book

Index 26

26

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

26

ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။


Durotan က မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။ သူ ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ Orgrim နှင့် အကြည့်ချင်းဆုံသွားသည်။ သူ့သူငယ်ချင်း၏ မီးခိုးရောင် မျက်လုံးကျယ်များထဲသို့ စူးစိုက်ကြည့်လိုက်သောအခါ သူ့လိုပင် အံ့သြကာကြက်သေသေ နေသည့်ပုံကို မြင်လိုက်ရသည်။ Draenei တွေတဲ့လား? တစ်ခုခုတော့ လွဲနေပြီ။ Gronn တွေဆိုလျှင်တောင် ဖြစ်နိုင်သေး၏။ သူတို့ မုန်းတီးသည့် ore များကို တိုက်ခိုက်ရန် နည်းပညာအသစ်တွေ ထွင်နေသည်ဆိုလျှင် လက်ခံနိုင်သေး၏။ မဟုတ်သေးပါ..... Draenei တော့ မဖြစ်နိုင်။


Draenei တို့နှင့် ore တို့သည် တိုက်ခိုက်ရန် အဆင့်ပင် မတူကြပါ။ သူတို့လည်း အမဲလိုက်ကြသည်မှာ မှန်ပြီး အသက်ရှင်ရန် ore တို့စားသလောက်ပင် စားသုံးဖို့ လိုအပ်သည်မှာ မှန်ပါသည်။ သူတို့က Gronn များကို သတ်ဖြတ်နိုင်ပြီး တစ်ခါတစ်ရံ အမဲလိုက်ပွဲများပင် ကျင်းပကြသေး၏။ Durotan အတွေးများက ထိုနေ့ကို ပြန်ရောက်သွားသည်။ ore ငယ်လေးနှစ်ယောက် ကမ္ဘာမြေကြီး တုန်သည်အထိ ဘီလူးတစ်ကောင် လက်မှပြေးလွှားနေကြချိန် သူတို့ကို ကယ်ဖို့ ဘယ်ကနေမှန်းမသိ ထွက်ပေါ်လာသည့် အပြာရောင်လူသားများ။ 


တကယ်လို့ သူတို့သာ Ner'zhul ပြောသလို ယုတ်မာရက်စက်သူတွေဆိုလျှင် ore ငယ်လေးနှစ်ယောက်ကို ကယ်ဖို့အတွက် ဘာလို့ အသက်ရင်းပြီး ကြိုးစားခဲ့မှာတဲ့လဲ? အဓိပ္ပာယ်မရှိပါ။ ဘာတစ်ခုမှ အဓိပ္ပာယ်ရှိမနေပါ။


Ner'zhul က ဆူညံပွက်လောရိုက်နေသည့်ကြားမှ တိတ်ဆိတ်ရန် ပြောနေသည်။ Blackhand က မတ်တတ်ရပ်နေပြီး လည်ပင်းတွင် အကြောကြီးများ ထောင်နေ၏။ Orgrim ကမူ သူ့အဖွဲ့ခေါင်းဆောင်ကို တတ်နိုင်သမျှ ​ဖျောင်းဖျနေသည်။ ထို့နောက် ကြောက်မက်ဖွယ်အသံနက်ကြီး တစ်ခုက ဟိန်းထွက်လာကာ နားများအူသွားပြီး နှလုံးသွေးများ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။ Grom Hellscream က မတ်တတ်ရပ်နေခဲ့သည်။ ဦးခေါင်းကို နောက်ပစ်ထားကာ ရင်ဘတ်ကို ရှေ့သို့ ချီထားပြီး မေးရိုးကြီးတစ်ခုလုံးမှာ မြွေတစ်ကောင်ပါးစပ်ဟထားသကဲ့သို့ ဖွင့်ဟထား၏။ Hellscrem ၏ စစ်ဟစ်ကြွေးသံကို ယှဥ်နိုင်သည့်အသံမရှိသဖြင့် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ 


Grom က မျက်လုံးများကိုဖွင့်လိုက်ကာ Ner'zhul ကို လှမ်းပြုံးပြ၏။ Ner'zhul ကတော့ ခုနက သူ့ကိုရန်လိုနေသောသူမှာ ချက်ချင်းလို မဟာမိတ်ဖြစ်လာသည်ကို ကြည့်ရင်း မှင်တက်မိနေသည်။ 


"နတ်ဆရာကို ဆက်ပြောခွင့်​ပေးလိုက်ကြပါ" Hellscream က ပြောသည်။ သူက ပုံမှန်လေသံဖြင့်သာ ပြောလိုက်သော်လည်း စောစောတုန်းက အသံကုန်အော်ဟစ်ထား၍ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် အကုန်လုံး သေချာ ကြားလိုက်ရ၏။ "ဒီ လူဟောင်း ရန်သူ အသစ်တွေ အကြောင်း ငါ ထပ်သိချင်သေးတယ်"


Ner'zhul က ကျေးဇူးတင်စွာ ပြုံးသည်။


"မင်းတို့ မယုံနိုင်မှန်း သိပါတယ်။ ငါလန်း အစက တော်တော်လန့်သွားတယ် ဒါပေမယ့် ဘိုးဘေးတွေက ဘယ်တော့မှ မမှန်တာ မပြောဘူး။ ဒီ အပေါ်ယံ စေတနာကောင်းသယောင်ထင်ရတဲ့ လူတွေက ငါတို့ကို အလစ်တိုက်ဖို့ အချိန်ကောင်းကို နှစ်ပေါင်းများစွာ စောင့်လာခဲ့ကြတာ။ ငါတို့ နားမလည်နိုင်တဲ့အရာတွေနဲ့ ဆောက်ထားတဲ့ ထူးထူးဆန်းဆန်း အဆောက်အအုံတွေထဲမှာ အေးအေးဆေးဆေး ထိုင်နေကြပြီး ငါတို့ကို အကျိုးရှိစေနိုင််မယ့် လျှို့ဝှက်ချက်တွေကို သိမ်းထားကြတာ"


"ဒါပေမယ့် ဘာလို့လဲ" Durotan သူ့ကိုယ်သူပင် သတိမထားမိသေးခင် စကားပြောထွက်သွား၏။ လူအများက သူ့ကို လှည့်ကြည့်ကြသော်လည်း သူ နောက်တွန့်မသွား။ 


"ဘာလို့ သူတို့က ကျွန်တော်တို့ကို တိုက်ချင်ရမှာလဲ? ပြီးတော့ အဲ့လောက်များတဲ့ လျှို့ဝှက်တွေကို သိမ်းထားတယ်ဆိုရင် ကျွန်တော်တို့ဆီက သူတို့ ဘာလိုချင်လို့လဲ? တကယ်လို့ အဲ့ဒါကအမှန်ဆိုရင်တော် သူတို့ကို ဘယ်လို ခုခံကြမှာလဲ?"


Ner'zhul က မကျေမနပ်ဖြစ်သွားပုံပေါ်၏။


" အဲ့ဒါတော့ ငါမသိဘူး။ ငါသိတာက ဘိုးဘေးတွေ စိတ်ပူနေတယ်ဆိုတာပဲ"


"ငါတို့က သူတို့ထက် လူပိုများတယ်" Blackhand က ဟိန်းဟောက်သည်။


"အဲ့ဒီ့လောက် မဟုတ်ဘူး" Durotan က ရုတ်ချည်း ပြန်ပက်သည်။ "သူတို့ရဲ့ ဉာဏ်ရည်မြင့်တာကို မယှဥ်နိုင်ဘူး။ ကမ္ဘာတွေအကြား ပျံပြီး ကူးသန်းလို့ရတဲ့ ယာဥ်တစ်မျိုးနဲ့ သူတို့ ဒီကို ရောက်လာကြတာ Blackhand ။ လေးမြားတွေ ပုဆိန်တွေနဲ့ သတ်လို့ရနိုင်မယ် ထင်လား?"


Blackhand က မျက်မှောင်ပိုကြုတ်သွားသည်။ သူ ခွန်းတုံ့ပြန်ရန် သူ့ ပါးစပ်ကြီးကို ဖွင့်လိုက်၏။ 


" ဒီပြဿနာက မီးဖိုပေါ်တင်ထားတဲ့ ဟင်းအိုးလိုမျိုး တအုံ့နွေးနွေးဖြစ်နေတာ ကြာလှပြီ" Ner'zhul က ရန်ဖြစ်မှာကို တားသလိုမျိုး ကြားဖြတ်ဝင်ပြောသည်။ 


"ဆုံးဖြတ်ချက်နဲ့ အောင်မြင်မှုတွေက ညတွင်းချင်း ဖြစ်လာမယ့်အရာ မဟုတ်ဘူး။ အခုချက်ချင်း စစ်ထွက်တိုက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ရိုးရိုးပဲကြိုတင်ပြင်ဆင်ထားဖို့ ပြောချင်တာပါ။ ကိုယ့် နတ်ဆရာနဲ့ကိုယ် ဘာလုပ်သင့်တယ်ဆိုတာ ဆွေးနွေးကြဖို့။ စိတ်တွေရော နှလုံးသားတွေရော စည်းလုံးပူးပေါင်းဖို့အတွက် ကြိုဆိုကြဖို့။ အဲ့ဒါမှ ငါတို့ အောင်မြင်မှာ"


သူက တောင်းပန်တိုးလျှိုးသလို လက်များကို ဆန့်ထုတ်သည်။


"ငါတို့က တသီးတခြားနေကြတဲ့ အဖွဲ့တွေ။ ဟုတ်တယ် ။ တစ်ဖွဲ့ချင်းစီမှာ ကိုယ်ပိုင် ယဥ်ကျေးမှုတွေ ထုံးတမ်းစဥ်လာတွေနဲ့ ။ အဲ့ဒီ့ ဂုဏ်ယူစရာ သမိုင်းကြောင်းကို ရပ်တန့်ဖို့ ပြောတာ မဟုတ်ဘူး။ ဒါပေမယ့် မရပ်တန့်နိုင်တဲ့ အင်အားတစ်ခုဖြစ်လာဖို့ အားကြီးတဲ့ အဖွဲ့တွေ အကုန် ပူးပေါင်းလို့ရအောင် အမြင်ကျယ်ကျယ်လေး ထားပေးကြပါလို့ပြောတာ။  ငါတို့ အကုန် ore တွေပဲ! Blackrock, Warsong, Thunderlord, Dragaonmaw .... ဒီ ကွဲပြားမှု သေးသေးလေးတွေက ဘယ်လောက်အရေးပါမှန်း မသိကြဘူးလား? ငါတို့က လူမျိုးတစ်ခုထဲ! နောက်ဆုံးတော့လည်း ငါတို့ အလိုရှိတာက ကလေးတွေအတွက် လုံခြုံတဲ့အိမ်၊ အမဲလိုက်ရင် အောင်မြင်တာ၊ ငါတို့ကို ချစ်ခင်တဲ့ ကြင်ယာဘက်တွေနဲ့ ဘိုးဘေးတွေကြား ဂုဏ်ယူရဖို့ပဲ မဟုတ်လား? ငါတို့က မတူဘူး ထင်ရပေမယ့် တော်တော်လေး တူပါတယ်" 


သူပြောတာ မှန်ကြောင်း Durotan သိသဖြင့် သူ့ သူငယ်ချင်းကို လှမ်းကြည့်လိုက်သည်။ Orgrin က သူ့အဖွဲ့ခေါင်းဆောင်ဘေးတွင် မားမားမတ်မတ်ဖြင့် တည်ကြည်စွာရပ်နေ၏။ သို့သော် Durotan က သူ့ကိုကြည့်နေမှန်းသိသောအခါ မျက်လုံးချင်း ဆုံလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။


ဒီလို စွန့်စွားတတ်ပြီး...အင်း.....ပြဿနာရှာတတ်တဲ့ ကောင်လေးနှစ်ယောက် သူငယ်ချင်းဖြစ်တာကို ကန့်ကွက်သူများ ရှိခဲ့ပါသည်။ ဒါပေမယ့် Orgrim သာ မရှိခဲ့လျှင် Durotan လည်း ယခုလိုလူတစ်ယောက် ဖြစ်လာမည်မဟုတ်ချေ။ Orgrim လည်း သူ့လိုပင် ခံစားရကြောင်း သူ အသွေးအသားထဲမှ သိနေ၏။ 


ဒါပေမယ့် Draenei တွေက....


" ကျွန်တော် စကားပြောလို့ရမလား?" 


ထိုအသံမှာ Drek'Thar ၏ အသံဖြစ်ပြီး Durotan က အံ့သြစွာ လှည့်ကြည့်လိုက်သည်။ ထိုမေးခွန်းမှာ အဖွဲ့ခေါင်းဆောင်ကိုသာ ခွင့်တောင်းခြင်းမဟုတ်ဘဲ သူတို့အားလုံးကို ဦးဆောင်နေသည့် နတ်ဆရာကြီးကိုပါ မေးလိုက်ဟန်ရှိသည်။ Ner'zhul က ခေါင်းညိတ်ပြလိုက်သည့် Durotan ကို ကြည့်နေသည်။


" အဖွဲ့ခေါင်းဆောင်ခင်ဗျား..." Drek'Thar က ပြောသည်။ Durotan အံ့သြလောက်အောင် သူ့အသံက တုန်နေ၏။ 


"အဖွဲ့ခေါင်းဆောင်ခင်ဗျား..၊ Ner'zhul ပြောနေတဲ့အရာက အမှန်ပါပဲ။ မိခင်ကြီး Kashur ကိုယ်တိုင် အတည်ပြုခဲ့တာပါ"


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl



rate now:

1 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:52 5

    🤭✨

    reply