38
ကျွန်တော်တို့ အားလုံး တစ်နည်းနည်းနှင့် ပျော့ညံ့ကြသည်သာဖြစ်သည်။ ဘယ်လူမျိုးမဆိုပင်။ တစ်ခါတစ်ရံ ပျော့ညံ့ခြင်းဆိုသည်မှာ အယောင်ဆောင်ထားသည့် စွမ်းအားတစ်မျိုးပင် ဖြစ်သည်။ တစ်ခါတစ်ရံတော့ အလုံးစုံ ပျက်စီးခြင်းပင်ဖြစ်သည်။ တစ်ခါတစ်လေတော့လည်း နှစ်ခုစလုံးဖြစ်နိုင်သည်။ ပညာရှိက သူ့အားနည်းချက်ကို သိပြီး ပြင်ဆင်ရန် နည်းလမ်းရှာသည်။ အရူးကတော့ ထိုအားနည်းချက်က ထိန်းချုပ်တာကို ခံပြီး သူ့ကိုယ်သူ ပျက်စီးစေသည်။
တစ်ခါတစ်ရံတွင်တော့ ပညာရှိကလည်း အရူး ဖြစ်နေတတ်သည်။
×
Skychaser ကို စီးရင်းပြန်လာသည့်လမ်းတစ်လျှောက်တွင် သူ့လက်များ အေးစက်နေ၏။ သူလုပ်ခဲ့ပြီးသော အပြစ်တွေကြောင့် သူ့လူတွေကို ဘယ်လိုမျက်နှာပြရပါ့မလဲ။ နောက်တစ်ခုက.. Kil'jaden သူ့ကို ရှာမတွေ့အောင် ဘယ်နေရာကို ဘယ်လို ပြေးရပါ့မလဲ။ သူ တစ်ချိန်လုံးဆောင်ထားသည့် ရိုးရာဓားကို သူ့နှလုံးအိမ်ထဲ စိုက်သွင်းနိုင်မည့် သတ္တိကို လိုချင်သော်လည်း သူမလုပ်နိုင်မှန်းသိနေ၏။ မိမိကိုယ်ကို သတ်သေခြင်းမှာ ဂုဏ်မရှိဟု သူတို့လူမျိုးများက ယူဆထားကြသည်။ ထိုလုပ်ရပ်မှာ သူရဲဘောကြောင်သူတို့၏ အလုပ်ဖြစ်သည်။
သူ ဘာမှမသိသလို ဆက်ဟန်ဆောင်နေ၍ရသည်။ Kil'jaden မှာ အလွန်စွမ်းသော်လည်း တကယ်ကြီး သူများစိတ်ကို ဖတ်နိုင်သည်ဆိုသော သက်သေမရှိပါ။ ထိုအတွေးကြောင့် သူ စိတ်အေးသွား၏။ ဟုတ်တယ်... သူတို့လူမျိုးကို လုပ်နေတဲ့ ပျက်စီးမှုတွေကို လျော့ပါးလာအောင် သူလုပ်လို့ရမှာ။
စိတ်ရောကိုယ်ပါ ပင်ပန်းနေရင်း တဲထဲသို့ ဝင်ကာညကုတင်ပေါ်သို့လှဲချပြီး အရာအားလုံးကို မေ့နိုင်ရန် ခဏအိပ်ဖို့ကြိုးစားလိုက်သည်။
သို့သော် စူးလွန်းသည့် အလင်းရောင်တစ်ခုဝင်လာကာ သူ ဒူးထောက်ချလိုက်ရ၏။
"ငါ့ကို သစ္စာဖောက်တော့မယ်ပေါ့ ဟုတ်လား" သူက ပြောသည်။
Ner'zhul လက်ထဲတွင် အန်ချမိလိုက်သည်။ အလင်းရောင်က တဖြေးဖြေးမှိန်သွားပြီး Kil'jaden ဘေးတွင် သူ့လက်ထောက် Gul'dan က ကောက်ကျစ်စွာ ပြုံးနေလေ၏။
" Gul'dan... မင်းဘာတွေ လုပ်လိုက်တာလဲ"
"Kil'jaden ကို သစ္စာဖောက်တစ်ယောက်အကြောင်းပြောလိုက်တာလေ။ သူ့ကို လှည့်စားတော့မယ် သူတစ်ယောက်ကို ဘာလုပ်မလဲဆိုတာ သူဆုံးဖြတ်လိမ့်မယ်"
Gul'dan ပုခုံးပေါ်တွင် နှင်းများက ယခုထိရှိနေသေး၏။ ဘာတွေဖြစ်နေလဲဆိုတာ Ner'zhul သဘောပေါက်သွားသည်။ အာဏာရူးလွန်းသည့် သူ့လက်ထောက်မှာ သူ့ကို နောက်ယောင်ခံလိုက်ခဲ့ခြင်းပင်။ ဘိုးဘေးတို့ရဲ့စကားကိုလည်း သူကြားပြီးဖြစ်သည်။ ဒါတောင်မှ Kil'jaden လက်အောက်မှာ နေချင်သေးတယ်ပေါ့? ခဏတော့ Ner'zhul ကြောက်စိတ်များပြေသွားတာ အမှန်ကိုမမြင်နိုင်တော့သည့် သူတပည့်ကိုသာ သနားမိသွား၏။
"ဒါ ငါ့ကိုနာကျင်စေတယ်။ ငါမင်းကို ရွေးခဲ့တာ Ner'zhul ။ မင်းကို ငါ့အစွမ်းတွေပေးပြ မင်းတို့လူမျိုးတွေ ကမ္ဘာပေါ်မှာ အားအကြီးဆုံး ဖြစ်မယ့်နည်းကို ပြခဲ့တာ"
Ner'zhul ဘာမှ မစဉ်းစားဘဲ ပြန်ပြောလိုက်သည်။ "မင်း ငါ့ကို လှည့်စားခဲ့တယ်။ အမြင်မှားတွေ ပေးခဲ့တယ်။ ဘိုးဘေးတွေကို အပုပ်ချခဲ့တယ်။ မင်းဘာလို့ ဒါတွေလုပ်နေလဲတော့ ငါမသိဘူး။ သေချာတာကတော့ ငါတို့ကောင်းကျိုးအတွက်တော့ မဟုတ်ဘူး"
"ဒါပေမယ့် သူတို့ တိုးတက်လာတယ်လေ။ နှစ်အကြာကြီးနေမှ ပထမဆုံးအကြိမ် စည်းလုံးနေကြတယ်"
"အလိမ်ခံရပြီး စည်းလုံးတာလေ" Ner'zhul ပြောလိုက်သည်။ သူ ပုန်ကန်ရသည်မှာ နေလို့ကောင်းလှသည်။ သူဆက်ပြောနေရင် Kil'jaden ဒေါသထွက်လာပြီး သူ့ကို သတ်ပစ်မည်ထင်သည်။ ဒါဆို သူ့ပြဿနာလည်း ရှင်းပြီး ဖြစ်သွားလိမ့်မည်။ သို့သော် Kil'jaden က ဒေါသမထွက်ဘဲ သက်ပြင်းချကာ ကလေးတစ်ယောက်ကို ဆုံးမနေသည့် မိဘတစ်ဦးလို ခေါင်းခါလိုက်သည်။
"မင်းကို ငါ အခွင့်အရေးတစ်ခု ပေးမယ် Ner'zhul . မင်းကို တာဝန်တစ်ခုပေးမယ်။ မင်းလုပ်နိုင်ရင် မင်းသစ္စာကို အသိအမှတ်ပြုပေးမယ်"
Ner'zhul ထပ်မံ ပုန်ကန်လိုက်ချင်သော်လည်း ဘာမှမပြောဖြစ်။ သူ မသေချင်သေးမှန်း တဖြေးဖြေးသိလာသည်။
"Frostwolf ခေါင်းဆောင်ကို ငါစိတ်ပျက်မိတယ်။ ပုန်ကန်ချင်နေတာ သူတစ်ယောက်တည်း မဟုတ်ဘူး။ တခြားသူတွေလည်း ရှိသေးတယ်။ Doomhammer ကိုင်တဲ့တစ်ယောက်ရယ်၊ Bladewind နဲ့ Redwalker အဖွဲ့ထဲ တချို့ရယ်။ သူတို့ကြောင့် ဘာအကျိုးဆက်မှ မရှိလာရင်တော့ ပြဿနာမရှိဘူး။ ဒါပေမယ့် ရှိနေတယ်။ ငါ့အောင်မြင်မှု လမ်းစဉ်ကို ဘာအန္တရာယ်မှ မရှိစေချင်ဘူး။ ဒါကြောင့် သူတို့နာခံမှုကို ငါ သေချာချင်တယ်။ ဒါတင် မကသေးဘူး။ အတော်များများက ဂုဏ်ရှိတာကို စွဲလမ်းနေကြသလိုပဲ။ သူတို့ ပူးပေါင်းပါတင်တာကို သေချာအောင် လုပ်ရမယ် အမြဲတမ်းအတွက်ပေါ့"
Gul'dan မျက်လုံးများ တောက်ပသွားသည်။ "ဘာလုပ်ရမှာလဲ သခင်ကြီး"
သူတို့ကြားက တည်မြဲမှုတစ်ခုကို Ner'zhul တွေ့သွားသည်။ Kil'jaden သည် Ner'zhul သူ့ကို ယုံအောင် အလိမ်အညာများ ပြောခဲ့ရသော်လည်း Gul'dan ကိုမူ ပွင့်ပွင့်လင်းလင်းပြောလို့ရသည်။
"နည်းတစ်ခုရှိတယ်" Kil'jaden က သူတို့နှစ်ယောက်လုံးကိုပြောလိုက်သည်။ "သူတို့ ငါ့ကို ထာဝရ သစ္စာရှိနေအောင်လုပ်ဖို့နည်း"
Ner'zhul သည် ဘိုးဘေးတို့ စကားများကြားပြီးနောက်တွင် ထိုထက် ထိတ်လန့်ဖွယ်ရာကောင်းသည့် အရာမရှိတော့ ဟု ထင်ခဲ့မိသော်လည်း ယခုမူ နောက်ထပ် ကြောက်စရာကောင်းသည့်အရာတစ်ခုကို တွေ့ကြုံနေရပေပြီ။
ထာဝရ နာခံ။
ထာဝရ သစ္စာရှိ။
ထာဝရ ကျွန်ဖြစ်။
သူ Kil'jaden ကိုမော့ကြည့်လိုက်ပြီး ပြောစရာစကားများပျောက်ဆုံးနေ၏။ ခေါင်းညိတ်လိုက်လျှင်ပင် ပြီးမည်ဖြစ်သော်လည်း သူမလုပ်နိုင်။ ဒီတိုင်းသာ စိုက်ကြည့်နေမိ၏။
Kil'jaden က သက်ပြင်းချလိုက်သည်။ "မင်းက ဒါကိုလည်း ငြင်းမယ်ပေါ့?"
Kil'jaden စကားကိုကြားပြီးနောက်တွင် အညှို့ခံထားရခြင်းမှ လွတ်မြောက်သွားသလိုမျိုး သူ့ပါးစပ်မှ စကားများ ထွက်လာလေ၏။ ထိုစကားများကြောင့် သေနိုင်သည်ကို သိသော်လည်း သူ မရပ်တန့်နိုင်။
"ငါ့လူမျိုးကို ကျွန်ခံခိုင်းမယ့် ကိစ္စကို လုံးဝ ငြင်းပယ်တယ်" သူအော်ဟစ်လိုက်သည်။
Kil'jaden ကနားထောင်ပြီး ခေါင်းညိတ်သည်။
"ဒါမင်းရွေးချယ်မှုပဲ။ ဒါရဲ့ အကျိုးဆက်တွေကိုလည်း မင်းရွေးလိုက်ပြီဆိုတာ သိထားပါ။ မင်းကြောင့် ဘာမှ မပြောင်းလဲသွားဘူး။ မင်းလူတွေက ကျွန်ဖြစ်ဦးမှာပဲ။ ဒါပေမယ့် မင်းကတော့ သူတို့ကို ဦးဆောင်ပြီး နေရမယ့်အစား ဘာအကူအညီမှမပေးဘဲ ထိုင်ကြည့်နေရတဲ့လူပဲ ဖြစ်တော့မယ်။ မင်းကို ဒီတိုင်းသတ်ရတယထက် ဒါက ပိုအရသာရှိမယ်ထင်တယ်"
Ner'zhul စကားပြောဖို့လုပ်လိုက်သော်လည်း ပြောလို့မရ။ Kil'jaden က မျက်လုံးများမှေးစင်းလိုက်သောအခါ သူ လှုပ်လို့ပင်မရတော့။ သူ နှလုံးခုန်နေသေးသည်ကပင် Kil'jaden ခွင့်ပြုထား၍ ဖြစ်ကြောင်း သူသိသည်။
ဘာလို့ သူ ဒီလောက် အလွယ်တကူ အရူးလုပ်ခံခဲ့ရတာလဲ။
ဒီ မကောင်းဆိုးဝါးကြီးရဲ့ အမြင်လှည့်စားမှုကို သူချစ်ရတဲ့ ကြင်ယာဘက်လို့ ဘာလို့ ထင်ခဲ့ရတာလဲ။ သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာခြင်းကလည်း Kil'jaden ခွင့်ပြုထား၍ ပင်ဖြစ်ကြောင်း သိနေသည်။
Kil'jaden က ပြုံးလိုက်ပြီး Gul'dan ဘက်လှည့်သွားသည်။ သည်လောက် စိတ်ဆင်းရဲနေသည့် ကြားမှပင် Ner'zhul သည် ယခု Gul'dan က Kil'jaden ကို ကြည့်နေသည့် အမူအရာနှင့် တစ်ခါမှ မကြည့်ခဲ့ဖူးသောကြောင့် အနည်းငယ် စိတ်သက်သာသွား၏။ Gul'dan မှာ ချီးမွမ်းခြင်းကို ဆာလောင်မွတ်သိပ်နေသည့် ပုံဖြစ်နေသည်။
"မင်းကိုတော့ ငါ လိမ်စရာမလိုဘူးမလား ကျွန်အသစ်လေး ။ မင်းက အမှန်ကို မကြောက်တတ်ဘူး"
"သေချာတာပေါ့ သခင်ရယ်။ ကျွန်တော်က သခင့်အတွက် အသက်ရှင်နေတာပါ"
Kil'jaden က ရယ်လိုက်သည်။ "ငါ မလိမ်တော့ဘူးဆိုရင် မင်းလည်း မလိမ်ရဘူးလေ။ မင်းက အစွမ်းအတွက် အသက်ရှင်နေတာ။ စွမ်းအားတွေကို မင်း ဆာလောင်မွတ်သိပ်တယ်။ ဒီအတောအတွင်းမှာ မင်းရဲ့ အစွမ်းတွေက ငါအသုံးချလို့ရတဲ့အထိကို တိုးတက်လာတယ်။ မင်းနဲ့ ငါ့ရဲ့ ဆက်ဆံရေးက ကြည်ညိုလေးစားမှုကြောင့်မဟုတ်ဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့ ကိုယ်ကျိုးအတွက်ကြောင့်ပဲ။ ဆိုလိုတာက အဓွန့်ရှည်တည်မြဲလိမ့်မယ်"
Gul'dan မျက်နှာတွင် ခံစားချက်ပေါင်းစုံ ဖြတ်ပြေးသွားသည်။ ဘာပြန်ပြောရမှန်း သူသိပုံမရချေ။ Ner'zhul က သူ ဖြစ်ပျက်နေပုံကို ကြည့်ကာ ကျေနပ်နေ၏။
" သခင့်....ဘဘောအတိုင်းပါပဲ။ ဘာလုပ်ရမလဲသာပြောပါ။ ဖြစ်စေရပါမယ်"
"ငါ Draenei တွေကို သေစေချင်နေတယ်ဆိုတာတော့ မင်းသိပြီးသားပါ။ ဘာ့ကြောင့်လဲ သိစရာမလိုဘူး။ Ore တွေ လုပ်နေတာ ကောင်းပါတယ် ဒါပေမယ့် ဒီ့ထက် ကောင်းကောင်းလုပ်လို့ရသေးတယ်။ စစ်သည်တစ်ယောက်ဆိုတာ လက်နက်ကောင်းရှိရင် ရတာပဲ။ မင်းနဲ့ မင်းတို့လူတွေ တစ်ခါမှ မမြင်ဖူးတဲ့ လက်နက်တွေ ငါပေးမယ် Gul'dan. နည်းနည်းတော့ အချိန်ယူရမယ်။ သူများတွေကို မသင်ခင် မင်းအရင် တတ်အောင်သင်ရမယ်။ အဆင်သင့်ပဲလား?"
Gul'dan မျက်လုံးများတောက်ပသွား၏။ " စသင်ပါတော့ သခင်ကြီး။ ကျွန်တော် ဘယ်လောက်တော်လဲ သိရပါစေ့မယ်"
Kil'jaden က ရယ်လိုက်လေသည်။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl