27
အခြား Frostwolf နတ်ဆရာတစ်ယောက်ကလည်း ခေါင်းညိတ်သည်။ Durotan က သူတို့ကို စိုက်ကြည့်သည်။ မိခင်ကြီး Kashur တဲ့လား? တကယ်လို့ ကမ္ဘာပေါ်တွင် သူယုံရသည့်သူ တစ်ယောက်သာရှိမည်ဆိုလျှင် ထိုမိခင်အိုကြီးပင်ဖြစ်သည်။ သူ့အတွေးများက လှိုဏ်ဂူထဲရှိနေ့ရက်ကို ပြန်ရောက်သွား၏။ သူ့မျက်နှာပေါ်တွင် ခံစားခဲ့ရသည့် လေအေးမဟုတ်သည့် လေ။ သူကိုယ်တိုင် မမြင်ရသော်လည်း ရှိနေသည်မှာ သေချာသည့် တစ်စုံတစ်ယောက်နှင့် မိခင်ကြီး စကားပြောနေခဲ့သည့်ကို မြင်ခဲ့ ကြားခဲ့သည့်နေ့။
" Draenei တွေက ငါတို့ ရန်သူလို့ မိခင်ကြီး Kashur က ပြောခဲ့တာ?" သူ့နားကိုယ်သူ မယုံနိုင်လှသဖြင့် Durotan ပြန်မေးလိုက်သည်။
Drek''Thar က ခေါင်းညိတ်သည်။
" အခုက အဖွဲ့ခေါင်းဆောင်တိုင်း ကိုယ့်နတ်ဆရာ ပြောတဲ့စကားကို ကိုယ် နားထောင်ပေးရမယ့် အချိန်ပဲ၊ အခု Durotan နားထောင်နေသလိုပေါ့" Ner'zhul က ပြောသည်။
"ငါတို့ ညနေစောင်း ပြန်တွေ့ကြမယ်။ အဖွဲ့ခေါင်းဆောင်တွေက မင်းတို့အတွေးတွေ ငါ့ကိုပြန်ပြောကြ။ ဒီလူတွေက မင်းတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ယုံကြည်ရတဲ့သူတွေပဲ။ သူတို့ ဘာတွေ မြင်ခဲ့လဲဆိုတာ မေးကြည့်ကြ"
လူအုပ်ကြီးမှာ တဖြေးဖြေး လူစုကွဲသွားကြသည်။ တစ်ယောက်ကို တစ်ယောက် သတိဖြင့် ကြည့်နေကြရင်းမှ Frostwolf အဖွဲ့လည်း စခန်းသို့ ခပ်ဖြေးဖြေး လျှောက်သွားကြ၏။ သူတို့အားလုံး တစ်စုထဲ စက်ဝိုင်းပုံ ဝိုင်းထိုင်လိုက်ကြရင်း စကားကို သတိထားပြီး ဖြေးညှင်းစွာ စတင်ပြောဆိုနေသည့် Drek'Thar ထံတွင် အာရုံစိုက်နေကြသည်။
"Draenei တွေဟာ ကျွန်တော်တို့ မိတ်ဆွေမဟုတ်ဘူး" သူက ပြောသည်။ " အဖွဲ့ခေါင်းဆောင်.. ခင်ဗျားနဲ့ Doomhammer Blackrock တို့ နှစ်ယောက် သူတို့ဆီမှာ တစ်ညအိပ်ခဲ့ဖူးတာ သိပါတယ်။ ခင်ဗျား သူတို့ကိုအကောင်းမြင်မှန်းလည်း သိပါတယ်။ ခင်ဗျားအတွက်တော့ သူတို့က အသက်ကယ်ပေးခဲ့တဲ့သူလို့ ထင်နေတာလည်း သိပါတယ်။ ဒါပေမယ့် တစ်ခုလောက်မေးပါရစေ... တစ်ခုခုတော့ လွဲနေပြီလို့ တစ်ခါမှ မထင်ဖူးဘူးလား?"
Durotan က သူတို့နောက်ကို ပြေးလိုက်နေသော ဘီလူးအကြောင်း ပြန်စဥ်းစားလိုက်သည်။ ဒေါသတကြီး အော်ဟစ်လျက် တင်းပုတ်ကြီးကို လွှဲယမ်းနေသည်။ ထို့နောက် သူနှင့် Orgrim ကို ကယ်ရန် အလွန့်အလွန် လျင်မြန်စွာ ပေါ်ထွက်လာသည့် Deaenei တို့အကြောင်းကို စိတ်မသက်သာစွာဖြင့် တွေးမိသည်။ အချိန်ကလည်း တိုက်ဆိုင်လွန်းစွာ ညနေစောင်းသွားခဲ့၍ သူတို့ အိမ်မပြန်နိုင် ဖြစ်ခဲ့ရပုံကို တွေးမိလေ၏။
သူ မျက်မှောင်ကြုတ်မိသည်။ အလွန် မညှာမတာ ရက်စက်သည့် အတွေးပါပေ။ သို့သော်....
"ခင်ဗျား မျက်မှောင်ကြုတ်လိုက်တယ်နော် အဖွဲ့ခေါင်းဆောင်။ ခင်ဗျား ငယ်ငယ်တုန်းက သူတို့အပေါ်ထားခဲ့တဲ့ ယုံကြည်မှု နည်းနည်းလျော့သွားပြီလို့ ယူဆလို့ရမလား?"
Durotan က မဖြေပါ။ နတ်ဆရာချုပ် Drek'Thar ကိုလည်း မကြည့်ပါ။ သူ မြေကြီးကိုသာ ငုံ့ကြည့်နေသည်။ ထိုသို့အတွေးမျိုးကို သူ လုံးဝ မတွေးချင်။ သို့သော် အေးစက်နေသော မနက်ခင်း၏ အငွေ့အသက်များလို တဖြေးဖြေးကြီးထွားလာသည့် သံသယများကို မရပ်တန့်နိုင်။
သူ့အတွေးထဲတွင် အရပ်ရှည်၍ အပြာရောင်ရှိသည့် Draenei Restalaan ကို ပြောခဲ့သည့်စကားကို ပြန်စဥ်းစားနေ၏။ "ကျွန်တော်အရင်တုန်းက ခုလို မတိုးတက်သေးဘူး"
"ဟုတ်တယ် မတိုးတက်ခဲ့ဘူး" Restalaan က ပြောခဲ့သည်။ "ငါတို့ Ores တွေ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာတာကို စောင့်ကြည့်နေခဲ့တာ။ မင်းတို့ တိုးတက်လာတာ အထင်ကြီးလောက်စရာပါပဲ"
စူးရှသည့် အောင့်သက်သက်ခံစားမှုကို သူ ထပ်မံခံစားလိုက်ရသည်။ ထို ချီးမွမ်းစကားက တမင်ပြောသည့် စော်ကားမှုလိုလို။ Draenei တို့က သူတို့ကိုယ်သူတို့ အတော်ဆုံးလို့ တွေးနေသလိုလို။ ထူးဆန်းသည့် ပုံမှန်မဟုတ်သော အပြာရောင်အသားအရေ၊ talbuk ကောင်တွေ ခြေထောက်လိုမျိုး ခြေထောက်ပုံနှင့် မြွေလိုအမြီးရှည်ကြီးများသာမက ore တို့လို ပုံမှန် ခြေထောက်မဟုတ်ဘဲ ပြောင်လက်နေသည့် ခွာများတပ်-
"ပြောပါ အဖွဲ့ခေါင်းဆောင် ဘာတွေ တွေးမိလဲ"
Durotan က ကြမ်းတမ်းလေးလံသောအသံဖြင့် Draenei တို့ တိုက်ဆိုင်လွန်းစွာ ကယ်ဖို့ရောက်လာပုံနှင့် Restalaan ၏ ရိုင်းပျလုနီးပါး စကားများကို ပြန်ပြောပြလိုက်သည်။
"ပြီးတော့...ပြီးတော့ သူတို့ရဲ့ ရှေ့ဖြစ်ဟော Velen..က ငါတို့အကြောင်းတွေ အများကြီးမေးတယ်။ အလဟဿ စကားပြောတာမဟုတ်ဘဲ ငါတို့အကြောင်းကို တကယ်ကြီး သိချင်သလိုမျိုးမေးတာ"
"သိချင်ရမှာပေါ့" Drek'Thar ကပြောသည်။ "ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ! သူတို့ ဒီရောက်လာတည်းက ကျွန်တော်တို့ကို လုပ်ကြံဖို့ စီစဥ်နေကြတာ။ ပြီးတော့ ဒီလို... စကားပြောရိုင်းသွားရင် ခွင့်လွှတ်ပါ Durotan...ဒီလို ရိုးအတဲ့ကလေးနှစ်ယောက်ကို ခေါ်ပြီး သူတို့ သိချင်တာတွေ အကုန်မေးတယ်? ဒါ ကြိုတင်ကြံစည်ထားခဲ့တာပဲ ဖြစ်ရမယ်"
ဘိုးဘေးတွေက သူတို့ကို ညာမည် မဟုတ်ပါ အထူးသဖြင့် ဒီလောက်အရေးကြီးတဲ့ ကိစ္စကိုပေါ့။ Durotan ဒါကို သိသည်။ ဟိုမှာ နေခဲ့တဲ့နေ့အကြောင်း ပြန်တွေးကြည့်လိုက်လျှင် Velen တစ်ယောက် ဘယ်လောက် မသင်္ကာစရာကောင်းလဲဆိုတာ သိသာနေ၏။ ဒါပေမယ့်..... Durotan ရော Velen ရော နှစ်ယောက်လုံး အမှန်လို့ ယုံခဲ့တာတွေ အကုန်လုံးက အလိမ်အညာဖြစ်နေရအောင် Velen က အဲ့ဒီ့လောက် အလိမ်တော်တယ်ပေါ့?
Durotan က ခေါင်းကို ငိုက်စိုက်ချလိုက်သည်။
" ငါ မယုံနိုင်သေးတာတွေတော့ ရှိသေးတယ် မိတ်ဆွေတို့.." သူ တိုးတိတ်စွာ ပြောလိုက်သည်။ "ဒါပေမယ့် ငါ့စိတ်ထဲက သံသယသေးသေးလေးကို ငါတို့ လူမျိုးစုတစ်ခုလုံးရဲ့ အနာဂတ်နဲ့ လောင်းကြေးထပ်မှာ မဟုတ်ပါဘူး။ Ner'zhul ကလည်း မနက်ဖြန် ချက်ချင်းတိုက်လို့ ခိုင်းတာမှ မဟုတ်ပဲ။ ငါတို့ကို လေ့ကျင့် ပြင်ဆင် စောင့်ကြည့်ပြီး လူမျိုးစုတစ်ခုလုံး ပိုစည်းလုံးကြဖို့ ပြောတာပဲ။ ဒါတော့ ငါလုပ်မယ်။ Frostwolf အဖွဲ့ရဲ့ ကောင်းကျိူး၊ Ore တစ်စုလုံးရဲ့ ကောင်းကျိုးအတွက်ပေါ့"
သူက စိတ်ပူနေပုံရသည့်မျက်နှာများကို တစ်ခုချင်း လိုက်ကြည့်သည်။ တချို့ကိုတော့ မရင်းနှီး။ တချို့ကတော့ Drek'Thar နှင့် Draka လိုမျိုး ကောင်းကောင်းသိပြီး ချစ်ခင်ရသူများ။
"Frostwolf အဖွဲ့ စစ်ပွဲအတွက် ပြင်ဆင်မယ်"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl