32
သခင်ကြီး Kil'jaden က Ner'zhul ဆီ ခဏခဏ လာနေတော့သည်။ အစကတော့ ဘိုးဘေးတို့လိုပင် Ner'zhul အေးအစွမ်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် အိပ်မက်ထဲ၌သာ လာခြင်းဖြစ်သည်။
Ner'zhul တစ်ယောက် ဘဝင်ခိုက်နေလေ၏။ အဖွဲ့များဆီမှ သိမ်းငှက်ဖြင့်ပို့လိုက်သောစာများသည် ဝမ်းသာစရာချည်းပင်။ "အကူအညီမပါတဲ့ ကင်းထောက် ၂ ယောက်နဲ့ တွေ့ခဲ့တယ်" Shattered Hand အဖွဲ့ခေါင်းဆောင်က စာပါးလိုက်သည်။ " ဖမ်းရတာ သိပ်လွယ်တယ်"
" Bleeding Hallow အဖွဲ့အနေနဲ့ Ner'zhul ပြောသမျှ အကုန်လုံးကို လိုက်နာနေပါတယ်" အခြားစာတစ်စောင်တွင် ရေးထား၏။ "ကျွန်တော်တို့ Laughing Skull အဖွဲ့နဲ့ ပေါင်းလိုက်ပြီ။ ရန်သူတွေဘက်ကို တိုက်ဖို့ လက်နက်ပါလူအင်အား နှစ်ဆဖြစ်နေပါပြီ။ Thunderlord အဖွဲ့က မဟာမိတ်တွေ ရှာနေတယ်လို့ သိထားပါတယ်။ မနက်ဖြန် သူတို့ဆီ ဆက်သားတစ်ယောက် ပို့လိုက်မယ်"
"ဟုတ်ပြီ" Kil'jaden က ပြုံးလိုက်သည်။ "အကြောင်းတစ်ခုတည်းကြောင့် သူတို့ ဘယ်လောက် စည်းလုံးလာလဲ တွေ့လား။ အရင်က တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြိုင်နေကြတဲ့သူတွေက အခု အချင်းချင်း အသိပညာတွေ ဖလှယ်နေကြပြီ။ အကုန်လုံးကို ဖျက်စီးပစ်မယ့် ဘုံရန်သူကို တိုက်ခိုက်ဖို့။ တစ်သားတည်း ဖြစ်နေပြီ"
Ner'zhul က ခေါင်းညိတ်လိုက်သည်။ သို့သော် ရုတ်တရက် စိတ်ထိခိုက်သွား၏။ ဒီလို စည်းလုံး ညီညွတ်မှုမျိုးကို မြင်ရတာ သိပ်ကျေနပ်စရာကောင်းပါသည်။ Kil'jaden မှာ သူမုန်းသည့် Draenei နှင့် အလွန်တူနေသည်က လွဲ၍... Rulkan ကိုလည်း သူမတွေ့ရတော့ပါ။ သူ့ကိုလွမ်းသည်။ ဘာလို့ သူ့ဆီထပ်မလာတော့တာလဲ သိချင်မိ၏။
တွန့်ဆုတ်စွာ သူမေးမိသည်။ "Rulkan.."
"Rulkan က မင်းကို ငါ့ဆီ ခေါ်လာပေးတဲ့ တာတန်ကျေသွားပြီလေ။ သူပျော်ပြီး ကောင်းကောင်းနေနေရတာ မင်းသိပါတယ်။ မင်း သူ့ကိုတွေ့ပြီးပြီပဲ။ သူ့ကို ကြားခံလူအဖြစ်ထားစရာ မလိုတော့ဘူးလေ။ မင်းက ငါနဲ့ တိုက်ရိုက်တွေ့ဖို့ အရည်အချင်းပြည့်မှီတယ်ဆိုတာ ငါမြင်ပြီးပြီပဲ"
Ner'zhul အလွန်ပျော်ရွှင်ကြည်နူးသွား၏။ သို့ပေမယ့် ဒီတစ်ခေါက်တော့ အနည်းငယ် စိတ်ထင့်သွားသည်။ သူ့ ကြင်ဖော်နှင့် သူ စကားပြောချင်သေး၏။
Gul'dan က စာယူလာပေးသည့်အချိန်တွင် Ner'zhul မှာ အတွေးထဲ နစ်မြုပ်နေသည်။ ထိုလက်ထောက်က သူ့ကို ဦးညွတ်ကာ အပြာရောင်အရည်များစွန်းနေသော စာကို ဆက်သလာသည်။
"ဒါ ဘာလဲ" စာကို ယူရင်း မေးလိုက်သည်။
"တောင်ဘက်ကို ချဉ်းကပ်လာတဲ့ Draenei ဆက်သားဆီက ယူလာတာပါ" Gul'dan က ပြောသည်။
"အဖွဲ့နဲ့လား"
"ဆက်သားတစ်ယောက်တည်းပါ။ ဘာလက်နက်မှ မပါဘူး။ ဘာမှတောင် စီးမလာဘူး။ အဲ့အရူးက လမ်းလျှောက်လာတာ" Gul'dan က ရယ်လိုက်သည်။
Ner'zhul က စာကို ကြည့်လိုက်ရင်း အပြာရောင် အစွန်းများမှာ ဆက်သား၏သွေးများဖြစ်ကြောင်းသဘောပေါက်သွားသည်။ Shadowmoon ပိုင်နက်ထဲကို လက်နက်မပါ ဘာမပါဘဲ ဘယ်လို စိတ်နဲ့လမ်းလျှောက်ဝင်လာတာလဲ။
သူ စာကို ဖွင့်လိုက်ကာ ဖတ်ရန်ကြိုးစားနေစဉ် အခန်းထဲသို့ အလင်းတန်းတစ်ခု ၀င်လာရာ နတ်ဆရာ နှစ်ယောက်စလုံး ပြားပြားဝပ်ဆင်းသွား၏။
"ကျယ်ကျယ်ဖတ်ပါ Ner'zhul ကြီး" Kil'jaden ၏ ပြေပြစ်သောအသံ ထွက်လာ၏။ "ငါရော မင်းရဲ့ သစ္စာခံ လက်ထောက်ရော ကြားနိုင်အောင်ပေါ့"
"ကျေးဇူးပြုပြီး ဖတ်ပြပါ ဆရာ" Gul'dan က စိတ်အားထက်သန်စွာ ပြောသည်။
သူ စာကို ဖတ်နေရင်း Rulkan နှင့် စကားစပြောမိတည်းက ပထမဆုံးအကြိမ်အဖြစ် သံသယကို ခံစားမိလာသည်။
" Shadowmoon အဖွဲ့ရဲ့ နတ်ဆရာ Ner'zhul ကို Draenei အဖွဲ့ရဲ့ ရှေ့ဖြစ်ဟော Velen က နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အခုတလော ကျွန်တော်တို့ လူတွေ အတော်များများ Ore တွေဆီက တိုက်ခိုက်ခံနေရပါတယ်။ အကြောင်းရင်းကိုလည်း မသိရပါ။ မျိုးဆက်များစွာတိုင်အောင် ကျွန်တာ်တို ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ကြပြီး နှစ်ဖက်စလုံးလည်း အကျိုးရှိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ore တို့ကို လက်နက်တစ်ခါလေးမျှပင် မသုံးဖူးပါ။ တစ်ခါကဆို ဒုက္ခရောက်နေတဲ့ Ore ကလေး နှစ်ယောက်ကိုတောင် ကယ်ဆယ်ပေးခဲ့ဖူးပါတယ်"
"အာ.." Gul'dan က ဖြတ်ပြောသည်။ "ကျွန်တော် မှတ်မိတယ်။ အခု Frostwolf ခေါင်းဆောင်ဖြစ်နေတဲ့ Durotan နဲ့ Orgrim Doomhammer .."
Ner'zhul က စိတ်ရှုပ်ထွေးစွာ ခေါင်းညိတ်လိုက်ပြီး စာကို ဆက်ဖတ်သည်။
" ကျွန်တော်တို့ကြားမှာ ကြီးကြီးမားမား နားလည်မှုလွဲနေတယ်လို့ပဲ ယူဆမိပါတယ်။ Ore ရော Draenei ရော ဘယ်အသက်မှ ထပ်ပြီး မဆုံးရှုံးရတော့အောင် ကျွန်တော်တို့ စကားပြောချင်ပါတယ်"
"ခင်ဗျားတို့ Oshu'gan လို့ခေါ်တဲ့ တောင်က ခင်ဗျားတို့ ဘိုးဘေးနတ်တွေနေပြီး မြင့်မြတ်တဲ့နေရာလို့ နားလည်ထားပါတယ်။ ဒီနေရာက Draenei တွေအတွက်လည်း အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ ခင်ဗျားတို့က မြင့်မြတ်တဲ့နေရာအဖြစ် သတ်မှတ်ထားတာကိုလည်း အလေးထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ခြားနားချက်ထက် တူညီချက်တွေ ပိုများကြောင်း သက်သေပြရမယ့် အချိန်ရောက်လာပါပြီ။ ကျွန်တော်က ဉာဏ်ပညာကြီးပြီး အကြားအမြင်ရလို့ ရှေ့ဖြစ်ဟော လို့ သတ်မှတ်ထားကြပါတယ်"
" ကျွန်တော်တို့ လူမျိုး နှစ်စုစလုံးအတွက် အရေးပါတဲ့ နေရာမှာ ငြိမ်းချမ်းစွာ တွေ့ကြရအောင်။ ငါးလပိုင်း သုံးရက်နေ့မှာ ကျွန်တော်နဲ့ အဖွဲ့တို့ ဝတ်ပြုခရီးအဖြစ် တောင်တက်ဖို့ လာကြပါမယ်။ ဘယ်သူမှ လက်နက် ကိုင်လာမှာ မဟုတ်ပါဘူး။ ခင်ဗျားရယ် စိတ်ပါဝင်စားသူတွေရယ်ကို လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ထက် အများကြီး ပညာရှိတဲ့သူတွေကို ကျွန်တော်တို့ကြားက ပဋိပက္ခကို ဖြေရှင်းဖို့ နည်းလမ်း မေးမြန်းကြရအောင်"
"ကောင်းချီးဩဘာနဲ့ ငြိမ်းချမ်းမှုကို တောင်းဆိုပါတယ်"
Gul'dan မှာ ပထမဆုံး စကားစပြောသူ တိတိကျကျပြောရလျှင် စတင်လှောင်ရယ်သူ ဖြစ်သည်။
"တော်တော်အသိဉာဏ်မဲ့တာပဲ ။ ဒါအခွင့်အရေးပဲ သခင် Kil'jaden ။ သူတို့ခေါင်းဆောင်က အသတ်ခံရမယ့် clefthoof ပေါက်လေးလို လက်နက်မပါဘဲ သူတို့ရဲ့ ယုတ်မာတဲ့အကြံတွေကို ကျွန်တော်တို့ မသဘူးထင်ပြီးလာမှာ။ ပြီးတော့ Oshu'gan ကို ကျူးကျော်ဖို့ တွေးနေတယ်! ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့ တောင်ပေါ်ကို သူရဲ့ ခွာပြာကြီး တစ်ချက် မချရသေးခင် သူသေရမယ်!"
"မင်းပြောတာကို ငါသဘောကျတယ် Gul'dan" Kil'jaden က ရေလို ချောမွတ်ပြေပြစ်သည့်အသံဖြင့်ပြောသည်။ "Ner'zhul၊ မင်း လက်ထောက်ကအမြင်ရှိတယ်"
သို့သော် Ner'zhul က စကားမပြောနိုင်။ စကားပြောဖို့ အားအတော်ယူပြီးမှ " Draenei တွေက အန္တရာယ်ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်......လက်နက်မဲ့ ရန်သူကို သတ်ပစ်ရအောင် ကျွန်တော်တို့က Gronn တွေမှ မဟုတ်ဘဲ"
"ဆက်သားကိုကျ သတ်ပစ်လိုက်ပြီးတော့" Gul'dan က ဝင်ထောက်သည်။ "သူလည်း လက်နက်မဲ့ပဲ။ စီးစရာတောင် မပါဘူး"
"အဲ့ဒါ မှားတယ်ကွ!" Ner'zhul က အော်လိုက်သည်။ "သူ့ကို အချုပ်ထဲထည့်ပြီး ငါ့ဆီတစ်ခါတည်း ခေါ်လာရမှာ။ သတ်ပစ်ရမှာ မဟုတ်ဘူး!"
Kil'jaden ဘာမှ ဝင်မပြော။
"ငါတို့ အထွတ်အမြတ်ထားရတဲ့ နေရာကိုတော့ သူ့ကို ဖျက်စီးခွင့်မပေးနိုင်ဘူး။ သူနဲ့ စကားပြောခွင့်မရဘဲ သတ်လိုက်လို့တော့ မရဘူး။ ငါတို့ တစ်ခုခုသိရင် သိရမှာပေါ့"
"ဟုတ်တယ်" Kil'jaden ကပြောသည်။ သူ့အသံက ချိုမြနေ၏။ "အသားနာရင်တော့ သိသမျှ အကုန်ပြောပြမှာပဲ"
ထိုစကားကြောင့် Ner'zhul လန့်သွားသော်လည်း အံ့ဩယောင် မပြလိုက်ပါ။ ဒီတန်ခိုးရှင်က Velen ကို နှိပ်စက်စေချင်နေတာလား? သူ စိတ်တက်ကြွသွားသော်လည်း မဟုတ်သေးပါ။ သူ ဒီလိုသာမျိုးကို မလုပ်သေး။
"သူ့ကို စောင့်နေကြမယ်" သူ့ သခင်ကိုရော လက်ထောက်ကိုပါ ပြောလိုက်သည်။
"သခင်" Gul'dan က ခပ်ဖြေးဖြေးပြောသည်။ "တစ်ခုလောက် အကြံပေးလို့ရမလား"
"ဘာလဲ"
"တောင်နဲ့ အနီးဆုံး အဖွဲ့က Frostwolf အဖွဲ့ပဲ။ သူတို့ကို Velen နဲ့ သူလူတွေကို ကျွန်တော်တို့ဆီ ခေါ်လာခိုင်းလိုက်။ သူတို့ခေါင်းဆောင်က Draenei တို့ဆီမှာ တစ်ခါနေဖူးတယ်။ သူ ကျွန်တော်တို့ စကားကို မဖီဆန်ခဲ့ပေမယ့် သူတို့ဘက်က Draenei တို့ကို တိုက်ခိုက်တယ်လို့ မကြားဖူးသေးဘူး။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်ရအောင်။ Draenei ခေါင်းဆောင်ကိုလည်း ဖမ်းပြီးသားဖြစ်၊ Frostwolf က Durotan ကိုလည်း ကျွန်တော်တို့ သစ္စာတော်ခံတယ်ဆိုတာ သက်သေပြပြီးသား ဖြစ်တာပေါ့"
မျက်လုံးနှစ်စုံက သူ့ကို စိုက်ကြည့်နေသည်ကို Ner'zhul ခံစားလိုက်ရသည်။ သူ့လက်ထောက်နဲ့ သခင် Kil'jaden ။ Gul'dan ပေးသည့် အကြံမှာ အလွန်ကောင်းနေသည်ကို ဘာလို့ Ner'zhul က တုံ့ဆိုင်းနေရပါသနည်း။
Ner'zhul ၏ မျက်ခုံးများတွင် ချွေးစို့လာသည်။ နောက်ဆုံးတွင် သူစကားပြောလိုက်ရာ သူ့အသံမှာ တည်ကြည်ကာ သေချာနေဟန်ရှိသောကြောင့် စိတ်သက်သာရာရသွား၏။
"သဘောတူတယ်။ သိပ်ကောင်းတဲ့အကြံပဲ။ ငါ့ကို ကလောင်တံနဲ့ ပုရပိုက်ရှာပေး။ Durotan ကို ငါ အသိပေးလိုက်မယ်"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl