book

Index 41

41

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

41

မြင့်မြတ်သော တောင်‌ခြေအောက်သို့ဘရောက်လာသည်မှာ စိတ်တိုနေသည့် လူအုပ်ကြီးပင်ဖြစ်သည်။ Durotan မှာ သူယုံရသည့် လူတစ်စုကို စာပေးပို့မေးမြန်းထားရာ သူတို့အဖွဲ့များရှိ နတ်ဆရာများထံတွင်လည်း ဓာတ်များ အလုပ်မလုပ်တော့ကြောင်း သိရှိခဲ့ရသည်။ Bonechewer အဖွဲ့ကတော့ အဆိုးဆုံးဖြစ်ခဲ့သည်။ သူတို့တစ်ဖွဲ့လုံး Draenei တို့လက်တွင် ကျဆုံးခဲ့ရ၏။ နေမကောင်းဖြစ်နေသည့် ကလေးတစ်ယောက်ကို ကုသရန် ချန်နေခဲ့သော နတ်ဆရာတစ်ယောက်က ရှာမတွေ့ခင်အထိ သူတို့ အသတ်ခံလိုက်ရမှန်းမသိကြရှာချေ။

အခုတော့ သူတို့အကုန်လာနေကြပြီ။ Ner'zhul နဲ့တွေ့ပြီး ဖြေရှင်းချက်တောင်းရန်ဖြစ်သည်။

Ner'zhul က ထွက်လာပြီး တိတ်တိတ်နေကြရန် လက်ပြလိုက်သည်။

"မင်းတို့ ဒီနေ့ဘာကြောင့်လာတယ်ဆိုတာ ငါသိပါတယ်"

Durotan မျက်မှောင်ကြုတ်လိုက်၏။ Ner'zhul မှာ သူနှင့် ဝေးကွာလွန်းသောကြောင့် အစက်အပျောက်မျှသာ မြင်ရသော်လည်း သူ့အသံကိုမူ ကောင်းစွာ ကြားနေရသည်။ ပုံမှန်ဆို Ner'zhul က လေကို စေခိုင်းကာ သူ့အသံကို လူတိုင်းကြားအောင် စွမ်းဆောင်တတ်ကြောင်း သူသိသည်။ သို့သော် အခု ဓာတ်ကြီးလေးပါးက နတ်ဆရာများကို ငြင်းဆန်ထားသည်လေ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူနှင့် Draka အချင်းချင်းကြည့်လိုက်ကြသည်။ ဘာမှတော့ မပြောကြ။

"ဓာတ်ကြီးလေးပါးက နတ်ဆရာတို့ အကူအညီတောင်းတိုင်း မလာတော့ဘူးဆိုတာ အမှန်ပါပဲ" Ner'zhul က ဆက်ပြောနေသော်လည်း လူထုကြီး၏ အသံအောက်မှာ ပျောက်သွား၏။ Ner'zhul က ခေါင်းငိုက်စိုက်ချလိုက်ရာ Durotan က အနီးကပ်ကြည့်‌လိုက်မိသည်။ သူ့ကြည့်ရသည်မှာ အလွန်အားနည်း ချည့်နဲ့နေသလိုပင်။

ခဏကြာတော့ အသံများတိတ်သွားကြသည်။

"ဒီအဖြစ်အပျက်ကြောင့် တချို့သူတွေက ငါတို့လုပ်ရပ်မှားနေပြီ‌လို့တွေးကြတယ်။ ဒါ မမှန်ပါဘူး။ ငါတို့လုပ်နေတာက အရင်က တစ်ခါမှ မမြင်ဖူးတဲ့ စွမ်းအားတစ်မျိုးကိုရအောင်ပါ။ ငါ့လက်ထောက် Gul'dan က ဒီပညာကို တတ်မြောက်ပြီးဖြစ်လို့ မင်းတို့ မေးခွန်းတွေကို သူ့ကိုဖြေခွင့်ပေးပါမယ်"

Ner'zhul က သူ့ တောင်ဝှေးကို အလွန်အမင်းအားပြုပြီး လေးပင်စွာ ထွက်သွား၏။ Gul'dan က သူ့ကို ရိုသေစွာ ဦးညွတ်လိုက်သော်လည်း သူက သတိထားမိဟန်မရှိ။

Gul'dan ကြည့်ရသည်မှာ အားပြည့်နေပုံရသည်။ "ကျွန်တော်အခုပြောမယ့်အရာက လက်ခံဖို့ခက်ခဲ နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူမျိုးတွေက တိုးတက်ဖို့ဆိုရင် အမြင်မကျဉ်းကြဘူးလို့ ထင်ပါတယ်။ ဘိုးဘေးတွေနဲ့ ဓာတ်ကြီးလေးပါးအပြင် အခြားတန်ခိုးရှိတဲ့အရာတွေ ရှိတယ်ဆိုတာ သိလိုက်ရတုန်းက အံ့ဩခံ့ရသလိုပဲ မှော်ပညာကိုသုံးဖို့ တခြားနည်းလမ်းတွေ ရှိသေးတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ တောင်းဆိုလို့ ရတဲ့ အစွမ်းမဟုတ်ဘဲ ကျွန်တော်တို့ကိုယ်တိုင်က ထိုက်တန်လို့ ထုတ်ယူနိုင်တဲ့ အစွမ်း။ ကျွန်တော်တို့ စေခိုင်းသမျှ လုပ်ပေးနိုင်မယ့် အစွမ်းမျိုးပေါ့"

"ဖြစ်နိုင်လို့လား" Durotan က Drek'Thar ကို မေးလိုက်သည်။

Drek'Thar ကြည့်ရတာ Gul'dan စကားများကြောင့် ထိတ်လန့်သွားပုံပင်။ "မပြောတတ်ဘူး။ ဒါပေမယ့် နောက်ဆုံးတိုက်ပွဲပြီးကတည်းက .... Durotan..နတ်ဆရာတွေက ဘိုးဘေးတွေ ခိုင်းတာ လုပ်နေခဲ့တာလေ! အဲ့ဒါသာ အမှန်ဆို ဘယ်လိုဖြစ်ပြီး ဓာတ်တွေက မကူရတာလဲ! ဘိုးဘေးတွေက ဘယ်လိုလုပ်ပြီး ဒါမျိုး အဖြစ်ခံမှာလဲ!"

သူ ဘယ်လို ခံစားနေရလဲ Durotan ကောင်းကောင်းနားလည်သည်။ တိုက်ပွဲတွင် သုံးရန် ပုဆိန်တစ်လက်ကို ယုံကြည်မှုရှိရှိကိုင်ဆောင်လာပြီးမှ သူ့လက်ထဲတွင် ပျောက်ကွယ်သွားသလို ခံစားနေရခြင်းပင်။ ယုံကြည်ရသည့် မိတ်ဆွေကောင်းတစ်ယောက်က ပေးခဲ့သော ပုဆိန်၊ ‌ကောင်းကျိုးအတွက် အသုံးပြုဖို့ ပေးခဲ့သော ပုဆိန် ဖြစ်သည်။

" ဟုတ်ပြီ! ဟုတ်ပြီ! သခင်ကြီးက ကမ်းလှမ်းတာကို မင်းတို့ သဘောကျကြတယ်ဆိုတာ သိလိုက်ရပြီ။ ကျွန်တော် ဒီပညာရပ်ကို လေ့လာပြီးပြီ ပြီး‌တော့ ဒီ နတ်ရောတွေရောပဲ"

"သူတို့အကုန် Blackrock အဖွဲ့ကပဲ" Draka က ရေရွတ်သည်။ Durotan လည်း သတိထားမိ၏။

"သူတို့ သင်ထားပြီးတဲ့အရာတွေကို သင်ယူချင်တဲ့ နတ်ဆရာတွေဆီ ပြန်သင်ပေးလိမ့်မယ်။ Kosh'harg ပွဲတော်မှာ သူတို့စွမ်းရည်တွေကို ပြသမယ်"

ဘာကြောင့်မှန်းမသိ Durotan နားလည်ပေးလို့မရ။ သူရုတ်တရက် အန်ချင်လာရာ Draka က သူ မူပျက်နေသည်ကို သတိထားမိပြီး သူ့လက်မောင်းကို ကိုင်လိုက်သည်။

"ဘာဖြစ်တာလဲ?"

သူတို့နှစ်ယောက် လူအုပ်ကြီးထဲမှ ခွဲထွက်လာသည်။

"မသိဘူး.. မကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတယ်"

"ကျွန်မလည်း အဲ့လိုထင်နေတာ ကြာပြီ"

Durotan က မျက်နှာကိုတည်နေအောင် အားစိုက်လိုက်သည်။ ဖြစ်ပျက်နေသည့် အရာများကို သူ သဘောမကျ။ သို့သော် သူက ဘာဖြစ်ဖြစ် ကိစ္စမရှိသော်လည်း သူ့တစ်ဖွဲ့လုံးကိုတော့ တစ်ခုခုအဖြစ်မခံနိုင်။

သို့သော် သူစိတ်မထိန်းနိုင်သေး၊ သွေးများဆူပွက်လာ၏။ သူတို့လူမျိုးတွေကို ဘိုးဘေးတွေ လမ်းပြနိုင်ပါစေ ဟု ဆု‌အမြန်တောင်းလိုက်သည်။

သူတို့ Kosh'harg ပွဲတော် ကျင်းပနေကျနေရာသို့ ရောက်လာခဲ့သည်။ ထိုမြေကို နင်းလိုက်သည်နှင့် စိတ်များ သက်သာသွား၏။ Orgrim နှင့် စ‌သိသည့် ညကို သတိရသွားကာ ပြုံးလိုက်မိသည်။ သူ့ကြင်ယာဘက်ဖြစ်လာမည့် သူနှင့် တွေ့ခဲ့သည့်နေ့ကိုလည်း ပြန်မြင်ယောင်လာ၏။

ကပွဲများ ပြုနေကျနေရာကို သူလှမ်းကြည့်လိုက်ရာ တဲငယ်လေးတစ်လုံး ထိုးသွားသည်ကို တွေ့လိုက်ရသည်။ ဘာ့ကြောင့် ထိုးထားလဲ သူသိချင်သွား၏။

ပြပွဲအတွက်ဟု ခန့်မှန်းကာ သူနှင့် Draka မှာ ထိုတဲနှင့် ခပ်လှမ်းလှမ်းတွင်ရပ်နေလိုက်သည်။ Ore တို့ ပိုပိုရောက်လာလေလေ နေကလည်း သာလေလေ ဖြစ်၏။ ရောက်လာသည့်သူအများစုမှာ ခေါင်းဆောင်များနှင့် နတ်ဆရာများဖြစ်ကြောင်း သူသတိထားမိလိုက်သည်။

Gul'dan က လူစုံအောင် စောင့်ပြီးမှ Blackrock စစ်သည်များကို လက်ယပ်ခေါ်လိုက်၏။

ထိုအချိန်တွင် လေက လမ်းကြောင်းပြောင်းကာ တိုက်လာ၍ Durotan နှာခေါင်းတွင် အနံ့တစ်ခုကို ကလိုက်သည်။

Draenei...

ဘေးပတ်လည်တွင် ဆူညံဆူညံဖြစ်သွားသည့် အသံများအရ ထိုအနံ့ကိုရသည်မှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သေချာသွား၏။ ထိုစဉ် Gul'dan က စစ်သည်များကို ခေါင်းညိတ်ပြလိုက်ရာ စစ်သည်ဆို့ တဲထဲ ဝင်သွားကြသည်။

လက်များကို တင်းကျပ်စွာ တုပ်နှောင်ထားသည့် Draenei ရှစ်ယောက် ထွက်လာ၏။

ရိုက်နှက်ခံထားရခြင်းကြောင့် မျက်နှာများ ဖူးရောင်နေကာ ပါးစပ်ထဲတွင် အဝတ်စုတ်များစို့ထားပြီး သွေးများမှာလည်း တစ်ကိုယ်လုံး ပေကျံ ခြောက်ကပ်နေကြသည်။

"ငါ အခုမင်းတို့ကိုပြောပြမယ့် မှော်ပညာကို Blackrock အဖွဲ့ သုံးပြီး တိုက်ခိုက်ခဲ့တုန်းက တိုက်ပွဲကို အပြတ်အသတ်နိုင်ခဲ့လို့ သုံ့ပန်းတွေပါ ခေါ်လာနိုင်ခဲ့တယ်။ ဒီမှော်ပညာအသစ်က ဘယ်လို‌တွေ လုပ်လို့ရလဲဆိုတာ ဒီသုံ့ပန်းတွေနဲ့ ငါသုံးပြမယ်"

Durotan ဒေါသ ထောင်းခနဲ ဖြစ်သွားသည်။ ရန်သူကို တိုက်ပွဲတွင် လက်နက်ကိုင်၍ ချေမှုန်းသည် မဟုတ်ဘဲ အကူအညီမဲ့နေသည့် သုံ့ပန်းများကို သတ်ဖြတ်ပစ်ခြင်းမှာ မဖြစ်သင့်ပေ။ သူ ကန့်ကွက်ရန် ‌ပြင်လိုက်သော်လည်း လက်တစ်ဖက်က သူ့ပုခုံးကို လာကိုင်သည်။ Orgrim ၏ အေးစက်သော မျက်လုံးများကို သူ ‌ဒေါသဖြင့် ကြည့်လိုက်၏။

" မင်း ဒီအကြောင်းကို သိပြီးသားပေါ့"

" တိုးတိုးပြော " Orgrim က ဘေးကို မလုံသလိုကြည့်ရင်းပြန်ပြောသည်။ သို့သော် အကုန်လုံးက Gul'dan ကိုသာ စိတ်ဝင်စားနေကြ၏။

"သိတာပေါ့။ သူတို့ကို ဖမ်းတုန်းက ငါလည်းပါတယ်။ ဒါတွေက ဒီနည်းနဲ့ပဲ လုပ်ရတာပဲ Durotan "

"ဒါ Ore တွေရဲ့ နည်းလမ်းမဟုတ်ဘူး"

"အခု ဟုတ်သွားပြီ။ ဒါ စိတ်မကောင်းစရာပါ။ တကယ့်ရည်ရွယ်ချက်က Draenei တွေကို သတ်ဖို့ပဲလေ။ နှိပ်စက်ဖို့မှ မဟုတ်ဘဲ"

Durotan စိတ်များပြန်ငြိမ်သွားသည်။ အနည်းဆုံးတော့ Orgrim က ဒါမှားနေမှန်းသိသေးတာပဲ။ ဒါပေမယ့် သူ တခြားဘာတွေ လုပ်ပြီးပြီးလဲ? Orgrim မှာလည်း သူ့အဖွဲ့တွင် ဒုတိယအကြီးဆုံးဖြစ်၍ Durotan မှာလိုပင် ရှောင်မရသည့် တာဝန်များ ရှိလေ၏။ Durotan ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သာမန် အဖွဲ့ဝင်တစ်ယောက်သာ ဖြစ်လိုက်ချင်တော့သည်။

"ဒီအချိန်မှာတော့ ဒီကောင်တွေက ငါတို့အတွက် အဖိုးတန်တယ်။ ဒီအစွမ်းအသစ်တွေကို ပြဖို့ သူတို့ကို သုံးမယ်"

သူက Blackrock နတ်ဆရာမတစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုအမျိုးသမီးက အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် မျက်လုံးများကိုပိတ်ကာ အာရုံစူးစိူက်လိုက်သည်။ လေပြင်းများ တိုက်လာသလို အသံများကြားရပြီးနောက် ခရမ်းရောင်အလင်းဖြင့် ပြုလုပ်ထားသည့် ထူးဆန်းသော ပုံစံများပေါ်လာ၏။ ထို့နောက် အသံစူးစူးဖြင့် သေးငယ်သည့်အကောင်လေးတစ်ကောင်က သူ့ခြေထောက်နားတွင် ရုတ်တရက် ပေါ်လာသည်။

တခြား နတ်ဆရာများမှာလည်း ထိုသို့လိုက်လုပ်ကြရာ ထိုသို့အကောင်လေးများ ပေါ်လာလေသည်။ တချို့မှာ ကြီးမားကာ ပုံစံအတိအကျမရှိဘဲ ဆိုးရွားစွာ အော်ဟစ်နေကြ၏။ တချို့ကတော့ အတောင်ပံများပါသည်။ အကုန်လုံးမှာ သူတို့ကို ခေါ်လိုက်သည့် နတ်ဆရာများဘေးတွင် ထိုင်နေကြ၏။

"တော်တော် ချစ်စရာကောင်းတဲ့ အကောင်လေးတွေပဲ" Grom Hellscream က ခပ်လှမ်းလှမ်းမှ ရွဲ့ပြီး လှမ်းအော်သည်။ "သူတို့က ဘာလုပ်ပေးမှာလဲ"

Gul'dan က ပြုံးလိုက်၏။ "စိတ်ရှည်ရှည်ထား Hellscream.."

Hellscream မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ ဆက်မပြော။ Blackhand ကတော့ ဂုဏ်ယူနေဟန်ဖြင့် ပြုံးနေ၏။ သူတစ်ယောက်တည်းသာ ဒါတွေ မြင်ရတာကို မအံ့ဩသည့်ပုံ ပေါက်နေ၍ သူ သိပြီးသား ဖြစ်မည်ဟု Durotan သဘောပေါက်သွားသည်။

Draenei တစ်ယောက်ကို ကြိုးဖြေကာ ရှေ့သို့ တွန်းပို့လိုက်၏။ သူ့မျက်နှာက မထုံတက်သေး။

နတ်ဆရာမက ရှေ့သို့တိုးကာ တစ်စုံတစ်ခုကိုရေရွတ်လိုက်သည်။ အကောင်လေးက ခုန်ပေါက်ကာ လက်သည်းများမှ မီးများထွက်လာပြီး Draenei ကို ခုန်အုပ်လိုက်သည်။ ထိုအချိန်တွင်ပင် နတ်ဆရာမ၏ လက်ဖျားမှ အမည်းရောင် အလုံးတစ်လုံးထွက်လာပြီး ထိုသုံ့ပန်းဆီရောက်သွား၏။ Draenei က အော်ဟစ်ကာ ဒူးထောက်ကျသွားသည်။

ထို့နောက် နတ်ဆရာမက ထပ်မံရေရွတ်လိုက်ရာ ထို Draenei ၏ အသားများထဲမှ မီးတောက်များ ထွက်လာသည်။ နာကျင်မှုကြောင့် အော်ဟစ်သံက လည်ပင်းထဲတွင် စို့ထားသည့်အရာများကြောင့် ဝူးဝူးဝါးဝါးဖြစ်နေ၏။ ငါးမြားချိတ်တွင် မိသွားသည့် ငါးတစ်ကောင်လို သူ့တစ်ကိုယ်လုံး ထွန့်ထွန့်လူးနေသည်။ ထို့နောက် သူ ငြိမ်ကျသွား၏။  အသားကို မီးလောင်ကျွမ်းထားသည့်အနံ့က လှိုင်ထနေသည်။

ခဏတော့ အကုန်ငြိမ်နေကြသည်။ ထို့နောက်တွင် Durotan လုံးဝ မတွေးထားသည့် အသံကို ကြားလိုက်ရသည်။ ကျေနပ်အားရသံများ ပျော်ရွှင်မြူးတူးသည့် အသံများ။

Durotan ကြောက်လန့်တကြားကြည့်နေမိ၏။ နောက် Draenei နှစ်ယောက်မှာလည်း ဆိုးဆိုးရွားရွား နှိပ်စက်ခံရကာ ရက်ရက်စက်စက် ရစရာ မရှိအောင်ဖြစ်ပြီး သေဆုံးသွားကြသည်။

ဒေါသများက Durotan ရင်ထဲ တလှိုက်လှိုက် တက်လာ၏။ ယခင်က စိမ်းလန်းစိုပြေခဲ့သည့် အထွတ်အမြတ်နေရာတွင် ယခုတော့ အပြာရောင်သွေးများနှင့် ပြာများ ဖုံးလွှမ်းနေသည်။

" မိခင်ကြီး Kashur ၊ အမေလိုချင်တာ ဒါမျိုး လုံးဝ လုံးဝ မဟုတ်ဘူးဆိုတာ သေချာပါတယ်" သူ တွေးလိုက်သည်။ ဝမ်းမြောက်ဟစ်ကြွေးသံများ ဆူညံနေ၏။

သူ့လက် နာနေသည်ကို ရုတ်တရက်သတိထားမိ၍ ငုံ့ကြည့်လိုက်ရာ Draka မှာ သူ့လက်ကို အရိုးကျိုးမတတ် တင်းကျပ်စွာ ဆုပ်ကိုင်ထားကြောင်း တွေ့လိုက်ရသည်။

" နတ်ဆရာတွေ အတွက်! " တစ်ယောက်က ထ‌အော်လိုက်သည်။

"မဟုတ်ဘူး" Gul'dan အသံက လူအုပ်ကြီးထဲ ‌ဖောရ်ထွက်သွားသည်။ "သူတို့က ဓာတ်ကြီးလေးပါးကို မှီခိုနေရတဲ့ နတ်ဆရာတွေ မဟုတ်တော့ဘူး။ ကိုယ်ပိုင်အစွမ်းရှိပြီး သုံးဖို့ မကြောက်ရွံတဲ့သူတွေကို ဖူးမြော်ကြ! Warlock တွေကို ဖူးမြော်ကြ !"

ထိုညက ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသော်လည်း Durotan က တစ်ခုမှ ဝင်မပါပေ။ သူ့အဖွဲ့ကိုလည်း မပါရန် တားမြစ်ထားသည်။ မီးပုံဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေရင်းမှ Drek'Thar က မေးခွန်းကို မေးလာ၏။

"အဖွဲ့ခေါင်းဆောင်.... Warlock တွေရဲ့ ပညာကို သင်ဖို့ ကျွန်တော်တို့ကို ခွင့်ပြုမှာလား"

အချိန်အတော်ကြာတဲ့အထိ ဘာမှ ပြန်မပြော။

"မင်းကို အရင်မေးစရာ တစ်ခုရှိတယ်။။ ဒီနေ့ လုပ်လိုက်တာတွေက မှန်တယ်လို့ ထင်လား"

Drek'Thar စိတ်မသက်မသာဖြစ်သွားပုံပင်။ " ရိုးရိုး တိုက်ပွဲနဲ့ တိုက်ခိုက်ရင်တော့ ပိုကောင်းမှာပေါ့...။ ဒါပေမယ့် သူတို့က ရန်သူတွေလေ။ ရန်သူဖြစ်ကြောင်းလည်း သက်သေပြပြီးပြီပဲ"

"သူတို့ အတိုက်ခံရရင် ပြန်တိုက်မယ်လို့ပဲ သက်သေပြတာပါ။ ဒါ ဘိုးဘေးတွေ အလို‌ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ဒီနေ့ ငါ လုံးဝ မမျှော်လင့်ဖူးတဲ့ အရာတစ်ခုကိုတွေ့လိုက်ရတယ်။ အထွတ်အမြတ်ထားရတဲ့ မြေပေါ်မှာ ခုခံဖို့ လက်ကလေးတောင် မမြှောက်နိုင်တဲ့သူတွေကို ရက်ရက်စက်စက်သတ်ပစ်တာ မြင်လိုက်ရတယ်။ Oshu'gan တောင်ရိပ်မှာတင်ပဲ..။ ဒီနေ့ သတ်လိုက်တဲ့သူတွေက ငါတို့ကို ကာကွယ်ဖို့သတ်လိုက်တာ မဟုတ်ဘူး။ သူတို့...အစွမ်းတွေကို ပြဖို့ သက်သက်နဲ့ သတ်ပစ်လိုက်တာ"

ထိုစဉ် Orgrim ဝင်လာပြီး မီးပုံဘေးတွင် ထိုင်လိုက်သည်။ Draka က သူ့ပုခုံးကို ညင်သာစွာ ကိုင်ကာ ပြောလိုက်သည်။ "Orgrim... ဒီ .. Warlock တွေက ရှင့်အဖွဲ့ကပဲ။ ရှင် ဘယ်လိုတွေးထားလဲ"

"တကယ်လို့ Draenei တွေကို တိုက်ရမယ်ဆိုရင်တော့.. လုံးဝ နိုင်အောင် တိုက်ပစ်ရမှာပေါ့။ အခုဆို ဓာတ်ကြီးလေးပါးကလည်း မကူညီတော့ဘူး။
ဒီ အကောင်အသစ်တွေ၊ အစွမ်းအသစ်တွေက ပိုပြီး စွမ်းတယ် ထင်တာပဲ"

"သူတို့က တစ်ခုခုဖြစ်နေသလိုပဲ" Draka က ကြားဖြတ်ပြောသောအခါ Drek'Thar က ဝင်ပြောလိုက်၏။

"Draka မင်းစိတ်ပူတာကို သိပါတယ်။ ဒါတွေက ငါတို့သိထားခဲ့တဲ့‌ သဘာဝအစွမ်းတွေ မဟုတ်ဘူး။ ဒါနဲ့ပဲ မှားတယ်လို့လည်း ပြောလို့မရပြန်ဘူး။ ဒါပေမယ့်လည်း ဘယ်နေရာကလာလာ မီးကတော့ မီးပါပဲ။ လောင်တာလည်း တူတူပဲ။ ငါတော့ သူပြောတာ လက်ခံတယ်။ တကယ်လို့ တိုက်မယ်ဆိုရင်လည်း အနိုင်ရအောင် တိုက်သင့်တယ်"

"ဒါက မီးကိုဆင့်ခေါ်တာတွေထက်ပိုတယ်။ ကျွန်မ Draenei တွေနဲ့ တိုက်ဖူးတယ်။ သူတို့ကိုလည်း သတ်ဖူးတယ်။ ဒါပေမယ့် သူတို့ဒီလောက် နာကျင်လို့ အော်ဟစ်တာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ Warlock ကို ကူပေးတဲ့အကောင်လေးတွေက သူတို့နာနေတာကို မြင်ရတာ...ပျော်နေကြသလိုပဲ"

"ငါတို့လည်း အမဲလိုက်ရတာ ပျော်တယ်လေ" Durotan က ညွှန်ပြလိုက်သည်။ သူ့ကြင်ယာဘက်နှင့် ငြင်းခုံကသည်ကို မကြိုက်သော်လည်း သူ ဘက်ပေါင်းစုံကိုသေချာ ကြည့်ရမှဖြစ်မည်။ "ဝံပုလွေတွေလည်း အသားစားရတာ ပျော်တာပဲ"

"အနိုင်လိုချင်တာ မှားလား? အနိုင်ရလို့ ပျော်တာရော အပြစ်လား?" Orgrim က စိန်ခေါ်သည်။

"အနိုင်လိုချင်တာက မမှားပါဘူး။ နှိပ်စက်နေကြတာကို ပြောချင်တာ"

Drek'Thar က ပုခုံးတွန့်သည်။ "အဲ့ဒီ့အကောင်တွေက အဲ့ဒါစားပြီး အသက်ရှင်တာလည်း ဖြစ်နိုင်တာပဲ"

"ဒါပေမယ့် ငါတို့ တကယ်လိုလို့လား?" Draka စိတ်ညစ်ညူးခြင်းကြောင့် မျက်ရည်များလည်နေကြောင်း Durotan သိလိုက်သည်။

"ဓာတ်ကြီးလေးပါး ရှိနေတုန်းကတောင် Draenei တို့မှော်ပညာက ငါတို့ထက်သာတယ်။ ငါ မွေးကတည်းက နတ်ဆရာဖြစ်လာတာ။ ငါပြောမယ်။ တကယ်လို့ ခေါင်းဆောင်က ခွင့်ပြုမယ်‌ဆို ငါ Warlock လမ်းစဉ်ကို လိုက်မှာ။ အဲ့ဒီ့အစွမ်းတွေက ငါတို့ကို ဘာလုပ်ပေးနိုင်သလဲ သိလို့ပဲ။ ငါ တကယ် စိတ်မကောင်းပါဘူး Draka ။ ဒါပေမယ့်... ငါတို့ မဖြစ်မနေလိုတယ်။ ဓာတ်ကြီးလေးပါးလည်း မရှိတော့ရန် ငါတို့ အလွယ်လေး အသတ်ခံရနိုင်တာမို့ပဲ"

Draka က လက်ကိုမျက်နှာဖြင့်အုပ်ချလိုက်သည်။ အားလုံးတိတ်ဆိတ်သွားပြီး မီးပုံမှ မီးတဖြောက်‌ဖြောက်မြည်သံကိုသာ ကြားနေရသည်။ ယခင်ကကြားနေကျ အင်းဆက်တို့၏ အသံများအား မကြားရတော့ကြောင်း Durotan သတိပြုမိလိုက်သည်။ စောစောက ဖြစ်သွားသည့် ဖြစ်ရပ်ကြောင့် သူတို့ ဒီမြေမှ ဆုတ်ခွာသွားလေပြီ။ ဒါ နိမိတ်ဆိုး မဟုတ်ပါစေနဲ့ဟု Durotan ဆုတောင်းလိုက်မိသည်။

"Frostwolf အဖွဲ့ကို ဒီပညာတွေ သင်ဖို့ ငါ ခွင့်ပြုတယ်" Durotan က‌ လေးပင်စွာပြော၏။

Drek'Thar က ဦးညွတ်ကာ အရိုအသေပြု၏။ "ကျေးဇူးတင်ပါတယ် Durotan ။ နောင်တ မရစေရပါဘူး"

Durotan ဘာမှ ပြန်မပြော။

Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^

Love y'all,
Nyl


rate now: