အခန်း (၁)
ဒီဇင်ဘာ ၃၀ ၊အင်္ဂါနေ့
သူမအိမ်၏နှစ်လမ်းကျော်က ၂၄ နာရီစတိုးဆိုင်တွင် ပေါင်မုန့်နှင့်နွားနို့ ၂ပိုင့်ဝယ်ရန် တီနာ သည် ခပ်ဝါဝါလမ်းမီးတိုင်အောက်က အရောင်တောက်တောက် ရှပ်ဗရိုလက်စတေရှင်ဝက်ဂွန်ကားဘေးက ကားပါကင်တွင်ကားကိုထိုးလိုက်သည်။ ကောင်လေးသည် ကားရှေ့ခန်းဘေးခုံမတွင် စတိုးဆိုင်ထဲမှတစ်ယောက်ယောက်ကို စောင့်နေပုံရှိသည်။ တီနာက ကောင်လေး၏ မျက်နှာကို ဘေးတိုက်သာလှမ်းမြင်ရသည်။ ဒါပေမယ့် သူမ နာကျင်အမှတ်ရစွာနှင့် ပင့်သက်ရှိုုက်ကြည့်လိုက်သည်။
‘’ဒန်နီ’’
ကောင်လေးက အသက် ၁၂နှစ် ဒန်နီအရွယ် ထူထဲနက်မှောင်နေသည့်ဒန်နီကဲ့သို့ဆံပင် ဒန်နီနှင့်ဆင်တူသည့် နှာခေါင်း ဒန်နီကဲ့သို့မေးရိုးသွယ်သွယ် လည်းရှိသည်။
သူမသာအသံကျယ်ကျယ်ပြောလိုက်မိရင် သူမ၏အချစ်တုံးလေးကို ခြောက်လှန်န့်မိသလို ဖြစ်သွားမည်စိုးပြီး တိုးတိုးလေးသာ သူမ၏သားနာမည်ကို ရေရွတ်လိုက်သည်။
ကောင်လေးကသူ့လက်တစ်ဖက်ကို ပါးစပ်ထဲထည့်ထားပြီး လက်မ၏လက်ဆစ်လေးကို ညင်ညင်သာသာကိုက်နေသည်။ ထိုအကျင့်မှာ ဒန်နီမဆုံးခင် တစ်နှစ်လောက်ကလုပ်ခဲ့သည့် အကျင့် တီနာ ဒီအကျင့်ကိုဖျောက်မပေးလိုက်နိုင်ပါဘူး။
သူမ ဒီကာင်လေးကို မြင်ပြီး ဒန်နီ နှင့်ဆင်နေသည်များမှာ သာမန်တိုက်ဆိုင်မှုမျိုးထပ်တော့ပိုသည်။ ရုတ်တရက်ဆိုသလိုပင် တီနာ၏ ပါးစပ်ထဲကချဉ်လာပြီး ခြောက်သွေ့လာသည် နှလုံးခုန်မြန်လာသည်။ သူ့မ၏သား သေဆုံးသွားသည်နှင့်ပတ်သက်၍ သူ့ကိုယ်သူမေ့ပျောက်အသားကျအောင် သူမ မကြိုးစားခဲ့။ အဘယ်ကြောင့်ဆိုသော် ဘယ်သောအခါမှလည်း ဒီကိစ္စကိုမေ့ပျောက်ဖြေသိမ့်မှု မလုပ်ပစ်ချင် ထိုကောင်လေး၏ ဒန်နီ နှင့်တူနေသည်များမှာ သူမကိုဖမ်းစားထားပြီး သူ့မ၏သားအား အရင်ကတည်းကဆုံးရှုံးခဲ့ခြင်းမရှိဟု လွယ်လွယ်စိတ်ကူးယဉ်နေပေတော့သည်။
ဒီကောင်လေးကပင် ဒန်နီ ဖြစ်လေမလား.... သူမဒီလိုတွေးမိလေ ထိုအတွေးမှာ စိတ်ကူးပေါက်ရာအတွေးမဟုတ်ဟုထင်လာလေဖြစ်နေတော့သည်။ အမှန်တော့ သူမ က ဒန်နီ၏ အလောင်းတောင်လုံးဝ မြင်ခဲ့ရသည်မဟုတ် ရဲများ နှင့်အသုဘစီစဉ်သူများက သူမကို ဒန်နီ၏ရုပ်ဆင်းက ဆိုးဆိုးဝါဝါးစုတ်ပြတ်သွား၍ သူ့မကို မကြည့်တာပိုကောင်းမည်ဟု အကြံပေးခဲ့ကြသည် မချင့်မရဲ သောကဝေပြီး သူမက ဒီအကြံဉာဏ်ကိုပဲလက်ခံခဲ့သည်။ ဒန်နီ ၏အသုဘမှာ အခေါင်းပိတ်ဝန်ဆောင်မှုဖြစ်ခဲ့သည်။ ဒါပေမယ့် သူတို့တွေ အလောင်းနှင့်ပတ်သက်ပြီး သူတို့မှားခဲ့တာလည်းဖြစ်ကောင်းဖြစ်မည် တကယ်တမ်း ဒန်နီ မတော်တဆမှုမှာ မသေခဲ့တာလည်းဖြစ်ကောင်းဖြစ်မည် သူခေါင်းကို မပြင်းထန်သည့်ထိခိုက်မှုဖြစ်ပြီး အတိတ်မေ့တာလောက်သာ ဖြစ်ခဲ့တာဖြစ်မည်။ ‘’အင်းဟုတ်မည်အတိတ်မေ့ရောဂါ’’ ကားပျက်နှင့် အခင်းဖြစ်ပွါးသည့်နေရာနှင့် မိုင်တော်တော်ဝေးဝေးသို့ သူရောက်သွားပြီး သူမည်သူမည်ဝါဖြစ်ကြောင်း သူဘယ်ကလာသည်ဖြစ်ကြောင်း တစ်စုံတစ်ယောက်ကို ပြန်မပြောပြနိုင်တော့သည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ‘’ဒါဖြစ်နိုင်တယ်မဟုတ်ဘူးလား’’ သူမ ဒီလိုအဖြစ်အပျက်တွေကို ရုပ်ရှင်တွေထဲတွင်ကြည့်ဖူးနေကျဖြစ်သည်။ ‘’သေချာပေါက် အတိတ်မေ့ရောဂါလောက်ပဲ’’ အမှန်တကယ်သာဒီလိုဖြစ်လျှင် ဒနမနီသည် မွေးစားသည့်အိမ်တစ်အိမ်တွင် ဘဝသစ်တစ်ခုကိုစနေလောက်ပြီ ပြီးတော့ အခု ဖြူဝင်းနေသည့် ရှပ်ဗရိုလတ် ကားထဲရောက်နေခြင်းဖြစ်မည် ကံကြမ္မာက သူမဆီဆောင်ယူလာပေးသည်လော....
ကောင်လေးက သူမ ငေးကြည့်နေသည်ကို သတိထားမိပြီး သူမ ဘက်လှည့်ကြည့်လိုက်သည်။ ကောင်လေးသူ့မျက်နှာကိုလှည့်ကြည့်တော့ သူမ ပင့်သက်ပင်မနည်းရှူလိုက်ရသည်။ ထူးဆန်းသည့် မီးဝါရောင်အောက် မှန်ပြုတင်းနှစ်ခုကြား သူတို့နှစ်ယောက် ငေးကြည့်မိနေကြသည်။ သူမ အတွက်တော့ သူတို့နှစ်ဦးသည် အချိန် နေရာ ကံကြမ္မာတစ်ကွေ့မှာ ဆုံတွေ့မိကြသကဲ့သို့ ခံစားမိသည်။ သို့ပေမယ့် မလွှဲမသွေ ရုတ်ချည်းအတွင်းမှာပင် သူမ ၏အတွေးများမှာ ပျောက်ကွယ်သွားရတော့သည်။ ကောင်လေးမှာ သူမ၏ ဒန်နီ မဟုတ်ချေ။
သူမ၏အကြည့်များကို ကောင်လေးဆီမှလွှဲလိုက်ပြီး ကားစတီယာရင်ခွေကို တင်းကျပ်စွာဆုပ်ကိုင်ထား၍ကိုက်ခဲလာသော သူမ ရဲ့လက်တွေကို သူမ ပြန်ကြည့်မိတော့သည်။
‘’သောက်ကျိုးနည်း’’
သူမကိုယ်သူမ မကျေနပ်ဖြစ်မိသည်။ သူ့ကိုယ်သူ စိတ်ဓာတ်ခိုင်မာသော အရည်ချင်းရှိသော မိမိအပေါ်ကျရောက်လာသော ဘယ်လိုအရာကိုမဆို အေးဆေးတည်ငြိမ်စွာဖြေရှင်းနိုင်သော မိန်းမတစ်ဦးဟု ယူဆသည်။ဒန်နီ သေဆုံးမှုနှင့်ပတ်သက်ပြီးလက်မခံနိုင်မှုက သူမ ကိုအနှောင့်အယှက်ပေးလျက်ရှိသည်။
ဒီအသုဘအပြီး အစပိုင်းစိတ်ခြောက်ခြားနေစဉ်မှာ သူမ စပြီးစိတ်ဒဏ်ရာ ရလာခဲ့သည်။ တစ်ရက်ပြီးတစ်ရက် တစ်ပတ်ပြီးတစ်ပတ် တဖြည်းဖြည်း သူမသည် ဒန်နီ၏အကြောင်များကို နာကျင်မှုများ၊ အပြစ်ရှိသကဲ့သို့ခံစားရမှုများ၊မျက်ရည်များ၊ခါးသီးမှုများနှင့်အတူ မေ့ထားဖို့ကြိုးစားသည်။ သို့ပေမယ့် ဖက်တွယ်မှု နှင့် ခေါင်းမာခြင်းများလည်း ရှိနေဆဲပင်။ လွန်ခဲ့သော တစ်နှစ်အတွင်းမှာပင် သူမ ၏ဘဝအသက်မွေးဝမ်းကြောင်းအတွက်ခြေလှမ်းတွေ လှမ်းခဲ့သည် ပြီးတော့ သူမ ၏ နာကျင်မှုတွေ အပြည့်အဝ ကုစားမရနိုင်သေးသရွေ့ မော်ဖင်းလို အရာမျိုးမှာ အတော်ကြီးမှီခိုလာခဲ့သည်။
ဒါပေမယ့် နောက်ရက်သတ္တပတ်တော်တော်များများအကြာ သူမ မတော်တဆမှု သတင်းတွေပြန်ကြားရပြီးတဲ့နောက်မှာတော့ ချက်ချင်းဆိုသလိုပင် အရင်က မွှေ့လျော်ခဲ့သည့် ဆိုရွားသောအခြေနေတစ်ခု ထဲပြန်ရောက်သွားပြန်သည်။ သူမ ငြင်းဆန်ချက်က ပြတ်ပြတ်ထင်ထင်ဖြစ်ပြီး အဆင်ခြင်မဲ့ဖြစ်လာပြန်သည်။ တစ်ဖန် သူမ၏ ကလေးအသက်ရှင်သည် ဟူသောခြောက်ခြားစရာအတွေးက ပူးကပ်လာပြန်တော့သည်။ အချိန်က သူမ နှင့် သူမ၏မချိတင်ကဲဖြစ်သောဝေဒနာ အကြားမှာ အတိုင်းအတာတစ်ခု ပိုင်းခြားပစ်လိုက်ဖို့ကောင်းသည်။ ထိုအစား ကုန်ဆုံးသွားသောနေ့ရက်များသည်ပင် သူမကို ပူဆွေးမှုသံသရာတွင် အပြည့်အဝလည်ပတ်နေစေခဲ့သည်။ ထိုကားထဲတွင်မြင်ခဲ့ရသည့် ကလေးအား သူမ၏သား ဒန်နီအဖြစ် ပထမဆုံးအကြိမ်အဖြစ် စိတ်ကူးယဉ်မိခဲ့ခြင်းမဟုတ်ပေ။ မကြာသေးသော ရက်သတ္တပတ်များအတွင်းမှာပင် အခြားသောကားများ၊သူကားမောင်းသွားနေကျ ကျောင်းပရိဝုဏ်အတွင်း၊လူသွားလမ်းများ နှင့် ရုပ်ရှင်ရုံတွင် သူမ၏ပျောက်ဆုံးနေသောကလေးအား စိတ်ကူးပုံဖော်မိခဲ့သေးသည်။
သူမ၏ကလေး ဒန်နီ အသက်ရှင်သည်ဟူသော ထပ်တလဲလဲအိပ်မက်တစ်ခုကမကြာမကြာ ဒုက္ခပေးနေသေးသည်။ အကြိမ်တိုင်းအကြိမ်တိုင်း သူမ နိုးထလာသော နာရီပေါင်းများစွာတွင် သူမအရှိတရားကိုရင်မဆိုင်နိုင်ခဲ့ပေ။ သူမကိုယ်သူမ ထိုအိပ်မက်သည် ဒန်နီ အမှန်တကယ်ပြန်လာခြင်းနိမိတ်ဟု စိတ်မှာ တစ်ဝက်ခန့်ယုံကြည်နေသည် တနည်းတစ်ဖုံဖြင့် ဒန်နီ အသက်ရှင်ပြီး သူမရင်ခွင်သို့ တစ်နေ့ပြန်လာမည်ဟု ယုံကြည်နေဆဲဖြစ်သည်။
နွေးထွေးသော အံဩဖွယ်ရာများပြည့်နှက်နေသော စိတ်ကူးယဉ်ဆန်မှုတစ်ခုပင်ဖြစ်သည်။ သို့ပေမယ့် သူမဒီအရာကိုအချိန်ကြာကြာထိန်းထားနိုင်ဖွယ်မရှိပေ။ သူမ စိတ်ပျက်စရာအမှန်တရားတစ်ခုကို အမြဲငြင်းဆန်နေသည့်တိုင် ထိုအမှန်တရားကပဲ တဖြည်းဖြည်းလက်ခံသွားအောင်ဖန်တီးနေသည်။ သူမကို အကြိမ်ကြိမ်စိတ်ဓာတ်ကျစေသည်။ ထိုအိပ်မက်က အမှန်တကယ်ဖြစ်လာမည်မဟုတ်ကြောင်း အတင်းကျပ်လက်ခံရန်သာရှိတော့သည်။ သို့ပေမယ့် သူမ ထိုအိပ်မက်ထဲတွင် မျှော်လင့်ချက်အသစ်တစ်စုံတစ်ရာတော့ တွေ့နိုင်မည်ဟု ထိုအိပ်မက်ကိုထပ်မက်သည့်အကြိမ်တိုင်း မျှော်လင့်နေမိတော့သည်။
ထိုအရာဟာ ကောင်းမွန်မှုတစ်ခုမဟုတ်ပေ။
‘’စိတ်ကုန်စရာပဲ’’ သူမ သက်ပြင်းချလိုက်သည်။
သူမ ကားကို ဖျတ်ခနဲ့လှည့်ကြည့်လိုက်ပြန်သည်။ ကောင်လေးကလည်း ငေးကြည့်နေဆဲဖြစ်သည်ကို သူမတွေ့လိုက်ရသည် သူမ၏ ကားစတီယာရင်ခွေ ကိုမြဲမြံစွာဆုပ်ကိုင်ထားသောလက်များကိုသာ သူမ စူးစိုက်ကြည့်နေမိသည်။ ထိုလက်များကိုလွှတ်နိုင်သော အားအင်တစ်ခုကို သူမ ရှာဖွေတွေ့ရှိသွားတော့သည်။
ပူပန်သောကမီးက လူတစ်ယောက်အား ရူးသွပ်စေနိုင်သည်။ သူမ ဒီစကားမျိုးကို ကြားဖူးသလို လက်လည်းခံသည် ဒါပေမယ့် သူမ တစ်စုံတစ်ရာတော့အဖြစ်ခံမည်မဟုတ်ပေ။ သာယာဖွယ်ရာမရှိသည့်အဖြစ်မှန်ကိုထိတွေ့ လက်ခံနိုင်လောက်အောင်တော့ သူမတွင်အင်အားရှိဦးမည်။ သူမကိုယ်သူမ မျှော်လင့်ချက်တွေထပ်ပေးမည်မဟုတ်ချေ။
သူမ၏ နှလုံးသားတစ်ခုလုံးပုံအော၍ ဒန်နီလေးကို ချစ်ခဲ့ပေမယ့် ယခု သူ မရှိတော့ပြီ အခြားသော ကောင်လေး ၁၄ ယောက်အပါဝင် ကြေမွပျက်စီးသွားသော ဘတ်စ်ကားတွင်ပါသွားခဲ့သည်။ ပိုပြီးဆိုးရွားသောအဖြစ်နှင့် ကြုံခဲ့ရသော ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ မှတ်မိရန်ပင်ခက်ခဲလောက်အောင် ကြေမွသွားခဲ့ရသည်။ ‘'သေဆုံးသွားပြီ’’ အေးစက် ဆွေးမြေ့နေသော အခေါင်းတစ်ခုအတွင်း ပထဝီမြေကြီး၏အောက်တွင် ထာဝရအိပ်စက်သွားခဲ့ပြီ။
သူမ၏ အောက်နှုတ်ခမ်းမှာ တုန်ယင်လာခဲ့သည်။ သူမ ငိုပစ်လိုက်ချင်သည် ဒါပေမယ့် သူမ မငိုခဲ့။
ရှပ်ဗရိုလတ် ကားထဲမှ ကောင်လေးမှာ သူမကိုစိတ်ဝင်စားခြင်းမရှိတော့ပေ ကုန်စုံဆိုင်အရှေ့မျက်နှာစာကိုသာလှမ်းကြည့်ရင်း စောင့်ဆိုင်းနေလေတော့သည်။
တီနာ ကသူမ၏ ဟွန်ဒါ ကားပေါ်မှဆင်းလိုက်သည်။ ညက ခြောက်သွေ့ပြီး အေးစက်နေသည်။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဆိုက်ထဲသို့ဝင်သွားသည်။ ဆိုင်ထဲတွင် လေထုမှာအရိုးစိမ့်အောင်အေး၍ စူးရှသောမီးအလင်းရောင်များမှာ စိတ်ကူးယဉ်ဖို့ပင် မရလောက်အောင်ဆိုးရွားလှသည်။
အဆီထုတ် နွားနို့ ၂ ပိုင့်နှင့် ဝိတ်ချသူများစားဖရန်ပါးပါးလှီးထားသော ပေါင်မုန့်လုံးတစ်လုံး ဝယ်ခဲ့သည်။ ပေါင်မုန့် တစ်ချပ်ဆီတိုင်းတွင် ပုံမှန်ပေါင်မုန့်ချပ် တစ်ခုတွင်ရှိမည့် ကယ်လိုရီပမာဏ၏ တစ်ဝက်သာပါတော့သည်။ သူမ ကချေသည် ဆက်မလုက်တော့ပဲ ယခုကန့်လန့်ကာ နောက်ကွယ်က ရှိုးပွဲတစ်ခု၏တင်ဆက်မှုသာ လုပ်သည်။ သူမသရုပ်ဆောင်လုပ်ခဲ့စဉ်ကအတိုင်း ကိုယ်ခန္ဓာအလေးချိန် ထိန်းသိမ်းရန် စိတ်ရောကိုယ်ပါ ကြိုးစားခဲ့သည်။
၅ မိနစ်ကြာပြီးနောက် သူမ အိမ်ပြန်ရောက်သွားခဲ့သည် သူမ၏အိမ်မှာ တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် အသင့်အတင့်ဖြစ်သောခြံဝင်းလေးတစ်ခုမျှသာဖြစ်သည်။ သံလွင်ပင်များနှင့် ဩစတေးလျချုံပင်များမှာ လေတွင် ပျင်းပျင်းတွဲတွဲ ယိမ်းထိုးနေကြသည်။
မီးဖိုထဲရောက်တော့ သူမ ပေါင်မုန့်နှစ်ချပ် ကိုမီးကင်လိုက်သည်။ မြေပဲထောပတ်ယိုကို ပါးပါးသုတ်လိုက်သည် အဆီထုတ်နွားနို့တစ်ခွက် ထည့်လိုက်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။
ပေါင်မုန့်မြေပဲထောပတ်ယိုကင်မှာ ဒန်နီ၏ အကြိုက်ဆုံးအစားအစာများထဲမှ တစ်ခုဖြစ်သည်။ ဒန်နီလေး တောက်တီးတောက်တဲ့အရွယ်တုန်းက အစားအသောက်ချေးများသော ကလေးဖြစ်ပြီး သူငယ်ငယ်တုန်းကတော့ မြေပဲထောပတ်(Peanut-butter) ဟုသော အခေါ်ကို မပီမသဖြင့်(neenut putter) ဟုခေါ်လေ့ရှိသည်။
သူမ၏ မျက်လုံးများကိုပိတ်ထားပြီး ပေါင်မုန့်မီးကင်ကိုသာ စားနေမိသည် ထောက်ပတ်များ နုတ်ခမ်းနှင့် ပါးစပ်တွင်ပေကျံ၍ သွားဖြဲ၍ “နောက်ထပ် neenut putter ထပ်ပေးပါဦး’’ ဟုတောင်းနေသော သုံးနှစ်သား ဒန်နီလေးကိုမြင်ယောက်နေမိတေ့ာသည်။
သူမ၏မျက်လုံးများထိတ်လန့်စွာနဲ့ ဖွင့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အမြင်အာရုံတွင် သူမ၏သား ဒန်နီ ၏ပုံရိပ်များမှာအမြဲမပြတ်ပေါ်နေတော့သည်။ အမှတ်ရခြင်းဆိုသည်ထက် စိတ်အာရုံမှာမြင်နေခြင်းဖြစ်သည် ယခုအချိန်တွင် သူမအနေဖြင့် လုံးဝသတိပြန်မရချင်တော့ပေ။
သို့ပေမယ့် အရမ်းနောက်ကျသွားခဲ့ပြီ သူမ၏နှလုံးသားတွင်နှောင်ဖွဲ့နေလေသည်။ သူမ၏အောက်နုတ်ခမ်းမှာတုန်ယင်လာပြီး သူမ၏ဦးခေါင်းကိုစားပွဲပေါ်တွင်ငုံ့ထားလိုက်တော့သည် သူမငိုချလိုက်သည်။
ထိုညက ဒန်နီလေး အသက်ရှင်သေးသည်ဟု တီနာ အိပ်မက်မက်ခဲ့ပြန်သည် တစ်နည်းနည်းဖြင့် တစ်နေရာရာတွင် သူရှိနေမည်။ သူမ ဒန်နီ ကိုလိုအပ်သည်။
အိပ်မက်ထဲတွင် ဒန်နီ သည်ချောက်နက်ကြီးတစ်ခု၏ အစွန်းတွင်ရပ်နေသည်။ တီနာက ဒန်နီနှင့် ဝေးရာတစ်နေရာတွင်ရှိနေသည်။ အလွန်ကြီးမားသောအက်ကြောင်းကြီးအားစိုက်ကြည့်နေလျက်ရှိသည်။ ဒန်နီသည် သူမအားအော်ခေါ်နေပြီး တစ်ယောက်တည်းကြောက်ရွံနေသည်။ သူမ မှာ ဒန်နီ ဆီသို့ရောက်အောင်သွားနိုင်သော နည်းလမ်းရှာမရ၍ကြေကွဲဝမ်းနည်းနေတော့သည်။ စက္ကန့်ပိုင်းအတွင်း ကောင်းကင်မှာ ပို၍မဲမှောင်လာသည်။ နတ်ဘီလူးကြီးများက တိမ်ဆိုင်များကိုဆွဲညှစ်လိုက်သကဲ့သို့ ကျန်ရှိနေသေးသောအလင်းရောင်လေးပင်ပျောက်ကွယ်သွားတော့သည်။ ဒန်နီ၏အော်သံများနှင့် သူမ၏ ပြန်ဖြေသည့်အသံများမှာ ကျယ်လောင်၍ စူးသည်ထက်ပို၍စူးရှလာပြီး နှစ်ဦးလုံး၏ စိတ်ထဲတွင်သိမြင်ထားသည့်အရာမှာ ညမှောင်ပိန်းမသွားခင် တစ်ဦးနှင့်တစ်ဦးဆုံရန်ဖြစ်သည်။ မဟုတ်လျှင် တသက်လုံးရှာတွေ့ကြတော့မည်မဟုတ်ပေ။ လာမည့်ညတွင် ဒန်နီ အားကြောက်မက်ဖွယ်တစ်စုံတစ်ရာက မှောင်သည်အထိ သူ့အားဖမ်းခေါ်သွားရန်စောင့်နေပေလိမ့်မည်။ ရုတ်တရက် ကောင်းကင်သည် လျှပ်စီးကြောင့် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။ ကြမ်းတမ်းသော မိုးကြိုးပစ်သံတစ်သံကို ကြားလိုက်ရသည်။ ညသည် မှောင်သထက်မှောက်လာခဲ့ပြီး အမှောင်အတိကျသွားတော့သည်။
တီနာအီဗန် တစ်ယောက်အိပ်ရာမှမတ်မတ်ထထိုင်လိုက်သည်။ အိမ်ထဲတွင်သေချာပေါက် အသံတစ်ခုကိုကြားလိုက်ရသည်။ သူမ၏အိပ်မက်ထဲမှ မိုးကြိုးပစ်သံတော့မဟုတ်ပေ သူမကြားသောအသံမှာ သူမအားအိပ်ရာမှနိုးစေသော လက်တွေ့ဘဝမှအသံတစ်သံဖြစ်သည်။
တဖြည်းတဖြည်း သံသယတို့ သူမအား ဖုံးလွှမ်းသွားတော့သည်။ အစောပိုင်းက သူမ ထခုန်လုမတတ်ဖြစ်ခဲ့သည်။ သူမအိမ်ကို ဖောက်ထွင်းဝင်ရောက်သူတစ်ယောက် အိမ်ထဲတွင်လှည့်လည်သွားလာနေသည်ဟု ယုံကြည်နေခြင်းမှာ ယခုအချိန်သည် ပထမဆုံးအကြိမ်မဟုတ်ပါ။ လွန်ခဲ့သောနှစ်ပတ်အတွင်းမှာပင် လေး ငါးကြိမ်ဖြစ်ခဲ့ပြီဖြစ်သည်။ အိပ်ရာဘေးရှိစားပွဲအံဆွဲမှ ပစ္စတိုတစ်လက်ကောက်ယူလိုက်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် အိမ်ကိုပတ်ရှာသည်။ သိုပေမယ့် သူမ တစ်စုံတစ်ယောက်ကိုမျှမတွေ့ခဲ့။ မကြာသေးမီက သူမ၏ အလုပ်အကိုင် နှင့် ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဖိအားများရှိခဲ့သည်။ သူမ ယနေ့ညကြားခဲ့သည်မှာ သူမ၏အိပ်မက်ထဲမှ မိုးကြိုးပစ်သံသာဖြစ်ကောင်းဖြစ်မည်။
သူမ မိနစ်အနည်းငယ်သတိထား၍စောင့်ကြည့်ခဲ့သည်။ သို့ပေမယ့် ညသည် အရမ်းဆိတ်ငြိမ်လွန်း၍ နောက်ဆုံးတွင် သူမတစ်ဦးတည်းသာရှိနေကြောင်း သူမကိုယ်သူမ ဝန်ခံရတော့သည်။ သူမ၏နှလုံးခုန်နှုန်း ပြန်လည်နှေးသွားပြီး ခေါင်းအုံးပေါ်သို့သက်သက်သာသာ လှဲလျောင်းလိုက်သည်။
င်သည်
အကယ်၍ မိုက်ကယ် နှင့် သူမသာ ယခုအချိန်အိပ်ရာထဲတွင်ရှိပါက ယခုလိုဖြစ်လာမည်မထင်။ သူတို့နှစ်ဦး ချစ်ရည်လူးနေကြမည်မဟုတ် နှစ်ဦးသား အငြင်းပွါးနေကြရပေလိမ့်မည်။ သူမ၏ချစ်မေတ္တာများကို သူ ငြင်းဆန်နေလိမ့်မည်။ နှစ်ဦးသား ရန်ဖြစ်ပြီးမခေါ်မပြောဖြစ်အောင်လုပ်ပေလိမ့်မည်။ မိုက်ကယ်သည် အရေးမပါသောကိစ္စဖြင့်လည်း ပြသနာရှာသည်။ လက်ပါလောက်သည်အထိပင်အရှိန်မြင့်သွားတက်သည်။ ဤသည်မှာ ပြီးခဲ့သောလများအတွင်း သူတို့နှစ်ဦး၏အခြေနေဖြစ်သည်။ မိုက်ကယ်က အပြစ်မြင်သော အကြည့်ဖြင့်ကြည့်ပြီး တီနာ အပေါ်တွင် သူ၏ဒေါသများ ပုံချပစ်ရန်အမြဲအကြောင်းရှာနေတော့သည်။
တီနာမှာ မိုက်ကယ်ကို သူတို့နှစ်ယောက်၏အိမ်ထောင်ရေးအဆုံးသတ်သွားသည်အထိ ချစ်လွန်းခဲ့ပြီး သူမမှာ ပြိုကွဲသွားသော သူတို့၏အိမ်ထောင်ရေးအတွက် ဝမ်းနည်းခံစားခဲ့ရသည်။ အမှန်တကယ်တမ်း ဝန်ခံရမည်ဆိုလျှင် ယခုလိုပြီးဆုံးသွားသည်မှာလည်း သူမအတွက်တော့ စိတ်သက်သာရာတော့ ရစေခဲ့ခြင်းဖြစ်သည်။
သူမ၏ ခင်ပွန်းနှင့်ကလေးကို တစ်နှစ်တည်းမှာပင်ဆုံးရှူံးလိုက်ရသည်။ ပထမဦးစွာ ခင်ပွန်း နောက်တော့ သားဖြစ်သူကိုဆုံးရှူံးရသည် သားဖြစ်သူနှင့် သေကွဲခွဲခဲ့ရပြီး ခင်ပွန်းမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ အိမ်ထောင်သက်တမ်း ၁၂ နှစ်အတွင်းမှာပင် တီနာမှာ သူတို့ ပိုပြီးနားလည်ရခက်သော တစ်မူထူးခြားသောသူဖြစ်လာခဲ့သည်။ မိုက်ကယ်ကတော့ လုံးဝတော့မပြောင်းလဲခဲ့ဘဲ သူမ ပြောင်းလဲလာသည်ကိုသဘောမကျခဲ့။ သူတို့နှစ်ဦးသည် ချစ်သူများအနေဖြင့် စတင်ချစ်ခဲ့ကြခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး၏ တစ်နေ့တာအကြောင်းအရာများဖြစ်သည့် အောင်ပွဲရခြင်းများ ကျရှူံးခြင်းများ ပျော်ရွှင်မှုများ နှင့် စိတ်ပျက်စရာများကို မျှဝေခဲ့ကြသည်။ ဒါပေမယ့် နောက်ဆုံးကွာရှင်းအပြီးမှာတော့ သူတို့သည် သူစိမ်းများဖြစ်သွားခဲ့ကြသည်။ မိုက်ကယ်မှာ သူမနှင့် ၁ မိုင်အတွင်းမဝေးသောနေရာတွင်နေသော်လည်း သူနှင့် ဝေးသွားပြီဖြစ်ပြီး ဒန်နီ ကဲ့သို ပြန်ဆုံစည်းခွင့်မရှိတော့ပြီဖြစ်သည်။
သူမ ကြိတ်မှိတ်၍သက်ပြင်းချလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။
ယခု သူမ အိပ်ချင်စိတ်မရှိ ဒါပေမယ့် သူမ အနားယူဖို့လိုအပ်တာ သူမသိသည်။ မနက်တွင် သူမ လန်းဆန်းပြီး တက်ကြွနေဖို့လိုအပ်သည်။
ဒီဇင်ဘာ ၃၀ မနက်ဖြန်သည် သူမဘဝ၏အရေးပါသောရက်ဖြစ်သည်။ တခြားသောနှစ်များတွင် ထိုရက်စွဲမှာ ဘာထူးခြားမှုမရှိပေ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒီဇင်ဘာ ၃၀ ဆိုသောရက်စွဲသည် သူမ၏ ရှေ့ဆက်မည့် အနာဂတ်ကိုလှစ်ပြသော တံခါးမှပတ္တာသာဖြစ်မည်။ သူမ အသက် ၁၈ နှစ်ပြည့်ပြီး မိုက်ကယ်နှင့်လက်မထပ်မှီလွန်ခဲ့သော ၂ နှစ်ကတည်းက သူမ လပ်စ်ဗီးဂက်စ်မြို့တွင်နေထိုင်ပြီး ၁၅ နှစ်ကြာကြာ အလုပ်လုပ်ခဲ့သည်။ သူမ၏ အသက်မွေးဝမ်းကြောင်းကို ကချေသည်အဖြစ်စတင်ခဲ့သည်။ ပြင်သစ် လိဒိုဒိပါရီ အဖွဲ့တွင် သာမန်အဆင့်မဟုတ်ပဲ အမှန်တကယ်ကျွမ်းကျင်စွာလုပ်ခဲ့ပြီး ဗီးဂက်စ်မြို့ စတားဒက်စ်ဟိုတယ်ရှိ စင်မြင့်ထက်တွင်ဖျော်ဖြေခဲ့သည်။ လီဒိုဒိပါရီအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုသည် အံဩလောက်အောင်ခမ်းနားပြီး ဗီးဂက်စ်မြို့မှလွဲ၍ ကမ္ဘာပေါ်ရှိမည်သည့်နေရာတွင်မှာမှ မတွေ့နိုင်သောဖျော်ဖြေမှုတစ်ခုပင်ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံထားသော ပွဲမျိုးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းအမြတ်အစွန်းမတွက်ဘဲ ကြီးမားသောဖျော်ဖြေရေးအဖွဲ့ အပြင်အဆင်များသုံးထားလွန်း၍ ဟိုတယ်က အဖွဲ့ပျက်ပြီး ကြည့်မည့်သူမရှိလေကောင်းလေဟုအောက်မေ့ရမလိုပင်။ တကယ်တော့ ဒီပွဲသည် ညစဉ်ညတိုင်း ဟိုတယ်ကိုလူထောင်ပေါင်းများစွာ လာစေဖို့ ထူးဆန်းသောအကြောင်းတစ်ခုဖြစ်နေခြင်းဖြစ်သည်။ ပွဲအတွင်းဟိုဟိုဒီဒီသွားရင်း ဒီလူအုပ်ကြီးက ဖဲဝိုင်းများ၊ ရှုပ်ယှက်ခက်နေသောစားပွဲ၊ ၃၆ ဂဏန်းကစားသည့်လောင်ကစားခုံများ တဖိတ်ဖိတ်လတ်နေသော ပိုက်ဆံထည့်၍ကစားရသောစက်များ ကိုဖြတ်ရမည်။ ဒီအရာများသည်သာ ဟိုတယ်မှ အကျိုးအမြတ်ရအောင် ဖန်တီးထားသောအရာများဖြစ်သည်။
တီနာသည် လိဒိုအဖွဲ့တွင် က ရသည်ကိုပျော်သည် သူမ ထိုအဖွဲ့တွင် ၂ နှစ်ခွဲခန့်ကခဲ့သည်။ သူမကိုယ်ဝန်ရှိသည်ကို သိသောအချိန်မှသာနားခဲ့ခြင်းဖြစ်သည်။ သူမ ဒန်နီကို မွေးဖို့အနားယူခဲ့ပြီး ဒန်နီကိုမွေးခဲ့သည်။ ထို့နောက် ဒန်နီကိုမွေးပြီးသောပထမလအတွင်း ဒန်နီနှင့်အနှောင်အဖွဲ့ကင်းသောနေ့ရက်များအဖြစ်ကုန်ဆုံးခဲ့သည်။ ဒန်နီ ခြောက်လသားအရွယ်ရောက်တော့ တီနာ လေ့ကျင့်မှုပြန်လုပ်ပြီး အလုပ်ပြန်လုပ်ဖို့ကြိုးစားသည်။ အလုပ်ပေါ်ထားသည့်စိတ်ဇောအပြည့်ဖြင့် လေ့ကျင့်ခန်း ၃ လဆင်းပြီးနောက် သူမမှာ ဗီးဂက်စ်အဖွဲ့၏ရှေ့တန်းတွင်သံပြိုင်ဆိုသော နေရာသစ်တစ်ခုရရှိခဲ့သည်။ သူမ သည်မိခင်ကောင်းတစ်ယောက် နှငိ့ ကချေသည်ကောင်းတစ်ယောက်ဖြစ်ရန်အားထုတ်ခဲ့သည်။ အမြဲမလွယ်ကူခဲ့ပေမယ့် သူမ ဒန်နီလေးကိုလည်းချစ်ပြီး သူမ၏အလုပ်တွင်လည်း မွေ့လျော်သူတစ်ဦးဖြစ်၍ သူမသည် ထိုတာဝန်နှစ်ခုအတွက်ရှင်သန်ခဲ့သည်။
လွန်ခဲ့သော ၅ နှစ် သူမ၏ အသက် ၂၈ နှစ်ပြည့်မွေးနေ့တွင် အကယ်၍သူမသာ ကံကောင်းထောက်မ၍ သူမ၏ ကချေသည်အလုပ်သက်တမ်း ၁၀ နှစ်ကျန်ဦးမည်ဆိုလျှင် သူမနောက်ထပ် အလုပ်တစ်ခုစတင်ဖို့ ဆုံဖြတ်ထားခဲ့သည်။ အသက် ၂၈ နှစ်အရွယ်တွင် အစားထိုးခံရသောအဖြစ်မှရှောင်ရှားရန်ဖြစ်သည်။ သန်းပေါင်းများစွာတန်သော လီဒို အဖွဲ့ကိုအတုခိုးထားသကဲ့သို့ဖြစ်နေသော ဖျော်ဖြေရေးအဖွဲ့လေးတစ်ခုတွင် အတတ်ပညာရှင်တစ်ဦးအဖြစ်နေရာရခဲ့သည်။ နောက်ဆုံးတွင် အဝတ်အစားပြင်ဆင်ပေးသော သူအဖြစ်လုပ်ခဲ့သည်။ ထိုအဖွဲ့မှတစ်ဆင့် ထိုထက်ပိုကြီးသောအဖွဲ့များအထိ ယင်းကဲ့သို့တူသောအလုပ်ကိုသာ ဆက်တိုက်လုပ်ကိုင်သွားခဲ့ပြီး အသုံးစရိတ်ကန့်သတ်ထားသော ခုံအရေအတွက် လေးငါးရာသာ ဝင်ဆံ့သည့်ခန်းမအသေးစားများရှိသည့် အလယ်အလတ်ဟိုတယ်များတွင်လည်းလုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင်းမှာပင် သူမသည်မျက်မှောက်ခေတ်ဖျော်ဖြေပွဲများကို တစ်ခုပြီးတစ်ခု ရိုက်ကူးထုတ်လုပ်ပေးခဲ့သည်။ သူမ သည်တဖြည်းဖြည်း ဗီးဂက်စ်ဖျော်ဖြေရေးအဖွဲ့၏ အလေးစားခံနာမည်တစ်လုံးရလာခဲ့ပြီး ကြီးမားသောအောင်မြင်မှုတစ်ခုသို့ရောက်လုနီးနီးဖြစ်လာခဲ့သည်။
လွန်ခဲ့သောနစ်နှစ်ခန့် ဒန်နီ ဆုံးပြီးစဉ်က တီနာကို လူဦးရေ နှစ်ထောင်ကျော်ဝင်ဆံ့သည့် သန်းပေါင်းများစွာကုန်ကျခံပြင်ဆင်ထားသောခန်းမပါရှိသည့်ဒိတ်ဒိတ်ကျဲဟိုတယ်များထဲမှတစ်ခုအပါအဝင်ဖြစ်သော ရွှေပိရမစ်ဟိုတယ်မှ ရိုက်ကူးရေးနှင့် ပူးတွဲထုတ်လုပ်သူအဖြစ်ကမ်းလှမ်းခဲ့သည်။ ပထမတော့ ယခုလိုသားတစ်ယောက်ဆုံးရှူံးရ၍ပူဆွေးနေသော မိခင်တစ်ဦးအတွက် ထိုအခွင့်ထူးမှာတစ်စုံတစ်ရာမှားယွင်းနေသကဲ့သို့ ခံစားရသည်။ ကံတရားသည် မစာနာမထောက်ထားတတ်လေသလော တစ်ဖက်မှာမိမိ၏သားဆုံးရှူံးရ၍ တစ်ဖက်မှာလည်းမိမိ၏ရည်မှန်းချက်အလုပ်တစ်ခုအောင်မြင်မှုရရှိရန် အခွင့်အရေးများဖြင့် ကံတရားက ချိန်ခွင်လျှာကိုမျှအောင်ပင်လုပ်နေသလားဟုပင် တွေးမိလေတော့သည်။ သူမ သည်စိတ်ထောင်းကိုယ်ကျေ ဖြစ်နေသော်လည်း ထိုသို့ဖြစ်နေခြင်းသည် မိမိကိုယ်မိမိ လုံးဝအသုံးမကျဟုခံစားရ၍ အလုပ်ကိုသာလက်ခံခဲ့သည်။
ပြပွဲအဖွဲ့အသစ်၏ နာမည်ကို ‘’ပဥ္စလက်’’ဟု နာမည်ပေးထားသည်။ အဘယ်ကြောင့်ဆိုသော် အများစုသော အကသမားများမှာ မျက်လှည့်ပညာရှင်များသာဖြစ်ပြီး အဓိက သူတို့သရုပ်ပြထားသည်များမှာ အထူးပြုလုပ်ချက်များ နှင့်သဘာဝလွန်အကြောင်းအရာများအားအခြေခံသောပြကွက်များပင်ဖြစ်သည်။ အဖွဲ့နာမည်စာလုံးပေါင် ‘’Magic!’’မဟုတ်ဘဲ ‘’Magyck!’’ ဟုလှည့်ပြောင်းထားခြင်းမှာ တီနာ၏အကြံမဟုတ်ပေ သို့ပေမယ့် ကျန်သောဖန်တီးမှု အပိုင်းများမှာ တီနာ၏ဖန်တီးမှုများပင်ဖြစ်သည်။ သူမပုံဖော်ခဲ့သည့်အရာအတွက် သူမ ကျေနပ်ခဲ့သည်။ ပင်ပန်းရသည်။ ထိုနှစ်မှာ တစ်ရက်တွင် ၁၂ နာရီမှ ၁၄နာရီဝန်းကျင်လောက်ရှိသော တိတိကျကျမရှိသည့်အလုပ်ချိန်များကိုဖြတ်သန်းရသောနေ့များဖြစ်သည်။ အားလပ်ချိန်မရှိ စနေတနင်္ဂနွေနားရက်ပင် မရှိသလောက်ဖြစ်သည်။
ထို ‘’ပဥ္စလက်’’အဖွဲ့ ဖြင့်အာရုံများနေရသော်လည်း သူမသည် ဒန်နီ သေဆုံးမှုကိုမေ့မေ့ပျောက်ပျောက်ဖြစ်ရန်ပင်ခက်ခဲခဲ့သည်။ လွန်ခဲ့သောတစ်လခန့်က သူမ ဒီပူဆွေးမှုကိုကျော်လွန်သွားနိုင်ခဲ့ပြီဟုထင်ခဲ့သည်။ အခြေအနေအရပ်ရပ်ကိုပြန်လည်သုံးသပ်ပြီး သူမ အတော်အသင့်ကောင်းမွန်သောခံစားချက်များ ခံစားလာရပြီး တဖြည်းဖြည်းရွှင်လန်းလာခဲ့သည်။ သူမဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော ချစ်စဖွယ်သားလေးကို ဘယ်သောအခါမှအပြီးတိုင်မေ့ပျောက်၍မရပါ။ သို့ပေမယ့် သူမ၏သားလေးထားခဲ့၍ လစ်လပ်သွားသောကွက်လပ်ကြီးဖြင့်လည်း သူမဘဝကိုမရှင်သန်ချင်။ သူမ၏ဒဏ်ရာမှာအနည်းငယ်နာကျင်နေသေးသော်လည်း သက်သာလာခဲ့ပြီဖြစ်သည်။
ဤအရာမှာလွန်ခဲ့သော တစ်လခန့်က သူမ တွေးခဲ့သောအရာပင်ဖြစ်သည်။ နောက်တစ်ပတ်နှစ်ပတ်လောက် ထိုအရာကိုလက်ခံနိုင်အောင် သူမ ဆက်ပြီးကြိုးစားသွားမည်။ ထို့နောက် အိပ်မက်အသစ်များ စတင်မက်ခဲ့ပြီး ထိုအိပ်မက်များမှာ ဒန်နီ ရုတ်တရက်သေဆုံးပြီးခါစတွင် မက်ခဲ့သောအိပ်မက်ထက်ပင် ပို၍ဆိုးသေးသည်။
သူမ၏ ‘’ပဥ္စလက်’’အဖွဲ့ အပေါ်ထားရှိသော လူအများ၏ခံစားချက်များနှင့်ပတ်သက်၍ သူမ၏ ပူပင်စိုးရိမ်မှုများမှာ သူမ၏သားငယ် ဒန်နီကိုအမှတ်ပြန်ရစေခြင်းဖြစ်မည်။ ဒီဇင်ဘာ ၃၀ ည ၈ နာရီ ပွဲစရန် ၁၇ နာရီသာကျန်တော့သည်။ ရွှေပိရမစ်ဟိုတယ်တွင် ‘’ပဥ္စလက်’’ ဟုခေါ်သောဖျော်ဖြေရေးအဖွဲ့၏ အထူးဖိတ်ကြားထားသော ပွဲရှိသည်။ နောက်ည နှစ်သစ်အကြိုပွဲတော်တွင် ဖျော်ဖြေပွဲကို သာမန်ပရိတ်သတ်များအားချပြမည်ဖြစ်သည်။ တီနာ မျှော်လင့်ထားသကဲ့သို့ ပရိတ်သတ်၏ တုံ့ပြန်မှုများကောင်းလွန်း၍ အပေါင်းလက္ခဏာဆောင်နေလျှင် သူမ၏ရှေ့လျောက်ဝင်ငွေအခွင့်အလမ်းမှာ သေချာမည်ဖြစ်သည်။ သူမ၏စာချုပ်အရ ပထမဆုံးသော ငါးသန်းမှ အရက်ရောင်းရငွေနှုတ်ပြီးကျန်သော နှစ်ပုံနှင့်တစ်ဝက် ဝင်ငွေရာခိုင်နှုန်းကို သူမရရှိမည်ဖြစ်သည်။ တခြားသော ဗီးဂက်စ်ရှိုးပွဲများကဲ့သို့ဖြစ်လေ့ဖြစ်ထရှိသော သူမ၏အဖွဲ့သာ လေးငါးနှစ် နာမည်ရလျှင် သူမသည် သန်းကြွယ်သူဠေးဖြစ်လာလိမ့်မည်။ အကယ်၍ အဖွဲ့သာပရိသတ်များစိတ်ကျေနပ်လောက်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့လျှင် သူမအရင်ကလို ပွဲအသေးစားများတွင်ပြန်လုပ်ရရန်သာရှိသည်။ ရှိုးပွဲအလုပ်သည် အညှာတာကင်းမဲ့သော စီးပွါးရေလုပ်ငန်းတစ်ခုဖြစ်သည်။
သူမတွင် ပူပန်ကြောင့်ကြမှုများခံစားနေရမှုနှင့်ပတ်သက်၍ ကောင်းမွန်သောအဖြေတစ်ခုကိုရှာတွေ့သွားခဲ့ပြီဖြစ်သည်။ သူမ၏ ဒန်နီနှင့်ပတ်သက်၍ ပူပန်သောကရောက်စရာအိပ်မက်များ အိမ်ထဲသို့ဖောက်ထွင်းသူရောက်နေတတ်သည်ဟုသော သူမ၏စွဲလန်းနေသည့် အကြောက်တရားများ အားလုံးသည် သူမ၏ဖျော်ဖြေရေးအဖွဲ့အပေါ် စိုးရိမ်ပူပန်မှုများမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သူမ၏ ဖျော်ဖြေရေးအဖွဲ့ရှေ့ဆက်မည့်ကံကြမ္မာကိုသာ ပြတ်ပြတ်ထင်ထင်မြင်လာရလျှင် ထိုလက္ခဏာများ ပျောက်ပျက်သွားမည်။ နောက်ရက်အနည်းငယ်သာ ကြိတ်မှိတ်ခံဖို့လိုအပ်သည်။ ထိုသို့တည်တည်ငြိမ်ငြိမ်ဖြစ်လာလျှင် သူမကိုယ်သူမပြန်လည်ကုစားနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမ အနည်းငယ်အိပ်ဖို့လိုအပ်သည်။ မနက် ၁၀ နာရီတွင် နည်လှည့် ဖျော်ဖြေရေးပွဲစီစဉ်သူနှစ်ဦးနှင့် တွေ့ရန်ချိန်းဆိုထားသည်။ ထိုပွဲစီစဉ်သူများမှာ အဖွဲ့တည်ထောင်ပြီးပထမဦးဆုံး သုံးလအတွင်း လက်မှတ်အစောင်ရေ ရှစ်ထောင်စာ ပွဲတစ်ပွဲစီစဉ်ပေးရန်စဉ်းစားထားသူများဖြစ်ကြသည်။ နေ့ခင်း ၁ နာရီရောက်လျှင် ဖျော်ဖြေရေး ရိုက်ကူးရေးအဖွဲ့သားအားလုံး နောက်ဆုံးဝတ်စုံပြည့်အစမ်းလေ့ကျင့်ပွဲအတွက် လူစုရမည်ဖြစ်သည်။
သူမ၏ ခေါင်းအုံးများကိုအသာအယာ ဖွလိုက်သည် ခေါင်းအုံးဖုံးများကိုစနစ်တကျပြန်လုပ်ပြီး သူမ၏ညဝတ်င်္အကျီကိုဆွဲလိုက်သည်။ သူမမျက်လုံးများကိုမှိတ်၍ ငွေရောင်သဲသောင်ပြင်ကမ်းစပ်တစ်ခုတွင် ဒီရေက ညင်ညင်သာသာရိုက်ခတ်နေသည်ဟုအေးဆေးစွာ ကြိုစားစိတ်ကူးကြည့်လိုက်သည်။
‘‘ဗုန်းခနဲမြည်သံ’’
အိမ်၏တစ်နေရာရာတွင် တစ်စုံတစ်ရာပြုတ်ကျခြင်းဖြစ်မည်။ နံရံများအထပ်ထပ်ကြားမှပင် သူမအားနိုးလောက်စေသည့် အသံမှာ အရာဝတ္ထုကြီးကြီးမားမားတစ်ခုပင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ ယခုလိုလူသူခြောက်ကပ်နေသောအခန်းမျိုးတွင် လေးလံသောအရာဝတ္ထုတစ်ခု အလိုလိုပြုတ်ကျစရာအကြောင်းမရှိ။
သူမဦးခေါင်းကိုဆတ်ခနဲ ထောင်လိုက်ပြီး သေချာစူးစိုက်နားထောင်ကြည့်သည်။ နောက်ထပ် အသံသဲ့သဲ့တစ်ခုကိုကြားလိုက်ရသည်။ အသံဘယ်ကလာသည်ကို ခွဲခြားနိုင်လောက်အောင် တီနာ အချိန်မရလိုက်ပါ သို့ပေမယ့် ခိုးကြောင်ခိုးဝှက်လုပ်နေသော အသံမျိုးပင်ဖြစ်သည်။ ဒီတစ်ကြိမ်တော့ သူမစိတ်မှခြောက်ခြားနေခြင်းမျိုးမဟုတ်ပဲ တစ်စုံတစ်ယောက် အမှန်တကယ်အိမ်ထဲတွင်ရောက်နေပြီဖြစ်သည်။
သူမကုတင်ပေါ်ထထိုင်လိုက်ပြီး မီးအိမ်ကိုဖွင့်လိုက်သည်။ အိပ်ရာဘေးရှိစားပွဲအံဆွဲထဲမှ ပစ္စတိုကောက်ယူ၍ကျည်ဖြည့်လိုက်သည်။ သေနတ်၏လုံခြုံရေးမောင်းနှစ်ခုကိုဖြုတ်လိုက်သည်။
တစ်ခဏ သူမငြိမ်သက်နေခဲ့သည်။
ခြောက်ကပ်တိတ်ဆိတ်လွန်းသော ညတစ်ညတွင် ကျူးကျော်ဝင်ရောက်လာသူမှာလည်း သူမ၏အသံကိုနားစွင့်နေဟန်ရှိသည်ဟု သူမ စိတ်ကူးမိသည်။
သူမကုတင်ပေါ်မှဆင်း၍ သူမ၏အိမ်တွင်း ပေါ့ပေါ့ပါးပါးစီးသောကွင်းထိုးဖိနပ်များကို စီးလိုက်သည်။ ညဘက်လက်တွင်သေနတ်ကိုကိုင်ထားရင်း အိပ်ခန်းတံခါးဆီသို့ တိတ်တဆိတ်သွားခဲ့သည်။ သူမ ရဲကိုခေါ်ချင်ပေမယ့် ဥဩသံများ မီးရောက်တဖျတ်ဖျတ်နှင့် ရဲများရောက်လာပြီး အိမ်တွင်တစ်ယောက်မှရှာမတွေ့၍ သူမကိုအရူးဟုထင်မည်လည်းစိုးသည်။ လွန်ခဲ့သော ရက်သတ္တပတ်နှစ်ပတ်တုန်းက သူမစိတ်တွင်ထင်သည့်အတိုင်း အိမ်တွင် ဖောက်ထွင်းသူရောက်နေသည်ဟု ရဲများအားခေါ်မိလျှင် သူမအား စိတ်မမှန်တော့သူဟု ကောက်ချက်ချပေလိမ့်မည်။ ဒိုးနတ် နှင့် ကော်ဖီသောက်၍အားလပ်ချိန်တွင် ယောက်ျားရင့်မာကြီးများဖြစ်သော ရဲများက သူမယခုကဲ့သို့စိတ်ခြောက်ခြားဖြစ်နေသည့်အကြောင်းကို ပြုံးဖြီး၍ ဟာသလုပ်ပြောဆိုနေကြမည်ကိုသည်းမခံနိုင်ပါ။ သူမ၏အိမ်ကို သူမတစ်ယောက်တည်းရှာမည်ဖြစ်သည်။
ပစ္စတိုကိုမျက်နှာကျက်ဆီသို့ချိန်ထားလျက် သေနတ်၏ကျည်ကို ကျည်ကတ်ထဲတွင် အဆင်သင့်ဖြစ်ရန် ချိန်ထားလိုက်သည်။
အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူမ အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး အိမ်ရှေ့ခန်းသို့အသာအယာလျှောက်လာခဲ့သည်။
အခန်း(၂)
ဆက်ရန်ရှိသေးသည်...