43
Drek'Thar က ကွဲအက်နေသည့်အသံဖြင့် တိုက်ခိုက်ခဲ့သည့်အကြောင်းများကို ပြန်ပြောပြနေ၏။ အလှတရားများအား ဖျက်စီးခဲ့ပြီး ကလေးသူငယ်များအား သတ်ဖြတ်ခဲ့သည်။ သူပြောနေသည့် အကြောင်းထဲတွင် ထိန်ချန်ထားသည့် အမှန်တရား တစ်ခုလည်း ရှိသေး၏။ ထိုအချိန်ကတော့ သူတို့ကိုယ်သူတို့ မှန်တယ် ထင်ခဲ့ကြခြင်းပင်။ တရားမျှတတယ်လို့လည်း ထင်ခဲ့ကြကြောင်း ကျွန်တော်တွေးလို့ရသည်။ ကျွန်တော့်ဖခင်လို အဖြစ်မျိုး ကျွန်တော် မကြုံရသည်မှာ ဘိုးဘေးတို့ ကျေးဇူးပင်။ အမှန်တရားနှင့် လူမျိုးကြား လွန်ဆွဲရခြင်း။ ဒါကြောင့်လည်း ကျွန်တော်တို့နှင့် မဟာမိတ်တို့ကြားက မတည်မြဲသည့် ငြိမ်းချမ်းမှုလေးကို ဆက်ကြိုးပမ်းနေခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကလေးသူငယ်များကို သတ်ဖြတ်ခဲ့သူများမှာ စော်ကားလှောင်ပြောင်မှု ခံထိုက်ပါပေသည်။
×
သိပ်မကြာခင် Draenei တို့ ဘာလို့ လုံးဝ သတိမထားမိတာလဲ ဟု Durotan သိချင်လာသည်။ Draenei တစ်ယောက်နှင့်လည်း စကားပြောလို့ရမည် မဟုတ်သောကြောင့် Draenei တို့မှာ သူတို့လုံခြုံသည်ဟု စိတ်ချလက်ချ ယုံကြည်နေခဲ့သည်ဟုသာ ခန့်မှန်းရပေမည်။
ငြိမ်သက်နေသည့် ပတ်ဝန်းကျင်မှာ စစ်ပွဲအော်ဟစ်သံများ ဝံပုလွေအူသံများဖြင့် ညစ်ညမ်းသွား၏။ စက္ကန့်ပိုင်းအတွင်းမှာပင် လက်နက်မဲ့ Draenei တော်တော်များများ အသတ်ခံလိုက်ရသည်။ ဖြူဖွေးသည့် ပလက်ဖောင်းများမှာ အပြာရောင်သွေးများဖြင့် စွန်းထင်းသွားသည်။ သို့သော် မြို့စောင့်တပ်က ချက်ချင်းလိုပင် ပြန်တိုက်သည်။
Durotan ကကျောက်တုံးကို အနီရောင်နှင့်အဝါရောင်ကျောက်များနှင့်အတူ အိတ်ထဲထည့်ထားလိုက်သည်။ လက်နက်ကို အသင့်ပြင်ထားသော်လည်း လက်နက်မပါတဲ့ရန်သူ နှင့် ကလေးသူငယ်များကို လုံးဝမသတ်ရန် သူ့ဟာသူ ကျိန်တွယ်ထား၏။
Draenei အစောင့်များ လမ်းထဲသို့ရောက်နေကြပြီး သူတို့မှော်ပညာကို ထုတ်သုံးနေကြသည်။ ဓားတစ်လက်က ပျံဝဲလာပြီး သူ့လက်မောင်းကို ထိသွားသည်။ ထိုနာကျင်မှုက တိုက်ခိုက်သူကို မြင်လိုက်ကသည့်အခါ ဖြစ်သွားသည့် ထိတ်လန့်မှုကို မမှီပေ။
Restalaan ကို တိုက်ပွဲတွင် ဒုတိယအကြိမ် ပြန်တွေ့ရပေပြီ။ ဒီတစ်ကြိမ်တွင် သူတို့မှာ ဘာအကြွေးမှ မရှိတော့။ နှစ်ဖက်စလုံး လုံးဝ သက်ညှာကြတော့မည် မဟုတ်ပေ။
Restalaan က သူ့ဘာသာစကားဖြင့် တစ်ခုခု အော်လိုက်သည်။ မတိုက်ခိုက်ဘဲ Durotan ကို သူစီးထားသောကုန်းနှီးကနေ တရွတ်တိုက် ဆွဲခေါ်သွား၏။ Durotan လန့်သွားကာ သတိမထားမိလိုက်ခင်တွင်ပင် သူသည် ရန်သူ့ရှေ့မြေပြင်ပေါ်သို့ ရောက်နေလေပြီ။
သူ့စီးတော် ဝံပုလွေ Nightstalker က Restalaan ကို ခုန်အုပ်လိုက်ကာ လက်မောင်းကို လှမ်းကိုက်လိုက်သည်။ သံချပ်ကာသာ မဝတ်ထားလျှင် အတော်ထိသွားမည်ဖြစ်ပြီး ထိုအရှိန်ကြောင့် လက်က ဓားကို လွှတ်ချလိုက်မိသည်။ Durotan က ပုဆိန်ကို အားကုန်လွှဲ၍ Restalaan ကိုယ်အလယ်ပိုင်းကို ရိုက်ချလိုက်ရာ ဒူးထောက်ကျသွား၏။ ဝံပုလွေကလည်း သူ့လက်မောင်းကို ဆက်ခဲထားရာ သိပ်မကြာခင် ပြတ်ထွက်တော့မည့်ဟန်ရှိသည်။ ထိုမျှ နာကျင်စွယ ခံစားနေရသည့်တိုင် Restalaan မှာ အသံတစ်စက်မှ မထွက်ပေ။
Durotan က မတ်တတ်ရပ်လိုက်ပြီး ပုဆိန်ကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်သည်။ ဒီတစ်ခါတော့ တစ်ခါတည်း ညင်သာစွာ အသက်ထွက်သွားစေရန်ဖြစ်သည်။ Restalaan ပျော့ခွေကျသွားကာ Nightstalker က လွှတ်ပေးလိုက်သည်။ Telmor မြို့စောင့်တပ် ခေါင်းဆောင်မှာ သေလေပြီ။
Durotan သူ့ကိုယ်သူ နောင်တရခွင့်မပြု။ Nightstalker ပေါ်တက်ကာ နောက်ပစ်မှတ်ကိုရှာရန် ထွက်လာလိုက်သည်။ တစ်ဘက်ခြမ်းတွင် တိုက်ခိုက်နေသည့် Orgrim ကိုတွေ့လိုက်၍ သူရပ်ကာ ကူညီရန်သွားလိုက်၏။ သို့သော် Doomhammer မှာ လေထဲပျံဝဲသွားပြီး ရန်သူ့ဦးခေါင်းကို ခြေမွလိုက်သည်။ Durotan ပြုံးလိုက်သည်။ Orgrim က အကူအညီပေးစရာမလိုပေ။
သူ့ဘေးတွင် တစ်ယောက်ယောက် ရောက်နေသည်ကို သတိပြုမိသောအခါ သူ့အဖွဲ့ရဲ့စစ်ကြွေးသံကိုအော်ဟစ်ကာ လှည့်လိုက်သည်။ ပုဆိန်ကို မြှောက်ကာ ခုတ်ရန်ပြင်လိုက်၏။ သို့သော် ကလေးမှာ အရွယ်ပင်မရောက်လောက်သေး။ သံချပ်ကာဝတ်ထားသည့် သူ့ခြေထောက်ကို လက်ဗလာဖြင့် တိုက်ခိုက်ရန်ကြိုးစားနေသည်။ ကလေး တစ်ကိုယ်လုံးမှာ သွေးများရွဲနေပြီး မျက်လုံးများတွင် နာကျင်မှုနှင့် ဒေါသတို့ ပြည့်နှက်နေသည်။
တစ်ခဏတော့ ထိုကလေးမမှာ Durotan နှင့် Orgrim တို့ တွေ့ခဲ့ဖူးသည့် ကောင်မလေးဟု သူထင်လိုက်မိသည်။ မဖြစ်နိုင်ပါ။ ထိုကောင်မလေးက အခုဆို မိန်းမကြီး ဖြစ်နေလောက်ပြီ။ ဘယ်လိုဖြစ်ဖြစ် ဒီကလေးမကို သူ မသတ်ပါ။ Ore တို့ ဒီလို မယုတ်မာတတ်ပါ။
သူ ပုဆိတ်ကိုပစ်ချလိုက်သည်။ ရုတ်တရက် ကောင်မလေး မျက်လုံးများပြူးလာပြီး ပါးစပ်မှ သွေးများထွက်လာ၏။ Durotan က ကောင်မလေးရင်ဘတ်ကိုကြည့်လိုက်သော် လှံတစ်စင်းက ထုတ်ချင်းပေါက်နေသည်။ သူဘာမှ မပြောရသေးခင် ကောင်မလေးကို သတ်လိုက်သော Shattered Hand အဖွဲ့မှတစ်ယောက်က လှံကိုပြန်ဆွဲထုတ်ကာ ကောင်မလေးအလောင်းကို တက်နင်းပြီး ရယ်လိုက်သည်။
"မင်း ငါ့ကို အကြွေးတင်သွားပြီ Frostwolf"
Durotan နာကျင်လွန်း၍ ဘိုးဘေးများကို မျှော်မှန်းကာ ငိုလိုက်မိသည်။
လမ်းမပေါ်တွင်အလောင်းများ ပျံ့ကြဲနေ၏။ အများစုမှာ Draenei များဖြစ်သော်လည်း Ore တို့လည်း အနည်းအကျဉ်းပါ၏။ အသက်ရှိသေးသော Ore တို့မှာ လဲလျောင်းနေရင်းက အကူအညီတောင်းနေကြသည်။ နတ်ဆရာများသာဆိုလျှင် ကုပေးနိုင်သော်လည်း Warlock မှော်ပညာက ဆေးကုမပေးနိုင်၍ သူတို့လည်း ဝေဒနာခံစားနေကာ သေဖို့ကိုကာ စောင့်နေရ၏။
သူတို့ တဖြည်းဖြည်း သွားလာရင်း အကြီးဆုံး အဆောက်အအုံတစ်ခုသို့ ရောက်ရှိလာ၏။ သူနှင့် Orgrim ညစာစားခဲ့ရသည့် တရားသူကြီးအိမ်ဖြစ်ကြောင်း Durotan ချက်ချင်းမှတ်မိလိုက်သည်။ Nightstalker က လှေကားထစ်များကို တက်သွားပြီး အပေါ်ဆုံးရောက်သောအခါ Durotan မနေနိုင်ဘဲ လှည့်ကြည့်မိ၏။
ယခင်ကတော့ Draenei မြို့ကြီးသည် မြက်ခင်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ကျောက်မျက်ရတနာများ နှင့် တူခဲ့သည်။ ယခုလည်း တူပါသေးသည်။ သို့သော် ပျက်စီး၊ ယိုယွင်းကာ သွေးများ စွန်းထင်းနေပြီး ငြိမ်းချမ်းရေးများ ဆုတ်ယုတ်သွားခဲ့ပြီ။
"ငါတို့ လူမျိုးနဲ့ မြို့တော်အတွက် တကယ် ဂုဏ်ယူတယ်" Restalaan က Durotan ကို ပြောခဲ့သည်။ အခုတော့ မြေပြင်မှာ သေဆုံးကာ အခြား Draenei များကြား တောင့်တင်းစွာ လှဲလျောင်းနေသည့် Restalaan ။
"ငါတို့ ဒီမှာ တကယ် အလုပ်ကြိုးစားခဲ့ကြတယ်။ ငါတို့ Draenor မြေကို ချစ်တယ်။ ပြီးတော့ Ore တစ်ယောက်နဲ့ ဒီမြေကို မျှဝေခွင့်ရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကံကြမ္မာက တကယ် ထူးဆန်းတာပဲ
တကယ်ကို ဆန်းကြယ်ခဲ့ပါသည်။
သူတို့နှစ်ယောက် တည်းခိုခဲ့ဖူးသည့် အခန်းမှာ Ore စစ်သည် ဒါဇင်ပေါင်းများစွာ၏ ဖျက်စီးခြင်း ခံလိုက်ရပြီ။ Ore တို့မှာ ချောမွတ်နေသည့် နံရံများကို သက်သက်မဲ့ အပေါ်များလိုက်ဖောက်ကြပြီး အိပ်ရာများကို ဓားဖြင့်ထိုးကြသည်။ သစ်သီးထည့်သည့် ပန်းကန်များ၊ လှပသောသော ရုပ်ထုများအား ပုဆိန်တွေ တူတွေဖြင့် ခြေမွပစ်ကြသည်။
Durotan သည်းမခံနိုင်တော့ ။ "ရပ်လိုက်!" သူအော်ဟစ်လိုက်သော်လည်း ဘယ်သူမှ မကြား။ Warlock နှင့်ပါလာသည့် အကောင်လေးများက ပျော်ရွှင်နေပုံရသည်။ သို့သော် ဖျက်စီးစရာ မလိုတော့ပါ။ မြို့တွင် ရှိသည့် Draenei တို့မှာလည်း သေသူသေ၊ ထွက်ပြေးသူပြေးကုန်ပြီ ဖြစ်သည်။
"ရပ်လိုက်ကြ!" Durotan ထပ်အော်လိုက်ရာ ဒီတစ်ကြိမ်တွင် Orgrim က ကြားသွားပြီး အော်လိုက်သည်။ Warsong ခေါင်းဆောင်ကလည်း ခေါင်းကြည်သွားအောင် ခေါင်းခါလိုက်ကာ လိုက်အော်ပေးသည်။ အခြား Warlock တို့နှင့် ရောက်လာသည့် Drek'Thar ကတော့ သွေးဆာကာ အသိစိတ်ပျောက်မနေဘဲ သူများတွေကိုပါ လိုက်တားပေးနေ၏။
"နားထောင်ကြ! ငါတို့ မြို့ကို သိမ်းပိုက်ပြီးပြီ။ အခုက လိုအပ်တာတွေ ယူရမယ့်အချိန်ပဲ"
သူတို့မှာ နားထောင်နေကြသော်လည်း ဒေါသရှိန်ကြောင့် အသက်ရှူသံပြင်းပြင်းတို့မှာ ကျယ်လောင်နေ၏။ သို့သော် အနည်းဆုံးတော့ မဲမဲမြင်ရာ ဓားနှင့် လိုက်ခုတ်မနေကြတော့ပေ။
"အရင်ဆုံး ဒဏ်ရာရနေတဲ့သူတွေကို သွားကယ်ရမယ်။ ငါတို့ ညီအစ်ကိုတွေကို လမ်းဘေးမှာ သေအောင်မထားခဲ့နိုင်ဘူး"
တချို့မှာ အပြစ်မကင်းသလို အလန့်တကြားဖြစ်သွားကြ၏။ စစ်သည်အများအပြားမှာ သူတို့ မိတ်ဆွေသူငယ်ချင်းတွေ သေလုမျောပါးဖြစ်နေကြသည်ကို လုံးဝမေ့နေကြောင်း Durotan ရွံရှာစွာ သဘောပေါက်လိုက်သည်။ သူ စိတ်လျှော့ကာ Drek'Thar ကို ခေါင်းညိမ့်ပြလိုက်သည်။ Warlock များတွင် ကုသပေးနိုင်စွမ်း မရှိတော့သော်ငြား သူတို့မှာ တစ်ချိန်က နတ်ဆရာဖြစ်ခဲ့ဖူးသောကြောင့် ရိုးရိုးကုသနည်းကိုတော့ သိလိမ့်မည်ပင်။ Drek'Thar က Warlock အနည်းငယ်ကို ဦးဆောင်ကာ ထွက်သွား၏။
"ပြီးတော့ ဒီမြို့မှာ ငါတို့တစ်ခါမှ မမြင်ဖူးတဲ့ ပစ္စည်းတွေရှိတယ်။ အစားအစာတွေ၊ လက်နက်တွေ၊ သံချပ်ကာတွေနဲ့ တခြားငါတို့မသိတဲ့ အရာတွေပေါ့။ အဲ့ဒါတွေက အထောက်အကူပေးလိမ့်မယ်။ Horde တွေရဲ့-"
သူစကားဆက်မပြောနိုင်။ Horde တွေရဲ့ Draenei သုတ်သင်ရှင်းလင်းဖို့ တာဝန်ကိုပေါ့ ဟု ပြောရန်ကြံထားသော်လည်း "Horde တွေရဲ့ တာဝန်ကိုပေါ့။ Orgrim မင်း အဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်ပြီး ဒီဘက်အဆုံးကနေစလုပ်။ Guthor မင်းလည်း အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ဂိတ်ကိုပြန်သွား။ Orgrim ရဲ့အဖွဲ့နဲ့ ပြန်တွေ့တဲ့အထိ မိန်းလမ်းမတစ်လျှောက်လုံးကို ရှာ။ ဆေးကုနည်း သိတဲ့သူတွေကတော့ Drek'Thar ဆီသွားပြီး သူခိုင်းတာလုပ်"
"မသေသေးတဲ့ Draenei တွေကို တွေ့ရင်ရော ဘာလုပ်ရမလဲ"
ဟုတ်တယ် ဘာလုပ်ရမလဲ။ သုံ့ပန်းတွေကို ထိန်းသိမ်းဖို့ နေရာမရှိပါ။ ပြီးတော့ သုံ့ပန်းထားရခြင်း၏ ရည်ရွယ်ချက်မှာ ညှိနှိုင်းမှုများ ပြုရန်ဖြစ်သည်။ Horde တို့်မှာ Draenei တို့ကို အပြတ်ရှင်းရန် ကြံထား၍ ညှိနှိုင်းစရာ အကြောင်းမရှိတော့။
"သတ်လိုက်" သူ့အသံရဲ့ မာထန်နေမှုက သူနာကျင်နေသည်ကို ဖုံးသွားပါစေ ဟု Durotan ဆုတောင်းမိသည်။ "အကုန်လုံးကို သတ်ပစ်လိုက်"
ထို့နောက် အကုန်လုံး သူ့အမိန့်အတိုင်း ဆောင်ရွက်ရန် ထွက်သွားကြသည်။ Nightstalker သူ့ကို မကယ်ခဲ့လျှင် ကောင်းမည်ဟု Durotan တွေးမိသည်။ ယခု ပြောလိုက်သည့် စကားများကို ပြောရမည့်အစား Restalaan လက်ချက်နှင့် သေရတာကမှ ပိုကောင်းဦးမည်။
သူတို့ကို လက်ဖျားနှင့်မျှ မထိဖူးသည့် လူမျိုးတစ်မျိုးကို အမြစ်ဖြတ်သုတ်သင်ရသည့် ဤတိုက်ပွဲတွင် Durotan ကံကောင်းထောက်မစွာဖြင့် မြန်မြန်သေသွားချင်သည်။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl