ချာတိတ်လေး စလိုက်ကြစို့ ပြောပြီး စက္ကန့်နဲ့ကလေးတွေ ထိုင်နေတဲ့ နေရာကို ရေပုံးထဲကရေတွေနဲ့ ရုတ်တရက်လှမ်းပက်လာသည်မို့ ရှောင်ချိန်မရလိုက်။

"အားး ကိုကြီးချေ ယုတ်မာပြီ "

"ဟာ ချာတိတ်...သူ့ကိုပြန်လောင်းကြမယ် ကလေးတို့ "

"ဟုတ် "

ဒီလိုနဲ့ အပြင်လူမပါတဲ့ ရေပက်ပွဲကြီးကို စက္ကန့်နဲ့ကလေးတစ်သိုက်ရယ်ချာတိတ်လေးရယ် ဆင်နွှဲကြတော့သည်။

"ဟားဟားဟား "

"ကိုကြီးချေ ရှုံးပြီကွ "

"မင်းတို့ကောင်တွေက ဘက်ပြောင်းသွားလို့လေ အေး နောက်နေ့ကျ မင်းတို့ကို ခေါ်မဆော့ဘူး မှတ်ထား "

"ဟီးဟီး "

"ကလေးတွေကို ပက်ရမ်းမနေနဲ့ ချာတိတ် လောကမှာ အင်အားအကြီးဆုံးသူက အနိုင်ပဲ"

"တော်ပြီ မပက်တော့ဘူး မောတယ် "

"ကိုကြီးချေ မြူးဇစ်လေး ဖွင့်လေ "

"ဟုတ်တယ် ဘလူးတူ နဲ့ ဖွင့်ကြမယ် ဒါမှ ဟိုဘက်လမ်းက ကောင်တွေကြားပြီး မနာလိုဖြစ်မှာ "

"အေးအေး ငါသီချင်းအသစ်တွေရှာထားတယ်ကွ အဲ့ကောင်တွေထက် သာစေရမယ်"

ခုနကပဲစိတ်ဆိုးတယ်ပြောပြီး ခုကျခေါင်းချင်းဆိုင်ကာ သီချင်းဖွင့်ဖို့လုပ်နေကြပြန်ပြီ.....
ဒီကလေးတွေ စိတ်က ဖြူစင်လိုက်တာ

" လာ လာ လာ လာရီလာ ရီတာတာ လာ လာ လာ လာ လာရီလာ ရီတာတာ  "

"ဟာ ကိုကြီးချေ ဒီသီချင်းက ဘိုးတော်ဘုရား လေးဘက်ထောက်တုန်းက သီချင်းကြီးကို "

"အော် ငါမမွေးရတဲ့ ငါ့သားတွေရေ Box စမ်းတာကွ လာမယ် သီချင်းအသစ်က ခဏစောင့်"

"အော် တား မှ မတိပဲဂို "

"တော်စမ်း မင်းရုပ်ကြီးနဲ့ ချစ်ဖို့ကောင်းမယ် ထင်လို့လား "

ချာတိတ်နဲ့ ကလေးနဲ့၂ကောင် ငြင်းခုန်နေတာကို စက္ကန့်နဲ့ ကျန်ကလေးတွေက ထိုင်ကြည့်နေကြသည် ။ 
သူတို့ပြသာနာထဲလဲ ဝင်မပါရဲဘူး
ကိုယ့်ဘက် ရန်လှည့်လုပ်လာရင် ခက်သား
တိတ်တိတ်နေခြင်းက အကောင်းဆုံးပဲ

"ချမ်း... ချမ်း....လူတွေအစုံပဲ 
ကပါ ကလိုက် ကလိုက်...အပျိုကြီးလဲ.....ကပါ..ကလိုက်..ကလိုက်...ဟာ.....ချမ်း..ချမ်း...လူတွေအကုန်ကဲ....ချမ်း...ချမ်း...လူတွေအစုံပဲ...
၉ နာရီ ထိုးပြီ ဒီနေ့တော့ ဂွတ်ထော်နဲ့ဒိုးမည်... ရို့ ....ရို့... ပက်...ဆက် ပက်...ကောင်မလေးတွေ မတ်တပ်ရပ်....ပက်...ဆက် ပက်...
ဆက် ပက်..ဆက် ပက်...ဆက် ပက်..."

အစပိုင်းတုန်းက ဟုတ်မလိုလိုနဲ့ အနောက်ရောက်လေ ဘာကြီးမှန်းမသိလေဖြစ်လာတယ်။

"ဟာ ချာတိတ် ဘာသီချင်းကြီးဖွင့်တာတုန်းဟ"

"အော် ဦးလေးကြီး က ခေတ်မမှီလိုက်တာ ဒါနောက်ဆုံးထွတ် သင်္ကြန်သီချင်းလေ "

"မင်းနှယ့်ကွာ သီချင်းကြီးက နားထောင်လို့မကောင်းပါဘူး ပြောင်းလိုက်ပါ "

"မပြောင်းပါဘူး ဟိုဘက်ကကောင်တွေထက် သာအောင် လိတ်တက်စ်မြူးဇစ်ကို ဖွင့်မှရမယ်"

"ဟုတ်တယ် ကိုကြီးချေ ပြောတာမှန်တယ်"

"ဟျောင့်တွေက ကကြလေ "

"၉ နာရီ ထိုးပြီ ဒီနေ့တော့ .... ..
ဟျောင့်တွေ ဘာတဲ့.. "

"ဂွတ်ထော်နဲ့ ဒိုးမည် ...ရို့..ရို့..ရို့ "

"ပက်.. ဆက် ပက်...ပက်..ဆက် ပက်..ဆက်ပက်.."

စက္ကန့် ခေါင်းကိုသာနာနာကုတ်ပစ်မိတော့တယ် ။ 
စက္ကန့်ပြောတာလဲနားမထောင်ကြဘူး
သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတာပဲ
နောက်ဆုံးအဆုံးသတ်နားကို ထပ်ခါထပ်ခါ ဆိုနေတဲ့ကောင်တွေ နဲ့တော့ စိတ်ညစ်တာပဲ ။ သူတို့က မရှက်ကြပေမဲ့ စက္ကန့်က မျက်နှာပူလာပြီ...

ယွန်းသစ်ခွစံအိမ် မဏ္ဍပ်မှာတော့ ဂွတ်ထော်နဲ့ လှိမ့်နေအောင် က နေကြသည်။ 

"သင်္ချေစောယွမ်း "

အမလေး စက္ကန့်ရဲ့ ကယ်တင်ရှင်ကြီးရောက်လာပြီ ။ အားကိုးတကြီးနဲ့ သူ့အမေကို စက္ကန့်လှမ်းကြည့်မိတော့ ကြိမ်လုံးတချောင်းနဲ့ ချာတိတ်အမေက ထဘီကို မ ကာ ခြံပြင်သို့ထွတ်လာသည်။ ချာတိတ်တို့ကတော့မသိ
 က လို့ကောင်းနေဆဲပင်

"သင်္ချေစောယွမ်း... ပိတ်စမ်း အခုချက်ချင်း Box တွေကို ပိတ်စမ်း "

"ဟာ မားမား ဘာလို့တုန်း ချေ က နေတာကို"

"နင် ဘယ်လိုသီချင်းတွေဖွင့်နေတာတုန်း ဟမ်
ပြီးတော့ မိုက်ကြီးနဲ့ ဘာတွေအော်ဆိုနေတာလဲ မရှက်ဘူးလား ဟမ် "

"ဘာရှက်ရမှာလဲ မားမားရဲ့ ချေ သင်္ကြန်သီချင်းဆိုတာပဲကို "

"အေး နင့်သီချင်းကို အသာထား နင် လိုက်ဆိုနေတာက လူကြားလို့ မကောင်းဘူးလေ"

"ချေ ဘာဆိုလို့တုန်း... ၉နာရီ ထိုးပြီဒီနေ့တော့ဂွတ်ထော်နဲ့ဒိုးမည်... က ဘာဖြစ်လို့လဲ "

"အေး အဲ့ထိက ရသေးတယ် အနောက်ကဟာကြီးက လူကြားမကောင်းဘူးဟက်"

"ဆက်ပက်...ဆက်ပက်လား "

"နင်.. နင် ငါပြောနေတဲ့ကြားက မိုက်ကြီးနဲ့ အော်ပြန်ပြီ"

ချာတိတ်က လက်ထဲမှ မိုက်ကိုမချပဲ သူ့အမေကို ခပ်လှမ်းလှမ်းကနေ အော်ပြောသည် ။ 

"အော် မားမားမေးလို့ ချေ ဖြေပေးတာလေ "

"ဒီကိုလာစမ်း"

"လာပါဘူး လာရင် မားမားက ချေ့ကိုရိုက်မှာပေါ့"

"အေး နင်မလာရင် ငါလာမယ်"

"အားး ပါးပါးရေ ကယ်ကြပါဦး ချေချေ့ကို ကယ်ပါဦး ပါးပါးရေ.... ဒိုဝါဂျူဆယ်ယို"

"နင့်လက်ထဲက မိုက်ကိုချထားစမ်း "

"ချဘူး ချဘူး...."

"ရွမ်းး "

"အားး အာဂျူးရှီး... ဒိုဝါဂျူဆယ်ယို "

(A/N ::; ဒိုဝါဂျူဆယ်ယို...ကိုရီးယားလိုကယ်ကြပါဦးလို့ ယူတို့ချေချေလေးကအော်နေတာပါနော်)

အော်လည်းအော် မိုက်ကြီးကို လက်က ကိုင်ပြီး စက္ကန့်ဆီကို ချာတိတ်က ပြေးလာနေသည်။

"အော် နင်က အားကိုးရှာတာပေါ့ ဟုတ်လား"

ချာတိတ်အမေက အော်တော့ ချာတိတ်က စက္ကန့်နောက်ကနေပုန်းနေရင်း ပြန်အော်သည် ။ 

"မားမား လက်ထဲက ကြိမ်လုံးကိုချလိုက် ပြီးမှ စကားဆက်ပြောကြမယ် "

ကြာရင် စက္ကန့်ပါ ကြားထဲက အရိုက်ခံရနိုင်တာမို့ သူတို့သားအမိကြား ဝင်ဖြေရှင်းရတော့သည်။

"ဟို အစ်မ ကလည်း စိတ်လျော့ပါ ချာတိတ်ကလဲ အမေကို အဲ့လိုပြန်မပြောနဲ့လေ "

"မောင်လေး...မင်း မသိဘူး အဲ့လူဆိုးကောင် ဘယ်လောက်ဆိုးသလဲဆိုတာ သူက တုတ်ပါမှ ကြောက်တာ "

"ချေ က မားမားကို ချစ်တာလေ ချေ့မားမားကို ချေက ကြောက်နေလို့ဘယ်ဖြစ်ပါ့မလဲ မားမားကိုကြောက်ပြီးမချစ်ရင် မားမားစိတ်ကောင်းမလားပြော... အာ့မို့ ချေက မကြောက်ပဲ ချစ်ပေးနေတာကို "

ချာတိတ်ရဲ့စကားစွမ်းရည်ကိုတော့ တကယ်လက်မြှောက်ပါတယ် ။ 

"နင်...နင်"

"ဟို အစ်မ စိတ်လျော့ပါ ဒီသီချင်းကိုထပ်မဖွင့်စေရပါဘူး ကျွန်တော် သေချာထိန်းထားပါ့မယ် အာ့ကြောင့် အစ်မကပဲ စိတ်လျှော့ပြီး ခြံထဲ ပြန်ဝင်လိုက်နော် "

"အေး နောက်တခါဆို နာမယ်ပြင်ထား ချေချေ"

"ဟီးဟီး "

အရင်လိုဆို 'ချေ' ကြိမ်လုံးစာမိဖို့ သေချာသလောက်ရှိပေမဲ့ ဦးလေးကြီး က မားမားကို ပြောကူပေးတာမို့ ဒီနှစ်သင်္ကြန် 'ချေ' ကြိမ်စာမမိတော့ပေ ။

"ရီမနေနဲ့ ချာတိတ် သီချင်းပြောင်းကြမယ် ဟုတ်ပြီလား "

"သယ်... အာဂျူးရှီး "

'သယ်' လို့ပြောပြီး ခဏအကြာမှာ 'အာဂျူးရှီး'
လို့ထပ်ပြောလာတယ် ။ ဘာအဓိပ္ပါယ်လဲ မသိပေမဲ့ စက္ကန့်ကိုခေါ်တဲ့နာမ်စားလို့ သိထားတာမို့ 
လူက မသိလိုက်ပါပဲ အလိုလို ပြန်ထူးမိတယ်..

"အင်း "

"ဆာရာငှဲ "

"ဟမ် ဘာကြီးလဲ "

"ကျေးဇူးပဲလို့ ပြောတာဗျို့ "

ဒီကောင်လေးပြောလိုက်ရင် စကားအဆန်းတွေချည်းပဲ စက္ကန့်ပဲဉာဏ်မမှီတာလား ဒီ‌ကလေးတွေကပဲ ခေတ်ရှေ့ပြေးလွန်းတာလားမသိတော့ပါဘူးကွာ..

"အော် အေးအေး ငါသီချင်းရွေးဦးမယ် ရေကစားနေကြ ကလေးတွေ "

"ဟုတ် "

ဒီတုံးအလိုက်တဲ့ ဦးလေးကြီးက 'ဆာရာငှဲ 'ဆိုတာတောင် မသိဘူး ။ ချေ...စိတ်ညစ်...ဟူးး
ပုဂံခေတ်က အာဂျူးရှီး ပဲ

"လာလေ ကိုကြီးချေ ရေပက်ကြမယ်"

"အေးအေး လာပြီ"

10min လောက်အကြာ Box မှ သင်္ကြန်သီချင်းက ပျံလွင့်လာပြန်သည် ။

"မြူးကြွတဲ့ တေးသံ  ပျံလွင့်လို့လာ....
ကူးပြောင်းစ တန်ခူးလေမှာ.....တစ်ယောက်တလှည့်မို့ လှမ်းကာ ဖြန်းပက်ကြစဥ်...ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ...."

ဦးလေးကြီးက သင်္ကြန်မိုးသီချင်းကို DJ Remix နဲ့ ဖွင့်ပေးတယ် ။ ဒီသီချင်းက အကောင်းဆုံးပဲ....

'ချေ' တို့တသိုက်လဲ သင်္ကြန်မိုးနဲ့ ဒွန့်ရင်း
ရေကစားကြတော့သည် ။

စက္ကန့်ကတော့ ချေချေ ဆိုသော ချာတိတ်လေးလာဆွဲခေါ်ရင် ရေထကစားလိုက် မဟုတ်ရင် မဏ္ဍပ်နောက်နားလေးမှာ ဝင်ထိုင်နေလိုက်နဲ့ တစ်နေကုန် ကလေးတွေနဲ့ပျော်ပျော်ပါးပါးပင် ရေဆော့နေခဲ့သည်။
နေ့လည်စာတောင် ချေတို့အိမ်တွင် ချေ့မားမားချက်ကျွေးသောထမင်းနဲ့ဟင်းကို ကလေးတွေကော စက္ကန့်ကော အတူတူဝိုင်းစားခဲ့ကြသည်။စက္ကန့် ရဲ့လွတ်လပ်မှုတွေပြန်ရလိုက်သလိုပင် တကယ်ကိုပျော်စရာကောင်းလိုက်တဲ့နေ့လေးတ‌စ်နေ့ပေါ့။

စက္ကန့် ကလေးတွေဆီကပြန်လာတဲ့အချိန်ဟာ ညနေစောင်းကိုကျော်လွန်၍ မှောင်ရီသန်းလုလုပင်ဖြစ်နေချေပြီ။ကားကိုဖြည်းဖြည်းချင်းမောင်းကာ မန္တလေးသင်္ကြန်ရဲ့ညနေခင်းအလှတွေနဲ့ လမ်းဘေးဝဲယာမှာရှိတဲ့ သင်္ကြန်မဏ္ဍပ်တွေကိုငေးရင်း မောင်းလာခဲ့သည်။

"ဟင်...ကျွီ..."

စက္ကန့်ရုတ်တရက်မို့ ကားဘရိတ်ကိုပင်ဆော့င်အုပ်လိုက်မိသည်။
ဘုန်းကြီးကျောင်းအဝင်ဝနေရာသို့ပြန်ကြည့်တော့ ကိုရင်ငယ်လေးတွေနှင့် လူကြီးတစ်ဦးသာတွေ့တော့သည်။

"ငါအမြင်မှားတာနေမှာပါ သျှန် မဟုတ်လောက်ပါဘူး"

စက္ကန့် ကားမောင်းရင်း ဘုန်းကြီးကျောင်းအဝင်ဝနေရာတွင် ရှပ်အင်္ကျီအဖြူနှင့် ပုဆိုးကွက်စိပ်အညိုရောင်လေးဝတ်ထားသော သျှန့် ကိုရုတ်တရက်တွေ့လိုက်သည်မို့ ကားဘရိတ်ဆောင့်အုပ်မိခဲ့ခြင်းဖြစ်သည်။သေချာပြန်ကြည့်တော့မှ လူမှားနေတာဖြစ်နေသည်။
တခြားလူကြီးတယောက်ဖြစ်နေသည်။

"ဪ ငါလည်းဒီကောင်ပဲနေရာတကာမြင်နေမိတာလည်း ဝဋ်ကြွေးတမျိုးပဲ မိုးစက္ကန့်ညိုရေ "

ကိုယ့်ဘာသာတီးတိုးရေရွတ်ရင်း စက္ကန့်လည်း ကားလေးကို အိမ်ဘက်သို့ဖြည်းဖြည်းချင်းတလိမ့်ချင်းလိမ့်ကာ အေးဆေးပြန်ခဲ့တော့သည်။
----

"ပီစိုင်း ပီစိုင်း ပီစိုင်းရေ..."

"ဘယ်သူလဲဟေ့ ဝင်ခဲ့လေ"

"ဟုတ်ကဲ့ ပီစိုင်း အိုက်လုံပါ"

"အေးအေး လာကွာ "

နွမ်စိုင်း တစ်ခါတည်းအသံပြုရင်း အိမ်ပေါ်ကနေအိမ်အောက်သို့ဆင်းလာလိုက်သည်။ခြေတံရှည်အိမ်မျိုးမို့ လှေကားမတ်စောက်ပေမဲ့ နွမ်စိုင်းအတွက်ကမွေးကတည်းကဆင်းလာတက်လာတဲ့လှေကားမို့ ချော်ကျမှတော့ပူစရာမလိုပင်။

ခြံထဲက ပိန္နဲပင်ကြီးအောက်မှ ရပ်စောင့်နေတဲ့‌အိုက်လုံဆီကို လီမ်းလာရင်း

"ဘာကိစ္စလဲ အိုက်လုံ အရေးကြီးလို့လား သင်္ကြန်တွင်းကြီးကိုကွာ အနားပေးထားရဲ့သားနဲ့"

"ပီစိုင်း စုံစမ်းခိုင်းထားတဲ့သတင်းရလာလို့ လာပြောတာပါ သင်္ကြန်တွင်းကအလုပ်တွေအကုန်နားထားတာပဲကို"

"အေး ဒီနေ့ပဲအကြတ်နေ့ဖြစ်နေပြီ မင်းရေမကစားပဲ ငါစုံစမ်းခိုင်းထားတာ စုံစမ်းနေပါတယ်ဆိုပါတော့"

"ဟုတ်ပါဘူး အဲ့လိုလည်း သင်္ကြန်တွင်းလေးအေးဆေး‌နားရတာ ရေဆော့တာပေါ့ဗျ အခုက မတော်တဆသတင်းရလာတာ"

"ကဲ ပြောပါဦးအဲ့ဆိုလည်း "

"ဟိုတစ်ခါ ပီစိုင်း ကျောက်တွေကိုဖြတ်လုသွားတဲ့ကောင်တွေလေ အခုမန္တလေးမှာရောက်နေတယ်တဲ့ "

"ဘာကွ သေချာလား"

"သေချာတယ် သူတို့ကိုယ်တိုင်တွေ့လာတာတဲ့ ကျွန်တော့်ကို သတင်းပေးတဲ့သူက"

"အေး ပြီးတော့ဘာထူးခြားသေးလဲ"

"သူတို့အရောင်းအဝယ်တစ်ခုခုလုပ်မဲ့ပုံပဲတဲ့ မန္တလေးမှာ ခြံတစ်ခြံလည်းရှာနေတယ်တဲ့ ကျောက်စိမ်းလား နီလာ လားမသိဘူး ရောင်းမယ်လို့လည်း သတင်းသဲ့သဲ့ထွက်နေတယ်တဲ့"

"ဟွန်း တွေ့ကြပြီပေါ့ကွ မင်း ခေါင်းဆောင်ငယ်ကိုသွားပြီးသတင်းပို့ပေးပါဦး တစ်ခါတည်းပြောခဲ့လိုက် ငါမန္တလေးကို အလုပ်ကိစ္စတစ်ခုကြောင့်ခဏဆင်းရမယ်လို့ သင်္ကြန်ပြီးမှ ပြန်ရောက်လောက်မှာလို့ အဲ့တာ ငါ့အလုပ်တွေလည်းမရှိသေးဘူးမို့ ငါနဲ့ဆိုင်တဲ့အလုပ်တွေလက်မခံထားပါနဲ့လို့"

"ဟုတ် ပီစိုင်း ကျွန်တော်သွားပြောလိုက်ပါမယ်"

"မင်း နေပူပူကြီးကိုကွာ ခေါင်းဆောင်းစရာလည်းမပါဘူး"

"ရပါတယ် ပီစိုင်းရဲ့ ဒါနဲ့ ပီစိုင်းကားလမ်းကအဆင်ပြေပါ့မလား သင်္ကြန်ဆိုကားတွေရှုပ်နေမှာ"

"ရတယ် ငါဒီညနေဆင်းမှာ မန္တလေးကို ညနက်ပိုင်းလောက်ရောက်မယ်ထင်တယ် ရွာငံလမ်းကပဲဆင်းသွားလိုက်မယ်"

"ဟုတ် ဟုတ် ပီစိုင်း အဲ့တာဆို ခေါင်းဆောင်ငယ်ကိုသတင်းသွားပို့ဦးမယ်"

"အေးအေး"

အိုက်လုံ ထွက်သွားသည်နှင့် နွမ်စိုင်းလည်း မန္တလေးဆင်းမဲ့အကြောင်း ပါးပါးနဲ့မားမားကိုပြောကာ ပြင်စရာရှိတဲ့အထုတ်အပိုးတွေပြင်ရသည်။ရွာထိပ်မှာရပ်ထားတဲ့ကားကိုလည်း ကောက်လေးတစ်ယောက်ကိုလွှတ်ကာ ဘာတွေလိုလဲသွားစစ်ခိုင်းထားရသေးသည်။သင်္ကြန်တွင်းမို့ လမ်းမှာကားတွေဘာညာပျက်ရင်အဆင်မပြေမှာစိုးရိမ်ရသည် ဆိုင်တွေကလည်းဖွင့်မှာမဟုတ် ထို့ကြောင့် လိုအပ်မည်ထင်တာတွေကို တစ်ခါ‌တည်းအကုန်စစ်ဆေးပြီး မန္တလေးသို့ဆင်းဖို့ပြင်ဆင်တာအားလုံးပြီးသွားချေပြီ။

"ပါးပါးနဲ့မားမား သား သွားပြီနော်"

"အေးအေး ဂရုစိုက်နော် သားငယ်"

"အောခ"

နွမ်စိုင်း ခြံအပြင်တောင်ခြေလှမ်းမချရသေးခင်

"ပီစိုင်းရေ ပီစိုင်း ပီအိုက် "

"ဟဲ့ ဟဲ့ ဘယ်လိုဖြစ်လာတာလဲ မိုင်ငယ် ဝရုန်းသုန်းကားနဲ့ အထုတ်တွေကကော ဘာလဲ"

"ပီအိုက်ပြောလိုက်"

မိုင်ခမ်းကသူ့ဘေးကအတူတူပြေးလာသော လင်းဆက်ကို တံတောင်နဲ့တွတ်ပြီးပြောခိုင်းနေသည်။

"ဒီလိုကွာ မိုင်ငယ်က သူမန္တလေးသင်္ကြန်ကိုလည်ချင်လို့တဲ့ အဲ့တာ မင်းနဲ့တစ်ခါတည်းလိုက်ခဲ့မို့တဲ့ သူမန္တလေးသင်္ကြန်မရောက်ဖူးလို့တဲ့ "

"ဟာ မိုင်ငယ်ရာ ငါကအလုပ်ကိစ္စနဲ့သွားမှာကို မလိုက်နဲ့"

"လိုက်မှာပဲ ဒီမှာမြင်လာ အဝတ်ထုတ်တောင်ယူလာပြီ"

မိုင်ခမ်းကသူ့လက်ထဲမှာဆွဲလာတဲ့အဝတ်အိတ်လေးကိုမြှောက်ပြသည်။

"လုပ်ပါကွာ ငါသူနားပူတာကိုမခံနိုင်တော့လို့ပါ ငါလည်းပြောပါသေးတယ် နွမ်စိုင်းရာ မင်းအလုပ်ကိစ္စနဲ့မို့ မလိုက်နဲ့ဆိုတာကို ဒါပေမဲ့ပြောမရဘူးကွ သူကသူ့ဘာသာ ခေါင်းဆောင်တို့အိမ်မှာနေပြီး သင်္ကြန်လည်မယ်တဲ့ မင်းကမင်းကိစ္စမင်းလုပ်ပါစေတဲ့ ပြောမနိုင်တော့ဘူးကွာ"

"မိုင်ငယ်"

"ပီစိုင်း ကဒီညီမလေးတစ်ယောက်ရှိတာကို မချစ်တော့ဘူးပေါ့ အလိုမလိုက်ချင်တော့ဘူး အဟင့် ဟင့်"

"ဟာ ဟာ မငိုနဲ့လေ "

ပြောရင်းကနေ မျက်ရည်တွေတလိမ့်လိမ့်ကျဆင်းလာသည့် မိုင်ခမ်းကြောင့် နွမ်စိုင်းလည်းမတတ်နိုင်တော့ပါ ဒီညီမလေးတစ်ယောက်ရှိတာကို မျက်ရည်တွေဘယ်မြင်ရက်ပါ့မလဲ။

"ပီစိုင်းကခေါ်မှာလားဟင် အဲ့တာဆိုမငိုတော့ဘူးနော်"

"အေးကွာ လိုက်ခဲ့ကွာ မနိုင်ဘူးဟေ့ ဟိုကောင်လင်းဆက်မင်းကောလိုက်မှာလား"

"လိုက်မှာပေါ့ ပီစိုင်းရဲ့ ပီအိုက်က မိုင်ငယ့်ယောက်ျားပဲကို မိုင်ငယ်ဘယ်သွားသွားလိုက်ရမှာပေါ့"

"အေးကောင်းတာပဲကွာ အရှုပ်ထုတ်နှစ်ကောင် လာလာ ညနေမစောင်းခင်တောင်ကြီးကိုကျော်အောင်မောင်းရမှာ အဲ့တာမှ မန္တလေးကို ညနက်ပိုင်းလောက်မှရမှာ မဟုတ်ရင် နောက်ရက်မိုးလင်းမှရောက်လိမ့်မယ်"

"သွားမယ်သွားမယ် ပီစိုင်းသာစကားမများနေရင် အခုချိန်လမ်းရောက်နေလောက်ပြီ လာ လာ"

ပြောလည်းပြော နွမ်စိုင်းနဲ့လင်းဆက်ရဲ့လက်ကိုဆွဲကာ မိုင်ခမ်းကဦးဆောင်၍ ရွာအပြင်မှာရပ်ထားသော ကားတွေရှိရာသို့ လျှောက်လာခဲ့ကြသည်။

နွမ်စိုင်း တို့ ရွာကထွက်လာချိန်က နေ့လည် နှစ်နာရီလောက်ဆိုပေမဲ့ သင်္ကြန်တွင်းမို့ လမ်းကနည်းနည်းရှုပ်နေသည်ကြောင့် တောင်ကြီးကို ညနေခြောက်နာရီလောက်မှရောက်သည်။အကြတ်နေ့မို့ လူကတော်တော်စည်နေသည် သင်္ကြန်ကမနက်ဖြန်တစ်ရက်သာကျန်တော့သည်မို့ ရေသဘင်မဏ္ဍပ်တွေမှာအတော်စည်ကားနေသည်။

"ရလား နွမ်စိုင်း ငါမောင်းပေးရမလား"

"ရတယ် ရတယ် ရွာငံလမ်းရောက်မှပဲ မင်းမောင်းလိုက်တော့ မြို့ထဲငါပဲမောင်းလိုက်တော့မယ်"

"အေးအေး"

"ဟွန့် မလိုက်နဲ့ပြောပြီး သူများယောက်ျားကိုခိုင်းစားချင်နေတဲ့ ပီစိုင်း"

"မိုင်ငယ် ငါကားပေါ်က ကန်ချခဲ့လိုက်မယ်နော် ငါကြားတယ်နော် ပြောနေတာတွေ"

"ဟဲ ဟဲ ကြားသွားလား မကြားဘူးထင်လို့ပြောတာ"

"ဟွန်း "

နွမ်စိုင်း သင်္ကြန်လည်သည့်ကားတွေကိုမနည်းရှောင်မောင်းရသည်။
ရွာငံအတက်လမ်းရောက်မှသာ လမ်းကရှင်းသွားသည် ညရှစ်နာရီပင်ထိုးသွားချေပြီ။

"လင်းဆက် မင်းမောင်းလို့ရမှာလား"

"ရပါတယ် အေးဆေးအိပ်ပြီးသာလိုက်ခဲ့ ဒီလမ်းကရှင်းနေပြီပဲကို မိုင်ကုန်တင်မောင်းရင်တော့ မန္တလေးကို ညတစ်နာရီလောက်ရောက်မယ်ထင်တယ်"

"မောင်းကွာ မင်းစိတ်ကြိုက်ပဲ"

"အိုခေ"

နွမ်စိုင်းတို့ကသာ စကားတွေပြောနေကြတာ မိုင်ငယ်ကဘယ်ချိန်တည်းက အိပ်ပျော်သွားသည်မသိ ကားပေါ်မှာအစောင်းလိုက်ကြီးအိပ်နေသည်မို့ ‌ဇက်နာသွားမည်စိုးတာကြောင့် နွမ်စိုင်းကပဲ ညီမဖြစ်သူကို နေရာပြင်ပေးပြီး သေချာလှဲအိပ်စေလိုက်သည်။နွမ်စိုင်းကတော့ လင်းဆက်နဲ့အတူ ရှေ့ခန်းမှာပဲလိုက်လာခဲ့သည်။အိပ်ချင်နေပေမဲ့လည်း အိပ်မပျော်နေပါ လင်းဆက်အိပ်ငိုက်မည်စိုးရိမ်တာကြောင့် လင်းဆက်နဲ့ဟိုအကြောင်းဒီအကြောင်းဆက်မိစပ်ရာတွေပြောရင်းသာ မောင်းလာခဲ့ကြသည်။

Nov 22 ,2021

Thanks For Reading .💛💛

#Paing Koe 🌸🍉

Koe : ကိုး မျက်လုံးအောင့်နေလို့ စာပြန်မစစ်ထားမိဘူး အမှားတွေပါရင်လဲ ခဏသည်းခံဖတ်ပေးပါဗျ နောက်ကျ ပြန်စစ်ပြီး ပြင်ထားပါ့မယ်

-----------------------------------------


rate now: