ဘဝဆိုတာ.... အလွမ်းပြေ ပြဇာတ်တစ်ပုဒ်ပါပဲ~~
-ရစ်ချဲလျူ
✳✳✳✳✳✳✳✳✳✳✳
ပြင်သစ်နိုင်ငံ၊ ပါရီမြို့... ပဲရစ် ဟူသောအမည်နာမဖြင့် လူသိများကာ ထင်ရှားလှသော ထိုမြို့လေးသည် စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု အစားစားသော အနုပညာလက်ရာမျိုးစုံတို့၏ အငွေ့အသက်ဖြင့် လွှမ်းခြုံနေပေသည်။
ထိုမျှမကသေး ကမ္ဘာပေါ်ရှိ Museums ပေါင်းများစွာတို့ထဲမှ အကျော်ကြားဆုံးသော အလှပဆုံးသော ထိပ်တန်းဖြစ်သည့် ကမ္ဘာ့နံပါတ်တစ် Louvre Museum သည်ပင် ထိုမြို့လေး၌ ရှိနေသေးသည်။ Louvre Palace အတွင်း ဖွင့်လှစ်ထားသည့် ထို အနုပညာပြတိုက်သည် နာမည်ကျော်ပန်းချီဆရာကြီးများ၏ အဖိုးအနဂ္ဂထိုက်လှသော ပန်းချီလက်ရာပေါင်း များစွာ ရာနှင့်ချီ တည်ရှိနေခြင်းကြောင့် သာ၍ ဂုဏ်သတင်းမွေးပျံ့ပေလေသည်။
"မိုနာလီဆာ" ပန်းချီကားတည်ရှိနေခြင်းသည်လည်း ထိုအနုပညာပြတိုက်၏ တန်ဖိုးကို ပို၍ပို၍ မြင့်တက်စေခြင်းဖြစ်သည်။
"မေရယ် ကူညီပေးပါကွယ် နော်... ကိုယ် ဒီည လီဗာပူးလ်ကို တကယ် မဖြစ်မနေ သွားရမှာမို့ပါကွာနော်~"
အလွန်အရေးကြီးသော တာဝန်တစ်ရပ်အား လွှဲပြောင်းရယူရန် ခယစွာတောင်းဆိုနေသော သမုဒ္ဓရာကဲ့သို့ ကြည်ပြာသော မျက်ဝန်းပိုင်ရှင် ပြင်သစ်မလေး အန်နီဂေါ့စတီးယား...
အရေးကြီးလှသော လေလံပွဲတစ်ခုကို ကိုယ်စားတာဝန်ပေးခံရခြင်းအပေါ် မေ ဂုဏ်ယူသင့်သော်လည်း မလုပ်ပေးချင်မိပါ။ တစ်စုံတစ်ရာလွဲချော်သွားသည်ရှိသော် မေ့ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်ပေသည်။
"မေရယ် ကျေးဇူးပြုပြီး... လီဗာပူးလ်က ပြန်လာတာနဲ့ ကိုယ်ချက်ခြင်း ဝိုင်းကူပေးမယ်လေ~ IC က တာဝန်ခံနေရာမှာလည်း မေ့နာမည်ကိုရေးပေးပါ့မယ်။ ဒီလေလံတစ်ခုလုံး မေ ဦးစီးပြီးလုပ်တယ်ဆိုတဲ့ ဂုဏ်ရစေ, ရပါ့မယ်ကွာ..."
မျက်ရည်များဝဲလျက် အသနားခံကာပြောနေသော ထိုပြင်သစ်မ ချောချောလေးကိုကြည့်ကာ မေရင်ထဲ သနားလာမိသည်။ တစ်ချိန်တည်းမှာပဲ မေနားမလည်နိုင်ခဲ့ပါ။ လေလံပွဲသည်သာ အစစအရာရာ အောင်မြင်မည်ဆိုပါက နေ့ချင်းညချင်းပင် ပြင်သစ်ပန်းပညာရှင်များကြား၌ ဂုဏ်သတင်းတလူလူ မွှေးပျံ့နေမည်ဖြစ်သည်။ ထို့အတူ နိုင်ငံတကာ ပန်းချီပြခန်းတာဝန်ခံများ အဖွဲ့အစည်း၌ပင် နာမည်ရလာနိုင်ပေတည့်။
ထိုအမျိုးသမီးလေးသည် နာမည်ကောင်းရ၍ ဂုဏ်သတင်းမွှေးပျံ့ရေးထက်ပင် ဘောလုံးပွဲကြည့်ဖို့ကိုသာ ပိုလို့ စိတ်အားထက်သန်နေခြင်းမှာ မေ့အတွက် အဖြေရှာမရနိုင်သော ပဟေဠိ တစ်ပုဒ်အလား....
"အိုကေ အန်နီ ကိုယ်လုပ်ပေးပါ့မယ်။ ဒါပေမယ့် လေလံပွဲမတိုင်ခင် လီဗာပူးလ်ကနေ မင်းပြန်လာမယ်လို့ ကိုယ့်ကိုကတိပေးပါ။"
"သိပ်သေချာတာပေါ့ မေ... အဲဒီကတိကို, ကိုယ် ပျော်ပျော်ရွှင်ရွှင်နဲ့ ပေးတာပေါ့။"
ရွှင်မြူးရိပ်များစွာဖြင့် မေ့ပါးပြင်ကိုနမ်းလျက် မြူးထူးစွာထွက်ခွာသွားသော ထိုပြင်သစ်မလေးအားကြည့်ရင်းပင် မေကိုယ်တိုင်လည်း ကြည်နူးမိပါသည်။
◾◾◾◾
Auctioneer နေရာတွင် ရေးထိုးထားသော "May Kant Kaw Soe" ဆိုသည့် နာမည်လေးအား ညင်ညင်သာသာ ပွတ်သပ်ရင်း မေ့ရင်တွင်း၌ ကြည်နူးပီတိ ဂွမ်းဆီထိသကဲ့သို့ ဖြစ်နေရသည်။ လေလံပွဲကြီးကို တစ်ပတ်အတွင်း တာဝန်ခံပြောင်းကာ လက်လွှဲယူခဲ့ရသော်လည်း မေ့အရည်အချင်းသည် ထိုမျှလောက်ကို ဖြုံပင်မဖြုံခဲ့ပါချေ။
"Congratulations မေ... မင်းလုပ်နိုင်ပါတယ်လို့ ကိုယ်ပြောသားပဲ~ အခု အစစအရာရာအဆင်ပြေ ပရိုမိုးရှင်းလည်းရ အိုး... ဘယ်လောက်အဆင်ပြေလိုက်သလဲ?"
မေ့ခါးလေးကိုဖက်ကာ နက်မှောင်နေသည့်မေ့ဆံံပင်အုံထူထူတွေကို ခပ်ဖွဖွ ကိုင်ကြည့်ရင်း ချီးကျူးစကားပြောလာသည့် အန်နီ... မေကိုယ်တိုင်လုပ်ခဲ့၍ မေ့အောင်မြင်မှုဟု ဆိုနိုင်သော်ငြား တကယ်တမ်း ထိုအခွင့်အရေးကိုပေးခဲ့သူသည် သူမပင် မဟုတ်ပါလား။~
"မင်းကြောင့်သာမဟုတ်ရင် ကိုယ် ဒီအခွင့်အရေးကို မရနိုင်ပါဘူး အန်နီ... ပရိုမိုးရှင်းက တကယ်ဆို မင်းပဲရသင့်တာပါ။"
"မဟုတ်တာ မေရယ်.. မင်းအရည်အချင်းကြောင့်ရတဲ့ ပရိုမိုးရှင်းကို ကိုယ်ဘယ်လိုကြားကဖြတ်ယူဝံ့ပါ့မလဲ?ကိုယ်ကမင်းကို တကယ် နှစ်နှစ်ကာကာ ဂုဏ်ပြုပေးတာပါ။"
"Thanks Annie..."
ခပ်တိုးတိုးသာရေရွတ်မိသည်။ မေသည် သူမနေရာတွင်ရောက်ရှိမည်ဆိုပါက သူမလောက် စိတ်သဘောထားမြင့်မြတ်နိုင်ပါမည်လား? မသေချာပါ။ မြန်မာလူမျိုးများသည် စိတ်သဘောထားနူးညံ့ သိမ်မွေ့ကာ စိတ်ရင်းဖြူသည်ဟု အများကပြောဖူးကြသော်ငြား မေသည် ယနေ့ထိတိုင် မသေချာခဲ့ပါ။
******
Dep.Curator - May Kant Kaw Soe
မှန်ဖြင့်ပြုလုပ်ထားသည့် ရုံးခန်းတံခါးတွင် ဖောင်းကြွစာလုံးလေးများဖြင့် အလှဆင်ကာ ကပ်ထားသည့် စာတန်းလေးအား မော့ကြည့်ရင်း မေပြုံးမိသည်။
လက်ထောက်ပြခန်းမှုးအဖြစ် မြန်မာမိန်းကလေးတစ်ယောက်အား တာဝန်ပေးအပ်ခံရခြင်းအပေါ် မေ ကျေနပ်နေမိသည်။ တိမ်ပေါ်တွင် လှိုင်းစီးနေရသကဲ့သို့ ခံစားမှုမျိုးပင်ဖြစ်သည်။
ပြင်သစ်နိုင်ငံ နာမည်ကြီး မဂ္ဂဇင်းများ၏ ရှေ့မျက်နှာဖုံးတွင် ခပ်ချောချော မော်ဒယ်လ်မင်းသမီးများအစား မေ့ဓာတ်ပုံများက နေရာယူထားလျက်ရှိသည်။ ကမ္ဘာ့ထိပ်တန်း အနုပညာပြတိုက်၏ လက်ထောက်တာဝန်ခံရာထူးကို အရှေ့တိုင်းသူ (မြန်မာနိုင်ငံသူ) တစ်ယောက်အား တာဝန်ပေးလိုက်ခြင်းသည် ယခုအချိန်တွင် hot issue တစ်ခု ဖြစ်နေခဲ့သည်။
ပြခန်းအလုပ်များမလုပ်ရပါပဲနှင့်ပင် မေ့တစ်နေ့တာများသည် အင်တာဗျူးပေါင်းများစွာ ဖြေရင်းနှင့်သာ ကုန်ဆုံးနေရသည်။
မျက်နှာထားတည်သော်လည်း အေးချမ်းကာ နှစ်လိုဖွယ်ကောင်းသော မေ၏ မျက်နှာကျပုံသည် မေးရိုးချွန်ချွန် အသားအလွန်ဖြူသော အနောက်တိုင်းသူများနှင့် ကွဲထွက်လျက်ပင် မဂ္ဂဇင်းအယ်ဒီတာများ၏ သဘောကျနှစ်ခြိုက်မှုကို အထူးခံရလေသည်။
နတ်မှောင်၍ ကျောလည်အထိအရှည်ရှိသော ဆံပင်အိအိတို့နှင့်အတူ ဗာဒံစေ့ကဲ့သို လုံးဝန်းနေသော မျက်ဆံအိမ်၊ အညိုရောင်ဖျော့ဖျော့လေးရှိသည့် သဘာဝမျက်လုံးအရောင်တို့သည် မေ့၏ အလှကိုဖြည့်စွတ်လျက် မြန်မာမိန်းကလေးများ၏ အိန္ဒြေရှိလှသော အလှကို ထင်ဟပ်စေလေသည်။
"အရှေ့တိုင်းသားများ၏ ထက်မြက်မှုအား လက်တွေ့သက်သေပြသူ မြန်မာအမျိုးသမီးငယ် မေကံ့ကော်စိုး"
ဟူသည့် ခပ်ကြီးကြီးခေါင်းစီးစာတန်းနှင့်အတူ မေ့အကြောင်း သုံးမျက်နှာပြည့်ရေးသားထားသည့် ပြင်သစ်နိုင်ငံ၏ နာမည်ကြီး မဂ္ဂဇင်းတစ်ခုမှ ဆောင်းပါးတစ်ပုဒ်သည် မေ့ ဂုဏ်သိက္ခာအား ပို၍ မြင့်တက်စေခဲ့သည်။
ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အထူးဖိတ်ကြားမှုဖြင့် မြန်မာသံရုံးသို့သွားကာ သံအမတ်မိသားစုဝင်များနှင့် ညစာစားခွင့်အပြင် မြန်မာ့ဂုဏ်တက်စေသူအဖြစ် တိုင်းတစ်ပါးတွင် အထူးအခွင့်အရေးပေး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
*မေကံ့ကော်စိုး....
မြန်မာနိုင်ငံအစိုးရ ဝန်ကြီးဌာနတစ်ခုမှ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်သည့်ဖခင်နှင့် တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သော မိခင်တို့က မွေးဖွားခဲ့သည့် အငယ်ဆုံးသမီးတစ်ဦးဖြစ်သည်။ စင်္ကာပူနိုင်ငံရှိ အနုပညာတက္ကသိုလ်တွင် ပန်းချီ၊ ပန်းပုပညာ (Fine arts) ဖြင့်ဘွဲ့ရခဲ့ကာ ဂိုရှန်အနုပညာ ပြခန်းတွင် လုပ်ကိုင်ခဲ့ဖူးသည်။ Australia နိုင်ငံမှ Business IT ဖြင့် ကျောင်းပြီးချိန်တွင် ပြင်သစ်နိုင်ငံသို့ရောက်ရှိကာ Louvre Museum တွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ယခုအချိန်တွင် အသက်နှစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်ကာ Louvre Museum သက်တမ်းတစ်လျှောက်တွင် အသက်အငယ်ဆုံး လက်ထောက်ပြခန်းမှုး တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။*
သူမအကြောင်း ရေးသားထားသည့် မဂ္ဂဇင်းစာအုပ်အားဖတ်ရင်း မေခပ်သာသာပြုံးမိသည်။ အကျဉ်းချုပ် ရေးသားထားသော သူမ၏ biography သည် ဖတ်ရှုသည့်သူများအားကျလောက်အောင် တောက်ပနေခဲ့သော်လည်း သူမဖြတ်သန်းခဲ့ရသော ခရီးရှည်ကြီးသည် ခယောင်းလမ်းများ အပြည့်နှင့်ပင်။ ငါးမိနစ်အချိန်ပေးရုံ ဖတ်ရှူနိုင်သော ထိုဆောင်းပါးသည် သူမတစ်ဘဝလုံး ကြိုးစားအားထုတ်ခဲ့ရမှုများအား လှောင်ရီပြနေသယောင်~
(သေလုမတက်ကြိုးပမ်းခဲ့ရမှုများသည် လူအများအမြင်တွင် ဖန်တကောင်းထဲမှ နတ်သမီး ဂျင်းနီ၏ မစမှုအလား *အပ်ချလောင်း* အောင်မြင်မှုအဖြစ် စာထဲတွင် ရိုက်နှိပ်ထားခြင်းသည် ခံပြင်းစရာပေ။)
သို့သော် မေ ကျေနပ်မိသည်။ သူမ၏ဘဝအား ပန်းချီကားများအတွင်း နစ်မြှုပ်ခဲ့စဉ် အပြင်းအထန်ကန့်ကွက်လျက် စိတ်ဆိုးကာ အဆက်အသွယ်ဖြတ်ခဲ့သော မိခင်ဖြစ်သူကို ဤဆောင်းပါးတစ်ပုဒ်တည်းနှင့် သူမ၏ အိပ်မက်သည် မရေရာသော အနာဂတ်တစ်ခုကို မည်သည့်အခါမျှ မဖန်တီးပေးခဲ့ခြင်းကို သက်သေပြနိုင်မည်ဖြစ်သောကြောင့်....။
..............
Xxxxx နွေဦးကံ့ကော်များ ဒီအချိန်လေးတိုင်းမှာ Xxxxx ကိုယ်သတိရစရာများ Xxxxx
လူပေါင်းများစွာ စိတ်ဝင်တစား စာပေ ဖတ်ရှုလေ့လာ နေသည့်တက္ကသိုလ်စာကြည့်တိုက်အတွင်း ကျယ်လောင်စွာမြည်လာသော ဖုန်း ringtone သံကြောင့် မေ ဦးညွတ်ကာ ဖုန်းသံအားပိတ်ရင်း အပြင်ထွက်ခဲ့ရလေသည်။
"ဟဲလို မား... miss called ပဲပေးတာမဟုတ်ဘူး Viber နဲ့ သမီးလှမ်းခေါ်မှာပေါ့ ပိုက်ဆံကုန်အောင်..."
"......"
"အင်း~ ဒီနှစ် X'mas eve တော့ ခွင့်ယူလို့ရပါတယ်။ သမီးလည်း မြန်မာပြည်ကို လွမ်းတယ် ပြန်လာဖြစ်ဖို့များပါတယ်။"
"....."
"အင်း~ သမီးလည်း မားကို လွမ်းတယ်။ နေကောင်းအောင်နေနော် မား ခဏနေ အတန်းတက်ရတော့မှာမို့ ဖုန်းချတော့မယ်နော်~ ချစ်တယ်။"
မည်းနက်သွားသော ဖုန်း screen ကိုကြည့်ရင်း မေ သက်ပြင်းချမိသည်။ Ausi တွင် ကျောင်းတက်ခဲ့သော လေးနှစ်တာကာလမှစ၍ ယခုအချိန်ထိဆိုလျှင် သူမ မြန်မာပြည်မပြန်ဖြစ်သည်မှာ ငါးနှစ်ကျော်လာ၍ ခြောက်နှစ်ထဲသို့ပင် ဝင်လုဝင်ခင် ဖြစ်နေလေပြီ။
ဆယ်ကျော်သက်အရွယ်တည်းကပင် အိမ်နှင့်ခွဲကာ ဖြတ်သန်းခဲ့ရသော သူမ၏ ဘဝခရီးလမ်းကို ပြန်တွေးမိချိန်တိုင်း မေ မျက်ရည်ဝဲရသည်ချည်းပါပေ....။
ညစ်ညူးလာသော စိတ်ကြောင့် အတန်းတက်ဖို့ပင် စိတ်မပါတော့ချေ။ ဖုန်းဝင်လာစဉ်တည်းက အိတ်များပါ တစ်ပါတည်းသယ်လာခဲ့သောကြောင့် ပြန်ရန်အဆင်သင့်ပါပေ။ သို့သော် သူမဖတ်လက်စ စာအုပ်သည် စားပွဲပေါ်တွင် တင်လျက်သားကျန်ခဲ့လေသည်။ စာကြည့်တိုက် ဝန်ထမ်းများမှ လိုက်သိမ်းတက်သည် ဆိုသော်ငြား သည်နေရာတွင် လူတိုင်းသည် ကိုယ့်ကိစ္စကိုယ် တာဝန်ယူကြသည်ချည်းသာ....။
အို... နေပါစေလေ မေ တစ်ခါလောက်တော့ မြန်မာပီသစွာ နေချင်မိခဲ့သည်။
လှေကားထစ် ဆင်းရန် ပထမဆုံးခြေလှမ်း လှမ်းမိချိန်တွင် အချိန်ကိုက်ထားသည့်အလား ကြည်လင်သော ကောင်းကင်ယံမှ မိုးစက်မိုးပေါက်များသည် အငြိုးကြီးစွာ သက်ဆင်းကျရောက်လာခဲ့သည်။
မနက် အိမ်မှမထွက်ခင် အတူနေသော အခန်းဖော် ဂျာမန်သူလေးက မိုးလေဝသ သတင်းကြည့်ပြီး အိတ်ထဲသို့ ခေါက်ထီးလေးထည့်ပေးလိုက်၍သာ တော်တော့သည်။ ထီးကိုင်ရမည်ကို အလွန်ပျင်းသောမေသည် ရုတ်ချည်းရွာချလာသည့် မိုးစက်ပွင့်တို့ကို အသံတိတ် ကျိန်ဆဲမိပါ၏။
"ဒီမှာခင်ဗျ...."
ထီးဖွင့်ဆောင်း၍ ခြေလှမ်းဆက်ချိန် အနောက်မှကြားမိသော မြန်မာစကားသံ...နိုင်ငံရပ်ခြားတွင် မြန်မာစကားသံကြားရသည်မှာ သိပ်ထူးဆန်းလှသည်မဟုတ်သော်ငြား ဤနေရာသည် စင်္ကာပူ၊ မလေးရှား ကဲ့သို့ မြန်မာပေါင်းများစွာ ရှိနေနိုင်သည့် အာရှတိုက်မဟုတ်ပါချေ။ တစ်လနေလို့ တစ်ခေါက်ပင်၊ တကူးတက ချိန်းဆိုခြင်းမပြုပါလျှင် မြန်မာအချင်းချင်း ဆုံရန်ခဲယဉ်းလှသည့် ဥရောပ....။
လှည့်ကြည့်မိချိန်တွင် သူမအား ပြုံးလျက်ငေးကြည့်နေသော မြန်မာအမျိုးသားတစ်ယောက်... သို့သော် မြန်မာသွေးစစ်စစ်မဟုတ်။ မေကဲ့သို့ ကပြားပင် ဖြစ်ဟန်တူသည်။ မြန်မာလူမျိုး၊ အမျိုးသားတစ်ယောက် ဖြူရမည်ထက် ပို၍ဖြူသော အသားအရည်ကြောင့် အလွယ်တကူပင် ကောက်ချက်ချမိခဲ့သည်။
"ဟို.... ဒီက ညီမက မြန်မာပဲ ဟုတ်တယ်မလားဟင်?"
တစ်ဆက်တည်း မေးလာသော်ငြား အပိုင်တွက်ကာ ပြောခြင်းမဟုတ်သည့် စကားအသွားအလာ...
မေ အသာအယာ ခေါင်းညိမ့်ပြမိသည်။
"ဟာ.. တော်သေးတာပေါ့။ မြန်မာလူမျိုးအချင်းချင်းတွေ့ရလို့~"
"မေလည်း ဝမ်းသာပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးချင်း မိတ်ဆက်ချင်ရုံသက်သက် မေ့ကို လှမ်းခေါ်တာတော့ ဟုတ်လိမ့်ဟန် မတူဘူးနော်~"
မေ့စကားကြောင့် အနှီလူသား အနည်းငယ် အံ့သြသွားခဲ့သည်။ တစ်ချိန်တည်းပင် အားနာဟန်နှင့် ရှက်ရွံဟန်အနည်းငယ် ထိုသူ၏ မျက်ဝန်းထဲမှ ဖြတ်ပြေးသွားလေသည်။
"စတွေ့တွေ့ချင်း ရိုင်းသလိုဖြစ်သွားရင် အကို အားနာပါတယ် ညီမရယ်။ ဒါပေမယ့် တကယ်ကို အရေးတကြီး အကူအညီလိုနေလိုပါ။ တိုင်းတစ်ပါးသားတွေ မေးဖို့ကျ အကိုက သူတို့ဘာသာစကားကို နှုတ်ဆက်ရုံလောက်သိတာဆိုတော့... ပြီးတော့ သူတို့ Eng ကလည်း နည်းနည်း~"
မေ ထိုလူအား စာနာနိုင်ပါသည်။ မေကိုယ်တိုင် ခံစားခဲ့ရသည့် ကိစ္စရပ်တွေပါပေ။
"မေ တက်နိုင်တာဆို ကူညီပေးမှာပါ။ ပြောကြည့်လေ..."
"အကို့ကို Paris University ကို ပို့ပေးလို့ရမလားလို့ပါ။ Subway နဲ့ သွားဖို့ကို လည်နေလို့~ Taxi ကျပြန်တော့ ဘာသာစကားအခက်အခဲက....."
"အယ်... ဒီကနေ Paris University ကိုက!! ရပါတယ်။ မေ့မှာ ကားပါတယ်။ အိမ်ပြန်တဲ့လမ်းပေါ်ပဲဟာ လိုက်ပို့ပေးခဲ့ပါ့မယ်။"
"ဟာ... အဲဒါဆို ကိုယ်က ပိုအဆင်ပြေတာပေါ့။ ညီမသာ အပန်းမကြီးဘူးဆိုရင် အစ်ကို့ကိုခေါ်သွားပေးပါနော်။ ကျေးဇူးတကယ် အများကြီး တင်တာပါ ညီမရယ်။"
မေ့လက်ကို မဆုပ်ကိုင်ရုံသဖွယ် ဝမ်းသာအားရ ပြောလာသည့် ထိုလူသားအား မေ ပြုံး၍ကြည့်ခဲ့မိသည်။ မွန်ရည်သော ထိုလူ၏ အပြောအဆိုသည် မေ့အား အလိုလိုပင် ကူညီလာချင်အောင် တိုက်တွန်းနေသယောင်....။
"Paris University ကိုသွားမယ့်သူက Dauphine တက္ကသိုလ်က စာကြည့်တိုက်ထဲ ဘယ်လိုကြောင့် ရောက်လာရတာလဲ?"
အနီရင့်ရောင် Sunglasses ခပ်ကြီးကြီးတပ်ကာ လမ်းကျဉ်းလေးများအတွင်း ကားကို ကျင်လည်စွာမောင်းရင်း မေ စကားစလိုက်မိသည်။ ကားပေါ်တွင် ဗီသိုဗင်၏ Piano Santona No.3 အား Major C ဖြင့်တီးခတ်ထားသည့် တေးသွားက ခပ်တိုးတိုးလေး လွင့်ပျံလျက်ရှိသည်။
"အကိုက မန်ချက်စတာကပါ။ အလုပ်တစ်ခုဝင်ဖို့အတွက်က ပရော်ဖက်ဆာ ထောက်ခံချက်လိုတယ်ဆိုလို့ အဲ့တာ သူပြန်ရောက်ချိန်ထိမစောင့်နိုင်လို့ အခန်းဖော်နဲ့အတူလိုက်ခဲ့တာ။ တစ်ယောက်တည်းသွားရင် ပိုပြီး လည်နေမှာစိုးတာနဲ့~ ဖြစ်ချင်တော့ သူက Dauphine တင် သူ့ကောင်မလေးနဲ့တွေ့ပြီး အကို့ကို တစ်ယောက်တည်းသွားဖို့ပြောတော့ တိုင်ပတ်ရောလေ..."
ပြောရင်းပင် ခပ်ရှက်ရှက်နှင့် ထိုလူ ရယ်ချလိုက်သည်။ ရယ်မောလိုက်သောအခါ ပေါ်လာသည့် ပါးချိုင့်နှစ်ခွက်သည်ကား သိသာထင်ရှားစွာ... ။ထူးဆန်းသည်ကား ထိုလူနှင့်အတူ မေသည် လိုက်ပါ ရယ်မောမိနေခြင်းသာ....
"ညီမကရော? အဲဒီမှာပဲတက်နေတာလား? ပြင်သစ်စကားကို ရေရေလည်လည်ပြောတက်နေတာဆိုတော့ ကြာလောက်ပြီ...?"
"အင်း ကြာပြီဆိုပါတော့... ပြင်သစ်စကားက ခက်တယ် ရေရေလည်လည်ပြောတက်တာထက် native တွေနဲ့ စကားအပြောများလို့ဖြစ်မှာ။ကျောင်းမှာလည်း သူတို့ဘာသာစကားနဲ့ပဲ သင်တာဆိုတော့..။."
"သြော်...."
ထို အာမေဋိတ်အသံတစ်ခုသာ ရေရွတ်ရင်း တစ်လမ်းလုံး အတွေးရပ်ဝန်းထဲ၌ ထိုလူသား နစ်မြုပ်နေခဲ့ပြန်သည်မှာ ၎င်းလိုရာရောက်သည်အထိပင်~
"ကျေးဇူးပါနော် ညီမ... အကယ်၍ ညီမနဲ့သာ မတွေ့ရင် အကို တစ်နေ့လုံး လမ်းရှာရတာနဲ့တင် အချိန်တွေအလကား ပုပ်ကုန်မှာ"
"ရပါတယ်။ မြန်မာအချင်းချင်း ဒီလိုနေရာမှာ ဆုံခဲတာပဲဟာ။ တိုက်ဆိုင်လို့ ကူညီရတာ မေ့အတွက် မပင်ပန်းပါဘူး"
"စပ်စုတယ် မထင်ပါနဲ့နော်..။ ကူညီခဲ့ဖူးတဲ့သူရဲ့ နာမည်အရင်း သိချင်ရုံပါ။ ညီမရဲ့ နာမည်က မေ တစ်လုံးတည်းပဲလား?"
"မေကံ့ကော်စိုး ပါ။ ယူက တကယ် ပတ်ဝန်းကျင်စူးစမ်းလေ့လာမှု အားနည်းတာပဲနော်...။"
"ခင်ဗျာ!? ဆောရီးနော် အစ်ကိုက Europe ရောက်တည်းက စာအုပ်ပုံထဲခေါင်းနှစ်နေခဲ့ရတာချည်းမို့..."
"Let it be..."
"ညီမက ပါရီမှာ နာမည်ကြီးတယ်နဲ့တူပါရဲ့။
မော်ဒယ်လ်?"
"အယ် အဲ့လိုလည်မဟုတ်ပါဘူး.."
"ညီမနဲ့ အခွင့်ရှိရင် ထပ်ဆုံချင်ပါတယ်။ ဒီနေ့လို ကံတိုက်ဆိုင်ရင်ပေါ့~သွားမယ်နော်"
"ကံတိုက်ဆိုင်လို့ ပြန်ဆုံတဲ့အခါ လူတွေရောနေရင် ဘယ်လိုလုပ်မလဲ ဒီကအကိုနာမည်လည်းမသိရပဲ..."
ပုံမှန်အားဖြင့် မေကံ့ကော်စိုး ဟူသည်ကား ယောကျာ်းလေးတစ်ယောက်၏ နာမည်ကို နှုတ်မှထုတ်ဖော်မေးခဲ့ရိုး ထုံးစံမရှိပါ။ သို့ပါသော်ငြား....။
Safe belt ကို ဖြုတ်ကာ ကားထဲမှထွက်သည်အထိ ထိုလူသားသည် မေ့၏ မေးခွန်းကိုမဖြေခဲ့ပါ။ မေးခွန်းမမည်သော မေးခွန်းပေမို့ ဆိုကာ စိတ်ဖြေထားသော်ငြား မာနကြောင့်ပင် ခန္ဓာကိုယ်အား မီးမြိုက်သကဲ့သို့ ခံစားရချေသည်။
"အကို့နာမည်က သန့်စင်ဦး ပါ။"
ကားတံခါးဘောင်ပေါ် လက်ထောက်လျက် အတွင်းသို့ ငုံ့ကိုင်းကာ ပြောလာသည့် ထိုလူအား ခေါင်းတစ်ချက်ဆက်၍ ညိမ့်ပြလျက် အသိမှတ်ပြုပြီးနောက် ဂီယာပြောင်း၍ ထွက်လာခဲ့သည်။
နှုတ်မှ တဖွဖွရေရွတ်နေသည်ကား လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်းက သိရှိခဲ့ရသည့် အမည်တစ်ခု~~~
*****