book

Index 35

35

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

35


စိတ်ငြိမ်သွားသောအခါ Durotan သက်ပြင်းချလိုက်သည်။ ဒီလို စကားပြောဖို့ကို သိပ်မမျှော်လင့်ထားသော်လည်း ပြောမှရတော့မည်။ အစောင့်များကို ခေါင်းဆတ်ပြကာ Velen ကို ဖမ်းထားသည့် တဲထဲ ဝင်လာသည်။


Velen ကို ဖမ်းချုပ်ထားဖို့ သူအမိန့်ပေးခဲ့သောကြောင့် လက်များကို ကြိုးတုပ်ထားမည်ဟုသာ သူ ထင်ခဲ့သည်။ သို့သော် သူ့အမိန့်ကို နာခံသူက ပိုပိုသာသာ လုပ်သွား၏။


ရွက်ဖျင်တဲမှာ သစ်ပင်တစ်ပင်ကို ဝိုင်း၍ ဆောက်ထားခြင်းဖြစ်ပြီး Velen ကို ထိုသစ်ပင်နှင့် ပူးချည်ထားသည်။ သူ့လက်များကို သစ်ပင်နောက်သို့ ချည်ထားခြင်းဖြစ်ပြီး တင်းကျပ်လွန်းသောကြောင့် ဖြူလွနေသည့် အသားမှာ ညိုချင်သလိုပင်ဖြစ်နေကြောင်း အလင်းဖျော့ဖျော့ကြားမှပင် Durotan တွေ့လိုက်ရ၏။ ခေါင်းကိုမတ်နေအောင် လည်ပင်းတွင် ချည်ထားသည့် ကြိုးမှာတော့ ဘုရားသိကြားမ၍ ချောင်ချောင် ချည်ထားသည်။ ပါးစပ်ထဲတွင် ညစ်ပတ်နေသည့် အဝတ်စတစ်ခုကို ထိုးထည့်ထားပြီး ခြေထောက်များကိုလည်း ကြိုးတုပ်ထားကာ ဒူးထောက်ခိုင်းထား၏။


Durotan က ကြမ်းတမ်းစွာ ဆဲရေးလိုက်ပြီး ဓားမြောင်ကို ဆွဲထုတ်လိုက်သည်။ Velen က ကြောက်စိတ်မရှိသော မျက်လုံးများဖြင့် ကြည့်နေသော်လည်း Durotan က သူ့လည်ပင်းကို မဖြတ်ဘဲ ကြိုးများကိုသာ ဖြတ်လိုက်သောအခါ သူ အံ့ဩသွားလေ၏။ Velen က ဘာမှမပြောပေ။


"ခင်ဗျားကို ဖမ်းထားဖို့ပဲ ပြောလိုက်တာ။ talbuk တစ်ကောင်လို ကြိုးတုပ်ထားဖို့ပြောတာ မဟုတ်ဘူး"


"မင်းရဲ့လူတွေက သိပ် စိတ်အားထက်သန်တယ် ပြောရမယ်"


Durotan က သူ့ကို ရေဘူးကမ်းပေးလိုက်ပြီး သူ ကေသောက်နေသည်ကို စောင့်ကြည့်နေ၏။ Velen ကြည့်ရသည်မှာ အန္တရာယ်ပေးမည့်ပုံ မရပါ။ မိခင်ကြီး Kashur ကိုယ်တိုင် သူ့ကို လာပြောလျှင်ရော ဘယ်လိုနေမလဲ သူတွေးမိသည်။ ဒါနဲ့ ပတ်သက်တဲ့ အရာရာတိုင်း မှားနေသည်ဟု ခံစားရသည်။ သို့သော် Kashur ကိုယ်တိုင် Drek'Thar ကို လာပြောထားသည် တဲ့။



မြေကြီးပေါ်တွင် အေးစက်‌နေသော သွေးဆန်ပြုတ် ပန်းကန်ရှိသည်။ Velen ထံ ခြေထောက်နှင့် တွန်းပေးလိုက်သော်လည်း ကြည့်သာကြည့်ပြီး မထိ။


"Telmor မှာ ကျွန်တော်နဲ့ Orgrim ကို ကျွေးခဲ့တဲ့ ညစာလိုတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် အာဟာရရှိပါတယ်"


Velen က ပြုံးသည်။ "သတိရစရာ ည‌လေးပါပဲ"


"အဲ့နေ့ညက ခင်ဗျားလိုချင်တာတွေရခဲ့လား" Durotan စိတ်တိုနေသည်။ Velen ကို မဟုတ်ဘဲ သိူ့ကိုယ်သူ မကျေနပ်ခြင်းဖြစ်သည်။


"ငါနားမလည်ဘူး။ မင်းတို့ကို ကောင်းကောင်း ဧည့်ခံဖို့ပဲ လုပ်ခဲ့တာ"


Durotan က ဆန်ပြုန်ပန်းကန်ကို ကန်လိုက်ရာ မြေကြီးပေါ်တွင် ပြန့်ကျဲသွားသည်။ "ခင်ဗျားပြောတာကို ယုံမယ် ထင်နေလား"


"ဒါ အမှန်တရားပဲ။ ယုံတာမယုံတာကတော့ မင်းတို့ အပိုင်းပေါ့"


Durotan က ဒူးထောက်ချကာ Velen မျက်နှာဆီ ကပ်သွားသည်။ "ဘာလို့ ငါတို့ကို သတ်ဖို့ လုပ်နေတာလဲ။ ငါတို့ ဘာလုပ်ခဲ့လို့လဲ"


"ငါလည်း မင်းကို အဲ့ဒါပဲ ပြန်မေးရမယ်။ ငါတို့ မင်းတို့ကို လက်ဖျားနဲ့တောင် မထိခဲ့ဖူးဘူး။ အခု မင်းတို့ကြောင့် Draenei တွေ သေကုန်ပြီ"


ထိုစကားမှာ မှန်နေ၍ Durotan ဒေါသ ပိုထွက်လာသည်။ "ဘိုးဘေးတွေက လိမ်မပြောဘူး။ မင်းတို့က ငါတို့ ရန်သူ လို့ သူတို့ သတိပေးထားတယ်။ ငါတို့ကို တိုက်ခိုက်ဖို့ မဟုတ်ဘူးဆို ဘာလို့ ဟိုကျောက်တုံးတွေ ယူလာတာလဲ"


" ကျောက်‌တုံးတွေယူလာရင် တောင်ထဲက သူနဲ့ ဆက်သွယ်ဖို့ ပိုလွယ်မယ်ထင်လို့" Durotan သူ့ကို စကားဖြတ်မပြောနိုင်သေးခင် Velen အမြန်ဆက်ပြောသည်။ " သူက မင်းတို့ရော ငါတို့ရောရဲ့ ရန်သူ မဟုတ်ဘူး။ Durotan မင်းက ပညာရှိတဲ့သူပါ။ သူများပြောတိုင်း လူသတ်မယ်သူ့မျိုး မဟုတ်ပါဘူး။ မင်းတို့ ခေါင်းဆောင်တွေ ဘာလို့ မင်းကို ညာပြောခဲ့လဲ တော့ ငါမသိဘူး။ မင်းတို့ကို တစ်ခါမှ ထိခိုက်ဖို့ မရည်ရွယ်ဖူးဘူး။ မင်း ဒီ့ထက်တွေးတတ်ပါတယ်ကွာ။ မင်းက တခြားသူတွေလို မဟုတ်ပါဘူး"


Durotan မျက်မှောင်ကြုတ်သွားသည်။ "မင်းမှားနေပြီ Draenei။ ငါ Ore ဖြစ်ရတာ ဂုဏ်ယူတယ်"


"မင်း နားလည်မှုလွဲနေပြီ။ မင်းတို့ လူမျိုးကို မကောင်းပြောတာ မဟုတ်ဘူး။ ငါ-"


" ဘာလဲ? ငါတို့ ဘိုးဘေးတွေကို မြင်ရတာက မင်းတို့... မင်းတို့ရဲ့ နတ်ဘုရားကြောင့်လို့ ပြောချင်တာလား?"


"အဲ့ဒါ နတ်ဘုရား မဟုတ်ဘူး။ မဟာမိတ်။ မင်းတို့သာ ခွင့်ပြုမယ်ဆို မင်းတို့ရဲ့ မဟာမိတ်လည်း ဖြစ်လာနိုင်တယ်"


"Velen ခင်ဗျားစကားတွေက ပိုဆိုးအောင်ပဲ လုပ်နေတယ်။ ခင်ဗျားပြောတာတွေက စော်ကားနေသလိုပဲ။ ခင်ဗျားတို့ကို သတ်‌ပစ်ချင်နေတဲ့သူတွေကို ပိုအားပေးသလိုပဲ ဖြစ်နေမယ်။ ကျွန်တော် နားမလည်ဘူး။ ခင်‌ဗျားက ကျွန်တော် ယုံတဲ့သူတွေနဲ့ ခင်ဗျားစကားကို လဲခိုင်းနေသလိုပဲ"


သူ Draenei နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ " ကျွန်တော့် လူမျိုးကိုပဲ ရွေးမယ်ဆိုတာ သိထားပါ။ တိုက်ပွဲမှာ ခင်ဗျားနဲ့ ရင်ဆိုင်ရမယ်ဆို သတ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"


"ဒါဆို...ငါ့ကို Ner'zhul ဆီ မခေါ်သွားတော့ဘူးလား"


Durotan ခေါင်းခါလိုက်သည်။ " သူ တွေ့ချင်ရင် သူကိုယ်တိုင် လာရမှာပေါ့။ ခင်ဗျားနဲ့ စကားပြောဖို့ပဲ သူပြောခဲ့တာ။ ကျွန်တော့်တာဝန်ကျေပြီထင်တာပဲ"


"မင်းက သူ့ဆီ အကျဉ်းသားတစ်ယောက်ကို ပို့ပေးရမှာလေ" Velen ကပြောသည်။


"ခင်ဗျားပြောမယ့် စကားကို နားထောင်ဖို့ပါပဲ။ တကယ်လို့ ခင်ဗျားကို တိုက်ပွဲထဲမှာ လက်နက်ကိုင်ထားပြီး တွေ့ရင်တော့ သေချာပေါက် ဖမ်းရမှာပေါ့။ ဒါပေမယ့် ကြည်ကြည်သာသာ ကြိုးတုပ်ခံတဲ့ ရန်သူကို ဖမ်းရတာ ဂုဏ်မရှိပါဘူး။ ကျွန်တော်တို့ ချောင်ပိတ်မိနေပြီ။ ခင်ဗျားက ကျွန်တော်တို့ကို ထိခိုက်လိုစိတ်မရှိပါဘူးပြောတယ်။ ဘိုးဘေးတွေက တစ်မျိုး ပြောတယ်။ 


Durotan ထပ်မံ ဒူးထောက်လိုက်သည်။ 


"ခင်ဗျားက ရှေ့ဖြစ်ဟောဆို။ ဒါဆို အနာဂတ်ကို သိလား? သိရင် ဒီပြဿနာကို ဘယ်လိုရှောင်ရမလဲ ပြောပြပါ။ အပြစ်မဲ့တဲ့ အသက်တွေကို မဆုံးရှုံးသေချင်ဘူး Velen ။ Ner'zhul ဆီမှာ ခင်ဗျားပြောတာ အမှန်ပါ လို့ သက်သေပြနိုင်မယ့် အရာ တစ်ခုခုပေးပါ"


Velen က လက်ကို ဆန့်ထုတ်ကာ Durotan ပုခုံးပေါ်သို့ တင်လိုက်သည်။ 


"အနာဂတ်ဆိုတာ ရေးပြီးသား စာအုပ်လိုမဟုတ်ဘူး။ အမြဲတမ်းပြောင်းလဲနေတာ။ ငါသိတာ နည်းနည်းပဲရှိတယ်။ ဒီကို လက်နက်မပါဘဲ လာဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရတယ်။ ပြီးတော့ Ore တွေရဲ့ အတော်ဆုံး နတ်ဆရာနဲ့ မတွေ့ရဘဲ ငါနဲ့ တစ်မိုးအောက်တည်းမှာ အတူ အိပ်ဖူးတဲ့ မင်းနဲ့တွေ့ရတယ်။ ဒါတွေက တိုက်ဆိုင်တာမဟုတ်ဘူး Durotan. ဒီပြဿနာကို ရပ်တန့်ဖို့ တစ်ခုခုပြောင်းလဲရမယ်ဆို Ore တွေက ပြောင်းမှပဲရမယ်။ Draenei တွေ  မဟုတ်ဘူး"


Durotan က မျက်လုံးများမှိတ်ကာ နောက်ဆုတ်လိုက်သည်။ "ကျောက်တုံးတွေကို ကျွန်တော်တို့ ယူထားမယ်။ သူတို့ ဘာအစွမ်းတွေပဲ ရှိရှိ၊ နတ်ဆရာ‌တွေ အသုံးပြုရမယ်"


Velen က ဝမ်းနည်းစွာ ခေါင်းညိတ်သည်။ "ငါ မျှော်လင့်ပြီးသားပါ။ ဒါပေမယ့် ယူလာခဲ့ရတယ်။ ပြဿနာတွေကို ကျော်လွှားဖို့ လမ်းတွေ့မယ် ထင်ခဲ့လို့"


ဘာလို့လဲ... ရန်သူလို့သတ်မှတ်ထားတဲ့ သူက သူတို့နတ်ခေါင်းဆောင်တွေထက် သူနဲ့ ပိုနီးစပ်တယ်လို့ ဘာလို့ ခံစားမိရတာလဲ.. Durotan တွေးမိသည်။ Draka သိလိမ့်မည်။ သူ တစ်ချိန်လုံးသိပေမယ့် ဘာမပြောခဲ့။ 


" ထ! ခင်ဗျားနဲ့ ခင်ဗျားတို့လူတွေ အန္တရာယ်ကင်းကင်းနဲ့ ပြန်ရမယ်။ အမှောင်ထဲမှာ လက်နက်မပါဘဲ .. ။ ဒီပိုင်နက်ကကျော်လို့ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ တာဝန်မဟုတ်ဘူး"


"ကောင်းပါတယ်" Velen မတ်တပ်ရပ်လိုက်သည်။ "ဒါပေမယ့် ဒါ မင်းတကယ်လိုချင်တာ မဟုတ်ဘူး လို့ ငါထင်နေတယ်"


Durotan ဘာမှပြန်မပြော။ တဲပြင်ထွက်ကာ အစောင့်များကို ပြောလိုက်သည်။ "Velen နဲ့ မိတ်ဆွေလေးယောက်တို့ကို ငါတို့ ပိုင်နက် အဆုံးထိရော‌က်အောင်ပို့လိုက်။ သူတို့ မြို့ကို ပြန်လို့ရအောင်ပို့၊ လမ်းမှာ ဘာမှ မဖြစ်စေနဲ့။ နားလည်လား"


ထိုအစောင့်မှာ အထွန့်တက်မည့်ဟန်ပြင်လိုက်သော်လည်း ဘေးက တစ်ယောက်က စိုက်ကြည့်လိုက်သည်။


"နားလည်ပါတယ် ခေါင်းဆောင်" 


Drek'Thar က Durotan ဆီပြေးလာသည်။


"Durotan! ဘာတွေလုပ်နေတာလဲ ? Ner'zhul က အကျဉ်းသားတွေ တောင်းထားတာလေ"


"သူ့ဘာသူ လာယူပေါ့။ ငါ အမိန့်ပေးလိုက်တာ။ ဒါ ငါ့ ဆုံးဖြတ်ချက်ပဲ။ မင်းက သံသယဝင်နေတာလား?"


Drek'Thar က ဘေးဘီကိုကြည့်ကာ နားထောင်နေသူများထံမှ ဝေးဝေးကိုလှမ်းသွားသည်။


"ဟုတ်တယ်။ ခေါင်းဆောင်လည်း သူပြောတာ ကြားတာပဲ။ ဘိုးဘေးတွေက သူတို့ နတ်ဘုရားရှိတဲ့နေကာကို လာဝိုင်းနေတဲ့ ပိုးကောင်တွေလိုမျိုး ပြောသွားတာ။ Ner'zhul မှန်တယ်။ သူတို့ကို သုတ်သင်ပစ်ရမယ်"


"ဖြစ်ရမယ်ဆိုရင်တော့ ဖြစ်လာမှာပေါ့။ ဒါပေမယ့် ဒီည‌‌ေတာ့ မဟုတ်သေးဘူး Drek'Thar"


ထိုနေရာမှ ထွက်လာရင်း Velen စိတ်များ လေးလံနေသည်။ ကျောက်တုံးနှစ်တုံးကို Ore တို့ရသွားပြီ။ Durotan ပြောသလို သူတို့နတ်ဆရာတွေက ကျောက်တုံးရဲ့ လျှို့ဝှက်ချက်ကို အချိန်ခဏအတွင်း ရှာတွေ့ပေလိမ့်မည်။ သို့သော် သူတို့ တစ်ခုကို မတွေ့လိုက်။ 


ကျောက်တုံးကိုယ်တိုင်က ရှာမတွေ့စေချင်သည့်အတွက် မတွေ့လိုက်ကြခြင်းပင်။ အလင်းရောင်မှာ ကျောက်တုံးများ၏ ဆန္ဒကို နာခံရသောကြောင့် Ore တို့ မမြင်ရအောင် ဖုံးကွယ်ထားနိုင်ခဲ့သည်။ ယခု ထိုကျောက်ကို သူ့ရင်ဘတ်နှင့် နီးကပ်စွာ ထားထားသည်။


သူ လောင်းကြေးထပ်ထားတာ ရှုံးနိမ့်ခဲ့ပြီ။ အနည်းဆုံးတော့ သူတို့ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သေးတာပဲလေ။ သို့သော် Ore တို့က အနည်းဆုံး တောင်ထဲသို့ လိုက်ပါ ပို့ဆောင်ပေးလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သည်။ 


မြင်ခဲ့ရသည်များမှာ ကြမ်းတမ်းလှသည်။ ကလေးများကို အရွယ်နဲ့မမျှ လေ့‌ကျင့်ခိုင်းထားပြီး ပန်းပဲဖိုများမှာလည်း ညနက်အထိ အလုပ်လုပ်နေကြသည်။ သူတို့ စစ်ပွဲအတွက်သာ ပြင်ဆင်နေခြင်းမဟုတ်ကြောင်း သိသာသည်။ 


"Ore တွေက နောက်ဆုတ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ အသက်ရှင်ချင်ရင် စစ်တိုက်မှရတော့မယ်" သူ့လူတစ်ယောက်ကပြောသည်။


တောင်ထိပ်ရှိရေကန်ထဲမှ သေလုမျောပါးဖြစ်နေသည့် K'ure ဆိုသူထံမှ ဝမ်းနည်းသောကဖြစ်သည့် အသံများ ထွက်ပေါ်လာလေသည်။


Velen က အသံကို မှတ်မိသောကြောင့် ဦးညွတ်လိုက်သည်။ Frostwolf Ore များကလည်း အံ့ဩစွာ Oshu'gan တောင်ကို လှည့်ကြည့်လိုက်ကြသည်။


"ဘိုးဘေးတွေ စိတ်ဆိုးနေပြီ! Velen ကို လွှတ်လိုက်လို့ စိတ်ဆိုးနေကြပြီ" နတ်ဆရာ အငယ်တစ်ယောက်က အော်ဟစ်လိုက်လေသည်။


Durotan ခေါင်းခါလိုက်သည်။ မနက်ဖြန် ထိုသို့ ထပ်ပြောလို့ကတော့ ထိုနတ်ဆရာကို ဆူပူရပေမည်။ သို့သော် ယခု သူ့စိတ်ထဲတွင် ဝမ်းနည်းမှုများ ပြည့်လျှံနေ၏။ ထိုအသံမှာ စိတ်ဆိုးခြင်းကြောင့် ထွက်လာသည့်အသံ မဟုတ်ဘဲ နောင်တကြီးစွာ ပူ‌ဆွေးမှုကြောင့် ထွက်လာသည့် အသံဖြစ်သည်။ ဘာလို့များ ဘိုးဘေးတွေက ထိုသို့ အလွန့်အလွန် ဝမ်းနည်းနေကြပါသနည်း ဟု တွေးလိုက်ရင်း သူ တုန်လှုပ်သွားလေတော့သည်။


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl






rate now: