#The Winds of Grace are always Blowing, but it is You... that must raise Your Sails!!
- Rabindranath Tagore
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ပြင်သစ်စံတော်ချိန် ည ကိုးနာရီခွဲ...
ည ဟူ၍ သတ်မှတ်ရပါသော်လည်း အနောက်ဥရောပနိုင်ငံတို့၏ ထုံးစံအတိုင်း နေအလင်းရောင်သည် ထွန်းလင်းဆဲပါပေ....။ သို့သော် ဒီဇင်ဘာလ အစောပိုင်း ဆောင်းရာသီ အတွင်းသို့ တင်းပြည့်ကျပ်ပြည့် ဝင်ရောက်လာပြီးဖြစ်သောကြောင့် တစ်စတစ်စဖြင့် နေ့တာသည် တိုလာ၍ အေးစက်သောနှင်းမှုန်များ ခြံရံလျက် အမှောင်ထုသည် တဖြည်းဖြည်းတိုးဝင်လာနေသည်။
နံနက်ခင်း အစောပိုင်းကတည်းက ကျဆင်းနေခဲ့သော နှင်းမှုန်များသည် ညပြန်ထွက်ချိန်တွင် ထုထည်အလွန်ပင်ကြီးမားလျက် ခြေမျက်စိပင် နစ်၍ဝင်နိုင်သည်အထိ ထူထဲနေပါ၏။
The Louvre ရင်ပြင်ရှိ ပိရမစ်ဖန်တုံးကြီး၏ ဝန်းကျင်တွင်လည်း နှင်းပွင့်လေးများဖြင့် ဖွေးဖွေးဖြူလျက်...။
ထိုနှင်းဖြူဖြူဖွေးဖွေးများကြားတွင် High Heel အနီရောင်ဖြင့် ချော်၍မလဲစေရန် ထိန်း၍လျှောက်နေသော မိန်းမပျိုတစ်ဦး...
"ကံ့ကော် စိတ်မရှိဘူးဆိုရင် ကိုယ့်လက်ကို တွဲလိုက်ပါ့လား? ဒေါက်ဖိနပ်အမြင့်နဲ့ နှင်းတွေနဲ့ အရမ်းချော်နေလိမ့်မယ်။"
ကံ့ကော် သည် သန့်စင်၏စကားကြောင့် ခေတ္တရပ်လိုက်သော်လည်း ဘယ်တုန်းကမှမကြားခဲ့ဖူးဟန်ဖြင့် လမ်းကိုသာ ဂရုတစိုက်ဆက်လျှောက်နေခဲ့သည်။
မိမိပြောသည့် စကားကို အရေးမစိုက်ဘဲ လမ်းဆက်လျှောက်သွားသည့် မိန်းမပျို၏ ကျောပြင်ကိုငေးကြည့်ရင်း သန့်စင် သက်ပြင်းတစ်ချက်သာ ခပ်နက်နက်ရှိုက်လိုက်မိသည်။ ကံ့ကော်သည် ချဉ်းကပ်ရ သိပ်ခက်လွန်းကာ ခေါင်းမာသည့် မိန်းကလေးပါပေ။
ပြတိုက်အတွင်းမှ စထွက်လာစဉ်တည်းက သူ့လက်ကိုကိုင်၍ လမ်းလျှောက်ဖို့ပြောခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ကံ့ကော်ပြောခဲ့သည်က
"နှင်းကျမယ်။ ထူထဲစွာကျမယ်ဆိုပြီး မိုးလေဝသက ကြေညာထားပြီးသားပဲလေ။ လမ်းသိပ်လျှောက်စရာမလိုဘူးဆိုပြီး boots မစီးဘဲ High Heel စီးခဲ့တာလည်း မေ့အမှားပဲလေ။ ကိုယ့်အမှားကြောင့် အခြားလူတစ်ယောက်ကိုတော့ သက်သက်ဒုက္ခမပေးချင်ပါဘူး။ ပြီးတော့ ကျေးဇူးကြွေးလည်းမတင်ချင်ဘူး။ အကယ်၍ မေလဲကျသွားလို့ အစ်ကိုကထိန်းပေးရင်း မတောတဆများ အတူတူလဲကျခဲ့ရင် မေကအားနာနေရဦးမယ်။ ကျေးဇူးတင်နေရဦးမယ်။ အဲ့တာတွေထက်စာရင် မေတစ်ယောက်တည်းလဲကျတာက ပိုစိတ်သက်သာရာ ရစေပါတယ်။" ဆို၍ဖြစ်သည်။
အောင့်သက်သက်နှင့်သာ သန့်စင်အလျှော့ပေးခဲ့ရပြန်လေသည်။ မေ့လောက်ချိန် နောက်တစ်ကြိမ် ထပ်မေးပြန်တော့ လျစ်လျူရှူခြင်းသာ ခံရပြန်လေသည်။
အိမ်ရှင်ဖြစ်နေလို့ ဧည့်ဝတ်ကျေချင်ပါသည်ဟုဆိုကာ ကံ့ကော်မှစတင်၍ ညစာစားဖို့ပြောသည်ကိုပင် စာအုပ်ထဲရေး၍ မှတ်တမ်းတင်ထားရမည့်အနေအထားဖြစ်၏။
အောင်မြင်ခြင်း နတ်သမီးရုပ်တုရှေ့တွင် ကံ့ကော်သည် ဒင်နာလိုက်ကျွေးပါရစေဟုဆိုကာ ယဉ်ကျေးစွာခွင့်တောင်းလာခဲ့သည်။ သူသည်လည်း မဆိုင်းမတွပင် ခေါင်းညိတ်ခဲ့လေသည်။
ခံစားချက်ကို ထိန်းချုပ်လေ့ရှိသော မေသည် သန့်စင်၏ တစ်စုံတစ်ရာသောလွှမ်းမိုးမှုကို လူးလှိမ့်နေအောင်ကြိုးစား၍ ဖယ်ထုတ်နေရလေသည်။
ယောကျာ်းလေးတစ်ယောက်ကို ဒင်နာလိုက်ကျွေးရန် မိမိမှစတင်၍ ဖိတ်ခေါ်ရမည်ဟု မည်သည့်အခါကမှ တွေးမထားခဲ့ဘူးပါ။ ဤသည်ပင် သူမ၏ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်ဖြစ်စေရန်လည်း မေအသည်းအသန် အားထုတ်နေရပါသည်။
ခေါင်းမာသော မိန်းကလေးသည် ခြေလှမ်းတစ်ချက်မယိုင်စေပါဘဲ ကားရှိရာသို့ ဖြောင့်တန်းစွာရောက်ရှိသွားခဲ့လေသည်။ အာဂပါပေ..။.
The Lourve မှ ဆယ်မိနစ်ခန့် ကားမောင်းအပြီး ပါရီမျှော်စင်ရှေ့ ယာဉ်ရပ်နားရန်နေရာတွင် ကံကော်သည် ကျင်လည်စွာ parking ယူ၍ သန့်စင်ကိုဆင်းရန်ပြောသည်။
လမ်းတွင် ဖိနပ်ဝင်ဝယ်ခဲ့သောမေသည် ခဲရောင် လေဒီရှူးလေးနှင့် ပို၍ပင် ပေါ့ပါးနေဟန်ပင်။
"မေ ကိုယ့်သဘောနဲ့ကိုယ် အစ်ကို့ကို ခေါ်လာနေတာ လမ်းလျှောက်ရတာ ပင်ပန်းနေတော့မှာပဲ။"
ပါရီမျှော်စင်တစ်လျှောက် ကံ့ကော်ခေါ်ရာနောက်သို့ လိုက်ရင်း သန့်စင် ကမန်းကတန်းငြင်းရပြန်သည်။
အနှီမိန်းကလေးမသိသေးသည်ကား မိမိသည် အပင်ပန်းခံချင်နေသူ ဟူသည်ကိုဖြစ်၏။
"အီဖယ်တာဝါ ကနေ ခြောက်မိနစ်လောက် လမ်းလျှောက်ရင် စိန့်မြစ်ကိုရောက်ပြီလေ။ မေ အစ်ကို့ကို ဒင်နာကျွေးချင်တဲ့ ဆိုင်က မြစ်ထဲမှာရှိနေတာ။ နွေဦးဆို ဒီလမ်းတစ်လျှောက်က သိပ်သာယာတယ်။ အင်း ခုလည်း သာယာတာပါပဲလေ..."
"ပြင်သစ်က သိပ်ကိုလှတဲ့ မြို့တစ်မြို့ပါ။ အဝါရောင်ကိုအများဆုံးသုံးထားတဲ့ လမ်းမီးအလင်းတိုင်တွေနဲ့ အလှဆင်ထားတာ အရမ်းသဘောကျဖို့ကောင်းတယ်။"
"ပြင်သစ်က သိပ်လှတာပေါ့။ ချစ်ခြင်းမေတ္တာတွေသက်ဝင်နေတဲ့မြို့မို့လို့ အရာရာဟာနွေးထွေးတယ်လို့ မေတော့ခံစားမိတာပဲ။"
"ပြင်သစ်က ယဉ်ကျေးမှုနဲ့ အနုပညာထွန်းကားလို့ နေပါလိမ့်မယ်။ ခေတ်မီအဆောက်အဆုံတွေကြားထဲမှာ ရှေးခေတ်အငွေ့အသက်တွေ ထုံလွှမ်းနေဆဲပဲ။"
"သိပ်မှန်တာပေါ့! ပြင်သစ်နိုင်ငံမှာ အနုပညာ ယဉ်ကျေးမှုအဆင့်အတန်းက မြင့်မားတယ်။ ပြီးတော့ ဗိသုကာပညာလည်း သိပ်ထွန်းကားတယ်။ ပြင်သစ်အဆောက်အအုံတွေရဲ့ ဗိသုကာလက်ရာတွေဟာ သိပ်အနုပညာမြောက်လွန်းတယ်။"
"အထူးသဖြင့် ဒီအီဖယ်တာဝါပေါ့။ ပြင်သစ်ရဲ့အထင်ကရ ပြယုဂ်ပဲ မဟုတ်လား?"
သန့်စင်၏ စကားကြားတော့ ကံ့ကော်က အသာရယ်သည်။
"ပြင်သစ်ရဲ့ အထင်ကရ ပြယုဂ်တွေထဲကတစ်ခုလို့ပြောရမှာ အစ်ကို...။ ပြင်သစ်မှာ အီဖယ်တာဝါထက်ပိုပြီး နာမည်ကြီးတဲ့ အခြားတစ်နေရာက သက်သက်ရှိတယ်။ အစ်ကို မနက်ဖြန် မပြန်သေးဘူးဆို မေလိုက်ပို့ပေးပါ့မယ်။ မေ့ရဲ့ Off day လေ..."
ထိုအခါလည်း သန့်စင် ခေါင်းညိတ်ရပြန်ပါသည်။ ကံ့ကော်အား ထပ်မံတွေ့ဆုံခွင့်ရရန်သာဆုတောင်းလာခဲ့သော်လည်း ပြင်သစ်ပြည်၏ မြို့စောင့်နတ်မင်းသည် သဘောကောင်းလွန်းစွာ သန့်စင်၏ ဆုတောင်းထက်ပို၍ လိုက်လျောပေးခဲ့လေသည်။
ခပ်ကျယ်ကျယ် တံတားအတိုတစ်ခုဖြတ်ပြီးချိန်တွင် မြစ်ပြင်ကျယ်ကို လှမ်း၍မြင်နိုင်ခဲ့သည်။ ရေပြင်ကိုဖြတ်၍တိုက်ခတ်လာသော ကြမ်းရှနေသည့် လေအေးသည်နှင်းမှုန်များနှင့်အတူ မျက်နှာကို ရှတစွာလာရောက် ရိုက်ခတ်သည်။
မြစ်ဆိပ်တွင် လှေများ လူများဖြင့် ပြည့်နှက်နေသည်။ အများစုမှာ စားသောက်ဆိုင်များဖြစ်၍ ကော်ဖီဆိုင်အချို့ကိုလည်း တွေ့ရသည်။
ကံ့ကော်ခေါ်သွားသည့်ဆိုင်သည်ကား လှေပေါ်တွင် ဖွင့်လှစ်ထားသည့် Bateau Le Calige ဟူသည့် စားသောက်ဆိုင်။
"မစားတဲ့အသားတော့ မရှိပါဘူးနော်" ဟူသည့် မေးခွန်းတစ်ခုသာမေး၍ ပြင်သစ်စကား ကျင်လည်စွာပြောဆိုလျက် သူမကိုယ်တိုင် စိတ်ကြိုက် မီနူးရွေးချယ်ခဲ့သည်။
အင်းလေ.. မေးလည်း သိနိုင်မည်မှ မဟုတ်ဘဲ။
◼◼◼◼◼◼◼
"မေ အစက ထိုင်းဆိုင်တစ်ဆိုင်ဖြစ်ဖြစ် ခေါ်သွားမလို့ပဲ။ အစ်ကိုများ ထမင်းစားချင်မလားလို့လေ။ ဒါပေမယ့် ထိုင်းဆိုင်က ယူကေမှာလည်းရှိတာပါပဲလို့တွေးပြီး ဒီကိုပဲ ခေါ်လာတော့တာ..."
ဓားနှင့်ခက်ရင်း ကျွမ်းကျင်စွာအသုံးချရင်း အသားကိုလှီးဖြတ်ကာ မေစကားစလိုက်သည်။ တစ်ရက်မပြည့်သော နှစ်ယောက်တွေ့ဆုံချိန်သည် စကားလုံးများပျောက်ရှလျက် အသံတိတ်အနေအထား (လုံးလုံး) ဖြစ်နေခဲ့သည်။ ထိုအခြေအနေသည် မေ့အား အသက်ရှူရပ်နိုင်သည်အထိ မွန်းကြပ်စေပါသည်။
"ကံ့ကော် ခေါ်လာတာ မှန်တယ်ပဲပြောရမယ်။ အစ်ကို ထိုင်းအစားအစာတွေ မကြိုက်တက်ဘူး။ တစ်ခါတစ်လေ ထမင်းဖြူဖြူလေးစားချင်စိတ်ရှိပေမယ့် ထမင်းစားချင်ရုံ သက်သက်နဲ့တော့ ထိုင်းစားသောက်ဆိုင်ကိုမသွားဘူး။"
"တဆိတ်... မေ့ကို ကံ့ကော်ဆိုတဲ့ နာမ်စားသုံးပြီး ခေါ်ပြောတာ မလုပ်စေချင်ဘူး။ အစ်ကို့ရဲ့ လွတ်လပ်ခွင့်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် မေကိုယ်တိုင်တောင်မသုံးတဲ့ နာမ်စားကို အစ်ကိုဘာလို့ ဆက်သုံးနေရတာလဲ? မေအစတည်းက ငြင်းမလို့ပါ။ အစ်ကိုများ သတိထားပြီး ပြောင်းခေါ်မလားလို့လေ..."
အပြုံးမပျက် ပြောနေခြင်းဖြစ်သော်လည်း ထိုအပြုံးသည် ကံ့ကော်ပြုံးနေကြ နွေးထွေးဖော်ရွေသည့် အပြုံးမဟုတ်ပါပေ။
သန့်စင် ထိုနေ့အတွက် ဒုတိယအကြိမ် သက်ပြင်းကို ထပ်မံ၍ ရှိုက်လိုက်မိသည်။
"အကြောင်းပြချက်ကို ကိုယ် မေးခွင့်ရှိမလား ကံ့ကော်? ဆောရီး... မေ!"
"သိကျွမ်းခဲ့တာ တစ်ရက်ပြည့်ပါရဲ့လားတောင်မသေချာသေးတဲ့ လူတစ်ယောက်အပေါ် မေအကြောင်းပြချက် ထုတ်မပေးချင်ဘူး။ အစ်ကို နားလည်ပေးမယ်လို့ ယုံကြည်ပါရစေ။"
လှပစွာ ငြင်းဆိုခဲ့ပြန်သည်။ နာမည်လှလှလေးရှိပါရက် အခေါ်မခံသော ထိုမိန်းကလေး၏ အကြောင်းများကို သန့်စင် ပို၍ပင် စိတ်ဝင်စားလာခဲ့မိသည်။
"မေ လန်ဒန်ကို ခရီးထွက်ဖို့ရှိတယ်။ ပြတိုက်ကလွှတ်တာပေါ့။ Excursion သဘောမျိုးပါပဲ...။"
"ဟာ... ကောင်းတာပေါ့ လန်ဒန်မှာက ပြတိုက်တွေစုံတယ်။ အင်း တစ်ချို့ပြတိုက်တွေမှာ မြန်မာ့နန်းတွင်းက အသုံးအဆောင်တွေပါပြထားသေးတာ။ ဒါနဲ့ ကံ့ကော်.. အဲ~ မေက ဘယ်တော့လောက် လာရမလဲ?"
"မေ မြန်မာပြည်ပြန်ဖို့ ခွင့်ရက်ရှည်ယူထားတယ်။ မြန်မာပြည်ကပြန်လာမှပေါ့... နောက်နှစ် သုံးလပိုင်းအတွင်းမှာမှ။"
"အို... စိတ်မကောင်းစရာ ကိုယ်က အဲဒီအချိန် မြန်မာပြည်မှာဖြစ်လောက်မယ်။ လန်ဒန်ကိုမပြောင်းခင် ခဏပြန်ဖြစ်မှာ...."
"မေတို့ ပြန်ဆုံမှာပါ။ အကယ်၍ ကံတိုက်ဆိုင်ရင်ပေါ့။"
လိမ္မော်ရည်ခွက်ကို ခပ်ဖြေးဖြေးမော့သောက်လျက် မေက ပြန်ဖြေသည်။
ကံကို ပုံအပ်ရမည်။ သို့သော် အပြည့်အဝမယုံကြည်နိုင်ပေ။
"မေက ကံဆိုတာကို ယုံကြည်လား?"
"ယုံကြည်သင့်သလောက်တော့ မေယုံကြည်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ကံ၊ ကံ၏အကျိုးကို ယုံကြည်တက်ကြတယ် အစ်ကို။
အကြင်မျိုးစေ့ကို စိုက်ပျိုး၏။ ထို အပင်ကိုသာလျှင် ရိတ်သိမ်းရ၏။ ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်းပေါ့... မြတ်စွာဘုရားရှင်က အဂ္ဂုံတ္တရနိကာယ်မှာ ဗုဒ္ဓဘာသာဝင်တွေအတွက် မူကြီး ငါးရပ်ကို ချမှတ်ပေးခဲ့တယ်လေ။ အဲဒီထဲမှာ ကံတရားကို ယုံကြည်သူ ဖြစ်ရမည်ဆိုတာလည်း အပါအဝင်ပဲလေ..."
သန့်စင် ရင်ဘတ်ဖိ၍ ဘုရားသာတမိသည်။ အသက်ငယ်ငယ် မိန်းမပျိုကလေးတစ်ဦးသည် သူ့ထက်ပို၍ပင် ဘာသာတရားကိုင်းရှိုင်းနေသည်ကို တအံ့တသြ ဖြစ်နေမိခဲ့သည်။
မေ့ရဲ့ ပင်ကိုယ်စရိုက် အစစ်အမှန်ဟာ တကယ်ပဲ ဘာများဖြစ်ပါလိမ့်မလဲ!?
"မေ မြန်မာပြည် ပြန်တဲ့အခါ ကိုယ့်မြေ ကိုယ်ရေမှာ ထပ်ဆုံခွင့်ရပါစေ...အစ်ကို ဆုတောင်းပါတယ်။"
"မေရှိမယ့်နေရာကို စုံစမ်းပြီးမှ တိုက်တိုက်ဆိုင်ဆိုင်တွေ့သလိုမျိုး ရုပ်ရှင်တော့ မရိုက်နဲ့နော်..."
မေ့စကားအဆုံးတွင် နှစ်ယောက်လုံး လွတ်လပ်စွာ ရယ်မောမိကြသည်။
ပါရီ မြို့တော်ခန်းမနှင့် အီဖယ်တာဝါကိုနောက်ခံထားလျက် တစ်စတစ်စ ဝင်ရောက်လာသည့် အမှောင်ထုသည် လူငယ်နှစ်ဦး၏ ရယ်မောသံနှင့်အတူ ပနံရလျက်ရှိသည်။
"မေ့ကို မြန်မာဝတ်စုံနဲ့ ကိုယ်တကယ်မြင်ဖူးချင်တာပါ။"
"မေ မြန်မာဝတ်စုံ ဝတ်ဖြစ်ပါတယ်။ ဥပမာ ယဉ်ကျေးမှုဝန်ကြီးဌာနကို သွားရတဲ့အချိန်မျိုးမှာ... မြန်မာသံရုံးက ဖိတ်တဲ့အချိန်မျိုးမှာ ပေါ့။ တစ်ခါတစ်လေ သနပ်ခါးတောင် လူးလိုက်သေး..."
"တကယ် မြင်ဖူးချင်မိတယ်။ မေ့ကို သနပ်ခါးကြိုက်တက်မယ် ထင်တောင်မထားမိဘူး။"
"မေက မြန်မာမိန်းကလေးပဲလေ အစ်ကို..."
ြ
မြန်မာနိုင်ငံမှ အချို့သောလူများ နိုင်ငံရပ်ခြားသို့ရောက်လာသည့်အခါတွင် မိမိယဉ်ကျေးမှုများကို လုံးလုံးလျားလျား မေ့လျော့ (ဟန်ဆောင်) တက်သော်လည်း သူမသည် တက်နိုင်သလောက် ထိန်းသိမ်းနေခဲ့သည်။
မြန်မာစကားကို ပီသစွာပြော၍ မြန်မာဆန်ဆန်ပင် သိမ်မွေ့စွာနေထိုင်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးဟန်ရှိသော မေ့ကို သန့်စင် ပိုတိုး၍ စိတ်ဝင်စားမိခဲ့လေသည်။
အခွင့်အရေးဆိုတဲ့ လေညှင်းက အမြဲတိုက်ခတ်နေတာပါပဲ။ ဒါပေမယ့် မင်းကိုယ်တိုင် ရွက်လွှင့်မှပဲ ရမှာပါ။
-ရာဘင်ဒြာ နာသ့်တဂိုး
အခွင့်အရေးမယူနိုင်လောက် မြတ်နိုးနေမိပြီဆိုလျှင် ထိုမြတ်နိုးသော အရာကို လက်လွှတ်ရပါမည်လား? ပိုင်ဆိုင်ရမှာကိုပင် နှမြောတသ ဖြစ်နေမိလျှင်....။