34
"သူတို့ရောက်လာပြီ" Drek'Thar ကြည့်နေသည့်နေရာသို့ Durotan လိုက်ကြည့်လိုက်သည်။
Draka ပြောသည်မှာ အတိအကျပင်။ ထိုလူငါးယောက်မှာ Durotan မှတ်မိခဲ့သလို ထူးဆန်းသည့် အပြာနှင့် ငွေရောင် သံချပ်ကာများ ဝတ်မထား။ ညစာစားတုန်းက ဝတ်ခဲ့သလို ဝတ်ရုံများသာဝတ်ထားကြသည်။
သို့သော် နတ်ဆရာများသည် အစွမ်းထုတ်ရန် လက်နက်ကိရိယာများမလိုချေ။ ထို့ကြောင့် Draenei တို့မှာ အန္တရာယ်များနေဆဲပင်။
သူ့စစ်သည်များက သူ့အမိန့်ကို နာခံမည်ဖြစ်ကြောင်း Durotan သိသည်။ သူ့အမိန့်မပါဘဲ ပစ်ခတ်ဖို့နေနေသာသာ စော်ကားသည့်စကားတစ်ခွန်းပင် မပြောရ။
ခဏမျှကြာသောအခါ Velen က ခေါင်းမော့လိုက်ပြီး Durotan မျက်လုံးများထဲသို့ စိုက်ကြည့်လာသည်။ သူတို့ တောင်ခြေရောက်သောအခါ ဆက်မသွားခင် Ore တို့က ပုန်းအောင်းနေရာမှ ထွက်လာပြီး ဝန်းရံထားလိုက်သည်။
Velen က အံ့ဩသွားပုံမရဘဲ ဘေးကိုကြည့်ကာ ဖြေးညင်းစွာသာ ပြုံးလိုက်သည်။ Durotan က သူနှင့် မျက်နှာချင်းဆိုင်ရန် လှမ်းလာ၏။
"မတွေ့ရတာ ကြာပြီပဲ Velen" Durotan က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ရာထူးကို တမင်ထည့် မပြောလိုက်။
"တကယ်ကြာခဲ့ပါပြီ Ganad ရဲ့သားတော်၊ Frostwolf အဖွဲ့ခေါင်းဆောင် Durotan။ Orgrim နဲ့ မိတ်ဆွေ ဖြစ်နေတုန်းပဲလား" Velen က Durotan မှတ်မိနေခဲ့သည့် ချိုသာ ပြေပြစ်သော အသံဖြင့် ပြောသည်။
"သေချာတာပေါ့။ သူအခု Doomhammer ကို ကိုင်နေရာပြီ။ သူ့အဖွဲ့မှာ ဒုတိယ အာဏာအရှိဆုံးပဲ"
Velen မျက်နှာတွင် ဝမ်းနည်းရိပ်များ လွှမ်းသွား၏။
" မင်းအဖေရော သူ့အဖေရော ဂုဏ်ရှိရှိနဲ့ ကွယ်လွန်သွားတယ်လို့ မျှော်လင့်ပါတယ်"
"အတိတ်အကြောင်း ပြောဖို့မလိုပါဘူး" Durotan အသံက လိုတာထက်ပို တင်းမာသွားသည်။ "ခင်ဗျားက ကျွန်တော်တို့ တန်ဖိုးထားရတဲ့ မြေကို ကျူးကျော်မယ် ဆိုတဲ့ အကြောင်းကြောင့် ဒီကိုရောက်နေတာ"
Velen က ခေါင်းညိမ့်သည်။ " ငါတို့ Ner'zhul ဆီ စာပို့လိုက်တာပါ။ မင်းဆီ မဟုတ်ဘူး Durotan။ သူ ငါနဲ့ တွေ့ဖို့ ငြင်းခဲ့တယ်။ ငါပေးလိုက်တဲ့စာ မင်းကို ပြလား သိချင်တယ်..."
"ဖတ်စရာ မလိုပါဘူး။ သူ့အစားလာပေးဖို့ ပြောလို့ လာတာ" Durotan က ပြောသည်။
"အင်း... ငါ ဘာလို ဒီကို လာချင်သလဲဆိုတာ သူ မင်းကို မပြောဘူးထင်တယ်"
"ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် သိဖို့ မလိုဘူး Draenei"
"မင်း သိဖို့လိုတယ်။ မဟုတ်ရင် ဒီကိုလာတာ အလကားပဲ"
"ဒီတောင်က မင်းတို့အတွက် မြင့်မြတ်တာ ငါသိတယ်။ ငါတို့ အဲ့ဒါကိုလည်း အလေးထားပါတယ်။ ဒါပေမယ့် ဒီတောင်က ငါတို့အတွက်လည်း အဖိုးတန်တယ်"
Velen က ရှေ့ကို တစ်လှမ်းတိုးလာသော် စစ်သည်များ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။
" တောင်ထဲမှာ Draenei တွေကို အတော်ကြာ စောင့်ရှောက်နေခဲ့တဲ့ သူတစ်ယောက်ရှိနေတယ်။ သူ့အသက်က ငါတို့ တွေးလို့မရနိုင်အောင် ကြီးနေပြီ။ တန်ခိုးကလည်း သိပ်ကြီးတယ်။ ငါတို့မှာ သူ့ဆီက ယူစရာ ပညာတွေ အတွေးအမြင်တွေရှိတယ်။ မင်းတို့ လူတွေနဲ့ ငါတို့နဲ့-"
"စော်ကားလှချည်လား !"
Durotan လန့်သွားသည်။ ထိုအသံမှာ စစ်သည်အုပ်ထဲမှ ထွက်လာခြင်းမဟုတ်ဘဲ သူ့ဘေးမှ ထွက်လာခြင်း။ Drek'Thar မျက်လုံးများက ပြူးကျယ်နေပြီး ဒေါသကြောင့် အသားများတုန်နေသည်။ လည်ပင်းတွင် အကြောများ ထောင်နေပြီး လက်သီးကို တင်းတင်းဆုပ်ထား၏။
"Oshu'gan က ငါတို့ပိုင်တာ။ ငါတို့ ဘိုးဘေးတွေရဲ့ ခိုနားရာနေရာ။ မင်းတို့ရဲ့ ရွံစရာ ခြေထောက်တွေ ချခွင့်မရှိတဲ့နေရာပဲ"
Velen လည်း လန့်သွားပုံရသည်။
"မင်းတို့ ကိုးကွယ်တဲ့နတ်တွေ တောင်ထဲမှာ ရှိတာ ငါ လက်ခံပါတယ်" Velen က အော်ပြောသည်။ "ဒါပေမယ့် သူတို့ ရှိနေတယ်ဆိုတာကလည်း သူ့ကြောင့်ပဲ။ သူက-"
မပြောလိုက်သင့်သည့်စကားပင်။ Drek'Thar က ဒေါသတကြီး အော်ဟစ်လေတော့၏။ Durotan သတိမထားမိလိုက်ခင် စစ်သည်များက ရှေ့သို့ ချီတက်သွားသည်။ Draka က စစ်တပ်ကို ထိန်းနေသော်လည်း သူကိုယ်တိုင်လည်း ဒေါသထိန်းနေရသည်။ Durotan က လှည့်လိုက်ပြီး Drek'Thar မျက်နှာကို ရိုက်ချလိုက်သည်။
"သူတို့ကို ကာကွယ်! မင်း ငါ့ အမိန့်ကိုနာခံ! သူတို့ မသေစေနဲ့! သူတို့ကို ကာကွယ်စမ်း!!" Durotan အော်ဟစ် ကျိန်ဆဲလိုက်သည်။
Drek'Thar မျက်လုံးများတွင် ဒေါသရောင်များ ပြေးသွားသော်လည်း စိတ်ထိန်းကာ မျက်စိကို မှိတ်ချလိုက်သောအခါ Draenei ငါးယောက်တို့ ပတ်လည်တွင် မီးအကွင်းကြီးက ရုတ်တရက်ပေါ်လာ၏။ စစ်သည်များက နောက်ဆုတ်လိုက်ကြသော်လည်း မြားများဖြင့် ပစ်ကြပြန်သည်။
"ရပ်လိုက်! ပစ်တဲ့လူကို ငါကိုယ်တိုင် သတ်မယ်"
သူ့အမိန့်နှင့် Drek'Thar ၏ အစွမ်းတို့ကြောင့် Draenei တို့ အနာတရ မဖြစ်ကြချေ။ Durotan က တောင်အောက်ရှိ အကျဉ်းသားများထံ ပြေးဆင်းသွားလိုက်သည်။ ယခု သူတို့ အကျဉ်းသားများဖြစ်သွားကြပြီ။
" မီးကို ငြိမ်းလိုက်" Durotan က Drek'Thar ကို ပြောလိုက်သော် မီးက ချက်ချင်း ပျောက်ကွယ်သွားသည်။
"Velen မင်းနဲ့ မင်းရဲ့လူတွေ အခု Frostwolf အဖွဲ့ရဲ့ အကျဉ်းသားတွေ ဖြစ်သွားကြပြီ" Durotan က နူးညံ့သော်လည်း အန္တရာယ်ရှိသည့်အသံဖြင့် ပြော၏။
Velen က ဝမ်းနည်း ချိုသာစွာ ပြုံးလိုက်သည်။
Durotan တပ်သားများက သူတို့ အဝတ်များကို ချွတ်ကာရှာဖွေကြသည်။ တပ်သားများထံမှ လှောင်ပြောင်ကဲ့ရဲ့သံများ ဆူညံနေ၏။ Durotan ဘေးတွင်ရှိသည့် Draka မှာမူ Frostwolf တပ်ဖွဲ့၏ လုပ်ရပ်များကို စိတ်တိုနေပြီး သူ့ကို တိုးတိုးကပ်ပြောသည်။ " သူတို့ကို ငြိမ်အောင် မလုပ်ဘူးလား?"
သူ ခေါင်းခါလိုက်သည်။ "Draenei တွေ ဘယ်လိုဖြစ်နေမလဲ သိချင်လို့။ ပြီးတော့ သူတို့ လက်မှမပါသေးတာ။ ပြောပါစေ"
Draka က သူ့ကို စူးစမ်းစွာကြည့်လိုက်ပြီး ခေါင်းညိမ့်ကာ နောက်ဆုတ်သွား၏။ သူ သဘောမတူမှန်းသိပါသည်။ Durotan ကိုယ်တိုင်လည်း မနှစ်သက်ပါ သို့သော်...
"အဖွဲ့ခေါင်းဆောင်" Durotan ၏ ဒုတိယ အာဏာအရှိဆုံး ဖြစ်သည့် Rokkar ကပြောသည်။ "သူတို့ ဘာယူလာတယ်ဆိုတာ လာကြည့်ပါဦး"
Rokkar ပြသည့်နေရာကို လိုက်ကြည့်လိုက်သောအခါ Durotan အံ့ဩသွားရသည်။ အလွန်လှပသည့် ကျောက်တုံး နှစ်တုံးဖြစ်သည်။ အနီနှင့် အဝါရောင်။ Durotan က ထိတွေ့လိုက်ချင်သော်လည်း မထိဘဲ Velen ကိုကြည့်လိုက်သည်။ "အရင်တုန်းက Restalaan ပြတာ မြင်ဖူးတယ်။ အဲ့ဒီ့တစ်ခုက မြို့ကို ကာကွယ်ပေးတာ။ ဒီတစ်ခုကရော ဘာလုပ်တာလဲ"
"တစ်ခုချင်းစီမှာ အစွမ်းတစ်ခုစီရှိတယ်။ ဒါတွေကငါတို့ရဲ့ အမွေအနှစ်တွေပဲ။ တောင်ထဲမှာ နေနေတဲ့သူက ငါတို့အဖို့ အမွေပေးခဲ့တာတွေ"
Durotan က မာန်ဖီလိုက်သည်။ "ခင်ဗျား အဲ့ဒီ့ အကြောင်း ဆက်မပြောရင် ကောင်းမယ်"
ထို့နောက် Rokkar ဘက်သို့ လှည့်ကာပြောသည်။ "သူတို့ကို အစာကျွေးလိုက်၊ ပြီးရင် ကြိုးတုပ်ပြီး ဝံပုလွေတွေပေါ်တင်ပေးပြီး စောင့်ရှောက်ဖို့ နတ်ဆရာတစ်ယောက် ထည့်ပေးလိုက်။ ကျောက်တုံးတွေကို Drek'Thar ဆီ ယူသွားပေးလိုက်။ Draenei တွေကို ငါတို့နဲ့ ပြန်ခေါ်သွားပြီး Ner'zhul ဆီ ပို့ရမယ်။ အစတည်းက သူလာရမှာ"
ထို့နောက် သူလှည့်ကာ လျှောက်သွားလိုက်၏။ Velen မျက်လုံးများကိုရော Draka ၏ သဘောမတူသည့် အကြည့်ကိုရော သူ မမြင်လို။
ပြန်လာသည့် လမ်းတစ်လျှောက်လုံး Durotan အတွေးများနေခဲ့သည်။ တစ်ဖက်ကလည်း Drek'Thar ကို သူနားလည်သည်။ Oshu'gan မှာ Ore တို့အတွက် မြင့်မြတ်သည့်နေရာဖြစ်သည်။ Velen ပြောသလိုဆို ထိုတောင်မှာနေသည့် တစ်စုံတစ်ယောက်က အလွန် တန်ခိုးကြီးလှသဖြင့် ဘိုးဘေးတို့အား ထိုထဲတွင် နေချင်အောင် ညှို့ယူထားသည် တဲ့။ နတ်ဆရာတွေကို ထိုသို့သွားပြောလျှင် ဘယ်လိုဖြစ်မည်ကို တွေးပင်မတွေးရဲ။ အရာအားလုံးက Ner'zhul ပြောတာ အမှန်ဖြစ်ကြောင်း သက်သေပြနေ၏။ Draenei တို့မှာ ကမ္ဘာမြေကြီးအတွက် အနှောင့်အယှက်ဖြစ်သောကြောင့် သုတ်သင်ရပေမည် တဲ့။
သို့သော် ဘာကြောင့်လဲ သူနားမလည်။ ထိုမေးခွန်းအတွက် အဖြေကို သူ ဒီည ရပေမည်။
Durotan က သတင်းပို့ရန်အတွက် လူတွေ ကြိုလွှတ်ထားပြီးဖြစ်သောကြောင့် အဖွဲ့မှာ သူတို့ကို စိတ်အားထက်သန်စွာ ကြိုဆိုနေလိမ့်မည်။
အကျဉ်းသားများကို တဲထဲသို့ ကြမ်းတမ်းစွာ ပစ်သွင်းလိုက်ပြီး အစောင့်အရှောက်များကို အမြန်ချလိုက်သည်။ စစ်သည်များနှင့် Drek'Thar အယုံကြည်ရဆုံး နတ်ဆရာတစ်ယောက်က ဂုဏ်ယူစွာ စောင့်ကြပ်နေကြ၏။ Durotan က Velen ကို တစ်ယောက်တည်း သီးသန့်ထားစေသည်။ ထိုသူနှင့် သူ စကားပြောချင်၏။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl