24
တချို့အဖွဲ့များမှာ ညဘက်တွင် အခြေချနေဆဲဖြစ်သောကြောင့် Ner'zhul ၏ အစည်းကို မနက်ဖြန်မှ လုပ်မည်ဖြစ်ကြောင်း ထို အရပ်ရှည်ရှည် ကိုယ်ကိုင်းကိုင်းနှင့် လမ်းညွှန်ကပင် လာအသိပေး၏။ Frostwolf တို့ အခြေချစခန်းမှာ အခြားသူများထက် သေးငယ်သော်လည်း သဟဇာတ အဖြစ်ဆုံးဖြစ်သည်။ သူတို့ ခရီးသွား ရွက်ဖျင်တဲများနှင့် သားမွေးများကို ယူလာခဲ့ကြသည်။ လမ်းညွှန်က သူတို့ တဲများကို ကြည့်ပြီးနောက် အသားငါးနှင့် သစ်သီးဝလံ အမြောက်အများကို ပေးသွား၏။ အခုတော့ talbuk ပေါင်သားများကို မီးဖိုပေါ်တွင် ဖြေးဖြေးချင်း လှည့်ကာကင်ထား၏။ ငါးအစိမ်းများ စားပြီးဖြစ်သော်လည်း အသားကင်၏ သားရည်ကျစရာ အနံ့က ore တို့၏ စားချင်စိတ်ကို နှိုးဆွနေသည်။ စုစုပေါင်း ၁၁ ယောက်လာခဲ့ကြသည်။ Durotan၊ Draka၊ Drek'Thar နှင့် အခြား နတ်ဆရာ ၈ ယောက်တို့ဖြစ်သည်။ တချို့နတ်ဆရာများမှာ ငယ်ရွယ်လွန်းလှသည်ဟု Durotan ထင်မိသော်လည်း နတ်ဆရာတို့သည် ဘိုးဘေးတို့ဆီမှ အမြင်အာရုံများကို လက်ခံနိုင်သော အစွမ်းရသည်နှင့် အကုန်လုံးကို တန်းတူ လေးစားဂုဏ်ပြုကြရပေသည်။
မီးဖို၏ အလင်းနောက်မှ အရိပ်တစ်ခု ပေါ်လာ၏။ Durotan က ချက်ချင်း ထရပ်လိုက်သည်။ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်သည် အရက်မူးနေမှာ သို့မဟုတ် ရန်လိုစိတ်ဖြင့်လာမှာကို စိုးရိမ်သောကြောင့်ပင်။ ထို့နောက် လေက လမ်းကြောင်းပြောင်းသွားပြီး Orgrim အနံ့ကို ရလိုက်သောကြောင့် Durotan ရယ်လိုက်သည်။
"ကြိုဆိုပါတယ် မိတ်ဆွေကြီး" Orgrim ကို ကြမ်းကြမ်းတမ်းတမ်း ဖက်ဖို့ ပြေးသွားလိုက်စဥ် သူ အော်ဟစ်လိုက်၏။
ငယ်ငယ် တုန်းကလိုပင် Durotan က အရပ်ပိုရှည်သော်လည်း Orgrim က လူကောင်ပိုထွား၏။ Blackrock အဖွဲ့တွင် ဒုတိယ အာဏာအကြီးဆုံး ဖြစ်နေသည့် Orgrim ကို အံ့သြချီးမွမ်းမိသည်။ သို့သော် သူက Orgrim ထက်အမြဲသာနေမြဲပင်။
Orgrim က ညည်းလိုက်ပြီး Durotan ပုခုံးကို ပုတ်လိုက်သည်။ " မင်းတို့ စခန်းက ကျဥ်းတွင် ဒါပေမယ့် အားလုံးထဲမှာ အနံ့အကောင်းဆုံးပဲ" အသားကင်ကို လှမ်းကြည့်ကာ သေချာအနံ့ခံပြီး သူ ပြောလိုက်၏။
"ဒါဆို အသားကင် တစ်ဖဲ့လောက်ယူပြီး မင်းတာဝန်တွေကို ခဏလောက် ဘေးချထားလိုက်" Durotan က ပြောသည်။
" အဲ့ဒီ့လိုလုပ်လို့ရရင်ကောင်းမယ် " Orgrim က သက်ပြင်းချသည်။ " ဒါပေမယ့် ငါ့မှာ အချိန်သိပ်မရှိဘူး။ Frostwolf အဖွဲ့ခေါင်းဆောင်ကြီးကသာ ငါနဲ့ တူတူ လမ်းလျှောက် ထွက်ပေးမယ်ဆိုရင် သိပ် ဂုဏ်ယူမိမှာပဲ"
" ဒါဆို လျှောက်ကြတာပေါ့" Durotan က ပြန်ပြောသည်။
သူတို့ စခန်းမှာ ထွက်လာပြီး တိတ်တဆိတ် လမ်းလျှောက်ကြသည်။ မီးဖိုများ သေးငယ်စွာ အစက်အပျောက်ကလေးများ ဖြစ်သည်အထိ ဝေးသွားပြီး သူတို့ စောင့်ကြည့်နေမည့် လူများ ခိုးနားထောင်မည့် သူများ မရှိတာ သေချာတဲ့အထိ ဝေးဝေးသွားကြသည်။ နှစ်ယောက်စလုံး လေကို ရှူထုတ်မိကြ၏။ Orgrim က ခေတ္တမျှ တိတ်ဆိတ်နေရာ Durotan ကလည်း မုဆိုးကောင်းတစ်ယောက်၏ စိတ်ရှည်မှုမျိုးဖြင့် ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။
နောက်ဆုံးတော့ Orgrim စကားပြောသည်။
" Blackhand က ငါတို့ကို မလာစေချင်ဘူး။ သူက သိက္ခာချတာ လို့ ထင်နေတာ။ သူခေါ်တိုင်းလာရမယ့် တိရစ္ဆာန်တွေလိုမျိုး Ner'zhul က ခေါ်နေတာတဲ့"
" Draka နဲ့ ငါနဲ့လည်း အဲ့ဒီ့လို တွေးမိကြသေးတယ် ဒါပေမယ့် လာတာ မှန်သွားတယ်။ မင်းလည်း Ner'zhul ရဲ့ မျက်နှာကို မြင်လိုက်တာပဲ။ သူ့ကို တစ်ချက်ကြည့်လိုက်တည်းက ငါတို့ ဒီကိုလာတာ မှန်တယ်လို့ ဆုံးဖြတ်နိုင်သွားတာ"
Orgrim က သရော်တော်တော်ဖြင့် နှာခေါင်းရှုံ့သည်။
"ငါလည်း အဲ့ဒီ့လိုထင်တာပဲ ဒါပေမယ့် ခုန ငါ တဲထဲက ထွက်လာတဲ့အချိန်ထိ Blackhand က နတ်ဆရာနဲ့ စကားများနေတုန်းပဲ။ မင်းနဲ့ငါတို့ မြင်တဲ့အရာကို သူမမြင်ဘူး"
အခြားအဖွဲ့ခေါင်းဆောင်တစ်ယောက်ကို Durotan မကောင်းပြောပိုင်ခွင့်မရှိပေ။ သို့သော် Blackhand အကြောင်းကို တော်တော်များများက ထိုသို့ ထင်ကြသည်ဆိုသည်မှာလည်း လျှို့ဝှက်ချက်တော့မဟုတ်။ Blackhand မှာ သေချာပေါက် အာဏာကြီး၏။ မာနကလည်း အပြည့်ရှိပြီး Durotan မြင်ဖူးသမျှထဲ လူကောင်အကြီးဆုံးနှင့် အားအရှိဆုံးသူဖြစ်သည်။ ပြီးတော့ သူသည် သေချာပေါက် ဉာဏ်တုံးသူ မဟုတ်ပါ။ သို့သော် Durotan ကို ကြက်သီးထစေသည့် အငွေ့အသက်တစ်ခုခု သူ့တွင်ရှိသည်။ ထိုအကြောင်းကို မပြောဖို့ Durotan ဆုံးဖြတိလိုက်၏။
" အမှောင်ထဲမှာတောင် မင်း ကြိုးစားရုန်းကန်နေရတာကို ငါမြင်ရပါတယ် သူငယ်ချင်း" Orgrim က တိတ်ဆိတ်စွာပြောသည်။
" မင်းဘာကို ဆိုလိုချင်လဲဆိုတာ သိဖို့ ပါးစပ်က ထုတ်ပြောစရာမလိုပါဘူး။ သူက ငါ့အဖွဲ့ခေါင်းဆောင် ၊ ငါ သူ့ကို လုံးဝ သစ္စာရှိတယ်ပြီးတော့ ဘယ်တော့မှလည်း သစ္စာဖောက်မှာ မဟုတ်ဘူး ဲါပေမယ့် ငါ့မှာတောင် သို့လော သို့လော ဖြစ်ရတာတွေ ရှိတယ်"
Orgrim ၏ ဝန်ခံမှုကြောင့် Durotan လန့်သွား၏။ "တကယ်လား?"
Orgrim ခေါင်းငြိမ့်သည်။ "ငါ့စိတ်က နှစ်ခြမ်းကွဲနေပြီ Durotan ၊ သစ္စာခံထားတာရယ် နဲ့ ငါ့ရင်ထဲက သိနေတဲ့ အသိကြားမှာ နှစ်ခြမ်းကွဲနေတယ်။ မင်းရော ဒီလိုဖြစ်ဖူးလားဟင်? ငါ သူ့ကို အစွန်းမရောကထအောင်တော့ ဖြောင်းဖျပေးနိုင်တယ် ဒါပေမယ့် သိပ်တော့ မထိရောက်ဘူး။ သူက အဖွဲ့ခေါင်းဆောင်ဆိုတော့ အာဏာရှိတယ်။ မနက်ဖြန် သူများတွေ ပြောတဲ့စကားကို နားထောင်ပြီး မာနကိုဘခေါင်းမာမာနဲ့ ရှေ့တန်းမတင်ဖို့ ငါ ဆုပဲတောင်းလို့ရတယ်"
Durotan လည်း ထိုဆုကို ထက်သန်စွာ တောင်းမိသည်။ အကယ်၍ အခြေအနေမှာ Ner'zhul မျက်နှာတွင် မြင်ရသလောက် တကယ်ဆိုးနေပြီ ဆိုလျှင် သူ မမြင်ချင်ဆုံးအရာမှာ အာဏာအကြီးဆုံး အဖွဲ့များထဲမှ တစ်ဖွဲ့၏ ခေါင်းဆောင်တစ်ယောက်၏ မထီမဲ့မြင်ပြုခြင်းပင်ဖြစ်သည်။
Orgrim နောက်မှ အရိပ်မည်းတစ်ခုကို သူ မြင်သွား၏။ သူ စကားပြောလိုက်စဥ် ဂုဏ်ယူခြင်းနှင့် ဝမ်းနည်းခြင်း နှစ်ခုစလုံးကို ခံစားလိုက်ရသည်။
" မင်း Doomhammer ကို ကိုင်နေရပြီပဲ။ မင်း အဖေဆုံးသွားတာ ငါ မသိလိုက်ဘူး"
" သူ ရဲရဲရင့်ရင့် အသက်ပေးသွားတာ" Orgirm က ပြောသည်။ သူ ခဏမျှ တန့်သွားပြီး ဆက်ပြောသည်။ "ငါတို့ ဘီလူးတွေလက်က ထွက်ပြေးပြီး Draenei တို့ကယ်တာ ခံလိုက်ရတဲ့ နေ့ကို မင်း မှတ်မိလား?"
" ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး" Durotan က ပြောသည်။
" အဲ့ဒီ့ရှေ့ဖြစ်ဟောက ငါ Doomhammer ကို ကိုင်ရမယ့်နေ့အကြောင်း ပြောခဲ့တယ်" Orgrim ကပြောသည်။ "အမဲလိုက်ရင်း ဒါကို ကိုင်ရမှာကို တွေးလိုက်ရင် ငါ တကယ် စိတ်လှုပ်ရှားခဲ့တယ်။ အဲ့ဒါ ငါ ပထမဆုံးအကြိမ် နားလည်သွားတာပဲ .. တကယ်နားလည်သွားတာ ကိုပြောချင်တာ.. ငါ ဒါကို ကိုင်ခွင့်ရမယ့်နေ့က ငါ့မှာ အဖေမရှိတော့မယ့် နေ့ပဲ ဆိုတာကို"
သူ ကျောတွင် ချိတ်ထားသည့် လက်နက်ကို ဖြုတ်ကာ လက်ထဲတွင် မြှောက်လိုက်၏။ ကချေသည်တစ်ယောက်ကို ကြည့်နေရသလိုပင်။ အာဏာစက်နဲ့ ကျက်သရေ ကို ဟန်ချက်ညီအောင် ရောထားသသည်။ Ogrim လှုပ်ရှားလိုက်တိုင်း လှုပ်ရှားမှုတစ်ခုချင်းစီနှင့် သူ၏ သန်မာတောင့်တင်းသော ခန္ဓာကိုယ်ပေါ်သို့ လရောင်က ဖြာကျနေပေသည်။ သူ ဝပ်တွားသည်။ ခုန်အုပ်သည်။ ဝှေ့ယမ်းသည်။ နောက်ဆုံးတွင် အသက်ရှူသံများပြင်းလာပြီးချွေးများထွက်လာကာ သူ့ လက်နက်ကို ပြန်တပ်လိုက်၏။
"ဒါဟာ တကယ်ကို ကြီးမြတ်တဲ့အရာတစ်ခုပဲ" Orgrim က တိတ်ဆိတ်စွာပြောသည်။ " အာဏာရှိတဲ့ လက်နက် ၊ ဟောကိန်းထဲက လက်နက်။ ငါတို့ မျိုးနွယ်ရဲ့ လက်နက်။ ပြီးတော့ ငါ ဒါကို အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် ဖျက်စီးပစ်နိုင်တယ်။ တကယ်လို့ ငါ့အဖေသာ ပြန်ရှင်လာမယ်ဆိုရင်ပေါ့ "
ထို့နောက် စကားထပ်မပြောတော့ဘဲ Orgrim က စခန်းရှိရာဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားတော့၏။ Durotan က လိုက်သွားဖို့ မကြိုးစား။ ကြယ်တွေကို ငေးကြည့်ရင်း အကြာကြီး ထိုင်နေမိသည်။ မနက်ဖြန်ရောက်လျှင် လောကကြီးတစ်ခုလုံးမှာ သူတစ်သက်လုံးသိခဲ့သည်နှင့် လုံးဝ တူတော့မည်မဟုတ် ဟု စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း တွေးနေမိ၏။
Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^
ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^
Love y'all,
Nyl