အရာတစ်ခုက တစ်ချိန်တည်းမှာပဲ ကောင်းတာရော ကျိန်စာရော ဖြစ်နိုင်သလား? မကောင်းဆိုးရွား အစွမ်းများကို အလကားသုံးပြီး Draenor တွင်ရှိသော အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ကြသည်။ စစ်အင်အားတောင့်တင်းစေလိုသောကြောင့် Kil'jaden က Ore ကလေးငယ်များကို အတင်းအကြပ်လူကြီးဖြစ်စေခဲ့သည်။ အခုတော့ ore လူဦးရေမှာ များပြားလာကာ စားနပ်ရိက္ခါမလုံလောက်တော့ပေ။ Draenor တွင် နေခဲ့ပါက သေချာပေါက် မျိုးသုဥ်းမည်ဖြစ်ကြောင်း သိသာနေပါသည်။
သို့သော်... ဘယ်လို ဘာကြောင့် ထွက်ခွာခဲ့ရသည် ဆိုခြင်းမှာ... ယခုထက်ထိကို ဒဏ်ရာကြီးတစ်ခုလို ဖြစ်နေ၍ ထိုဒဏ်ရာကို ပျောက်အောင် ကျွမ်တော် မည်မျှကြိုးစားသော်လည်း.. ပျောက်မှပျောက်ပါတော့မလားဟု သံသယဝင်မိသည်။ ကျွန်တော်တို့လူမျိုး အသက်ရှင်နေခြင်းမှာ ကောင်းချီးမင်္ဂလာဖြစ်ပြီး အသက်ရှင်အောင်လုပ်ခဲ့ရသည့်နည်းမှာတော့ ကျိန်စာကြီးတစ်ခု ဖြစ်ပါသည်။
Shadow Council တစ်ခုလုံး ရုတ်ရုတ်ပျာပျာဖြစ်နေသည်။ သို့သော် အခုသူတို့မှာ ရည်ရွယ်ချက်တစ်ခု ရှိနေပြီ။ Gul'dan က Council အစည်းအဝေးခေါ်ကာ Medivh ဟုခေါ်သည့် လူစိမ်းပြောခဲ့သော စကားများကို ဝေမျှလိုက်သည်။ မြေဩဇာကြွယ်ဝသော လယ်ကွင်းများ၊ ရေချိုရေသန့်များနှင့် ကျန်းမာဆူဖြိုးသော သားကောင်များအကြောင်းနှင့် သူတို့ကို ပြန်တိုက်နိုင်သော်လည်း သေချာပေါက်ရှုံးမည်ဖြစ်သည့် လူသားများအကြောင်းကို ပြောပြသည်။
"ရေ၊ စားစရာနဲ့ သတ်စရာရမယ် ပြီးတော့ ကူညီမယ့်သူတွေကအတွက် အာဏာလည်းရမယ်"
သူ့ ဆွဲဆောင်မှုအောင်မြင်ပါသည်။ နားထောင်နေသောသူများ၏ မျက်လုံးထဲတွင် လောဘအရိပ်အယောင်များ တောက်ပလာ၏။
အလုပ်စလေပြီ။
ပထမဆုံး ဆာလောင်နေသော Horde တို့၏ အာရုံစိုက်မှုကို နေရာပြောင်းရသည်။ စားသောက်စရာမရှိသောကြောင့် အချင်းချင်းတိုက်ခိုက်နေကြသူများထံ Blackhand ကို စေလွှတ်ကာ တိုက်ပွဲခိုက်ပွဲများကျင်းပစေပြီး အနိုင်ရစစ်သည်ကို ရှုံးသည့်အဖွဲ့မှ စားသောက်စရာများ ပေးစေသည်။ ဆာလောင်နေသည့် Ore များကလည်း လက်ခံကြ၍ Gul'dan အသက်ရှူချောင်သွားသည်။ Medivh က လူသားများနှင့်တိုက်ရန် စစ်တပ်တစ်တပ် လိုချင်သည်လေ။ Ore တွေ အချင်းချင်းသတ်ဖြတ်ကုန်ကြလျှင် ဘယ်က စစ်တပ်ရပါမည်နည်း။
Durotan ကတော့ ပြဿနာရှာမြဲပင်။ မြို့တော် Shattrah ကို သိမ်းသည့်ညကတည်းကစကာ Durotan တဖြည်းဖြည်း ပိုမိုရဲတင်းလာ၏။ လုပ်ယူကျင်းပသည့် တိုက်ပွဲခိုက်ပွဲများကို နှိမ့်ချပြောဆိုကာ Warlock များကို အပြစ်တင်သည်။ တစ်ခါတစ်ရံ စည်းကျော်ကာ ပြောဆို၏။
အမြဲတမ်းလိုပင် သူ့စကားကို နားထောင်သူများလည်းရှိ၏။ အဖွဲ့ခေါင်းဆောင်များထဲတွင် သွေးမသောက်သူဆို၍ Frostwolf အဖွဲ့ခေါင်းဆောင်သာရှိသော်လည်း အခြားရာထူးအနိမ့်များထဲမှ မသောက်ခဲ့သူများလည်းရှိသေးသည်။ ထိုအထဲမှ Gul'dan စိတ်အပူဆုံးမှာ Orgrim Doomhammer ပင်။ Orgrim မှာ အစတည်းက Blackhand ကို မနှစ်သက်သူဖြစ်၍ တစ်ချိန်ချိန်တွင် ပုန်ကန်လာနိုင်သည်လေ။ သို့သော် Orgrim က Frostwolf အဖွဲ့နှင့် လူသိရှင်ကြားတော့ မပူးပေါင်းချေ။ ထို့ပြင် တိုက်ပွဲခိုက်ပွဲများတွင်လည်း မကြာခဏ ပါဝင်လေ့ရှိ၏။
Medivh ကတော့ သူဘာလိုချင်သလဲ ကောင်းကောင်းသိသည်။ ကမ္ဘာနှစ်ခုကိုဆက်ပေးမည့် မုခ်ဝတစ်ခုပင်။ တစ်ဖက်တွင် Shadow Council နှင့် Warlock များ ရှိနေမည်ဖြစ်ပြီး တခြားဖက်တွင်တော့ Medivh နှင့် သူ့ မှော်စွမ်းအားများရှိမည်။
သူတို့ တိတ်တဆိတ်တော့ လုပ်မရခဲ့။ Medivh ၏ စစ်တပ်များ ဖြတ်ရန် မုခ်ဝက ကြီးမှဖြစ်ပေမည်။ ထို့ပြင် တိုက်ပွဲခိုက်ပွဲများနှင့် မုခ်ဝကိုအကြီးအကျယ် တည်ဆောက်ခြင်းတို့က Horde တွေကို စိတ်ငြိမ်စေလိမ့်မည်။
Medivh လည်း ကျေနပ်နေ၏။ အိပ်မက်ထဲတွင် ငှက်အသွင်ဖန်ဆင်းကာ Gul'dan ပုခုံးပေါ်တွင် လက်သည်းတွေကို စိုက်လျက် လာနားသည်။ သွေးများပင်ထွက်သွားသော်လည်း နာကျင်မှုက..ကောင်းနေ၏။ ငှက်၏ခြေထောက်တွင် ပုရပိုက်တစ်လိပ်ကိုညှပ်ထားပြီး Gul'dan ယူဖွင့်ကြည့်လိုက်ရာ အသက်ရှူများပင် ရပ်သွားလေ၏။
သူပြန်နိုးလာသော် ပုရပိုက်တစ်ခုပေါ်တွင် ပြန်ဆွဲလိုက်၏။ သူ့မျက်လုံးများ အရောင်တောက်နေလေသည်။
"လှလိုက်တာ"
"မင်းဘာကိုစိတ်တိုင်းမကျဖြစ်နေလဲ ငါနားမလည်ဘူး"
Gul'dan ဆောက်ခိုင်းသည် မုခ်ဝကို ကြည့်ရန် တောင်ထိပ်သို့ ရောက်နေစဥ် Orgrim က Durotan ကို ပြောသည်။ နေရာတိုင်းတွင် Ore များအလုပ်လုပ်နေကြ၏။ ယောက်ျားများက ခါးအထိအဝတ်ဗလာဖြစ်ပြီး မိန်းမများလည်း ထိုသို့နီးပါးပင်။ တချို့က စစ်ချီသီချင်းများ သီဆိုနေကြကာ တချို့ကတော့ တိတ်တဆိတ်သာလုပ်နေကြ၏။
"ရန်သူတွေ မင်းတို့စခန်းထဲဝင်ပြီး လူသတ်သွားတာထက်စာရင်တော့ ဒါကပိုမကောင်းဘူးလား?" Orgrim က ဆက်မေးသည်။
Durotan က ခေါင်းညိတ်သည်။
"ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ဒီမုခ်ဝက ဘယ်ကိုသွားတယ်ဆိုတာ မသိသေးဘူးလေ"
"လိုလို့လား? ဘယ်ကလာတဲ့ မုခ်ဝလဲဆိုတာ သိတဲ့ဟာကို"
"မင်းပြောတာ မှန်တယ်ထင်တာပဲ"
"Durotan....မင်းကို မေးမယ်ဆိုပြီမမေးရသေးတာ... Gul'dan သောက်ခိုင်းတဲ့သွေးကို ဘာလို့မသောက်ခဲ့တာလဲ?"
Durotan သူ့ကိုတစ်ချက်ကြည့်လိုက်ကာ ပြန်မေးလိုက်သည်။
"မင်းကရော ဘာလို့မသောက်တာလဲ?"
" တစ်ခုခု.....မှားနေသလို ခံစားရလို့ .. "
Durotan ပုခုံးတွန့်လိုက်သည်။
"ငါရောပဲ"
" ဟုတ်လား.." Orgrim ဘာမှ ဆက်မမေးတော့ချေ။
ပြောပြစရာ မလိုဘူးဟု Durotan ထင်သည်။ သူ့အဖွဲ့သားတွေကို သွေးသောက်ရမည့်ဘေးမှ ကယ်တင်နိုင်ခဲ့ပြီး Gul'dan ယုံကြည်အောင်လည်း နေပြနိုင်ခဲ့သည်။ Orgrim မှာလည်း သွေးမသောက်သင့်ကြောင်းကို သိသည့် အသိဉာဏ်ရှိခဲ့သည်။ ဒီလောက်ဆို သူကျေနပ်လေပြီ။
"ငါ ဒီနေ့ တိုက်မှာ။ မင်းလာမလား?" Orgrim က စကားလမ်းကြောင်းပြောင်းလိုက်၏။
"မင်း တိုက်ပွဲတွေ ဝင်တာ ဂုဏ်လိုချင်လို့မဟုတ်ဘဲ အဖွဲ့အတွက် စားစရာယူပေးချင်လို့ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါတော့ အဲ့လို....နေရာမျိုးကို မလာနိုင်ဘူး။ Ore တွေအချင်းချင်း တိုက်ခိုက်နေရတယ်ဆိုတာ မဖြစ်သင့်ဘူး။ ရိုးရာအရလုပ်တဲ့ပွဲတွေမှာဆိုရင်တောင်ပေါ့"
Orgrim သက်ပြင်းချလိုက်သည်။
"မင်း မပြောင်းလဲသေးဘူးပဲ Durotan.. ငါအနိုင်ယူမှာ သိပ်ကြောက်တာပဲ"
Orgrim စကားထဲတွင် ရွှင်မြူးရိပ်များပါနေ၏။ Durotan က ပြန်လှည့်ကြည့်ကာ လပေါင်းများစွာအတွင်း ပထမဆုံးအနေဖြင့် လှိုက်လှိုက်လှဲလှဲ ရယ်လိုက်မိသည်။
ထိုနေ့သို့ ရောက်လာလေပြီ။
လျှို့ဝှက်ထားသည့် စီရင်မှုကို မည်သူမှ မမြင်အောင် Warlock များက ဝန်းရံထား၏။ မုခ်ဝနောက်ဆုံးစည်းကို အပြီးသတ်ဖို့ အလုပ်သမားအတော်များများ ပင်ပန်းဆင်းရဲစွာ ကြိုးစားခဲ့ရ၏။ သူတို့အလုပ်ပြီး၍ ချွေးသုတ်ကာ အမောဖြေရန်ပြင်လိုက်ချိန်တွင် အကုန်အသတ်ခံလိုက်ရတော့သည်။ စည်းကို တည်ဆောက်ခဲ့သူတို့၏ သွေးဖြင့် ဆေးသုတ်ရမည်ဟု Medivh က ပြောသည်ကို Gul'dan သံသယမရှိယုံပါသည်။ သို့သော် ဒီနေရာတွင် သေရမည်မှာ ထို ကံဆိုးရှာသည့် အလုပ်သမားများက နောက်ဆုံးမဟုတ်ပေ။
မုခ်ဝကိုတည်ဆောက်နေစဥ်တွင် မသုံးဘဲပစ်ထားခဲ့သည့် လက်နက်များ ချပ်ဝတ်တန်ဆာများကို ပြန်လည်ပြင်ဆင် အရောင်တင်ခဲ့ကြသည်။
Draenei တို့ကို အမြစ်ဖြတ်ခဲ့သည့် Ore စစ်တပ်ကို ပြန်လည်စုစည်းပြီးဖြစ်သည်။
အချို့အဖွဲ့များကို နောက်မှာနေခဲ့ရန် နားချခဲ့ရသည်။ Shattered Hand, Shadowmoon, Thunderlord, Bleeding Hollow နှင့် Laughing Skull အဖွဲ့များ လိုက်ပါရန် Gul'dan ကြိုးစားနိုင်ခဲ့သည်။ Grom နှင့် Warsong ကတော့ နေခဲ့ရန် နားချဖို့အခက်ခဲဆုံးဖြစ်ခဲ့သည်။ Grom Hellscream ကို သွေးသောက်ဖို့ ပြောမိခဲ့သည်မှာ မှန်ရောမှန်ရဲ့လားဟု Gul'dan သံသယဝင်လာမိသည်။ Grom ၏ ကြမ်းတမ်းမှုနှင့် ခန့်မှန်းရခက်ခဲမှုကြောင့် သူ့ကို နေခဲ့စေခြင်းပင်။ Grom တစ်ယောက် အထိန်းအချုပ်မဲ့ကာ လုပ်ချင်တာလျှောက်လုပ်လျှင် Medivh သဘောတွေ့မည်မဟုတ်ပေ။
အဖွဲ့များအားလုံးကို Hellfire ခံတပ်တွင်စုထားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင် Frostwolf အဖွဲ့အပါအဝင် အဖွဲ့အချို့ တို့ ဘိုးဘွားပိုင်မြေသို့ ပြန်ပြောင်းသွားကြသည်။ သူတို့အကုန်လုံးကိုလည်း စစ်ဝတ်တန်ဆာများ အပြည့်အစုံဝတ်ဆင်ခိုင်းထား၏။
သူတို့အကုန်စုစည်းကာ ရိုးရာအရောင်များနှင့် ခြယ်ထားသည့် ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြသည်။ ပူပြင်းသောနေနှင့် ကြမ်းတမ်းသောလေကြားတွင် အလံများက တလူလူလွင့်နေ၏။
"ခင်ဗျားတို့အဖွဲ့က နောက်မှာနေခဲ့ရမယ်" Gul'dan က Ner'zhul ကိုပြောလိုက်သည်။
"ထင်ပါတယ်" Ner'zhul က ခေါင်းညိတ်ကပြောသည်။
Kil'jaden ထွက်သွားပြီးနောက်တွင် Ner'zhul က သူ့ကို ပြန်လည်သွေးဆောင်လိမ့်မည်ဟု Gul'dan ထင်ခဲ့သော်လည်း Ner'zhul က ထိုသို့လုပ်ရန်ပင်အားမရှိတော့ချေ။
စစ်တပ်ကြီးမှာ ကျက်သရေရှိခမ်းနားလှသည်။ နေအလင်းပြန်နေသည့် စစ်ဝတ်တန်ဆာများ၊ တလူလူလွင့်နေသည့် အလံများနှင့် စိတ်ပါးထက်သန်စွာ တောက်ပနေသည့် မျက်နှာများ။ Medivh ပြောသလိုပင် ကြီးကျယ်မြင့်မြတ်ခြင်းကို ရောက်တော့မည် ဖြစ်သည်။ ဗုံများကို စတင်တီးခတ်လိုက်သော် မြေကြီးက သိမ့်သိမ့်တုန်သွား၏။
Gul'dan ကတော့ ပျာယာခတ်မနေပါ။ သူတို့အားလုံယ မုခ်ဝတွင် စုပြီးသည်နှင့် သူ့ကို Warlock တစ်ယောက်က ဟိုဘက်ကမ်းသို့ပို့ပေးလိမ့်မည်။ သူ့စစ်တပ်ကြီးချီလာသည်ကို အရသာရှိရှိကြည့်ရပေမည်။
မုခ်ဝရှေ့တွင် ရပ်နေသည်ကတော့ Draenei ကလေးငယ် တစ်ယောက်။
"သူတို့ဘယ်ကနေရှာတွေ့တာလဲ" Durotan တွေးမိသည်။ Draenei ကလေးလေးပင် မပြောနှင့် သာမန် Draenei တစ်ယောက်ကိုမတွေ့ရသည်ပင် အတော်ကြာခဲ့ပြီလေ။
သူတို့က လူအုပ်ကြီးရဲ့ရှေ့ Thunderlord နဲ့ Dragonmaw အဖွဲ့ဘေးတွင်ဖြစ်သည်။ ပြီးစီးသွားသော မုခ်ဝတံခါးကြီးမှာ လှပသလို ကြောက်ဖို့လည်းကောင်းနေ၏။ ထိုသို့ပုံမျိုး Durotan တစ်ခါမှ မမြင်တွေ့ဖူးချေ။ ဒီမုခ်ဝကို အလုပ်သမားတွေ တည်ဆောက်စဥ်က ဘယ်လိုခံစားခဲ့ရမလဲ ဟု တွေးမိသည်။
သို့သော် မုခ်ဝအကြောင်း သူသိပ်စိတ်မဝင်စားနိုင်ပါ။ ပိန်လှီကာ ဒဏ်ရာဒဏ်ချက်ပရပွဖြစ်နေသည့် Draenei ကလေးငယ်လေးကိုသာကြည့်နေမိသည်။ ကလေးလေးမှာ ကြောက်လွန်းရသဖြင့် ဘာမှ မခံစားရတော့သလို ဖြစ်နေ၏။
"သူတို့ ကလေးလေးကို ဘာလုပ်ကြမလို့လဲ" Draka က မေးလိုက်သည်။
"အဆိုးဆုံးမဖြစ်ဖို့ ဆုတောင်းရတာပဲ"
"စစ်ပွဲမှာ ကလေးတွေကို သတ်တာမြင်ခဲ့ပြီးပြီ.. ပြန်ပြင်လို့မရတော့ဘူးဆိုပေမယ့်.. ဒီကလေးလေးကိုတော့ ယဇ်မပူဇော်လောက်ပါဘူးနော်"
"မင်းပြောသလိုပဲဖြစ်ပါစေ"
Durotan ပြောလိုက်ရသော်လည်း ယဇ်ပူဇော်ဖို့မှမဟူတ်လျှင် ထိုကလေး ဒီမှာရှိနေစရာမလိုပေ။ ထိုသို့ သူအဖြစ်မခံနိုင်သောကြောင့် မဟုတ်ပါစေနဲ့ ဟုသာ ဆုတောင်းနေမိသည်။
"ဒီနေ့က ဂုဏ်ယူရမယ့်နေ့တစ်နေ့ပါပဲ။ အခု ငါ မင်းတို့ကို နေရာအသစ်တစ်ခုကို ပြမယ်။ ဟိုးဘက်မှာရှိတဲ့ Azeroth လို့ ခေါ်တဲ့နေရာမှာ ငါ့ မဟာမိတ်တစ်ယောက်ရှိတယ်။ အဲ့နေရာမှာ စိမ်းစိုတဲ့မြက်တွေ၊ ရေချိုရေသန့်တွေနဲ့ ဝဖြိုးတဲ့သားကောင်တွေရှိတယ်။ ဒါပေမယ့် "လူသား" လို့ခေါ်တဲ့သူတွေက ငါတို့ကို တိုက်ခိုက်လိမ့်မယ်။ ငါတို့ Draenei တွေကို မျိုးဖြုတ်ခဲ့သလိုပဲ ဒီ "လူသား" တွေကို မျိုးဖြုတ်ကြမယ်" Gul'dan က ပြောလိုက်သည်။
ဟစ်ကြွေးသံများ ညံသွား၏။ Draka မယုံကြည်နိုင်စွာ ခေါင်းခါလိုက်မိသည်။
"သူတို့ ဘာတွေတွေးနေကြတာလဲ? ဒီလိုဆက်လုပ်မယ်ဆို ကျွန်မတို့ကမ္ဘာလိုပဲ ဖြစ်သွားလိမ့်မယ်ဆိုတာ မသိကြဘူးလား"
Durotan သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ဒါပေမယ့် ငါတို့မှာ ရွေးစရာမရှိဘူး။ ငါတို့ အစာရေစာရဖို့ ဒီလမ်းကို သွားမှရမယ်"
Draka သက်ပြင်းချလိုက်သည်။ သူနားလည်သော်လည်း သဘောမကျချေ။
"အခုဆို ငါတို့မဟာမိတ်က သူ့ဘက်ကတံခါးကိုဖွင့်ဖို့ လုပ်နေပြီ။ အခု ငါတို့ စတော့မယ်" Gul'dan က ကလေးလေးကို ညွှန်ပြလိုက်သည်။
"သွေးဆိုတာ ငါတို့ စွမ်းအင်အသစ်တွေရဖို့အတွက် သန့်စင်တဲ့ စတေးမှုတစ်ခုပဲ။ ကလေးတစ်ယောက်ရဲ့ သွေးက ပိုတောင် သန့်စင်သေးတယ်။ ငါတို့ရန်သူ့သွေးကို သုံးပြီး ကမ္ဘာအသစ်ကိုသွားဖို့ တံခါးဖွင့်မယ်! Horde တွေရဲ့ သမိုင်းစာမျက်နှာအသစ်ဖွင့်ကြမယ်"
Gul'dan က ကလေးငယ်နားတိုးသွားရာ ကလေးက အသက်မဲ့နေသည့်မျက်လုံးများဖြင့် မော့ကြည့်သည်။ ဓါးမြှောင်တစ်လက်က နေရောင်ကြောင့် လက်ခနဲဖြစ်ကာ မြောက်တက်သွား၏။
"မဟုတ်ဘူး"
Durotan အော်လိုက်မိသဖြင့် အားလုံးက သူ့ကို လှည့်ကြည့်လာကြသည်။ သူ့ရင်ထဲ တလိပ်လိပ်တက်လာ၏။ ဒီနေရာအသစ်ကို သွားဖို့ ကလေးတစ်ယောက်ကို သတ်ရသည်ဆိုလျှင် မည်သည့်နည်းနှင့်မျှ ကောင်းသည့်နေရာ မဖြစ်နိုင်တော့။ ထိုခဏ၌ပင် Draka တစ်ယောက် စစ်ချီတေးသံကို အော်ဟစ်လိုက်သံကို သူကြားလိုက်ရသည်။ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။
" မင်းဘာတွေလုပ်လိုက်တာလဲ Gul'dan!"
Frostwolf များကလည်း သူတို့အဖွဲ့ခေါင်းဆောင်ကို ကာကွယ်ရန် ရှေ့တက်လာကြသည်။ Durotan လည်း ပုဆိန်ကိုကောက်ယူကာ ပြန်တိုက်ရန် ပြင်လိုက်စဥ်-
မြေကြီးထဲမှ မြည်ဟည်းသံတစ်ခု ထွက်လာ၍ အားလုံးငြိမ်ကျသွားကာ မုခ်ဝကို လှမ်းကြည့်လိုက်ကြသည်။ ယခင်က မုခ်ဝရှေ့တွင် တိုင်လုံးတိုင်မများသာရှိခဲ့ရာမှ အခုတော့ ညဘက်ကောင်းကင်လို မှောင်မိုက်သွားကာ ကြယ်များပါရောက်လာ၏။ သူကြည့်နေစဥ်ပင် ကောင်းကင်ကြီးက လည်ထွက်သွားကာ ပုံတစ်ခုသို့ ပြောင်းသွားသည်။
Gul'dan ပြောခဲ့သည့်နေရာမှာ လှပစိမ်းစိုပြီး သားကောင်များနှင့် ပြည့်နေသည့်နေရာဖြစ်သော်လည်း အခုမြင်ရသည့်နေရာမှာတော့ Gul'dan ပြောခဲ့သည်နှင့် တခြားစီပင်ဖြစ်နေ၏။ အမည်းရောင်သည်းကာ မြက်များပေါက်နေသည့် စိမ့်မြေပေါ်တွင် မြူများဆိုင်းနေကာ အင်းဆက်သံများ ကြားနေရသည်။
"အနည်းဆုံး ဒီမှာသက်ရှိတွေတော့ ရှိသေးတာပဲ" Durotan တွေးလိုက်မိသည်။
လူအုပ်ထဲမှ မကျေမနပ်သံများထွက်လာ၏။ Gul'dan ပြောခဲ့တာ ဒီလိုနေရာကြီးတဲ့လား?
သူ Gul'dan ကို ကြည့်လိုက်မိသော် Gul'dan ကိုယ်တိုင်လည်း စိတ်ပျက်မှုကို ဟန်ဆောင်နေရပုံပင်။ Gul'dan က အသံများတိတ်သွားရန် လက်ကို ဝှေ့ယမ်းပြလိုက်၏။
" မင်းတို့သိတဲ့အတိုင်း ဒီကမ္ဘာက အကျယ်ကြီးဆိုတော့ တစ်နေရာနဲ့တစ်နေရာ ကွာခြားတာမျိုး ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် ဒါက တကယ့်ကို တခြားကမ္ဘာရောက်သွားတာ တကယ်ပဲ! မင်းတို့တွေ! "
Gul'dan က မုခ်ဝဘေးတွင် ရပ်နေသော တပ်နှစ်တပ်ကို လက်ညှိုးထိုးလိုက်သည်။
"မင်းတို့ကို ဒီနေရာအတွက် ပထမဆုံး ကင်းထောက်ဖို့ ရွေးချယ်လိုက်တယ်။ ချီတက်ကြ! "
သူတို့ သိပ်မတုံ့ဆိုင်းဘဲ ထွက်သွားကြသည်။
"သူတို့ပြန်လာရင် အဲ့ဒီ့ကမ္ဘာက သတင်းတွေပါလာလိမ့်မယ်" Gul'dan ကပြောသည်။
သူတို့ စိတ်ပူစပြုချိန်တွင် ကင်းထောက်များ ပြန်ရောက်လာကြ၏။ ပါးစပ်များ နားရွက်ကို တက်ချိတ်မတတ် ပြုံးနေကြကာ တစ်ဝက်ခန့်က သားကောင်များကို ကိုင်လာကြသည်။ သူတို့တစ်ခါမှ မမြင်ဖူးသည့် သားကောင် အသစ်အဆန်းများပင်။
"ဒီအကောင်နှစ်မျိုးစလုံးကို စားကြည့်ခဲ့ပြီးပြီ။ အသားက အရသာရှိပြီး ရေတွေက သန့်တယ်။ လှစရာမလိုပါဘူး စားစရာရှိတဲ့နေရာရရင် တော်ပြီပေါ့။ ဒီ Azeroth က သင့်တော်ပါတယ် Gul'dan"
လူအုပ်ထဲတွင် တီးတိုးသံများညံသွား၏။ သယ်လာသော သားကောင်များကိုကြည့်ရင်း Durotan ဗိုက်ထဲမှ အသံများမြည်လာသည်။ သူအစားမစားရတာ ၂ရက်ရှိခဲ့ပြီ။ Gul'dan က သူ့ကို မျက်မှောင်ကြုတ်ကာကြည့်နေ၏။
Draenei ကလေးငယ်ကို ကာကွယ်ရန်လုပ်ခဲ့သော အပြုအမူကြောင့်ဘပြဿနာတက်မည်ကို သိသော်လည်း သူနှင့် သူ့အဖွဲ့ကို Gul'dan လိုအပ်နေပါသေးသည်။ နောက်နေ့ပြဿနာကို နောက်နေ့မှ ပူပါတော့မည်။
Gul'dan က လူအုပ်ဘက်လှည့်ကာ အသက်ပြင်းပြင်းရှူလိုက်၏။
"ဟိုတစ်ဖက်မှာ ငါတို့ရဲ့ နိဒါန်းအသစ်စောင့်နေတယ်။ သတ်ရမယ့် ရန်သူအသစ်တွေနဲ့ပေါ့။ သွေးဆာမှုကို ခံစားမိကြလား? Blackhand နောက်ကိုလိုက်ပြီး သူ့အမိန့်တွေကို နာခံကြ! မုခ်ဝရဲ့ ဟိုဘက်အခြမ်းက မင်းတို့ရဲ့ ကမ္ဘာအသစ်ပဲ! သွားယူကြ!"
ဟစ်ကြွေးသံများမှာ နားကွဲလုမတတ်ပင်။ Durotan ပင်လျှင် မျောပါသွားတော့သည်။ သူ အလကားစိုးရိမ်မိနေတာလည်း ဖြစ်နိုင်တာပဲ။ ဒါက တကယ့်နိဒါန်းကောင်းတစ်ခုလည်း ဖြစ်နိုင်တာပဲ။ Durotan သူ့အဖွဲ့သားမျာယကို ချစ်ခင်ပါသည်။ သူတို့ ပျော်နေတာကိုလည်း မြင်ချင်သည်။
သူလည်း ore တစ်ယောက်ဖြစ်သောကြောင့် သတ်ဖြတ်လိုစိတ်လည်း ပြင်းပြနေ၏။
လက်ထဲတွင် ပုဆိန်ကိုင်ကာ ရင်ထဲတွင် မျှော်လင့်ချက်က စီးဆင်းနေရင်း ပြေးနေသော လူအုပ်ကြီးထဲသို့ ဝင်သွားကာ နှုတ်မှလည်း ဟစ်ကြွေးသံများ ထွက်လာ၏။
" Horde တို့ အတွက်!"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl