book

Index 29

29

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

29


" အချိန်တွေ ကုန်နေပြီ " Rulkan က ပြောသည်။


" ငါသိပါတယ်... ဒါပေမယ့် ငါတို့လူတွေကို ဘာမှ မပြင်ဆင်ရသေးဘဲ စစ်ပွဲထဲလွှတ်လို့မရဘူးလေ" Ner'zhul က ပြောသည်။ " Draenei တွေက တအား တော်နေတာ"


Rulkan က အင့်ခနဲ တစ်ချက်ညည်းပြီး မရွှင်မပျပြုံး၏။ Ner'zhul က သူ့ကို ကြည့်လိုက်သည်။ သူပဲ စိတ်ထင်နေတာလား ထိုအပြုံးက လုပ်ပြုံးနဲ့ တူနေတာလား။ 


"ငါတို့ မြန်မြန်လေ့ကျင့်နေပါတယ်" Ner'zhul က မြန်မြန်ထပ်‌ပြောသည်။ သူ့ကြင်ဖော်ဖြစ်ခဲ့ဖူးသူကို စိတ်မပျက်စေလို။


Rulkan က ငြိမ်နေသည်။ 


"မင်းတို့် ကူညီလည်းရတယ်လေ" သူကပြောသည်။ သူ ဗလုံးဗထွေးဖြစ်နေ‌ကြောင်းသူသိသည်။ "မင်းတို့ပဲ သိတဲ့ တစ်ခုခု-"


Rulkan က မျက်မှောင်ကြုတ်ကာ ခေါင်းကို ဆတ်ခနဲ ခါသည်။ "ကျွန်မသိသလောက် အကုန်‌ပြောပြပြီးပြီ ဒါပေမယ့် တခြား.... သက်ရှိတွေရှိတယ်...... ရှင်တို့ မသိတဲ့ တခြားအစွမ်းနဲ့ လူတွေ.."


Ner'zhul က လန့်သွားသည်။ "မှော်အစွမ်းတွေ ရှိတယ်... ဘိုးဘေးနတ်တွေလည်း ရှိတယ်...... ဒါအြပင် တခြားဘာတွေ ရှိသေးလို့လဲ"


Rulkan က ပြုံးသည်။ "အသက်ရှူပါဦး သူတို့နဲ့ တွေ့ဖို့ ရှင်တို့ အဆင်သင့်မဖြစ်သေးဘူး။ သူတို့က ကျွန်မတို့ကို ကူညီပေးနေတဲ့သူတွေပဲ အဲ့ဒါ‌ကြောင့်လည်း ကျွန်မတို့က ရှင်တို့ကို ပြန်ကူ‌နိုင်တာ"


"မဟုတ်ဘူး" သူ တောင်းပန်လိုက်သည်။ "ကျေးဇူးပြုပြီး... ငါတို့ နောင်မျိုးဆက်တွေကို Draenei တွေရန်က ကာကွယ်ဖို့ဆိုရင် အကူအညီလိုတယ်" 


ယခု ore တွေ အကုန်လုံးက သူ့စကား နားထောင်နေကြရသည်ကို သူပျော်နေကြောင်း မ‌ပြောလိုက်ပါ။ Rulkan ဟိုတစ်ခေါက်‌ပြောခဲ့သည့် စွမ်းအားများကို သူ တပ်မက်နေ‌ကြောင်းမပြောလိုက်ပါ။ 


Rulkan က သူ့ကို ကြည့်သည်။ "ရှင်ပြောတာ မှန်လောက်တယ်။ သူတို့ ရှင်နဲ့စကားပြောချင်မလား ‌မေးပေးမယ်။ ကျွန်မ တအားယုံရတဲ့သူတစ်ယောက် ရှိတယ်။ ကျွန်မတို့အတွက် တကယ်စိတ်ပူပေးတတ်တဲ့သူပေါ့။ သူ့ကိုမေးကြည့်ပေးမယ်"


Rulkan စကားကိုကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူမျက်လုံးပြန်ဖွင့်လိုက်သော် အပြုံးတစ်ခုက သူ့နှုတ်ခမ်းတွင်ရောက်နေ၏။ 


မကြာခင် သူ ဒီ ထူးဆန်းသည့် နတ်နှင့် တွေ့ရတော့မည်။ ဒီ တန်ခိုးရှင်နှင့် သိပ်မကြာခင် တွေ့ရမည်။


Gul'dan တစ်ယောက် သူ့ဆရာအတွက် ငါးနှင့်သစ်သီးများယူလာရင်း ပြုံးလိုက်သည်။ 


"အမြင်ထပ်ရတာလား ဆရာ" စားစရာနှင့် ဆေးလက်ဖက်ရည်ကို ဆက်သလိုက်ရင်း ဦးညွတ်လိုက်၏။ 


Rulkan အကြံပေးချက်အရ Ner'zhul လည်း ဆေးရည်အပြင်းတစ်မျိုး စတင်သောက်သုံးနေသည်။ ထိုဆေးရည်‌ကြောင့် သူ့အကြားအမြင်အာရုံပိုကောင်းလာမည်ဟု Rulkan က အာမခံထားသည်။ အစကတော့ ဆေးရည်ကို မကြိုက်သော်လည်း အဆင်‌ပြေနေလေပြီ။ ယခုတော့ ထိုဆေးရည်ကို မနက်စောစောတွင် တစ်ကြိမ်နှင့် တစ်နေ့လုံးတွင် သုံးကြိမ်ထပ်သောက်ရသည်ကို သူ နှစ်ခြိုက်နေပြီ။ သူက ခွက်ကိုယူကာ မော့သောက်လိုက်ရင်း Gul'dan အမေးကို ဖြေသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။


"အင်း....ပြီးတော့ ငါ အရေးကြီးတာတစ်ခုကို သိခဲ့ရတယ်။ ore တို့ ရှိကတည်းက ဘိုးဘေးနတ်တွေ ရှိခဲ့တယ်။ နတ်ဆရာတွေက ဓာတ်ကြီးလေးပါးရယ် ဘိုးဘေးတွေရယ်နဲ့ အလုပ်လုပ်ကြတယ်"


Gul'dan မျက်နှာက စိတ်ရှုပ်သလိုဖြစ်သွားသည်။ "ဟုတ်ကဲ့ မှန်ပါတယ်.."


Ner'zhul က သူ့နှုတ်ခမ်းတွင်ပေါ်လာသည့် အပြုံးကို မထိန်းချုပ်နိုင်။ 


"အဲ့ဒါက မှန်ပါတယ် ဒါပေမယ့် အဲ့ထက်ပိုတာတွေ ရှိသေးတယ်။ ဘိုးဘေးတွေပဲမြင်နိုင်ပြီး ငါတို့မမြင်နိုင်တာမျိုးပေါ့။ Rulkan က သူသိတယ်တဲ့။ အဲ့ဒီ့သူတွေက ဘိုးဘေးတွေထက်တောင် စွမ်းပြီး သူတို့က ငါတို့ကို ကူညီဖို့လာမှာ။ ငါတို့ကို ကူညီဖို့ရွေးထားတဲ့ သူတစ်ယောက်ရှိတယ်လို့ Rulkan ပြောတယ်။ မကြာခင် သူ ငါ့ဆီ....လာတော့မယ်"


Gul'dan မျက်လုံးများတောက်ပသွားသည်။ " ကျွန်တော်...ရော သူ့ကိုမြင်ရမှာလား ဆရာ"


Ner'zhul က ပြုံးလိုက်သည်။ "မင်းက တော်ပါတယ်။ မဟုတ်ရင် မင်းကို ငါ့လက်ထောက်အနေနဲ့ ရွေးခဲ့မှာ မဟုတ်ဘူး။ အင်း..ငါထင်ပါတယ်။ ငါနဲ့ တွေ့ပြီးတဲ့အခါ.. မင်းကိုလည်း ထိုက်တန်တယ်လို့ ယူဆရင်ပေါ့"


Gul'dan က ခေါင်းညိတ်လိုက်သည်။ "ဟုတ်မှာပါ။ ဒီတာဝန်ကို ထမ်းကတာ ကျွန်တော် ဂုဏ်ယူပါတယ်။ ဒီအချိန်က ore တွေအတွက် ဂုဏ်ရှိတဲ့အချိန်ပဲ။ ဒါကို မြင်တွေ့ရတာ ကျွန်တော်တို့ သိပ်ကံကောင်းတယ်"


Blackhand ဦးဆောင်သည့် Blackrock အဖွဲ့က ပထမဆုံးတိုက်ခိုက်ဖို့ ခွင့်တောင်းပြီးဖြစ်သည်။ သိပ်သဘောမကျသူများ ရှိသော်လည်း Blackrock အဖွဲ့၏ အမဲလိုက်စွမ်းရည်မှာ အလွန်ကောင်းပြီး သူတို့နေသည့်နေရာမှာလည်း Telmor နှင့် အနီးဆုံးဖြစ်၏။ Draenei တို့အား တိုက်ခိုက်ရမည့် လက်နက်များ သံချပ်ကာများအား သူတို့ကို ဦးစွားပေးကြ၏။


Orgrim မှာ စစ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ခေါင်းဆောင်ဘေးတွင် နေကာယူထားသည်။ သူစီးထားသည့် ဝံပုလွေကလည်း လေးလံသည့် သံချပ်ကာကြီးကို မနှစ်သက်ဟန်ဖြင့် Orgrim ‌ခြေထောက်ကို လှမ်းလှမ်းဟပ်နေသည်။ သူ့ကြည့်ရသည်မှာ ပုံမှန်ထက် မောပန်းနေဟန်ရှိပြီး လျှာများထွက်ကာ ဟောဟဲလိုက်နေ၏။ 


Orgrim တီးတိုးရေရွတ်မိသည်။ ရည်ရွယ်ချက်မှာ ရှင်းပါသည်။ စစ်ပွဲသို့သွားကာ ဒီရန်သူ အသစ်ကို တိုက်ခိုက်ရန် ။ ထိုဆုံးဖြတ်ချက်ကို ချခဲ့တုန်းက Orgrim အပါအဝင်အားလုံး ဝိုင်းဝန်းဩဘာပေးခဲ့ကြသည်။ သို့သော် ထိုအတွက်ပြင်ဆင်ခြင်းမှာ မည်မျှ ခက်ခဲသည်ကို မတွေးခဲ့ကြ။ စစ်ဝတ်တန်ဆာများကို သယ်စေလိုလျှင် ဒီ့ထက်ပိုကြီးသည့် ဝံပုလွေများကို မွေးရမည်။ ore တို့မှာ နဂိုတည်းက ကြီးမားလေးလံသူများဖြစ်ကြ၏။


လက်နက်များမှာ စမ်းသပ်ပြီးဖြစ်သည်။ ဘီလူးများကို ခဏခဏ တိုက်ခိုက်ခဲ့ကြပြီးပြီ။ ဘီလူးတို့မှာ ဉာဏ်တုံး၍ နှေးကွေးလေးလံကာ Draenei တို့မှာ အကင်းပါး၍ လျင်မြန်ဖျတ်လတ်ကြသည်ကို တွက်ချက်ကြသည်။ သူတို့ လူအနည်းငယ်လည်း ဆုံးရှုံးခဲ့ကြသည်။ ထိုသူများကို ထင်းမီးပုံများဖြင့် ဂုဏ်ပြုသဂြိုဟ်ခဲ့ကြသည်။ လက်နက်အသစ်များမှာ ထူးဆန်း၍ သံချပ်ကာများ‌ကြောင့် နှေးကွေးသလို ဖြစ်ကြသော်လည်း တိုက်ခိုက်ပုံများမှာ တိုးတက်လာကြသည်။ နောက်ဆုံး တစ်ခေါက်ကတော့ ဘီလူးများသာမကဘဲ သူတို့ သခင်တစ်ယောက်ဖြစ်သည့် ရက်စက်ကြမ်းကြုတ်သော Gronn တစ်ကောင်နှင့်ပါ တွေ့ခဲ့ကာ ပိုမို အားကောင်းသည့် ရန်သူတစ်ယောက်ရရှိခဲ့သည်။ Orgrim တူကို လွှဲယမ်းကာ အော်ဟစ်နေသော Gronn ကို အဆုံးမသတ်နိုင်ခင် ore နှစ်ယောက် ကျဆုံးခဲ့၏။ 


Blackhand က သူ့ဘေးတွင် မောပန်းစွာ ရပ်နေပြီး မျက်နှာတွင် သူ့သွေးများရော သူတို့သတ်လိုက်သည့် အကောင်၏ သွေးများပါ စင်နေသည်။ သူက မျက်နှာကို သံချပ်ကာဝတ်ထားသည့် လက်နှင့် သုတ်ကာ သွေးကိုလျက်လိုက်သည်။ 


"ဘီလူးနှစ်ကောင်နဲ့ သခင်တစ်ယောက်။ ဟို သနားစရာ Draenei လေးတွေ ငါတို့ကို မယှဉ်နိုင်ပါဘူး,"


Orgrim သဘောတူလိုက်သည်။ သူ့သွေးများ ဆူပွက်နေ၏။ Ner'zhul နှင့် နတ်ဆရာများကို သူယုံသည်။ ပြီးတော့ Durotan နှင့်လည်း စကား‌‌ပြောခဲ့သည်။ သူတို့ကို ကယ်တင်ခဲ့သည့်နေ့က ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြသော်လည်း ထို အပြာကောင်များသည် တစ်ခုခုထူးဆန်းနေကြောင်း သူတို့ သဘောတူညီခဲ့သည်။ ဘိုးဘေးနတ်များမှာ တစ်ခါမှ မမှားယွင်းခဲ့ဖူးပေ။ 


သို့သော် တိုက်ခိုက်မည့် နေရာသို့ သွားနေရင်း Orgrim ဒွိဟ ဖြစ်လာသည်။ Draenei တို့က ထူးဆန်းနေတော့ရော ဘာဖြစ်လဲ? Ore တို့လည်း ဒီစ‌ရောက်စဉ်က သူတို့အတွက် ထူးဆန်းနေခဲ့မည်ဖြစ်သည်။ ထိုသို့ ကွဲပြားမှုကြောင့် သေပေးရမည်ဆိုတာ တန်ရဲ့လား။ Draenei တို့က ore တို့ကို ဘယ်နှခါများ တိုက်ခိုက်ခဲ့ဖူးပါသနည်း? စော်ကားမော်ကား ပြောတာမျိုးတောင် မရှိဖူးပေ။ အခုတော့ စစ်ဝတ်တန်ဆာ အပြည့်ဝတ်ထားသည့် ore စစ်သည် ဆယ့်ရှစ်ယောက်တို့က လူမျိုးစုစားဖို့အတွက် အစာရှာတာ အပြင်ဘာမှ မလုပ်ထားဖူးသည့် အပြာကောင်များကို သတ်ဖြတ်ပစ်ရန် ချီတက်နေကြပြီ။ မမျှော်လင့်ဘဲ မလိုချင်ဘဲ သူတို့ကို ရှက်သွေးဖြာကာ ပြုံးပြသွားသည့် Draenei မလေးကို ပြန်မြင်ယောင်သွားသည်။ ဒီလို နေသာတဲ့နေ့မျိုးမှာ သေရမယ့်သူက အဲ့ကောင်မလေးရဲ့ မိဘတွေ ဆိုရင်ရော?


"အတွေးလွန်နေပုံပဲ Orgrim မင်း ဘာတွေ တွေးနေတာလဲ"


"မိဘမဲ့တစ်ယောက်ရဲ့ မျက်နှာ" Orgrim တွေးလိုက်သော်လည်း မ‌ပြောလိုက်ပေ။ 


"Draenei တို့ သွေးဘာအရောင်လဲ တွေးနေတာ" 


Blackhand က ခေါင်းမော့ကာ တဟားဟား အော်ရယ်သည်။ 


"မင်းတစ်မျက်နှာလုံး အဲ့သွေးနဲ့ ဖုံးနေအောင် လုပ်ပေးမယ်" Blackhand က တခစ်ခစ်ရယ်ကာ ‌‌ပြော၏။


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl



rate now: