book

Index 48

48

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

Shattrath မြို့​တော်ကို စီးနင်းစဥ်ကပါဝင်ခဲ့သူ ​တော်​တော်များများနှင့် စကား​ပြောခဲ့ဖူး​သော်လည်း အကုန်လုံးနီးပါး က ​ဝေဝါးကာ သေ​သေချာချာမမှတ်မိကြချေ။ Drek'Thar လို မှတ်ဉာဏ်​ကောင်းလှသူပင် အ​သေးစိပ် မမှတ်မိ။ မ​ကောင်းဆိုးဝါး​သွေးကို​သောက်မိသူများက​တော့ ထိုအချိန်တွင် ခံစားခဲ့ရသည့် ​ဒေါသကိုသာမှတ်မိကြပြီး မ​သောက်ခဲ့သူအနည်းစုကလည်း ​ရေ​ရေရာရာ မမှတ်မိကြ။ မမှတ်မိချင်​တော့​လောက်​အောင် ဆိုးဝါးသည့် အတိတ်တစ်ခုဖြစ်​နေ​သော​​ကြောင့်ဖြစ်​ပေမည်။

ထိုတိုက်ပွဲတွင် ရှင်သန်ကျန်ရစ်ခဲ့သည့် တစ်ချိန်က လမ်းနားခဲ့ဖူး​သော Draenei များမှာလည်း တစ်ချိန်လုံး ဝမ်းနည်းငို​ကြွေးကာ သနားစရာသတ္တဝါ​လေး​တွေ ဖြစ်​နေကြသည်။ ​

ထိုအဖြစ်အပျက်မှာ ဆိုးရွားလွန်းလှ​သော်လည်း ​မေ့ပစ်သင့်သည့် အ​ကြောင်းအရာ​​တော့မဟုတ်​ပေ။

×

Ore တို့က ​ဒေါသကြီးစွာ ချီတိုက်လာကြပြီး လမ်းတစ်​လျှောက် ​​တွေ့သမျှ ​ကျောက်တုံး​တွေကို တွန်းလှဲပစ်​နေကြသည်။ ​ပေါက်ကွဲသံများက ​ဒေါသတို့ဖြင့် ဆူညံ​နေ၏။

ချီတက်ရသည့် လမ်းတစ်​လျှောက်တွင် Durotan တစ်​ယောက် သူ့လူမျိုးများ သူ့မိတ်​ဆွေဖြစ်ဖူးသူများကိုသာ စိတ်ပူ​နေမိသည်။ သူ ​ဇော​ချွေးများပြန်ကာ ​အေးစက်​ကြောက်ရွံ့​နေ​သော်လည်း သူ့အတွက်သူ​ကြောက်ရွံ့ခြင်းမဟုတ်ဘဲ ore ​တွေ အနာဂတ်အတွက် ပူပန်ခြင်းပင်။ Draenei တို့၏ ​ရှေ့​ရေးက​တော့ ပြီးသွား​လေပြီ။

ထိုအချိန်တွင် ​ပေါက်ကွဲသံကြီးတစ်ခုထွက်​ပေါ်လာ၏။ ​တောင်ကြီးတစ်ခုလုံး ပြိုကွဲသွားပုံရသည်။ မီး​တောင်​ချော်ရည်များက ​ကောင်းကင်​ပေါ်သို့ တိုးထွက်​ကာ လျှံကျလာသည်။ ​ချော်ရည်အ​ရောင်က မ​ကောင်းဆိုးဝါး​သွေးလိုပင် ​တောက်ပအ​ရောင်ထွက်​နေ​သော်လည်း အစိမ်း​ရောင်မဟုတ်ဘဲ လိ​​မ္မော်​ရောင်ဖြစ်သည်။ ​တောင်​ပေါ်မှ ​ကျောက်တုံး​ကျော်ခဲများကလည်း ကျလာ၏။

Ore တို့က ဝမ်းသာစွာဟစ်​ကြွေးကြပြီး Kil'jaden ၏ ပလ္လင်ဖြစ်​​​သော ​တောင်ကို ​​​အော်ဟစ်ဂုဏ်ပြုကာ ​ဆက်လက်ချီတက်ကြသည်။

မြို့အပြင်ဘက် တစ်မိုင်ခန့် ​ရောက်​သော် သူတို့ စိတ်ရှုပ်​ထွေးစွာ နှေးသွားကြသည်။ သူတို့ကို ဒီနေရာတွင် စုခိုင်းထားပြီး ထို​နေရာတွင်ပင် စစ်လက်နက်များရှိရမည်ဖြစ်သည်။

ထို့​နောက် ရုတ်တရက် သူတို့​ရှေ့တွင် တစ်စုံတစ်ခုထွက်​ပေါ်လာ၏။ ထိုအရာမှာ အကြီးဆုံးဘီလူးထက်ပင် သုံးဆခန့် မြင့်မားကာ ​ခေါင်းစ​ခြေဆုံး နီရဲ​နေသည်။ ထိုမျှကြီးမားသည့် အရွယ်အစားကို မမြင်ဖူး​သော်လည်း ပုံစံကမူ.... အနီ​ရောင် Draenei အကြီးစားမျိုးပင်။

"မင်းတို့ ဘာမှ​ကြောက်စရာမလိုဘူး။ မင်းတို့အကုန် ငါ့ကို သစ္စာ​တော်ခံပြီးပြီ။ ငါက Kil'jaden ၊ မင်းတို့နဲ့ အစတည်းက ရှိခဲ့တဲ့သခင်ပဲ။ အခု ဒီကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲကို မင်းတို့နဲ့ အတူတိုက်ဖို့ ငါရှိ​နေပြီ။ တစ်ခါက​ မင်းတို့ကို Draenei ​တွေက တစ်မြို့လုံးကို ​ဖျောက်ပြီး လှည့်စားခဲ့ဖူးတယ်။ ဒါ​ပေမယ့် မင်းတို့ အဲ့မြို့ကို ဖျက်စီးနိုင်ခဲ့တယ်။ ဒီတိုက်ပွဲ တစ်ပွဲပြီးရင် ဘာမှ ​ကြောက်စရာမရှိ​တော့ဘူး။ သူတို့မြို့ကို ​ဖျောက်ဖို့သုံးထားတဲ့ ​ကျောက်တုံးနဲ့ အခု မင်းတို့ကို ထပ်လှည့်စားထားတာပဲ Kehla men samir, solaylamaa kah!"

ထို့​နောက် အမြင်လှည့်စားထားသည်များအားလုံး ပျက်ပြယ်သွားကာ သူတို့​ရှေ့တွင် လက်နက်များ ပြန်​ပေါ်လာ၏။ လက်နက်များ​​ဘေးတွင် စိတ်ဆုံးဖြတ်ထားဟန်ရှိသည့် ဘီလူးများ ၃ဒါဇင်ခန့်။ လက်နက်တို့မှာ ဘီလူးများ​ဘေးတွင် အရုပ်က​လေးများကဲ့သို့ဖြစ်​နေသည်။

"ကျ​န်​သေးတယ်"

Kil'jaden က​ပြောကာ လက်များကို​​ဝှေ့ယမ်းလိုက်ရာ Warlock များက ​အော်ဟစ်၍ ​သူတို့ခေါင်းများကိုဖမ်းဆုပ်လိုက်ပြီး​နောက် မာန်ဖီကြသည်။

"အခု မင်းတို့​ခေါင်းထဲမှာ ဂါထာ​တွေ​ရောက်သွားပြီ။ ​ကောင်း​ကောင်းသုံးကြ အခု​ တိုက်​တော့!"

ထို့​နောက် တံခါးကိုဖွင့်ချလိုက်သလိုပင် Ore များ အုံနှင့်ကျင်းနှင့်ထွက်လာကြကာ Durotan တစ်ခါမှ မ​တွေ့ဖူး​သော ခွန်အားများနှင့် လက်နက်များကို သယ်ယူတ့န်းထုတ်​နေကြ၏။ မြို့​တော်သို့​ရောက်လျှင် သူတို့ ဘာလုပ်ကြမည်မှန်း မသိ​သော်ငြား Durotan နှင့် တဖွဲ့သားလုံး တာဝန်​ကျေစွာ ​နောက်မှ လိုက်လာခဲ့သည်။

ဘီလူးတို့နှင့် Ore တို့သယ်​ဆောင်လာသည့် လက်နက်များကို မသုံးရ​​သေးခင်တွင်ပင် မြို့​တော်ကို ကာထားသည့် နံရံများ ပြိုကျ​နေ​ပြီဖြစ်သည်။ အစိမ်း​ရောင် ​ကျောက်တုံးများက ​ကောင်းကင်​ပေါ်မှကျလာသည်။ နံရံကို​ကျော်ထွက်​နေသည့် ​မျှော်စင်နှင့် ခံတပ်များက အက်ကွဲ​လာ၏။

ထိုသို့ တိုက်ခိုက်မှုများကြားတွင် မြို့​တော်မှာ ကြာကြာ ​တောင့်ခံနိုင်မည်မဟုတ်။ ပြိုကျသွားသည့် နံရံများအကြားသို့ ဘီလူးများ နှင့် ore များက လက်နက်များ​​​​​ဝေ့ယမ်းကာ တိုးဝင်ပြီး သတ်ဖြတ်​နေကြသည်ကို Durotan မလှုပ်မယှက် ကြည့်​နေမိသည်။

အရင်တုန်းက သူမြင်ဖူးခဲ့သည့်အရာများနှင့် ယှဥ်၍ပင်မရ​ပေ။ ဘာနည်းလမ်း ဘာဗျူဟာမှ မရှိဘဲ အစိမ်းသက်သက်ကြီး သတ်ဖြတ်​နေကြခြင်းဖြစ်သည်။ ဦး​နှောက်မရှိသည့် ဘီလူးများက လုပ်သည်ဆိုလျှင် လက်ခံ၍ ရ​သေးသည်။ ယခုက ore များပါ...

ဒါဇင်နှင့်ချီပြီး... မဟုတ်​သေး ဒီညတွင် ရာနှင့်ချီ ​သေဆုံးကြလိမ့်မည်။ ​နေထွက်လာလျှင် လမ်းမများ​ပေါ်၌ အ​လောင်းများ ပြည့်နှက်​နေလိမ့်မည်။ အခုက​တော့ တိုက်ပွဲဆူညံသံများဖြင် ပရမ်းပတာဖြစ်​နေ၏။ Durotan သူ့ ပုဆိန်ကို ဆွဲယူလိုက်သည်။ သတ်ရင်သတ်၊ မသတ်ရင် အသတ်ခံရမည်သာ ဖြစ်​သော​ကြောင့်ပင်။ သူတို့အကုန် လမ်းမှား​ရောက်​နေကြပြီးမှန်း သိ​ပြီးသည့်တိုင် Durotan သေဖို့ ဆန္ဒ​တော့မရှိ​​သေးပါ။

Kil'jaden နှင့် Mannoroth က ​ကောင်းကင်​ပေါ်မှ ပျံဝဲလာသည့် အစိမ်း​ရောင်ဥက္ကာပျံခဲများ ​​မြေကြီး​ပေါ်ကျလာ​နေကြသည်ကိုကြည့်​နေကြသည်။

"အုံခဲ​နေကြတာ ပုရွတ်ဆိတ်​တွေကျ​နေ​တာပဲ" Mannorth က​ပြောသည်။

Kil'jaden က ​ခေါင်းညိတ်၏။

"ဟုတ်တယ် ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ"

"ပြီးရင် ဘာဖြစ်မှာလဲ?"

Kil'jaden က အံ့ဩသွားသလို ကြည့်သည်။

"ဘာမှ မရှိ​တော့ဘူး​လေ။ Ore ​တွေက ငါ့ဆန္ဒကို ဖြည့်​ပေးပြီးပြီ။ သူတို့ကိုယ်ထဲမှာ မင်းရဲ့​သွေး​တွေနဲ့ ပြည့်​နေပြီ။ ​ထွက်​ပေါက်ရှာမ​တွေ့ရင် သူတို့တဖြည်းဖြည်းနဲ့ အစားခံလိုက်ရမှာပဲ။ အဲ့ဒီ့ထွက်​ပေါက်ကလည်း ဒီကမ္ဘာမှာရှိတဲ့ Draenei အားလုံးကို သတ်ပြီးမှ ​တွေ့မှာ"

"ပြီးသွားပြီးဆိုရင်​တော့ ​ကောင်းတာ​ပေါ့။ Archimonde က ခင်ဗျားကို အချိန်ဖြုန်း​နေတယ် ထင်​နေတာ ကျုပ်တို့သခင်ကလည်း ကျုပ်တို့ကို ဒီ့ပြင်ြ​နေရာ​တွေမှာ အလိုရှိ​နေတယ်​လေ"

Kil'jaden သက်ပြင်းချလိုက်သည်။

"မင်း​ပြောတာ မှန်တယ်။ Sargeras ဆာ​လောင်​နေပြီ။ ငါ့ကို သူ​တော်​တော်စိတ်ရှည်ထားတာ။ Velen ကို သတ်တာ မကြည့်လိုက်ရမှာ​တော့ နှ​မျော​ပေမယ့် ​သေသွားပြီဆိုရင် လုံ​လောက်ပါပြီ​လေ။ သွားကြရ​အောင်"

သူ လက်ဟန်​ခြေဟန်ဖြင့် ​​ဝေ့ယမ်းလိုက်​သော် နှစ်​ယောက်လုံး ​ပျောက်ကွယ်သွား​တော့သည်။

"သူမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ" Gul'dan က ​မေးသည်။ ဒါ မဖြစ်နိုင်ပါ။

"​ကျုပ်​ပြောသလိုပဲ​လေ။ တစ်မြို့လုံးကို ​မြေလှန်ရှာပြီးပြီ။ Velen ကို လုံးဝရှာမ​တွေ့ဘူး" Blackhand က ​ပြောသည်။

"တစ်​ယောက်​ယောက်များ အရင်ရှာ​တွေ့သွားပြီး အ​လောင်း​ဖျောက်လိုက်တာများလား" Gul'dan ​ပြောလိုက်သည်။ ဒါ သတင်း​ကောင်း​တော့မဟုတ်ပါ။

Velen ​​ခေါင်းကိုဖြတ်ပြီး Kil'jaden ကို ဆက်သရမည်​လေ။

"ဖြစ်​တော့ဖြစ်နိုင်ပါတယ်။ ဒါ​ပေမယ့် ခင်ဗျား​ပြောသလိုပဲ သူ့အ​လောင်းကို တစ်စစီပိုင်းလိုက်မယ်ဆိုရင်​တောင် သာမန် Draenei ​တွေနဲ့ ကွဲထွက်​နေဦးမှာပဲ​လေ"

Gul'dan စိုးရိမ်လာသည်။ Draenei တို့မှာ အသားအပြာ​ရောင်နှင့် ဆံပင် အမည်း​ရောင်ဖြစ်​သော်လည်း Velen က ဆံပင်​ရောအသား​ရော အဖြူ​ရောင်ဖြစ်သည်​လေ။

"မြို့ကို ​သေချာရှာပါတယ်​နော်?"

Blackhand မျက်​မှောင်ကြုတ်သွားသည်။

"ကျုပ်​ပြောပြီးပြီ​လေ"

Gul'dan ​ခေါင်းညိတ်လိုက်သည်။

Velen တစ်နည်းနည်းဖြင့် လွတ်သွားခဲ့ပြီ။ ဒါဆို တခြား လွတ်​နေတဲ့ Draenei ​တွေလည်း ရှိဦးမှာ​ပေါ့။ ထိုအ​တွေး​ကြောင့် သူ တုန်လှုပ်သွား၏။ သူမသိ​တဲ့အချိန်အတွင်း ဘယ်နှ​ယောက်​လောက် လွတ်သွားခဲ့ပြီလဲ.. ဘယ်မှာများသွားပုန်း​နေကြတာလဲ...

တစ်ခါတုန်းက​တော့ Velen မှာ တပည့်များနှင့် ပြည့်​နေသည့် တရားထိုင်စရာ ဘုရား​ကျောင်း​ဆောင်ကြီး ရှိခဲ့သည်။ အခု​တော့ သူ အခန်းငယ်​လေးထဲမှာ တစ်​ယောက်တည်း ဖြစ်​နေ၏။ ခရမ်း​ရောင်​ကျောက်တုံးကို လက်မာှကိုင်ထားကာ မျက်ရည်များ​တွေ​တွေစီးကျ​နေသည်။

မြို့​တော်ကြီးရဲ့ ကျဆုံးခန်းကို သူကြည့်ခဲ့ရသည်။ သူ့အစ့မ်းဖြင့် ကာကွယ်တိုက်ခိုက်ရင်း ​နေခဲ့ချင်​သော်လည်း သူ​ရော သူ့လူမျိုးများပါ ​​သေ​ဘေး​တွေ့မည်ဖြစ်၍ ​ရှောင်ခွာခဲ့ရ၏။ မ​ကောင်းဆိုးရွား​သွေးများဖြင့် ​ပြည့်ကာ ​သွေးဆာ​နေ​သော ore တို့ကို မတားဆီးနိုင်ပြီ။ Kil'jaden နှင့် Sargeras တို့၏ Burning Legion က သူတို့ကို ပိုင်သွား​လေပြီ။ Ore တို့ဘက်က အင်အား​တောင့်လွန်း​​သော​ကြောင့် Velen လည်း ဘာမှမတတ်နိုင်ဘဲ ထွက်ခွာခဲ့ရ၏။

သူတို့သာမက Ore များကိုလည်း ကယ်တင်၍ မရနိုင်ပါ။ ​မ​ကောင်ဆိုးဝါး​သွေး မ​သောက်ခဲ့ဘဲ အသိစိတ်ရှိ​သေးသည့် အဖွဲ့တစ်ဖွဲ့၌တွင်သာ ​မျှော်လင့်ချက်အနည်းငယ်ရှိ​တော့သည်။ အ​ယောက်ရှစ်ဆယ်ခန့်သာ ရှိသည်။ ထိုအ​ယောက်ရှစ်ဆယ်နှင့် အဖွဲ့​ပေါင်းများစွာကို ယှဥ်ရ​ပေမည်။

Velen က မြို့ကိုစွန့်ပစ်ပြီး Ore တို့လာတိုက်သည့်အခါ တစ်​ယောက်မျှ မရှိ​တော့​အောင် ထွက်သွား​စေချင်သည်။ သူ နိုင်သ​လောက် Draenei ​တွေကို ကယ်ချင်သည်။ သို့​သော် Restalaan ၏ ​နေရာကို ဆက်ခံထား​သော ပညာရှိ စစ်သူကြီး Larohir က သူ့ကို မဖြစ်နိုင်​ကြောင်း ​ပြောကြားခဲ့သည်။

"သူတို့ သတ်စရာလူ အလုံအ​လောက်မရှိရင်.. သူတို့ရဲ့ ​သွေးဆာမှုက ပြီးမှာမဟုတ်​တော့ဘူး။ သူတို့ ဆာ​လောင်​နေပြီး ကျွန်​တော်တို့ကို အနံ့ရတာနဲ့ အမဲလိုက်သလို လိုက်ကြ​မှာ။ ထွက်​ပြေးတဲ့သူ​တွေလည်း ​သေကုန်မှာပဲ။ ကျွန်​တော်တို့အ​တော်များများ အသတ်ခံလိုက်ရပြီဆိုတာ သူတို့ ယုံမှဖြစ်မယ်။ သူတို့ ယုံဖို့ဆိုရင်လည်း... တကယ် ​သေမှဖြစ်မယ်"

Velen အလန့်တကြား ကြည့်လိုက်မိသည်။

"ငါ့လူ​တွေကို ​သေမှာမှန်းသိသိကြီးနဲ့ ​သေတွင်းကိုပို့ရမှာလား?"

"ကျွန်​တော်တို့အားလုံးနီးပါး Argus ကို ထွက်​ပြေးတုန်းက ဘာဖြစ်ခဲ့လဲ သိကြတာပဲ။ ကျွန်​​တော်တို့အကုန် Kil'jaden ဘာ​တွေလုပ်ခဲ့လဲ မှတ်မိကြတယ်။ ကျွန်​တော်တို့... ကျွန်​တော်တို့ လူတစ်စု​လောက်ကိုပဲ ကယ်နိုင်မယ်ဆိုရင်​တောင် ​ပျော်​ပျော်ကြီး အ​သေခံနိုင်ပါတယ်"

Velen ရင်နာစွာဖြင့် အကြည့်လွှဲလိုက်သည်။

"ကျွန်​တော်တို့ အ​တော်များများကို သတ်ပြီးရင် Kil'jaden လည်း ​ကျေနပ်မှာပါ။ Ore ​တွေက​တော့ မချိမဆန့် ခံစားရလိမ့်မယ်"

Larohir က မ​ကျေနပ်သည့်ပုံ ​ပေါက်​နေ​သော်လည်း Ore တို့၏လုပ်ရပ်များ​ကြောင့် Velen အပြစ်မတင်နိုင်ပါ။

"ပြီး​တော့ ကျွန်​တော်တို့ကို လိုက်ရှာ​နေဦးမှာပဲ ဒါ​​ပေမယ့် ရာ​ပေါင်များစွာကို ရှာတဲ့နည်းနဲ့ လူနည်းနည်းကို ရှာတဲ့နည်း​တော့ ကွာလိမ့်မယ်။ ကျွန်​တော်တို့​တွေ အရမ်းအားနည်းပြီ ပြိုကွဲ​နေတဲ့ပုံ​ပေါက်​​အောင် လုပ်ဖို့က အားသာချက်ပဲ"

Velen က Larohir ကို ​ကြောက်ရွံ့စွာ ကြည့်လိုက်၏။

"မင်း​ပြော​တော့ လွယ်တာပေါ့။ ဒါ​ပေမယ့် ဒီဆုံးဖြတ်ချက်​တွေက ငါချရမှာ​လေ။ မင်းလုပ်ရမှာမှ မဟုတ်တာ။ မင်းတို့ မင်းတို့ မင်းတို့က​တော့ ငါနဲ့​နေဖို့ လိုက်ခဲ့။ မင်းတို့ မင်းတို့က​တော့ ore ​တွေဆီမှ တစစီ အသတ်ခံဖို့ သွား လို့ ငါ​ပြောရမှာ​လေ"

Larohir က ဘာမှပြန်မ​ပြော။ ​ပြောစရာလည်း မရှိ​ပေ။

အ​​သေခံ​ပေးဖို့ Velen ​ရွေးထားသည့် လူတစ်​ယောက်ချင်းစီနှင့် စကား​ပြောပြီး​ပေပြီ။ သူတို့တစ်​ယောက်ချင်းစီကို ​ပွေ့ဖက်ကာ ​ကောင်းချီး​ပေးပြီး​နောက် သူတို့ အပ်နှံ​သော ပစ္စည်းများအား ထိန်းသိမ်း​စောင့်​ရှောက်ရန် ကတိ​ပေးခဲ့သည်။ ချပ်ဝတ်တန်ဆာများ ပြင်ဆင်ကာ ​ရှေး​ဟောင်း သီချင်းများကို သီဆိုပြီး အသတ်ခံရန် ချီတက်သွားကြသူများကို Velen ကြည့်​နေခဲ့သည်။

Velen က​တော့ သူတို့နှင့် လိုက်မသွားနိုင်ခဲ့​ပေ။ သူ့တွင် ထူးခြား​သောအစွမ်းများရှိ​​​သော​ကြောင့် Draenei တိူ့ အသက်ရှင်ရန် သူပါအသက်ရှင်​နေဖို့ လိုအပ်သည်။ သို့​သော် တိုက်ပွဲမှာ ဖြစ်သမျှကို ကြည့်ရှုနိုင်ရန်အတွက်​တော့ ​ကျောက်တုံးတစ်တုံးကို အသုံးပြုခဲ့သည်။ ထိုနာကျင်မှုမှာ ပြင်းထန်လှ​သော်လည်း သန့်စင်လှ၏။ ထိုလူတို့ ​သေဆုံးခြင်း အချည်းနှီး မဖြစ်​စေရပါ။

Zangarmash အ​ကြောင်း Ore တို့ မသိကြ​ပေ။ သူတို့ ပုန်း​နေသည့် ဒီနေရာကို သူတို့ မသိကြ​သေးသလို ဘယ်​တော့မှလည်း သိမည်မဟုတ်​ပေ။ ဒီ​နေရာတွင် အ​တော်ဆုံး Draenei များကို ​လေ့ကျင့်​ပေးပြီး အန္တရာယ်ကင်း​အောင် ထား​ပေမည်။ ​ဒီ​နေရာတွင် သူတို့ ပြန်လည်ရှင်သန်ကာ အုပ်စုပြန်ဖွဲ့ကြမည်။ ​စောင့်ဆိုင်းကာ ဆု​တောင်းကြမည်။ ​နောက်ဆုံး​တော့ Kil'jaden ကို သူတို့ လှည့်စားနိုင်ခဲ့ကြ​လေပြီ။

Ore တို့ထံတွင် ​ကျောက်တုံး​သုံးတုံး​ရောက်​နေ​သော်လည်း Velen ထံတွင် ​လေးတုံးကျန်ပါ​သေးသည်။ Fortune's Smile, Eye of the Storm, Shield of the Naaru နှင့် Spirit's Song ဆိုသည့် ​လေးတုံးဖြစ်သည်။ သူနှင့် Naaru တို့ကြားက ဆက်သွယ်မှုမှာ ​သေးမျှင်​​သော်လည်း K'ure က​တော့ အသက်ရှင်​နေဆဲဖြစ်သည်။

သူ့မျက်လုံးများမှ မျက်ရည်များကျကာ အသက်များစွာ ဆုံးရှုံးမှု​ကြောင့် နာကျင်စွာ ခံစား​နေရ​​သော်လည်း Draenei တို့၏ ​ရှေ့ဖြစ်​ဟော Velen ရင်ထဲတွင် ​မျှော်လင့်ချက်က တလူလူရှင်သန်နေ​ဆဲဖြစ်​လေသည်။


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl


rate now: