#မြက်ပန်းပွင့်နှင့်မြေပြင် နီးစပ်သကဲ့သို့
သူသည်လည်း အကျွန့်နှလုံးသားနှင့် နီးစပ်အံ့...
-ရာဘင်ဒြာနာသ့်တဂိုး
✳✳✳✳✳✳✳✳✳✳✳
"ကံ့ကော်.. ကံ့ကော် ဒီညလည်း ကံ့ကော်နှိပ်စက်လို့ မင်းမအိပ်ရပြန်ဘူးမလား?"
မြန်မာပြည်တွင် ဆေးကျောင်းတက်စဉ်မှစ၍ ယူကေတွင် ဘွဲ့လွန်လာတက်သည်အထိ အမြဲတပူးပူးတတွဲတွဲနေခဲ့သော ရောင်းရင်း မင်းသစ်၏စကားကြောင့် သန့်စင် ရီမောမိသည်။
ဟုတ်သည်။ မေကံ့ကော်စိုးဟူသည့် မြန်မာဆန်ဆန်လှလွန်းသည့် မိန်းကလေးသည် စတွေ့သည့်နေမှစ၍ သူ၏အာရုံထဲတွင် အမြဲစွဲထင်နေခဲ့သည်။ ပါရီတွင် နေထိုင်သော ထိုမိန်းကလေးငယ်သည် မန်ချက်စတာရှိ သူ၏အိပ်မက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်မှာ သုံးပတ်ခန့်ပင်ရှိတော့မည်။
အရယ်အပြုံး နည်းလှသောသူမသည် သန့်စင်၏အမြင်အာရုံတွင် သိပ်ကိုကျက်သရေရှိလွန်းလှသည်။
"ဟေ့ကောင်! ငါပြောခါမှ အတည်တွေသတိထရနေတာတော့ မဟုတ်ဘူးမလား?"
"မင်းပြောမှ ပိုလွမ်းလာတာဟ!!"
"လွမ်းတယ်ဆိုရအောင် တွေ့တာဖြင့် တစ်နာရီတောင် မပြည့်ခဲ့ဘဲကွာ... မင်းဟာက ပိုလွန်းတယ်။"
"မပိုပါဘူးကွာ.. ငါတကယ်လွမ်းတာပါ။ ဒီတစ်ခေါက် ခွင့်ရက် မှာ ပြင်သစ်သွားမလို့တောင် စဉ်းစားနေသေးတယ်။"
ပြောပြီးသည်နှင့် လက်ထဲမှ ဖတ်လက်စစာအုပ်ကိုချကာ ကော်ဖီခွက်လှမ်းကိုင်သော သန့်စင်အား မင်းသစ် အံ့သြတကြီးလိုက်ကြည့်နေခဲ့သည်။
မျက်ဝန်းများကတော့ အလွန်ဆိုးဆိုးရွားရွား ရောဂါကျွမ်းလျက်ရှိသည့် လူနာများအား အမြဲတစေကြည့်ရှူတက်သော သနားကရုဏာသက်သည့် အကြည့်များဖြင့်....။
"မင်း... အတည်ကြီး ကြွေသွားတာလား သန့်စင်!?"
"ကြွေတာထက် စိတ်ဝင်စားတာကွ... ခဏလေးပဲ ဆုံခဲ့ပေမယ့် သူမက သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ နာရီဝက်ပဲတွေ့ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား မသေချာဘူး။"
"အဲ့တာများကွာ နာမည်တောင်မေးခဲ့သေးတာ တစ်ခါတည်း လက်ကိုဆွဲနမ်း ညစာအတူစားဖို့ဖိတ် ဘာညာလုပ်ပြီး ဇာတ်လမ်းဆက်ခဲ့ရမှာ... မင်းဟာက သူတော်စင်လို၊ သူတော်ကောင်းလို မထုံတက်တေးနဲ့ ဒီရောက်မှ ထဆွေးတာ အလုပ်ကိုမဟုတ်ဘူး။"
"ဟေ့ကောင်... ဟိုက မြန်မာမိန်းကလေးကွ! ဒီကအဖြူမတွေလို ဒင်နာ လေးလိုက်စား၊ hotel ရောက်၊ ONS အဖြစ်လိုလိုလားလက်ခံနေတာတွေနဲ့ မတူဘူးကွ! ဒီလိုနိုင်ငံရပ်ခြားမှာ ကိုယ့်မြန်မာလူမျိုး မိန်းကလေးတစ်ယောက်ကို ငါတို့ကပါ လူယုတ်မာစိတ်နဲ့တွေးပြီး စော်ကားရင် တိုင်းတစ်ပါးသားတွေက သူတို့ကို တလေးတစား ဆက်ဆံပါတော့မလားကွ?"
"ငါလည်း မြန်မာလူမျိုးပါကွာ.. ဒီလိုပဲပြောလိုက်တာ မင်းကအတည်ကြီးတွေ ဇွတ်ကောတော့တာပဲ!!"
"စိတ်နဲ့တောင် မပြစ်မှားသင့်တာကွ ဒါက..."
"ငါလွန်တယ်ပဲထားပါတော့။ မင်းလည်း ဆရာလကာၤရည်ကျော်စာအုပ်တွေ များများသာဖတ် မဟာသူတော်ကောင်း ဟီးရိုးစိတ်တွေဝင်ပြီး နောက်ဆုံးတောထွက်ရလိမ့်မယ်။"
"ဆရာ့စာအုပ်ထဲက ယောကျာ်းသားတွေလို ခြောက်ပစ်ကင်းသဲလဲစင် မဖြစ်နိုင်ပေမယ့် အနည်းဆုံးတော့ မင်းလိုလူယုတ်မာစိတ်မတွေးမိဘူးပေါ့။ ပြီးတော့ တိုင်းတစ်ပါးမှာတွေ့တဲ့ ကိုယ့်မြန်မာလူမျိုး မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားတက်တဲ့စိတ်ကလေးဝင်တာပေါ့။"
သာသာနှင့် နာနာနှက်ပစ်လိုက်သော သန့်စင်၏စကားကြောင့် မင်းသစ် ကော်ဖီပူပူအားယောင်ယမ်း၍ သောက်မိလိုက်သည်အထိ။
ထို့နောက် သန့်စင်၏ စားပွဲပေါ်သို့ ပြင်သစ်ဘာသာစကားများဖြင့် ရေးသားထားသည့် မဂ္ဂဇင်းစာအုပ်အား ပစ်တင်လိုက်သည်။
နားမလည်စွာ မော့ကြည့်သော သန့်စင်၏အကြည့်များကို စုတ်သတ်လျက်ခေါင်းခါကာ ကိုယ်တိုင်ပင် စာမျက်နှာတစ်ချို့အား လှန်လောပေးလိုက်သည်။
တစ်ချို့သောစာမျက်နှာများအား ကျော်လွန်အပြီးတွင် ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည်က စူးရှလွန်းသည့်မျက်ဝန်းများဖြင့် ပြုံးရုံသာပြုံးထားသော ကံ့ကော်ဟူသည့် အမျိုးသမီးငယ်၏ ကြည်လင်တောက်ပ နေသည့် ကျက်သရေရှိသော မျက်နှာနုနု...။
မင်းသစ်အား ခဏမျှ မော့ကြည့်ကာ ရေးသားထားသည့် စာများအားအတက်နိုင်ဆုံး ဖတ်ရှူကြည့်ပါသော်လည်း မျက်မမြင်တစ်ယောက် သက်တံကြည့်နေသကဲ့သို့ ဖြစ်နေလေသောအခါ...။
"မင်း ကောင်မလေးက ပြင်သစ်မှာနာမည်ကြီးပဲ...။သူတို့ ပန်းချီ၊ ပန်းပု အနုပညာအသိုင်းအဝိုင်းမှာပေါ့... တော်တော်ကို ကြီးကျယ်တဲ့ လေလံပွဲတစ်ခုကိုတာဝန်ခံအဖြစ်ဆောင်ရွက်ပြီးတဲ့နောက်ပိုင်း ပြင်သစ်ရဲ့ ထွက်သမျှ မဂ္ဂဇင်းတိုင်းမှာ သူ့ အင်တာဗျူးတွေပါခဲ့တာပဲ။ The Louvre ရဲ့အသက်အငယ်ဆုံးနဲ့ ပထမဆုံး အာရှတိုက်ဖွား လက်ထောက်ပြခန်းမှူးတဲ့ကွ။"
မင်းသစ်၏ စကားများကိုနားထောင်ရင်း ပြန်လည်ကြားယောင်မိသည်က
#အစ်ကိုက တကယ် ပတ်ဝန်းကျင် လေ့လာစူးစမ်းမှု အားနည်းတာပဲနော်
ဟူသည့် စကားသံ... အကြောင်းမဲ့ပြောခဲ့ခြင်းမဟုတ်ဟု တွေးမိခဲ့သော်ငြား ပြတ်သွားသောစကားကြောင့် ပြန်ဆက်မမေးခဲ့ပေ။ မကောင်းတက်ဟု ထင်မိသည်လည်းပါသည်။
အခုတော့ ကောင်းပါလေရော သန့်စင်ဦးရယ်...။
"ပြောချင်တာကတော့ မင်း အားလပ်ရက် ပြင်သစ်ကို သွားမယ်ဆိုလည်း ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို အချိန်တွေအလဟဿ မဖြစ်တော့ဘူးပေါ့ကွာ။ The Louvre ကိုသွား သူမနဲ့တွေ့ရမလားလို့မေး။ မဟုတ်လည်းအလုပ်ဆင်းမယ့်အချိန်ကိုစောင့် တွေ့ပြီး ကျန်တာမင်းသဘောပေါ့ကွာ...။ အဲ မဂ္ဂဇင်းကတော့ စာမဖတ်တက်လည်း ပုံလေးကြည့်ရအောင်ယူလာပေးတာ။"
ရူတည်တည် မျက်နှာဘေးနှင့် အောင်နိုင်သူ စစ်သူကြီးကဲ့သို့ မိန့်မိန့်ကြီးပြုံးလျက် ကြည့်နေသော မင်းသစ်အား ယူလာပေးသည့်စာအုပ်ဖြင့် ပိတ်ရိုက်ချင်မိသော်လည်း မျိုသိပ်လိုက်ရ၏။ အလွန်တန်ဖိုးရှိလှသော သတင်း၏ မျက်နှာပေကြောင့်။
ကံ့ကော်သည် မည်သည့်အချိန်မှစ၍ ထိုမျှလောက်အထိ သူ့ကို ပြုစားခဲ့လေသနည်း။ အမှန်တကယ်ပင် မသိနိုင်တော့ပေ...။
◾◾◾◾
ပြင်သစ်ကို သွားမယ်ဆို အနည်းဆုံး Bonjour လောက်တော့ပြောတက်အောင် လေ့ကျင့်သွားဟူသော မိမိထက် တစ်ဆင့်မြင့်သည့် စီနီယာမမပြောစကားအား ခပ်ပေါ့ပေါ့သဘောထားလျက် လျစ်လျူရှူခဲ့မိသော ဒုက္ခကို ယခုမှပင် သန့်စင် အကြီးအကျယ်ခံစားနေရသည်။
မည်မျှပင် အင်္ဂလိပ်စကားပီသအောင်ပြောပါစေ လှည့်၍အဖက်မလုပ်သော ပြင်သစ်လူမျိုးများအကြား သန့်စင်အလွန်ပင် မျက်နှာငယ်ရပေသည်။
ခက်ခက်ခဲခဲ တန်းစီ၍ ဝင်ရောက်ခဲ့ရသော ပြတိုက်အတွင်းတွင် မေကံ့ကော်စိုး၏ ရုံးခန်းကို မေးမြန်းနိုင်ဖို့မဆိုထားဘိ၊ မိမိခေါ်သည်ကိုပင်လှည့်၍ အဖက်လုပ်မည့်သူ မရှိပါ။
"ရုပ်တုကိုတော့ မျက်တောင်မခတ် စိုက်ကြည့်နေတာပဲ... ဘာရုပ်တုမှန်းကော သိလို့်လား?"
ဝမ်းသာလွန်၍ ကခုန်မိသည်ဟူသည့် စကားကို ယခင်ကကြားဖူးခဲ့သော်ငြား အမှန်တကယ်စင်စစ် မခံစားဖူးပေ။ ယခု မိမိ၏နောက်ကျောက ထွက်ပေါ်လာသည့် အလွန်ကိုရင်းနှီးလှသော မြန်မာစကားသံကြောင့် ကခုန်ချင်မိအောင်ကို ပျော်ရသည်ဟူသော ခံစားမှုကို ထဲထဲဝင်ဝင် သိရှိနိုင်ခဲ့၏။
"ကံ့ကော်..."
"အစ်ကိုက မှတ်မိသားပဲ။ မေက အစ်ကို မမှတ်မိလောက်ဘူး ထင်နေတာ။"
"မှတ်မိတာပေါ့ ကံ့ကော်ရယ်... ကိုယ့်ကို နိုင်ငံရပ်ခြားမှာ အကူအညီပေးခဲ့တဲ့သူပဲ မမှတ်မိဘူး ရှိပါ့မလား!?"
အမြဲလည်း သတိရနေခဲ့တာ ဟူသည့်စကားကိုတော့ ရင်ထဲတွင်ပင် မျိုသိပ်ထားခဲ့ရသည်။ ထိုမိန်းကလေး၏ အထင်သေးခြင်းကို မခံလိုပါပေ။
"အိုး.. အကူအညီက သိပ်ကို အပန်းကြီးလွန်းတာ ဆိုတော့လေ။"
"ဒါနဲ့ ကိုယ် ဒီရုပ်တုရဲ့ နာမည်ကိုသိတယ်။ လှပခြင်းနတ်သမီးတွေထဲက တစ်ပါး ဗီးနပ်စ် နတ်သမီးမလား?"
"အင်း.."
နှုတ်ခမ်းလှုပ်ရုံမျှ အသံထွက်လျက် ခေါင်းငြိမ့်ကာထောက်ခံသော သူမ၏ ဆံနွယ်စလေးများလှုပ်ခတ်သွားမှုအား အသေးစိတ် သတိလက်လွတ် ငေးကြည့်နေမိခဲ့သော သန့်စင်သည် အသိပြန်ဝင်ချိန် မိမိကိုယ်မိမိ သတိထားမိသော် မင်းသစ်ပြောသည့်အတိုင်း တကယ်ပင် ဆေးမမီတော့သည်လားဟူ၍ တွေးနေမိခဲ့သည်။
"ကံ့ကော် နဲ့နောက်တစ်ကြိမ် ဒီနေရာမှာထပ်တွေ့ရမယ်လို့ အစ်ကိုတကယ် မထင်ထားဘူး။"
ပြောစရာ စကားမရှိ၍ တိတ်ဆိတ်နေသော လေထုအခြေအနေအား မုသာဝါဒသုံး၍ သန့်စင်ဖြိုကွဲမိသည်။ ကံငါးပါးလုံခြုံအောင်ထိန်းနေသော်လည်း...။
ကံ့ကော်သည် ခပ်သဲ့သဲ့လေးပြုံးလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းလေးကော့တက်ရုံ.... လှောင်ပြုံးဟုပင် မရဲတရဲဆိုရပေမည်။
"အစ်ကို တစ်ခုခုကိုရှာနေတယ်လို့ မေကထင်နေတာ။ ရုပ်တုကိုကြည့်နေပေမယ့် စိတ်မှမပါတာ။ အစ်ကို့မျက်လုံးတွေက ရုပ်တုရဲ့ အသက်ဝင်လှတဲ့ကျောက်ထွင်းလက်ရာတွေကို စိတ်ဝင်တစား ရှိမနေဘူးလေ... "
စိတ်မဝင်စားသည်မှာ မှန်နေသော်လည်း ချေပရန်စကားလုံးကို အသည်းအသန်ရှာဖွေမိသည်။ တက္ကသိုလ်ဝင်တန်းတွင် တစ်နိုင်ငံလုံးမြန်မာစာအမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သော သန့်စင်သည် ယခုအခြေအနေတွင် သင့်လျော် မှန်ကန်သော မြန်မာစာဝေါဟာရကို ရှာမတွေနိုင်ခဲ့ချေ။
"တကယ်တော့ အစ်ကို ပြတိုက်ထဲဝင်လာထဲက မေတွေ့ခဲ့တာ..။. အင်း တွေ့ခဲ့တာထက် အမှတ်မဲ့မြင်ခဲ့တယ်ပေါ့။ မေ စတွေ့တည်းက အစ်ကို့ခေါင်းက 360° လည်နေခဲ့တာပါပဲ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကိုရှာနေသလိုပဲ။"
အတန်ကြာသည်အထိ မိမိထံမှာ စကားပြန်မထွက်လာသောအခါ ကံ့ကော်သည် ငြင်းမရနိုင်အောင် ပြီးပြည့်စုံသည့် စကားအချို့ကိုဆက်ခဲ့သည်။
သူသည်... ဆွံ့အနေမြဲပါပေ။
"အစ်ကို လူရှာတယ်ဆိုလည်း မေ ကူညီနိုင်ပါတယ်။ ကြည့်ချင်တဲ့ပန်းချီကားရှိရင်လည်း မေ ကူပြပေးနိုင်ပါတယ်။ ပြောကြည့်ပါလား။ ဒါက မေ အကျွမ်းကျင်ဆုံး နယ်မြေပဲလေ....။"
"တကယ်က ကိုယ် ကံ့ကော်ကို လာရှာတာပါ။"
မျက်စိမှိတ်အားတင်း၍ ဝန်ခံပြီးနောက် ကံ့ကော်မျက်နှာအား မရဲတရဲကြည့်မိသည်။ သူမ၏မျက်နှာသည် အရယ်အပြုံးကင်းမဲ့လျက် ပကတိရုပ်သေပါပေ။ တော်ပါသေးရဲ့ ဟူ၍သက်ပြင်းခိုးချ ချင်သော်လည်း အရှက်ကွဲရသည့် မိမိအဖြစ်ကိုတွေးမိရင်းနှင့် ရင်ထဲမောပန်းသွားရသည်။
"အစ်ကိုပြောတော့ မေနဲ့ ဒီနေရာမှာထပ်တွေ့ရမယ်လို့ ထင်မထားဘူးဆို?"
အနှီမိန်းကလေးသည် မိမိအားမည်သည့်အခြေအနေအထိ အရှက်တကွဲဖြစ်စေချင်သနည်း ခန့်မှန်း၍မရနိုင်ပေ။ ကံ့ကော်သည် အင်မတန်ပါးနပ်သော မိန်းကလေးဖြစ်သည်။ သူမလိုချင်သည့်အဖြေရအောင် ဆွဲခေါ်၍မေးသွားနိုင်သည်။
"ကံ့ကော်ကိုလာရှာပေမယ့် ကံ့ကော်နဲ့တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်မှမရှိတာ.."
"မေနဲ့ မတွေ့ရင်ကော အစ်ကိုက လိုက်မရှာတော့ဘူးလား? မေ ဒီမှာလုပ်တာသိနေတာပဲ တစ်နည်းနည်းနဲ့ မေ့ကိုတွေ့အောင် မကြိုးစားတော့ဘူးလား?"
"အဲ...."
ခပ်ပြုံးပြုံးလေး ငေးကာ (သရော်ပြုံးဟု မတွေးထင်ရက်စရာ) မိမိအားကြည့်နေသော ကံ့ကော်ဟူသည့် မိန်းကလေးကို ပြန်လည်ငေးကြည့်ရင်းပင် အေးခဲနေသည့် ရာသီ၌ ချွေးစေးများပြန်လာခဲ့သည်။ မိမိထက် များစွာငယ်နေနိုင်သော အမျိုးသမီးလေး၏ရှေ့တွင် တရားခံစစ်မေးသကဲ့သို့ အမေးခံနေရသည်မှာ မခံချင်ဖွယ်ပေ။
"ထားလိုက်ပါတော့... မေလည်း အစ်ကို ပါရီမှာလုပ်စရာတွေ အဆင်ပြေပြေမှပြီးသွားခဲ့ရဲ့လားဆိုပြီး စိတ်ပူပေးနေခဲ့သေးတာပါ။"
မိမိအနေရခက်နေသည်ကို သနား၍ပေလားတော့မသိ။ ကံ့ကော်သည် အနေရခတ်သည့် မေးခွန်းမျိုးမှ ရှောင်ဖယ်ပေးခဲ့သည်။
မေတောင်စိတ်ပူပေးနေခဲ့သေးတာ ဟူသည့်စကားသံသည် သန့်စင်၏နှလုံးအိမ်ကို နွေးထွေးစေခဲ့လေသည်။
ထို့နေ့က သူရော ကံ့ကော်ပါ မည်သည့်စကားမှမဆက်ဖြစ်ခဲ့ကြ....။ အောင်မြင်ခြင်း၏ နတ်သမီးရုပ်တုရှေ့တွင်သာ အချိန်အတန်ကြာ နှုတ်ဆိတ်လျက် ရပ်နေမိခဲ့ကြသည်။
တကယ်တော့ နွေဦးဟာ တစ်ခဏတာပါ။ နွေဦး၏လေပြေသည်လည်း ထို့နည်း၎င်းပင်...
ရူးသွပ်စွာ စွဲလန်းမိချိန်တွင်တော့ ကွယ်ပျောက်သွားခဲ့သည်ချည်းသာ...
နွေဦး၏ ကံ့ကော်သည်လည်း.....။