45
အိမ် ။ ဘယ်လို လူမျိုးပင် ဖြစ်နေပါစေ၊ အိမ် ဆိုသည့် စကားလုံးမှာ နှလုံးသားကို နွေးထွေးစေသည့် အရာပင်ဖြစ်သည်။ အိမ်ဆိုသည်မှာ ရှေးကျသည့် နယ်မြေတွင် ဖြစ်နိုင်သလို၊ စိတ်ကြိုက်တည်ဆောက်ထားသည့် နေရာအသစ်လည်း ဖြစ်နိုင်သည်။ ကိုယ်ချစ်သောလူတစ်ယောက်၏ မျက်လုံးထဲတွင်ပင် အိမ်ကို ရှာဖွေတွေ့ရှိနိုင်၏။ သို့သော်.. ကျွန်တော်တို့ အားလုံး အိမ်ကို လိုအပ်ကြသည်။ တောင့်တကြသည်။ အိမ်မရှိလျှင် မပြည့်စုံသလို ခံစားရသည်။
နှစ်ပေါင်းများစွာကြာအောင် အဖွဲ့တိုင်းတွင် အိမ် ကိုယ်စီ ရှိခဲ့ကြ၏။
ကျွန်တော့် အတွက် အိမ်ဆိုသည့်နေရာကတော့ ယခု ကျွန်တော့်အဖေနာမည်ကို ဂုဏ်ပြုပြီး ပေးထားသည့် Durotar နယ်မြေပင် ဖြစ်ပါသည်။
×
Durotan ခေါင်းမော့ကာ အနံ့ခံလိုက်သည်။ သူ ရသည့် အနံမှာ ခြောက်သွေ့သည့် ဖုန်နံ့ဖြစ်သည်။ အရင်တုန်းကဆိုလျှင် Drek'Thar က သူ့ထက်အရင်အနံ့ရမည်ဖြစ်သော်လည်း Drek'Thar မှာ နတ်ဆရာမဟုတ်တော့သောကြောင့် မရတော့ပေ။
မိုးမရွာသည်မှာ ကြာခဲ့ပြီဖြစ်ပြီး နွေရာသီမှာ သာမန်ထက် ပိုပူနေ၏။ Durotan ဒူးထောက်က မြေကြီးကို ထိကြည့်လိုက်သည်။ ယခင်က အညိုရင့်ရင့်အရောင်ဖြင့် မြေသင်းနံ့သင်းနေကာ မြေဆီကြွယ်ဝခဲ့သည့် မြေမှာ ယခုတော့ ဖုန်များသာ ဖြစ်နေ၏။
Draka သူ့နား ကပ်လာသည်ကိုသိသော်လည်း လှည့်မကြည့်ဖြစ်။ Draka က သူ့ကို အချိန်အတော်ကြာအောင် နောက်ကျောမှ သိုင်းဖက်ထားပြီးမှ လွှတ်ပေးလိုက်ကာ သူနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။
"စိုက်ပျိုးရေးက အရေးတော့ မကြီးပါဘူးလေ" သူ တိတ်ဆိတ်စွာ ပြောလိုက်သည်။
Draka ကိုမြင်ရသည်မှာ သူရင်နာလှ၏။ Draka မှာ သူ့ထက်တော်သော်လည်း အဖွဲ့ခေါင်းဆောင် မဟုတ်သောကြောင့် သူချခဲ့ရသည့် ဆုံးဖြတ်ချက်များကို မချခဲ့ရ။
"အမဲလိုက်လို့ရတဲ့ အသားကိုပဲ အများဆုံး စားဖြစ်တာတော့ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့အကောင်တွေက မြေကြီးကဖြစ်တဲ့ အသီးအနှံတွေကို စားရတာလေ။ ကျွန်မတို့အားလုံး တစ်နည်းနည်းနဲ့ ဆက်စပ်နေကြတာ။ နတ်ဆရာတွေ ဒါကို သိခဲ့တယ်"
Durotan သက်ပြင်းချကာ စာတစ်စောင်ကမ်းပေးလိုက်၏။ "ခုလေးတင်ပဲ ဒီစာရခဲ့တာ။ ငါတို့ စခန်းကနေ ထွက်ရမယ်"
"ဘာ?"
"Blackhand အမိန့်ပဲ။ သူ ခံတပ်တစ်ခု ဆောက်ထားပြီး စစ်တပ်ကို အဲ့မှာ ထားချင်တယ်တဲ့။ ငါတို့ တိုက်ခိုက်ဖို့ အကုန်လူစုရအောင် အချိန်မရဘူး။ အကုန်တူတူနေပြီး Blackhand ပြောတဲ့အချိန် ထွက်တိုက်နိုင်အောင် လုပ်ရမယ်တဲ့"
"အသင့်ပြင်ထားရတော့မှာပေါ့" Draka က ပြောပြီး ထွက်သွားသည်။ သူ့နောက်ကျောကို ကြည့်ရင်း ဘာလို့ ရင်နာလာမိမှန်း Durotan နားမလည်။
ခံတပ်မှာ အပြီးမသတ်ရသေးသော်လည်း မြင်လိုက်ရသည့် တစ်ခဏတွင် Durotan ခြေလှမ်းများ ရပ်တန့်သွားမိ၏။ သူ့ဘေးတွင်တော့ ရေရွတ်သံများ ကြားနေရသည်။
"အာဏာကြီးလိုက်တာ"
"ခမ်းနားလိုက်တာ"
"စစ်ခေါင်းဆောင် ဖြစ်ထိုက်ပါတယ်"
Durotan သာ စကားပြောဖြစ်ခဲ့မည်ဆိုလျှင် "ဆိုးရွားလိုက်တာ၊ အဖျက်အစီး ပဲ။ ဒီမြေနဲ့ လုံးဝ လိူက်ဖက်မညီဘူး" ဟု ပြောမိမည်ပင်။
Frostwolf အဖွဲ့နှင့် ဝေးကွာနေသေးသော်လည်း ထင်းထင်းကြီးမြင်နေရပေပြီ။ လက်ရာများမှာ Ore ဆန်သည့်ပုံ တစ်စက်မှ မရှိ။ အဆောက်အအုံများမှာ Draenei တို့ထက် ကြီးကျယ်မြင့်မားနေ၏။ Ore တပ် တစ်တပ်လုံးကို ထားမည်ဆိုလျှင် ဤမျှ ကြီးမှ ရမည်ဆိုတာကို နားလည်သော်ငြား Durotan ဒါမျိုးကို မမှန်းထားမိခဲ့။
Draenei တို့၏ မြို့တော်မှာ ချောမွေ့သော်လည်း သူတို့ခံတပ်မှာမူ ကြမ်းတမ်းပြီး မညီမညာရှိသည်။ သူ ရှေ့ဆက်မသွားနိုင်ဘဲ ထိုနေရာတွင်ပင် ရပ်နေမိ၏။
သူနှင့် Draka တိတ်ဆိတ်စွာ ကြည့်နေမိ၏။ အခြားသူများမှာ ရှေ့သို့ ဆက်သွားကြပြီ ဖြစ်၍ သူလည်း သွားလိုက်ရသည်။
ခံတပ်အထဲသို့ ရောက်လာလည်း ပိုကောင်းမလာပါ။ အခြအဆောက်အအုံများကို တွေ့ရပြီး လေ့ကျင့်ရေးကွင်းများတွင် သူတစ်ခါမှ မမြင်ဖူးသည့် လက်နက်များ ပြည့်နေ၏။ ထိုအရာများမှာ အန္တရာယ်ရှိပုံရပြီး မကောင်းသည့် အငွေ့အသက်များ ဖုံးလွှမ်းနေ၏။
Blackrock အဖွဲ့ဝင်များက Durotan တို့ကို နှုတ်ဆက်ကာ ရွက်ဖျင်တဲများထိုးရန် အနောက်ဖက်သို့ နေရာချပေးလိုက်သည်။ ခံတပ်သို့ သတင်းပို့ရန် ဆင့်ခေါ်မှုများကို တခြားသူများနှင့်အတူ Durotan ရလိုက်၏။ အယောက်နှစ်ဆယ်လောက်ရှိသည့် အဖွဲ့မှာ လမ်းလျှောက်သွားကာ စောင့်နေကြသည်။
အဝေးမှ ဗုံသံများကို အရင် ကြားလိုက်ရသည်။ Durotan ဆတ်ခနဲ ဖြစ်သွား၏။ သူတို့ကို ဘာလက်နက်မှ မယူလာဘဲ.. ဘာကိုမှန်းမသိသည့်အရာကိုသာ စောင့်ဆိုင်းခိုင်းထားခြင်းဖြစ်သည်။ Draka က သူ့ကို လှမ်းကြည့်သည်။ သူ့တွင်လည်း ပေးစရာ အဖြေမရှိပေ။
ဗုံသံများက ပိုမို နီးကပ်လာသည်။ မြေကြီးမှာ ဆက်လက်တုန်ခါနေ၏။ Blackrock စစ်သည် နှစ်ယောက် ချဉ်းကပ်လာသည်။ "မကြောက်ကြပါနဲ့။ Horde အဖွဲ့ဝင်တွေပါ" တစ်ယောက်က အော်ပြောသည်။ "ဒါမှ မဟုတ် မဟာမိတ်အသစ်တွေပေါ့။ ရဲရင့်တဲ့ Blackhand ကိုယ်တိုင် စုဆောင်းခေါ်ယူထားတဲ့ သူတွေ ကို ကြိုဆိုကြ"
မြေကြီး တုန်ခါနေပုံမှ ရသည့် ခံစားချက်ကို သူ ရင်းနှီးနေ၏။ ဒီလို ခံစားချက်မျိုးကို Durotan နောက်ဆုံး ရခဲ့သည်မှာ သူ-
"ဘီလူးတွေ!" တစ်ယောက်က ထအော်လိုက်သည်။ ဒါဇင်နှင့်ချီသော ဘီလူးများ။ Blackrock အဖွဲ့သားများကလည်း အော်ဟစ် အောင်ပွဲ ခံနေကြရာ လူအုပ်ကြီးမှာ ကခုန် မြူးတူးနေကြကာ ဗြောင်းဆန်နေတော့သည်။
ဒါတွေက မဟာမိတ် အသစ်တွေတဲ့လား။ Durotan ယုံပင်မယုံနိုင်။ ထို့နောက် သူမြင်ဖူးသမျှတဲ့ အကြီးဆုံး ဘီလူးတစ်ကောင်ကို မြင်လိုက်ရသည်။ Blackhand က ဘီလူးဘေးတွင် ဂုဏ်ယူဝင့်ကြွားစွာ လိုက်ပါလာ၏။ ထိုဘီလူးဘေးတွင် သူ့ပုံက ကလေးကစားစရာအရုပ်လို ဖြစ်နေသည်ကို သတိမထားမိသလိုပင်။
"ငါတို့ Draenei တွေကို ချေမှုန်းပစ်မယ်" Blackhand က အော်ဟစ်လိုက်ရာ ဘီလူးများကလည်း သူ့ကို စောင့်နေသလိုပင် "ချေမှုန်းမယ်၊ ချေမှုန်းမယ်၊ ချေမှုန်းမယ်" ဟု လိုက်အော်ကြ၏။
သူ မူးဝေစွာဖြင့် ဘီလူးလက်မှ ပြေးနေရသည့် ကလေးဘဝသို့ ခဏတာ ပြန်ရောက်သွား၏။ သူ မျက်စိခဏမှိတ်လိုက်ရာ ဘီလူးတစ်ကောင်၏ တင်းပုတ်လက်ချက်ကြောင့် ဦးခေါင်းကြေမွကာ သွေးတစက်စက်ကျပြီး သေပွဲဝင်ခဲ့ရသည့် သူ့ဖခင် Ganad ကို မြင်ယောင်လာသည်။
ဉာဏ်ပညာကြီးမားပြီး ငြိမ်းချမ်းတဲ့ လူမျိုးတစ်စုကို ဖျက်စီးဖို့ ဒီလို ရွံစရာ ခေါင်းမကောင်းတဲ့ အကောင်တွေနဲ့ အလုပ်တွဲလုပ်နေရပြီတဲ့လား။
လောကကြီး တစ်ခုလုံး ရူးသွပ်ကုန်လေပြီ။
×
Velen တုန်လှုပ်သွား၏။ သူ့လက်ထောက်က နွေးထွေးသည့် သောက်စရာကို ဆက်သနေသော်လည မသောက်နိုင်။ ဒီအချိန်တွင် ဘယ်လိုအဖျော်ယမကာကမှ နှစ်သိမ့်ပေးနိုင်မည် မဟုတ်ပေ။
Telmor မြို့တော်နှင့် သူ့ မိတ်ဆွေ Restalaan ကျဆုံးသွားသည့်သတင်းကြောင့် သူ ပူဆွေးခဲ့ရသည်။ ဘယ်လိုဖြစ်ပျက်ခဲ့သည်ကို သိလိုက်ရတော့ ပိုဆိုးသည်။ စတွေ့ကတည်းက ထူးခြားမှန်းသိခဲ့သည့် Durotan ဆိုသော ထိုကောင်လေးအပေါ် ယုံကြည်မှုက သူတို့လက်ထဲတွင် ရောက်ခဲ့စဉ်က ဆက်ဆံခဲ့ပုံများကြောင့် ပိုမိုခိုင်မာခဲ့သည်။ သို့သော် မြို့ကို ကာကွယ်ထားသည့် ကျောက်တုံးကို မြင်ဖူးသူမှာ ထိုကောင်လေးနှစ်ယောက်သာ ရှိခဲ့ပြီး တစ်ယောက်မှာ ဂါထာကိုပါ အလွတ်မှတ်ထားခဲ့သည်တဲ့။ အနည်းငယ်သာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ဒဏ်ရာ အနာတရများကို ကုသပေးနိုင်ခဲ့သော်လည်း သူတို့၏ ကြေကွဲသွားသည့် နှလုံးသားများကိုတော့ ဘယ်သူမှ ကုမပေးနိုင်။
ထိုထက်ပိုဆိုးသည့် သတင်းရောက်လာ၏။ သူတို့ ပြောစကားအရ တိုက်ခိုက်သည့် လက်နက်များမှာ ပုံမှန်မဟုတ်ဘဲ အစိမ်းပုပ်ရောင် အလင်းတန်းများဖြင့် တစ်ခါမှ မခံစားဖူးသည့် နာကျင်မှုကို ဖြစ်စေခဲ့သည်။ ထိုနာကျင်မှုကို ဖြစ်စေသည့် သူများနားတွင် ကပ်နေသော ထူးဆန်းသည့် သတ္တဝါများအကြောင်း ပြောပြကြသည်။
Man'ari များအကြောင်း။
ရုတ်တရက် အဖြစ်အပျက်များအားလုံး ကြောက်ဖို့ကောင်းအောင် ယုတ္တိရှိလာကြသည်။ Ore တို့၏ ရုတ်တရက်တိုက်ခိုက်ခြင်းများ၊ ရုတ်ချည်း တိုးတက်လာသည့် နည်းပညာများ၊ ရိုးရာဖြစ်သည့် နတ်ပညာကို စွန့်လွှတ်လိုက်ခြင်းများ။ Velen နားလည်သလောက်တော့ သူတို့ ပညာများမှာ အပေးအယူသဘောမျိုးဖြစ်သည်။ man'ari ကို ဆင့်ခေါ်သူများကတော့ အင်အားကြီးမားမှုကိုသာ ဦးတည်ပြီး ဘာအပေးအယူမှ မရှိ။
Kil'jaden နှင့် Archimonde တို့လုပ်ခဲ့သလိုမျိုး။
Ore တို့မှာ နယ်ရုပ်ကလေးမျှသာပင်။ သူတို့သည်သာ တကယ့်ပစ်မှတ်များဖြစ်ကြောင်း Velen သိသည်။ တကယ်လို့ သူသာ ရှင်းပြနိုင်ခဲ့ရန် ထို Horde ခေါင်းဆောင်မှာ Kil'jaden ကို ပုန်ကန်မည်လားဟု သူတွေးမိ၏။ သို့သော် သိသိကြီးနှင့် အာဏာရူးနေကြတာလား ဖြစ်နိုင်နေသည်။
အိပ်မက်ထဲတွင်သာ မက်နိုင်ခဲ့သည့် Ore တို့နှင့် ဘီလူးများ ပေါင်းစည်းခဲ့ကြပြီ။ အချိန်အကြာကြီး မိတ်ဆွေဖြစ်ခဲ့သည့် Draenei တို့ကို တိုက်ခိုက်ဖို့အတွက်နှင့် သူတို့ မုန်းတီးလှသည်ဆိုသော ဘီလူးများနှင့် ပူးပေါင်းခဲ့လေပြီ။။
တခြားနေရာတွင်သာ ဖြစ်ခဲ့ပါက ရိုးရိုးလေးပင်။ Velen လူများစုကာ Naaru တို့ အကာအကွယ်အောက်တွင် ထွက်ပြေးမည်ဖြစ်သည်။ သို့သော် ယာဉ်မှာ ပျက်စီးခဲ့ပြီဖြစ်ပြီး K'ure မှာလည်း သေလုမျောပါး ဖြစ်နေ၏။ သူတို့ အသက်ရှင်ပါစေဟု ဆုတောင်းပြီး Horde တို့နှင့် တိုက်ခိုက်ရုံမှတစ်ပါး အခြားနည်း မရှိတော့။
"K'ure ရေ၊ ခင်ဗျားရဲ့ ဉာဏ်ပညာ ကြီးမားမှုကို သတိရလိုက်တာ။ ခင်ဗျားရှိနေမှန်းတောင် မသိကြတဲ့ ရန်သူတွေလက်ထဲရောက်နေရတာ ခါးသီးလိုက်လေခြင်း"
Velen က ကျောက်တုံးကို ရင်ဘတ်နှင့် ကပ်ထားလိုက်လေ၏။
×
Gul'dan စိတ်ကျေနပ်စွာ တစ်ခန်းလုံးကို လှည့်ကြည့်လိုက်သည်။ အားလုံး သူစီစဉ်ထားသလို ဖြစ်လာပေပြီ။ Shadow Council ကို သူ သေချာစွာရွေးနိုင်ခဲ့၏။ အကုန်လုံးက စိတ်အားထက်သန်ကြပြီး အစွမ်းနှင့် အာဏာရဖို့ဆို ကိုယ့်လူမျိုးကို သစ္စာဖောက်ရန် ဝန်မလေးကြသူများပင်။ သူ့ကိုယ်သူ Council ရဲ့ တကယ့်အဖွဲ့ဝင်လို့ ထင်နေသည့် အရူးကြောင့် သူတို့ တော်တော်အကျိုးအမြတ်ရနေသည်။ သူ့ကို စစ်ခေါင်းဆောင်ရာထူး ပေးထားရသည်မှာလည်း လွယ်ကူလှသည်။ သူ အစည်းအဝေးမှာ ရှိနေတုန်း ကျန်အဖွဲ့ဝင်များက ပြုံးပြ၊ ခေါင်းညိတ်ပြ လုပ်ရုံမျှဖြင့် လုံးဝ သံသယမဝင်ရှာတော့။ သို့သော် တကယ့်အစည်းအဝေးစလျှင်တော့ Blackhand မရှိတော့ချေ။ သူ ဂုဏ်ယူသည့် တယဝန် တစ်ခုခုကို သွားထမ်းဆောင်ရ၏။
စားပွဲထိပ်မှ ခုံတွင် ဝင်ထိုင်လိုက်ရင်း သူ နှုတ်ဆက်လိုက်သည်။ Ner'zhul ကတော့ ထောင့်တွင် ခွေနေ၏။ ဘာကြောင့်မှန်းမသိသော်ငြား Kil'jaden က သူ့ကို ဒီအတိုင်းထားခိုင်းထား၏။
"ဘီလူးတွေကို မဟာမိတ်အဖြစ်ထားတာကို အဖွဲ့ဝင်တွေ ဘယ်လိုမြင်ကြလဲ။ Kargath က စပြောကြည့်ပါဦး"
"သူတို့က သတ်ဖြတ်ဖို့ပဲ စိတ်ဝင်စားနေကြတယ်။ Draenei ခေါင်းတွေကို ဖြတ်နိုင်သရွေ့တော့ ဘယ်သူနဲ့ တွဲလုပ်ရ လုပ်ရ ဂရုမစိုက်ကြဘူး"
ရယ်သံကြီးများက တစ်ခန်းလုံး ညံသွား၏။
"Whiteclaw အဖွဲ့ကတော့ ကန့်ကွက်သူတွေ ရှိတယ် ကြားတယ်။ ပြီးတော့ Durotan က ဆက်ရှိနေတုန်းပဲနော်"
"မကြောက်ပါနဲ့။ သူ့အတွက် အစီအစဉ်ရှိပါတယ်"
"ဘာလို့သူ့ကို ရှင်းမပစ်တာလဲ? သူ့နေရာမှာ အစားထိုးဖို့ သူအများကြီးပါ။ သူက Blackhand ရဲ့ ရာထူးကို မကျေမနပ်ဖြစ်နေတာ လူအသိပဲ။ ခင်ဗျားရာထူးကိုရောပဲ"
"အဲ့ဒါကြောင့်ပဲ သူ့ကို လိုနေသေးတာပေါ့" Gul'dan ကပြောသည်။ "နောက်ဆုံး သူထွက်သွားရင် သူ့လိုပဲ သံသယဖြစ်နေတဲ့သူတွေပါ ပါသွားလိမ့်မယ်။ Durotan က သူများတွေ မပြောရဲတာကိုပါ ပြောရဲဆိုရဲရှိတယ်။ တကယ်လို့ သူသာ သဘောတူမယ်ဆို ကျန်တာအားလုံး အဆင်ပြေတယ်။ Kargath ပြောသလိုပဲ။ ဒီပြဿနာတက်နေတာ Frostwolf တစ်ဖွဲ့တည်း မဟုတ်ဘူး"
"ဒါပေမယ့်.. သူ သဘောမတူတော့ရင်ရော?"
Gul'dan က အေးစက်စွာပြုံးသည်။ "ဒါဆိုရင်တော့ ငါတို့ အစွမ်းတွေကို မထိခိုက်စေမယ့် နည်းနဲ့ပဲ သွားရတော့မှာပေါ့"
Gul'dan စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ပြဿနာတက်တယ် ဆိုလို့ ပြောရဦးမယ်။ ဓာတ်ကြီးလေးပါးနဲ့ ဘိုးဘေးတွေကို ဆက်သွယ်ဖို့ လုပ်တဲ့သူတွေ ရှိသေးတယ်ဆို?"
"မလုပ်ဖို့တော့ တားထားတာပဲ။ ဒါပေမယ့် သူ့တို့ကို အပြစ်ပေးလို့လည်း မရပြန်ဘူး။ ဒါကြီးတစ်ခုလုံးကို ဘိုးဘေးတွေ ခိုင်းထားတာလို့ သူတို့က ထင်နေကြတာလေ"
"သေချာတာပေါ့။ အဲ့ဒီ့ အစာကြောင့် သူတို့ ငါးမြားချိတ်ကို ဟပ်မိကြတာလေ" Gul'dan က Ner'zhul ကို လှည့်ကြည့်လိုက်၏။ Ner'zhul ထိုငါးမြားချိတ်ကို ဟပ်ခဲ့သည်လေ။
"ဒါပေမယ့် အခု မလိုတော့ပါဘူး။ သူတို့ အဲ့နည်းတွေ ပြန်မသုံးမိမှဖြစ်မယ်။ အခု ဘီလူးတွေပါ ရဗိနေတော့ အောင်မြင်ဖို့တော့ များပါတယ်။ ဒါပေမယ့် ရှုံးသွားရင် သူတို့ စိတ်ပြန်လည်သွားကြလိမ့်မယ်။ ငါတို့ Warlock တွေကို အားပေးရုံနဲ့ မရတော့ဘူး။ နတ်ပညာကို တားမြစ်မှပါ ရတော့မယ်။ တကယ်လို့ ဘိုးဘေးတွေနဲ့သာ အဆက်အသွယ်ရသွားရင် မလွယ်ဘူး"
သူ ထပ်ပြီး Ner'zhul ကိုကြည့်လိုက်သည်။ Ner'zhul လည်း တောင်ပေါ်ကိုသွားပြီး ဘိုးဘေးတွေနဲ့ စကားပြောလိုက်ရ၍ အမှန်ကို သိသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ မဖြစ်သေးခင်ကမူ Ner'zhul လောက် တော်သည့် နတ်ဆရာပင် လှည့်စားခြင်း ခံခဲ့ရသည်မဟုတ်လား။
×
ဟိုးအဝေးတစ်နေရာတွင်တော့ အလင်းရောင် သက်ရှိများ လွင့်မျောနေ၏။ သူတို့သည် အရင်က မှတ်ဉာဏ်များရော အနာဂတ်ဖြစ်ရပ်များကိုပါ မြင်နိုင်သည်။ သူတို့နှင့် တူမလိုလိုဖြင့် မတူသော "
အခြား သက်ရှိ"တစ်ဦး၏ အကူအညီကြောင့် ဒီနေရာတွင် ငြိမ်းချမ်းစွာ နေခဲ့ရသည်မှာ ကြာခဲ့ပြီ။ အခုတော့ အမုန်းတရားများနှင့် ညစ်ညမ်းမှုများ ရောက်လာလေပြီ။ သူတို့ မြေးမြစ်များ၏ အိပ်မက်ထဲသို့လည်း သွားရောက်မလည်ပတ်နိုင်တော့။ မြေးမြစ်များကလည်း သူတို့ကို လာမတွေ့ကြတော့ချေ။ အလွန်အကြူး အလှည့်စား ခံထားရသည့် သူတစ်ယောက်သာ ငိုယို တောင်းပန်ပြီး လာခဲ့သည်။ သူ့ကိုတော့ ကယ်၍မရတော့ပေ။
ရုတ်တရက် တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရပြီး နာကျင်မှုကြောင့် ငိုကြွေးကာ "အခြားသက်ရှိ" ထံ အော်ဟစ် အကူအညီတောင်းသော်လည်း မပေးနိုင်တော့။ ထို မှော်မိုက်ညစ်ညမ်းသည့် အရာများက စွမ်းအားများ ပူးပေါင်းသွားပြီး တောင်ခြေပတ်ပတ်လည်တွင် အမှောင်ထုအဝိုင်းကြီးဖြင့် ဝန်းရံထား၏။
ထို စက်ဝန်းကို အသေပိတ်လိုက်ပြီဖြစ်၍ "အခြားသက်ရှိ" မှာလည်း အော်ဟစ်ငိုကြွေးလေတော့သည်။ နတ်ဆရာတို့မှာ ရေလာမဆက်သတော့သောကြောင့် သူ ဆက်လက်ရှင်သန်နိုင်တော့ပုံ မရပေ။ ထိုသူ မရှိလျှင် ဘိုးဘေးများလည်း ရှိတော့မည် မဟုတ်။
အဝေးတစ်နေရာတွင်တော့ သူတို့ကိုယ်သူတို့ နတ်ဆရာများဟုသာ ယူဆထားကြသေးသည့် သူများက နှစ်ခြိုက်စွာ အိပ်မောကျနေကြလေသည်။ သူတို့ အိပ်မက်များမှာလည်း နှိပ်စက်ညှင်းပန်းခြင်း သေကြေပျက်စီးခြင်းတို့ဖြင့်သာ ပြည့်နှက်နေလေ၏။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl