36
Ner'zhul.. Gul'dan ..သမိုင်းတွင် အဆိုးရွားဆုံးနာမည်များ။ သို့သော် Ner'zhul မှာ တစ်ချိန်က လေးစားချစ်ခင်ခြင်းခံခဲ့ရကြောင်း Drek'Thar က ပြောသည်။ Ner'zhul လုပ်သွားသည့် လုပ်ရပ်များကြောင့် ထိုစကားများမှာ ယုံရခက်နေသည်။ မည်မျှနားလည်ဖို့ ကြိုးစားသော်ငြား သူ နားမလည်နိုင်ပါ။
"ဘာ?"
Ner'zhul က အော်ဟစ်လိုက်သည်။ Durotan က မျက်တောင်ပင်မခတ်။
" ရှေ့ဖြစ်ဟော Velen ကို လွှတ်ပေးလိုက်တယ်" Frostwolf အဖွဲ့ခေါင်းဆောင်က တည်ငြိမ်စွာပြောသည်။
"မင်းကို သူနဲ့ တခြား အကျဉ်းသားတွေကို ခေါ်လာဖို့ ပြောထားတာလေ" သူ့အသံက ကျယ်လာသည်။ ဤမျှ ရှင်းလင်း လွယ်ကူသည့်အလုပ်ကို..။ Durotan ဘာတွေ တွေးနေခဲ့တာလဲ။ Velen ဆီက သတင်း ဘယ်လောက်တောင် နှိုက်နိုင်ခဲ့မလဲ? လွှတ်ပေးလိုက်ရအောင် Durotan ကို ဘာတွေကများ လွှမ်းမိုးသွားခဲ့တာလဲ?
သို့သော် ထိုအတွေးများသည် Kil'jaden တစ်ယောက် ဘယ်လို တုန့်ပြန်မလဲဆိုသည့် အတွေးအောက်တွင် ပျောက်ပယ်သွားခဲ့သည်။ Velen ကို မဖမ်းရသေးဘူးဆိုတာ သိရင် သူ ဘာလုပ်မှာလဲ? Ner'zhul က အစီအစဉ်ကို ပြောခဲ့တုန်းက သူ အလွန်ကျေနပ်ခဲ့ပုံရသည်။ အခု ဘာတွေ ဖြစ်တော့မှာလဲ?
"ခင်ဗျားက သူတို့ကို ဖမ်းခိုင်းတာလေ။ ကျွန်တော်လည်း ဖမ်းခဲ့တာပဲ" Durotan က ပြောသည်။ "ဒါပေမယ့် အကြည်တသာ အဖမ်းခံတဲ့ သူတစ်ယောက်ကို ဖမ်းရတာ ဂုဏ်မရှိပါဘူး။ ခင်ဗျားက ကျွန်တော်တို့ကို အဖွဲ့တွေ ကွဲမနေဘဲ ခိုင်မာတဲ့ လူမျိုးစုကြီး တစ်စုလို ဖြစ်စေချင်တာဆို? ကျွန်တော်တို့ မလုပ်သင့်တဲ့ လုပ်ရပ်ကို မလုပ်ရဘူး။ အဲ့ဒါက-"
Durotan က သေချာ ဆက်ရှင်းပြနေသော်လည်း Ner'zhul က ဆက်နားမထောင်နေတော့။ ထိုအချိန်ခဏလေးတွင် သူ သဘောပေါက်လိုက်သည်မှာ Kil'jaden သည် သူပုံဖမ်းထားသလို တန်ခိုးရှင် နတ်တစ်ပါး မဖြစ်နိုင် ဆိုသည်ကိုပင်။ Durotan ကတော့ သူ့ကို သတိမထားမိ။ သို့သော် Gul'dan ကတော့ သူ့ကို စိုက်ကြည့်နေ၏။ သူ သံသယဝင်နေတာကို Gul'dan သိသွားခြင်းကြောင့် ထပ်မံ ကြောက်ရွံ့လာပြန်၏။
"ဘာလုပ်ရင် မှန်မှာလဲ? ငါ ဘာလုပ်သင့်လဲ"
"ဘာလို့ Rulkan က ငါ့ဆီ ထပ်မလာတော့တာလဲ?"
သူ မျက်တောင်ခတ်လိုက်သောအခါ Durotan က စကားပြောပြီး၍ သူ ပြန်ပြောမှာကို စောင့်နေကြောင်း သိလိုက်သည်။
ဒါကို ဘယ်လို ကိုင်တွယ်ရမလဲ? Durotan မှာ အဖွဲ့များကြားထဲတွင် လေးစားခံရသူ ဖြစ်၍ အပြစ်ပေးလိုက်လျှင် တခြားအဖွဲ့များကပါ Frostwolf အဖွဲ့ကို သနားသွားကြလိမ့်မည်။ လျစ်လျှူရှုလိုက်ပြန်လျှင်လည်း Draenei တို့ကို သတ်ရမည်ဟုသော သူ့စကားကို အလေးမထားရာရောက်လိမ့်မည်။
သူ မဆုံးဖြတ်နိုင်။
" ငါ့ဆရာက ဒေါသ တအားထွက်နေလို့ စကားမပြောနိုင်ဘူး" Gul'dan က ပြောသောအခါ Durotan ရော Ner'zhul, ပါ သူ့ကို လှည့်ကြည့်လိုက်ကြသည်။ "မင်းက ခေါင်းဆောင်ရဲ့ အမိန့်ကို ဖယ်ကြဉ်ခဲ့တယ် Ganad ရဲ့သားတော် Durotan။ မင်း စခန်းကို ပြန်လိုက်ပါ။ ဆရာက သူ့ဆုံးဖြတ်ချက်ကို မကြာခင် စာရေးပြီး ပို့လိုက်မယ်"
Durotan က Ner'zhul ကို ပြန်ကြည့်လိုက်သည်။ သူ့မျက်နှာတွင် Gul'dan ကို မနှစ်သက်မှုက အထင်းသား။ Ner'zhul ပြောစရာ စကားများ ရှာတွေ့သွား၏။ "သွားတော့ Durotan ။ မင်း ငါ့ကို စိတ်ပျက်စေတယ်။ ပိုဆိုးတာက ငါတို့ကို ကူညီနေတဲ့ တန်ခိုးရှင်ကိုပါ စိတ်ပျက်စေတာပဲ။ သိပ် မကြာခင် သတင်းကြားရပါလိမ့်မယ်"
Durotan က ဦးညွတ်လိုက်သော်လည်း ချက်ချင်း မထွက်သွား။ "ကျွန်တော် ယူလာတာ တစ်ခုတော့ရှိတယ်"
သူ အထုပ်လေးကို ကမ်းပေးလိုက်သည်။
"အကျဉ်းသားတွေဆီက ယူလာတာပါ။ ကျွန်တော်တို့ နတ်ဆရာက ဒါတွေကို Draenei တွေကို တိုက်ခိုက်တဲ့နေရာမှာ သုံးလို့ရမယ်လို့ ယုံကြည်ကြတယ်"
ဘာစကားများ ထပ်ကြားရမလဲ လို့ သူထပ်စောင့်သော်လည်း တိတ်ဆိတ်နေကြသောအခါ ထပ်မံ ဦးညွတ်ပြီး ထပ်သွားတော့သည်။
" ဆရာ၊ စကားဖြတ်ပြောမိတာကို ခွင့်လွှတ်ပါ။ ဒါပေမယ့် Frostwolf ကောင်လေးက ဆရာ ဒေါသထွက်လို့ ငြိမ်နေတာကို တုံ့ဆိုင်းနေတယ်လို့ နားလည်မှု လွဲသွားလောက်တယ်"
သူ့သံသယများကို သူ့လက်ထောက်အား အခု မပြောပြချင်တော့။
"ငါ ဒေါသ ထွက်နေခဲ့တာ အမှန်ပဲ။ ကိုယ့်လူတွေကို ပြန်ထိခိုက်စေမိရင် ဂုဏ်ဆိုတာလည်း အလကားပဲ"
"ဆရာ့ဒေါသကို ပြေစေဖို့ Durotan က ဘာပေးခဲ့တာလဲ"
" ငါ ဒါကို ကြည့်လိုက်မယ်။ ပြီးတော့ Kil'jaden နဲ့ အတူ မျှဝေရမယ် လက်ထောက်" သူ သွေးအေးစွာ ပြောလိုက်သည်။
ခဏလောက်တော့ Gul'dan မျက်နှာတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွား၏။
"ဟုတ်တာပေါ့ ဆရာ။ ကျွန်တော် မတန်မရာကို မျှော်မှန်းမိသွားတယ်။ ကျွန်တော်က သိချင်ရုံ သက်သက်ပါ"
"ဒါပေါ့။ တစ်ခုခု ထူးခြားတာတွေ့ရင် ငါပြောပါ့မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်.. မင်းက ငါ့ရဲ့ လက်ထောက်ပဲဟာ ။ မဟုတ်ဘူးလား"
Gul'dan မျက်နှာ တောက်ပသွားသည်။ " ဆရာ့အပေါ်ကို ကျွန်တော့်သစ္စာတွေ ပုံအပ်ထားပါတယ်"
ပျော်သွားဟန်ဖြင့် Ner'zhul ကို ဦးညွတ်ကာ ထွက်သွားလေသည်။
Ner'zhul က ကုတင်ပေါ်သို့ စိတ်လေးစွာဖြင့် ထိုင်ချလိုက်သည်။ အိတ်ပျော့လေးထဲတွင် ရှိနေသည်က ရတနာ နှစ်ခုဖြစ်သည်။ အနီရောင်ကျောက်ကို ထိလိုက်သောအခါ သူ ပင့်သက်ရှိုက်လိုက်မိ၏။
စွမ်းအားတစ်ခုက သူ့ကိုယ်ကို ဖြတ်သန်းစီးဝင်သွား၏။ သူ လက်နက်ကိုင်ဖို့ မလိုခဲ့သည်မှာ နှစ်တွေကြာခဲ့ပြီဖြစ်သော်လည်း ယခု လက်နက် ကိုင်ကာ လွှဲယမ်းချင်စိတ်များ ပြင်းပြလာ၏။ ဒီကျောက်ကို သူကိုင်ထားလျှင် သူ့အလိုများ ပြည့်လာမည်
ဖြစ်ကြောင်း တစ်နည်းနည်းဖြင့် သူသိလိုက်သည်။ Ore တို့အတွက် အလွန်ကောင်းတဲ့ လက်ဆောင်ပဲ! ဒီကျောက်တုံးကို ဘယ်လို အသုံးပြုရမလဲ သူ လေ့လာရပေမည်။
ထိုကျောက်ကို လွှတ်ချဖို့ အတော် အားယူလိုက်ရသည်။ သူ့စိတ်သူ ငြိမ်အောင် သက်ပြင်းချလိုက်၏။
နောက်တစ်ခုက အဝါရောင်။
ကျောက်ကို ဆုပ်ကိုင်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ တစ်ခုခုကို မျှော်လင့်ရမည်မှန်း သူသိလိုက်သည်။ ထပ်မံ၍ နွေးထွေးမှုနှင့် အစွမ်းတစ်မျိုးကို သူခံစားလိုက်ရသည်။ သို့သော် ဒီတစ်ခေါက်တွင် စိတ်လှုပ်ရှားမှု ထက်သန်မှုများ မရှိတော့ပေ။ ထိုကျောက်ကို ကိုင်ထားရင်း သူ့စိတ်များ ကြည်လင်လာကာ အရာအားလုံးကို မြူခိုးတွေဝေနေသလို မြင်နေရကြောင်း သူ သတိထားမိလိုက်သည်။ ဒီခံစားချက်ကို ဘယ်လို ဖော်ပြရမလဲ မသိပါ။ သို့သော် သန့်စင်မှု တိကျမှု... အနုစိပ်မှု တစ်ခုခုရှိနေလေသည်။ မြင်ရသည်များမှာ အလွန် တိကျပြတ်သားလှသောကြောင့် ဒီစိတ်အမြင်များမှာ နာကျင်မှု တစ်ခုလိုပင် ဖြစ်လာတော့၏။
သူ ကျောက်တုံးကို ပေါင်ပေါ်သို့ ပြန်ချလိုက်သည်။ တိကျထင်ရှားသည့် အမြင်အာရုံများ ပြန်လည် ပျောက်ကွယ်သွား၏။
Ner'zhul ပြုံးလိုက်မိသည်။ Kil'jaden ဆီပေးဖို့ Velen ကို မရခဲ့သော်လည်း အနည်းဆုံးတော့ ဒီ အဖိုးတန်လှသည့် ကျောက်များရှိနေသေးသည်လေ။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl