28
လူ့စိတ်သည် အကြောက်တရားမှနေ၍ အမုန်းတရားသို့ ကူးပြောင်းရသည်မှာ မည်မျှလွယ်ကူပါသနည်း။ အလိုအလျောက် သဘာဝအတိုင်း ခုခံကာကွယ်သည့် တုံ့ပြန်မှုပင်ဖြစ်ပါသည်။ ကျွန်တော်တို့အား စည်းလုံးစေသည့် အရာများကို အလေးပေးရမည့်အစား ကွဲပြားစေသည့် အရာများကိုသာ ဂရုစိုက်ခဲ့ကြသည်။ ငါ့အသားက အစိမ်းရောင်၊ နင့်အသားက ပန်းရောင်။ ငါ့မှာက အစွယ်တွေရှိတယ်၊ နင့်မှာက နားရွက်အရှည်ကြီးတွေရှိတယ်။ ငါ့ကိုယ်မှာ ဘာမှ မရှိဘူး၊ နင့်ကိုယ်မှာတော့ အမွေးတွေရှိတယ်။ ငါက အသက်ရှူတယ်၊ နင်က ဘာမှမရှူဘူး။ ကျွန်တော်တို့သာ ထိုသို့မခွဲခြားခဲ့လျှင် Burning Legion ကို အနိုင်တိုက်နိုင်ခဲ့မည်ဖြစ်သည်။ Jainia Proudmoore နှင့် မဟာမိတ်ဖွဲ့ဖို့လည်း ဆုတောင်းနေစရာမလို၊ Elves တို့နှင့် အတူတူတိုက်ခိုက်ဖို့လည်း လိုမည်မဟုတ်ပေ။ ကျွန်တော့လူမျိုးများသည်လည်း tauren တို့ forsaken တို့နှင့် မိတ်ဆွေဖြစ်ဖို့ ရှင်သန်ခဲ့ကြမည် မဟုတ်ပေ။
Draenei တို့နှင့်လည်း တူတူပင်။ ကျွန်တော်တို့ အသားမှာ ကြေးညိုရောင်ဖြစ်ခဲ့ပြီး သူတို့က အပြာရောင် ဖြစ်ခဲ့သည်။ ကျွန်တော်တို့မှာ ခြေထောက်များရှိခဲ့ပြီး သူတို့မှာတော့ ခွာများနှင့် အမြီးများရှိခဲ့၏။ ကျွန်တော်တို့က အကာအရံမဲ့ လွင်ပြင်ကျယ်တွင် နေထိုင်ပြီး သူတို့ကတော့ အဆောက်အအုံထဲတွင် နေထိုင်ကြသည်။ ကျွန်တော်တို့သက်တမ်းမှာ တိုတောင်းပြီး သူတို့သက်တမ်းကတော့ ဘယ်သူမှမသိနိုင်လောက််အောင် ရှည်လျား၏။
သူတို့ဘက်က ကျွန်တော်တို့ကို ယဥ်ကျေးမှုနှင့် ပွင့်လင်းဖော်ရွေခြင်းကိုသာ ပေးခဲ့သည်။ ကျွန်တော်တို့နှင့် ကုန်သွယ်ခဲ့သည်။ သင်ကြားပေးခဲ့သည်။ တောင်းဆိုသမျှကို မျှဝေပေးခဲ့သည်။ ၎င်းတို့မှာ အခုတော့ ဆက်စပ်မှုမရှိတော့ချေ။ ကျွန်တော်တို့သည် ဘိုးဘေးတို့ထံမှ ပြောစကားကိုကြားခဲ့ရပြီး ကျွန်တော်တို့မျက်လုံးနှင့်ကိုယ်တိုင် သူတို့ဘယ်လောက် ခြားနားသည်ကို မြင်ခဲ့ရပြီ။
ကျွန်တော် နေ့စဥ်ဆုတောင်းသည့် ဆုတောင်းစကားမှာ ကျွန်တော်တို့ လူမျိုးများကို သင်ကြားပသပေးနိုင်မည့် အသိပညာရရှိဖို့ပင်ဖြစ်သည်။ ထို ဆုတောင်းစကားတွင် တိုးလျှိုးတောင်းပန်ထားသည်မှာ အရေးမပါသော အသေးအဖွဲ ခြားနားချက်လေးများကြောင့် ဘာမှ မမြင်နိုင်တော့တဲ့အထိ မဖြစ်သွားစေရန်ပင်ဖြစ်သည်။
x
လေ့ကျင့်မှု စတင်ခဲ့လေပြီ။ အဖွဲ့တိုင်းလိုလိုတွင် ကလေးငယ်လေးများ ၆နှစ်ပြည့်သည်နှင့် လေ့ကျင့်မှုစတင်ရသည်မှာ ဓလေ့ဖြစ်သည်။ သို့သော် ယခင်က လေ့ကျင့်မှုများမှာ အသည်းအသန်မဟုတ်ဘဲ အေးအေးဆေးဆေး သက်သက်သာသာ ကျင့်ရခြင်းဖြစ်သည်။ ယခင်က လက်နက်များမှာ တိရိစ္ဆာန်များကို အမဲလိုက်ရန်သာဖြစ်သည်။ ကိုယ်ပိုင် လက်နက်တွေ အရည်အချင်းတွေနဲ့ နည်းပညာအားသာချက်များရှိသော အသိဉာဏ်ရှိသတ္တဝါများကို တိုက်ခိုက်ရန် မဟုတ်ခဲ့ပေ။ ထို့ပြင် သားကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် မုဆိုးကောင်းများစွာရှိခဲ့သည်။ ကလေးများသည် ကိုယ်လိုက်နိုင်သလောက်သာ လေ့ကျင့်သင်ကြားခဲ့ကြပြီး ကလေးသဘာဝ ဆော့ကစားချိန်များစွာ ရှိခဲ့လေ၏။
သိပ်မကြာတော့ပါ။
Ore တို့များအကြား စည်းလုံးညီညွတ်ရန် တောင်းဆိုချက်ကို ပြန်လည်တုံ့ပြန်ခဲ့လေပြီ။ ဆက်သားများမှာ အဖွဲ့များကြား သတင်းများကို အပြန်အလှန် ပေးပို့ရသောကြောင့် သူတို့ စီးနင်းရသည့် သားရဲများမှာ ချိနဲ့လာ၏။ ထိုစဥ် ဉာဏ်ကောင်းသူတစ်ယောက်က သိမ်းငှက်များကို စာပို့ရာတွင်သုံးဖို့ လေ့ကျင့်ပေးရန် အကြံပေးလာသည်။ လေ့ကျင့်မှုမှာ အချိန်အနည်းငယ်ယူရပြီး ညတွင်းချင်းဖြစ်သည့် ကိစ္စမဟုတ်သော်လည်း တဖြေးဖြေး Drek'Thar နှင့် အခြားသူများတို့၏ တဲအတွင်းသို့ ဝင်ချည် ထွက်ချည်ဖြစ်နေသည့် နီရဲသော ငှက်များကို Durotan မြင်ရသည်မှာ ကျင့်သားရလာ၏။ စစ်ပွဲတွင် အနိုင်ရလိုလျှင် အသက်ရှိသည့် သတ္တဝါတိုင်းကို အသုံးပြုရမည်ဟူသော အကြံဉာဏ်ကို Durotan လက်ခံခဲ့သည်။
လှံများ၊ မြားများ၊ ပုဆိန်များနှင့် အခြားလက်နက်များမှာ တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ရာတွင် အသုံးဝင်သော်လည်း Draenei တို့နှင့် တိုက်ခိုက်မည်ဆိုလျှင်တော့ အခြားလက်နက်များ တီထွင်ဖို့ လိုအပ်ပေလိမ့်မည်။ အကာအကွယ်များမှာ မရှိမဖြစ်လိုအပ်မည်ဖြစ်ပြီး ယခင်က ပန်းပဲသမား သားရေချုပ်သမားတို့မှာ တိရစ္ဆာန်တို့၏ သွားနှင့် အစွယ်များတိုက်ခိုက်ခြင်းများကို ကာကွယ်ပေးမည့် သံချပ်ကာများကို ပြုလုပ်ခဲ့ရာမှ ယခုတွင် ဓားနဲ့ ခုတ်လိုက်လျှင် ဝတ်ဆင်သူကိုကာကွယ်ပေးနိုင်မည့် သံချပ်ကာများကို ပြုလုပ်လာကြရသည်။ ယခင်က ပန်းပဲအတတ်ပညာကို နားလည်လိုလားလိုသူမှာ အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုမူ ပန်းပဲဆရာများသည် တစ်ခါသင်လျှင် ဒါဇင်နှင့်ချီသော တပည့်များကို သင်နေရ၏။ ပန်းပဲဖိုများမှာ နေ့ရောညပါ တူထုသံများ၊ မီးထဲမှ ထုတ်လာသည့် ပူနေသော သတ္တုအရည်ကို ရေထဲချလိုက်သည့်အခါ ထွက်လာသည့် ရှူးခနဲ အသံများနှင့် ဆူညံနေ၏။ ပေါက်ချွန်းများကို ဝှေ့ယမ်းရင်း လက်နက်နှင့် သံချပ်ကာများ ပြုလုပ်ရန် လိုအပ်သည့် ဓာတ်သတ္တုများကို မြေကြီးထဲမှ တူးထုတ်ကြသည်မှာ နေ့ရက်ပေါင်းများစွာပင်ဖြစ်သည်။ ယခင်က လိုအပ်သည့်အချိန်ရောက်လာမှသာ အမဲလိုက်ကြသော်လည်း ယခုမူ နေ့စဥ်ပြုရသည့် တာဝန်တစ်ခုဖြစ်လာသည်။ အသားများကို တာရှည်ခံအောင် နေလှန်း အခြောက်ခံဖို့လိုပြီး စစ်ဝတ်တန်ဆာ ချုပ်ရန်အတွက် သားရေလိုအပ်သောကြောင့်ဖြစ်သည်။
လေ့ကျင့်ရန် တန်းစီနေကြသည့် ကလေးများမှာ ငယ်လွန်းလှသည်ဟု Durotan ထင်သည်။ သူသည်လည်း နည်းပြများထဲမှ တစ်ယောက်ပင်ဖြစ်၏။ သူငယ်စဥ်က သူ့ဖခင် သူ့ကို ပုဆိန်နှင့် လှံတို့အကြောင်း သင်ပေးခဲ့ပုံကို ပြန်တွေးမိသည်။ ဒီ တောက်ပြောင်နေတဲ့ သံချပ်ကာ အောက်က ကလေးတွေကို မြင်သူ သူဘယ်လိုနေမလဲ? အရင်က Ore တို့ တစ်ခါမှ မကိုင်ဖူးတဲ့ လက်နက်တွေကို ကိုင်ထားကြရတဲ့ ကလေးလေးတွေ။
စစ်ပွဲအတွက် လေ့ကျင့်နေစဥ်တွင် အချိန်ရော သယံဇာတကိုပါ မဖြုန်းတီးလိုသဖြင့် မြန်ဆန်တိတ်ဆိတ်သည့် လက်ထပ်ပွဲကိုသာ ပြုလုပ်ခဲ့သော သူ့ကြင်ဖော် Draka က သူ့ကျောကို ညင်သာစွာ ကိုင်လိုက်သည်။ အမြဲတမ်းလိုလိုပင် သူဘာတွေးနေလဲ Draka က သိနေ၏။
"ငါတို့ ငြိမ်းချမ်းတဲ့အချိန်မှာ မွေးဖွားလာခဲ့ရင် ပိုကောင်းမှာ" Draka က သဘောတူသည်။
" သွေးတအားဆာနေတဲ့ သူတွေတောင် ဒါ အမှန်တရားဆိုတာ သိကြပါတယ်။ ဒါပေမယ့်လည်း ငါတို့ ဒီနေရာကို ရောက်နေပြီးပြီလေ။ ပြီးတော့ နင် ဒါကို လုံးဝ အရှုံးပေးမှာမဟုတ်မှန်းလည်း ငါသိနေပါတယ် ငါ့အချစ်ရေ"
Durotan က သူ့ကို ဝမ်းနည်းစွာ ပြုံးပြလိုက်သည်။ " ဟင့်အင်း အရှုံးမပေးပါဘူး။ ငါတို့က စစ်သည်တွေပဲ။ ငါတို့ အမဲလိုက်ခြင်းတွေ စိန်ခေါ်ခြင်းတွေနဲ့ စစ်အောင် ကြွေးကြော်သံတွေ သွေးတွေကြားမှာ ရှင်သန်ကြတယ်။ ကလေးတွေက ငယ်ပါသေးတယ် ဒါပေမယ့် အားမနွဲ့ကြဘူး။ သူတို့ သင်ယူနိုင်မှာပါ။ သူတို့က Frostwolf တွေပဲ" သူ ခဏရပ်လိုက်သည်
ထို့နောက် ရဲရင့်စွာ ထပ်ပြောလိုက်သည်။ "သူတို့က ore တွေပဲ"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl