ကျွန်တော်သည် နတ်ဆရာဒုတိယမျိုးဆက် ခေါင်းဆောင်ဖြစ်ပြီး Horde တို့အတွက် ပိုကောင်းသော အနာဂတ်ရှိစေလိုသည်။ ဓါတ်ကြီးလေးပါးနှင့် အဆက်အသွယ်ရှိသော်လည်း ဘိုးဘေးနတ်များကိုမူ တစ်ခါမှ မမြင်တွေ့ဖူးပါချေ။
စိတ်နှလုံးအတွင်းမှ တောင့်တလွန်းလှသော်လည်း အိပ်မက်ထဲ၌ပင် မမြင်တွေ့ဖူး။ ယခင်က နတ်ဆရာဖြစ်ခဲ့ဖူးသူများသည် နတ်ဆရာလမ်းစဥ်ကို ပြန်လိုက်ရဖို့ စိတ်ပင်မကူးဖူးကြသော်လည်း ယခု ပြန်လိုက်ခွင့်ရကြပေပြီ။
တစ်နေ့နေ့တော့ ဘိုးဘေးနှင့် ကျွန်တော်တို့ကြားရှိ အတားအဆီးများလည် ပျောက်ကွယ်သွားမည် ထင်ပါ၏။
တစ်နေ့နေ့ပေါ့။
သို့သော် သူတို့ အဆုံးအမများကို ဂရုမစိုက်ဘဲ ဘယ်ထိလွန်ကျူးခဲ့ကြသည်ကို သိသွားလျှင်.. Draenor တွင် ကျွန်တော်တို့ ဘာတွေလုပ်ခဲ့သည်ကို မြင်သွားခဲ့၍ ကျွန်တော်တို့ကို ပစ်ပယ်သွားမည်ဆိုလျှင်လည်း အပြစ်ဆိုစရာမရှိပါချေ။
"ကျွန်တော် နားမလည်ဘူး" အဖွဲ့ရဲ့ အငယ်ဆုံး Warlock ဖြစ်သည့် Ghun က ပြောသည်။ ထူးဆန်းသည့် သတ္တဝါများနှင့် အလုပ်လုပ်ရပြီး ရန်သူများကို သတ်ဖြတ်ရခြင်းအား ထိုကောင်လေး မနှစ်သက်လှကြောင်း Durotan သတိထားမိသည်။ Gul'dan ထံမှ အမိန့်ကြောင့် ထိုကောင်လေး ပြဿနာတက်ပြီတည်းက Drek'Thar က Durotan ထံ ခေါ်လာခြင်းပင်။
"ဓါတ်ကြီးလေးပါးနဲ့ ပြန်လက်တွဲခွင့်ရဖို့ မျှော်လင့်တာ ဘာများမှားနေလို့လဲ? ပြီးတော့ ဘာလို့ Oshu'gan ကို သွားလို့မရတာလဲ?"
Durotan ထံတွင် အဖြေမရှိ။ နတ်ဆရာအကျင့်များ ပြန်ကျင့်သုံးသူတိုင်းအား သေဒဏ်၊ ပြည်နှင်ဒဏ်များ ပေးမည်ဆိုသော အမိန့်မှာ ဘယ်ကထုတ်လိုက်မှန်းပင် မသိရပေ။ ဓါတ်ကြီးလေးပါးက မကူညီတော့သောအခါ အချို့နတ်ဆရာများ နှုတ်ထွက်သွားကြသည်မှာ မှန်သော်လည်း ဘိုးဘေးတွေကရော? ဘာလို့ Gul'dan က ဒီလိုအချိန်မှာမှ တားမြစ်ရတာလဲ?
အမှန်တရားကို သိခွင့်ရှိသော ကလေးတစ်ယောက်အား ပေးစရာအဖြေ မရှိ၍ Durotan ဒေါသထွက်လာ၏။
"Draenei တွေကို အနိုင်တိုက်ဖို့ ငါတို့ စစ်ခေါင်းဆောင်က မဟာမိတ်တွေ ဖွဲ့ခဲ့ရတယ်။ မဟာမိတ်တွေက မင်းအခုသုံးနေတဲ့ အစွမ်းတွေပေးထားတယ်လေ။ မင်း ကြိုက်မှန်း သိပါတယ်။ မညာပါနဲ့"
ကောင်လေး၏ အသားအရေကို ကြည့်ရင်း Durotan မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ နှစ်နှစ်နီးပါး အလုပ်လုပ်နေရသည့်နေရာက ခြောက်သွေ့ကြမ်းတမ်းလွန်းသောကြောင့် ဖြစ်မည်။ ပုံမှန်ဆို ညိုစိုနေသည့်အသားက ခြောက်သွေ့ကြမ်းတမ်းနေ၏။ Ghun က အရေပြားကို မတော်တဆ ခြစ်မိလိုက်ရာ အောက်ဘက်က အသားနုလေး ပေါ်လာ၍ ကြည့်လိုက်သည်။
အစိမ်းရောင်သန်းနေ၏။
ရုတ်တရက် Durotan ခေါင်းတစ်ခုလုံး ချာချာလည်ကာ ထိတ်လန့်သွားသော်ငြား စိတ်ပြန်ထိန်းလိုက်၏။ သူ မမှားပါ။ တကယ်ကို အစိမ်းရောင်ဖြစ်နေသည်။ ဘာကြောင့် မှန်း မသိသော်လည်း သူ မနှစ်မြို့ပေ။ Ghun ကတော့ သတိထားမိပုံမရ။
တကယ်လို့ Ghun သာ ဒီ့လောက်မငယ်ပါက ခုနက သူ့လေသံကို သဘောပေါက်မည်ဖြစ်သော်လည်း သူ့အပူနှင့်သူမို့ သတိမပြုမိချေ။
" ဂါထာတွေနဲ့ သတ္တဝါတွေက သုံးရလွယ်ပေမယ့်... တစ်ခုခုမှားနေသလို ခံစားရတယ်။ အရင်တုန်းကလည်း ရန်သူတွေကို သတ်ရပေမယ့် ဒီလို မဖြစ်ဖူးဘူး။ ဘိုးဘေးတွေက Draenei တွေကို သတ်ခိုင်းလို့ သတ်ရတာ ဆိုပြီး ဘာလို့ Gul'dan က ဘိုးဘေးတွေနဲ့ စကားမပြောခိုင်းရတာလဲ"
Durotan ဒေါသ ထွက်သွားကာ ထိုကောင်လေးကို လည်ပင်းမှ ဆောင့်ဆွဲလိုက်ကာ သူ့မျက်နှာနှင့် ကပ်လိုက်၏။
"အဲ့ဒါ အရေးမကြီးဘူး။ ငါက Frostwolf အဖွဲ့အတွက် အကောင်းဆုံးအရာကို လုပ်မှာ။ အကောင်းဆုံးဆိုတာကလည်း Blackhand နဲ့ Gul'dan လုပ်ခိုင်းတာတွေပဲ။ ဒီအမိန့်ကို နာခံလိုက်"
Ghun က သူ့ကို ငေးကြည့်နေသည်။ ဒေါသပြယ်သွားသော် ဝမ်းနည်းခြင်းတို့က အစားထိုး ဝင်ရောက်လာ၍ ထိုကောင်လေးသာ ကြားနိုင်မည့် လေသံနှင့် ကပ်ပြောလိုက်၏။
"မဟုတ်ရင် ငါ မင်းတို့ကို ကာကွယ်ပေးလို့ ရမှာ မဟုတ်ဘူး"
Ghun က ခေါင်းကို အောက်စိုက်ကာ သက်ပြင်းချသည်။
"နားလည်ပါပြီ ခေါင်းဆောင်၊ အဖွဲ့ကို သိက္ခါမကျစေရပါဘူး"
Durotan သူ့ကို လွှတ်ပေးလိုက်သည်။ Ghun လည်း သူတို့ လုပ်နေတာတွေ မှားမှန်း သိနေပြီ။ သို့သော် ထိုကလေး တစ်ယောက်တည်း ဓါတ်ကြီးများကို ဆက်သွယ်ဖို့ လုပ်နေတာ အရာမရောက်ပါပေ။
"ခေါင်းဆောင်တောင်မှ အရာမရောက်ပဲ" Durotan ခါးသက်စွာ တွေးမိသည်။
Horde တို့ နောက်ထပ် သိမ်းပိုက်ရမည့်နေရာမှာ အထွတ်အမြတ်ထားသည့် နေရာတစ်ခုပင်။
နတ်ဆရာအကျင့်ကို ပိတ်ပင်ခြင်း အမိန့်နောက်တွင် ကပ်ပါလာသည်မှာ Draenei တို့၏ Karabor ဘုရားကျောင်းကို စစ်ချီရန်ဖြစ်သည်။ ထိုနေရာမှာ Ner'zhul ၏ Shadowmoon အဖွဲ့နေထိုင်ရာ Shadowmoon တောင်ကြားနှင့် နီးသော်လည်း မည်သူမှ မမြင်ဖူးပေ။
"အရင်တုန်းက သိမ်းခဲ့တဲ့မြို့တွေက လေ့ကျင့်ရုံပဲ ရှိတယ်။ တစ်နေ့တော့ သူတို့ မြို့တော်ကို ဖျက်ဆီးပစ်မှာပါ။ အဲ့ဒါ မလုပ်ခင် သူတို့ လူမျိုးကို အရင် ဖျက်ဆီးပစ်မယ်။ ရုပ်တုတွေ အကုန်လုံး အမှုန့်ချေပစ်။ ဘာသာရေးခေါင်းဆောင်တွေကို သတ်ပစ်။ သူတို့ ရူးမလို ဖြစ်သွားရင် မြို့ကို အသာလေး သိမ်းရုံပဲ" Blackhand က ပြောသည်။
စစ်သည်များကြား ရပ်နေသည့် Durotan က Blackhand ဘေးတွင် ရပ်နေသည့် Orgrim ကို လှမ်းကြည့်လိုက်၏။ Orgrim မှာ ရုပ်တည်နှင့် နေတတ်လာသော်လည်း Durotan ကိုတော့ လိမ်လို့မရပါ။ သူလည်း ဒီ အဓိပ္ပါယ်ကို သိပါသည်။ ထိုနေရာမှာ Velen အိမ်ဖြစ်သည်။ သူသာ ထိုနေရာတွင် ရှိနေလျှင် သတ်ပစ်ရမည်မှာ အသေအချာပင်။ Restalaan ကို သတ်ခဲ့ရသည်ပင် လွန်လှပြီ။ ဆုတောင်းကို နားထောင်ပေးမည့် သူများသာ ရှိသေးလျှင် Velen ကို မသတ်ရဖို့ Durotan ဆုတောင်းမိမည် ဖြစ်သည်။
ခြောက်နာရီခန့်ကြာသော် Durotan တစ်ယောက် Draenei ဘုရားကျောင်း၏ လှေကားထစ်များပေါ်တွင် ရပ်ကာ အနံ့ပေါင်းစုံကြောင့် အသက်ရှူကျပ်နေ၏။ Draenei သွေးညှီနံ့များ၊ သေးနံ့ မစင်နံ့များ၊ အကြောက်တရား၏ အနံ့ဆိုးများနှင့် ချိုအီသော အမွှေးတိုင် ရနံ့များကြောင့် Durotan ယိုင်ထိုးကာ အန်မိတော့၏။ အန်စရာ ဘာမှ မကျန်တော့သည်အထိ အန်ပြီးတော့မှ တုန်ယင်နေသည့် လက်များဖြင့် ပလုတ်ကျင်းကာ ထွေးထုတ်လိုက်သည်။
ရယ်သံများကြား၍ လှည့်ကြည့်လိုက်ရာ Blackhand ၏ သားနှစ်ယောက်ဖြစ်နေသည်။
"ဒီလိုမှပေါ့ ။ သူတို့က အန်ဖတ်တွေ တံတွေးတွေနဲ့ပဲ တန်တယ်" Rend က တခစ်ခစ်ရယ်ရင်း ပြောသည်။
"ဟုတ်ပ.. အန်ဖတ်တွေ တံတွေးတွေနဲ့ပဲ" Maim က လိုက်ပြော၏။
Maim က အနီးရှိ ဘုန်းကြီးအလောင်းတစ်လောင်းကို လှမ်းကန်ကာ တံတွေးဖြင့် ထွေးလိုက်ရာ Durotan ထိတ်လန့် ရွံရှာစွာ မျက်နှာ လွှဲလိုက်ရသည်။ သို့သော် နေရာတိုင်းတွင် ထိုမြင်ကွင်းများဖြင့်သာ ပြည့်နေသည်။ တချို့က ခွက်များ၊ ဖယောင်တိုင်များနှင့် လှူဒါန်းထားသော သစ်သီးများကို သိမ်းကြုံးယူနေသည်။ Blackhand ကတော့ အရက်အသစ်တစ်မျိုးကို ရှာတွေ့ကာ အငမ်းမရသောက်နေ၏။
"ငါတို့ ဒီလို လူမျိုးတွေ ဖြစ်လာတာလား? .. မိခင်ကြီး Kashur .. အမေနဲ့ ဆက်သွယ်ခွင့်မရတာပဲ ဝမ်းသာပါတယ်။ အမေ့ကို ဒီလို မြင်ကွင်းမျိုး မမြင်စေချင်ဘူး။"
"ဘုရားကျောင်းကိုရတာတော့ ဟုတ်ပါပြီ။ ငါလိုချင်တာတော့ မရသေးဘူး" Kil'jaden ကပြောသည်။
"သစ္စာဖောက် Velen က ကြိုသိနေတယ် ထင်တယ်။ သူက ရှေ့ဖြစ်ဟော ဆိုတော့လည်း" Gul'dan က ကြောက်ရွံ့စွာပြောသည်။
Kil'jaden ခေါင်းကြီးက ယမ်းသွားသောအခါ Gul'dan မတုန်လှုပ်မိအောင် သူ့ကိုယ်သူ ပြန်ထိန်းလိုက်ရသည်။
"ဟုတ်တယ်။ ဒီလောက်လွယ်တယ်ဆို အခု မိနေပြီပေါ့"
အခုမှ Gul'dan အသက်ပြန်ရှူနိုင်တော့သည်။ Velen တစ်ယောက် သူနဲ့ မျိုးနွယ်တူဆီမှ (မျိုးနွယ်တူကြောင်း သူသေချာပါသည်) ထိုမျှ အမုန်းခံရအောင် ဘာများ လုပ်ခဲ့လဲ သိချင်နေသော်လည်း သူ စိတ်ထိန်းနိုင်ပါသည်။
"ဘုရားကျောင်းကို သိမ်းပြီးပြီဆိုတော့ အကုန်လုံး မြို့တော်ကို ထွက်ပြေးကြမှာ။ လုံခြုံပြီထင်နေကြမှာပဲ ဒါပေမယ့် ပိတ်မိနေကြပြီ"
"ဟုတ်ပြီ။ ဘုရားကျောင်းကို မင်းယူလိုက်။ ဒါပေမယ့် မင်းအရုပ်လေးတွေ မြို့တော်ကို မတိုက်ခင်.. ပေးစရာလက်ဆောင်တစ်ခုရှိတယ်"
Gul'dan စာရေးပြီးသည်အထိ Ner'zhul စောင့်ကြည့်နေမိသည်။ အရေးကြီးတဲ့ စာတွေ ဖြစ်ရမည်။ မဟုတ်လျှင် စာရေးတစ်ယောက်ယောက်ကိုသာ ရေးခိုင်းမည်ဖြစ်သည်။
ဘုရားကျောင်းကို သိမ်းပိုက်ကာ Black Temple ဟု အမည် ပြန်ပေးထားကြသည်။ ဘုန်းတော်ကြီးများနှင့် ရှေ့ဖြစ်ဟော ပုရောဟိတ်များအစား လူလိမ်များနှင့် သစ္စာဖောက်များ နေထိုင်နေကြ၏။ သူလည်း ထိုအထဲတွင် ပါဝင်နေကြောင်း Ner'zhul ခါးသီးစွာ တွေးလိုက်မိသည်။
Gul'dan က စာရေးပြီးသောအခါ နေရာမှ ထရပ်လိုက်ပြီး သူ့ဆရာဟောင်း ဖြစ်ခဲ့ဖူးသူကို ရွံရှာစွာ ကြည့်လိုက်၏။
"လိပ်စာတပ်ပြီး ဆက်သားတွေဆီပို့လိုက်။ မြန်ပစေနော်"
Ner'zhul ခေါင်းသာညိတ်လိုက်သည်။ သူ့ တပည့်ဟောင်း ဖြစ်ခဲ့ဖူးသူကို သူ ဦးမညွတ်နိုင်သေး။ Gul'dan နေရာတွင် ဝင်ထိုင်လိုက်ပြီး သူထွက်သွားသည်နှင့် စာကို ဖတ်လိုက်သည်။
Gul'dan လည်း သူဖတ်မည်မှန်း သိပြီးသားဖြစ်ပေမည်။ စာထဲတွင် သူမသိတာမပါပါ။ ကြမ်းပြင်တွင် ထိုင်ရသည်ဖြစ်သော်ငြား Shadow Council ၏ အစည်းအဝေးတိုင်း သူတက်ရသည်ပင်။ ဘာကြောင့်မှန်းမသိသော်လည်း Kil'jaden က သူ့ကိုရှိနေစေလိုသည်။ Gul'dan စိတ်နဲ့သာဆို သူ သေနေလေပြီ။
စာတွေကို ဖတ်နေရင်း မသန်မစွမ်းသူ တစ်ယောက်လို ခံစားရလာ၍ သူ့ကိုယ်သူ ရွံရှာလာမိသည်။ သူ့မျက်လုံးများက စာရွက်အလွတ်များအပေါ် ရောက်သွား၏။
ရဲတင်းလှသည့် အတွေးတစ်ခု ဝင်လာ၍ သွေးခုန်နှုန်းများ ရပ်သွားသည်။
ဘေးကို အမြန် လှည့်ကြည့်လိုက်ရာ ဘယ်သူမှမရှိ။ သူ တကယ်ကို တစ်ယောက်တည်း။ Kil'jaden၊ Gul'dan နှင့် Shadow Council တစ်ခုလုံးက သူ့ကို ဘာမှ မလုပ်ရဲသည့် အစွယ်ကျိုးနေသော ဝံပုလွေကြီး ဟု ထင်ကြသည်။ သူတို့ထင်တာလည်း အတော်များများတော့ မှန်ပါသည်။
အတော်များများပေါ့။
သူ့အစွမ်းတွေ အကုန်အနှုတ်ခံထားရကြောင်း သူသိပါသည်။ သို့သော် သူ့ဆန္ဒကတော့ ပြင်းပါသေးသည်။ သူကိုယ်တိုင် မလုပ်နိုင်သော်လည်း လုပ်နိုင်မည့်သူကို ဆက်သွယ်နိုင်ပါသေး၏။
စာရွက်အလွတ်တစ်ရွက်ကို ယူရင်း သူ့လက်များ တုန်လာသည်။ စိတ်အကြာကြီး ထိန်းပြီးနောက် စာကို ချရေးလိုက်နိုင်၏။ မှင်ဘူးကို ပိတ်ကာ စာရွက်ကို လိပ်လိုက်သည်။ ဝံပုလွေက အစွယ်ကျိုးနေသော်လည်း တိုက်ခိုက်ရခြင်း၏ အရသာကို မမေ့သေးပါ။
စစ်ချီဖို့ အမိန့်များစွာ။ Durotan စိတ်ကုန်နေလေပြီ။ နားရသည်ကို မရှိဘဲ ဆက်နေသည့် စစ်ပွဲများ၊ အနေဆင်းရဲ၊ အစားဆင်းရဲနေသည့် နေ့ရက်များ။ ရယ်မော ကခုန်ရသည့် နေ့ရက်များ ကုန်ဆုံးခဲ့လေပြီ။ တြိဂံပုံတောင်ကြီး၏ ဘေးပတ်လည်တွင်လည်း မီးခိုးမည်းများ ပိန်းပိတ်နေ၏။ ထိုတောင်ထဲတွင် အိပ်ပျော်နေသည့် သက်ရှိတစ်ဦးရှိပြီး တစ်နေ့နေ့တွင် နိုးထလာမည်ဖြစ်ကြောင်း အချိူ့က ပြောကြသည်။ ဘာကို ယုံရမလဲ မသိတော့ပါချေ။
ဆက်သားလာပို့သည့် စာကို Durotan မှိုင်ထွေစွာ ဖတ်နေရင်း တဖြေးဖြေး သူ့မျက်လုံးများ ပြူးကျယ်လာသည်။ တစ်ယောက်ယောက်များ သူစာဖတ်နေတာကို ရိပ်မိနေမလား ဟု အထိတ်တလန့် ကြည့်လိုက်မိသည်။ ဘယ်သူမှ သူ့ကို ကြည့်မနေပါ။
သူ Draka ဆီ ပြေးသွားလိုက်သည်။ ဒီသတင်းကို ပြောဖို့ သူယုံကြည်ရသည့် တစ်ဦးတည်းသော လူသား။ စာကိုဖတ်နေရင်း Draka မျက်လုံးများ ပြူးကျယ်လာ၏။
"ဘယ်သူသိသေးလဲ" သူက စိတ်ထိန်းရင်း ခပ်တိုးတိုးမေးသည်။
"မင်းတစ်ယောက်တည်း" သူလည်း ပြန်ပြောလိုက်၏။
"Orgrim ကို ပြောမှာလား"
Durotan ခေါင်းခါလိုက်၏။ သူ့ရင်ဘတ်ထဲ နာကျင်သွားသည်။
"မပြောရဲဘူး။ သူက Blackhand ရဲ့ သစ္စာတော်ခံ"
"Blackhand ရော သိမယ်ထင်လား"
Durotan ပုခုံးတွန့်လိုက်သည်။
"ဘယ်သူသိသေးလဲတော့ ကိုယ်မသိဘူး။ ကိုယ်သိတာက ကိုယ့်လူမျိုးကို ကာကွယ်ဖို့ပဲ"
Draka က သူ့ကို ကြည့်လိုက်သည်။
"တစ်ဖွဲ့လုံး ဒါကို မလုပ်ဘူးဆိုရင်.... အကုန် အာရုံစိုက်ကုန်ကြလိမ့်မယ်။ အပြစ်ခံရနိုင်တယ်နော်။ ပြည်နှင်ဒဏ်.. မဟုတ်ရင် သေဒဏ်ပဲ"
"ကိုယ်တို့ လိုက်နာရင် ဖြစ်လာမယ့် ကိစ္စထက်စာရင် အဲ့ဒါတွေကမှ တော်သေးတယ်။ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ သစ္စာဆိုထားတာ။ ဒီလိုအဖြစ်ခံဖို့ လုံးဝခွင့်မပြုနိုင်-"
သူ့အသံ ကျယ်လာကြောင်း သတိထားမိသွား၍ အသံကို ပြန်လျှော့လိုက်၏။
" ဒီလိုမျိုး လုပ်ဖို့ လုံးဝ ခွင့်မပြုနိုင်ဘူး"
Draka မျက်လုံးများက ချက်ချင်း မျက်ရည်များဖြင့် ပြည့်လျှံသွားကာ သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"အဲ့ဒါပဲ" သူက နက်နက်နဲနဲ ပြောလိုက်သည်။
"အဲ့ဒါကြောင့် ရှင့်ကို ရွေးခဲ့တာ။ ရှင့်အတွက် သိပ် ဂုဏ်ယူတယ်"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl