book

Index 47

Chapter 47

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

47

ကျွန်​တော့် မျိုးရိုးအတွက် ကျွန်​တော် ဂုဏ်ယူသည်။ Durotan နဲ့ Draka က ကျွန်​​တော့် မိဘများဖြစ်​နေတာကို ဂုဏ်ယူသည်။ Orgrim Doomhammer က ကျွန်​တော့်က မိတ်​ဆွေဖြစ်​နေပြီး ကျွန်​တော်ချစ်သည့် လူမျိုးများအား ဦးဆောင်ခွင့်​ပေးထားခြင်းကို ဂုဏ်ယူမိသည်။

ကျွန်​တော့် မိဘများ၏ သတ္တိကို ဂုဏ်ယူမိသည်။ ....တစ်ချိန်တည်းမှာပင်.. သူတို့ ဒီ့ထက်လုပ်နိုင်ရင်​ကောင်းမည် ဟုလည်း ​တွေးမိ၏။ သို့​သော် သူတို့​နေရာမှာ ​မ​နေဖူးဘဲ နှစ်​ပေါင်းများစွာ ကြာမှ လိုက်​ဝေဖန်​နေရတာက လွယ်ပါသည်။

သို့​သော် အတတ်နိုင်ဆုံး ကြိုးစားပြီး အသက်​တွေကို ကယ်ဆယ်ခဲ့သည့် သူများကို ကျွန်​တော် မ​ဝေဖန်လိုပါ။

သူတို့ချခဲ့သည့် ဆုံးဖြတ်ချက်များကို ကျွန်​တော် ချစရာ မလိုသည်ကိုသာ ဝမ်းသာမိပါသည်။

Gul'dan စိတ်လှုပ်ရှားလွန်း၍ သူ့ကိုယ်သူ မထိန်းနိုင် ဖြစ်​နေသည်။ Kil'jaden စ​ပြောဖူးတည်းက ​စောင့်​နေခဲ့ရခြင်းဖြစ်၏။

"သူတို့ကို​တွေ့ပြီးပြီ အဆင်သင့်မဖြစ်ကြ​​သေးဘူး။ အချိန်ကိုက်ဖြစ်ဖို့ အ​ရေးကြီးတယ် Gul'dan"

Black Temple တွင် အမိုး မရှိသည့် ဝင်းလွတ်တစ်ခုရှိပြီး ​ရေကန်တစ်ခုရှိ​လေသည်။ Kil'jaden ဆန္ဒအရ Gul'dan နှင့် Ner'zhul မှာ ထို​ရေကန်​ဘေးတွင် ​ဘာကိုမှန်းမသိ ​ရပ်စောင့်​နေရ၏။

နာရီ​​ပေါင်းများစွာ ကြာ​အောင်ရပ်​​စောင့်​နေပြီး​နောက် Gul'dan တစ်​ယောက် Ner'zhul ကို ကြည့်ကာ အ​တွေးပွားလာမိသည်။ Ner'zhul ကို သတ်​တော့မှာများလား.. ​တွေး​နေရင်း မိုးခြိမ်းသံ အကျယ်ကြီး ထွက်လာ၍ သူတို့ ၂​ယောက်လုံး တုန်သွား၏။ Gul'dan ​ကောင်း​ကင်သို့ ​မော့ကြည့်လိုက်သည်။ ယခင်က ကြယ်များ စုံလင်စွာ ရှိခဲ့ရာမှ ယခု ​မှောင်အတိပြီး​နေသည်။

ရုတ်တရက် ​ထို အ​မှောင်က လှုပ်ရှားလာသည်။ ​လေက ​ဖြေး​ဖြေး​လေး တိုက်​နေရာမှ ကြမ်းတမ်းစွာ ​​ဝှေ့ယမ်းလာ၏။ ထို့​နောက် ​မြေကြီးများပါ တုန်လှုပ်လာသည်။ Ner'zul နှုတ်ခမ်းများ လှုပ်သွားသည်ကို ​တွေ့လိုက်​သော်လည်း ​လေတိုက်သည်မှာ ဆူညံလွန်း​သော​ကြောင့် ဘာမှမကြားရ။

​ကောင်းကင်ကြီး ပြိုကွဲသွား​လေသည်။

Gul'dan နှင့် Ner'zhul တို့ ​​ရှေ့၌ ​တောက်ပသည့်အရာတစ်ခုက ​အော်ဟစ်ကာ ပြုတ်ကျလာသည်။ ပြုတ်ကျသည့် အရှိန်မှာ ပြင်းလွန်း၍ Gul'dan ပင် လဲကျသွားသည်။ အချိန်​တော်​တော်ကြာသည်အထိ အသက်မရှူနိုင်ဘဲ ငါးတစ်​ကောင်လို လူးလိမ့်​နေရာမှ အသက်ကို တစ်ဝကြီး ပြန်ရှူလိုက်သည်။

ခန္ဓါကိုယ်တစ်ခုလုံး တုန်လှုပ်​နေပြီး ထရပ်လိုက်သည်။ သူ့​ခြေ​ထောက်​လေး​ချောင်းက ခွာများနှင့် စိတ်ပျက်စရာ အ​တောင်ပံများလို ဖြစ်​နေသည်။ သူ့ဆံပင်များက လည်ဆံ​မွှေးနှင့် ပိုတူပြီး အစိမ်း​ရောင်ဖြစ်ကာ ​ကျောဘက်သို့ ဆင်း​နေ၏။ သူ့​အော်သံမှာ ​ကြောက်စရာ​ကောင်းလွန်း၍ Gul'dan ​အော်ငိုချင်လာသည်။ သို့​သော် တည်ငြိမ်တိတ်ဆိတ်စွာသာ ရပ်​နေသည်။

"ဒါ ဘာကြီးလဲ" Gul'dan ရင်ထဲမှာ ​အော်ဟစ်​နေမိသည်။

ရုတ်တရက် Kil'jaden ​ပေါ်လာ၏။

"ငါ့ရဲ့ လက်​ထောက် Mannoroth ပဲ။ ငါ့ကို တာဝန်​​ကျေ​ကျေနဲ့ ထမ်း​ဆောင်ခဲ့ပြီး ဖြစ်သလို ဆက်လက်ထမ်း​ဆောင်​နေဦးမှာ။ ဒီ့ပြင်ကမ္ဘာ​တွေမှာ​တော့ သူ့ကို "ဖျက်စီးသူ" လို့​ခေါ်ကြ​ပေမယ့် ဒီကမ္ဘာမှာ​တော့ သူက "ကယ်တင်ရှင်" ပဲ။ Gul'dan .. မင်းလူ​တွေကို ငါ​​ပေးမယ့် လက်​ဆောင်ကို သိပြီလား"

Gul'dan အန်ချင်သလို ဖြစ်လာ၏။ Kil'jaden ဘာ​ပေးမလဲ သူသိပါသည်။ ​တွေး၍ပင်မရ​အောင် ကြီးမားသည့် အစွမ်းများ.... ပြီး​တော့ ထာဝရ ကျွန်ခံရမည်..။ Ner'zhul က်ုလည်း ထိုသို့ကမ်းလှမ်းခဲ့ဖူး​သော်လည်း သူရဲ​ဘော​ကြောင်​သူ Ner'zhul က လက်မခံခဲ့။ သူ့လူမျိုး​တွေကို သူမဖျက်စီးချင်။

Gul'dan က​တော့ ထိုအရာများကို မမှု။ သူ သိသည်က Kil'jaden ​ပြောထားသည့် ဆုလာဘ်များပင်။

"သိပါတယ် သခင်ကြီး။ ပြီး​တော့ ဝမ်း​​မြောက်ဝမ်းသာ လက်ခံပါတယ်"

Kil'jaden က ပြုံးလိုက်သည်။

"အ​ကောင်းဆုံးပဲ။ မင်းက အရင်လူထက် ပိုဉာဏ်ရှိတယ်"

Gul'dan က Ner'zhul ကို လှည့်ကြည့်လိုက်သည်။ Ner'zhul က ဘာမှ မ​ပြော​သော်လည်း အ​မှောင်ထဲတွင်ပင် သူ့အမူအရာက သိသာ​နေသည်။

Gul'dan ပြုံးလိုက်ပြီး  Mannoroth ကို ကြည့်လိုက်၏။ သူ့ကို မြင်လိုက်တိုင်း အ​ကြောက်တရားက ပြန်​ပေါ်လာသည်။ ထိုသူလည်း သူ့လိုပင် Kil'jaden ၏ အ​လေး​ပေးခြင်း ခံထားရသည်ပဲ။ သူတို့က ညီအစ်ကို​တွေ။

"မင်းကို လုပ်ခိုင်းထားတဲ့ အရာက ဒီဓါးနဲ့မှ ရမှာ" Kil'jaden လက်ထဲတွင် ဓါး​မြှောင်မှာ ​သေးငယ်​နေ​သော်လည်း သူ့လက်နှင့်စာလျှင်​​တော့ ကြီး​နေသည်။

"ဒီဓါးကို ဟို​တောင်ထဲမှာ သွန်းလုပ်ခဲ့ရတာ။ ငါ့ကျွန်​တွေ အ​တော် ကြိုးစားလိုက်ရတယ်။ မင်းဘာလုပ်ရမလဲ မင်းသိပါတယ် Mannoroth"

ထိုအ​ကောင်ကြီးက ​​ခေါင်းညိမ့်ကာ ​ရှေ့​ခြေနှစ်​ချောင်းကို ဒူး​ထောက်ရပ်လိုက်ပြီး လက်တစ်ဖက်ကို ​ရှေ့ထုတ်​ပေးသည်။

တစ်ခဏ​တော့ Gul'dan တုံ့ဆိုင်း​နေမိသည်။ ဒါ စမ်းသပ်တာ တစ်မျိုးဆို ဘယ်လိုလုပ်မလဲ? Kil'jaden က ဒါကို တကယ်ကြီး လုပ်​စေချင်တာ မဟုတ်ဘူးဆိုရင်​ရော? သူ မ​အောင်မြင်ရင်​ရော?

တကယ်လို့ Ner'zhul ​ပြောတာ မှန်​​နေရင်​ရော?

"Gul'dan.. Mannoroth က စိတ်မရှည်တတ်ဘူး​နော်"

Mannoroth က မာန်ဖီလိုက်ရာ သူ့မျက်လုံးစိမ်းများ ​တောက်ပသွား၏။

"မင်းလူ​တွေအကုန်လုံး ဘာဖြစ်မလဲဆိုတာ သိချင်​နေပြီ.. လုပ်လိုက်​တော့"

Gul'dan စိတ်တင်းလိုက်ကာ ဓါးကို Mannoroth လက်​ကောက်ဝတ်​ပေါ်သို့ အားကုန် လွှဲချလိုက်သည်။

ထိုဒဏ်ရာဆီမှ ​အစိမ်း​ဘက်သမ်းသည့် အဝါ​ရောင်ချော်ရည်များ ထွက်လာကာ Draenei ဘုန်း​တော်ကြဋးတို့၏ ​ရေကန်ထဲသို့ စီးဝင်သွား​လေသည်။ Mannoroth ခန္ဓါကိုယ်ကြီးနှင့် စာလျှင်ဒဏ်ရာမှာ ​သေးငယ်​သောလည်း ​သွေးများက​တော့ ​ရေတံခွန်လို အစီးအတားမရှိ သွန်ကျလာ၏။

"ဖျက်စီးသူရဲ့​သွေးကို ရှုကြ​လော့။ ဒီ​သွေးက မင်းကို မနာခံချင်တဲ့ စိတ်​တွေအကုန်လုံးကို တိုက်ဖျက်​ပေးလိမ့်မယ်။ မင်း လိုသလို လုပ်နိုင်တဲ့ ​သွေးဆာမှုတစ်မျိုး ဖန်တီး​ပေးလိမ့်မယ်။ မင်းရဲ့ လူ​တွေက Horde ကို ထိန်းချုပ်နေရတယ် ထင်​နေကြ​​ပေမယ့် မဟုတ်ဘူး။ Shadow Council က ထိန်းချုပ်​နေတယ် ထင်​နေကြ​ပေမယ့် မဟုတ်ဘူး။ Gul'dan.. ထိန်းချုပ်တဲ့သူက မင်းဖြစ်ရ​တော့မယ်။ မင်း အလိုရှိတဲ့အရာ​တွေကို သူတို့ ဆာ​​လောင်ရ​တော့မယ်။ ​ခေါ်လိုက်​တော့"

ကြား​နေကျဖြစ်သည့် ခရာသံက Horde တို့ကို လှုပ်နှိုးကာ အရုဏ်မတက်ခင် စု​​ဝေးရန် ဆင့်​ခေါ်​​နေ​လေ၏။ Durotan က​တော့ အိပ်​မ​ပျော်​​နေပါ။ သူ သိပ်မအိပ်ဖြစ်​တော့​။ သူနှင့် Draka နှစ်​ယောက်လုံး ဘာစကားမှ မဆိုဘဲ အိပ်ရာမှထကာ အဝတ်လဲ​နေကြသည်။

Draka ပင့်သက်ရှိုက်သံကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်ကာ သူ့အား စိုက်ကြည့်​နေ​လေသည်။

"ဘာဖြစ်လို့လဲ"

".. ရှင့် အသား​တွေ"

သူ့ရင်ဘတ်တွင် အသားများက ​ခြောက်ကပ် အက်ကွဲ​၍ ကုတ်လိုက်​​သောအခါ အတွင်းသားများက အစိမ်း​ရောင် ဖြစ်​နေသည်။ သိပ်မကြာ​သေးမီက Ghun ထံတွင်လည်း ထိုသို့ ​တွေ့ခဲ့ဖူးပြီ​လေ။

"အလင်း​ရောင်​ကြောင့်ပါ"

သူ​ပြောလိုက်​​သော်လည်း Draka က အယုံမလွယ်တတ်။ သူ့လက်သူ ကုတ်လိုက်​သောအခါတွင်လည်း အစိမ်း​ရောင်ပင် ဖြစ်​နေသည်။ Durotan ကို သူကြည့်လိုက်၏။ သူတို့ နှစ်ယောက်လုံး မြင်လိုက်​ပေပြီ။ အလင်း​ရောင်​ကြောင့် အမြင်မှားခြင်း လုံးဝ မဟုတ်​ပေ။

" ကျွန်မတို့ ဘာ​တွေဖြစ်​နေတာလဲ" Draka က ​​မေးသည်။

သူ့တွင် ​​ဖြေစရာမရှိပါ။ အဝတ်လဲပြီး​နောက် အပြင်သို့ ထွက်လိုက်သည်။

စု​ဝေးပွဲအ​ကြောင်း ​ကြေငြာချက်မှာ ​မ​နေ့ ​နေ့လည်​လောက်က က​လေး​တွေအား ​လေ့ကျင့်​ပေး​နေချိန်တွင် ​ရောက်လာခြင်းဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ်ခန့်က လမ်းပင် ​ကောင်း​ကောင်း ​မ​လျှောက်နိုင်​သေး​သော က​လေးငယ်များမှာ ယခု ထူးဆန်းသည့်အစွမ်းများဖြင့် ဓါး​တွေ ပုဆိန်​​တွေကိုင်ကာ တိုက်ခိုက်​နေကြသည်ကို Durotan ကြည့်ရတာ ကျင့်သားမရ​​သေး​ပေ။ သူတို့က​တော့ ​ပျော်ရွှင်​ကျေနပ်​နေပုံပင်။

Durotan မှာ ​နောက်ထပ်တိုက်ခိုက်ရမည့် ​​နေရာကိုပင် သိလိုစိတ်မရှိ​တော့​ပေ။ လူသတ်ခြင်းများ၊ ​ဒေါသများနှင့် အ​လောင်းတို့ကို အသ​ရေမဲ့​စေခြင်းများသာ ဖြစ်​ပေမည်။ အခုတ​လောတွင် Horde အ​လောင်းများကိုပင် ပြန်မသယ်နိုင်​တော့ဘဲ လက်နက်နှင့် ချပ်ဝတ်တန်ဆာများကိုသာ ထပ်သုံးရန် ချွတ်ယူလာရသည်။ တစ်ခါတစ်​လေ​တော့ ​ကွယ်လွန်သွားသူ ​ရှေ့တွင် အ​လေးပြုကြ​သော်လည်း အခု​တော့ ရှားလာပြီ။ အ​လောင်းအား ဂုဏ်ယူစွာ ပြန်သယ်လာပြီး ပွဲများ ကျင်းပ​ပေးသည့်​အချိန်​တွေ ကုန်လွန်ခဲ့​ပေပြီ။ Draenei ​တွေကို သတ်ပြီး လက်နက်တန်ဆာများကို ပြင်ဆင်ရန်မှလွဲ၍ အချိန်မရှိပါ​ချေ။

မှုံမှိုင်း​သော မျက်စိအစုံဖြင့် သူ အမိန့်များကို ​စောင့်​နေ၏။ Blackhand က ခံတပ်ဂိတ်ဝတွင် ရပ်​​နေသည်။

"ငါတို့ ​ရှေ့မှာ ချီတက်စရာ ခရီးအရှည်ကြီးရှိတယ်။ မင်းတို့ကို အထုပ်ပြင်ခိုင်းထားတာ ပြင်ပြီးပြီလို့ ​​မျှော်လင့်ပါတယ်။ စစ်သည်တို့၊ မင်းတို့ အရာရာအဆင်သင့်ဖြစ်​နေရမယ်။ ​ဆေးဆရာ​တွေကလည်း ​ဆေးဝါး​တွေ အစုံအလင်ဖြစ်​နေရမယ်။ ဒါ​ပေမယ့်.. ငါတို့ စစ်မတိုက်ခင် ဂုဏ်သ​ရေရှိ အရာ တစ်ခု ပြုလုပ်ရလိမ့်မယ်"

သူက လက်​မြှောက်ကာ အ​ဝေးတစ်​နေရာရှိ ညို့မှိုင်း​သော ​တောင်ကြီးကို ညွှန်ပြသည်။

"အဲ့ဒါ ငါတို့ရဲ့ ​နောက်ဆုံးပန်းတိုင်ပဲ။ ငါတို့ အဲ့​တောင်​ပေါ်မှာ ရပ်တည်ကြမယ် ပြီး​တော့ အဲ့မှာ ဖြစ်မယ့်အရာ​တွေက ရာဇဝင်တွင်​​စေရမယ်။ Ore ​တွေရဲ့ သမိုင်းမှာ တစ်ခါမှ မကြုံဖူး​​သေးတဲ့ အစွမ်း​တွေကို ကြုံရ​တော့မယ်"

ထို့​နောက် လူအုပ်ကြီးအတွင်း အုက်အုက်ကျက်ကျက် ဖြစ်သွားပုံကို ​ကျေနပ်စွာ ကြည့်​လေသည်။

Durotan ဆတ်ခနဲ ဖြစ်သွားသည်။.. ဒီ​နေ့ ဖြစ်​တော့မှာ​ပေါ့

စကားအပို မ​ပြောတတ်သူ ဖြစ်သည့်အ​​လျောက် Blackhand က မိန့်ခွန်းကို "သွားရ​အောင်" ဆိုကာ အစဖြတ်လိုက်သည်။

Blackhand ၏ စကား​ကြောင့် တက်ကြွ​နေ​သော လူအုပ်ကြီးက ထက်သန်စွာ ချီတက်ကြသည်။ Durotan လည်း Draka ကို တစ်ချက်ကြည့်ကာ ​လေးပင်စွာ ​ခြေလှမ်းလှမ်း​နေ၏။

​တောင်​ပေါ်ရှိ ကုန်းပြင်မြင့်သို့ သွားသည့် လမ်းမှာ ကျဥ်း​မြောင်း မတ်​စောက်က ဓါးအကြီးအကြီး တစ်လက်ဖြင့် ဖြတ်ထားသကဲ့သို့ တိတိပပ ရှိလှသည်။ လက်နက် ချပ်ဝတ်တန်ဆာအပြည့်အစုံကို သယ်​ဆောင်ကာ ​နေပူထဲတွင် ​တောင်တက်​နေရ၍ ​မောပန်းလာကြ၏။ တိုက်ပွဲသို့ မ​​ရောက်ခင် စစ်သည်များကို အပင်ပန်းခံ ခိုင်းခြင်းမှာ အဓိပ္ပါယ်သိပ်မရှိလှ​ပေ။ မနက်ဖြန် နားပြီးမှ  တိုက်ရမည် ထင်ပါသည်။

အားလုံး စု​ဝေးငြိမ်သက်ပြီး​​သော် မိန့်ခွန်း​ပြောသူမှာ Blackhand မဟုတ်ဘဲ Gul'dan ဖြစ်​ကြောင်းကို Durotan အံ့သြစွာ ​တွေ့ရ၏။

"ငါတို့ လူမျိုးစု​တွေ တကွဲတပြား ​နေခဲ့ကြတဲ့ အချိန်​တွေက သိပ်​ဝေးလှတာ​တော့ မဟုတ်ဘူး။ တစ်နှစ်မှာမှ နှစ်ခါပဲ ဗုံတီးပြီး ကခုန်ဖို့ စု​ဝေးခဲ့ကြတယ်"

Gul'dan က စက်ဆုပ်မှုများ ပြည့်နှက်​နေသည့် အသံဖြင့် ​ပြောသည်။ Kosh'harg ပွဲ​တော်တွင် အဖွဲ့များ စု​ဝေးကြသည်မှာ နှစ်​ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ထိုသို့ စု​ဝေးခြင်းမှာလည်း Gul'dan​ပြော​နေသလို ရှက်စရာ ကိစ္စမဟုတ်ပါ​။ တန်ဖိုးထားရ​သော စွမ်းအားကြီးသည့် အစာတစ်ခု ဖြစ်ပါသည်။ ထိုပွဲ​​တော်က အဖွဲ့များကြား ငြိမ်းချမ်း​ရေး ထိန်းသိမ်း​ပေးခဲ့သည်​လေ။ သို့​သော် သူ့နားရှိ ore များကမူ ညည်းညူကာ လက်နက်များကို ​ဝေ့ယမ်း၍ စိတ်ပျက်လက်ပျက်ဖြင့် ရှက်ရွံ့​နေကြ၏။ နတ်ဆရာ ဖြစ်ခဲ့ဖူးသူများပင် ပါ​သေးသည်။

"အခု​တော့ ကြည့်ကြပါဦး! ငါတို့ အဖွဲ့​တွေအားလုံး စည်းစည်းလုံးလုံးနဲ့ ရယ်​​မော​နေကြရပြီ။ Blackhand ရဲ့ အစွမ်းထက်တဲ့ ​ခေါင်း​ဆောင်မှု​အောက်မှာ တစ်သားတည်း ဖြစ်​နေကြပြီ"

အား​ပေးသံများ ညံသွား၏။ Durotan နှင့် Drakaက​တော့ မပါ​ပေ။

"သူ့ရဲ့ ​ခေါင်း​ဆောင်မှု​အောက်နဲ့ မဟာမိတ်တွေရဲ့ ချီး​မြောက်မှု​အောက်မှာ ငါတို့ ပိုပြီး သန်မာလာတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုက ရာစုနှစ်နှစ်ခုအတွင်း တိုးတက်ခဲ့တာ​ထက်​တောင် ပို​သေးတယ်။ ငါတို့ကို နှစ်​ပေါင်းများစွာ ​​​ခြောက်လှန့်လာတဲ့ ခြိမ်း​ခြောက်မှုကို အပြတ်ရှင်းဖို့လည်း သိပ်မလို​တော့ဘူး။ ဒါ​ပေမယ့် အဲ့ဒါကို မလုပ်ခင်..သစ္စာခံပြီး ​ကောင်းချီး​တွေ ယူကြရ​အောင်"

သူက ထူးဆန်းသည့် ဖလားတစ်ခုကိုကိုင်​မြှောက်လိုက်သည်။ အ​ကောင်တစ်​ကောင်၏ ဦးချိူဖြင့် လုပ်ထားသည်ဟု ထင်ရ​သော်လည်း ထိုမျှကြီးသည့်အ​ကောင်ကို Durotan မမြင်ဖူး​ချေ။ ၎င်းကို ထွင်းထားကာ အဝါ​​ရောင်ဆိုးထား၏။ ထူးဆန်း​​သော စာအချိူ့ကိုလည်း ထွင်းထားကာ ​​နေ့အလင်း​ရောင် မှိန်လာသည်နှင့်အမျှ စာများက ​တ​​ဖြေး​ဖြေး လင်းလာသည်။

"ဒါက စည်းလုံးခြင်း ဖလားပဲ။ ဒီဖလားကို အဖွဲ့တိုင်းရဲ့ ​ခေါင်း​ဆောင်​တွေဆီ ​ပေးမယ်။ ပြီး​တော့ ​ခေါင်း​ဆောင်​တွေကလည်း မဟာမိတ်​တွေရဲ့ ​ကောင်းချီး​ပေးတာကို ခံချင်တဲ့လူ ဘယ်သူ့ကိုမဆို ပြန်လက်ဆင့်ကမ်း​ပေးရမယ်။ ဘယ်သူ ပထမဆုံးလာချင်သလဲ? သစ္စာ​တော်ခံပြီး ​ကောင်းချီးယူဖို့အတွက်​လေ?"

Gul'dan က သူ့ညာဘက်ရှိ Blackhand ထံသို့ အနည်းငယ် လှည့်​လိုက်ကာ Blackhand ကလည်း စကား​ပြောဖို့ ဟန်ပြင်လိုက်စဥ် အသံတစ်သံက ဟိန်းထွက်လာ၏။

မဟုတ်ဘူး... Durotan ​တွေးလိုက်သည်။ သူ​ဖြစ်လို့မရဘူး..

Draka က Durotan လက်​မောင်းကို ဆုပ်ကိုင်လိုက်သည်။ "သူ့ကို မတား​တော့ဘူးလား"

Durotan စကား​ပြောဖို့ ပြင်လိုက်​​​သော်လည်း အသံ ထွက်မလာ။ သူ ​ခေါင်းခါလိုက်သည်။ "မဖြစ်ဘူး"

သူ တစ်ခါက​တော့ ထို ခံ့ညားထည်ဝါသူကို သူ့ သူငယ်ချင်းအဖြစ်သတ်မှတ်ခဲ့ဖူး​သည်။ သို့​သော် ဘာဖြစ်​နေသလဲ ဆိုတာ သူသိ​နေ​ကြောင်းကို ထုတ်​ဖော်ဖို့ မရင်းရဲပါ။

Grom Hellscream အတွက် ဆိုလျှင်​တောင်​ပေါ့။

Warsong အဖွဲ့​ခေါင်း​ဆောင် Grom က​တော့ Gul'dan ​ရှေ့ ​ရောက်သွား​လေပြီ။ Blackhand က​တော့ လန့်သွားပုံရသည်။ Gul'dan ​ရော သူ​ရောက သူအရင်​​သောက်ရမည် ဟု ထင်ထားကြသည်မှာ သိသာ၏။

Gul'dan က ချက်ချင်း ပြုံးလိုက်ကာ အနည်းငယ် ဦးညွတ်ရင်း အစိမ်း​ရောင် အရည်များနှင့် ပြည့်​နေ​သော ဖလားကို Grom ထံ ကမ်း​ပေးလိုက်သည်။

Grom က တုံ့ဆိုင်းမ​နေဘဲ တစ်ခါတည်း ​မော့​သောက်လိုက်သည်။ Durotan က စိတ်လှုပ်ရှားစွာ ​​စောင့်ကြည့်​နေ၏။ ထိုစာကို မ​ကောင်းတဲ့သူ တစ်​​ယောက်​ယောက်က ပို့လိုက်တာလည်း ဖြစ်နိုင်တာပဲ။ ​ထောင်ချက်ဆင်တာ ဖြစ်နိုင်တာပဲ-

Gul'dan ဖလားကို ပြန်ယူလိုက်ပြီးပြီးချင်းပင် Grom တဆတ်ဆတ် တုန်လာ၏။ အကုန်လုံးက စိုးရိမ်စွာ ကြည့်​နေကြစဥ်ပင် Grom ၏ ပုခုံးကျဥ်းများက ကျယ်ပြန့်လာသည်။ ရုတ်တရက် ကြီးမားလာသည့် ခန္ဓါကိုယ်​ကြောင့် ဝတ်ထားသည့် သံချပ်ကာ အက်ကွဲသွား၏။ ဖြည်းညင်းစွာပင် သူ ပြန်မတ်လာသည်။ အစိမ်း​ရောင်အရည်၏ အစွမ်း​ကြောင့် ပိုမိုသန်မာကာ ကြံ့ခိုင်လာပြီး လူအုပ်ဆီသို့ ကြည့်လိုက်သည်။

Durotan မြင်ရ​သော သူ့မျက်နှာမှာ ​ချောမွတ်နေပြီး.. တက်တူးထိုးထားသည့် ​မေးစေ့မှလွဲ၍ လုံးဝ အစိမ်း​ရောင် ဖြစ်​နေသည်။

Grom က ​ခေါင်းကို ​နောက်ပစ်ကာ ​အော်လိုက်၏။ ထို​အော်သံမှာ ကျယ်​လောင်လှ​သော​ကြောင့် ဓါးသွားတစ်​ချောင်းလို စူးဝင်သွား၍ Durotan နားများပင် ပိတ်လိုက်မိသည်။ သို့​သော် Grom ဆီမှ​တော့ အကြည့်မလွှဲနိုင်​ပေ။

ယခု Grom မျက်လုံးများ အနီ​ရောင် ဖြစ်​နေပြီ။

"ဘယ်လို ခံစားရသလဲ Warsong အဖွဲ့က Grom Hellscream" Gul'dan က မနှစ်သက်စရာ​ကောင်း​စွာ နူးညံ့​​နေသည့် အသံဖြင့် ​မေးသည်။

"အရမ်း... အရမ်း ​​နေလို့​ကောင်းတယ်! ငါ့ကို Draenei ​သွေး ​ပေးစမ်း!!! သူတို့အသား​တွေကို ဆုတ်ဖြဲပစ်မယ်! သူတို့ ​​သွေး​တွေကို ​သောက်​ပစ်မယ်! Draenei ​သွေး​ပေးစမ်း"

လက်သီးများကို ဆုပ်ကာ သူ့ရင်ဘတ်ကလည်း ​ဟောဟဲလိုက်​နေ၏။ သူ့ပုံက တစ်မြို့လုံးကိုပင် လက်ဗလာဖြင့် ဝင်တိုက်​တော့မ​ယောင်။ တကယ်တိုက်ခဲ့လျှင်လည်း နိုင်မည် ဆိုတာ Durotan သိ​နေသည်။ သူက သူ့အဖွဲ့ကို ညွှန်ပြလိုက်သည်။

"Warsong အဖွဲ့သား​တွေ! ​ရှေ့ထွက်ခဲ့! မင်းတို့ တစ်​ယောက်မှ ဒါကို မငြင်းရဘူး"

Warsong အဖွဲ့သားများအားလုံး စိတ်အားထက်သန်စွာ ​ရှေ့သို့ ​ပြေးထွက်လာကြပြီး ဖလားကို တစ်​ယောက်တစ်လက် ယူ​သောက်ကြ၏။ ခဏတာ နာကျင်မှုကို ခံစားကြရပြီး​​နောက် သိသိသာသာပင် အားအင်များ ပြည့်ဖြိုးလာကြကာ မျက်လုံးများ အနီ​ရောင် ​ပြောင်းသွားကြသည်။ Blackhand က​တော့ မျက်​မှောင်ကြုတ်ပြီးကြည့်​နေရာမှ ​နောက်ဆုံးတစ်​ယောက် ​​သောက်ပြီး​သော် "ငါ ​သောက်မယ်" ဟု ဆိုကာ ဖလားကို ယူ၍ ​မော့​သောက်လိုက်​လေ၏။ သူ ​ခေတ္တမျှငြိမ်ကျသွားပြီး​နောက် သံချပ်ကာကို ဆွဲချွတ်လိုက်ရာ ကြီးထွားလာ​​​လာ​နေသည့် ကြွက်သားအစိမ်း​ရောင်များ ​ပေါ်ထွက်လာပြီး မျက်လုံးများ နီလာသည်။ Blackhand က သူ့သားနှစ်​ယောက်ကို ကြည့်လိုက်ရာ နှစ်​ယောက်လုံး ​ပြေးထွက်လာကြ၏။ Blackhand ၏ သမီး ဖြစ်သူ Griselda က​တော့ ​သောက်ဖို့မလုပ်ခင် တုံ့ဆိုင်းသွား​ကြောင်း Durotan ​တွေ့လိုက်ရသည်။

"နင် မ​သောက်ရဘူး"

Blackhand စကား​ကြောင့် Griselda ​နောက်ဆုတ်သွား၏။ Durotan က​တော့ စိတ်သက်သာရာ ရသွားသည်။ Griselda ကို အရှက်ခွဲဖို့လုပ်လိုက်တာ ဖြစ်​​ပေမယ့် တကယ်က​တော့ ကံ​ကောင်းသွားခြင်းပင်။

"လာပါဦး မိတ်​​ဆွေကြီး Orgrim ငါနဲ့ လာ​သောက်ပါ"

အခု​တော့ သူ့အချစ်ဆုံးသူငယ်ချင်းပါ ​သောက်ဖို့ အ​ခေါ်ခံ​နေရပြီ ဖြစ်၍ Durotan စကား​ပင် မ​ပြောနိုင်​ပေ။ သို့​သော် Orgrim က ​ခေါင်းခါလိုက်၏။

"ကျွန်​တော် ဒီလို ဂုဏ်ဒြပ်မျိုးကို မယူလိုပါဘူး ​ခေါင်း​ဆောင်။ ကျွန်​တော်က ဒုတိယ​နေရာပဲ ရှိတာပါ အဖွဲ့​​ခေါင်း​ဆောင် မဟုတ်ပါဘူး"

Durotan အခုမှ သက်ပြင်းချနိုင်​တော့သည်။ Durotan သိထားသည့် အ​​ကြောင်းများကို Orgrim မ​သိ​သော်ငြား သူလည်း အမှန်တရားကို မြင်နိုင်​ပေသည်။ သူ အရူးမဟုတ်​ပေ။ ယုတ်မာရက်စက်​စေမည့် ခွန်အားများ ရဖို့အတွက်နှင့်​​တော့ သူ့ကိုယ်သူ စ​တေးပစ်မည် မဟုတ်ပါ။

အခြား အဖွဲ့​ခေါင်း​ဆောင်များကလည်း စိတ်လှုပ်ရှားစွာ တန်းစီ​နေကြ​ပေပြီ။ Durotan က​တော့ တုတ်တုတ်မျှပင် မလှုပ်။ Drek'Thar က အနားကပ်ကာ ခပ်တိုးတိုး ​ပြောသည်။

" ​ဆေး​သောက်ပြီး ဂုဏ်ဒြပ်မခံယူချင်ဘူးလား အဖွဲ့​ခေါင်း​​ဆောင်"

Durotan ​ခေါင်းခါလိုက်သည်။

"မလုပ်ဘူး။ ငါ့အဖွဲ့ကိုလည်း လုပ်ခွင့် ​ပေးမှာ မဟုတ်ဘူး"

Drek'Thar လန့်သွား၏။

"ဒါ​ပေမယ့်... Durotan..  ဒီ​ဆေးက စိတ်စွမ်းအင်​ရော ခွန်အားပါ ဖြည့်​ပေးတာ အသိသာကြီးပဲ​လေ။ မ​သောက်ချင်ရင် ရူး​နေလို့ပဲ"

Durotan က စာထဲက အ​ကြောင်းများကို ပြန်​တွေးရင်း ​ခေါင်းခါလိုက်သည်။ အစက​​တော့ သံသယရှိခဲ့​ပေမယ့် အခု​တော့ လုံးဝ ယုံသွား​​လေပြီ။

" ​သောက်မှ တကယ် အရူးဖြစ်မှာ​" သူ ဖျတ်ခနဲ ​ပြောလိုက်၏။ Drek'Thar က ​စောဒကတက်ရန် ပြင်လိုက်ရာ သူ့အကြည့်​ကြောင့် ပါးစပ်ပိတ်သွား​လေသည်။

Velen ​ပြောခဲ့သည့် စကားများက အားမထုတ်လိုက်ရဘဲ မ​မျှော်လင့်စွာ ပြန်​​ပေါ်လာသည်။

"ငါတို့က ကိုယ့်လူမျိုးကိုယ် ကျွန်အဖြစ်​ရောင်းချဖို့ သ​ဘောမတူခဲ့ဘူး။ ဒါ့ကြောင့်ပဲ ပြည်နှင်ခံခဲ့ရတယ်"

Ore များ ထိုဖလားထဲမှ အရည်ကို​သောက်လိုက်သည်နှင့် တပြိုက်နက် သူတို့ကိုယ်သူတို့ ပိုင်​တော့မည်မဟုတ်​ကြောင်းကို Durotan ​သေချာ သိ​နေသည်။ Gul'dan လုပ်​နေသည့်အရာများမှာ Draenei ​ခေါင်း​ဆောင်တို့လုပ်ခဲ့သည့် အရာများပင်ဖြစ်၏။ သမိုင်းတ​ကျော့ပြန်​နေ​ချေပြီ။ သိပ်မကြာခင်တွင် သူတို့ပါ "ပြည်​ပြေးများ" ဖြစ်​ပေ​တော့မည်။ သို့​သော် ကိစ္စမရှိပါ။ သူလုပ်​နေတာ​တွေ မှန်​ကြောင်း သူသိသည်။ သူမှလွဲ၍ အခြား ​အဖွဲ့​ခေါင်း​ဆောင်များအားလုံး​သောက်ပြီးသွားသည့် အချိန်မှာပင် သူ ​ကြောက်​နေသည့်အရာ ​ရောက်လာ​ပေ​တော့၏။

"ကြီးမြတ်တဲ့ Durotan.. ငါတို့နဲ့အတူ လာ​​သောက်လှည့်ပါဦး.." Gul'dan က လက်​​ဝှေ့ယမ်းကာ လှမ်း​ခေါ်သည်။

"မ​​သောက်​တော့ပါဘူး Gul'dan.."

"ငြင်းတယ်​ပေါ့? မင်းကိုယ်မင်း သူများ​တွေထက် ​တော်တယ်ထင်​နေတာလား? ဒီ​ကောင်းချီး​ပေးတာကို​တောင် မလို​ဘူး​ပေါ့?"

​အဖွဲ့​ခေါင်း​ဆောင်များက မျက်​​​မှောင်ကြုတ်ကာ ရှူးရှူးရှားရှားဖြစ်ကုန်ကြသည်။

Durotan မတုန်လှုပ်​ပေ။

"ဒါ ကျုပ်​ရွေးချယ်မှုပဲ"

"မင်းအဖွဲ့ထဲက တခြားသူ​တွေက​တော့ ​သောက်ရင်​​​သောက်ချင်​နေမှာ​ပေါ့" Gul'dan က Frostwolf အဖွဲ့ကို ​ဝွေကြည့်လိုက်၏။ "သူတို့ကို​​​ရော ​​သောက်ခွင့်​ပေးမှာလား"

"မပြုဘူး။ ကျုပ်က ဒီ Frostwolf အဖွဲ့ရဲ့ ​ခေါင်း​ဆောင်။ ဒါ ကျုပ်​ရဲ့ ရွေးချယ်မှုပဲ"

Gul'dan က Durotan ​ရှေ့သို့ ဒုန်းစိုင်း​ရောက်လာကာ နား နား တီးတိုးကပ်​ပြောလိုက်သည်။

"မင်း ဘာ​တွေကို ဘယ်က သိထားတာလဲ"

သူ့ပုံမှာ ခြိမ်း​ခြောက်လိုဟန် ဖြစ်​သော်လည်း Durotan က​တော့ ​မျှော်လင့်ချက်ရသွားသလိုပင်။ သူ့ကို လုပ်ကြံမယ့်အစား လက်ခံလာ​အောင် ခြိမ်း​ခြောက်​နေသည်​လေ။ ထို့​ကြောင့် ဟိုထူးဆန်းသည့်စာမှ အ​ကြောင်းများသည် အမှန်ဖြစ်​ကြောင်း အတည်ပြုပြီးသားလည်းဖြစ်သွား၏။ သူ ဒီ​တောင်ကို​ကျော်နိုင်ပြီး အဖွဲ့ကို ကာကွယ်နိုင်​လောက်​သေး​ကြောင်း သူ သ​ဘော​ပေါက်သွားသည်။

"သိသင့်သ​လောက် သိထားတယ်။ ဘယ်လို သိသလဲဆိုတာ​တော့ ခင်ဗျား ဘယ်​တော့မှ သိရမှာမဟုတ်ဘူး"

Gul'dan က လုပ်ပြုံး ပြုံးသည်။

"ဒါ မင်းရဲ့​ရွေးချယ်မှုပဲ Ganad ရဲ့ သား​တော် Durotan ။ ဒါ​ပေမယ့် ဒီ​နောက်မှာ ပါလာတဲ့ အကျိုးဆက်​တွေကိုလည်း တာဝန်ယူရမယ်"

စကားလုံး​တွေက ထက်လှ​သော်လည်း Durotan ဂရူမစိုက်နိုင်ပါ။ ဒီည​တော့ မဟုတ်​သေးပါ။

Gul'dan က သူ့​နေရာသူ ပြန်သွားကာ လူအုပ်ဘက်ကို လှည့်​အော်လိုက်သည်။

"ငါတို့ရဲ့ ​ကျေးဇူးရှင်ကြီး Kil'jaden ရဲ့ ​ကောင်းချီး​ပေးခြင်းကို အလိုရှိတဲ့သူအားလုံး ရပြီးကြပါပြီ။ ငါတို့ကို တစ်ဆင့်ထပ်မြှင့်​ပေးတဲ့ ဒီ​နေရာကို မြင့်မြတ်တဲ့​မြေလို့ သ​ဘောထားပြီး ဒီ​တောင်ကုန်းကို Kil'jaden ရဲ့ ​တော်ဝင်ပလ္လင်လို့ သ​ဘောထားလိုက်ပါ"

သူက ​နောက်တစ်ချက်ဆုတ်ကာ Blackhand ကို ကြည့်လိုက်သည်။ မျက်လုံးများနီရဲ​နေသည့်  Blackhand က အ​ရောင်တဖိတ်ဖိတ်​တောက်​နေ​​​သော သံချပ်ကာဝတ်ထားသည့် လက်ကို​​မြှောက်လိုက်၏။

"ဒီည ငါတို့ သမိုင်းတွင်​စေရမယ်။ ဒီည ငါတို့ ရန်သူ​တွေရဲ့ ​နောက်ဆုံးကျန်တဲ့​နေရာကို တိုက်ခိုက်ကြမယ်။ ​ခြေ​တွေလက်​တွေကို ဆွဲဖြုတ်ပြီး သူတို့​သွေးနဲ့​ရေချိူးပစ်ကြမယ်။ Horde ​တွေ ​အောင်မြင်ပါ​စေ!!"

ဒီည ဟုတ်လား? Durotan ​ကြောင်သွားသည်။ ဘာ ဗျုဟာမှလည်း မဆွဲထားပါဘဲ ရွာငယ်​လေးလည်း မဟုတ်သည့် Draenei တို့ရဲ့ ​နောက်ဆုံးကျန်တဲ့မြို့​တော်ကို ဝင်တိုက်မလို့တဲ့လား။ ​နောက်ဆုံးကျန်တဲ့မြို့ကို သူတို့ မရ ရတဲ့နည်းဖြင့်ကာကွယ်မည်မှာ ​သေချာပါသည်။

ရူးသွပ်ခြင်းပင်။

​ဆေးရည်များ ​သောက်သုံးခဲ့သည့်သူအားလုံး ရူးသွပ်သွားကြ​ပေပြီ။ Hellscream က အစိမ်း​ရောင်အသား​ရေသို့ ​ပြောင်းလဲသွားကာ မီးပုံနားတိုး၍ ကခုန်​နေသည်။ Durotan က​တော့ ​Warlocks များ၏ အခိုင်းအ​စေသတ္တဝါများနှင့် တ​ဖြေး​ဖြေးတူလာသူများကို ​ကြောက်လန့်တကြားသာ ကြည့်​နေနိုင်​တော့သည်။

စာထဲတွင်ပါသည့်အ​ကြောင်းအရာများကို သူပြန်​တွေးလိုက်သည်။ ​ရှေး​ဟောင်းဆန်​သော်လည်း ပညာတတ်သည့် အ​ရေးအသား။

"မင်းကို ​သောက်ခိုင်းကြလိမ့်မယ်။ ငြင်းဆန်ပါ။ အဲ့ဒါ​တွေက မ​ကောင်းဆိုးဝါး​သွေး​တွေပဲ။ ​သောက်တဲ့သူ​တွေတိုင်း မ​ကောင်းဆိုးဝါးအဖြစ်ကို ​ပြောင်းလဲသွားလိမ့်မယ်။ ငြင်းဆန်ပါ။"

ထိုစာထဲတွင် "မ​ကောင်းဆိုးဝါး" ဆို​သော စကားလုံးတစ်ခုပါ​နေ၏။

မ​ကောင်းဆိုးဝါး​တွေ...

Dae'mons.  Demons.



Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl
 


rate now: