book

Index 23

23

  • Author : Lia K
  • Genres : Adventure, Mystery
  • Original Author : Christie Golden

23 

"ပြောလိုက်ပါ။ ဖြစ်စေရမယ်"  Ner'zhul က ထက်သန်စွာ ကျိန်တွယ်ပြောလိုက်၏။ " ဘိုးဘေးတွေရဲ့ အကြံကို အမြဲတမ်း တန်ဖိုးထားပါတယ် "


Rulkan က သူ့ဘက်ကိုလှည့်လာကာ ပိုမို တောက်ပလာသည့်နေရောင်ကြား သူနှင့် မျက်လုံးချင်းဆုံဖို့ ကြိုးစားနေသည်။ 


"အဲ့ဒါကို ဖယ်ရှားပြီးရင် ကျွန်မတို့ လူမျိုးတွေ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရပ်တည်ကြလိမ့်မယ် .. အခုထက်တောင် ပိုပြီးတော့ပေါ့။ အာဏာစက်နဲ့ ခွန်အားတွေကို ပိုင်ဆိုင်ကြလိမ့်မယ်။ ဒီကမ္ဘာတစ်ခုလုံးကို ပိုင်ဆိုင်ရလိမ့်မယ် ပြီးတော့ ရှင်...ရှင်...Ner'zhul က သူတို့ကို ဦးဆောင်လိမ့်မယ်"


သူ့စကားထဲရှိ တစ်စုံတစ်ရာက Ner'zhul နှလုံးသားကို ခုန်ပေါက်စေသည်။ သူက အာဏာရှိပြီးသားဖြစ်သည်။ သူ့အဖွဲ့ Shadowmoon အဖွဲ့က သူ့ကို ဂုဏ်ပြုပြီး... လေးစားပြီးသားဖြစ်သည်။ နာမည်တပ်ထားခြင်း မဟုတ်သော်လည်း သူက ore အားလုံး၏ ခေါင်းဆောင်ပင်ဖြစ်သည်။ သို့သော် ယခုတွင် လိုအင်ဆန္ဒက သူ့ရင်ထဲတွင် ပိုမိုပြင်းပြလာ၏။ အကြောက်တရားတစ်ခုကိုလည်း ခံစားမိသည်။ မှောင်မိုက် ဆိုးရွားသော သို့သော် ရင်ဆိုင်ရမည်ဖြစ်သော အကြောက်တရား။


x


" Ore တွေ ရသင့်ရထိုက်တာကို မရခင် ဖယ်ရှားပစ်ရမယ့် ခြိမ်းခြောက်မှုက ဘာကြီးလဲ"


သူက Durotan ကို ပြောလိုက်သည်။


" ဘာပြောချင်တာလဲ " Durotan က ​မေးသည်။


အဖွဲ့ထဲတွင် သူ အယုံကြည်ရဆုံးသူနှစ်ယောက်နှင့် အစာရှောင်ခြင်းကို Durotan ဖျက်လိုက်သည်။ သူ့ ရည်ရွယ်ထားသူ ဖြစ်သော နောက်လပြည့်တွင် အခမ်းအနားနှင့် တကွ လက်ထပ်ယူမည့် Draka နှင့် အဖွဲ့၏ နတ်ဆရာချုပ် အသစ် Drek'Thar တို့ဖြစ်သည်။ 


အခြားသောသူများလိုပင် Durotan လည်း မိခင်ကြီး Kashur ကွယ်လွန်သွားခြင်းကို ဝမ်းနည်းပူဆွေးခဲ့ရသည်။ မိခင်ကြီးသည် ထိုနေ့က သေရန် တမင် ရည်ရွယ်ထားခဲ့ကြောင်း Durotan အသွေးအသားထဲမှ သိနေ၏။ သူ့ကို တမ်းတနေကြမည်ဖြစ်သော်လည်း Drek'Thar ကမူ သူသည် ထိုက်တန်သည့် အမွေဆက်ခံသူဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်၏။ သူ့သောကကို သူထိန်းကာ ထိုနေ့က အမဲလိုက်သူများအား ကုသရေးသို့ အဓိကအဖြစ်ချက်ချင်းပင် ပြန်ဝင်လာ၍ နောက်ပိုင်းတစ်လျှောက်လုံး အလုပ်လုပ်နေခဲ့သည်။ Kashur တစ်ယောက် သူ့အတွက် ဂုဏ်ယူနေမှာ သေချာပါသည်။ အခုတော့ သုံးယောက်သား အဖွဲ့ခေါင်းဆောင်၏ တဲထဲတွင် ထိုင်ကာ စားသောက်နေကြ၏။ Durotan ဖခင်ကြီး ဘီလူးများနှင့် ဖြစ်သည့်တိုက်ပွဲ၌ ကျဆုံးပြီးတည်းက Durotan နေနေရသည့် တဲဖြစ်သည်။


Durotan က အခုလေးတင်မှ ရောက်လာသည့် စာတစ်စောင်အကြောင်းပြောနေခြင်းဖြစ်သည်။ အရပ်ရှည်ရှည် ကိုယ်ကိုင်းကိုင်း ဆက်သားတစ်ဦးက ဝံပုလွေအမည်းရောင်ကြီးတစ်ကောင်ကို စီးကာ ဆက်သလာခြင်းဖြစ်သည်။ သွေးနှင့် ကောက်ပဲသီးနှံများရောနှော ချက်ပြုတ်ထားသော ယာဂုကို စားနေရင်း စာကို ထပ်မံ ဖတ်ရှုလိုက်သည်။ 


"Frostwolf အဖွဲ့ရဲ့ ခေါင်းဆောင် Durotan ကို နတ်ဆရာ Ner'zhul က နှုတ်ခွန်းဆက်သလိုက်ပါသည်။ အဖွဲ့သားတစ်ယောက်ချင်းစီကို မဟုတ်ဘဲ ore လူမျိုးစု အားလုံးကို စိုးရိမ်ပူပန်နေသော ဘိုးဘေးတို့ထံမှ အမြင်အာရုံများ ကျွန်ုပ် ရရှိထားပါသည်။ ဒီလ ၁၂ရက်နေ့မှာ ကျွန်ုပ်သည် အဖွဲ့တိုင်း၏ ခေါင်းဆောင်များအပါအဝင် နတ်ဆရာတိုင်းနှင့် အစည်းအဝေးပြုပါမည်။ မြင့်မြတ်သည့် တောင်ခြေသို့ လာပေးရပါမည်။ စားသောက်စရာများ ပြင်ပေးထားမည်ဖြစ်သည်။ အကယ်၍ မတက်ရောက်ပါက ore တို့၏ အနာဂတ်ကို အလေးမထားခြင်း ဟု ယူဆမည်ဖြစ်သည်။ စကားပြောရိုင်းသွားလျှင် ခွင့်လွှတ်ပါ။ သို့သော် ဤပြဿနာသည် အလွန့်အလွန် အရေးကြီးပါသည်။ ဆက်သားနှင့်အတူ ပြန်စာ ထည့်ပေးပါ။"


Durotan ထိုအကြောင်းကို ဆွေးနွေးနေတုန်း ဆက်သားကို စောင့်ခိုင်းထားသည်။ ဆက်သားမှာ အတော် စိတ်ပျက်သွားပုံရသော်လည်း ခဏတော့စောင့်ပေးမည်ဟု သဘောတူလိုက်သည်။ ဒယ်စောက်အကြီးဖြင့် ထည့်ထားသည့် ယာဂု၏ မွှေးရနံ့က သူ့ကို စိတ်ငြိမ်စေသွားခြင်း ဖြစ်ပေမည်။ 


"Ner'zhul က ဒါကို တော်တော်ကြီး အရေးကြီးတဲ့ ကိစ္စလို့ ထင်နေတယ် ဆိုတာကလွဲပြီး တခြားတော့ ကျွန်တော်လည်း ဘာမှမပြောတတ်ဘူး"  Drek'Thar က ဝန်ခံသည်။ 


"ဒီလို စုဝေးပွဲမျိုးကို Kosh'harg ပွဲတော်တွေမှာကလွဲလို့ တစ်ခါမှ မလုပ်ဖူးကြဘူး။ ပွဲတော်ရက်ကျမှသာ နတ်ဆရာတွေရယ် အစည်းအဝေးကို တက်ချင်တဲ့ ဘိုးဘေးနတ်တွေရယ်နဲ့ အမြဲတမ်း အစည်းအဝေးလုပ်ကြတာ။ ဒါပေမယ့် အဲ့ဒီ့အချိန်ကလွဲပြီး တစ်ခါမှ မလုပ်ဖူးဘူး။ အဖွဲ့ခေါင်းဆောင်တွေ ကို တစ်ယောက်ယောက်က ဆင့်ခေါ်တယ်ဆိုတာမျိုး တစ်ခါမှ မး၀ကြုံဖူးဘူး။ ဒါပေမယ့် ကျွန်တော် Ner'zhul နဲ့ သိတာ ကျွန်တော့်တစ်သက်လောက်ရှိပြီ။ သူက ဉာဏ်ပညာကြီးပြီး တကယ်တော်တဲ့ နတ်ဆရာတစ်ယောက်ပါ။ တကယ်လို့ ဘိုးဘေးတွေကသာ ကျွန်တော်တို့ လူမျိုးအားလုံးအတွက် ခြိမ်းခြောက်စရာဖြစ်လာမယ့် အရာ တစ်ခုခုကို သတိပေးချင်တယ်ဆို သေချာပေါက် သူကနေတစ်ဆင့် ပေးမှာပဲ"


Draka က မာန်ဖီသည်။ " သူခေါ်တိုင်းလာရမယ့် တိရစ္ဆာန်တွေလိုမျိုး ရှင်တို့ကို ခေါ်နေတာ" သူက ရေရွတ်သည်။ "ကျွန်မ ဒါကို မကြိုက်ဘူး Durotan။ အထက်စီးဆန်တဲ့ပုံ ပေါက်နေတယ်"


"မင်းပြောတာကို မငြင်းပါဘူး" Durotan က ပြောသည်။ စာထဲက လေသံမှာ သူ့ လည်ဂုတ်မှ ကြက်သီးမွေးညင်းများထောင်လာသည်အထိ စိတ်တိုမိစေသဖြင့် ပထမကတော့ ငြင်းဖို့ တွေးလိုက်သည်။ သို့ရာတွင် နောက်တစ်ခါ ပြန်ဖတ်ကြည့်သောအခါ မောက်မာသောစကားလုံးများနောက်မှ စာ၏ ရည်ရွယ်ချက်ကို ကျော်ကြည့်မိ၏။ Ore များအားလုံး လေးစားရသည့် သူကို တစ်ခုခုကတော့ ဒုက္ခပေးနေလေပြီ။ ပြီးတော့ ထို ကိစ္စမှာလည်း ရက်အနည်းငယ် အချိန်ပေးသွားရောက်ဖို့ ထိုက်တန်မှာ သေချာပါသည်။


Draka က မျက်လုံးများမှေးစင်းကာ သူ့ကို ကြည့်နေသည်။ Durotan သူ့ကို လှည့်ကြည့်ကာ ပြုံးလိုက်၏။


" ဒါဆို ငါသွားမယ်။ အဖွဲ့ရဲ့ နတ်ဆရာအကုန်လုံးရောပဲ"


Draka က မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်မလည်း ရှင်နဲ့လိုက်မယ်"


"ငါတစ်ယောက်တည်းသွားရင် ပိုကောင်းမယ်ထင်-"


Draka က မာန်ဖီသည်။ " ကျွန်မက Rakish ရဲ့သားတော် Kelkar ရဲ့ သမီး Draka ပြီးတော့ ရှင့်ရဲ့ အနာဂတ် လက်တွဲဖော်။ ရှင်နဲ့ လိုက်ဖို့ကို တားလို့မရဘူး"


Durotan က ခေါင်းကို နောက်လှန်ကာ ရယ်လိုက်သည်။ Draka ၏ စိတ်ဓာတ်ကြောင့် သူ နွေးထွေးသလို ခံစားရ၏။ သူ လူရွေးမှန်ခဲ့သည်။ မွေးတုန်းက အားနည်းချူချာခဲ့သော်လည်း ခုတော့ အင်အားများက မီးခဲလို တရဲရဲတောက်နေ၏။ Draka သူ့ဘေးမှာ ရှိလျှင် Frostwolf အဖွဲ့မှာ ပိုမို တိုးတက်​ေပလိမ့်မည်။


" ဒါဆို လမ်းညွှန်ကို ခေါ်လိုက်တော့၊ သူ ထမင်းစားပြီးရင်ပေါ့" သူ့အသံ နက်နက်ထဲတွင် ရယ်မြူးရိပ်တို့ ပါနေဆဲ။ 


" Ner'zhul ရဲ့ ထူးဆန်းတဲ့ အစည်းအဝေးပွဲကို ငါတို့ လာတက်မယ်လို့ သူ့ကိုပြောလိုက် ဒါပေမယ့် ငါတို့ အဲ့ဒီ့အစည်းအဝေး တကယ်အရေးကြီးလား မကြီးဘူးလား ဆိုတာကို ရောက်ရင် သေချာ သိမှဖြစ်မယ်"


Frostwolf ခေါင်းဆောင်နှင့် နတ်ဆရာတို့မှာ အစောဆုံး ရောက်ရှိကြသူများဖြစ်သည်။ Ner'zhul ကိုယ်တိုင် သူတို့ကို ကြိုဆို နှုတ်ဆက်ခြင်းဖြစ်ပြီး ထို နတ်ဆရာကို မြင်လိုက်ရကတည်းက သူတို့ လာခဲ့သည်မှာ မှန်သွားကြောင်း Durotan သိလိုက်၏။ Ner'zhul မှာ ငယ်ရွယ်တော့သည် မဟုတ်သော်လည်း ပြီးခဲ့သည့် Kosh'harg ပွဲတော်ကထက် စာလျှင် လအနည်းငယ်အတွင်း များစွာ အိုမင်းသွားပုံရသည်။ သူ ပိုပိန်သွားပြီး အစာမစားတာ ကြာသည့် လူလို ချိနဲ့သလိုပင် ဖြစ်နေသည်။ သူ့ မျက်လုံးများမှာ ​ချောက်ချားနေပုံရ၏။ သူက တုန်ယင်နေသည့်လက်များဖြင့် Durotan ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ သူ တကယ် ကျေးဇူးတင်နေကြောင်း ထင်ရှားနေ၏။


၎င်းမှာ အထက်စီးဆန်ဆန် အာဏာပြခြင်းမဟုတ်ဘဲ အမှန်တကယ် ခြိမ်းခြောက်မှု တစ်ခု ရှိနေဟန်ရသည်။ Durotan က ဦးညွတ်လိုက်ကာ သူ့လူများ အခြေချနေသည်ကို ကြည့်ရန် ထွက်ခွာသွား၏။


နာရီအနည်းငယ် အကြာတွင် နေလုံးကြီးလည်း ဝင်သွာလေပြီ။ Durotan လည်း ore တို့ အုပ်လိုက်ကြီး မြင့်မြတ်သောတောင်ခြေတွင် အခြေချရန် ပြင်နေသည်ကို ကြည့်နေမိ၏။ Kosh'harg ပွဲအတွက် ပြင်ဆင်နေသကဲ့သို့ပင်။ လေထဲတွင် တလူလူလွင့်နေသည့် အဖွဲ့တစ်ဖွဲ့စီကို ကိုယ်စားပြုသော အလံတောက်တောက်များကို သူမြင်လိုက်ပြီး Blackrock အဖွဲ့၏ အလံကို တွေ့သောအခါ ပြုံးလိုက်မိသည်။ Orgrim တို့အဖွဲ့ဖြစ်သည်။ သူတို့ အရွယ်ရောက်လာသည်နှင့်အမျှ တူတူအချိန်ဖြုန်းနိုင်သည့် အချိန်များ နည်းပါးသွားလေသည်။ Durotan အဖွဲ့ခေါင်းဆောင်ဖြစ်သည့် အခမ်းအနားပြီးကတည်းက Orgrim ကို မတွေ့ဖြစ်တော့ခြင်းဖြစ်သည်။ Orgrim မှာ Blackrock အဖွဲ့၏ ကြောက်မက်ဖွယ်​ကောင်းပြီး ဧရာမကြီးဖြစ်သည့် ခေါင်းဆောင် Blackhand နောက် ခြေတစ်လှမ်းသာ ကွာပြီး ရပ်နေသည်ကို မြင်ရသောအခါ Durotan မအံ့သြဘဲ ကျေနပ်သွား၏။ ဒါဆို Durotan ငယ်သူငယ်ချင်းမှာ ဒုတိယ အာဏာအရှိဆုံး ဖြစ်နေပေပြီ။


Draka က သူ့ခင်ပွန်းလောင်း ကြည့်နေသည့်နေရာသို့ လိုက်ကြည့်ကာ ကျေနပ်သွားပြီး ရေရွတ်လိုက်မိသည်။ Draka ကလည်း Orgrim နှင့် ရင်းနှီးလေရာ Durotan ဝမ်းမြောက်ရလေသည်။ သူ့ဘဝတွင် အရေးအကြီးဆုံးဖြစ်သည့် သူနှစ်ယောက်လုံး တစ်ယောက်နှင့် တစ်ယောက် မိတ်ဆွေဖြစ်ကြသည်မှာ သူ့အတွက်ကံကောင်းခြင်းတစ်မျိုးပင်။


Blackhand က Ner'zhul နှင့် စကားပြောနေစဥ် Orgrum က Durotan ကိုကြည့်ကာ မျက်စိ မှိတ်ပြလိုက်သည်။ Durotan လည်း ပြန်ရယ်ပြလိုက်သည်။ Ner'zhul ဖြစ်နေသည့် ပုံကြောင့် သူ စိတ်ညစ်ခဲ့ရသော်လည်း အနည်းဆုံး ဒီအစည်းအဝေးကြောင့် Orgrim နှင့် တွေ့လို့ရပေပြီ။ Durotan ထိုသို့ တွေးနေစဥ်တွင်ပင် Blackhand က နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားပြီး Orgrim ကို သူနှင့် လိုက်လာရန် လက်ပြလိုက်သည်။ Durotan မျက်နှာမှ အပြုံး မှေးမှိန်သွား၏။ တကယ်လို့ Blackhand က ဒီ အစည်းအဝေးကို သူ့နေရာ၌ Orgrim ကို တက်ရောက်ခိုင်းပါက တွေ့လို့ပင် ရမည်မဟုတ်ပေ။


သူ့အကြောင်း ကောင်းကောင်းသိသော Draka က သူ့လက်ကို ဆွဲကိုင်ကာ ညှစ်ပေးလိုက်သည်။ ဘာ စကားမှတော့ မပြော၊ ပြောစရာလည်း မလိုပါချေ။ Durotan က သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ 


Note : အခု ဖတ်ရတဲ့ စာအုပ်လေးက ဖတ်ရတာ အဆင်ပြေတယ် ဖတ်လို့ကောင်းတယ်ဆိုရင် Rating မှာ 5 Stars လေး ပေးပေးလို့ရပါတယ်ရှင် ^^

ပြီးတော့ ဒီဘာသာပြန်သူလေးက ကော်ဖီကြိုက်တတ်လို့ Can you please buy me a cup of Coffee? ^~^


Love y'all,

Nyl




rate now:

1 Reviews
  • reader Hsu Yamin Myat 10.11.2019, 17:51 5

    ✨❣️

    reply