book

Index 31

31

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

31

ကျွန်တော်တို့ မျိုးဆက်အတော်များများက ထိုသမိုင်းကို ဖျောက်ဖျက်ပစ်ချင်ကြတာကို နားလည်ပါသည်။ ကျွန်တော်လည်း ထိုစဉ်က ကိုယ်တိုင် မရှိခဲ့သော်ငြား အရှက်ရမိသည်။ Drek'Thar ထိုအကြောင်းကို ပြန်‌ပြောပြနေစဉ် သူ့မျက်နှာ၌ မြင်ရသည်။ Orgrim Doomhammer ထံ၌လည်း တွေ့ရသည်။ မိတ်ဆွေလည်းဖြစ် သစ္စာဖောက်လည်း ဖြစ်သည့် Grom Hellscream ကတော့ ပျက်စီးယိုယွင်းသွားလေပြီ။

သို့သော် ထိုသမိုင်း မရှိခဲ့သလို ဟန်ဆောင်မည်ဆိုလျှင် ၎င်း၏ အကျိုးဆက်က ဘယ်လောက် ကြောက်ဖို့ကောင်းခဲ့သည်ကိုပါ မေ့ပစ်ရမည်ဖြစ်သည်။ ကိုယ့်သေတွင်းကိုယ်တူးခဲ့သည်ကို ဝန်မခံဘဲ ကိုယ်ကိုယ်ကို သားကောင်ဟု ပြောရမည်ဖြစ်သည်။ ကျွန်တော်တို့ Ore များကိုယ်တိုင် ဒီလမ်းကို ရွေးခဲ့ကြသည်။ နောက်ပြန်ဆုတ်လို့ မရတော့သည်အထိ မှားယွင်းစွာ လျှောက်ခဲ့သည့် လမ်းပင်။

ကျွန်တော်တို့ မျိုးပြန်းစေနိုင်သည့် ထိုလမ်းတွင်ပါဝင်ခဲ့ကြသူများ တစ်ယောက်ချင်းစီ စကားကိုကြားချင်သည်။ ထိုလမ်းကို မှန်ကန်သည်ဟု ဘာလို့တွေးခဲ့ကြလဲ သိချင်သည်။

ဒါမှလည်း နောက်တစ်ခါဖြစ်လျှင် သတိထားမိမည် ဖြစ်သည်။

Humatis တို့တွင် အလွန် အမျှော်အမြင်ရှိသည့် ဆိုရိုး၂ခု ရှိသည်။

ပထမတစ်ခုမှာ "သမိုင်းက အမှားများကို မသိသူများမှာ ထိုအမှားကို ပြန်လုပ်မည့် သူများပင်" ဖြစ်ပြီး

ဒုတိယတစ်ခုမှာ "ကိုယ့်ရန်သူကို သိပါ" ဖြစ်သည်။

×

Restalaan ချဉ်းကပ်လာချိန်တွင် Velen တရားထိုင်နေခဲ့သည်။ Karabor ဘုရားကျောင်း၏ အလယ်တွင် ထိုင်နေခြင်းဖြစ်ပြီး လေထဲတွင် ပန်းရနံ့များ ရေစီးသံများဖြင့် သာယာနေ၏။ ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းသော်လည်း Velen စိတ်များကတော့ မအေးချမ်းနိုင်ချေ။

Draenei နှင့် Naaru တို့ အချင်းချင်း ယုံကြည်ခဲ့ကြသည်မှာ ကြာမြင့်ခဲ့လေပြီ။ Naaru တို့မှာ ပြည်နှင်ဒဏ်ခံရသည့် Eredar များ၏ အစောင့်အရှောက်၊ ဆရာသမားနှင့် မိတ်ဆွေသူငယ်ချင်း ဖြစ်ခဲ့သည်။ သူတို့ တူတူခရီးဆန့်ခဲ့ကြပြီး ကမ္ဘာအများအပြားတွင် နေထိုင်ခဲ့ကြသည်။ man'ari တို့က သူတို့ ပုန်းနေသည့် နေရာကို သိရှိသွားတိုင်း Naaru များ၊ အထူးသဖြင့် K'ure က သူတို့ ထွက်ပြေးနိုင်ရန် ကူညီပေးခဲ့သည်။

သူတို့ အန္တရာယ်မှ လွတ်ရန် ကမ္ဘာတစ်ခုမှ ထွက်ပြေးရတိုင်း Velen ဝမ်းနည်းပူဆွေးရသည်။ ထိုကမ္ဘာတွင် ကျန်ခဲ့သူများ အပြောင်းခဲခံရတော့မည်မှာ သေချာသောကြောင့်ပင်။ အမှောင်သခင် Sargeras အတွက် ဖန်တီးပေးထားသော Legion တွင် တပ်သားသစ်တိုးဖို့ စိတ်ထက်သန်လှသော Kil'jaden သည် မည်သူ့ကိုမှ အလွတ်မပေးပါ။

Velen လိုပင် K'ure လည်း စိတ်မကောင်းဖြစ်ရသည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ ထိုအချိန်အတွင်းတွင် Kil'jaden, Archimonde နှင့် Sargeras တို့မှာ အခြားကမ္ဘာတစ်ခုခုကိုလည်း ဖျက်စီးပစ်နေမည် ဖြစ်ကြောင်း Velen သေချာနေ၏။ ကမ္ဘာအားလုံး၊ သက်ရှိအားလုံး၊ လူမျိုးအားလုံးမှာ Sargeras အတွက်တော့ အတူတူပင်ဖြစ်သည်။ Velen တစ်ယောက် တစ်ခါက မိတ်ဆွေဖြစ်ခဲ့ဖူးသူများ လက်ထဲတွင် သေကြေရခြင်းကလည်း အပြစ်မဲ့သူ တစ်ယောက်ကိုမှ ကယ်တင်ပေးနိုင်မည်မဟုတ်ပေ။

"ဘာလို့လဲ?" Velen ဒေါသထွက်မိသည်။ "ဘာလို့ ငါ့အသက်က တခြားသူတွေရဲ့အသက်ထက် တန်ဖိုးရှိရမှာလဲ"

"စုဆောင်းနေတာက နှေးတော့နှေးတယ်" K'ure က ဝန်ခံသည်။ "ဒါပေမယ့် ဆက်လုပ်နေပါတယ်။ ငါ့လိုပဲ လူမျိုးစုအငယ်လေးတွေကို ဆက်သွယ်နေတဲ့ တခြား Naaru တွေရှိတယ်။ သူတို့တွေ အသင့်ဖြစ်တဲ့အခါ အကုန်လုံးကို စုဆောင်းလိုက်မယ်။ အမှန်ကို အမှန်အတိုင်းသိသေးတဲ့ ဒီစကြဝဠာကြီးကို စည်းချက်မှန်အောင်ထားနိုင်သေးတဲ့ လူတွေရဲ့လက်အောက်မှာ Sargeras ကျဆုံးရမှာ"

Velen မှာ Naaru စကားကိုယုံလျှင်ယုံ၊ မယုံလျှင် man'ari တို့ထံ ပြန်သွားဖို့သာရှိသည်။ သူ စကားကို ယုံရန် ရွေးချယ်ခဲ့သော်လည်း ယခုတော့ မရေမရာဖြစ်နေ၏။ Ore တို့မှာ အမဲလိုက်ထွက်သည့် အုပ်စုများကို တိုက်ခိုက်နေကြသည်။ ထိုသို့လုပ်ရန် အကြောင်းအရင်း တစ်စက်မှမရှိပါ။ သို့သော် အုပ်စု ၃စု အသတ်ခံရပြီးဖြစ်သည်။ Restalaan စုံစမ်းရသည်မှာ ရိုးရိုးအသတ်ခံရခြင်းပင်မဟုတ်ဘဲ ရက်ရက်စက်စက် လှီးဖြတ်ကာ သတ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ဒီကမ္ဘာကိုရောက်စဉ်က အစောဆုံးတည်ခဲ့သည့် ဤဘုရားကျောင်းသို့ Velen လာခဲ့ခြင်းဖြစ်သည်။ ဒီနေရာတွင် ata'mal ကျောက်တုံး ခုနစ်တုံးထဲမှ လေးတုံးကို ပတ်ချာလည်ထားပြီး K'ure ၏ အသံကို ကြားရသည်။ သို့သော် သူ့တွင် အဖြေမရှိသေး။

ဒီတစ်ခေါက် ပြဿနာဖြစ်လျှင် သူတို့ ထွက်ပြေးစရာ ယာဉ်မရှိပေ။ ဒီကမ္ဘာတွင် လွန်ခဲ့သည့် နှစ်နှစ်ရာ ပျက်ကျခဲ့သည့် ယာဉ်ထဲတွင် K'ure ပိတ်မိကာ သေလုနီးပါးဖြစ်ခဲ့သည်။

"ရှေ့ဖြစ်ဟော Velen" Restalaan က ပြောသည်။ သူ့အသံက နူးညံ့ကာ စိုးရိမ်မှုပြည့်နေသည်။ "တိုက်ခိုက်မှု နောက်တစ်ခု ထပ်ဖြစ်တယ်"

Velen က မျက်လုံးများကို ‌ဖြေးညင်းစွာဖွင့်ပြီး သူ့ကို ဝမ်းနည်းစွာကြည့်သည်။ "ငါသိတယ်။ ငါခံစားလိုက်ရတယ်"

Restalaan က လက်ချောင်းများကို ဆံပင်ထဲ ထိုးဖွလိုက်၏။ "ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ တစ်ခါတစ်ခါ ပိုပိုဆိုးရွားလာတယ်။ အလောင်းတွေက ဒဏ်ရာတွေကို ကြည့်ရသလောက်တော့ သူတို့ လက်နက်တွေလည်း တိုးတက်လာသလိုပဲ"

Velen သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ "ငါ K'ure ကို မကြားရဘူး။ အချိန်သိပ်မရတော့ဘူး လို့ ငါထင်နေတယ်"

Restalaan က ခေါင်းငုံ့သွားသည်။ နာကျင်မှုက သူ့မျက်နှာတွင် သိသာနေ၏။ Naaru တို့်မှာ သူတို့အတွက် အရာအားလုံး ပေးဆပ်ခဲ့‌ကြောင်း သူသိသည်။ ၎င်းမှာ အထဲတွင်ပိတ်မိနေခဲ့သည်မှာ ရာစုနှစ် ၂ခု ရှိပြီး ဖြေးညင်းစွာ သေဆုံးနေသည်။ တကယ်လို့ လုံးဝသေသွားမည် ဆိုလျှင်တောင် အချိန်ကြာဦးမည်ဟု Velen ထင်ခဲ့သည်။

သူ ထရပ်လိုက်သည်။ "သူ့မှာ ငါ့ကိုပြောစရာရှိသေးတယ်။ ဒါပေမယ့် ငါ မကြားရတော့ဘူး။ ငါ အဲ့ဒီ့ကို သွားမှ ဖြစ်တော့မယ်။ နီးကပ်နေရင် ပိုကြားရမယ် ထင်တာပဲ"

" ယာဉ်ဆီကို သွား..သွားမလို့ ပြောနေတာလား" Restalaan ကမေးသည်။

Velen က ခေါင်းညိမ့်သည်။ "ငါ သွားကိုသွားရမယ်"

"ရှေ့ဖြစ်ဟောကြီး..ကို မယုံတာတော့မဟုတ်ပါ-"

"ဒါပေမယ့် တကယ်လည်း မယုံဘူးမလား" Velen က ရယ်သည်။ "ဆက်ပြောပါ သူငယ်ချင်း။ မင်းရဲ့ သံသယတွေက ငါ့အတွက် အမြဲအကျိုးရှိပါတယ်"

Restalaan သက်ပြင်းချသည်။ "Ore တွေက ယာဉ်ကို သူတို့ရဲ့ မြင့်မြတ်တဲ့တောင်လို့ သတ်မှတ်ထားတာလေ.."

"ငါသိပါတယ်"

"ဒါဆို ဘာလို့ အဲ့ကိုသွားပြီး ရန်စမှာလဲ? သူတို့က ဒါကို ရန်စတာလို့ သေချာပေါက် တွေးမှာပဲ။ အထူးသဖြင့် ဒီအချိန်မှာပေါ့။ တိုက်ခိုက်မှုတွေကိ ဆက်လုပ်ဖို့ အကြောင်းပြချက် ပေးလိုက်သလို ဖြစ်နေမယ်"

Velen က ခေါင်းညိတ်သည်။ "ငါ စဉ်းစားပြီးပါပြီ။ အကြာကြီး စဉ်းစားခဲ့တာ။ ဒါပေမယ့် အခု ငါတို့ ဘယ်သူလဲ၊ သူတို့ရဲ့ မြင့်မြတ်တဲ့တောင်ကြီးက ဘာလဲဆိုတာ ပြောဖို့အချိန်ကျပြီထင်တာပဲ။ သူတို့က သူတို့ ဘိုးဘေးတွေ အဲ့မှာနေနေတယ်လို့ ထင်ကြတယ်။ ဟုတ်ရင်လည်းဟုတ်မှာပါ။ တကယ်လို့ K'ure မှာ အားသိပ်မရှိတော့ဘူးဆိုရင် ငါတို့ သူ့စကားနဲ့ အစွမ်းတွေကို ရနိုင်တုန်း ရ‌သလောက် မယူထားသင့်ဘူးလား။ ငါတို့နဲ့ Ore တွေအကြားကို ငြိမ်းချမ်းရေးယူပေးနိုင်တာ သူပဲရှိတယ်။ ဒါ ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်နိုင်တယ်။ K'ure က Sargeras နဲ့ သူ့တပ်ဖွဲ့ကြီးကို ရင်ဆိုင်လို့ရအောင် ပူးပေါင်းမယ့် တခြားလူမျိုးတွေကို ရှာဖို့ ပြောခဲ့တယ်"

Velen က သံချပ်ကာနှင့်ဖုံးထားသော သူ့သူငယ်ချင်း၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။ "ငါ တရားထိုင်နေတုန်း တစ်ခုကို သေချာသိလိုက်ရတယ်။ Ore နဲ့ Draenei တို့ ဒီလိုနေလို့မကတော့ဘူး။ ငါတို့ မဟာမိတ် မဟုတ်ရင် ရန်သူတွေ ဖြစ်ကြတော့မယ်။ တကယ်လို့ငါသာ ပြေရာပြေကြောင်းကို မရှာနိုင်ခဲ့ဘူးဆို ငါ့ကိုယ်ငါ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ နားလည်ပြီလား"

Restalaan က Velen မျက်နှာကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ "နားလည်ပါတယ်။ ဒါပေမယ့် သံချပ်ကာနဲ့ အစောင့်တစ်ယောက်လောက်တော့ ထည့်ပေးလိုက်ပါရစေ။ သူတို့က စကားပြောခွင့်မပေးဘဲ အရင်တိုက်ကြမှာ"

Velen က ခေါင်းခါသည်။ "ဟင့်အင်း ဘာလက်နက်မှ မပါရဘူး။ သူတို့က တကယ်တော့ လူကောင်းတွေပါ။ ဟိုတစ်ခါတုန်းက ငါတို့နဲ့လာနေခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ စိတ်တွေကို ငါမြင်ခဲ့တယ်။ သူတို့မှာ သူရဲဘောကြောင်တဲ့စိတ်တို့ ယုတ်မာတဲ့စိတ်တို့ မရှိဘူး။ စိုးရိမ်စိတ်နဲ့...တစ်ခုခုကို ကြောက်တဲ့စိတ်ပဲ ရှိတာ။ ပြီးတော့ အမဲလိုက်တဲ့အဖွဲ့တွေကိုပဲ တိုက်ခိုက်တာပါ။ အရပ်သားတွေကို မဟုတ်ပါဘူး"

"ဟုတ်ပါတယ်" Restalaan ကပြန်ပြောသည်။ "လူတွေအများကြီးပါတဲ့ အမဲလိုက်အဖွဲ့တွေပေါ့"

"အခင်းဖြစ်တဲ့နေရာမှာ ငါတို့သွေးမဟုတ်တဲ့ သွေးတွေကို တွေ့တယ်လေ" Velen က သူ့ကို သတိပေးလိုက်သည်။ "အလောင်းတွေကို ရိုးရာအတိုင်း မီးသဂြိုဟ်ဖို့ ပြန်သယ်သွားကြပေမယ့် မြေကြီးပေါ်မှာတော့ သွေးတွေကျန်ခဲ့တယ်။ ငါတို့ သိရသလောက်ဆို Draenei လက်တစ်ဆုပ်စာလောက်က Ore အများကြီးကို ယှဉ်နိုင်တယ်။ ငါလောင်းရဲတယ်။ သူတို့ ငါ့ကို သတ်မှာမဟုတ်ဘူး။ ငါလာရတဲ့ ရည်ရွယ်ချက်ကို သေချာပြောပြပြီး ခုခံဖို့ လက်နက် မပါလာဘူးဆိုရင်ပေါ့"

"ခင်ဗျားလို ယုံကြည်မှုမျိုး ကျွန်တော်ရှိချင်တယ် " Restalaan က အရှုံးပေးသလိုပြောသည်။

"အစောင့်အဖွဲ့သေးသေးလေး တစ်ဖွဲ့ ထည့်ပေးလိုက်မယ်။ လက်နက်မပါစေရပါဘူး"

Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^

Love y'all,
Nyl


rate now: