book

Index 30

30

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

30


Orgrim အံကြိတ်လိုက်မိသော်လည်း ဘာမှမပြော။ "ဘိုးဘေးတွေက ဘယ်တော့မှမညာဘူး" သူတွေးလိုက်သည်။ "ကလေးတွေက အပြစ်ကင်းတယ်ဆိုပေမယ့် သူ့မိဘတွေက အကောက်ကြံနေတယ်ဆို သေဒဏ်ပေးရမှာပဲ"


အမဲလိုက်သည့် Draenei အဖွဲ့မှာ ၁၁ ယောက်ရှိကြောင်း ကင်းထောက်ကပြောသည်။ ယောက်ျား ၆ ယောက် မိန်းမ ၅ ယောက်ဖြစ်ပြီး cleft-hooves တစ်အုပ်နှင့် တွေ့ပြီးဖြစ်၏။ ထိုသတ္တဝါများမှာ အကောင်ကြီးလှသော်လည်း talbuk များလို ရန်မမူတတ်ချေ။ 


ထို့နောက် ore တို့ ရောက်ရှိလာချေ၏။


တပ်သားတို့မှာ အလွန်စိတ်တက်ကြွနေကြသည်။ အသစ်စက်စက် သံချပ်ကာများကို ဝတ်ကာ အသားကျခါစ လက်နက်အသစ်များကို စမ်းကြည့်ချင်နေကြသည်။ Blackhandက မျက်လုံးများကို မှေးစင်းကာ အချိန်ကောင်းကို စောင့်နေ၏။ သူက နောက်တွင်ရှိသည့် နတ်ဆရာများကို လှည့်ကြည့်သည်။ သူတို့လည်း သံချပ်ကာ ဝတ်ထားကသော်ငြား လက်နက်တော့မပါ၊ ကိုင်စရာလည်းမလို။ သူတို့က ကိုယ့်ဘက်မှ ဒဏ်ရာရလျှင် ကုပေးပြီး ရန်သူဘက်ကို မှော်အစွမ်းဖြင့် တိုက်ခိုက်ပေးရန်ဖြစ်သည်။ 


"အသင့်ဖြစ်ပြီလား" သူကမေးသည်။ 


အကြီးဆုံးနတ်ဆရာကခေါင်းညိတ်သည်။ သူ့မျက်လုံးများက တောက်ပနေကာ နှုတ်ခမ်းများက ပြုံးနေ၏။ သူလည်း ဒီနေ့ Draenei သွေးကို မြင်ချင်နေသည်။ 


Blackhand က လက်သီးဆုပ်ကို အောက်သို့ လွှဲလိုက်သည်။ BlackRock စစ်သည်များ ချီတက်ကြလေပြီ။ 


သူတို့ စစ်ချီတေးများ ဟစ်ကြွေးလိုက်ရာ အပြာကောင်များ လန့်သွားကြသည်။ အစကတော့ လန့်ရုံသာ လန့်ကြခြင်းဖြစ်သည်။ ဒီလောက် ore အုပ်လိုက်ကြီးက သူတို့ကို လာသတ်သည်ဟု မထင်ကြ။ Blackhandက သူတို့ခေါင်းဆောင်ကို ဓါးနှင့် ခုတ်ပိုင်းလိုက်မှသာ ore များသည် clefthoof ကို အမဲလိုက်သည်မဟုတ်ဘဲ သူတို့ကို သတ်ရန်လာကြောင်း သဘောပေါက်သွားကြ၏။ 


Draenei တို့မှာ လန့်ပြီး ကြက်သေသေမနေကြဘံ ချက်ချင်းပင် ပြန်ခုခံကြသည်။ ထူးဆန်းသည့် ဘာသာစကားနှင့် အသံတစ်သံထွက်လာသည်။ စကားလုံးများကို Orgrim နားမလည်သော်လည်း ကြားဖူးသလိုရှိနေသည်။ (Durotan ကတော့ ထိုသို့စကားများကို မှတ်မိသည့် ပါရမီရှိသော်လည်း သူ့တွင်မရှိပါ) သူတို့ထံမှ ဘယ်လိုအရာများလာမည်ကို ကြိုသိသောကြောင့် တပ်သားများကို ကြိုသတိပေးထားနိုင်ခဲ့၏။ ကောင်းကင်မှ ထူးဆန်းသည့် အပြာရောင် အလင်းများက မျက်စိကျိန်းအောင် ထွက်ပေါ်လာသည်။ သူက ရှေ့ရှိ Draenei တစ်ယောက်ကို ချိန်၍ Doomhammer ကို မြှောက်ကာ အသားကုန်လွှဲယမ်းလိုက်သည်။ ထို Draenei ဝတ်ထားသည့်သံချပ်ကာမှာ တွန့်လိမ်သွားပြီး သွေးများ ပြန့်ကျဲသွား၏။ 


‌နောက်ပစ်မှတ်တစ်ခုကိုရှာရင်း Orgrim မော့ကြည့်လိုက်သည်။ သူ့လူတချို့မှာ Draenei တို့၏ ထူးဆန်းသည့် အလင်းရောင်များဖြင့်လုပ်ထားသည့် ပိုက်ကွန်ထဲတွင်ပိတ်မိနေကြသည်။ ရဲရင့် သတ္တိရှိသော စစ်သည်များဖြစ်သော်လည်း ထိုပိုက်ကွန်က အသားထဲကို လောင်ကျွမ်းသောအခါ သူတို့ အော်ဟစ်ကြသည်။ အသားလောင်ကျွမ်းသည့်အနံ့၊ သွေးညှီနံ့နှင့် အ‌ကြောက်တရားတို့ ရောနှောနေသည့်အနံ့က Orgrim ကို ယစ်မူးစေ၏။


Orgrim က နောက်ထပ်သတ်မည့်သူတစ်ယောက်ကို ရွေးလိုက်ကာ သူ့ထံပြေးသွား၏။ လက်နက်မပါသည့် မိန်းမတစ်ယောက်ဖြစ်သော်လည်း အပြာ‌‌ရောင်အလင်းအားကို ထုတ်ပေးနေသူထဲမှ တစ်ယောက် ဖြစ်သည်။ Doomhammer က မြေပြင်ကို ထိခတ်ပြီး ပြန်ကန်ထွက်ကာ သူ့အရိုးထိပါ တုန်လှုပ်သွားစေသောကြောင့် Orgrim အံ့ဩသွားသည်။ နတ်ဆရာ တစ်ယောက်က ဝင်လာပြီး ကူညီပေးသည့်အခါတွင်တော့ Doomhammer က ထို Draenei ၏ ခေါင်းကို ထိသွားလေသည်။ နောက်ဆုံးတော့ Draenei နှစ်ယောက်သာ ကျန်ခဲ့ပြီး သူတို့မှာလည်း Orgrim တို့လက်ချက်ဖြင့်ကျဆုံးသွားကာ လုံးဝ တိတ်ဆိတ်သွား၏။ 


ဖမ်းထားသည့် clefthoof မှာ လွတ်သွားချေပြီ။


Orgrim အသက်ရှူလိုက်သည်။ သူ့သွေးများက သတ်ဖြတ်ရခြင်းကြောင့် ပွက်ပွက်ဆူနေကာ တက်ကြွနေ၏။ သူ အမဲလိုက်ခြင်းကို အစဉ်နှစ်သက်ခဲ့သည်။ သို့သော်...ဒီလို သားကောင်မျိုး.. သွားတို့ အစွယ်တို့နဲ့ ပြန်ခုခံတာမဟုတ်တဲ့ အသိဉာဏ်ကြီးကာ အစွမ်းရှိသည့် Draenei တို့လို သားကောင်မျိုးကတော့ သူ့အတွက် အသစ်ဖြစ်နေသည်။ သူ ခေါင်းကို နောက်ပြန်လှန်ကာ ရယ်ချလိုက်သည်။ ထို ခံစားချက်ကို ယစ်မူးသွားသလိုပင်။


အောင်ပွဲခံသံများနှင့် ရယ်သံများ ဟိန်းထွက်သွား၏။ Blackhand က Orgrim ဆီ လျှောက်လာကာ ဝတ်ထားသည့် သံချပ်ကာများ အပေါ်မှ ပွေ့ဖက်လိုက်သည်။ 


"Doomhammer ကို တွေ့လိုက်တယ်။ မြန်လွန်းလို့ ဖျတ်ခနဲပဲ မြင်လိုက်ရတယ်" သူက ရယ်ရင်းပြောသည်။ "မင်း ဒီနေ့တော်တယ် Orgrim ငါ အရွေးမှန်သွားတယ်"


သူက Orgrim နောက်ဆုံးသတ်ထားသူပေါ်က ခွကျော်ကာ လက်အိတ်ကို ချွတ်လိုက်သည်။ ဦးခေါင်းခွံမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေကာ အပြာရောင် သွေးများ ပြန့်ကျဲနေ၏။ Blackhand က ထို Draenei သွေးထဲသို့ လက်နှစ်ကာ Orgrim မျက်နှာပေါ်သို့ ဂရုတစိုက် သုတ်ပေးလိုက်သည်။ Orgrim ရင်ထဲ ထိခတ်လှုပ်ရှားသွားသည်။ သူ ပထဆုံး တစ်ယောက်တည်း အမဲလိုက်ရစဉ်က သူ့ကိုယ်သူ ထိုသို့ လုပ်ခဲ့ဖူးသည်ကို အမှတ်ရသွား၏။ မြင့်မြတ်သောတောင်ပေါ်သို့ Om'riggor ဓလေ့အရ သွားစဉ်ကလည်း သူ့ဖခင်၏ သွေးဖြင့် မျက်နှာပေါ်သို့ သုတ်လိမ်းပေးခြင်းခံခဲ့ကသည်ကို အမှတ်ရသွား၏။ အခုလည်း သူ့ခေါင်းဆောင်က သူတို့ ရန်သူ‌‌၏သွေးဖြင့် သူ့ကို သုတ်လိမ်းပေးနေလေသည်။


အပြာရောင်သွေးစက်တချို့က သူ့ပါးပြင်မှ နှုတ်ခမ်းဆီသို့ စီးကျသွား၏။ သူ လျှာကိုထုတ်ပြီး အရသာခံကြည့်လိုက်ရာ ချိုမြနေလေသည်။



သိမ်းငှက်က သူ့သခင်၏ ပုခုံးပေါ်နားလိုက်သည်။ သိမ်းငှက်သခင်က ချီလာသည့်စာကို ထုတ်ပေးကာ Ner'zhul ထံ ဆက်သလိုက်၏။ လျင်မြန်စွာ ပုရပိုက်အတိုလေးကို သူ ဖတ်လိုက်သည်။


လွယ်သည်။ အလွန်လွယ်ကူခဲ့သည်။ ဒဏ်ကာ အနည်းအကျဉ်းရကြသော်လည်း ကျဆုံးသူ တစ်ယောက်ပင်မရှိ။ Ore တို့၏ ပထမဆုံး တိုက်ပွဲမှာ အောင်မြင်ခဲ့လေပြီ။ Blackhand ကတော့ Draenei တို့ ခေါင်းများကို ခွဲရသည်မှာ ဘယ်လို လွယ်ကူခဲ့ကြောင်း အမွှမ်းတင်ပြောထား၏။ Rulkan ပြောသလို အကုန်ဖြစ်လာလေပြီ။ အခုဆို Rulkan နှင့် မသာမိတ်ဖွဲ့ထားသော တန်ခိုးရှင် လာဖို့ သေချာသွားချေပြီ။ Ner'zhul ခေါင်းဆောင်သည့် Ore တို့မှာ ထိုက်တန်ကြောင်းကို ဒီအောင်ပွဲဖြင့်သက်သေပြခဲ့ပြီ။ 


Ner'zhul က စာကိုထပ်ဖတ်လိုက်သည်။ Blackhand နှင့် Blackrock အဖွဲ့ကို လွှတ်လိုက်တာ မှန်သွားသည်။ သူတို့က အစွမ်းထက်ပြီး ကြမ်းတမ်းကြသည်။ သို့သော် Warsong နှင့် အခြားအဖွဲ့များကဲ့သို့ မဟုတ်ဘဲ သူတို့အဖွဲ့မှာ ခေါင်းဆောင်းစကားကို အကြွင်းမဲ့ နာခံကြ၏။ 


ထိုညက သူတို့ အောင်ပွဲညစာများ စားသောက်ပျော်ပါးကြပြီး နောက်ဆုံး Ner'zhul နှစ်ခြိုက်စွာ အိပ်ပျော်သွား၏။


ထို့နောက် တန်ခိုးရှင် ရောက်လာပေသည်။


ထိုသူမှာ တောက်ပ လင်းထိန်လွန်းသောကြောင့် ပထမ Ner'zhul မှာ အကြားအမြင်ရသည့် မျက်လုံးများနှင့်ပင် စေ့စေ့မကြည့်နိုင်။ သူ ဝမ်းသာလွန်းသောကြောင့် ဒူးထောက်ကျသွား၏။


"ခင်ဗျားလာတယ်နော်" သူ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာသည်။ "ခင်ဗျား စိတ်ကျေနပ်အောင် လုပ်နိုင်ရင် လာမယ်ဆိုတာ သိနေတယ်"


"သေချာ‌တာပေါ့ Ore တို့ရဲ့ခေါင်းဆောင် Ner'zhul" ထိုအသံက သူ့အရိုးထဲထိ စီးဝင်သွား၍ မျက်လုံးများ မှိတ်လိုက်မိသည်။


"မင်းလူတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်တာ ငါမြင်ပြီးပြီ။ တကွဲတပြားဖြစ်နေတဲ့ အဖွဲ့တွေကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုကြောင့် ပြန်စုပေးခဲ့တာ"


"သခင်ကြီးကြောင့် ဖြစ်လာတဲ့ ရည်ရွယ်ချက်ပါ"  Ner'zhul က ရေရွတ်လိုက်သည်။ ဘာလို့ Rulkan ကို မတွေ့ရတော့တာလဲ လို့ တွေးလိုက်မိသော်လည်း ဒီတန်ခိုးရှင်ကြီးမှာ သူ့ကြင်ဖက်ထက် အစွမ်း အဆမတန် ပိုကြီးကြောင်းသူသိသည်။ သူ့စကားများကိုသာ ပိုမိုတောင့်တမိ၏။


"ခင်ဗျားက ကျွန်တော်တို့ဆီလာပြီး အမှန်တွေပြပေးခဲ့တယ်။ ကျွန်တော်တို့ လုပ်ဖို့လိုတာကို လုပ်ခဲ့တာပါ"


"သေချာတာပေါ့။ ငါလည်း သိပ်ကျေနပ်တယ်။ ငါပြောတဲ့အတိုင်းသာ ဆက်လုပ်ရင် အာဏာတွေ ဂုဏ်အရှိန်အဝါတွေကို မင်းရလိမ့်မယ်"


" ကျိန်းသေပေါက်လုပ်မှာပါ သခင်။ ဒါပေမယ့်... ဒီနိမ့်ကျတဲ့ ကျွန်က တစ်ခုလောက်တော့ တောင်း‌ဆိုချင်ပါတယ်"


Ner'zhul က ထိုသူကို မရဲတရဲ မော့ကြည့်လိုက်၏။ ထိုသူမှာ ကြီးမားကာ တောက်ပနီရဲနေပြီး ရင်အုပ်ကျယ်ကာ ခြေထောက်များကတော့.......talbuk တစ်ကောင်လို ခွာနှင့်ဖြစ်သည်။ ဒါမှမဟုတ်.... Draenei ‌ခြေထောက်လိုမျိူး....။


Ner'zhul က မျက်တောင်ခတ်လိုက်သည်။ သူ တောင်းဆိုပြီးနောက် ခဏမျှ တိတ်ဆိတ်သွားရာ ကြက်သီးထသလိုပင် ခံစားလိုက်ရ၏။ ထို့နောက် ထိုအသံက သူ့စိတ်ထဲတွင်ရော နားထဲတွင်ပါ စကားပြန်ပြောသည်။ အသံကတော့ ပျားရည်လိုပင် ချိုသာပြေပြစ်နေတုန်းပင်။


"တောင်းပါ။ မင်းနဲ့ ထိုက်တန်သလား ငါ ဆုံးဖြတ်မယ်"


ရုတ်တရက် Ner'zhul ပါးစပ်များ ခြောက်ကပ်သွားပြီး စကားမပြောနိုင် ဖြစ်သွားသည်။ အားတင်းလိုက်ကာ သူ ပြောလိုက်၏။ "သခင်ကြီး....သခင်ကြီးကို ကျွန်တော်တို့ ခေါ်လို့ရမယ့် အမည်များရှိမလား.."


ရယ်သံတစ်ချက်က Ner'zhul သွေးကြောထဲတွင် မြည်ဟည်းသွား၏။ "ရိုးရိုး မေးခွန်းပဲ။ ချက်ချင်း ဖြေပေးမယ်။ ငါ့မှာ နာမည် ရှိပါတယ်။ မင်းတို့ ငါ့ကို..... Kil'jaden လို့ ခေါ်နိုင်တယ် "


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl


rate now: