42
ထိုအကြောင်းများကိုပြန်ပြောပြနေရင်း Drek'Thar မျက်ရည်များစီးကျနေ၏။ သူ့ကို ကျွန်တော်မတှစ်သိမ့်နိုင်ပါ။ မျှတမှုပြန်ဖြစ်လာ၍ ဓာတ်ကြီးလေးပါးကို သူပြန်သုံးနိုင်နေပြီ။
ယုတ်မာသော အပြုအမူများကို ကျွန်တော်တို့ ဆက်မလုပ်ကြတော့သော်လည်း ၎င်း၏ အရိပ်မည်းကြီးထံမှတော့ ပြေးမလွတ်နိုင်သေးပေ။
×
သူရော Draka ပါ အိပ်မပျော်ကြ။ နောက်ဆုံး သူ စိတ်လျှော့ကာ ထထိုင်လိုက်သည်။ ဒီလို ပညာမျိုးကို သင်ယူတာ အမှားပဲလို့ သူ့ စိတ်ထဲမှ အော်ဟစ်နေသော်လည်း သူရွေးစရာမရှိ။ ဘိုးဘေးတွေ ကိုယ်တိုင်ပေးခဲ့သည့် တာဝန်ဖြစ်သော်လည်း ဓာတ်ကြီးလေးပါးက သူတို့ကို ငြင်းပယ်ခဲ့ပြီ။ မှော်ပညာသာ မရှိပါက သူတို့ထက် အစစအရာရာသာသည့် Draenei များကို ဘယ်လိုမှ ယှဉ်နိုင်မည် မဟုတ်။
သူ တဲထဲမှ ထွက်ကာ အအေးဓာတ်ပယ်စေရန် မီးမွှေးလိုက်ပြီး အေးစက်နေသည့် အသားစိမ်းတစ်တုံးကို ငြိမ်သက်စွာ စားလိုက်၏။ အရုဏ်တက်အလင်းရောင်ကို ကြည့်နေရင်း ဆက်သားတစ်ယောက် ချဉ်းကပ်လာသည်ကို သူမြင်လိုက်ရသည်။ မရပ်နားဘဲ Durotan ထံ စာတစ်စောင်ပစ်ပေးကာ ဆက်လက်ထွက်ခွာသွားလေသည်။ Durotan စာကို ဖွင့်ဖတ်လိုက်သည်။
နောက်နှစ်ရက်နေလျှင် ရွေးကောက်ပွဲတစ်ခု ကျင်းပကာ အဖွဲ့ခေါင်းဆောင်များအားလုံးကို ခေါင်းဆောင်မည့် စစ်ခေါင်းဆောင်ကို ရွေးကြလိမ့်မည်။
ညင်သာသည့် လက်တစ်ဖက်က သူ့ဆံပင်များကို ထိုးဖွလိုက်သည်။ Draka သူ့ပုခုံးပေါ်မှ ကျော်၍ စာကိုဖတ်နေလေ၏။
"အိမ်မှာပဲနေရင် ကောင်းမယ်။ လုပ်ပွဲကြီးကို"
Durotan ဝမ်းနည်းစွာပြုံးပြလိုက်သည်။
"အရင်တုန်းက အချစ် ဒီလောက် အဆိုးမမြင်တတ်ပါဘူး"
"အရင်တုန်းက ဒီလိုမျိုးတွေ မကြုံခဲ့ရဖူးဘူးလေ"
Draka ပြောသည်မှာ မှန်ကြောင်းသူသိသည်။ စစ်ခေါင်းဆောင်အဖြစ် အရွေးချယ်ခံရလောက်အောင် ကျော်ကြားသူမှာ Blackhand တစ်ယောက်သာ ရှိ၏။ Ner'zhul ကိုလည်း ထောက်ပံ့ပေးပြီး စစ်ပွဲအများဆုံးကို နိုင်ခဲ့သူလည်း ဖြစ်၏။
အမြဲလိုလိုပင် Draka မှန်ပြန်သည်။ နောက်နှစ်ရက်ကြာသောအခါ Blackhand တစ်ယောက် စစ်ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရသည်ကို Durotan ရပ်ကြည့်နေရ၏။ Gul'dan က Blackhand နာမည်ကို ကြေညာလိုက်သောအခါ သူ့ထံသို့ အကြည့်များစွာ ရောက်လာကြသည်။ Durotan ကတော့ ကန့်ကွက်ရန် တွေးပင်မတွေးမိ။ လုပ်ရင်ရော ဘာထူးမှာလဲ? အစတည်းက သူ့ကို သစ္စာဖောက်လို့ သံသယဝင်ပြီး စောင့်ကြည့်နေကြတာပဲ။ သူဘာပြောပြော အရေးပါမည် မဟုတ်။
တစ်ချက်တော့ သူ Orgrim ကို လှမ်းကြည့်လိုက်သည်။ သူ့ပုံမှာ တည်ငြိမ်နေသော်လည်း Durotan က သူ့ကို ကောင်းကောင်းသိသောကြောင့် သူလည်း မကျေနပ်ဘူး ဆိုတာကို သဘောပေါက်လိုက်၏။ သို့သော် သူ့တွင်လည်း ကန့်ကွက်ခွင့်မရှိပါချေ။ Orgrim ရာထူးမှာ Blackhand နှင့် အလွန်နီးကပ်၍ Blackhand သေချာပေါက်လုပ်မည့် အမှားများကို တားနိုင်ပါစေဟု Durotan ဆုတောင်းမိသည်။
Blackhand ကတော့ လူရှေ့တွင်ရပ်ကာ ပြုံးရယ်ပြီး လက်ဝှေ့ယမ်းပြနေသည်။ Durotan မှာ မကန့်ကွက်သော်လည်း သူ စက်ဆုပ်ရွံရှာသည့် အရာအားလုံးကို ဥပမာပေးထားသလို ဖြစ်နေသည့် လူတစ်ယောက်ကိုလည်း အားမပေးနိုင်။
"ငါရဲ့ ညီအစ်ကိုမောင်နှမတွေ!" Blackhand က အော်လိုက်သည်။ "မင်းတို့ရဲ့ ခေါင်းဆောင်အဖြစ်ငါ့ကို ရွေးချယ်ခဲ့တာ ဂုဏ်ယူစရာပါပဲ။ တစ်နေ့ထက်တစ်နေ့ ငါတို့ လက်နက်တွေ တိုးတက်လာကြပြီ။ အခုဆို ငါတို့ မရေရာတဲ့ ဓာတ်တွေကို စွန့်လွှတ်ပစ်ပြီး မှော်ပညာအစစ်ကို ခံယူနေကြပြီ။ ငါတို့အားလုံးမှာ စစ်မှန်တဲ့ ရည်ရွယ်ချက် တစ်ခုပဲရှိတယ်။ Draenei တွေကို ငါတို့မြေပေါ်ကနေ ရှင်းထုတ်ပစ်မယ်။ ငါတို့က သူတို့ရဲ့ အိပ်မက်ဆိုးပဲ"
သူလက်များမြှောက်ကာ အော်လိုက်သည်။ "Horde တို့အတွက်"
ထောင်ပေါင်းများစွာသောအသံများက လှိုက်လှိုက်လှဲလှဲ လိုက်အော်ကြ၏။ "Horde တို့အတွက်၊ Horde တို့အတွက်၊ Horde တို့အတွက်"
Durotan နှင့် Draka တို့မှာ ဆက်နေဖို့ စက်ဆုပ်လွန်း၍ ရွေးကောက်ပြီးသည်နှင့် ချက်ချင်း အိမ်ပြန်လာခဲ့ကြသည်။ နတ်ဆရာများကတော့ လေ့ကျင့်ရန်အတွက် နေခဲ့ကြသည်။ ရက်အနည်းငယ်ကြာ၍ ပြန်လာကြသောအခါ မှော်ပညာအသစ်ကြောင့် သူတို့ကိုယ်သူတို့ ယုံကြည်မှုပြန်ရှိလာကြသည်ကို Durotan တွေ့ရ၏။ Durotan လည်း ဝမ်းသာပါသည်။ သူ့အဖွဲ့သားများ စိတ်ဓာတ်ကျသည်ကို သူမမြင်လိုပါ။
အစကတော့ သူတို့အစွမ်းကို သားကောင်များအပေါ်တွင် အသုံးပြုကြသည်။ Clefthoof နှင့် talbuk တို့နောက်ကို သူတို့၏ ထူးဆန်းသော အကောင်များကို လွှတ်လိုက်ကြသည်။ သားကောင်များ မချိမဆန့်ခံစားရသည်ကို Durotan မနှစ်မြို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သားကောင်တို့မှာ သိပ်မခံစားကြရတော့။ နာကျင်မှု လျော့သွား၍ မဟုတ်ဘဲ Warlock တို့က မြန်မြန်သတ်လာနိုင်ကြ၍ပင်။
Blackhand ကတော့ သူ့ရာထူးအသစ်ကို အလွန်ကြိုက်နေပုံရသည်။ နေ့တိုင်းလိုလိုပင် ဆက်သားများနှင့် စာများရောက်လာကြသည်။ အခြားအဖွဲ့များတွင် ဘာဖြစ်နေကြသည်ဆိုတာကို သိရတာ အသုံးဝင်သည်ကိုတော့ Durotan ဝန်ခံရပေမည်။
သို့သော် တစ်နေ့မတော့ ဆက်သားမဟုတ်သည့် သူတစ်ယောက် ရောက်လာလေ၏။ ဝံပုလွေ အမည်းရောင်ကို စီးကာ ရောက်လာသူမှာ Blackhand ၏ ကိုယ်ရေးကိုယ်တာ Warlock တစ်ယောက်ဖြစ်သည့် Kur'kul ဖြစ်သည်။ သူက ဝံပုလွေပေါ်မှဆင်းကာ Durotan ကို ဦးညွတ်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်အတွက် စစ်ခေါင်းဆောင်က စာပါးလိုက်ပါတယ်" သူက အံ့ဩလောက်အောင် သာယာသည့်အသံဖြင့်ပြော၏။ Durotan ခေါင်းညိတ်ကာ Warlock ကို သူနှင့်အတူ လမ်းလျှောက်စေပြီး နားထောင်နေမည့်သူ မရှိတော့တာ သေချာမှ စကားစလိုက်သည်။
"ဘာအကြောင်းရှိလို့လဲ? Blackhand က သူ့အရေးအကြီးဆုံး Warlock ကိုတောင် လွှတ်လိုက်ရတယ်ဆိုတော့?"
Kur'kul က ပြုံးလိုက်သည်။ "ကျွန်တော်က အဖွဲ့တိုင်းကို သွားရတာပါ" Durotan ကို ကိုယ့်နေရာ ကိုယ်သိရန် ပြောလိုက်ခြင်းပင်။ Frostwolf များမှာ အလေးပေးခြင်း သိပ်ခံရသည်တော့ မဟုတ်ပေ။
"Draenei တွေထက် ကျွန်တော်တို့အသာဆုံးအချက်က အရေအတွက်ပဲ။ သူတို့မှာ လူနည်းနည်းပဲရှိပြ ကျွန်တော်တို့မှာ အများကြီး ဒါပေမယ့် ဒီ့ထက်ပိုလိုသေးတယ်"
"Blackhand ဆိုလိုချင်တာက ဘာလဲ? စစ်တိုက်တာ ရပ်ပြီး မိတ်လိုက်ရမှာလား?"
Kur'kul က မျက်တောင်ပင်မခတ်။ "ရပ်ခိုင်းတာတော့ မဟုတ်ဘူး။ ဒါပေမယ့်.. စစ်သည်တွေကို မျိုးပွားဖို့ တွန်းအားပေးရမယ်။ ကလေးတစ်ယောက်တိုးလာတိုင်း ဂုဏ်ပြုခြင်းခံရမယ်။ ဒါပေမယ့် ဆိုးတာက ကျွန်တော်တို့က စစ်သည်တွေကို အခုချက်ချင်းလိုနေတာ။ နောက် ခြောက်နှစ်လောက်နေမှ မဟုတ်ဘူး"
Durotan ကြက်သေသေသွား၏။ သူက ရွဲ့ပြောလိုက်ခြင်းဖြစ်သည်။ ဘာတွေ ဖြစ်နေတာလဲ?
"ကလေးတွေကို ခြောက်နှစ်ကစပြီး လေ့ကျင့်ပေးရင် ဆယ့်နှစ်နှစ်ရောက်မှ တိုက်ခိုက်ဖို့ အသင့်ဖြစ်မယ်။ အဖွဲ့က ကလေးတွေ အားလုံးကို ဆင့်ခေါ်လိုက်ပါ"
"ငါ နားမလည်ဘူး။ ခေါ်ပြီး ဘာလုပ်ရမှာလဲ"
Kur'kul က သက်ပြင်းချသည်။ "ကျွန်တော့်မှာ သူတို့ကြီးထားနှုန်းကို မြှင့်ပေးနိုင်တဲ့ အစွမ်းရှိတယ်။ သူတို့ကို... ရှေ့နည်းနည်း တွန်းပို့ပေးလိုက်မယ်။ ခြောက်နှစ်နဲ့ ဆယ့်နှစ်နှစ်ကြားက ကလေးတွေ အကုန်လုံးကို ဆယ့်နှစ်နှစ်ဖြစ်သွားအောင် လုပ်လိုက်ရင် တိုက်ပွဲက စစ်သည်အရေအတွက် ငါးဆယ်ရာခိုင်နှုန်းလောက် တိုးသွားလိမ့်မယ်"
Durotan သူ့နားကိုသူမယုံနိုင်။ "လုံးဝ မဖြစ်နိုင်ဘူး"
"ဒါရွေးချယ်မှုမဟုတ်ဘူး။ အမိန့်ပါ။ ငြင်းပယ်တဲ့သူအားလုံးကို Horde တွေရဲ့ သစ္စာဖောက်လို့ သတ်မှတ်ပြီး အဖွဲ့ကို ပြည်နှင်ဒဏ်ပေးမယ်။ ခေါင်းဆောင်နဲ့ ကြင်ယာဘက်ကိုတော့... သေဒဏ်ပေးမယ်"
Kur'kul က သူ့ကို စာတစ်စောင်လှမ်းပေး၏။ ဖတ်လိုက်သောအခါ သူပြောတာ အမှန်တွေဖြစ်ကြောင်း တုန်လှုပ်စွာ သိလိုက်ရ၏။
"ဒါဆို မင်းက သူတို့ဆီက ကလေးဘဝကို လုယူမယ်ပေါ့"
"သူတို့ အနာဂတ်အတွက်ပဲလေ။ သူတို့ ဘဝသက်တမ်း နည်းနည်းလေးကိုပဲ ယူမှာပါ... ခြောက်နှစ်ပဲ။ ပြီးတော့ ဘာအန္တရာယ်မှ မဖြစ်ပါဘူး။ Blackrock က ကလေးတွေတော့ ဘာမှမဖြစ်ခဲ့ဘူး။ Blackhand ကတော့ သူ့သားသမီးသုံးယောက်ကို အရင်ဆုံး ဒီလိုဂုဏ်ရှိတဲ့အရာကို လုပ်ပေးခိုင်းတယ်။ ဒါ့ကြောင့် သူတို့လည်း လိုအပ်နေတဲ့အချိန်မှာ စစ်တိုက်နိုင်ကြပြီ"
Blackhand က သူ့သားသမီးတွေကို ထိုသို့လုပ်ခိုင်းသည် ဆိုခြင်းအား Durotan မအံ့ဩမိ။ အဖွဲ့ထဲတွင် ကလေး နည်းနည်းလေးသာ ရှိခြင်းကို ပထမဆုံးအကြိမ်အဖြစ် သူ ကျေနပ်မိသည်။ ခြောက်နှစ်ကျော် ဆယ့်နှစ်နှစ်အောက် ကလေးမှာ ငါးယောက်သာရှိ၏။ သူစာကိုပြန်ဖတ်ကာ ဒေါသထွက်လာသည်။ ဒီကလေးများသည် ကလေးလိုသာနေခွင့်ရသင့်သည်။ Warlock က စိတ်ရှည်စွာစောင့်နေသည်။ နောက်ဆုံးတော့ Durotan လေးပင်စွာ ပြောလိုက်သည်။ "မင်း လုပ်စရာရှိတာကိုလုပ်ပါ"
"Horde တွေအတွက်!" Kur'kul က ပြောသည်။
Durotan ကတော့ ဘာမှ ပြန်ပြော။
ထို့နောက်ဖြစ်လာသည့်အရာများမှာ ရိုင်းစိုင်း ကြမ်းကြုတ်လှ၏။
Kur'kul က ကလေးတွေအပေါ် ဂါထာမန်းမှုတ်နေစဉ် သူ ရုပ်တည်အောင် နေဖို့ကြိုးစားခဲ့သည်။ အရိုးများ ဆွဲဆန့်ခြင်းခံရပြီး အရေပြားနှင် ကြွက်သားများက သဘာဝအတိုင်းမဟုတ်ဘဲ ကြီးထွားလာကြ၍ သူတို့ နာကျင်စွာအော်ဟစ်ကြပြီး မြေပြင်တွင် လူးလိမ့်နေရ၏။ Kur'kul ရဲ့မျက်နှာကတော့ ပီတိဖြစ်နေပုံပင်။ ကလေးများ နာကျင်နေသလို သူမခံစားရသည်ကတော့ အသေအချာပင်။ ခဏလောက်တော့ Kur'kul သည် ကလေးများ ဆယ့်နှစ်နှစ်အရွယ်တွင် မရပ်တန့်ဘဲ အိုမင်းသွားတဲ့အထိ သူတို့အသက်များကို စုပ်ယူလိုက်မလားလို့ Durotan စိုးရိမ်သွားမိ၏။
သို့သော် ကံကောင်းထောက်မ၍ သူ ရပ်လိုက်ပါသည်။ ကလေးများမဟုတ်တော့သည့် Ore လေးများမှာ မြေပြင်ပေါ်မှ တော်တော်နှင့်မထနိုင်။ ထလိုက်သည့်အခါတွင်လည်း သူတို့တွင် ဘာအားမှ မကျန်တော့သလို တိုးတိုးလေး ငိုနေကြသည်။
Durotan က Warlock ဘက်လှည့်လိုက်သည်။ "မင်း လုပ်စရာ ရှိတာ လုပ်ပြီးပြီ။ သွားတော့"
Kur'kul က အစော်ကားခံလိုက်ရသလိုဖြစ်သွား၏။ "အဖွဲ့ခေါင်းဆောင် Durotan.. ခင်ဗျား-"
Durotan က သူ့ဝတ်ရုံရှေ့ကို ဆွဲဆောင့်ကာ ပြောလိုက်၏။ "ထွက်သွား။ အခုချက်ချင်း"
Durotan က အားဖြင့်တွန်းလိုက်ရာ သူလဲကျမလိုဖြစ်သွားသည်။
"Blackhand ဒီအကြောင်းကို ကြားရင်တော့ မလွယ်ဘူး" သူက မာန်ဖီသည်။ Durotan ဆက်ပြောလျှင် သူ့အဖွဲ့အတွက် ဆိုးကျိုးသာဖြစ်မည်ကို သိသောကြောင့် ဘာမှမပြောတော့။
၎င်းနောက်တွင် Frostwolf အဖွဲ့ကို လေ့ကျင့်ရေး ဆင်းခိုင်းသည်မှတစ်ပါး ဘာမှ မခိုင်းတော့။ ထိုအတွက် Durotan စိတ်သက်သာသော်လည်း သူ့ကို ပေးမည့် တာဝန်မှာ ခက်ခဲမည်ဖြစ်ကြောင်း သိနေ၏။
သူ့အထင်မမှားပါ။
ဝံပုလွေစီးလာသူက စာကိုပစ်ပေးပြီး ပြန်ထွက်သွား၏။ Durotan က စာကိုဖွင့်ဖတ်ကာ အံ့ဩသွားပြီး စာလာပေးသူကို လှမ်းကြည့်လိုက်သည်။ ထိုသူမှာ တရားဝင် ဆက်သားမဟုတ်ပေ။
"သူငယ်ချင်း
မင်းကို စောင့်ကြည့်နေကြတယ်ဆိုတာ သိပြီးသွားဖြစ်မှာပါ။ မင်းကို သူတို့ တာဝန်တစ်ခုပေးလိမ့်မယ်။ မင်းလုပ်နိုင်တာ သေချာတဲ့တာဝန်ပဲ။ မင်း လုပ်ရလိမ့်မယ်။ ငြင်းမိရင် ဘာတွေဖြစ်မလဲဆိုတာ မတွေးရဲလောက်အောင်ပဲ"
စာတွင် လက်မှတ်မပါသော်လည်း Durotan က Orgrim လက်ရေးကို မှတ်မိပါသည်။ သူ စာကို မီးပုံထဲ ပစ်ထည့်လိုက်၏။
Orgrim သတိပေးသည်မှာ အချိန်မီရုံလေးဖြစ်သည်။ ထို့နေ့လယ်မှာပင် ဆက်သားတစ်ယောက်က စာ လာဆက်သ၏။ Durotan က ခေါင်းညိတ်ကာ ယူထားလိုက်ပြီး ဖွင့်မဖတ်ချင်သေး၍ ဘေးတွင် ချထားလိုက်သည်။
ဆက်သားက အနေခက်နေဟန်ဖြင့် လှည့်ထွက်မသွားဘဲ စောင့်နေ၏။
"ပြန်စာ ယူလာခဲ့ဖို့ ကျွန်မကို မှာလိုက်တယ်"
Durotan ခေါင်းညိတ်ကာ စာကိုဖွင့်ဖတ်လိုက်သည်။ လက်ရေးမှာ လှပသေသပ်နေ၍ Blackhand နှုတ်တိုက်ခေါ်ပေးထားမှန်း သိသာလှသည်။ လိမ္မာပါးနပ်ကာ ကောက်ကျစ်တတ်သော်လည်း Blackhand မှာ စာသိပ်မတတ်ရှာချေ။
သူထင်တာထက်ဆိုးနေသည်။ Draka က သူ့ကို ကြည့်နေ၍ မျက်နှာမပျက်အောင် ထိန်းထားရသည်။
"Ganad ရဲ့သားတော်၊ Frostwolf ရဲ့ခေါင်းဆောင် Durotan ကို Horde စစ်ခေါင်းဆောင် Blackhand မှ နှုတ်ဆက်လိုက်ပါတယ်။
အသစ် လေ့ကျင့်ထားတဲ့ Warlock တွေရဲ့ အစွမ်းကို မင်း မြင်တွေ့ရဖို့ အချိန်ရောက်ပါပြီ။ Draenei မြို့တော် Telmor က မင်းတို့ နယ်စပ်နဲ့ နီးတယ်။ မင်းသူတို့ကို တိုက်ခိုက်ရမယ်။ မင်းတို့ ငယ်ငယ်တုန်းက အဲ့မြို့ကို ရောက်ဖူးကြောင်း Orgrim ကပြောတယ်။ သူတို့ ဘယ်လိုကိုယ်ဖျောက်ထားလဲဆိုတာ မင်းမြင်ခဲ့တယ်တဲ့။ မင်းက ဉာဏ်ကောင်းလွန်းလို့ ဘယ်လို ဝင်ရလဲဆိုတာကိုလည်း မှတ်မိလိမ့်မယ်လို့ Orgrim ကပြောတယ်။
ဒီမြို့ကို ဖျက်စီးဖို့ဆိုတာ ဘာကိုဆိုလိုလဲ ဆိုတာတော့ မင်းကိုပြောစရာမလိုဘူး ထင်ပါတယ်။ ဒီစာကို ချက်ချင်း ပြန်အကြောင်းကြားပါ။ ငါတို့ တိုက်ခိုက်မှုအတွက် ပြင်ဆင်တော့မယ်
Horde တွေအတွက်!"
လက်မှတ်မှာ Blackhand ၏ ညာလက်ကို မှင်ဖြင့် ဖိနှိပ်ထားခြင်းဖြစ်သည်။
Durotan ဒေါသထွက်သွားသည်။ ဘယ်လိုလုပ်ပြီး Orgrim ဒါကိုပြောပြလိုက်တာလဲ။ သို့သော် Orgrim ပြောမိခဲ့သည်မှာ ကြာလှခဲ့ပြီ ဖြစ်ပြီး Blackhand က မှတ်ထားကာ လိုသည့်အချိန်မှ ထုတ်သုံးတာ ဖြစ်နိုင်ကြောင်း သဘောပေါက်သွား၏။ ထိုအဖြစ်အပျက်မှာ ကြာလှပြီဖြစ်ပြီး ထိုဂါထာကိုလည်း တစ်ခါသာ ကြားဖူးသည်ဖြစ်ရာ ဘယ်သူမဆို မေ့လောက်မည်သာ ဖြစ်သည်။ သို့သော် သူ ငြင်းလိုက်လျှင်... Orgrim ပြောသလိုပင် ဘာဖြစ်မလဲ မတွေးရဲစရာပင်။
ဆက်သားက စောင့်နေသည်။
Durotan လည်း သူတတ်နိုင်သည့် ဆုံးဖြတ်ချက် တစ်ခုတည်းကိုသာ ချလိုက်ရ၏။
ဆက်သားကို မထုံတက်သေး မျက်နှာဖြင့်ကြည့်လိုက်သည်။
"စစ်ခေါင်းဆောင်အမိန့်ပေးသလို သေချာပေါက် လုပ်ရမှာပေါ့။ Horde တို့အတွက်ပဲ"
ဆက်သားမှာ အံ့ဩ ဝမ်းသာသွားပုံရ၏။
"စစ်ခေါင်းဆောင် ကျေနပ်မှာပါ။ ပြီးတော့ ဒါတွေကို ပေးခိုင်းလိုက်တယ်။ စစ်သည်နဲ့ Warlock တွေကို ဒါနဲ့ လေ့ကျင့်ပေးရမယ်"
Durotan ခေါင်းညိတ်ကာ သူကမ်းပေးသာ့်အထုပ်ကို ယူလိုက်၏။ Velen ဆီက သူယူခဲ့သည့် ကျောက်တုံးများပင်။
"စစ်ခေါင်းဆောင်က မကြာခင် ဆက်သွယ်ပါလိမ့်မယ်" ဆက်သားကပြောကာ ဦးညွတ်ပြီး ထွက်သွားလေသည်။ Durotan က စာကို Draka ဆီပေးလိုက်ကာ တဲထဲဝင်သွား၏။
ထို့နောက် Draka လည်း သူ့နောက်လိုက်လာပြီး သူ့ကိုဖက်ထားလိုက်သည်။ သူကတော့ အတင်းအကျပ် စေခိုင်းခံကသည့်အမိန့်ကြောင့် လုပ်လိုက်ရသည့် ဆုံးဖြတ်ချက်အတွက် နောင်တရနေလေ၏။
ရက်အနည်းငယ်အကြာတွင် Frostwolf စခန်း၌ စစ်တပ်အဖွဲ့များ စုကြသည်။ အများစုမှာ Blackrock အဖွဲ့မှ ဖြစ်သော်လည်း Warsong နှင့် Shattered Hand အဖွဲ့ဝင်များကိုလည်း တွေ့ရသည်။ ထိုသူတို့၏ Frostwolf အဖွဲ့အပေါ် မယုံကြည်မှုများမှာ အထင်းသား။ သူ အနည်းငယ် တုံ့ဆိုင်းသွားလျှင်ပင် သတ်ပစ်ရန် ဘယ်နှယောက်ကိုများ အမိန့်ပေးထားသလဲ ဟု သူတွေးမိ၏။
မိုးလင်းသည်နှင့် သူတို့ ချီတက်ကြတော့သည်။ Durotan ကရှေ့ဆုံးတွင်ဖြစ်ပြီး Orgrim ဘေးတွင် Nightstalker ကို စီးကာလိုက်ပါလာ၏။ သူတို့ တိတ်ဆိတ်နေကြသော်လည်း Draenei တို့နှင့် တွေ့ခဲ့သည့် နေရာကိုရောက်သောအခါ Orgrim မျက်လုံးများ တောက်ပသွားကြောင်း Durotan သတိထားမိလိုက်သည်။
"ဒီကို မရောက်တာတောင်တော်တော်ကြာခဲ့ပြီပဲ" Durotan ကပြောသည်။
Orgrim ကခေါင်းညိတ်သည်။ " ငါလမ်းတွေကိုတောင် သေချာမမှတ်မိတော့ဘူး။ အပင်အသစ်တွေ ပေါက်လာတော့ တော်တော်ကြီး ပြောင်းလဲသွားတယ်"
Durotan က လေးပင်စွာ ပြောသည်။ "ငါမှတ်မိတယ်" သူမမှတ်မိချင်သော်လည်း ကျောက်တုံးအနည်းငယ်ကပင် သူ့ကို လမ်းပြပေးနိုင်၏။
"ငါတို့ နီးလာနေပြီ။ တိုးတိုးနေမှရမယ်။ ငါတို့ကို မြင်ပြီး သတင်းပို့ပြီးတာ သေချာသလောက်ပဲ"
တပ်ဖွဲ့က ငြိမ်သွားသည်။ Orgrim က သူ့တပ်သားတချို့ကို ကင်းထောက်ရန် လက်ဟန်ခြေဟန်ဖြင့် ပြလိုက်၏။
သူ ဝံပုလွေကို ရပ်ကာ ဆင်းလျှောက်လိုက်၏။ Draenei တို့ ကျောက်တုံးကို နေရာရွေ့ထားပါစေဟု မျှော်လင့်မိသည်။ သူမျက်စိမှိတ်ကာ အာရုံစိုက်လိုက်ပြီး Restalaan ကိုပြန်မြင်ယောင်လိုက်သည်။ထို့နောက် သူဘယ်ဘက်ကို အနည်းငယ်တိုးလိုက်ကာ ဘိုးဘေးများထံ ဆုတောင်းမိ၏။ ကျောက်တုံးကို တွေ့ဖို့ဆုတောင်းတာလား မတွေ့ဖို့လားတော့ သူကိုယ်တိုင်ပင်မသိ။ သူလက်ဖြင့် လိုက်စမ်းနေရင်း အေးစက်မာကျောသည့် အရာတစ်ခုကို ထိလိုက်မိသည်။
"ပြန်လှည့်လို့မရတော့ဘူး" Durotan က ကျောက်တုံးကို ကောက်ကိုင်လိုက်၏။
"ရှာတွေ့ပြီပဲ" Orgrim ကပြောသည်။ "အသင့်ပြင်ထားကြ။ ဘာထောင်ချက်မှ မတွေ့တာ ကံကောင်းတာပဲ"
တကယ်တော့ Durotan မှာ ထိုကျောက်တုံးကို စိုက်ကြည့်နေရုံမှ အပ ဘာမှ မလုပ်ချင်။ သို့သော် သူ့မှာ ရွေးစရာမရှိပါ။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး Restalaan ထိုနေရာတွင် ရေရွတ်ခဲ့သည့် စကားများကို ရေရွတ်လိုက်သည်။
"Kehla men samir, solay Uimaa kahl"
သူ့အသံထွက်ကြောင့် ကျောက်တုံးအစွမ်းပြမည် မဟုတ်ဟု သူယုံချင်သော်လည်း ကျောက်တုံးက ထိုစကားများကို နားလည်သွားပုံရသည်။ သစ်ပင်များမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူတို့ကရှေ့တွင် ဖြောင့်ဖြူးနေသည့်လမ်းမကြီးက ကြိုဆိုနေသလို ပေါ်ထွက်လာ၏။
သူတို့ တုံ့ဆိုင်းမနေပါ။ သူတို့ရှေ့တွင် ခမ်းနားသည့် Draenei မြို့တော်ကြီး ရောက်နေပေပြီ။ ဆူညံနေသည့် အော်ဟစ်သံများဖြင့် Ore တို့ ချီတက်သွားကြလေသည်။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl