book

Index 40

40

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

40

ကျွန်တော်တို့ ဘယ်လိုဖြစ်ပြီး မသိခဲ့ကြတာလဲ။ အပြစ်များကို Kil'jaden, Ner'zhul နှင့် Gul'dan တို့အပေါ်ကို ပုံချလျှင်တော့ လွယ်ပါသည်။ သို့သော် သူတို့က Ore အားလုံးကို တစ်ယောက်ချင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ စိတ်ထဲမှ အရာအားလုံးမှားနေမှန်း သိသိကြီးနှင့်ပင် ထိုလမ်းကို ရွေးခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က ကျွန်တော်‌မမွေးသေး၍ မပြောတတ်။ ကျွန်တော်လည်း သူတို့လိုမျိုး အမိန့်နာခံနေလောက်သည်။

ဒါမှမဟုတ် ကျွန်တော့်ဖခင်နှင့် အခြားသူတွေလိုမျိုး အမှန်ကို မြင်ခဲ့နိုင်မည်။

×

Blackhand က မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

"ငါ မသေချာဘူး Gul'dan.." သူကပြောသည်။

လွန်ခဲ့သည့် နှစ်ပတ်လောက်က Gul'dan သည် သူအယုံကြည်ရဆုံး နတ်ဆရာများကို ခေါ်ခဲ့ပြီး သူနဲ့ တွေ့ကာ ဘယ်သူ့ကိုမှ ထိုအကြောင်းမပြောရန် တောင်းဆိုခဲ့ရာ သူ သဘောတူခဲ့၏။ ဘာကြောင့်မှန်းမသိသော်လည်း သူ Gul'dan ကို Ner'zhul ထက် ပိုနှစ်သက်ခဲ့၏။ သူတို့နှစ်ယောက်လုံးမှာ စရိုက်အတူတူပင်။ အာဏာနှင့်စည်းစိမ်မက်ကြသည်။

Blackhand မှာ Blackrock အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ယခုအချိန်မတိုင်ခင်ထိ သူ ထိုထက်ရာထူးကြီးနိုင်ကြောင်း မသိ‌ရသေး။ အဖွဲ့များ တကွဲတပြားဖြစ်နေတုန်းကမူ အဖွဲ့ခေါင်းဆောင်ဖြစ်ခြင်းသည်သာ အကြီးဆုံး ရာထူးဖြစ်ခဲ့၏။ သို့သော် ယခု အဖွဲ့များပူးပေါင်းလိုက်ကြပြီ။ Gul'dan ၏ မျက်လုံးမှေးများထဲတွင် သူ့လိုလောဘကို တွေ့လိုက်ရ၏။

"Ner'zhul က ဂုဏ်ရှိပြီး ကောင်းမွန်တဲ့ အကြံပေးတစ်ယောက်ပါ။ ဒါပေမယ့် ငါက Ore တွေကို ခေါင်းဆောင်ဖို့ ပိုသင့်တော်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်"

Blackhand က ရိုင်းစိုင်းစွာရယ်သည်။

"ပြီးတော့ ပညာရှိတဲ့ ခေါင်းဆောင်ဆိုတာ မဟာမိတ်အများကြီး ဖွဲ့ရတယ်။ သန်မာပြီး နာခံတတ်တဲ့သူတွေ၊ တာဝန်ကျေပြွန်မယ့်သူတွေက သူတို့ သစ္စာခံရင် အလေးစားခံရပြီး ဆုမြင့်မြင့်မားမား ချီးမြှင့်ခြင်း ခံရလိမ့်မယ်"

"နာခံတတ်သူ" ဆိုသော စကားကြောင့် ဒေါသထွက်သွားသော်လည်း Gul'dan က "အလေးစားခံရ" နှင့် "ဆုချီးမြှင့်ခြင်း" တို့ကိုပါ ထပ်မံပေါင်းစည်းလိုက်သောအခါ Blackhand က သူခေါ်လာသည့် နတ်ဆရာတို့ကို တစ်ချက်ဝေ့ကြည့်သည်။ နတ်ဆရာတို့မှာ သူတို့နှင့် ခပ်ဝေးဝေးတွင်ရှိကြပြီး မပျော်မရွှင်ဖြစ်နေကြပုံပင်။

" နတ်ဆရာတွေကို ခေါ်လာခိုင်းတာ သူတို့ ဘာဖြစ်နေလဲ သိလို့လား"

Gul'dan က သက်ပြင်းချကာ talbuk ပေါင်တစ်ချောင်းဆွဲယူပြီး ကိုက်ချလိုက်သည်။

"အင်း ငါကြားပါတယ်။ ဓာတ်ကြီးလေးပါးက သူတို့ကို မနာခံတော့ဘူးဆို"

"တချို့တွေပြောတာတော့ အဲ့ဒါ ငါတို့လုပ်ရပ်တွေ မှားနေလို့ ဒဏ်ခတ်တာတဲ့"

"မင်းရော ဘယ်လိုထင်လဲ"

Blackhand က ပုခုံးတွန့်လိုက်သည်။ "ဘာထင်ရမလဲတောင် မသိတော့ပါဘူး။ ဘိုးဘေးတွေက ပြောတာက တစ်မျိုး ဒါပေမယ့် ဓာတ်တွေကတော့ အလုပ်မလုပ်တော့ဘူး"

သူလည်း ဘိုးဘေးတို့နှင့် ပက်သတ်၍ မသက်ာသော်ငြား ဘာမှမ‌ပြော။ အများစုက သူ့ကို ခွန်အားသာကြီးပြီး တုံးသည်ဟုထင်ကြသည်။ သူကလည်း ထိုသို့အထင်ခံရခြင်းကို နှစ်သက်၏။ သူ့ကို အားသာချက်ရစေသည်။

"ငါတို့က ဂုဏ်ရှိတဲ့အမျိုးပါ။ တစ်ခါတစ်လေတော့ ငါတို့ မသိတာတွေရှိတယ်ဆိုတာ ဝန်ခံရခက်တယ်။ Kil'jaden နဲ့ သူ့နောက်လိုက်တွေကလေ..သူတို့မှာ ရှိတဲ့အစွမ်းတွေကို ငါတို့နဲ့မျှဝေမယ်တဲ့"

Gul'dan မျက်လုံးများက စိတ်လှုပ်ရှားမှာကြောင့် တောက်ပလာပြီး Blackhand လည်း စိတ်လှုပ်ရှားလာသည်။

"သူတို့အမြင်မှာ ငါတို့က ဘာမှ မသိတဲ့ကလေးတွေ‌ပဲ။ မင်းရော ငါရော။ ဒါပေမယ့် သူတို့က သင်ပြပေးဖို့ အသင့်ပဲ။ သူတို့အစွမ်းတွေကိုပေါ့။ ဓာတ်ကြီးလေးပါးကိုရော နတ်တွေကိုရော မှီခိုစရာ မလိုတဲ့ အစွမ်းမျိုး"

"ငါနားထောင်နေပါတယ်" သူ ခပ်တိုးတိုးပြောလိုက်သည်။

"ကိုယ့်အစွမ်းကို ထိန်းချုပ်နိုင်တဲ့ နတ်ဆရာတွေကို ဦးဆောင်ရရင် ဘယ်လိုနေမလဲ တွေးကြည့်စမ်း။ အစွမ်းလေးရဖို့ တောင်းပန်နေရတဲ့ နတ်ဆရာမျိုး မဟုတ်ဘဲနဲ့ပေါ့" Gul'dan က ဆက်ပြောသည်။

"အဲ့ဒီ့နတ်ဆရာတွေမှာလည်း တိုက်ခိုက်ပေးဖို့ ကျွန်တွေရှိမယ်။ ရန်သူတွေ ကြောက်ပြီး ထွက်ပြေးရအောင် စွမ်းတဲ့ကျွန်တွေပေါ့။ ရန်သူတွေဆီက မှော်ပညာကို ကုန်အောင်စုပ်ယူနိုင်တဲ့ ကျွန်မျိုး"

Blackhand က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ "အဲ့လို ကျွန်မျိုးနဲ့သာဆို တိုက်ပွဲတိုင်း နိုင်လောက်တယ်"

Gul'dan က ရယ်ရင်းခေါင်းညိတ်သည်။ "သေချာတာပေါ့"

"ဒါပေမယ့် ဒါကို ဘယ်လိုလုပ်အမှန်လို့ ယုံရမှာလဲ"

"ဘာလို့လဲဆိုတော့... ငါကိုယ်တိုင် ကြုံဖူးပြီးလို့ပဲ။ ပြီးတော့ ဒီမှာရှိတဲ့ မင်းရဲ့ နတ်ဆရာတွေအားလုံးကို ငါသိတာအကုန် သင်ပေးလို့ရတယ်"

"အထင်ကြီးစရာပဲ" Blackhand က ရေရွတ်သည်။

"ဒါပေမယ့် ဒါက အကုန်မဟုတ်သေးဘူး။ မင်းရဲ့ စစ်သည်တွေ အားလုံး ပိုအစွမ်းထက်လာအောင် လုပ်လို့ရတဲ့ နည်းရှိသေးတယ်။ မင်းသာ လက်ခံရင် အကုန်မင်းတို့အတွက်ချည်းပဲ"

"ဆက်ပြောပါဦး"

သို့သော် Gul'dan က ဆက်မပြောဘဲ တိတ်ဆိတ်နေသည်။ Blackhand လည်း တုတ်တစ်ချောင်းယူကာ မီးပုံကိုထိုးနေလိုက်သည်။ အတော်များများက သူ့ကို စိတ်မရှည်တတ်ဟု ထင်ကြသော်လည်း တကယ်တော့ စိတ်ရှည်ခြင်းရဲ့တန်ဖိုးကို သူသိပါသည်။

"Ore ခေါင်းဆောင်တွေပါတဲ့ အဖွဲ့နှစ်ဖွဲ့ကို ငါ တွေးမိတယ်။ တစ်ခုက လူသိရှင်ကြား ဆုံးဖြတ်ချက်တွေချမယ့် ရိုးရိုးအစိုးရအဖွဲ့ပဲ။ နောက်တစ်ခုကတော့..အရိပ်အဖွဲ့ပေါ့။ လျှို့ဝှက်ဖုံးကွယ်ထားပြီး အာဏာကြီးရမယ်။ ဒီ..ဒီ အရိပ်အဖွဲ့မှာ ငါတို့နဲ့ အမြင်တူပြီး အဖွဲ့ထဲဝင်ဖို့ ဘာမဆိုစတေးရဲတဲ့ သူတွေကို ထားမယ်"

Blackhand က ခေါင်းညိမ့်သည်။ "အင်း..သိပြီ သိပြီ။ လူထုအစိုးရနဲ့ ပုဂ္ဂိက အစိုးရပေါ့"

Gul'dan ကပြုံးသည်။ Blackhand က သူ့ကို ခဏကြည့်နေပြီး မေးခွန်း‌တစ်ခုမေးလိုက်သည်။

" ဒါဆို ငါက ဘယ်အဖွဲ့မှာ နေရမှာလဲ"

"နှစ်ခုလုံးပဲ မိတ်ဆွေ။ မင်းက ပါရမီပါလာတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ ဩဇာတိက္ကမနဲ့ ပြည့်စုံတယ်။ မင်းရဲ့ရန်သူတွေတောင် မင်းသိပ်တော်မှန်း သိကြတယ်။ မင်းကို Ore တို့ရဲ့ ခေါင်းဆောင်အဖြစ် ရွေးဖို့ပဲ စီစဉ်ထားတာ"

Blackhand မျက်လုံးများ အရောင်တောက်သွားသည်။ "ငါ ရုပ်သေးရုပ်မဟုတ်ဘူး"

"သေချာ‌တာပေါ့။ ဒါကြောင့်မင်းကို Ore မျိုးစိတ်အသစ် .. ဒီ Horde တို့ရဲ့ခေါင်းဆောင်နေရာ ပေးတာပေါ့။ ပြီးတော့ မင်းကိုအရိပ်အဖွဲ့ထဲမှာလည်း ထားမယ်လေ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မယုံကြရင် အတူတူ အလုပ်လုပ်လို့ဘယ်ရမလဲ"

Blackhand က Gul'dan ကိုကြည့်ကာ ပြုံးလိုက်သည်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းလေးမျှ မယုံကြ‌။ သို့သော် ပြဿနာ မရှိပါ။ သူတို့က ပြိုင်ဘက်တွေမဟုတ်။ အချင်းအချင်း အကျိုးပြုနိုင်သူများပင်ဖြစ်သည်။

Blackhand က သူ့မိသားစုအကြောင်းတွေးမိသည်။ သူ့မိန်းမ Urukal ၊ သားနှစ်ယောက်ဖြစ်သည့် Rend နဲ့ Maim ၊ သူ့သမီး Grisclda ။ Durotan သူ့မိန်းမကို ချစ်သလိုတော့ သူက သူ့မိသားစုကို တုန်နေအောင် မချစ်ပါ။ သို့သော် မိသားစုကို ဂရုတော့စိုက်ပါသည်။ သူ့မိန်းမ ရွှေငွေများနှင့် ချမ်းသာနေတာကိုရော သူ့သားသမီးတွေ ကောင်းစားမှာရောကို သူမ့င်ချင်သည်။

သူ့မျက်လုံးထောင့်မှ လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရသည်။ တစ်ခါက အစွမ်းထက်ခဲ့သလောက် ယခု အစွန့်ပစ်ခံ Ner'zhul မှာ တံခါးအောက်၌ လဲကျနေ၏။

"သူကရော?" Blackhand ကမေးလိုက်သည်။

"သူက ဘာဖြစ်လဲ? သူ အခု ဘာ‌ကောင်မှ မဟုတ်တော့ဘူးလေ။ သခင်ကြီးက အခုထိတော့ သူ့ကို မသတ်သေးဘူး။ ဖယ်ရှားပစ်ဖို့ကလည်း Ore တွေက Ner'zhul ကို တအားချစ်နေကြသေးတယ်။ မစိုးရိမ်ပါနဲ့ သူဘာမှ မလုပ်နိုင်ဘူး"

"Blackrock နတ်ဆရာတွေကို မင်းသင်ပေးမှာလား?"

"ငါ ကိုယ်တိုင်လေ့ကျင့်ပေးမယ်။ သူတို့ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ငါ့ရဲ့ Warlocks အသစ်တွေထဲမှာ ရှေ့ဆုံးက ထည့်ပေးမှာ"

Warlock ဆိုတာ ဒီမှော်ပညာအသစ်ရဲ့ နာမည်ပေါ့။ အသံထွက်မှာ စိတ်ဝင်စားစရာပင်။ Warlock တဲ့။ ပြီးတော့ Blackrock Warlock တို့မှာ ပထမဆုံး အရွေးချယ်ခံရသူများ ဖြစ်မည်။

"Blackrock ခေါင်းဆောင် Blackhand ရေ ငါ့ကမ်းလှမ်းချက်ကို ဘာပြောချင်လဲ"

Blackhand က Gul'dan ဘက်ကို ဖြေးဖြေးချင်းလှည့်ကာ ပြောလိုက်သည်။ "ငါပြောချင်တာကတော့... Horde တို့ အဓွန့်ရှည်ပါစေ။ ပြီးတော့ Blackrock အဖွဲ့ကြီး အဓွန့်ရှည်ပါစေ"

Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^

Love y'all,
Nyl


rate now: