book

Index 19

Chapter 8.2

  • Author : Lucifer
  • Genres : Mystery, Science
  • Original Author : Paul Leonard

ကျောက်ဖြစ်ရုပ်ကြွင်းများ…။


Rowenna Michaels သည်သူမ၏မျက်စိရှေ့သို့မယုံနိုင်အောင်ပင် မျက်တောင်မခတ်စိုက်ကြည့်နေမိသည်။ အကြောင်းကသူမရှေ့တွင်ကျောက်ဖြစ်ရုပ်ကြွင်းများ များစွာရှိနေသည်။ ဦးခေါင်းခွံ နံရိုးအိမ် တင်ပါးဆုံရိုး ပေါင်ရိုးနှင့်မေးရိုး စသည်တို့ကအားလုံးနီးပါးအကောင်းပကတိအတိုင်းရှိနေသေးသည့်ပုံပင်။ 


'ငါအိပ်မက်မက်နေတာဖြစ်မယ်။' ဟုသူမတွေးလိုက်မိသည်။ သို့သော်အိပ်မက်မက်နေတာမဟုတ်မှန်းလည်းသူမသိသည်။

သူမတဖြေးဖြေးကြောက်ရွံ့လာသည်ကိုခံစားမိသည်။


"Rowenna? နင်အဆင်ပြေရဲ့လား" ဟုမေးသည့် Julie ၏အသံကိုကြားလိုက်ရသည်။ Rowenna လှည့်ရန်ကြိုးစားလိုက်သော်လည်း သူမ၏ကျောဘက်မှနာကျင်မှုကိုခံစားနေရသည်။


"ငါ…ငါ…ထပ်ပြီးအပစ်ခံရပြန်ပြီ။" သူမ၏လည်ပင်းများကခြောက်သွေ့နေပြီး နှုတ်ခမ်းများကကွဲအက်နေသည်။ 


သူမမယုံကြည်နိုင်အောင်ပင်ခံစားရသည်။ သူမကိုယ်သူမတုံးအလွန်း၍ ရုပ်ကြွင်းတစ်ခုကြောင့်သေနတ်ဖြင့် အပစ်ခံရသည့်လမ်းကြောင်းကိုထပ်မံ၍ရွေးချယ်မိလိုက်ပြန်သည်။


ဦးခေါင်းခွံ…ကျောက်ဖြစ်ရုပ်ကြွင်းဦးခေါင်းခွံ…ထိုရုပ်ကြွင်းကြောင့်။


သူမရှေ့တွင်ရှိနေသောရုပ်ကြွင်းများကိုကြည့်ပြီးခက်ခက်ခဲခဲဖြင့်စကားပြောလိုက်သည်။ "ဒါတွေကဘာတွေလဲ" 


"လူသေတွေ" ဟုပြန်ဖြေသည့်အသံတစ်သံထွက်ပေါ်လာသည်။ ထိုအသံက Julie အသံမဟုတ်။ ထိုအသံကထူးဆန်းစွာဖြင့်အသံအနိမ့်အမြင့်ပြောင်းလဲနေပြီး တည်ငြိမ်သည်။ 


-ဂြိုဟ်သား၏အသံ…ဘုရားရေ ငါဘယ်ကိုရောက်နေတာလဲ…ဘာတွေဖြစ်ကုန်တာလဲ-


"မင်းလည်းခဏနေရင်သူတို့နဲ့အတူတူရှိနေမှာ"


"သူပြောတာတွေဂရုစိုက်မနေနဲ့…တမင်ကြောက်အောင်ခြောက်နေတာ" ဟု Julie ကပြောသည်။ 


Rowenna သူမ၏နောက်ကျောဘက်မှနာကျင်မှုကိုလျစ်လျူရှု၍ ဖြေးညှင်းစွာထရင်းဂြိုဟ်သားဘက်သို့လက်ကိုအားပြု၍လှည့်လိုက်သည်။


သူမကလှောင်ချိုင့်တစ်ခုတွင်း၌ရောက်နေပြီး နေရာကအတော်လေးမှောင်မိုက်နေသည်။ အနံ့အသက်ကလည်းအလွန်ပင်ဆိုးရွားကာအော့အန်ချင်စရာကောင်းလွန်းသည်။ ထို့နောက် Julie ၏ခြေထောက်များကိုခြေကျင်းဖြင့် ချုပ်နှောင်ထားသည်ကိုတွေ့ရပြီး သူမ၏ခြေထောက်တွေလည်းထိုနည်းအတိုင်းပင်ဖြစ်သည်။ မှောင်လွန်းသောကြောင့် သူမ Julie ၏မျက်နှာကိုအသေအချာမမြင်ရသော်လည်း စကားပြောလို့ရသေး၍တော်တော့သည်။


ပြီးတော့သူမနောက်ကျောဘက်မှသေနတ်ဒဏ်ရာ…ဒဏ်ရာကိုသူမလုံးဝမခံစားမိ။ မဟုတ်မလွဲရော Hynes ကသူမကို စိတ်ငြိမ်ဆေးတစ်မျိုးထိုးပေးလိုက်သည်ဟုပင်ထင်မိသည်။ ဘာတွေဖြစ်ခဲ့သည်ကိုသူမသေချာမမှတ်မိတော့…။ 


ဂြိုဟ်သားကသစ်သားကွပ်ပျစ်ပေါ်တွင်လဲလျောင်းနေပြီး ခြေထောက်များကိုမူခန္ဓာကိုယ်အောက်တွင်ခွေထားသည်။ ယခုသူ့ပုံစံကမြင်းတစ်ကောင်နှင့်မတူတော့ပဲ အရောင်တလက်လက်ထနေသော အနက်ရောက်ချပ်ဝတ်တန်ဆာတို့ဖြင့်ခွေနေသည့်နဂါးတစ်ကောင်နှင့်ပို၍တူသည်။


ခလုတ်ခုံနှင့်တူသောစက်ပစ္စည်းတစ်ခုကိုလည်ပင်းတွင်ချိတ်ဆွဲထားသည်။ ထိုအရာကလူသားများဆီမှဆင်းသက်လာသော ရှေးကျသောနည်းပညာတစ်ခုဖြစ်သည်။ ထိုခလုတ်ခုံတွင်အသံအိုးပါတွဲဖက်ပါရှိပြီး ထိုအရာကအသံထွက်နိုင်ရန်အတွက်ကူညီပေးသည်။ 


သူမထိုစက်ကိရိယာများကိုယခင်ကဆေးရုံတစ်ခုတွင်မြင်တွေ့ဖူးသည်။ ထိုစက်ကိရိယာသည်စကားမပြောနိုင်သူများအတွက်အသုံးပြုသည့်ကိရိယာဖြစ်သည်။ 


"ကျွန်မတို့ကဘာဖြစ်မှာလဲ" သူမဂြိုဟ်သားကိုမေးမြန်းလိုက်သည်။ 


"မင်းတို့နာကျင်စွာနဲ့သေကျရလိမ့်မယ်။ ငါ့လူတွေမင်းတို့ရဲ့ဆင်းသက်သူတွေလက်ထဲမှာသေကျေခဲ့ရသလိုမျိုး။"


"ဘာကြောင့်လဲ"


"ငါ့ဘဝကအနာဂတ်မှာစတင်ခဲ့တယ်။ မင်းတို့လူတွေကငါတို့ဂြိုဟ်ကိုကျူးကျော်ခဲ့တယ်။ ဒါငါ့ရဲ့လက်စားချေခြင်းပဲ။" 


"Rowenna သူပြောတာတွေကိုယုံမနေနဲ့ ဖြစ်လာမှာမဟုတ်ဘူး" ဟု Julie ကတိုးညှင်းစွာပြောလာသည်။


ထို့နောက် Jo ၏ပုံပြင်တွေဖြစ်သော Autons, Axons နှင့် Daleks များအကြောင်းကို Rowenna ပြန်လည်အမှတ်ရမိသည်။


"မဟုတ်ဘူး…ဒါကတကယ်ဖြစ်လာမှာ" ဟုပြောပြီးနောက် ဂြိုဟ်သားဘက်သို့လှည့်လိုက်သည်။


"ဒီမှာကျွန်မတို့ကရှင့်ရဲ့လူတွေကိုဘာမှမလုပ်ရသေးဘူးလေ။ Julie ရောပဲ။ အစိုးရနဲ့တိုင်ပင်ပြီးလုပ်မယ်ဆိုရင် ကျွန်မတို့နည်းလမ်းတစ်ခုခုတော့တွေ့နိုင်-"


"အသုံးမဝင်ဘူး…ငါစမ်းကြည့်ပြီးသွားပြီ" ဟု Julie ကကြားဖြတ်ပြောသည်။ သူမ၏အသံမှတဆင့် သူမကြောက်လန့်နေသည်ကိုခံစားမိနိုင်သည်။


"မင်းကသေတော့မှာပဲ…သိပ်မကြာခင်သေတော့မယ်" ဟုဂြိုဟ်သားကပြောသည်။ 


Rowenna သူမ၏မျက်လုံးများကိုမှိတ်လိုက်မိသည်။ ဂြိုဟ်သားဆိုလိုချင်တာဘာလဲ? အဆိပ်? ဗိုင်းရပ်စ်? Julie ၏အသက်ရှူသံပုံမှန်ထက်ပိုမြန်လာသည်ကိုသူမကြားနေရသည်။ 


ထို့နောက်နာကျင်မှုကြောင့်ထွက်ပေါ်လာသည့်တိုးညှင်းသည့်ညီးတွားသံ…။ ထိုအချိန်တွင် Julie ဘာကြောင့်ကြောက်ရွံ့နေရသနည်းဟူသည့်အကြောင်းကိုသူမစတင်၍နားလည်လာသည်။ အဘယ်ကြောင့်ဆိုသော် သူမနာကျင်နေ၍…။


"မဟုတ်ဘူး…ဒါကရူးမိုက်တာပဲ။ ရှင်ဒါကိုအခုချက်ချင်းရပ်တန့်ပေးပါ။ ကျွန်မတို့ရှင့်လူတွေနဲ့အတူတူနေထိုင်နိုင်ဖို့ နည်းလမ်းတစ်ခုခုတော့ရှာလို့ရမှာပါ။"


"မဟုတ်ဘူး…နည်းလမ်းကတစ်ခုပဲရှိတယ်။ မင်းတို့ကငါတို့နဲ့အတူသေရမယ်။ ငါတို့အားလုံးသိကျတဲ့ကမ္ဘာကြီးပေါ်မှာ မင်းတို့အားလုံးနဲ့ငါတို့အားလုံး…ဒါကသိပ်မကြာခင်ဖြစ်လာတော့မှာ။"


အရပ်ရှည်ရှည်အသားမည်းမည်းနှင့်လူတစ်ယောက်က လရောင်အောက်တွင်ကင်းလှည့်နေသည်။ Jo ကထိုလူကိုစိတ်ရှုပ်စွာဖြင့်ကြည့်နေသည်။ ထို့နောက်တဲ၏တံခါးပေါက်မှအပြင်ဘက်သို့ထွက်လာလိုက်ပြီး ထိုလူကိုပြုံးပြကာထရပ်ကားများရပ်နားထားရာဘက်သို့ထွက်လာလိုက်သည်။ 


Hynes ၏ land rover ကားကရပ်နားထားသောနေရာတွင်မရှိတော့။ ထို့ကြောင့်သူမကားတာယာလမ်းကြောင်းကိုခြေရာခံ၍ gorge ရှိရာဘက်သို့မသိမသာထွက်လာလိုက်သည်။ ညကပူလောက်အိုက်စပ်နေပြီး အမှောင်ထုထဲမှအင်းဆက်သံတဝီဝီကိုလည်းကြားနေရသည်။ တခါတရံတွင်ပုစဉ်းရင်ကွဲအော်မြည်သံများကလည်းထွက်ပေါ်လာသည်။ 


ထိုအချိန်တွင် ခုနကကင်းလှည့်သမားမှ "Hey! မိန်းကလေး! အဲ့ဒီဘက်ကို Captain ကမသွားဖို့အမိန့်ထုတ်ထားတယ်" ဟုသူမကိုလှမ်းအော်၍သတိပေးသည်။ 


Jo ကနောက်ဘက်သို့လှည့်ကြည့်လိုက်ပြီးနောက် ယောက်ျားတစ်ယောက်၏ပုံရိပ်ကိုအမှောင်ထုထဲတွင်ဝိုးတိုးဝါးတားတွေ့လိုက်ရသည်။


"ကျွန်မကဒီတိုင်းလေကောင်းလေသန့်ထွက်ရှူတာပါ။ တခြားဘက်သွားရမလား။ တားမြစ်နယ်မြေကဘယ်ကနေစတာလဲ" 


"ဒီနေရာကနေစတာ။ ဒါပေမယ့်ကျွန်တော့အထင် ခင်ဗျားလှိုဏ်ဂူထဲမဝင်မချင်းတော့ပြသာနာရှိမှာမဟုတ်ပါဘူး။ ဒီကနေပြီးအပေါ်တက်သွားလို့ရတယ်" ဟုပြောပြီးထိုလူက သဘာဝအတိုင်းဖြစ်ပေါ်နေသောလူသွားလမ်းဘက်သို့ညွှန်ပြလိုက်သည်။


သူမထိုလူကိုကျေးဇူးတင်လိုက်ပြီးနောက် အပေါ်သို့တက်လာလိုက်သည်။


လှိုဏ်ဂူ…။

ဟုတ်ပြီ…။

ဒီလိုမှောင်မိုက်နေတဲ့ညဘက်မှာသူမဘယ်နေရာကများစတင်ရပါမလဲဟု တွေးလိုက်မိသည်။ 


"Ms.Grant" ဟုခေါ်လိုက်သည့် Jacob Hynes ၏အသံကိုကြားလိုက်ရသည်။ "မင်းသူငယ်ချင်းတွေကိုအရမ်းတွေကိုအရမ်းတွေ့ချင်နေမှန်းတော်တော်သိသာတာပဲ" 


အမှောင်ထဲတွင်ကုန်း၍ထိုင်နေသော Hynes ကို ယခုတော့သူမမြင်တွေ့နေရပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သေနတ်ပြောင်းကသူမဘက်သို့လှည့်ထားခြင်းဖြစ်ကြောင်းကိုလည်း စိတ်မကောင်းစွာသိလိုက်ရသည်။


"ကျွန်မ-"


"မင်းဒီနေ့ကံကောင်းတာပဲ။" ဟု Jacob ကပြော၍တဖြေးဖြေးထရပ်လိုက်သည်။ သေနတ်ပြောင်းကယခုတော့သူမရင်ညွန့်တည့်တည့်သို့ချိန်ထားပြီဖြစ်သည်။


"အခုတော့သူတို့ရဲ့တည်နေရာတွေပြောပြလို့ရပြီပေါ့။ ကျွန်တော်နဲ့ဒီတိုင်းငြိမ်ငြိမ်လေးသာလိုက်လာခဲ့။ မင်းသူတို့နဲ့တွေ့ရမယ်လို့အာမခံတယ်။"


A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆


rate now:

2 Reviews
  • reader Thoon Su Aung 13.11.2019, 15:48 5

    Good

    reply

  • reader Hein Nay Zaw 27.10.2019, 12:32 5

    🙄🥇👌

    reply