33
Drek'Thar ကျွန်တော့်ကို ထိုအဖြစ်အပျက်အကြောင်း ပြောပြတုန်းက ကျွန်တော့်ဖခင်အတွက် ကျွန်တော် ဂုဏ်အယူရဆုံးအချိန်ပင်။ တစ်ခါတစ်ရံ ဆုံးဖြတ်ချက်များချဖို့ မည်မျှခက်ခဲကြောင်း ကျွန်တော်သိသည်။ သူ့ရွေးချယ်မှုများအတွက် သူ့တွင် ဆုံးရှုံးစရာများသာ ရှိခဲ့ပြီး ဘာမှ အကျိုးမရှိခဲ့။
မဟုတ်သေးပါ။
သူ့ ဂုဏ်သိက္ခာကို သူ ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုထက် မြင့်သည့်အရာ မရှိတော့ပေ။
×
စာထဲတွင် ငြင်းဆိုခြင်းကို ခွင့်မပြုထားပါ။ Durotan က စာကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး သူ့ကြင်ဖော် Draka ကို ကမ်းပေးလိုက်သည်။
"Ner'zhul သူရဲဘောကြောင်တာပဲ။ ဒီလို တာဝန်ကို ရှင့်ဆီလွှဲတာ" သူက အပြင်မှာ စောင့်နေသည့် ဆက်သား မကြားအောင် ခပ်တိုးတိုးပြောသည်။
"ငါ သစ္စာခံထားတာကို" Durotan အသံမှာလည်း တိုးနေသည်။ "Ner'zhul က ဘိုးဘေးတွေကို ကိုယ်စားပြုတာလေ"
Draka က ခေါင်းကို မော့လိုက်သည်။ ရွက်ဖျင်တဲ၏ အဟကြားမှ နေအလင်းတန်းတစ်ခုက သူ့မျက်နှာပေါ် ကျနေ၏။ ချစ်ရသူကို ကြည့်လိုက်ရင်း Durotan အသက်ရှူမှားသွားသည်။ ရုတ်တရက် ပြဿနာများနှင့် ရူးကြောင်ကြောင်ကိစ္စများအားလုံး ပျောက်သွားသလိုပင်။ သူရှိနေသည့်အတွက် ကျေးဇူးတင်မိသည်။ သူ့မျက်နှာလေးကို လက်ချောင်းများဖြင့် ထိလိုက်သည်။ Draka က လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်၏။
"... ကျွန်မ Ner'zhul ကို သိပ်မယုံဘူး" သူက တီးတိုးပြောသည်။
သူ ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် ငါတို့ နှစ်ယောက်လုံး Drek'Thar ကို ယုံတယ်လေ။ Ner'zhul ပြောတာ အမှန်လို့ သူပြောတာပဲ။ Draenei တွေက ငါတို့ကို လုပ်ကြံဖို့ကြံနေတာ။ Velen က Oshu'gan တောင်ကိုပါ ကျူးကျော်ဖို့ လုပ်တယ်လို့ ပြောတယ်"
သူစာကို ထပ်ကြည့်လိုက်သည်။ "Velen ကို တစ်ခါတည်း သတ်ဖို့မပြောတာ တော်သေးတယ်။ သူ ငါတို့လက်ထဲရောက်လာရင် အကြောင်းရင်း မေးကြတာပေါ့။ ဘာလို့ ငါတို့ကို ထိခိုက်စေချင်သလဲ ရှင်းပြခိုင်းလို့ရတယ်။ ငါတို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလို့တောင်ရချင်ရမှာ"
ထိုအတွေးက Durotan ကို ရင်နာစေသည်။ Draka နှင့် နေရသည့် သူ့ဘဝမှာ သာယာလှပြီး သူ့အဖွဲ့အတွက် ဂုဏ်ယူလှသော်လည်း.. သူ့ဖခင်လုပ်ခဲ့သည့် ရိုးရိုး အလုပ်များကိုသာ သူ လုပ်ရလျှင် ဘဝက ဘယ်လောက် ပျော်ဖို့ကောင်းလိုက်မလဲ.... တောထဲမှာ သားကောင်လိုက်ဖမ်းမယ်။ Kosh'harg ပွဲတေယ်ချိန်ဆို လရောင်အောက်မှာ ကမယ်။ ပုံပြင်ဟောင်းတွေ နားထောင်ပြီး ဘိုးဘေးတို့အရိပ်အောက်မှာ ခိုလှုံမယ်။ သူ Draka ကို ဘာမှ မပြောရသေးသော်လည်း သူတို့ ကလေးမရသေးတာကို သူ တိတ်တိတ်လေး ဝမ်းသာနေသည်။ အခုအချိန်က ကလေးများအတွက် မလွယ်ကူပေ။ ကလေးဘဝကို မခံစားရဘဲ လူကြီးတာဝန်များကို မနိုင်ဝန်ထမ်းနေကြရ၏။ တကယ်လို့ Draka သာ ကလေးရှိလာလျှင် Durotan ကလည်း သူ့ကလေးကို တခြားကလေးများလိုပင် လေ့ကျင့်ခိုင်းမည်ဖြစ်သည်။ သူကိုယ်တိုင် မလုပ်နိုင်သည့် ကိစ္စများကို အခြားမိဘများအားလည်း မလုပ်စေရပါ။ သို့သော် ထိုအရာကြီးကို အခု မလုပ်ရသေးသည်ကိုတော့ သူ ဝမ်းသာနေ၏။
Draka က သူ့အတွေးတွေကို ဖတ်နိုင်သလို သူ့ကို မျက်လုံးမှေးစင်းကာ ကြည့်နေသည်။
"ရှင် Velen နဲ့ တွေ့ဖူးတာပဲ။ သူတို့က ကျွန်မတို့ကို တိုက်ခိုက်ဖို့ ကြံနေတယ်ဆိုတာကို ရှင် လက်ခံရ ခက်ခဲ့မှန်းသိပါတယ်"
"အခုလည်း ခက်တုန်းပဲ" သူ ပြောလိုက်သည်။ " ငါ့ကို ဒီတာဝန်ပေးတာလည်း ကောင်းပါတယ်။ Velen အဲ့ညကို မှတ်မိဦးမှာ သေချာတယ်။ Ner'zhul ထက်စာရင် ငါနဲ့ ပိုအဆင်ပြေလောက်မှာ။ သူပို့လိုက်တဲ့ စာကို ဖတ်ရရင်ကောင်းမှာပဲ"
"အဲ့ဒါဆို အကောင်းဆုံးဖြစ်မှာပဲ" Draka က ပြောသည်။
"ဆက်သားကို သွားအကြောင်းကြားလိုက်ဦးမယ်။ ငါ့တာဝန်ကို နောက်မတွန့်ဘူး"
×
ခရမ်းရောင်ကျောက်တုံးကို Velen ရင်ဘတ်နှင့် ကပ်ထားလိုက်သည်။ အနီနှင့် လိမ္မော်ရောင်တို့မှာ သူတရားထိုင်နေစဉ် ဘေးတွင်ချထားသည်။ ကျန်တဲ့ လေးတုံးမှာ Draenei နယ်ပယ်အတွင်း ရှိပြီးလူများကို လိုသလို ကူညီပေးနေ၏။ သို့သော် ခရမ်းရောင်ကတော့ သူနှင့်အမြဲရှိသည်။
သူ့အစွမ်းက စိတ်နှလုံးကို ဖွင့်လှစ်ပေးသောကြောင့် Naaru တို့နှင့် တိုက်ရိုက်စကားပြောရသလိုမျိုး ဖြစ်သည်။ ခရမ်းရောင်ကျောက်တုံးနှင့် တရားထိုင်တိုင်း ပိုမို ကြံ့ခိုင် သန့်ရှင်းသလို ခံစားရ၏။ ကျောက်တုံး ခုနစ်တုံးလုံး အစွမ်းထက်ကြသော်လည်း ဒီတစ်ခုကို သူ တန်ဖိုးအထားဆုံးဖြစ်သည်။
K'ure ၏ တီးတိုးစကားသံကို နားစွင့်နေသော်လည်း မကြားရပါချေ။
အသံများကြားလိုက်ရ၍ သူမျက်လုံး ဖွင့်ကြည့်လိုက်သည်။ Restalaan မှာ ကပ္ပိယ တစ်ဦးနှင့် စကားပြောနေရာ ရှေ့သို့လာရန် လက်ပြလိုက်သည်။
"ဘာ အကြောင်းထူးလဲ သူငယ်ချင်း" သူ လက်ဖက်ရည်အိုးကို ညွှန်ပြလိုက်သည်။
Restalaan က လက်ခါကာ ငြင်းလိုက်၏။ "အကောင်းရော အဆိုးရောပါတယ် ရှေ့ဖြစ်ဟော။ နတ်ဆရာ Ner'zhul ဆီပို့လိုက်တဲ့ ဆက်သား ကို Ore တစ်အုပ်က သတ်လိုက်တဲ့အကြောင်း ဝမ်းနည်းစွာ ပြောလိုပါတယ်"
Velen က မျက်လုံးမှိတ်ချလိုက်သည်။ ခရမ်းရောင် ကျောက်တုံးက သူ့ကို နှစ်သိမ့်လိုက်သလို ခေတ္တတောက်ပသွား၏။
"သူသေတာကို ငါခံစားမိပါတယ်" Velen က လေးပင်စွာ ပြောသည်။ "မတော်တဆ တစ်ခုဖြစ်ဖို့မျှော်လင့်နေတာ။ အသတ်ခံရတယ်ဆိုတာ သေချာလား"
"Ner'zhul ပြောတာ ပြီးတော့ လုံးဝ မတောင်းပန်ထားဘူး" Restalaan အသံက ဒေါသနှင့် စော်ကားခံရမှုကြောင့် အောင့်သက်သက်ဖြစ်နေသည်။ သူက Velen ဘေး အနီရောင်ကျောက်တုံးနားတွင် ဒူးထောက်နေခြင်းဖြစ်သည်။ Restalaan ခံစားချက်ကို တုံ့ပြန်လိုက်သလို ကျောက်တုံးက အရောင်တောက်သွားသည်။
"လက်နက်မဲ့သူ တစ်ယောက်ကို မသတ်ဘူး ဆိုတဲ့ သီအိုရီက သိပ်မှန်တာပဲ" Restalaan က ခါးသီးစွာ ဆက်ပြောသည်။
"ငါက အကောင်းကိုမျှော်လင့်ခဲ့တာ။ ဒါပေမယ့် သတင်းကောင်းရှိသေးတယ်ဆို?"
Restalaan က မျက်နှာမဲ့လိုက်သည်။ " ကျွန်တော်တို့ကို Ore အဖွဲ့တစ်ဖွဲ့က တောင်ခြေမှာတွေ့မယ်တဲ့"
"သူ....မလာဘူးပေါ့?"
Restalaan က ခေါင်းခါလိုက်သည်။ "မလာဘူး ရှေ့ဖြစ်ဟော"
"သူ့အစား ဘာကို လွှတ်လိုက်တာတဲ့လဲ"
"စာထဲမှာ မပြောထားဘူး"
"ငါ့ကို ပေးပါဦး" Restalay က Velen လက်ထဲကို စာထည့်ပေးလိုက်သည်။ ပုရပိုက်ကို ဖြေကာ စာကို အမြန်ဖတ်လိုက်၏။
"မင်းတို့ ဆက်သား သေပြီ။ ကံကောင်းလို့ သူ့ကို သတ်လိုက်တဲ့သူတွေက သူ့ကိုယ်မှာ စာရှာဖို့တွေးမိတာ။ စာကို ဖတ်ပြီးပြီ။ မင်းနဲ့ စကားပြောဖို့ Ore တစ်အုပ်ကို လွှတ်ပေးဖို့ သဘောတူတယ်။ ငါ ဘာမှ အာမ မခံဘူး။ မင်းတို့ လုံခြုံရေးရော စစ်ပြေငြိမ်းဖို့ ရော ဘာကိုမှ အာမမခံဘူး။ ဒါပေမယ့် နားတော့ ထောင်ပေးမယ်"
Velen သက်ပြင်းချလိုက်မိသည်။ သူ မျှော်လင့်ထားသော တုံ့ပြန်မှုမှာ ဒါမျိုးမဟုတ်။ Ore တွေ ဘာဖြစ်ကုန်ကြတာလဲ။
"ငါ ဘာမှ အာမ မခံဘူး" တဲ့။ တိကျ ပြတ်သားသော လက်ရေးဖြင့် ရေးထားသည်။
"ကောင်းပြီလေ... ဘာကိုမှ အာမ မခံဘူးပေါ့" သူ Restalaan ကို ပြုံးပြလိုက်သည်။ "ဘဝလိုမျိုးပါပဲ"
ထို့နေ့မှာ မသင့်တော်လွန်းစွာ သာယာလွန်းနေသည်ဟု Durotan ထင်သည်။ သူ့စိတ်ထဲတွင် နေလို့မကောင်း ဖြစ်နေခြင်းကြောင့် တိမ်လောက်တော့ ထူနေသင့်သည်။ မိုးရွာလျှင်တော့ အကိုက်ဆုံးပေါ့။ Oshu'gan တောင်ကြီးကတော့ အလင်းပြန်နေသည်မှာ မီးလောင်နေသလိုပင်။
Durotan က နေရာ ကောင်းကောင်းချထား၏။ Velen တို့ လာမည့်နေရာကို ဆီးမြင်ရသည့်နေရာ၌ စစ်သည်တို့ရှိသည်။ Draenei တို့ ထွက်ပြေးလို့မကအောင် သေချာလုပ်ထားသည်။ စောင့်နေသမျှသူအားလုံးက သံချပ်ကာ အပြည့်နှင့်။ Draka ကိုတော့ ကင်းထောက်တာဝန်ပေးထားသည်။ Velen ကို သြူမင်ရသည်နှင့် Durotan ထံသို့ Drek'Thar စီရင်ထားသည့် ဂါထာကိုသုံးကာ အကြောင်းကြားမည် ဖြစ်သည်။
Drek'Thar ကတော့ Durotan ဘေးတွင် ကာကွယ်ရန် အသင့်ဖြစ်နေ၏။ စစ်သည်ပေါင်းများစွာက လက်နက်များ ကိုင်ဆွဲကာ စောင့်နေကြသည်။ ကျောက်တုံးကြီးများကို ရက်ပေါင်းများစွာ အချိန်ယူပြီး နေရာချထားရာ Durotan အချက်ပေးလိုက်သည်နှင့် Draenei တို့မှာ ကျောက်တုံးများအောက်တွင် သေပွဲဝင်ရမည်ဖြစ်သည်။
လှပသောနေ့တစ်နေ့၏ သာယာသော တောင်ပေါ်တွင် အသက်ခြိမ်းခြောက်မှုများ ပြည့်နှက်နေလေ၏။
လေပြေတစ်ချက်က Durotan ကို တိုက်ခတ်သွားသည်။ Drek'Thar က အဖွဲ့ခေါင်းဆောင်ကို စိုးရိမ်သိလို ကြည့်နေ၏။
" ခေါင်းဆောင် ခင်ဗျားက အမိန့်အတိုင်း လုပ်နေကတာပါ " Drek'Thar က အလေးအနက် ပြောသည်။ "ဒီလူတွေက ကျွန်တော်တို့ ရန်သူပဲ"
Durotan က ခေါင်းညိတ်လိုက်ပြီး သူလည်း ၎င်းကို အခြားသူများ ယုံနေသလို လွယ်လွယ်ကူကူ ယုံနိုင်ရန် ဆုတောင်းမိ၏။
လေက သူ့ပါးပြင်ကို ထပ်မံထိခတ်သွားသည်။ ဒီတစ်ခါတော့ သူ လေထဲမှ စကားသံများ ကြားလိုက်ရသည်။ Draka ဆီမှ ဖြစ်သည်။ "သူတို့ လာနေပြီ။ ငါးယောက်။ မြင်ရသလောက်တော့ တစ်ယောက်မှ သံချပ်ကာရော လက်နက်ရော မပါဘူး။ တည်တည်ငြိမ်ငြိမ်ပဲ လမ်းလျှောက်လာကြတယ်"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl