book

Index 37

37

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

37


Kil'jaden ဒေါသူပုန်ထနေတော့သည်။


Ner'zhul မှာ သူ့ဒေါသကြောင့် တုန်လှုပ်နေကာ မြေပြင်တွင် ဝပ်ဆင်းရင်း "ခွင့်လွှတ်ပါ.." ဟု ရေရွတ်နေလေ၏။ သူတစ်ခါမှ မခံစားဖူးသည့် နာကျင်မှုမျိုးကို ခံစားဖို့ မျက်လုံးများကို မှိတ်ကာ ပြင်ဆင်‌လိုက်သည်။


သိချင်စိတ်ကြောင့် Ner'zhul မော့ကြည့်လိုက်ရာ Kil'jaden မှာ ပြန်လည် တည်ငြိမ်‌သွားပေပြီ။


"ငါ....စိတ်ပျက်မိတယ်" သူက အေးဆေးစွာပြောသည်။ "ဒါပေမယ့် ငါ ဒီနှစ်ခုကိုတော့ သိတယ်။ ဒီကိစ္စမှာ တာဝန်ရှိသူက Frostwolf ခေါင်းဆောင်ပဲ။ ပြီးတော့ မင်း သူ့ကို ဘယ်လို အရေးကြီးတဲ့ ကိစ္စမျိုးမှ ထပ်မခိုင်းရဘူး"


Ner'zhul တစ်ယောက် မေ့လဲမတတ် ကြောက်ရွံ့နေရာမှ စိတ်သက်သာရာရသွား၏။ 


"သေချာတာပေါ့ သခင်။ နောက် ထပ်မဖြစ်စေရပါဘူး။ ပြီး‌တော့... သခင့်အတွက် ဒီကျောက်တွေကို ရှာတွေ့ခဲ့ပါတယ်"


"ငါ့အတွက် ဒါတွေက အသုံးမဝင်ပါဘူး။ ဒါပေမယ့် မင်းတို့တွေ Draenei တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးဝင်မယ်လို့ ထင်တယ်။ ဒါ မင်းတို့ရဲ့ တိုက်ပွဲပဲလေ။ မဟုတ်ဘူးလား?"


ကြောက်ရွံ့ထိတ်လန့်မှုက Ner'zhul ထံ ထပ်မံရောက်ရှိလာသည်။ "အမှန်ပါပဲ သခင်။ ဒါ ဘိုးဘေးတွေရဲ့ အလိုဆန္ဒပါ"


Kil'jaden က သူ့ကို ခေတ္တမျှ စိုက်ကြည့်လိုက်သည်။ 

"ငါ့ရဲ့ အလိုဆန္ဒပါ" သူက ရိုးရှင်းစွာပြောသည်။ Ner'zhul မှာ ခေါင်းကို အဆက်မပြတ်ညိမ့်နေ၏။


"ဟုတ်ပါတယ် ဟုတ်ပါတယ်။ သခင့်ရဲ့ ဆန္ဒပါ။ ကျွန်တော်က သခင့်စကားကို လိုက်နာတာပါ"


Kil'jaden က ကျေနပ်သွားပုံရပြီး ထွက်သွား၏။ Ner'zhul လည်း ပုံလျက်ကျသွားကာ ချွေးများရွှဲနေသည့် မျက်နှာကို သုတ်လိုက်သည်။


ထို့နောက် အခန်းထောင့်ရှိသူ တစ်ယောက်ကို တွေ့လိုက်ရသည်။ Gul'dan.. သူအကုန် မြင်သွားပေပြီ။


"ကျွန်တော်တို့ တိုက်ဖို့ပြင်နေတာ ကြာခဲ့ပြီ။ မနေ့ညက Pale Lady မထွန်းတောက်တော့ ကျွန်တော်တို့လည်း အဲ့ဒီ့မြို့လေးကို ချီတက်ခဲ့ကြတယ်။ တစ်ယောက်မှ အသက်မရှင်ဘူး။ ကလေးတွေရောပဲ။ သူတို့ရဲ့ စားနပ်ရိက္ခာတွေ လက်နက်တွေ အကုန်လုံးကို အခု ပူးပေါင်းထားတဲ့ အဖွဲ့နှစ်ဖွဲ့ကြားမှာ မျှဝေလိုက်တယ်။ သူတို့ရဲ့ အပြာရောင်သွေးတွေက ကျွန်တော်တို့ မျက်နှာပေါ်မှာ ခြောက်ကပ်နေပြီး အောင်မြင်မှုအတွက် ကခုန်ကြပါတယ်"


စာများ ထပ်မံရှိနေသော်လည်း ဖတ်စရာမလို။ အကုန် အတူတူပင်ဖြစ်သည်။ တိုက်ပွဲအောင်ခြင်း၊ သတ်ဖြတ်ခြင်း တို့ပင်။ Ner'zhul က ဒီမနက်မှ ရောက်လာတဲ့ စာများကို ကြည့်လိုက်သည်။ စုစုပေါင်း ခုနစ်စောင်ဖြစ်သည်။


အချိန်တွေကုန်ဆုံးသွားလေလေ Ore တို့က Draenei များကို သတ်နိုင်လေလေ ဖြစ်သည်။ တိုက်ပွဲတစ်ခုအောင်တိုင်း နည်းစနစ်များ တိုးပွားလာ၏။ Durotan ယူလာပေးသည့်ကျောက်များမှာ အမှန်ပင် အသုံးဝင်သည်။ Heat of Fury ဟု အမည်ပေးထားသည့် အနီရောင်ကျောက်မှာ ကိုင်ဆောင်ထားသော ခေါင်းဆောင်ကိုသာမက သူ့လက်အောက်ငယ်သားတို့ကိုပါ အားတက်စေကြောင်း တွေ့ရသည်။ ထိုကျောက်ကို တစ်လတစ်ခါ အဖွဲ့တစ်ဖွဲ့မှ တစ်ဖွဲ့သို့ ကူးပြောင်းကြသည်။


Brilliant Star ဟုခေါ်သည့် ကျောက်တုံးမှာမူ နတ်ဆရာတစ်ယောက်ကို အတွေးများငြိမ်စေကာ အာရုံစူးစိုက်မှုကိုပေးသည်။ သမာဓိအားကောင်းသောကြောင့် မှော်ပညာအစွမ်းပိုထက်လာသည်။ တိုက်ပွဲနိုင်ခြင်း၏ အဓိကသော့ချက်တစ်ခုပင်။ Draenei တို့အားသတ်ရန် Draenei တို့ ပညာကို ပြန်သုံးရသည်မှာ အရသာရှိနေ၏။


သို့‌သော် ထိုအရာများက Ner'zhul ကို စိတ်မကျေနပ်စေ။ Durotan နှင့် စကားပြောစဉ်က ခံစားခဲ့ရသည့် သံသယမှာ ရှိနေမြဲ။ Kil'jaden က သူ့စိတ်ကို ဖတ်နိုင်သည်ဟု ထင်နေသောကြောင့် သူ မတွေးမိရန်အပြင်းအထန်ကြိုးစားနေရသည်။ သို့သော် ထိုအတွေးများမှာ ရောက်လာဆဲ။ Kil'jaden မှာ Draenei တို့နှင့် ပုံစံ အလွန့်အလွန်တူနေ၏။ သူ အသုံးချခံနေရတာများလား။


တစ်ညတွင် သူ လုံးဝ သည်းမခံနိုင်တော့ချေ။ အဝတ်အစားလဲကာ သူ့ ဝံပုလွေ Skychaser ကို နှိုးလိုက်သည်။


"လာခဲ့ ငါ့မိတ်ဆွေ" 


သူတစ်ခါမှ မြင့်မြတ်သည့်တောင်ပေါ်သို့ ဝံပုလွေစီး၍ မသွားဖူး။ ရိုးရာအရ လမ်းသာလျှောက်ခဲ့သည်။ သို့သော် ယခုတော့ မိုးမလင်းခင် သူပြန်ရောက်ရန် လိုသည်။


နွေဦးရာသီ ရောက်ခါနီးဖြစ်သောလည်း အအေးဓာတ်ကို ခံစားနေရဆဲဖြစ်၏။ ဝံပုလွေက တဖြည်းဖြည်း တက်သွားသောအခါ သူ တောင်ကြီးကို မော့ကြည့်လိုက်ပြီး စိတ်သက်သာသွား၏။ ဒီလအတောအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် သူ့လုပ်ရပ်မှာ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။


Skychaser မှာ တက်ရ ခက်ခဲနေသောကြောင့် "နေခဲ့" ဟု အမိန့်ပေးကာ ဆင်းလိုက်သည်။  နာရီအနည်းငယ်ထက် ပိုမကြာလောက်ဟု တွေးမိ၍ အကြာကြီးနေမှ ပထမဆုံးအကြိမ်အဖြစ် သုံးသော ခွန်အားများနှင့် တောင်ပေါ်ပြေးတက်လိုက်သည်။


သူ ဒါကို အရင်တည်းက လုပ်ခဲ့သင့်သည်။ ဘာလို့ ဒါကို တစ်ခါမှ မတွေးခဲ့သလဲ သူ စဉ်းစားမရ။ နောက်ဆုံးတွင် သူ ဝင်ပေါက်သို့ ရောက်ရှိခဲ့သည်။


Ner'zhul လှိုဏ်ဂူကြီးထဲဝင်လာစဉ် မြင့်မြတ်သောရေကန်ထဲမှ အလင်းရောင်မှာ ပုံမှန်ထက် ပိုမှိန်နေသလို ခံစားရသဖြင့် သူ တုန်လှုပ်လာသည်။ 


သူရေကန်နားသို့ သွားလိုက်ပြီး သယ်လာသော ရေဘူးထဲမှ ရေများကို လောင်းချလိုက်သည်။ ထို့နောက် ရေနက်ထဲသို့ စိုက်ကြည့်ကာ ထိုင်စောင့်နေလိုက်၏။ 


ဘာမှ မထူးခြားလာ။


သူ မတုန်လှုပ်ပါ။ တစ်ခါတစ်ရံ ဘိုးဘေးများမှာ ပြန်ဖြေရန် ကြာတတ်သည်။


သို့သော် အချိန်က ကြာလာသည်။ Ner'zhul စိတ် မငြိမ်နိုင်တော့ဘဲ အော်လိုက်သည်။


"ဘိုးဘေးတို့... ကျွန်တော် Ner'zhul၊ Shadowmoon အဖွဲ့ရဲ့ နတ်ဆရာ၊ ဘိုးဘေးတို့ သွေးသားတွေရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ ကျွန်တော် ဒီကိုလာပြီး အသိပညာကို လာရှာ... မဟုတ်ဘူး လာတောင်းပန်တာပါ။ ဘိုးဘေးတို့ရဲ့ အလင်းရောင်ကို မတွေ့တော့လို့ပါ။ ကျွန်တော်တို့ လူမျိုးစုကြီးတစ်စုလုံး ပိုစည်းလုံး သန်မာလာပေမယ့် မှောင်မိုက်ပြီး ကြောက်စရာ ကောင်းလာပါတယ်။ ကျွန်တော်လုပ်နေတဲ့ အလုပ်တွေကို သံသယဖြစ်လာပါပြီ။ ဘိုးဘေးတို့ကဲ့ လမ်းပြမှုကို လိုအပ်နေပါတယ်။ ကျေးဇူးပြုပြီး.. ဘိုးဘေးတို့ ခြေရာကို နင်းခဲ့တဲ့သူတွေကို တစ်ခါလောက်များ ချစ်ခင်ခဲ့ဖူးတယ်ဆိုရင် ကျွန်တော့်ဆီလာပြီး အကြံပေးပါ"


သူ့အသံက တုန်လှုပ်နေ၏။ သူ့အသံမှာ လမ်းပျောက်ကာ သနားစရာကောင်းနေမှန်းသိသည်။ သူ့မာနကြောင့် ခဏတော့ ရှက်သွား၏။ သို့သော်  သူ့လူမျိုးကို သူ ဂရုစိုက်ခဲ့ပြီး လူမျိုးအတွက် မှန်တယ် ထင်တာ လုပ်ခဲ့သည်ဟူသော အတွေးကြောင့် စိတ်သက်သာသွားသည်။


ရေကန်မှာ အရောင်တောက်လာ၏။ သူငုံ့ကြည့်လိုက်သော် မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။


"Rulkan" သူ့မျက်ရည်များကြောင့် ရေများ ခဏ ဝါးသွားသည်။ သူ့မျက်လုံးများကို ကြည့်လိုက်သော် Ner'zhul ရင်ထဲမှ နာကျင်သွား၏။


ထိုအကြည့်မှာ အမုန်းတရားများပင်။


Ner'zhul အရိုက်ခံလိုက်ရသလို တွန့်ဆုတ်သွား၏။ အခြားမျက်နှာများလည်း ပေါ်လာပြီး ထိုအကြည့်ဖြင့်ပင် သူ့ကိုကြည့်နေကြသည်။ သူ မူးဝေလာကာ အော်လိုက်သည်။ "ကျေးဇူးပြုပြီး ကူညီကြပါ!"


Rulkan ၏ စူးရှသော မျက်လုံးများ အနည်းငယ် နူးညံ့သွား၏။ သူ့ကိုစကားပြောသည့်အသံထဲတွင် ကရုဏာသံများ ပါနေသည်။ "ရှင် လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး။ ရှင်က လူမျိုးရဲ့ ကယ်တင်ရှင် မဟုတ်ဘူး။ သစ္စာဖောက်ပဲ"


"မဟုတ်ဘူး!" သူအော်လိုက်သည်။ " မဟုတ်ဘူး။ ဘာလုပ်ရမလဲသာ ပြောပါ။ နောက်မကျသေးပါဘူး။ သေချာပေါက် နောက်မကျ-"


"မင်းက အဲ့လောက် မသန်မာဘူး" အခြားအသံတစ်ခုက ပြောသည်။ "သန်မာခဲ့မယ်ဆိုရင် အစတည်းက ဒီလမ်းကို ရွေးခဲ့မှာ မဟုတ်ဘူး။ ငါတို့ လူမျိုးတွေအတွက် စေတနာ တစ်စက်မှ မရှိတဲ့လူရဲ့ စကားကို နားယောင်ခဲ့မှာ မဟုတ်ဘူး"


"ဒါပေမယ့်... ငါနားမလည်ဘူး"  Ner'zhul က ရေရွတ်သည်။ "Rulkan ၊ မင်းငါ့ဆီ လာခဲ့တာလေ! Grekshar ၊ ခင်ဗျားပဲ ကျွန်တော့်ကို ပြောခဲ့တာလေ။ Kil'jaden နောက်ကို ခင်ဗျားတို့ပဲ လိုက်စေချင်ခဲ့တာလေ။ Ore တွေ အကုန်လုံးအတွက် မိတ်ဆွေကောင်းကြီးဆို!"


သူတို့က ဘာမှ ပြန်မပြော။ ပြောစရာလည်း မလိုပါ။ သူ့ပါးစပ်မှ ထွက်လာသော စကားများကို ပြန်နားထောင်နေရင်း သူဘယ်လောက်ထိ အရူးလုပ်ခံခဲ့ရလဲဆိုတာကို သူ သဘောပေါက်သွား၏။


ဘိုးဘေးတွေ ဘယ်တုန်းကမှ သူ့ဆီကို မလာခဲ့ကြ။ သူမြင်ခဲ့သော အမြင်များမှာ Kil'jaden လှည့်စားခဲ့ခြင်းသာဖြစ်သည်။ Ner'zhul ကို သူတို့ မယုံတော့သည်မှာ မလွန်ပါ။ လှည့်စားရလွယ်လွန်းသည့် မည်သည့်နတ်ဆရာကိုမှ သူတို့ မယုံသင့်။ Ner'zhul မှာ အလွယ်တကူ ထောင်ချောက်မိသွားသည့် ပထမဆုံးကောင် ဖြစ်ခဲ့ပြီ။


Draenei တစ်ရာနီးပါး သေဆုံးခဲ့ပြီ။ ပြန်ပြင်လို့မရတော့ပါ။ ဘိုးဘေးတွေဆီကလည်း အကူအညီတောင်းလို့မရတော့ပါ။ သူ့အမြင်များမှာလည်း အလိမ်အညာများသာ ဖြစ်နေသောကြောင့် ထပ်ပြီး ယုံလို့မရတော့ပါ။ 


သူကြည့်နေစဉ်မှာပင် မျက်နှာများမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွား၏။


သူ့အမှားများကြောင့် Ner'zhul ကြောက်ရွံ့ကာ တုန်လှုပ်နေသည်။ ဘာကိုမှ ပြန်ပြင်လို့မရတော့ပါ။ Kil'jaden ခိုင်းတာလုပ်ပြီး သူ့ကို ဂရုမစိုက်တော့တဲ့ ဘိုးဘေးတွေဆီ ဆုတောင်းရုံမှလွဲ ဘာမှ လုပ်စရာမရှိတော့။ သူ့မျက်နှာကို လက်ဖြင့်ဖုံးအုပ်ကာ ငိုလိုက်မိသည်။


အမှောင်ထဲတွင်တော့ လှိုဏ်ခေါင်းထဲ၌ ပုန်းအောင်းနေသည့် Gul'dan သည် သူ့ဆရာ ငိုနေသည်ကို နားထောင်ရင်း ပြုံးလိုက်၏။


Kil'jaden တော့ ဒီသတင်းကိုကြားရင် ကျေနပ်နေတော့မယ်။


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl





rate now: