25
ကျွန်တော်တို့ Ore များသည် ကောင်းကျိုးထက် ဆိုးကျိုးများသာ ပိုရခဲ့ကြောင်း ကျွန်တောထ ကောင်းကောင်းသိသည်။ ထိုအချိန်က ကျွန်တော်တို့၏ ယဥ်ကျေးမှုလက်ရာများမှာ မပျက်စီး မယိုယွင်းသေးဘဲ အပြစ်ကင်းစင်ကာ သန့်ရှင်းခဲ့၏။ ကျွန်တော်တို့မှာ အချစ်ခံ အကာကွယ်ခံထားရသည့် ကလေးလေးများကဲ့သို့ဖြစ်ခဲ့သည်။ သို့သော် ကလေးများသည် အရွယ်ရောက်ကာ ရင့်ကျက်ဖို့ လိုအပ်သည်။ ကျွန်တော်တို့မှာ လွယ်ကူစွာပင် ကြိုးကိုင်ခြယ်လှယ်ခြင်းခံခဲ့ရ၏။
ဒီနေရာမှာ ယုံကြည်ခြင်းနေရာဖြစ်သည်။ ထိုအကြောင်းကို မသိလို့ ဘယ်သူမှ ကျွန်တော့်ကို အပြစ်တင်လို့မရ။ သို့သော် ကျွန်တော်တို့ သတိရှိရမည်။ ရိုးသားသည့်မျက်နှာနှင့်သူများကလည်း လိမ်လည်တတ်သည်။ ကျွန်တော်တို့ ဘဝတစ်ခုလုံးနှင့် ပုံပြီး ယုံကြည်ရသူများပင်လျှင် လှည့်ဖြားတတ်သည်။
ဟိုးအရင်အချိန်များအကြောင်း ပြန်တွေးမိလျှင် ကျွန်တော် အတမ်းတဆုံးအရာမှာ ကျွန်တော်တို့၏ အပြစ်ကင်းမှု ဆုံးရှုံးသွားခြင်းကိုပင်ဖြစ်သည်။ ကျွန်တော်တို့ကို ကျဆုံးစေခဲ့သည်အရာမှာလည်း ဖိုအပြစ်ကင်းမှုသာပင်လျှင်ဖြစ်သည်။
အတည်တကျ စုဝေးထားသည့် ore အဖွဲ့တို့၏ ခေါင်းဆောင်များ၏ မျက်နှာမှာ တည်ကြည်နေကြသည်။ Durotan က Draka ဘေးတွင်ရပ်နေသည်။ သူ့လက်များက Draka ခါးကို ဖက်ကာ ကာကွယ်ထား၏။ အဘယ်ကြောင့်ထိုသို့ ကာကွယ်ဖို့ လိုအပ်နေသည်ဟု ခံစားနေရသလဲတော့ သူလည်းမသိပေ။ Drek'Thar ၏ မျက်လုံးများနှင့် ဆုံမိသောအခါ သူ့မျက်လုံးများပြူးကျယ်သွား၏။ သူ့သူငယ်ချင်းရော အကြံပေးပါဖြစ်သူ၏ မျက်နှာတွင် သူ့ကို စိတ်အေးလက်အေးဖြစ်သွားစေသည့် အရာတစ်ခုကို မြင်လိုက်ရသည်။
Orgrim နှင့် တူတူရပ်ခွင့်ရလျှင် ကောင်းမည်။ သူတို့နှစ်ယောက်မှာ အဖွဲ့မတူ ရိုးရာဓလေ့များ မတူကြပါချေ။ သို့သော် ထိုသို့မတူကြသော်လည်း Durotan တွင် Orgrim ထက်ပိုပြီး ယုံကြည်ရသူမရှိချေ။ Orgrim ကတော့ သူတို့ အဖွဲ့ခေါင်းဆောင် Blackhand ဘေးတွင် ရပ်နေသည်။ Blackhand က နတ်ဆရာများကို အတန်ငယ် စိတ်ညစ်ညူးနေပုံဖြင့် ကြည့်နေ၏။
"သူ အမဲမလိုက်ရတာ တော်တော်ကြာနေပြီထင်တယ် အဲ့တစ်ယောက်" Draka က Blackhand ဘက်ကို ခေါင်းဆစ်ချက်ဆတ်ပြကာ ရေရွတ်လိုက်သည်။ " သူ ရန်ဖြစ်ချင်နေတယ်"
Durotan က သက်ပြင်းချသည်။ " သူ ဖြစ်ခွင့်ရမယ်နဲ့တူတယ်။ သူတို့မျက်နှာတွေကိုလည်း ကြည့်လိုက်ဦး"
"Drek'Thar အဲ့ဒီ့လိုဖြစ်နေတာ တစ်ခါမှ မမြင်ဖူးဘူး။ မိခင်ကြီး Kashur ဆုံးတုန်းကတောငထ ဒီလောက် မျက်နှာမပျက်ဘူး" Draka က ပြောသည်။
Durotan ဘာမှ ပြန်မပြောပါ။ ခေါင်းသာညိတ်လိုက်ပြီး ဆက်ကြည့်နေ၏။
Ner'zhul က ရှေ့သို့ခြေလှမ်းကာ လူအုပ်ကြီး၏ အလယ်သို့ နေရာဝင်ယူလိုက်သည်။ သူ့ကို နေရာပေးရန် လူတိုင်းနောက်ဆုတ်ပေးကြ၏။ သူက တစ်ခုခုကို ရေရွတ်နေကာ လူအုပ်ကို စက်ဝိုင်းပုံ လှည့်ပတ်သည်။ ထို့နောက် ခဏရပ်ကာ လက်ကိုမြှောက်လိုက်၏။ သူရှေ့တွင် မီးတောက်များထွက်လာပြီး ကောင်းကင်ဆီသို့ လွှားခနဲ ခုန်တက်သွားရာ ခဏခဏမြင်ဖူးနေကြသူများထံကပင် အံ့သြသံများ ထွက်လာချေသည်။ မီးတောက်မျှ သူတို့ရှေ့တွင် ခေတ္တရပ်နေပြီး တဖြေးဖြေးသေးငယ်လာကာ ပုံမှန် မီးပုံလိုဖြစ်သွား၏။ သို့သော် မှော်ပညာနှင့်လုပ်ထားသည့် မီးပုံဖြစ်သည်။
" ညက မှောင်လာနေပြီ။ မီးပုံဘေးထိုင်ကြ" Ner'zhul က အမိန့်ပေးသည်။
"တစ်ဖွဲ့ချင်းစီ ကိုယ့် နတ်ဆရာနဲ့ကိုယ် အစုလိုက်ထိုင်၊ စကားပြောဖို့အလှည့်ရောက်ရင် ရှေ့ထွက်ဖို့ ခေါ်လိုက်မယ်"
"ပြီးရင် ခင်ဗျားအတွက် အမဲလိုက်ပေးစေချင်တာလား" ကျယ်လောင်သော ဒေါသသံ တစ်သံ ထွက်လာ၏။ "ညကျရင် ခင်ဗျားခြေရင်းမှာ ရိုရိုကျိုးကျိုးလေး ဝပ်ပြီး အိပ်ပေါ့ ဟုတ်လား"
Durotan ထိုအသံကို သိသည်။ သူ ငယ်ငယ်တုန်းက Kosh'harg ပွဲတော်များတွင် ထိုအသံကျယ်ကို ခဏခဏကြားဖူးသည်။ အမဲလိုက်ပွဲများတွင် ထိုအသံပိုင်ရှင်၏ စစ်ဟစ်ကြွေးသံကို ကြက်သီးထဖွယ်ကောင်းအောင် ကြားဖူးသည်။ Warsong အဖွဲ့၏ ငယ်ရွယ်သည့် ခေါင်းဆောင် Grom Hellscream ကို သူလှည့်ကာ ကြည့်လိုက်၏။ ထို ပေါက်ကွဲသံကြီးကြောင့် Ner'zhul ပြောမည့်စကားမရပ်ပါစေနဲ့ ဟု သူဆုတောင်းမိသည်။
Hellscream က သူ့အဖွဲ့ရှေ့တွင် မားမားမတ်မတ်ရပ်လိုက်သည်။ ore တစ်ယောက်အနေဖြင့် ပိန်သည်ဟု ပြော၍ရသော်လည်း အရပ်ရှည်ကာ ခံ့ညား၏။ Warsong အဖွဲ့၏ အရောင်မှာ အနက်နှင့် အနီဖြစ်သည်။ Hellscream က သံချပ်ကာမဝတ်ပေ။ သို့သော် ထိုအရောင်အသွေးကို ဝတ်ဆင်သူများနှာ အသံနက်ကြီးများဖြင့် ခံ့ညားထည်ဝါသော အာဘော်ကို ထုတ်လွှင့်ရသူများသာဖြစ်သည်။ သူက လက်ကိုပိုက်ကာ Ner'zhul ကို စိုက်ကြည့်သည်။
Ner'zhul က တုန်လှုပ်ပုံမရဘဲ သက်ပြင်းသာချလိုက်၏။
"မင်းတို့ တော်တော်များများက အစော်ကားခံရတယ်လို့ ထင်နေကြတာ ငါသိတယ်။ ငါ့ကိုသာ စကားပြောခွင့်ပေးရင် မင်းတို့ ဒီရောက်နေတာကို ဝမ်းသာမိလိမ့်မယ်။ မင်းတို့ သားစဥ်မြေးဆက်လည်း ဝမ်းသာရလိမ့်မယ်"
Hellscream က မာန်ဖီလိုက်ပြီး မျက်လုံးများ အရောင်တောက်သွား၏။ သို့သော် ဘာမှတော့ ထပ်မပြော။ ခဏမျှ မတ်တတ်ဆက်ရပ်နေကာ စိတ်မဝင်စားဟန်ဖြင့် ပုခုံးတွန့်လိုက်ပြီး ပြန်ထိုင်လိုက်သည်။ သူအဖွဲ့ကလည်း သူ့လိုလိုက်လုပ်ကြသည်။
Ner'zhul က အသံများတိတ်သွားတဲ့အထိ စောင့်လိုက်ပြီး စကားစပြောသည်။
" ငါ အမြင်တစ်ခုရခဲ့တယ်" သူကပြောသည်။ " ဘိုးဘေးတွေထဲက ငါအယုံကြည်ရဆုံးသူတစ်ယောက်ဆီကပေါ့။ သူက ငါ့ကို ခြိမ်းခြောက်မှုတစ်ခု ပြောပြခဲ့တယ်။ ပန်းချုံအောက်မှာ ခွေနေတဲ့ အဆိပ်ပြင်းတဲ့ ကင်းမြကောက်လို့ အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှုပဲ။ တခြား နတ်ဆရာတွေလည်း ဒါကို စစ်ဆေး သက်သေပြုလို့ ရပါတယ်။ သူတို့ စကားပြောရမယ့် အလှည့်ရောက်ရင် ဒါကို အတည်ပြုပေးပါလိမ့်မယ်။ ငါတို့ ဒီလို လှည့်ဖျားခံရတာကို ငါ တကယ် ဝမ်းလည်းနည်း၊ ဒေါသလည်းထွက်မိတယ်"
Durotan က နတ်ဆရာ၏ စကားများကို စိတ်လှုပ်ရှကာ လိုက်နားထောင်နေသည်။ ဒီ ဆန်းကြယ်တဲ့ ရန်သူဆိုတာ ဘယ်သူလဲ? ဒီလောက် အန္တရာယ်ကြီးတဲ့ ရန်သူကို ဘာလို့ သူတို့ လုံးဝ သတိမထားမိတာလဲ?
Ner'zhul က သက်ပြင်းချသည်။ မြေပြင်ကို ငုံ့ကြည့်နေပြီး သူ့ဘာသာသူ ခေါင်းခါလိုက်၏။ သူ့အသံက နက်နဲကာ ယုံကြည်မှုအပြည့်ဖြင့် ဝမ်းနည်းရိပ်များ လွှမ်းနေသည်။
" ငါပြောနေတဲ့ ရန်သူဆိုတာက......." သူက ခက်ခဲလေးပင်စွာ ပြောသည်။
"Draenei တွေပဲ"
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl